Ch 88
Viewers 13k

အခန်း (၈၈) – အဖေ ငါးမျှားမသွားနဲ့

 

“အာ့ထောင်” သူမ ဘေးမှာ စောင့်ကြပ်ပေးနေတဲ့ ရှန်းယောင်က သူမ ရုတ်တရက် မျက်ရည်တွေ ကျဆင်းလာတာကိုမြင်တော့ ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။

 

“အာ့ထောင် မင်း အဆင်ပြေရဲ့လား” ရှန်းယောင်က သူမ၏ နဖူးလေးကို ထပ်စမ်းကြည့်လိုက်ပေမယ့် အဖျားရောဂါဝေဒနာ၏ အရိပ်အယောင်ကို မတွေ့ရဘူး။

 

ကျီကျောက်၏ အခြေအနေသည် ထိုအခြေအနေအတိုင်း မပြီးဆုံးမီ အနည်းဆုံး နာရီဝက်ခန့် ကြာမြင့်ခဲ့သည်။

 

သူမ နိုးထလာသောအခါတွင် စိုးရိမ်စိတ်များ ပြည့်နှက်နေသော ရင်းနှီးကျွမ်းဝင်သည့် ဖီးနစ်မျက်ဝန်းတစ်စုံကို မြင်တွေ့လိုက်ရသည်။

 

“မင်း နိုးလာပြီလား” သူမ နိုးလာတာကိုမြင်တော့ ရှန်းယောင်တစ်ယောက် ဝမ်းသာအားရ ဖြစ်သွားခဲ့သည်၊ “မင်း ဘယ်နေရာက မသက်မသာဖြစ်သလို ခံစားနေရလဲ။”

 

“ကျွန်မ… အဟွတ်၊ အဟွတ်၊ အဟွတ်…” ကျီကျောက်တစ်ယောက် ပြန်ဖြေခါနီးတွင် သူမ၏ လည်ချောင်းက နာကျင်ကိုက်ခဲလာပြီး စကားပြောရခက်သွားခဲ့သည်။

 

ရှန်းယောင်က သူမကို သူ့နောက်ကျောပေါ် ထမ်းတင်ပြီး ရှန်းမိသားစု အိမ်ခြံဝင်းဆီသို့ အမြန်ပြန်သွားခဲ့သည်။

 

“ဘာဖြစ်လာတာလဲ” ဆူဆူညံညံအသံတွေကို ကြားလိုက်ရသော ကျောက်လန်ဟွာက အပြင်ဖက်သို့ ကမန်းကတန်း ကဲကြည့်လိုက်သည်။ ကျောက်လန်ဟွာက သူတို့ကိုမြင်တော့ အလျင်စလို အပေါ်ထပ်အင်္ကျီကို ထပ်ဝတ်ပြီး ထွက်လာခဲ့သည်၊ “စန်းလန် အာ့ထောင် ဘာဖြစ်တာလဲ။”

 

“အမေ အာ့ထောင် ရုတ်တရက် မူးလဲသွားလို့” ရှန်းယောင်က စိုးရိမ်တကြီးပြောသည်။

 

“ဒါဆို သမားတော် သွားပင့်ချေ။”

 

“အမေ ရှန်းယောင် သမားတော်ခေါ်ဖို့ မလိုဘူး” သူ့စွမ်းအင်ပြန်ရလာတဲ့ ကျီကျောက်က အလျင်စလို ပြောလိုသည်၊ “ကျွန်မ အခု အဆင်ပြေသွားပါပြီ။”

 

“အာ့ထောင် နင် နေမကောင်းသေးဘူးမလား။ နင် တကယ်အဆင်ပြေရဲ့လား။ ငါတို့ သမားတော်သွားပြသင့်တယ်လို့ အမေတော့ ထင်တယ်” ကျောက်လန်ဟွာက စိုးရိမ်စိတ်နဲ့ မေးမြန်းခဲ့သည်၊ “နင့်ဦးခေါင်းဒဏ်ရာက အပြည့်အဝ မသက်သာသေးဘူးလား။”

 

“အမေ သမီး တကယ်နေကောင်းပါတယ်” ကျီကျောက်က ပြုံးပြီး နာခံမှုရှိစွာ ခေါင်းခါသည်၊ “ကျွန်မ နည်းနည်း ပင်ပန်းနေရုံလေးပါ။ ကျွန်မ အနားယူဖို့ အခန်းကိုပဲ ပြန်ချင်တယ်။ အဆင်ပြေရဲ့လား။”

 

“ကောင်းပြီ၊ ကောင်းပြီ၊ ဒါပေါ့” ကျောက်လန်ဟွာက ဆန်စေ့ကောက်စားနေတဲ့ ကြက်ကလေးကဲ့သို့ ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်သည်၊ “ဒါဆို စန်းလန် နင် အာ့ထောင်ကို အနားယူဖို့ အခန်းဆီ မြန်မြန်ခေါ်သွားချေ။ အခုကနေစပြီး အာ့ထောင် ညဘက် လေအေးတွေ တိုက်တော့ ညဘက်တွေ အပြင်မထွက်နဲ့။ နင့်ခေါင်းက ဒဏ်ရာက အရှင်းမပျောက်သေးဘူး။”

 

“ဟုတ်ကဲ့ပါ အမေ”

 

ရှန်းယောင်က ကျီကျောက်ကို အခန်းဆီ ပြန်လိုက်ပို့ပေးခဲ့သည်။ သူက ရေတစ်ခွက် လောင်းထည့်ပြီး သူမအား ပေးလိုက်သည်။

 

“ကျွန်မ တောင်းပန်ပါတယ်။”

 

“ကိုယ် တောင်းပန်ပါတယ်။”

 

သူတို့နှစ်ယောက် ဒီစကားတစ်ခွန်းကို တစ်ပြိုင်တည်း‌ ပြောထွက်လာခဲ့ကြသည်။

 

“ရှင်က ဘာဖြစ်လို့ တောင်းပန်ရတာလဲ” ကျီကျောက်က ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်၊ “အခုနတုန်းက အမေက နားလည်မှုလွဲသွားလို့ပါ၊ ဟုတ်ပြီလား။”

 

“ကိစ္စမရှိပါဘူး” ရှန်းယောင်က နူးညံ့တဲ့အပြုံးနဲ့ ပြောသည်၊ “အခုနတုန်းက မင်း မြေကမ္ဘာဘုရားကျောင်းထဲမှာ ရုတ်တရက် မေ့လဲသွားခဲ့တာတောင် မျက်ရည်တွေ ကျနေတုန်းပဲ။”

 

မြေကမ္ဘာဘုရားကျောင်းထဲတွင် ကျီကျောက်၏ ပုံစံက တကယ့်ကို ပုံမှန်မဟုတ်ပေ။

 

“ကျွန်မ…” ကျီကျောက်က အကျိုးအကြောင်း ရှင်းပြခါနီးတွင် သူမ လည်ချောင်းထဲတွင် ရင်းနှီးသော ဝေဒနာတစ်ခု တိုးလာခဲ့သည်။

 

သူမ ခေါင်းခါရုံသာ တတ်နိုင်သည်၊ “ကျွန်မ အဆင်ပြေပါတယ်။ စိတ်မပူပါနဲ့။”

 

“မနက်ဖြန်မနက်ကျရင် မင်း ခရိုင်မြို့က သမားတော်နဲ့ ပြကြည့်ဖို့ ကိုယ် လိုက်ပို့ပေးမယ်” ရှန်းယောင်က တိုးတိုးလေး ပြောပေမယ့် သူ့အသံက ခိုင်မာနေသည်။

 

ကျီကျောက် တစ်ယောက်တည်း အခန်းထဲမှာ ရှိနေချိန်တွင် ထိုမြင်ကွင်းက သူမ စိတ်ထဲမှာ ပေါ်လာခဲ့ပြန်သည်။

 

တကယ်လို့ အဲဒီပုံရိပ်တွေသာ အမှန်ဆိုရင်…

 

ကျီကျောက် ဒါကို ဆက်မတွေးရဲတော့ဘူး။

 

သူမ ခန့်မှန်းတာ မှန်ရင် ရှန်းတာ့ရှန်တစ်ယောက် ရေနစ်လိမ့်မည်။

 

သူမ၏ ယောက္ခထီးကို ရေအရင်းအမြစ်တွေ အနား မသွားရောက်ဖို့ နည်းလမ်း ရှာဖွေရမည်။

 

ခဏလောက် တွေးတောကြည့်ပြီးနောက် ကျီကျောက်တစ်ယောက် ဒါကို နားလည်သဘောပေါက်သွားသည်။

 

အနာဂတ်ကို ကြိုမြင်နိုင်သော ဤစွမ်းရည်သည် မြေကမ္ဘာဘုရား၏ စောင်မမှု ဖြစ်ပေလိမ့်မည်။

 

ကျီကျောက်တစ်ယောက် ကုတင်ပေါ်တွင် လှဲလှောင်းနေရင်း ဟိုဖက် ဒီဖက်လှည့်နေရင်း ညဉ့်လယ်တွင် အိပ်ပျော်သွားခဲ့သည်။

 

နောက်တစ်နေ့မနက်။

 

ကျီကျောက်က တံခါးဖွင့်ပြီး ခြံထဲကို လှမ်းကြည့်လိုက်တော့ မြေပြင်ပေါ်မှာ ထိုင်နေတဲ့ မီးခိုးရောင်ပုံရိပ်ကို မြင်လိုက်ရသည်။

 

ကျီကျောက်က ရှေ့ကို စူးစူးစိုက်စိုက်ကြည့်ပြီး တိုးတိုးလေး မေးလိုက်သည်၊ “အဖေ ဘာလုပ်နေတာလဲ။”

 

“ငါ တီကောင်တူးနေတာ” ရှန်းတာ့ရှန့်က ခေါင်းမမော့ဘဲ ပြန်ဖြေလာခဲ့သည်၊ “အာ့ထောင် ငါ ခဏနေကျရင် ငါးသွားမျှားမလို့။ ငါတို့မိသားစု ဒီည အရသာရှိတဲ့ ငါးစွပ်ပြုတ်သောက်နိုင်မှာ သေချာတယ်။”

 

“ငါးသွားမျှားမှာလား” ကျီကျောက်ရဲ့ နှလုံးသားထဲ အချက်ပေးခေါင်းလောင်းသံ မြည်သွားခဲ့သည်၊ “အဖေ ဘယ်ကို ငါးသွားမျှားမှာလဲ။”

 

“ရှားကျီးရွာကို သွားမလို့။ အဲဒီမှာ ရေကန်ကြီး တစ်ကန် ရှိတယ်။ ငါ တီကောင် အလုံအလောက် တူးပြီးသွားရင် သွားတော့မှာ” ရှန်းတာ့ရှန်က ပျော်ရွှင်စွာ ပြုံးရယ်လိုက်သည်။

 

“အဖေ ငါးမျှားမသွားနဲ့။”