Ch 109
Viewers 13k

အခန်း (၁၀၉) – အတင်းအဖျင်းကို ဘယ်သူ မသိချင်ဘဲနေမလဲ

 

“အမေ ကျွန်မ ကျွန်မရဲ့ မွေးစားအဖွားအကြောင်းကို ကောင်းကောင်း သိပါတယ်။ တကယ်လို့ ကျွန်မ သူ့ကို ဒီတစ်ခါ ကောင်းကောင်းကြီး ပညာမပေးနိုင်ဘူးဆိုရင် နောင်မှာ မကြာခဏ လာပြီး နှောင့်ယှက်လိမ့်မယ်” ကျီကျောက်က တိုးတိုးလေး ပြောသည်၊ “အပေါ်ယံ ယဉ်ယဉ်ကျေးကျေး ပြောဆိုချင်ယောင်ဆောင်ရမယ့်အစား သူမနဲ့ ထိပ်တိုက် ရင်ဆိုင်လိုက်တာ အကောင်းဆုံး ဆုံးဖြတ်ချက်ပဲ။”

 

“ဒါပေမယ့် ငါတို့ နင်ပြောတဲ့ နည်းလမ်းအတိုင်း လုပ်လိုက်မယ်ဆိုရင် နင့်ဂုဏ်သိက္ခာ ထိခိုက်သွားမှာကို အမေ စိုးရိမ်တယ်” ကျောက်လန်ဟွာက မကျေနပ်ဘဲ ခေါင်းခါလိုက်သည်။

 

“အမေ ကျွန်မရဲ့ မွေးစားအဖွားက တကယ့်ကို ကျိုးကြောင်းဆီလျော်မှုရှိတဲ့သူဆိုရင် သူမ ရှန်းမိသားစုဆီ ရောက်လာပါ့မလား” ကျီကျောက်က ခါးသီးသော အပြုံးဖြင့် ပြောလိုက်သည်။

 

ကျောက်လန်ဟွာသည် ကျီကျောက်၏ တောင်းဆိုချက်ကို ခေါင်းညိတ်လက်ခံရုံမှတပါး ရွေးချယ်စရာ မရှိပေ။

 

ထိုအချိန်တွင် အမျိုးသမီးရှဲ့သည် ရှန်းမိသားစုအိမ်ခြံဝင်းအရှေ့တွင် ရပ်ကာ စိတ်လှုပ်ရှားစွာ ဟိုဖက်ဒီဖက် လျှောက်နေခဲ့သည်။

 

“အာ့ထောင်” ကျီကျောက် ထွက်လာတာကိုတွေ့တော့ အမျိုးသမီးရှဲ့သည် မနေနိုင်ဘဲ ပြုံးလိုက်မိသောအခါ သူမ၏ မျက်နှာပေါ်ရှိ အရေးအကြောင်းများသည် တွန့်ခေါက်သွားပြီး သူမ၏ အသွင်ကို ဂန္ဓာပန်းနှင့် တူသွားစေသည်။

 

အမျိုးသမီးရှဲ့သည် သူမ၏ လက်တွေကို အချင်းချင်း ပွတ်သပ်နေပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

 

“အဖွား ကျွန်မ သေချာစဉ်းစားကြည့်လိုက်တော့ ရှင့်အတွက် ငွေလျန်းငါးဆယ်က မလုံလောက်ဘူးလို့ထင်တယ်။” ကျီကျောက်က ချိုမြိန်စွာ ပြုံးပြီး သူမ၏ အင်္ကျီလက်ထဲက ငွေစက္ကူ အထပ်လိုက် ထုတ်ယူလိုက်သည်၊ “ကျွန်မ ရေတွက်ပြီးပြီ။ ဒါက အနည်းဆုံး လျန်းငါးထောင်လောက် ရှိတယ်။ ရှင်လည်း ရေတွက်ကြည့်လို့ရပါတယ်။”

 

အမျိုးသမီးရှဲ့သည် ငွေစက္ကူအထပ်လိုက်ကို ဆွဲယူလိုက်ပြီး သူမ၏ မျက်နှာတစ်ခုလုံး မည်းမှောင်သွားသည်။

 

“အစုတ်ပလုတ်မလေး နင် ငါ့ကို ငွေစက္ကူ(သင်္ချိုင်းကန်တော့ရာတွင် အသုံးပြုသည့် ရွှေစက္ကူ၊ ငွေစက္ကူတွေကို ဆိုလို)တွေ တကယ်ပေးခဲ့တယ်ပေါ့လေ” အမျိုးသမီးရှဲ့တစ်ယောက် ဒေါသထွက်လွန်းလို့ သူမ တစ်ကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်သွားခဲ့သည်။ သူမသည် ငွေစက္ကူတွေ အထပ်လိုက်ကို ကျီကျော်ရဲ့ မျက်နှာဆီ ဒေါသတကြီး ပစ်ပေါက်လိုက်သည်၊ “နင် ငါ့ကို လှည့်စားဝံ့တယ်ပေါ့လေ၊ ဟုတ်လား။ ငါ နင့်ကို သေအောင် ရိုက်သတ်ပစ်တယ်၊ မကောင်းတဲ့ ကောာင်မ။”

 

အမျိုးသမီးရှဲ့၏ အသံက တကယ့်ကို ကျယ်လောင်လွန်းသည်။ သိပ်မကြာခင်မှာပဲ ရွာသူရွာသား တော်တော်များများက ထိုရန်ပွဲကို စောင့်ကြည့်ဖို့ စုရုံးလာခဲ့ကြပါသည်။

 

ရွာသားတွေ စုရုံးလာတာကိုမြင်တော့ ကျီကျောက်သည် သူမ ပေါင်တွေကို တင်းတင်းကြပ်ကြပ် ဆွဲလိမ်လိုက်သည်။ ထို့နောက် ကျီကျောက်သည် သူမရဲ့ ခေါင်းကို လက်ဖြင့် ကိုင်ကာ မြေပေါ် ထိုင်ချကာ အသက်ရှုရပ်မတတ် အော်ဟစ်ငိုကြွေးလိုက်သည်၊ “ဝူးဝူး… အဖွား… ကျွန်မ မှားပါပြီ။ ကျေးဇူးပြုပြီး ကျွန်မကို ထပ်မရိုက်ပါနဲ့တော့၊ ဝူးဝူး…”

 

“အဖွား… ကျွန်မက အဖိုးအတွက် မီးရှို့ပေးဖို့ ငွေစက္ကူအချို့ အဖွားကို ပေးလိုက်ချင်ရုံလေးပါ။”

 

“အဖွား… အဖွား အဖိုးပန်နဲ့ လက်ထပ်ပြီးနောက်ပိုင်း ကျွန်မအဖိုးနဲ့ အရင်တုန်းက လက်ထပ်ခဲ့ဖူးတာကို ဂရုမစိုက်တော့ဘူးဆိုရင်တောင် ကျွန်မက အဖိုးအပေါ် ဝတ္တရားကျေပွန်တာကိုတော့ မရပ်ခိုင်းသင့်ပါဘူး။ ဝူးဝူး…”

 

“နင် မကောင်းတဲ့ ကောင်မလေး၊ ဘာဖြစ်လို့ အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောနေရတာလဲ” အမျိုးသမီးရှဲ့သည် သူမ ဘာမှ မလုပ်ခင် ကျီကျောက်က သူမကို ဝတ္တရားမကျေပွန်သူလို့ အရင်ဆုံး အပြစ်တင်လိုက်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး။

 

သူမ ဒေါသထွက်လွန်းလို့ တစ်ကိုယ်လုံး တုန်ယင်နေခဲ့သည်။

 

“မိန်းမယုတ်၊ နင့်ပါးစပ်က မဟုတ်တဲ့ စကားတွေ ထပ်ထွက်ဝံ့တယ်ဆိုရင် ယုံချင်ယုံ မယုံချင်နေ နင့်လျှာကို ငါဖြတ်မယ်” အမျိုးသမီးရှဲ့က ဒေါသထွက်လွန်းလို့ သူမရဲ့ အသိစိတ်တွေ ပျောက်ဆုံးလုနီးပါး ဖြစ်သွားခဲ့သည်။

 

ဝုန်း…

 

ကျောက်လန်ဟွာသည် ဟင်းသီးဟင်းရွက်များ ဆေးကြောသည့် ရေဇလုံကြီးကို ယူလာကာ အမျိုးသမီးရှဲ့ဆီ တိုက်ရိုက်လှမ်းပက်ပစ်လိုက်သည်။

 

“အား…”

 

အသတ်ခံရတော့မည့် ဝက်ကဲ့သို့ ဆွဲဆွဲငင်ငင် မြည်တမ်းသံနှင့် အော်ဟစ်သံတို့ အတွဲလိုက်‌ ထွက်ပေါ်လာခဲ့သည်။

 

“နင် အာ့ထောင်ကို အရင်တုန်းက ကြိမ်ဖန်များစွာ ရိုက်နှက်ပြီး ဆူပူကြိမ်းမောင်းတာကို ငါကြားဖူးတယ်။ ဒီမိန်းကလေးရဲ့ နောက်ကျောမှာ အမာရွတ် အဟောင်းတွေရော အသစ်တွေရော အများကြီး ရှိတယ်” ကျောက်လန်ဟွာက အေးစက်တဲ့ လေသံနဲ့ ပြောလိုက်သည်၊ “အရင်တုန်းက နင် အာ့ထောင်အပေါ် ဘယ်လောက်တောင် ရက်စက်ကြမ်းကြုတ်ခဲ့လဲဆိုတာကို ငါတို့ရှန်းမိသားစုက မထိန်းချုပ်နိုင်ပါဘူး။ ဒါပေမယ့် အခုတော့ ဒါက မတူတော့ဘူး။ အာ့ထောင်က ငါတို့ရှန်းမိသားစု အိမ်တံခါးကို လှမ်းဝင်လာပြီး ငါတို့ရှန်းမိသားစုရဲ့ မိသားစုဝင် တစ်ယောက် ဖြစ်သွားခဲ့ပြီးပြီ။ နင့်လို အဖွားကြီးတစ်ယောက်က ငါတို့အိမ်တံခါးကို ဖြတ်ဝင်လာဖို့ သတ္တိရှိလား။ နင်က ငါတို့ရှန်းမိသားစုကို အလွယ်တကူ အနိုင်ကျင့်လို့ရမယ့်လူတွေလို့ ထင်နေတာလား။”

 

“အဖွား… အရင်တုန်းက ရှင် ကျွန်မကို ရှန်းမိသားစုရဲ့ ပိုက်ဆံတွေကို ခိုးဖို့ လှုံ့ဆော်ခဲ့ပြီး ကျွန်မ ရှင်ပြောတဲ့အတိုင်း လုပ်ခဲ့တယ်… နောက်တော့ ကျွန်မအဖိုး ဆုံးပါးသွားပြီး သိပ်မကြာခင်မှာပဲ ရှင် နောက်အိမ်ထောင်ပြုတယ်။ အရင်တုန်းက ဒီလျှို့ဝှက်ချက်ကို ကျွန်မ ဗိုက်ထဲမှာဘဲ ထာဝရ သိမ်းထားချင်ပေမယ့် ရှင်… ရှင် အရမ်းလွန်သွားပြီ” မြေကြီးပေါ်မှာ ထိုင်ချထားသည့် ကျီကျောက်က သူမ ခေါင်းကို လက်နဲ့ ကိုင်ကာ ရှိုက်ရှိုက်ပြီး ငိုကြွေးနေခဲ့သည်။

 

“မိန်းမယုတ်၊ ငါ့ကို မဟုတ်မမှန်ပြောနေတာကို ရပ်လိုက်စမ်း။”

 

“ကျောက်ရှန်းနဲ့ ကျွန်မတို့ရဲ့ ဆက်ဆံရေးက အမြဲတမ်း ရိုးသားခဲ့တယ်။ သူက စာပေပညာအရာမှာ အရမ်းထူးချွန်ပြီး အနာဂတ်မှာ သေချာပေါက် အောင်မြင်ကျော်ကြားလိမ့်မယ်လို့ ရှင်ထင်ခဲ့တယ်၊ ဒါကြောင့် ရှင်က ကျွန်မကို နောင်တချိန်မှာ သူ့ဇနီးမယားဖြစ်တာ ကောင်းမွန်လိမ့်မယ်လို့ အတွေးဝင်စေခဲ့တယ်။ ဒါ့အပြင် ရှင်ပဲ ကျွန်မကို လက်ထပ်ပြီး ဒုတိယနေ့မှာတင် ရှန်းမိသားစုရဲ့ ပိုက်ဆံတွေကို ခိုးယူဖို့ လှုံ့ဆော်ပေးခဲ့တယ်။”