Ch 94
Viewers 13k

အခန်း (၉၄) - မျက်နှာနာတယ်

 

“ကျွန်မရဲ့ ချွေးမအကြီးဆုံးမှာ သတင်းကောင်းရှိလို့လေ” ကျောက်လန်ဟွာက ပျော်ရွှင်စွာ ဝေမျှသည်၊ “အစ်ကိုတာ့ကျွမ်း ကျေးဇူးပြုပြီး ယဉ်ကျေးမနေပါနဲ့။ များများစားချေ။”

 

ရှန်းတာ့ကျွမ်းသည် ရှန်းတာ့ရှန်၏ အိမ်နီးနားချင်းဖြစ်ပြီး သူ့ဇနီးသည် ကွေ့ဟွားသည် နာမည်ကျော်ကြားသော အတင်းပြောသူ ဖြစ်သည်။

 

ကျောက်လန်ဟွာသည် အစ်မကွေ့ဟွားရဲ့ ပါးစပ်ကို အသုံးပြု၍ လူအချို့ရဲ့ မျက်နှာကို အရူးအမူး ဖြတ်ရိုက်ချင်ခဲ့သည်။

 

အဆုံး၌ အကြီးဆုံးချွေးမသည် အကြီးဆုံးသားနှင့် လက်ထပ်ထိမ်းမြားခဲ့တာ နှစ်အတော်ကြာပြီ ဖြစ်သော်လည်းကိုယ်ဝန်မဆောင်နိုင်သေးသည့် ကိစ္စသည် ညစာစားပြီးနောက် ဟိုပြောဒီပြော ပြောဆိုတတ်သည့် အမျိုးသမီးများစွာကြားတွင် စကားခေါင်းစဉ်တစ်ခု ဖြစ်လာခဲ့သည်။

 

အခု အကြီးဆုံးချွေးမက ကိုယ်ဝန်ရှိနေပြီဆိုတော့ ကျောက်လန်ဟွာသည် သဘာဝအတိုင်း သူမရဲ့ ဒေါသတွေကို ဖွင့်ထုတ်ချလို့ ရသွားချေပြီ။

 

နေ့လည်စာစားပြိးနောက် ကျီကျောက်သည် အမွှေးနံ့သာနှင့် လှူဖွယ်ပစ္စည်းများ ယူဆောင်၍ မြေကမ္ဘာဘုရားကျောင်းဆီသို့ ထွက်လာခဲ့ပြန်သည်။

 

“အရှင်ဘုရားသာ တပည့်တော်ကို ကြိုမပြောထားဘူးဆိုရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာမှာကို တပည့်တော်မ စိုးရွံ့မိပါတယ်ဘုရား…” ဆုတောင်းမြက်ဖျာပေါ်တွင် ဒူးထောက်ထိုင်ချကာ ကျီကျောက်သည် မြေကမ္ဘာဘုရားကို ကျေးဇူးအထူးတင်ရှိမိသည်၊ “မြေကမ္ဘာဘုရား ကျေးဇူးပါ အရှင်ဘုရား”

 

မြေကမ္ဘာဘုရားကျောင်း တစ်ခုလုံးကို ဂရုတစိုက် သန့်ရှင်းရေးလုပ်ပြီးနောက် ကျီကျောက် ထွက်ခွာသွားခဲ့သည်။

 

သူမ ထွက်လာသောအခါ ကျယ်ပြောသောကျောပြင်တစ်ခုဟာ ရုတ်တရက် သူမရှေ့ ပေါ်လာခဲ့သည်။

 

ရှန်းယောင်က သူမ အနားသို့ တဖြည်းဖြည်း လျှောက်လာပြီး သူမကို ကျေးဇူးတင်စကားဆိုသည်။

 

ကျီကျောက်၏ ပြန်အပြောကို မစောင့်ဘဲ သူက ငုံ့ကိုင်းပြီး ဘုရားကျောင်းထဲ ဝင်သွားခဲ့သည်။ ရှန်းယောင်သည် အမွှေးတိုင် တစ်တိုင်ကို မီးထွန်းညှိပြီး အမွှေးတိုင်အိုးထဲသို့ စိုက်လိုက်သည်။

 

“ကျေးဇူးပါ မြေကမ္ဘာဘုရား”

 

မြေကမ္ဘာဘုရားကျောင်းမှ ထွက်ခွာလာပြီးနောက် သူတို့နှစ်ဦးသား အိမ်ပြန်ဖို့ အလျင်စလို မလုပ်ခဲ့ကြဘဲ ကျဉ်းမြောင်းသော တောင်ကြောပေါ်တွင် အတူလမ်းလျှောက်ခဲ့ကြသည်။

 

နွေရာသီ နေ့လည်ခင်းတွင် လေပြင်းများ တိုက်ခတ်လာကာ ဖြတ်သွားသူများ၏ မျက်နှာပေါ်တွင် မည်သည့် ခြေရာအရိပ်အယောင်မျှ မချန်ရစ်ခဲ့ပေ။

 

ကျီကျောက်သည် ရှန်းယေဦင်က သူမကို မေးခွန်းထုတ်လိမ့်မည်ဟု အစက ထင်ထားခဲ့သော်လည်း သူမ မျှော်လင့်ထားသလို သူက မေးခွန်းတစ်ခုမှပင် မမေးမြန်းခဲ့ပေ။

 

ထိုအခါမှ ကျီကျောက်တစ်ယောက် လုံးဝ စိတ်သက်သာရာရသွားခဲ့သည်။

 

“ရှန်းယောင် ဟိုးကလူတွေကို ကြည့်စမ်းပါဦး။ သူတို့ ဘာလုပ်နေကြတာလဲ” ကျီကျောက်သည် အဝေးက စပါးခင်းထဲမှာ ကုန်းကုန်းကွကွဖြစ်နေတဲ့ ပုံရိပ်တွေကို မြင်ပြီး သိချင်စိတ် ပြင်းပြစွာ မေးမြန်းလိုက်သည်။

 

“ငါးရှဉ့်ဖမ်းနေကြတာလေ။”

 

“ငါးရှဉ့်လား” ကျီကျောက်ရဲ့ မျက်လုံးတွေ တောက်ပသွားသည်၊ “ငါးရှဉ့်ကြော်ရဲ့ အရသာက သိပ်မဆိုးဘူး။”

 

“ဒါဆို ကိုယ်တို့ တစ်ချက်လောက် သွားကြည့်ကြမလား။”

 

“ကောင်းတာပေါ့” ကျီကျောက်က ဝမ်းသာအားရ သဘောတူလိုက်သည်။

 

သူတို့နှစ်ယောက်သား အနားသို့ ရောက်သွားသောအခါတွင် သူတို့ နောက်ကျောကနေ လှမ်းမြင်ရသည့် အညိုရောင် ပုံရိပ်သည် တကယ်တော့ သူတို့ရဲ့ ‘အသိအကျွမ်း’ ဖြစ်နေသည်ကို သိရှိလိုက်ရသည်။

 

“ခြေကျိုး၊ မင်းရော ပျော်စရာရှာဖို့ ဒီကိုရောက်လာတာလား” ငါးရှဉ့်ဖမ်းနေသာ ရှန်းလန်သည် သွက်လက်ကျွမ်းကျင်စွာ မြေပေါ်သို့ တက်လာခဲ့သည်။ သူ့မျက်နှာထက်ဝယ် မာနအပြည့် ရှိနေလေ၏။

 

“သူတစ်ပါးကို ပေါ့ပေါ့တန်တန် နာမည်ပြောင်ပေးတာက ကလေးဆန်ပြီး ကိုယ်ရည်ကိုယ်သွေး ချို့တဲ့တယ်လို့ ဆိုနိုင်တယ်” ကျီကျောက်က စိတ်မသက်မသာနဲ့ မျက်မှောင်ကြုတ်လိုက်သည်၊ “နင် ငါ့ယောကျာ်းကို နောင်တစ်ချိန်မှာ ခြေကျိုးလို့ခေါ်ရင် လူတိုင်း နင့်ကို သေးစိုကောင်လို့ခေါ်အောင် ငါလုပ်ပြမယ်။”

 

“မင်း” ရှန်းလန်သည် ပြင်းထန်စွာ အပြစ်တင်ခံရပြီးနောက် သူမကို တကယ် ပါးရိုက်လိုက်ချင်သည်။ သို့သော် အရင်တစ်ခေါက်တုန်းက သူ ဒီမိန်းမလက်ထဲမှာ အရိုက်နှက်ခံရတာကို မမေ့သေးပါဘူး၊ “နင် နိုင်တယ်။”

 

“ငါ့ကို မင်းချိတ် ငှားပေးနိုင်မလား” ရှန်းယောင်က ထိုနာမည်ပြောင်များကို ဂရုမစိုက်ပေ။ အဆုံး၌ သူ့ခြေထောက်တွေက မသန်စွမ်းတော့သည်မှာ မှန်ကန်နေသည်ပင်။ သို့သော်လည်း သူ့ကို ကာကွယ်ရန်အတွက် ကျီကျောက်၏ ချစ်ခင်မှု ခံစားလိုက်ရသဖြင့် သူ့နှလုံးသားက ချစ်ဇောအဟုန်တက်ကြွလာသလို ခံစားလိုက်ရသည်။ ဒီခံစားချက်က နွေးထွေးပြီး သက်တောင့်သက်သာရှိသည်။

 

“ဘယ်လိုတောင် ထူးဆန်းလိုက်တာလဲ။ မင်းက ငါ့ဆီကနေ တစ်ခုခု ချေးငှားပေးဖို့ မေးရဲတယ်ပေါ့။ ငါက မင်းကို ဘာဖြစ်လို့ ငှားရမှာလဲ” ရှန်းလန်က အထက်စီးဆန်သလို လက်ပိုက်ထားပြီး ဂုဏ်ယူဝင့်ကြွားစွာ မေးမြန်းလာခဲ့သည်။

 

“ငါ့အမေရဲ့ ပင်လုံးကြိုင်ကိတ်မုန့်ကို မင်းလိုချင်သလောက် ရမယ်။”

 

ရှန်းလန်သည် ပင်လုံးကြိုင်ကိတ်မုန့်ဆိုတဲ့ စကားကို ကြားတာနဲ့ သူက ချက်ချင်းဆိုသလို အမြီးကုပ်သွားသည်။

 

သူသည် အလွန်နာခံမှုရှိစွာ ပါးလွှာသော ငါးမြှားချိန်အား ရှန်းယောင်အား လက်လွှဲပေးလိုက်သည်။

 

“ငါးရှဉ့်ဖမ်းတယ်ဆိုတာ လွယ်တဲ့အလုပ်တော့ မဟုတ်ဘူး။ လူတိုင်းက ငါ့လိုပဲ ကံကောင်းလိမ့်မယ်လို့ မင်းထင်လား။”

 

“ငါ့ယောကျာ်း ဖမ်းမိတဲ့ ငါးရှဉ့်က နင်ဖမ်းမိတဲ့ ငါးရှဉ့်ထက် ပိုကြီးလိမ့်မယ်။”

 

“ကျွတ်စ်…”

 

ရှန်းလန်က မခံမရပ်နိုင်ဖြစ်စွာ မျက်လုံးလိမ့်လိုက်သော်လည်း ဆယ့်ငါးမိနစ်အကြာ ရှန်းယောင် ဖမ်းမိသည့် ငါးရှဉ့်ကို မြင်လိုက်ရသောအခါတွင် သူ့မျက်နှာ အလွန်နာကျင်သွားတယ်လို့ ရုတ်တရက် ခံစားလိုက်ရသည်။