အခန်း (၈၆) – ပေါက်ဖတ်လေးရဲ့
စွန့်စားခန်း
ကျီကျောက်က ဒီလိုကြားလိုက်ရသဖြင့်
အရမ်းပျော်သွားခဲ့သည်။
သူမသည် သကြားပန်းချီအရုပ်လေးကို
နူးညံ့သိမ်မွေ့စွာ တစ်ကိုက် ကိုက်စားလိုက်သည်၊ “ဒါက အရမ်းချိုတာပဲ။”
ကျီချန်က သူမ၏ လှုပ်ရှားမှုများကို
အတုယူကာ ဂရုတစိုက် တစ်ကိုက် ကိုက်စားလိုက်သည်၊ “ဒါက တကယ်ချိုတယ်။”
မောင်နှမနှစ်ယောက်စား
တံစက်မြိတ်အောက် လှေကားထစ်များပေါ်တွင် အတူထိုင်နေသည့် ပုံရိပ်မှာ နွေးထွေးကာ
လိုက်ဖက်ညီလှသည်။
သကြားပန်းချီအရုပ်လေးတွေဆီမှ
စိတ်ကူးစိတ်သန်း လှုံ့ဆော်ခံလိုက်ရသည့် ကျီကျောက်သည် တစ်နေ့ခင်းလုံး
အခန်းတံခါးပိတ်နေခဲ့သည်။
ထိုအချိန်ကာလအတွင်း ကျောက်လန်ဟွာက
သူမကို တစ်ကြိမ် လာကြည့်ခဲ့သည်။ သူမ၏ လက်ရေးလှရေးသားခြင်းကို အလေးအနက်
လေ့ကျင့်သည်ကို မြင်သောအခါ သူမ ဘာမှ မပြောဘဲ ထွက်သွားခဲ့သည်။
“အာ့ထောင်နဲ့ စန်းလန်တို့
မကွာရှင်းရသေးရင် သိပ်ကောင်းမှာပဲ” ပင်မအိမ်သို့ ပြန်လာသော ကျောက်လန်ဟွာက
အဝတ်ချုပ်နေရင်း သက်ပြင်းချကာ စကားဆိုလာခဲ့သည်၊ “ငါ အခုလေးတင် တစ်ချက်ကြည့်ပြီး
ပြန်လာတာ၊ ငါ နားမလည်ပေမယ့် အာ့ထောင်ရဲ့ လက်ရေးလက်သားက အထင်ကြီးဖို့ကောင်းတယ်။”
“ငါတို့သားသမီးတွေ မြေးမြစ်တွေက
ကောင်းချီးကိုယ်စီ ရရှိကြလိမ့်မယ်” ငါးမျှားကြိုးကို ပြင်ဆင်နေတဲ့ ရှန်းတာရှန်က
ခေါင်းမမော့ကြည့်ဘဲ တုံ့ပြန်လာခဲ့သည်၊ “လင်နဲ့ မယားကြားက ကံကြမ္မာက အရင်ဘဝက
ဖြည့်ဆည်းခဲ့တဲ့ ပါရမီအထုံတွေကြောင့်ပဲ။ ဒီဘဝမှာ အကြင်လင်မယား ဖြစ်လိမ့်မယ်လို့
သတ်မှတ်ထားရင် ထွက်ပြေးလို့တောင် မရဘူး။”
“ဒါ အမှန်ပဲ” ကျောက်လန်ဟွာက
ခေါင်းညိတ်သဘောတူသည်။
“လန်ဟွာ ကိုယ် မနက်ဖြန်ကျရင်
အစ်ကိုတာ့ကျွမ်းနဲ့ ရှားကျီးရွာကို ငါးသွားဖမ်းမလို့၊ မင်း ခွင့်ပြုတယ်မလား။”
“ရှင် ငါးမျှားကြိုးကိုတောင်
အဆင်သင့် ပြင်ပြီးပြီမလား၊ ကျွန်မ ရှင့်ကို ဘယ်လိုတားနိုင်မှာလဲ” ကျောက်လန်ဟွာက
စိတ်မဆိုးတဆိုး ရယ်မောကာ ပြောလိုက်သည်။
“ငါးစွပ်ပြုတ်ချက်ဖို့ ကိုယ်
ငါးအကြီးကြီးတွေ ဖမ်းခဲ့မယ်” ရှန်းတာ့ရှန်က ပျော်ရွှင်စွာ ပြောလိုက်သည်၊ “လန်ဟွာ
မင်း စောင့်ကြည့်နေလိုက်။”
“ကောင်းပါပြီ၊ ကျွန်မ အိမ်မှာ
ရှင့်ကို စောင့်နေမယ်။”
နေဝင်ရီတရောအချိန်၌ နေရောင်ခြည်သည်
ကောင်းကင် တစ်ခုလုံးကို လွှမ်းခြုံလျက် တောက်ပသော နေဝင်ချိန်သည် လိမ္မော်ရည်
ဖိတ်စင်ထားသကဲ့သို့ လှပနေသည်။
ကျီကျောက်သည် စာရေးစုတ်တံကို
ချပြီး သူမ ခါးကို ဆန့်ကာ အနည်းငယ် လှုပ်ရှားလိုက်သည်။
ဒေါက်… ဒေါက်…
“ဝင်ခဲ့ပါ။”
ရှန်းယောင်သည် အအေးခံထားသော
မတ်ပဲစွပ်ပြုတ် တစ်ပန်းကန်ကို ကိုင်လာကာ အခန်းထဲသို့ ဝင်လာခဲ့သည်။
“အမေက မတ်ပဲစွပ်ပြုတ်ချက်ပြီး
ကိုယ့်ကို မင်းဆီ တစ်ပန်းကန် လာပို့ခိုင်းလို့။”
“ကျေးဇူးပါ” ကျီကျောက်က
မတ်ပဲစွပ်ပြုတ်ပန်းကန်ကို အမြန်လှမ်းယူကာ တစ်ပန်းကန်လုံးကို တစ်ကျိုက်တည်း
ခေါင်းမော့သောက်လိုက်သည်။
အနည်းငယ် အေးမြသော
မတ်ပဲစွပ်ပြုတ်သည် သူမ၏ လည်ချောင်းထဲမှ ဖြတ်သန်းစီးဆင်းသွားပြီး ဝမ်းဗိုက်ထဲ
ကျရောက်သွားကာ အေးမြသက်သာရာရစေခဲ့သည်။
“မင်း တစ်နေကုန်လုံး အိမ်ထဲမှာပဲ
နေနေတယ်လို့ ကိုယ် အမေ့ဆီကနေ ကြားလာတယ်” ရှန်ယောင်က သူမကို လက်ကိုင်ပဝါတစ်ထည်
ကမ်းပေးရင်း တိုးတိုးလေး မေးသည်။
“ဟုတ်တယ်” ကျီကျောက်က
စိတ်လှုပ်ရှားစွာ ပြောသည်၊ “ကျွန်မ ရုတ်တရက် ဥာဏ်ကွန့်မြူးလာလို့ ကလေးရုပ်ပြစာအုပ်
အတိုလေး ရေးလိုက်တယ်။ ရှင် တစ်ချက် ကြည့်ကြည့်ပေးပါလား။”
ထိုစကားနှင့်အတူ ကျီကျောက်သည် သူမ
လတ်တလော ရေးသားထားသော ရုပ်ပြစာအုပ်လေးကို လက်လွှဲပေးကာ သူမသည် ထိုစာအုပ်လေးကို
ရတနာအဖြစ် မှတ်ယူထားပုံရသည်။
ရှန်းယောင်သည်
ဥာဏ်ကွန့်မြူးခြင်းနှင့် ရုပ်ပြစာအုပ် ကဲ့သို့သော စကားလုံးများ၏ အဓိပ္ပါယ်ကို
နားမလည်သော်လည်း ကျီကျောက်၏ စိတ်အားထက်သန်လွန်းသော အကြည့်တွေကို
မြင်လိုက်ရသောအခါတွင် သူက ဤစာအုပ်ကို လေးလေးနက်နက် ဖတ်ကြည့်ခဲ့လေသည်။
“ပေါက်ဖတ်လေးရဲ့ စွန့်စားခန်း”
ရှန်းယောင်သည် ခေါင်းစဉ်ကိုမြင်သောအခါ အနည်းငယ် ကြက်သေ သေသွားခဲ့သည်။
“ဟုတ်တယ်” ကျီကျောက်က သူမ၏
လက်ချောင်းလေးထိပ်တွေကို စိတ်လှုပ်ရှားစွာ ထိတွေ့နေသည်၊ “ရှင်
မြန်မြန်ဆက်ဖတ်ကြည့်။ ကျွန်မရေးထားတာ အဆင်မပြေတာရှိရင် အကြံဥာဏ်ပေးဖို့
မမေ့နဲ့နော်။”
ဝတ္ထုစာအုပ်ထဲသို့ မကူးပြောင်းလာမီ
ကျီကျောက်သည် နန်းတွင်းစားဖိုမှုးမျိုးဆက်မှ ဆင်းသက်လာသူဖြစ်ပြီး သူမ ၃၀၈
ဆက်မြောက် ဖြစ်သည်။ သူမသည် ငယ်စဉ်ကလေးဘဝလေးကတည်းက သူမ မိသားစု၏ လွှမ်းမိုးမှုကို
ခံခဲ့ရသောကြောင့် သူမ၏ ဟင်းချက်လက်ရာမှာ အပြစ် ပြောစရာ မရှိပေ။ သို့သော် ကျီကျောက်သည်
သူမ၏ ပုံပြင်တိုလေးများ ရေးသားလိုသည့် အိမ်မက်အား ဘယ်သောအခါမှ မစွန့်လွှတ်ခဲ့ပေ။
“ပေါက်ဖတ်လေးဟာ အန္တရာယ်တွေနဲ့
အခက်အခဲတွေ အများကြီးကို ကျော်ဖြတ်ခဲ့ရတယ်၊ နောက်ဆုံးတော့ သူ့အိမ်မက်ကို
နားလည်သဘောပေါက်သွားခဲ့ပြီး ပိုးအိမ်ထဲကနေ ဖောက်ထွက်ပြီး လိပ်ပြာလေးတစ်ကောင်အဖြစ်
ပေါက်ဖွားလာခဲ့တယ်။ ဒီဇာတ်လမ်းက အရမ်းကို ခမ်းနားလွန်းတယ်မလား” ကျီကျောက်သည် ပြောနေရင်း
ပိုပိုပြီး စိတ်လှုပ်ရှားလာခဲ့သည်၊ “ကျွန်မ ဒီအကြောင်းကို ချန်ချန်ကို ပြောပြမယ်။
သူက ဒီဇာတ်လမ်းကို သေချာပေါက် ကြိုက်နှစ်သက်လိမ့်မယ်။”
ကျီချန်က ဒီဇာတ်လမ်းကို သေချာပေါက်
ကြိုက်နှစ်သက်လိမ့်မည်ဟု သူမ တွေးထားသော်လည်း ကျီချန်က ဇာတ်လမ်းနားထောင်နေရင်း
အိပ်ပျော်သွားတာကို ရုတ်တရက် မြင်လိုက်ရသည်။
ကျီကျောက်သည် သူမ နှလုံးသားထဲမှာ
တိတ်တဆိတ် သက်ပြင်းချပြီး သူ့ကို စောင်သေချာခြုံပေးပြီးတော့ နောက်လှည့်ပြီး
အထီးကျန်စွာ ထွက်လာခဲ့သည်။
ရှုံးနိမ့်ခြင်းဟာ
ရှုံးနိမ့်ခြင်းပါပဲ။ သူမ မည်သည့် ဇာတ်လမ်းအမျိုးအစားကို ရေးသည်ဖြစ်စေ ရှုံးနိမ့်ခြင်း၏
ကံကြမ္မာကို မလွတ်မြောက်နိုင်ပါ။