Ch 19
Viewers 1k

အပိုင်း (၁၉) အနမ်းတစ်ခု

ရွှီရှောင်ကျောင်းသည် အသက်ပင် ရဲရဲမရှူရဲပဲ စုန့်ဝေဖျင် ဖြေလာမည့်အဖြေကို စောင့်စားနေမိလေသည်။ ဒီကောင် တကယ်ပဲ သဘောတူရဲလို့ကတော့...

အသက်အနည်းငယ် ရှူလိုက်ပြီးနောက် စုန့်ဝေဖျင်သည် သူမကို မော့ကြည့်လိုက်ပြီး

“တစ်လှမ်း နှစ်လှမ်းလောက်ပဲ ဝေးတာလေ၊ အရင်နေ့တွေတုန်းကလိုပဲ၊ ငါ မင်းကို တွဲသွားပေးမယ်”

ရွှီရှောင်ကျောင်းသည် ရုတ်ခြည်းဆိုသလို ကြီးမားသည့်အပြုံးတစ်ခုကို ထုတ်ပြလိုက်တော့သည်။ သူမ၏မျက်လုံးများက ထောက်ခံခြင်းနှင့် ကျေနပ်ခြင်းအပြည့်ဖြစ်နေတော့သည်။ စုန့်ဝေဖျင်ရယ်။ ငါ နင့်ကို အကဲဖြတ်မမှားခဲ့ဘူးဆို ငါ သိတာပေါ့။

“ကောင်းပြီ”

စုန့်ဝေဖျင်က လေသံတိုးတိုးဖြင့် အက္ခရာများကို ရေရွတ်နေစဥ် ပင့်သက်ရှိုက်ထုတ်လိုက်ပြီး သူမကတော့ ကိုယ်တိုင် သီဖွဲ့ထားသည့် ငါးဆားနယ်သီချင်းကို ဆိုပြန်လေသည်။

ကပ်သီလေးပဲ။

**

ရွှီရှောင်ကျောင်း၏ ခြေကျင်းဝတ်က အပြည့်အဝ ပြန်ကောင်းသွားပြီး တစ်ဖန် ပတ်ပြေးကာ ခုန်လာနိုင်ချိန်တွင်တော့ နွေဦးပျိုးကျဲကာလကလည်း ပြီးဆုံးသွားလေသည်။

အလုပ်လုပ်နေဆဲဖြစ်ကြသည့် နည်းပါးသည့်လူတချို့ကလွဲလျှင် မိန်လင်တစ်ရွာလုံးတွင် အများစုက အိမ်တွင် ချိန်ပေးကာ အနားယူနေကြပြီး သူတို့၏ကိုယ်ပိုင်မြေကွက်လေးကို ရှင်းလင်းနေကြလေသည်။

စုန့်ဝေဖျင်သည် နောက်ဆုံးတော့ အသက်ရှူနိုင်သွားတော့သည်။

ပြီးခဲ့သည့် လဝက်အတွင်းတွင် သူသည် တစ်ရက်ပင် မနားခဲ့ရချေ။ မြို့က လူတချို့ကလည်း နွေဦးတွင် ပျိုးကျဲကြသည်။ သူတို့သည် ပင်ပန်းလာသောအခါ အဆီပါသည့် တစ်ခုခုကို စားသောက်ချင်ကြသည်။ ထို့ကြောင့် သည်ကာလအတွင်းတွင် ဝက်စတူးလုပ်ငန်းက  အရင်ကထပ် ပိုကောင်းခဲ့သည်။ အသား ၄-၅ကျင်းလောက်က တစ်ရက်ထဲတွင် အကုန်ရောင်းကုန်သွားသည်။

သူသည် နေ့တိုင်း အသားအများကြီး ဝယ်ရသည့်အတွက် ကိုယ်ပိုင်အသားရောင်းသမားကလည်း သူ့ကို အကောင်းဆုံးဝက်ရိုးနှင့် ဝက်ခြေထောက်များ အမြဲတမ်း သိမ်းထားပေးတတ်သည်။ ထို့အပြင် စျေးကလည်း အမြဲတမ်း ပိုသက်သာသည်။

သည်လို စျေးသက်သာသည့်အတွက်ကြောင့် မိသားစုသည် သည်ကာလတွင် ပင်ပန်းကြသော်လည်း အစားအသောက် ဘယ်တော့မှ မပြတ်လပ်ပေ။ သည်ကာလတွင် ရွှီရှောင်ကျောင်းက စုန့်ဝေဖျင်ကို ဝက်ရိုးအနှစ်ဟင်းချက်နည်းပင် သင်ပေးလိုက်ရာ မိသားစု၏ပါးစပ်က အဆီများ ပေနေတော့သည်။

လုပ်ငန်းက ကောင်းသည်။ စုန့်ဝေဖျင်သည် လီစန်းထျယ်ထံတွင် ကျန်နေသည့်အကြွေး ၅ယွမ်ကိုပင်  ပြန်ဆပ်ပြီးသွားခဲ့သည်။ ဝူချွန်းဟွားကပင် သူတို့၏ဘဝကြီးက ချောမွေ့သည်ထက် ချောမွေ့နေသည်ဟု ပြောလေသည်။

“အမေ့သမီးလက်ကို ကြည့်စမ်းပါအုံး၊ ချောမွေ့ပြီး နုဖပ်နေတာပဲ၊ ကြည့်လိုက်တာနဲ့ သမီးက ကံကောင်းတဲ့ဘဝကို ပိုင်ဆိုင်ထားတာ သိနိုင်တယ်၊ လယ်လုပ်ငန်းရဲ့ အလုပ်အများဆုံးအချိန်မှာတောင် သမီးက အိမ်မှာပဲ တစ်ချိန်လုံး အပျင်းတစ်နေလို့ ချောမောပြီး ပန်းရောင်တောင် သန်းနေပြီ၊ သိပ်ကံကောင်းတာပဲ”

ဝူချွန်းဟွားက ခံစားချက်အပြည့်ဖြင့် ရွှီရှောင်ကျောင်း၏လက်ကို ထိကိုင်ထားလေသည်။

ရွှီရှောင်ကျောင်းက ဘာကိုမှ စိတ်မဝင်စားသော်လည်း ‘ကံကောင်းတယ်’ဆိုသည့် စကားလုံးကိုတော့ အာရုံစိုက်မိလေသည်။ ကံကောင်းတယ်ဆိုတာ ဝနေတယ်လို့ ပြောတာတော့ မဟုတ်ဘူးမလား။ သူမသည် ထိုနေ့ညက မှန်ထဲတွင် သူမ၏မျက်နှာကို ကြည့်လိုက်ပြီး

“စုန့်ဝေဖျင် ငါ ဝ,လာတယ်လို့ နင် ထင်လား”

ဝ,တာလား။ စုန့်ဝေဖျင်သည် သူမ ခြေကျင်းဝတ်လည်သွားချိန်က သူ့ကျောပေါ်တွင် မှီထားသည့် သူမနှင့် သူမ၏သေးသွယ်သည့် ခြေမျက်စိအကြောင်း စဥ်းစားလိုက်ပြီး သူခံစားရသည့် အလေးချိန်ကို တွေးနေမိလေသည်။ ထို့နောက် လက်ရှိတွင် သူမ၏ကောင်းမွန်သည့် အသားအရေကို ကြည့်လိုက်ပြီး နောက်ပိုင်းဖြစ်လာမည့် အဟာရအပြည့်နှင့် သူမအကြောင်းကို စဥ်းစားလိုက်ကာ

“မဝ,ပါဘူး၊ အရင်ကဆိုရင် အရမ်းပိန်တယ်၊ နည်းနည်းလေး ဝ,လာတာ ပိုကောင်းတယ်”

“ဒါဆို ငါ ဝ,လာတာပေါ့နော်”

ရွှီရှောင်ကျောင်းသည် သူမ၏ခါးကို မြန်မြန်ဖျစ်ညှစ်ကြည့်လိုက်လေသည်။ ငါ့မှာ ပေါင်ချိန်စက် မရှိဘူးလေ။ ဒီတော့ အတိအကျ မစောင့်ကြည့်နိုင်ခဲ့ဘူး။ သူမသည် အကြမ်းဖျင်း တိုင်းတာလိုက်ပြီး အများကြီး ဝမလာဘူးဟု ခံစားလိုက်ရလေသည်။ စိတ်အေးသွားပြီး တစ်ချိန်ထဲတွင် ဆုံးဖြတ်ချက်ချလိုက်တော့သည်။

“ငါ့ကိုယ်ငါ ထိန်းမှ ဖြစ်မယ်၊ နေ့တိုင်း ဝက်နံရိုးတွေ ဝက်ခြေထောက်တွေ မဝယ်နဲ့တော့၊ ငါ အဆင်ပြေတယ်၊ နောက်ဆိုရင် ပေါ့ပေါ့ပါးပါးပဲ စားတော့မယ်”

စုန့်ဝေဖျင်သည် သူ့လက်နှစ်ဖက်ဖြင့် ကိုင်လို့ရနိုင်သည့် သူမ၏ခါးကို ဆက်တိုင်း တိုင်းတာနေသည်ကို တွေ့သွားပြီး သူ့မျက်နှာက မထိန်းနိုင်တော့ဘဲ အနည်းငယ် ပူတက်လာတော့သည်။

“ငါ နှစ်ရက်လောက် အားနေတယ်၊ မင်း မြို့ပေါ်တက်ပြီး အလည်အပတ်သွားချင်လား၊ ငါ မင်းကို ခေါ်သွားပေးမယ်လေ”

အခုဆိုရင် သူ့လက်ထဲမှာ ငွေနည်းနည်း ရှိလာပြီလေ။ သူမအတွက် တချို့ပစ္စည်းတွေ ဝယ်ပေးနိုင်ပြီ။ ရာသီဥတုကလည်း နည်းနည်းပူလာပြီ။ အနီရောင်ဂါဝန်က လက်ရှည်ဆိုတော့ ဆက်ပြီး ဝတ်လို့ရတော့မှာ မဟုတ်ဘူး။ သူ သူမအတွက် အဝတ်အစားအသစ်တစ်စုံလောက် ဝယ်ပေးချင်တယ်။

ရွှီရှောင်ကျောင်းသည် ခဏလောက် စဥ်းစားလိုက်ပြီး

“နင် ရက်ပိုင်းလောက်နေရင် တတိယအစ်ကိုလီနဲ့ ခရီးထွက်အုံးမှာလား”

စုန့်ဝေဖျင်က ခေါင်းညိတ်ပြလိုက်၏။ တတိယအစ်ကိုလင်က မနေ့က သူ့ဆီ စာပို့လိုက်တယ်လေ။ နွေဦးပျိုးကျဲတာ ပြီးသွားပြီတဲ့။ မြို့မှာ ပစ္စည်းတချို့သွားယူပေးရမဲ့ နောက်ထပ် တာဝန်လက်ခံထားတယ်တဲ့။

“ဒါဆို နင် အရင်သွားလေ၊ နင် ပြန်လာမှ မြို့ကို သွားမဲ့အကြောင်း ပြောကြတာပေါ့”

ဒီကာလအတွင်းမှာ ငါကလွဲရင် အားလုံးက ပင်ပန်းနေကြတာ။ ဒီရက်ပိုင်းလေးမှာ ကောင်းကောင်း အနားယူတာ ပိုကောင်းလိမ့်မယ်။

သူမသည် ပြန်စဥ်းစားလိုက်ပြီး

“နင် ခရီးသွားလို့ ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်တဲ့သူနဲ့ တွေ့ရင်လေ နင် အဲဒါကို မသွင်းဘူးဆိုရင်တောင် ငါ့အတွက် တစ်ပုလင်းလောက် ဝယ်ခဲ့ပေးနော်၊ ငါ အဲဒီဆပ်ပြာကို ဆက်သုံးနေရင် ငါ့ဆံပင်တွေ ကြည့်မကောင်းတော့ပဲ နေလိမ့်မယ်”

မြို့က သမဝါယမမှာလည်း ခေါင်းလျှော်ရည် မရှိဘူးလေ။

ငါ့မှာလည်း အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေအများကြီး မရှိပါဘူး။ မျက်နှာလိမ်းခရင်မ်ကတော့ သုံးလို့အဆင်ပြေပါတယ်။ ဒါပေမဲ့ ခေါင်းလျှော်ရည်အခဲကတော့ တကယ် အဆင်မပြေတာပါ။ ဒီလိုခက်ခဲတဲ့ အခြေအနေတွေမှာတောင် သည်းခံနိုင်တဲ့ ကိုယ့်ဟာကိုယ်တောင် လေးစားမိတယ်။

စုန့်ဝေဖျင်က သူမ၏ရှည်လျားနက်မှောင်သည့် ဆံပင်ကို ကြည့်လိုက်လေသည်။ တစ်နေ့က သူမ ကောင်းကောင်း အိပ်မပျော်ခဲ့ဘဲ ခန်းဆီးနှင့် အလွန်နီးကပ်သွားသဖြင့် သူမ၏ဆံခြည်မျှင်များက အောက်ဘက်မှ ဝင်လာခဲ့သည့်အကြောင်းကို သတိရသွားလေသည်။ သူသည် ဆံစလေးကို အသာအယာ ထိကြည့်လိုက်လေသည်။ အေးမြပြီး ပျော့စင်းနေသည်။

“ကြက်ဥအကာနဲ့ မလျှော်ဘူးလား”

ရွှီရှောင်ကျောင်းက လျှာထုတ်ပြလိုက်ပြီး

“အဲအကြောင်း မပြောနဲ့နော်၊ နောက်ဆုံးတစ်ခါက ငါ ကြက်ဥအကာနဲ့ ခေါင်းလျှော်တာ အမေတွေ့သွားလို့ ငါ့ကို သေမတတ် ဆူပူတော့မလားတောင် ထင်ရတယ်၊ အဘွားကိုလည်း မြင်အောင်မလုပ်ရဲပါဘူး၊ နင်ကသာ ငါ့ကို ဘာမှမပြောတာ၊ အမေကတော့ နင် ငါ့ကို အလိုလိုက်ထားတယ်ဆိုပြီး ပြောနေတာ”

စုန့်ဝေဖျင်၏ နှုတ်ခမ်းထောင့်များသည့် အနည်းငယ် ကွေးတက်သွားပြီး သူက အကြောင်းအရာကို ဆက်ပြောလိုက်လေသည်။

“ဒါဆိုလည်း ငါ ခရီးထွက်ရင် ခေါင်းလျှော်ရည်တစ်ခုခုတွေ့မလား ကြည့်လိုက်မယ်လေ၊ ရှိခဲ့ရင် မင်းအတွက် ဝယ်လာပေးမယ်၊ ကြက်ဥအကာ သုံးလို့ရတယ်နော်၊ သူတို့ကိုတော့ မတွေ့စေနဲ့ပေါ့”

အခုတော့ စုန့်ဝေဖျင်က သူမကို ကတိပေးထားသဖြင့် သူသည် လမ်းတွင် အမြဲတမ်း ဂရုစိုက်နေလေသည်။ ထိုအဖြစ်က လီစန်းထျယ်ကို အံ့ဩရစေပြီး သူက သူ့မိန်းမကို တကယ်ချစ်တာပဲဟု ပြောနေတော့သည်။

စုန့်ဝေဖျင်ကလည်း ရွှီရှောင်ကျောင်းကို စိတ်ပျက်အောင် မလုပ်ချေ။ သူသည် လမ်းတွင် ဘာမှ ရှာမတွေ့ခဲ့သော်လည်း စီရင်စုမြို့က စျေးဝယ်စင်တာသို့ သွားကာ ရွှီရှောင်ကျောင်းအတွက် ခေါင်းလျှော်ရည်၊ ဆံပင်ပျော့ဆေးနှင့် အသားအရေထိန်းသိမ်းပေးသည့် ပုလဲပေါင်ဒါကိုလည်း ဝယ်ခဲ့လေသည်။

သူသည် အိမ်ပြန်ရောက်သည်နှင့် ရွှီရှောင်ကျောင်းကို ပေးလိုက်ပြီး

“မင်း ကြိုက်ရဲ့လား ကြည့်လိုက်အုံး”

သူမ၏လိုအပ်ချက်များကို သူ့စိတ်ထဲတွင် ရှိနေသည့် ခံစားချက်က အမှန်ပင် ကောင်းမွန်လေသည်။ ရွှီရှောင်ကျောင်းက ချက်ချင်း အသုံးချလိုက်သည်။

ညပိုင်းတွင် သူမသည် ပုလဲပေါင်ဒါကိုလည်း သုံးလိုက်သည်။ အာနိသင်က အလွန်ကောင်းလှသည်။

“စုန့်ဝေဖျင် ဒီကို လာအုံး၊ ငါ့ဆံပင်တွေကို ထိကြည့်လိုက်၊ အများကြီး ပိုပျော့သွားတယ်လို့ ခံစားရတယ်” 

သူမသည် အပြုသဘောဆောင်သည့် တုံ့ပြန်မှုကို ပေးရန်လိုအပ်သည်ဟု ခံစားမိလေသည်။

စုန့်ဝေဖျင်က သူမဘေးတွင် ထိုင်ကာ အင်္ဂလိပ်စာကို ရေးနေလေသည်။ ထိုစကားကို ကြားလိုက်ရသည်တွင် သူသည် ဘောပင်ကို ချထားလိုက်ပြီး သူမ၏ဆံပင်ကို သပ်ပေးဖို့ လက်လှမ်းလိုက်လေသည်။ ထင်ထားသည့်အတိုင်း ပျော့ပျောင်းနေလေသည်။

“မဆိုးဘူးနော်”

“ဟုတ်တယ် ဟုတ်တယ်၊ ပြီးတော့ ဒီအသားအရေ ထိန်းတဲ့ပစ္စည်းလေ အရမ်းကောင်းတာပဲ၊ အနံ့ကလည်း သင်းသင်းလေး၊ နင် အနံ့ရလား”

စုန့်ဝေဖျင်သည် အစောကြီးကတည်းက အနံ့ရပြီးသာပင်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက မြူခိုးရနံ့အလွှာတစ်ခုဖြင့် လွှမ်းခြုံခံလိုက်ရသလို ခံစားလိုက်ရပြီး လူများကို အမှတ်တမဲ့ စွဲလမ်းအောင် လုပ်နေသည်ဟု ခံစားရလေသည်။

“အင်း မင်းက ကောင်းတယ်လို့ ထင်တယ်ဆိုရင် မင်းအတွက် ထပ်ဝယ်လာပေးမယ်နော်”

ရွှီရှောင်ကျောင်းက မငြင်းပေ။ ဒါက ငါလေး စုန့်ဝေဖျင်ကို လက်ထပ်ရတဲ့အတွက် ရပိုင်ခွင့် အကျိုးအမြတ်ပဲလေ။

သူတို့နှစ်ယောက်သည် လဲလျောင်းလိုက်ကြချိန်တွင် စုန့်ဝေဖျင်သည် သူမက သီချင်း ထပ်ဆိုနေသည်ကို ကြားလိုက်ရသဖြင့် မနေနိုင်တော့ဘဲ မေးလိုက်တော့သည်။

“ငါးဆားနယ် စားချင်လို့လား”

“မဟုတ်ဘူး၊ ငါးဆားနယ်အကြောင်း မပြောပါနဲ့၊ ပြီးတော့ ငါတို့တွေက အခန်းဖော်ကောင်းလေးတွေလေ”

ငါ ဒီသီချင်းဆိုတိုင်း ဆယ်ခါမှာ ငါးခါလောက်မှာ စုန့်ဝေဖျင်က ငါ့ကို ငါးဆားနယ်စားချင်လားလို့ မနေနိုင်ဘဲ မမေးတတ်တယ်။ မစားချင်ပါဘူးနော်။

စုန့်ဝေဖျင်က ထိုအကြောင်းကို ရပ်လိုက်ပြီး သည်တစ်ကြိမ် ခရီးထွက်သည့်အကြောင်းကို ပြောလိုက်လေသည်။ ခရီးက အဆင်ပြေခဲ့ပြီး အထက်လူကြီးများ လိုအပ်သည့် ကုန်ပစ္စည်းအားလုံးကို ဝယ်နိုင်ခဲ့သည်။ သို့သော် သူတို့သည် ကြားပေါက်တော့ မရှာနိုင်ခဲ့ပေ။

ဒါကလည်း ပုံမှန်ပင်ဖြစ်သည်။ အကြိမ်တိုင်း ကံကောင်းနေဖို့တော့ မဖြစ်နိုင်ချေ။

“အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ ပြန်လာနိုင်တာပဲ ဟုတ်နေပါပြီ၊ ပြီးတော့ ငွေရှာဖို့အတွက် နင် လမ်းကြားထဲသွားရင် ငါ့မှာ စိတ်ကူးအသစ်တစ်ခု ရှိတယ်၊ အဲဒါက အလုပ်ဖြစ်လောက်တယ်”

ဒီစိတ်ကူးရဲ့ အစကတော့ စုန့်ဝေဖျင်ပေးထားတဲ့ စိတ်ကူးပါပဲ။

လွန်ခဲ့တဲ့ရက်လောက်တုန်းက စုန့်ဝေဖျင်သည် လီစန်းထျယ်နှင့် ခရီးသွားစဥ်က ဝူချွန်းဟွားကို ရွှီရှောင်ကျောင်းအတွက် အစားအသောက် စီစဥ်ပေးရန် တောင်းဆိုဖို့ မမေ့ခဲ့ချေ။ ရွှီရှောင်ကျောင်းသည် ပြန်ကောင်းလာပြီဆိုသော်လည်း ပြေးလွှား၊ ခုန်ကစားခြင်းလို ကြီးမားသည့်လှုပ်ရှားမှုမျိုး မလုပ်ရဲသေးချေ။ သူသည် စိတ်မချနိုင်ပေ။ ဒါကပင် ဝူချွန်းဟွားက သူ့ကို ပိုပိုပြီး စိတ်ကျေနပ်လာစေတော့သည်။

လုံးဝ ပူးပေါင်းခြင်း မရှိသူကတော့ ရွှီရှောင်ကျောင်းပင်။

ဝူချွန်းဟွားသည် သမီးဖြစ်သူကို အမှန်တကယ် အလိုလိုက်ထားသည်ဟု ခံစားမိသဖြင့်

“ဝေဖျင်က ပြောသွားတယ်၊ သူက အိမ်မှာမရှိဘူး၊ သမီးကလည်း မချက်ပြုတ်တတ်ဘူးတဲ့၊ ရိုးရိုးအစားအသောက်ဆိုရင် တော်ပါသေးတယ်၊ ဒါပေမဲ့ သမီးအတွက် အရိုးစွပ်ပြုတ်နဲ့ နံရိုးကို ၂ရက်တစ်ခါ လုပ်ပေးဖို့ အမေ့ကို ပြောသွားတယ်၊ ဒီကောင်မလေးကတော့ အကောင်း အဆိုးကို မသိဘူး၊ ကြည့်စမ်း၊ တဖွဲ့လုံးထဲမှာ အစားအသောက်နဲ့ ပတ်သက်ရင် သမီးကို ယှဥ်နိုင်တဲ့သူ ဘယ်သူရှိသေးလဲ”

ရွှီရှောင်ကျောင်းမှာ အမှန်ပင် ထပ်ပြီး မစားနိုင်တော့ချေ။ ဒီအတိုင်းဆက်သွားနေရင် ငါလေးတော့ တကယ်ပဲ ဝိတ်တက်လာတော့မှာပဲ။ အမေဖြစ်သူ၏ ဆူပူများကို ခံစားလိုက်ရပြီးနောက်တွင် ရွှီရှောင်ကျောင်းသည် သူမ၏ခေါင်းထဲက စက်သီးကို အလုပ်ပေးပြီး အစားအသောက်ပုံစံအသစ်ကို စဥ်းစားလေတော့သည်။ အနည်းဆုံးတော့ အသားလျှော့စားရမည်။

“ဒါက ပန်ကိတ်ကို ဖုတ်ထားတာ၊ အိုးထဲမှာချက်ထားတဲ့ ဝက်စတူးအသားနဲ့ စားလို့ရတဲ့မှိုတွေကို အတုံးလေးတွေ ဖြစ်အောင် လှီးပြီး ပန်ကိတ်ကြားထဲ ညှပ်ထားလိုက်၊ ကြက်သွန်မြိတ် နည်းနည်းပါးပါး လှီးပြီး အရသာပိုကြွလာအောင် ထည့်လို့ရတယ်၊ ဒါကို ရို့ကျားမို လို့ခေါ်တယ်”

ဒီနေရာမှာ ရို့ကျားမို လိုအစားအသောက် လုံး၀ မရှိတာကို သေချာစုံစမ်းထားပြီးပြီလေ။ ဒီတော့ သူတို့တွေ ဒါကို လုပ်လို့ရတယ်။

ရွှီရှောင်ကျောင်းက ရို့ကျားမိုကို နှစ်ကြိမ်လောက် စားပြီးသားဖြစ်သည်။ သူမ၏ညွှန်ကြားချက်အတိုင်း ဝူချွန်းဟွားလုပ်ထားသည့် ပန်ကိတ်က တော်တော်စားကောင်းလေသည်။

“မနက်ဖြန်ကျရင် ငါ့အမေကို နင့်အတွက် လုပ်ခိုင်းလိုက်မယ်၊ အဆင်ပြေတယ်လို့ထင်ရင် ဒါကို ရောင်းပြီး အခြေအနေကြည့်တာပေါ့၊ ၁ခုကို ၃ကျောင်။ ၂ခုကို ၅ကျောင်”

ဝူချွန်းဟွား၏ အချက်အပြုတ်လက်ရာက ကောင်းမွန်လေသည်။ သူမသည် အဆီထည့်ထားသည့် ပေါက်စီများကို နှစ်ဘက်စလုံး ကြွပ်ရွနေကာ အလယ်တွင် နူးညံ့နေအောင် ဖုတ်ထားလေသည်။ အထဲတွင် ညပ်နေအောင်စင်းထားသည့် စတူးအသားနှင့် မှိုများကိုညှပ်ထားပြီး ငရုတ်ပွဲအစိမ်းမျိုးကို ဖြူးထားသည်။ ထို့နောက် ဝက်စတူးဟင်းရည်နည်းနည်းကို အပေါ်က လောင်းထည့်လိုက်သည်။ ရွှီရှောင်ကန်းသည် တနပ်လျှင် သုံးခုလောက် စားနိုင်လေသည်။

မြေးဖြစ်သူက အစားအသောက်တွင် နစ်မြုပ်နေသည်ကို တွေ့လိုက်ရသဖြင့် အဘွားစုန့်က ပြုံးပြီး ဝူချွန်းဟွားကို ပြောလိုက်၏။

“ကံကောင်းတဲ့သူက ငါ့မြေးလေးပဲ ဖြစ်မယ်၊ ရှောင်ကျောင်းကြောင့်သာ မဟုတ်ရင် သူ့ဦးနှောက်နဲ့ဆို ဒီလိုအစားအသောက်မျိုးကို စဥ်းစားနိုင်မှာမဟုတ်ဘူး၊ ဒီတော့ ပြောရမယ်ဆို၇င် ကလေးမရှောင်ကျောင်းက ခင်ပွန်းဆီကို ကံကောင်းခြင်းတွေ ယူလာပေးခဲ့တာ”

အဘွားစုန့်သည် အခုတော့ ပူပင်စရာ ဘာမှမရှိတော့ပေ။ မြေးဖြစ်သူက ဇနီးကောင်းတစ်ယောက်နှင့် လက်ထပ်ထားပြီး စုံတွဲက ကောင်းမွန်သည့်ဘဝတစ်ခုတွင် နေနေကြသည်။ မြေးချွေးမလေးကလည်း သူမအပေါ် သိတတ်လိမ်မာသည်။ သည်ရက်ပိုင်းတွင် သူမသည် အပြုံးတစ်ခုနှင့် အိပ်မက်မှာ နိုးထလာနိုင်လေသည်။

စုန့်ဝေဖျင်က ရိုးကျားမိုကို အရသာခံလိုက်ပြီး သူ့မှာ အစား မရပ်နိုင်တော့သလို ခံစားလိုက်ရတော့သည်။ ဝက်စတူးဟင်းရည်ထဲတွင် အနည်းငယ် နှစ်ထားသည့် ပန်ကိတ်များက ဝက်စတူးအသားနှင့် ရောသွားပြီး အလွန်အံ့ဩစရာကောင်းလှသည်။ ထို့ကြောင့် သူသည် ဒါကို စမ်းကြည့်ဖို့ ချက်ချင်း ဆုံးဖြတ်လိုက်တော့သည်။

ထိုအစားအသောက်က အလွန်ရောင်းကောင်းလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။

စျေးကလည်း တစ်ခုမှ ၃ကျောင် ဖြစ်ရာ စျေးမကြီးသလို စျေးလည်း မပေါပေ။ လူတစ်ယောက်သည် အသား ၁ကျင်းကို မသုံးနိုင်သော်လည်း ပန်ကိတ်အတွက် သုံးထားသည့် ဂျုံဖြူနှင့်ဆီကလည်း စျေးမသက်သာချေ။ သူ့ထံမှာ ဝက်စတူးဝယ်နေကျ လူများကတော့ သူ့ပစ္စည်းက တန်မှန်း သိကြသည်။ ၂ကျောင် ၃ကျောင်လောက်ကို စကားထဲ မထည့်ကြသူများကတော့ တစ်ခုလောက်ဝယ်ပြီး စမ်းစားကြည့်လိမ့်မည်။

သည်အရသာကြောင့် စားသုံးသူ ရင်းမြစ်ပွင့်လာခဲ့သည်။ တချို့က သူ့ထံမှ တစ်ခုလောက် ဝယ်သွားပြီး စားရင်း လမ်းကြားထဲတွင် ဝယ်ရမည့်ပစ္စည်းကို ရှာလိုက်ကြသည်။ သူတို့ပြန်လာသောအခါ အိမ်အတွက် စားဖို့ရန် နှစ်ခုလောက် ဝယ်သွားကြပြန်သည်။ သူတို့သည် ဒါကို ဝယ်နေသရွေ့ ထပ်ခါထပ်ခါ လာစားသည့် စားသုံးသူများ ဖြစ်လာကြသည်။

သည်လိုနှင့် ရို့ကျားမို လုပ်ငန်းငယ်လေးက အစပြုလာတော့သည်။

သည်လုပ်ငန်းကြောင့် ဝူချွန်းဟွားလည်း အကူတစ်ယောက် ဖြစ်လာတော့သည်။

အစက ရွှီရှောင်ကျောင်းနှင့် စုန့်ဝေဖျင်တို့သည် ဝူချွန်းဟွားကို တစ်လ ယွမ်နှစ်ဆယ် ပေးဖို့ သဘောတူခဲ့သော်လည်း ဝူချွန်းဟွားက ဘာမှ မလိုချင်ခဲ့ပေ။  ၂ယွမ်သည် သူမအတွက် တစ်လလုပ်အားအဖြစ် လုံလောက်ပေသည်။

လက်ရှိအချိန်က အခွင့်အရေးပင်။ ရွှီရှောင်ကျောင်းက သူမအတွက် အလုပ်တစ်ခု ချက်ချင်း စီစဥ်ပေးလိုက်သည်။ စုန့်ဝေဖျင်က ဝက်စတူးလုပ်ရင်းနှင့်တင် အလုပ်များနေရာ ပန်ကိတ်လုပ်ဖို့ အချိန်မရှိပေ။ ပန်ကိတ်လုပ်သည့်တာဝန်ကို ဝူချွန်းဟွားအား လွှဲပေးလိုက်လေသည်။ စုန့်ဝေဖျင်က ဝက်စတူးလုပ်ပြီး ဝူချွန်းဟွားက ယွမ် ၂၀ ရပြီး ပန်ကိတ်လည်း စားရလိမ့်မည်။

ဝူချွန်းဟွားကတော့ အစကတည်းက သမီးဖြစ်သူကို ကူညီပေးချင်ခဲ့ပြီး ဘာငွေမှ မလိုချင်ခဲ့ပေ။ သို့သော် ရွှီရှောင်ကျောင်းက သဘောမတူချေ။ ထို့အပြင် ငွေကလည်း အလကားရခြင်းမဟုတ်ပေ။ ထို့ကြောင့် သူမသည် ဝမ်းသာစိတ်တဝက် ညည်းညူရင်းတစ်ဝက်ဖြင့် ငွေကို လက်ခံလိုက်ရတော့သည်။

သည်နှစ်သည် မိသားစုနှစ်ခုလုံးအတွင် ကျေနပ်ပျော်ရွှင်စရာ နှစ်တစ်ခုပင်။

နွေဦးပျိုးကျဲချိန်နှင့် ဆောင်းဦးရိတ်သိမ်းချိန် အလုပ်များခဲ့ပြီးနောက် ထူထပ်သည့် နှင်းများကြားတွင် နှစ်ကုန်ချိန်သို့ ရောက်လာခဲ့လေသည်။

စုန့်မိသားစု၏ သေးငယ်သည့်ခြံဝင်းလေးက မရေမတွက်နိုင်သည့် နှစ်ပေါင်းများစွာ ဖြတ်သန်းပြီးနောက်တွင် နှစ်တစ်နှစ်၏ အစည်ကားဆုံးအချိန်ကို ကြိုဆိုလိုက်လေသည်။

ဝူချွန်းဟွားနှင့် စုန့်ဝေဖျင်တို့သည် ကိုယ်စီအလုပ်များနေကြလေသည်။ မကြာခဏဆိုသလို သူတို့သည် အခန်းထဲက မီးဖိုဘေးတွင် သစ်အယ်သီး လှော်စားနေကြသည့် လူများကို လှမ်းခေါ်နေတတ်သည်။

“ရှောင်ကျောင်း၊ ရှောင်ကန်း၊ ကြက်သား နှပ်လို့ပြီးပြီ၊ မြန်မြန်လာအုံး၊ အရင်ဆုံး စားဖို့ တစ်ယောက်ကို ကြက်ပေါင်ကြီးတစ်ပေါင် ပေးမယ်”

“လာအုံး၊ အသားလုံးကြော် အဆင်သင့်ဖြစ်နေပြီ၊ ပူတုန်း စားလိုက်အုံး”

“ရှောင်ကျောင်း သမီးစားချင်တဲ့ ကြာစွယ်ကြော် အိုးထဲက ထုတ်ပြီးပြီ၊ ဆားအပေါ့အငံ လာမြည်းကြည့်ပါအုံး”

နှစ်သစ်ကူးအကြိုနေ့ ညနေစာ မတိုင်ခင်မှာပင် ရွှီရှောင်ကျောင်းနှင့် ရွှီရှောင်ကန်းတို့သည် ဗိုက်က တဝက်လောက်ပြည့်သွားကြလေသည်။

အငွေ့တထောင်းထောင်း ဟင်းပူများကို စားပွဲကြီးတွင် တင်လိုက်ချိန်တွင်တော့ အားလုံး နေရာယူလိုက်ကြပြီး အချင်းချင်း ကြည့်လိုက်ကြကာ အမှတ်တမဲ့ ပြုံးနေမိကြလေသည်။

အဘွားစုန့်နှင့် ဝူချွန်းဟွားတို့သည် မျက်လုံးများထဲတွင် မျက်ရည်များနှင့် ပြုံးရင်း မည်မျှ အံ့ဩစရာကောင်းကြောင်း အသီးသီး မှတ်ချက်ပြုလိုက်ကြသည်။

ရွှီရှောင်ကျောင်းက သည်လို စည်ကားသက်ဝင်လှသည့်နေ့မျိုးတွင် ဝမ်းမနည်းလိုချေ။ သူမသည်လည်း သူမ၏ မိသားစုကို သတိရသော်ငြား အရေးအကြီးဆုံးက အနာဂတ်တွင် ကောင်းမွန်သည့်ဘဝနှင့် နေနိုင်ရန် ဖြစ်လေသည်။

သူမက စကားဝိုင်းကို အစပြုလိုက်၏။

“ဒီလိုနေ့ကောင်းရက်မြတ်မှာ သမီးတို့တွေ ဝိုင်နည်းနည်းလောက်တော့ သောက်သင့်တယ်မလား၊ ကိုကိုဝေဖျင် ပိုင်ကျို (ဝိုင်ဖြူ)ရယ်၊ စပျစ်ဝိုင်ရယ် ပြီးတော့ လိမ္မော်ရည်ရယ် ဝယ်လာတယ်မလား၊ ရှောင်ကန်းက လိမ္မော်ရည်သောက်နော် ပြီးတော့ သမီးတို့အားလုံးက ဝိုင်နည်းနည်းလောက် သောက်ကြမယ်မလား”

ဘယ်သူကမှ မငြင်းကြပေ။ ဝိုင်နှင့် အသားများ ရှိနေသည်။ နတ်မင်းများပင် အလဲအလှယ် မလုပ်နိုင်သည့် နေကောင်းတစ်နေ့ပင်။

ရွှီရှောင်ကျောင်းက စပျစ်ဝိုင်ကို တောင်းလိုက်ပြီး လေထုကို ပေါ့ပါးသွားအောင် ဆက်လုပ်လိုက်လေသည်။

“အဘွား စကားနည်းနည်းလောက် ပြောပါအုံး”

အဘွားစုန့်က ဝမ်းသာစွာဖြင့် ပြန်ပြောလိုက်သည်။

“အိုကွယ် အဘွားက ဘာမှနားမလည်တဲ့ အဘွားကြီးတစ်ယောက်ဖြစ်နေပါပြီ၊ ဘာပြောရမှာလဲ၊ ရှောင်ကျောင်း နည်းနည်းလောက် ပြောစမ်းပါ”

အဘွားစုန့်က စိတ်အားတက်နေသည်ကို တွေ့လိုက်ရသဖြင့် ရွှီရှောင်ကျောင်းက သူမကို အားပေးလိုက််၏။

“သမီးရဲ့အဘွားက ဘာမှနားမလည်ဘူးလို့ ဘယ်သူ ပြောရဲလဲ၊ အဘွားက ဆားပိုစားပြီး သမီးတို့က ဂျုံစားလာတာ၊ စကားနည်းနည်းလေးတိုင်းက ကြီးမားတဲ့ အတွေးအခေါ်တွေ ပါနေတယ်၊ အဘွား စကားနည်းနည်းလောက် ပြောလိုက်ပါ”

လူအနည်းက အတူတူ ချော့ပြောလိုက်ကြသဖြင့် အဘွားစုန့်က သွားများကို ပေါ်သည်အထိ ရယ်မောလိုက်လေသည်။ သူမက နှစ်ကြိမ်လောက် ချောင်းဟန့်လိုက်ပြီး

“ကောင်းပါပြီ၊ ကောင်းပါပြီ၊ အဘွား စကားနည်းနည်းပြောပါ့မယ်”

သူမသည် ရယ်မောနေရင်း မျက်ရည်များကို သုတ်လိုက်ပြီး

“ဘယ်နှနှစ်တောင် ရှိသွားပြီလဲ၊ ဒီနှစ်က အဘွားအပျော်ရဆုံးနှစ်ပဲ၊ အရင်တုန်းကတော့ ကောင်လေးဖျင်ကို အဘွား စောင့်ရှောက်ပေးခဲ့တာပေါ့၊ ဘဝက.. ဘဝက ခက်ခဲခဲ့တယ်လေ၊ ဒါပေမဲ့ ဒီနှစ်ကျတော့ သူ ရှောင်ကျောင်းနဲ့ လက်ထပ်ပြီးကတည်းက ကံကောင်းခြင်းက ပြန်လည်လာခဲ့တယ်၊ ဘဝက ပိုကောင်းလာတဲ့အပြင် ကောင်လေးဖျင်လည်း ပျော်ရွှင်လာပြီလေ၊ အဘွားရဲ့အမြင်ကတော့ ရှောင်ကျောင်းက အဘွားတို့ စုန့်မိသားစုရဲ့ ကံကောင်းစေတဲ့ကြယ်ကလေးပဲ၊ အခုချိန်ကစပြီး ကောင်လေးဖျင် မင်း ရှောင်ကျောင်းကို ပိုပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံရမယ်နော်၊ အဘွား ဘာမှ မမျှော်လင့်ပါဘူး၊ အနာဂတ်မှာ မင်းတို့နှစ်ယောက် အေးချမ်းလှပတဲ့ဘဝလေးတစ်ခုမှာ အတူတူ နေနိုင်ဖို့ပဲ မျှော်လင့်တယ်”

ရွှီရှောင်ကျောင်းသည် သူမ၏ ‘ကံကောင်းတဲ့ကြယ်လေး’ဟူသည့် ဘွဲ့တံဆိပ်ကို မြန်မြန်ကြီး လက်မခံလိုချေ။ သူမသည် ခေါင်းကို လှည့်လိုက်ပြီး စုန့်ဝေဖျင်ကို ကျေနပ်ရောင့်ရဲဟန်ဖြင့် ပြုံးလိုက်ကာ

“အဘွားပြောသွားတာ ကြားတယ်နော်၊ ငါ့ကို ကောင်းကောင်း ဆက်ဆံရမယ်”

ဝူချွန်းဟွားသည် စုန့်ဝေဖျင်၏ သိမ်မွေ့သည့်မျက်ခုံးများနှင့်  မျက်လုံးများကို မြင်လိုက်ပြီး ‘အင်း’တစ်လုံးဖြင့် အမှန်အတိုင်း အသိအမှတ် ပြုလိုက်တော့သည်။ သူမက ကျေနပ်မိသော်လည်း ရွှီရှောင်ကျောင်းကိုတော့ ဆူလိုက်သေးသည်။

“အမေ့အထင်တော့ သူက သမီးက အလိုလိုက်ထားပြီးပါပြီ၊ ဝေဖျင်က လိမ္မာတဲ့ကလေးပါ၊ သမီး သူနှင့် တစ်စိတ်တည်း တစ်ဝှမ်းတည်း နေရမယ်နော်၊ သမီးရဲ့နောက်နှစ်က ပိုပိုပြီး ပေါများကြွယ်ဝဖို့ အမေ မျှော်လင့်နေပါတယ်”

ဒီနှစ်မှာ သူမက စုန့်ဝေဖျင်ကို ပိုပိုပြီး ကျေနက်လာခဲ့တယ်။ သူက အိမ်မှာရော အပြင်မှာပါ လုပ်ရည်ကိုင်ရည် ရှိတယ်။ သမီးဖြစ်သူက အခြေခံအားဖြင့် ဘာမှကို မလုပ်ရဘူး၊ သူက ကပ်စေးလည်း မနည်းဘူး။ သမီးဖြစ်သူရဲ့ငွေတွေကို သူလက်ထဲမှာ သိမ်းမထားခဲ့ဘူး။ သမီးဖြစ်သူကြောင့်ပဲ သားဖြစ်သူကလည်း ကျောင်းတက်နိုင်ခဲ့တယ်။ အဲဒီအပြင် သူ့ပညာရေးစွမ်းဆောင်ရည်ကလည်း အရမ်းကောင်းတယ်။ သူက ပထမတန်းကို နှစ်ဝက်လောက်ပဲ တက်ခဲ့ရပေမဲ့ သူ့အဆင့်တွေ ကောင်းတာကြောင့် ဆောင်းဦးမှာ ဒုတိယတန်းကို တိုးပေးခံခဲ့ရတယ်။ ဒီဘဝက အိပ်မက်တစ်ခုနဲ့ နည်းနည်း တူနေသလိုတောင် ခံစားရတယ်။

မိသားစုတစ်ခုလုံးသည် ဝမ်းသာပျော်ရွှင်နေကြလေသည်။ ရွှီရှောင်ကျောင်းက စည်ကားသည်ကို သဘောကျသည်။ သူမသည် ပိုင်ကျိုကို ပြောင်းသောက်ဖို့ ပြဿနာရှာနေတော့သည်။ စုန့်ဝေဖျင်က သူမ မူးသွားမှာ စိုးရိမ်သော်လည်း သူမကို မတားနိုင်ခဲ့ပေ။ စားသောက်ချိန်က ညပိုင်း ကိုးနာရီအထိ ကြာသွားခဲ့လေသည်။ ဝိုင်သောက်ပြီးနောက်တွင် သူမ၏ခန္ဓာကိုယ်က နွေးလာပြီး မအေးတော့ချေ။ အနည်းငယ် ရစ်မူးနေသည့်အခြေအနေက လူတစ်ယောက်ကို မသိစိတ်မှ ပျင်းရိလာစေတော့သည်။ ၁၂နာရီ မထိုးခင်အထိ အချိန်တော်တော်သွားလေသည်။ ခဏလောက် ကတ်များကို ကစားလိုက်ပြီးနောက် ရွှီရှောင်ကျောင်းက စိတ်ကူးသစ်တစ်ခု ရလာခဲ့သည်။

“ကံစမ်းပြီး စာအိတ်နီ မဲနှိုက်တမ်းကစားရအောင်၊ စုန့်ဝေဖျင် နင် ဒီနှစ် ငွေရှာထားတယ်လေ၊ ငါတို့ကို စာအိတ်နီ ပေးပါလား”

သူမသည် ဝိုင်သောက်ပြီးနောက်တွင် အနည်းငယ် ပန်းရောင်သန်းနေပြီး မျက်နှာပေါ်တွင်  အပြုံးတစ်ခုနှင့် ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

စုန့်ဝေဖျင်ကတော့ စိတ်မပျက်ချေ။ ရွှီရှောင်ကျောင်း စကားကို လိုက်လျောပေးလိုက်ပြီး သူသည် နွေးဦးပွဲတော်ကဗျာစပ်ပွဲတုန်းက ကျန်နေသည့် စာရွက်နီများကို သုံးကာ တစ်ပုံစံတည်းတူသည့် စာအိတ်နီလေးလုံးကို ခေါက်လိုက်လေသည်။ အထဲတွင် ၁၀ဖန်း၊ ၂၀ဖန်း၊ ၅၀ဖန်းနှင့် ၁ယွမ်ထည့်ထားသည်။

“မဲနှိုက်တော့”

သူက လက်ထဲတါင် စာအိတ်နီများကို ထပ်ထားပြီး ကိုယ်ကိုလှည့်ကာ သူ့ရှေ့က လူလေးယောက်ကို လှမ်းပေးလိုက်လေသည်။

အဘွားစုန့်နှင့် ဝူချွန်းဟွားတို့သည် ကလေးများနှင့်အတူ ကစားရသည်ကို ပျော်ရွှင်ကြပြီး စိတ်အားတက်ကြွကာ အပျော်ဝင် ဝင်ကစားကြလေသည်။ စာအိတ်နီထဲက မတူညီသည့်ပမာဏကြောင့် ရွှီရှောင်ကန်းက သူ့မျက်လုံးများကို စိတ်လှုပ်ရှားကာဖြင့် ဖွင့်ထားကာ အကြီးတစ်ခုကို လိုချင်လေသည်။ ရွှီရှောင်ကျောင်းက သူ့ကို အရင်ခွင့်ပြုလိုက်၏။

“ရှောင်ကန်း နင် အရင်နှိုက်လိုက်”

အားလုံးက တစ်ခုစီ ယူလိုက်ကြသည်။ ရွှီရှောင်ကန်းက စိတ်မရှည်စွာ စာအိတ်ကို ဖွင့်လိုက်၏။

“ဝိုး ငါ ၁ယွမ်ကွ၊ မမ နင် ဘယ်လောက်ရလဲ၊ ဟား ဟား ဟား မမ နင် ၁ ကျောင် (၁၀ဖန်း)ပဲရတယ်”

ရွှီရှောင်ကန်းက အကျယ်ကြီး အော်ရယ်ကာ လူများကို ရယ်မောအောင် လုပ်လိုက်လေသည်။

ရွှီရှောင်ကျောင်းသည် ယွမ်နည်းနည်းပါးပါးကို အမှန်ပင် ဂရုမစိုက်သော်လည်း ကံမကောင်းဆုံးသူတစ်ယောက်လည်း မဖြစ်လိုပေ။ သူမက လက်များကို ပွတ်လိုက်ပြီး စုန့်ဝေဖျင်ကို လက်ညှိုးထိုးကာ

“ထပ်လုပ်မယ်၊ ဒီတစ်ခါတော့ ငါ ကံကောင်းခြင်းဘုရင် ဖြစ်ချင်တယ်”

ဒုတိယတစ်ကြိမ်တွင် သူမက အရင်ဆုံး မဲနှိုက်ချင်လေသည်။ ရလဒ်က နောက်ထပ် ၁ကျောင် ဖြစ်နေသည်။

သည်တစ်ကြိမ် အားလုံး၏ရယ်မောသံကြားတွင် စုန့်ဝေဖျင်ကပင် သူ့နှုတ်ခမ်းများ မကွေးဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။

ရွှီရှောင်ကျောင်းက ၁ ကျောင်ကိုင်ထားပြီး မကျေမနပ်ဖြင့် ခြေထောင့်လိုက်ကာ

“စုန့်ဝေဖျင် နင်လည်း ငါ့ကို ရယ်နေတာနော်”

ယမကာက သူမကို အနိုင်ယူသွားလေသည်။ မူးသဖြင့် သူမ၏အသံက ချွဲနွဲ့နေကာ အလိုလိုက်ခံထားရသလို ပြုမူနေတော့သည်။

သူတို့နှစ်ယောက်က အနီးဆုံးတွင် ရှိနေသည်။ စုန့်ဝေငဖက် သူမအနားသို့ ကပ်သွားလိုက်ပြီး အပြုံးတစ်ခုဖြင့် သူမကို တီးတိုးပြောလိုက်၏။

“ငါ မင်းအတွက် နောက်ကျရင် လုပ်ပေးမယ်လေ”

ရွှီရှောင်ကျောင်းက နှာခေါင်းရှုံ့လိုက်ပြီး

“မရဘူး၊ နောက်တစ်ပွဲ၊ ငါ ဒါကို မယုံဘူး”

တတိယအကြိမ်တွင် အားလုံးက ရွှီရှောင်ကျောင်းကို အရင်ဆုံး မဲနှိုက်ခိုင်းလိုက်ကြသည်။ သူမသည် ရှေ့က စာအိတ်နီလေးခုကို ကြည့်ပြီး အနည်းငယ် မရေမရာဖြစ်နေလေသည်။ ငါ နောက်ဆုံးဖြစ်ခဲ့ရင် ဘယ်လိုလုပ်မတုံး။

သူမသည် တွေဝေနေစဥ်မှာပင် သူမ၏ခြေသလုံးတွင် အသာအယာအထိအတွေ့ကို ခံစားလိုက်ရသည်။

အလွန်နီးကပ်ပြီး ညာဖက်တွင် ဖြစ်သည်။ သူမဘေး ညာဖက်တွင် စုန့်ဝေဖျင် ရှိနေလေသည်။

ရွှီရှောင်က မေးကို မော့ကာ စုန့်ဝေဖျင်၏မျက်နှာကို မော့ကြည့်လိုက်၏။ သူက မျက်နှာသေနှင့်ပင်။

သို့သော် ခြေသလုံးနားတွင် သူက အသာအယာ နှစ်ချက်ထိလိုက်လေသည်။

စုစုပေါင်း သုံးကြိမ်။ ရွှီရှောင်ကျောင်းက သူမရှေ့က စာအိတ်နီများကို ထပ်ကြည့်လိုက်ပြီး ရုတ်တရက် နားလည်သွားတော့သည်။ သူမက စုန့်ဝေဖျင်ကို သုံးကြိမ်မြန်မြန်ထိလိုက်ပြီး မျက်စိ မှိတ်ပြလိုက်လေသည်။

စုန့်ဝေဖျင်က မျက်နှာပေါ်တွင် ဘာအမူအရာမှ မရှိဘဲ သူ့မျက်လုံးထဲတွင်တော့ အပြုံးတစ်ခု ဖျတ်ခနဲ လက်သွားလေသည်။

ရွှီရှောင်ကျောင်းက ခစ်ခနဲ အသံထွက် ရယ်လိုက်၏။ ကျန်သည့်လူများက သူမကို ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် သူမသည် မေးထောက်ထားသည့်လက်ဖြင့် ပါးကို ထိလိုက်ပြီး စဥ်းစားချင်ဟန်ဆောင် လိုက်လေသည်။ ဝမ်းနေသည့်ဟန်ဖြင့်

“အိုကွာ ဘယ်တစ်ခု ရွေးရမလဲ၊ နောက်ထပ် ၁ ကျောင် တော့ မဖြစ်နိုင်ပါဘူး”

ရွှီရှောင်ကန်းသည် ချိုမြိန်မှု နှစ်ကြိမ်ကို ခံစားလိုက်ပြီးနောက် ထပ်ပြီး မစောင့်နိုင်ရာ

“မမ မြန်မြန်လုပ်ပါ၊ ဘာပဲဖြစ်ဖြစ် ငါပဲ ကံအကောင်းဆုံးဖြစ်မှာ၊ ဒီတော့ နင် ရွေးချင်တာ ရွေးလိုက်တော့”

“နင့်အတွက် ဝမ်းသာဖို့ စောပါသေးတယ်နော်”

ရွှီရှောင်ကျောင်းက လက်ဆန့်လိုက်ပြီး စာအိတ်နီလေးခုကို လက်ဖြင့် တောက်ရင်း တတိယတစ်ခုကို ရွေးလိုက်တော့သည်။

“ဝိုး စုန့်ဝေဖျင် ၂ယွမ်ဟဲ့” ရွှီရှောင်ကျောင်းသည် ဝမ်းသာသွားပြီး သူမ၏စိတ်အခြေအနေက ချက်ချင်း မြင့်တက်သွားတော့သည်။

ရွှီရှောင်ကျောင်းသည် တတိယတစ်ခုက အကြီးဆုံး စာအိတ်နီမှန်း သိထားသော်လည်း အရင်ကထက် အမှန်တကယ် ပိုရလိုက်ချိန်တွင်တော့ စိတ်မလှုပ်ရှားဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။

သည်တစ်ကြိမ်တွင် ရွှီရှောင်ကန်းက နောက်ဆုံးကျလေသည်။ ရွှီရှောင်ကျောင်းက အညှာတာမဲ့စွာ ရယ်မောတော့သည်။

အဘွားစုန့်နှင့် ဝူချွန်းဟွားတို့သည် ရထားသည့် ၁ကျောင်ကို ကိုင်ထားသည့် ရွှီရှောင်ကန်းကို ကြည့်ရင်း ရယ်မောလိုက်ကြလေသည်။

“အရမ်းကောင်းတာပဲ၊ နှစ်သစ်ကူးမှာ သားရော သားရဲ့မမရော နှစ်ယောက်လုံး ငွေအများကြီး ရကြတယ်”

“ဟုတ်တယ် နှစ်ယောက်လုံးက ကံကောင်းတယ်”

ရယ်သံများ ဆက်ပေါ်လာရင်း ညသန်းခေါင်အချိန်သို့ ရောက်လုနီးနီးဖြစ်လာလေသည်။ စုန့်ဝေဖျင်က စောစောက သူဝယ်ထားသည့် မီးရှူးမီးပန်းများကို ထုတ်လာပြီး အားလုံးကို အပြင် ခေါ်ထွက်လာခဲ့သည်။

သူသည် သည်မီးရှူးမီးပန်းများကို သယ်ယူပိုးဆောင်ရေးအဖွဲ့နှင့် ခရီးထွက်စဥ်က ဝယ်ခဲ့ခြင်းပင်။ မီးရှူးမီးပန်းများကို ဒေသထဲတွင်မရောင်းပေ။ ဒါကလည်း ရွှီရှောင်ကျောင်းက နှစ်သစ်ကူးတွင် မီးရှူးမီးပန်း လိုချင်သည်ဟု တစ်ခါက ပြောခဲ့ဖူးသောကြောင့်ပင်။

စုစုပေါင်း မီးရှူးမီးပန်း ၅ခုရှိသည်။ တစ်ခုစီက အဝိုင်းပုံလေးဖြစ်သည်။ သူ့ကို မြေပေါ်တွင် ချထားပြီး တစ်ချင်းစီကို မီးညှိပေးရသည်။

ရွှီရှောင်ကန်းက သူ့တစ်ခုကို ချက်ချင်း မီးညှိလိုက်၏။

ဘောလုံးလေးက အရှိန်ဖြင့် ကောင်ကင်းဆိုသို့ ပျံတက်သွားခဲ့သည်။ ‘ဘန်း’ မြည်သံတစ်ချက်နှင့်အတူ ကြီးမားသည့် မီးရှူးမီးပန်းတစ်ခုက ကောင်းကင်ထဲတွင် ပေါက်ကွဲသွားလေသည်။ လှပလွန်းလေသည်။

ရွှီရှောင်ကန်းက အကျယ်ကြီး အော်ပြောလိုက်၏။

“ဝိုး သိပ်လှတာပဲ”

သည်မြင်ကွင်းကို မရေမတွက်နိုင်အောင် မြင်ခဲ့ဖူးလျှင်တောင် မနေနိုင်ဘဲ ထပ်ပြီး အံ့အားသင့်ရလိမ့်မည်။

သူမသည် အမွှေးတိုင်တစ်ချောင်းကို ကိုင်ထားပြီး သူမ၏မီးရှူးမီးပန်းကို လှမ်းကာ မီးညှိလိုက်လေသည်။

တစ်ဖက်တွင် ရွှီရှောင်ကန်းက ဝူချွန်းဟွားကို ချစ်စဖွယ်လုပ်ပြနေပြီး သူမမီးရှူးမီးပန်းကို ထပ်လွှတ်ချင်နေလေသည်။ ရွှီရှောင်ကျောင်းသည် အသံက အနည်းငယ်ဝေးနေသလို ခံစားလိုက်ရသည်။ သူမ၏ မြင်ကွင်းကလည်း အနည်းငယ် ဝါးလာလေသည်။

“လုံးဝ မတိကျတော့ဘူး၊ မင်း မူးနေပြီလား”

ကြီးမားသည့်လက်တစ်ဖက်က သူမ၏လက်များကို မိုးထားလိုက်သည်။ စုန့်ဝေဖျင်၏ နွေးထွေးသည့်အသံက သူမ၏နားထဲတွင် မြည်လာလေသည်။

“ဟင့်အင်း၊ နည်းနည်းလေးပဲ မူးတာပါ”

ရွှီရှောင်ကျောင်းက ခေါင်းခါပြလိုက်ပြီး ဝန်မခံလိုပေ။

သူမ၏မျက်လုံးများ ရီဝေဝေဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် စုန့်ဝေဖျင်သည် သဘောကျသွားပြီး

“အတင့်မရဲပါနဲ့ ပြောသားပဲ၊ စပျစ်ဝိုင်နည်းနည်းသောက်ရင် ရနေပြီကို၊ မင်းက ပိုင်ကျိုကို အတင်း သောက်ချင်နေတယ်၊ ပြီးတော့ ရှောင်ကန်းရဲ့ လိမ္မော်ရည်ကိုလည်း လုသောက်လိုက်သေးတယ်၊ သုံးခုလုံး သောက်မှတော့ မင်းခေါင်းက မူးပြီပေါ့၊ မင်း မူးနေပြီ၊ နောက်ဆိုရင် မင်းကို ပိုင်ကျိုသောက်ခွင့် ပိတ်တယ်”

ရွှီရှောင်ကန်းက နောက်ထပ်မီးရှူးမီးပန်းတစ်ခုကို လွှတ်လိုက်သည်နှင့် ရွှီရှောင်ကျောင်းက သူ့ကို ငြင်းလိုက်လေသည်။

“ပေါက်ကရ၊ ငါ ဘယ်တုန်းကမှ မမူးဘူး”

စုန့်ဝေဖျင်က သူမကို စကားထပ်မပြောတော့ပေ။ သူက သူမ၏လက်ကို တွဲထားပြီး မီးရှူးမီးပန်းကို လှမ်းထိလိုက်လေသည်။ တစ်ကျက်ကျက်တောက်နသည့် အမွှေးတိုင်က စနက်တံကို လောင်သွားပြီး တဖြောက်ဖြောက်မြည်သံတစ်ခု ထွက်လာခဲ့သည်။ သူက သူမကို ဝေးသို့  ဆွဲသွားလိုက်ပြီး လင်းထိန်နေသည့် ကောင်းကင်ကို မော့ကြည့်လိုက်လေသည်။

“အရမ်းလှတာပဲ”

ရွှီရှောင်ကျောင်းက ပေါက်ကွဲသွားသည့် ကြီးမားသည့် မီးရှူးမီးပန်းကို ကြည့်လိုက်ပြီး အပြုံးတစ်ခုနှင့် စုန့်ဝေဖျင်ဘက်သို့ လှည့်ကြည့်လိုက်တော့သည်။

စုန့်ဝေဖျင်က သူမ၏အပြုံးမျက်နှာလေးကို ငေးကြည့်နေလေသည်။ သူမ၏လက်ကောက်ဝတ်ကို ကိုင်ထားရင်း သူက ခေါင်းညိတ်ပြလိုက်ပ၏။

“အင်း”

မီးရှူးမီးပန်းများ လွှတ်ပြီးနောက်တွင်တော့ ရွှီရှောင်ကျောင်း မူးနေမှန်း အားလုံးက သိလိုက်ကြတော့သည်။

ဝူချွန်းဟွားမှာ ရယ်ရခက် ငိုရခက်ဖြစ်သွားပြီး

“ဒီကလေးမ ကိုယ့်ခံနိုင်ရည်ကိုတောင် မသိဘူး၊ ဒီလောက် ယမကာခံနိုင်စွမ်းနဲ့များ ပိုင်ကျိုကို သောက်ရဲသေးတယ်၊ လက်ဖက်ရည်ကြမ်း မြန်မြန်သောက်လိုက်၊ ဝေဖျင် သူ့ကို အိပ်ရာထဲ ခေါ်သွားလိုက်တော့”

ရွှီရှောင်ကျောင်းက နာနာခံခံပင် ရေသောက်လိုက်ပြီး ခုတင်စွန်းတွင် ထိုင်ချလိုက်လေသည်။ သူမက ခေါင်းကို ခက်ခက်ခဲခဲ လှည့်လိုက်ပြီး သူမ၏ဖိနပ်ကို ကုန်းကာ ချွတ်ပေးနေသည့် စုန့်ဝေဖျင်ကို အကြောင်သား စိုက်ကြည့်နေတော့သည်။

“စုန့်ဝေဖျင် နင်က အရမ်းသဘောကောင်းတာပဲ”

သူမသည် မူးနေသည့်အခြေအနေဖြစ်မှန်း သိနေသော်လည်း ထိုစကားကို ကြားလိုက်ချိန်တွင် စုန့်ဝေဖျင်၏ နှုတ်ခမ်းထောင့်များက ကွေးတက်သွားတော့သည်။

ရွှီရှောင်ကျောင်းသည် စားပေါ်က သူမနှိုက်ထားသည့် စာအိတ်နီကို မြင်သွားပြီး ရေရွတ်လိုက်လေသည်။

“စုန့်ဝေဖျင် ငါ ကံမကောင်းဘူး”

စုန့်ဝေဖျင်က သူမကို မော့ကြည့်လိုက်ပြီး

“ဘယ်လိုဖြစ်ပြီး ကံဆိုးရမှာလဲ၊ မင်း အကြီးဆုံးစာအိတ်နီကို မဲနှိုက်နိုင်ခဲ့တယ်မလား၊ ၂ယွမ်တောင်လေ”

“အဲဒါက နင် ငါ့ကို တိတ်တိတ်လေး ပြောပြထားလို့လေ၊ ဒါကို ထည့်တွက်လို့မရဘူး”

ရှောင်ကန်း ပစ်လဲသွားသည့် ပုံစံကို ပြန်စဥ်းစားလိုက်ပြီး သူမကို ထပ်ရယ်မောလိုက်ကာ ဆက်ပြီး ညည်းညူပြန်သည်။

“ငါ ကံမကောင်းဘူး၊ ပြီးတော့ ဒီနှစ် ငါ့မှာ ဘာဝင်ငွေမှ ရှိလာမှာ မဟုတ်ဘူး၊ နင် ငွေရှာပေးရမယ်နော်”

သူမသည် အနည်းငယ်အိပ်ငိုက်နေလေသည်။ သူမ၏ဖိနပ်ကို ချွတ်လိုက်ပြီးနောက သူမအိပ်ရာဖက်သို့ သတိနှင့် လေးဖက်ထောက်ကာ သွားလိုက်ပြီး အနွေးထည်ကို ချွတ်ကာ  အိပ်ရာဝင်သွားတော့သည်။

အိပ်ရာမဝင်ခင် သူမက ကိုယ့်ဟာကိုယ်  သတိလက်လွတ်ပြောလိုက်သေးသည်။

“ငွေကြေး ကံမကောင်းမှာ မကြောက်ပါဘူး၊ စုန့်ဝေဖျင်က ငါ့ကို ထောက်ပံ့ပေးလိမ့်မယ်”

စုန့်ဝေဖျင်သည် သူမဘေးတွင် ထိုင်လိုက်ပြီး သူမ၏အေးအေးချမ်းချမ်း အိပ်ပျော်နေသည့် မျက်နှာလေးကို စောင့်ကြည့်နေလိုက်လေသ်ည။ သူသည် မနေနိုင်တော့ဘဲ လက်ဆန့်ထုတ်လိုက်ပြီး သူမ၏ပါးပြင်ကို ပွတ်သပ်လိုက်တော့သည်။

“အင်းပါ၊ ငါ ငွေရှာပြီး မင်းကို ထောက်ပံ့ပေးပါ့မယ်”

အချိန်အတော်ကြာပြီးနောက် သူသည် ခေါင်းကို အနည်းငယ် ငုံ့လိုက်ပြီး သူမ၏နဖူးပေါ်တွင် အနမ်းတစ်ပွင့် ရိုက်နှိပ်လိုက်တော့သည်။

**

ရွှီရှောင်ကျောင်းသည် နိုးလာသည့်အချိန်တွင် အားအင်ပြည့်ကာ လန်းဆန်းလို့နေလေသည်။

စုန့်ဝေဖျင်က ခါတိုင်းလိုပင် သူမထက် စောစောထခဲ့သည်။ သူမသည် အဝတ်အစားလဲပြီး မျက်နှာသစ်လိုက်၏။ လုံးဝိုင်းဝိုင်းပေါက်စီးက စားပွဲပေါ်တွင် အသင့်ဖြစ်နေလေသည်။

ရွှီရှောင်ကျောင်းက စိတ်ကျေနပ်သွားတော့သည်။ ငါ့မှာ အိပ်ရာက နိုးတာနဲ့ စားနိုင်သောက်နိုင်နေတာပဲ။ ဒါကို ကိုယ့်ဟာကိုယ်လည်း လုပ်စရာမလိုဘူး။ နှစ်သစ်ကို အကောင်းဆုံးစတင်လိုက်ခြင်းပဲ။

သည်နွေဦးပွဲတွင် ရွှီရှောင်ကျောင်းသည် ငါးဆားနယ်တစ်ယောက်၏ ပျော်ရွှင်မှုကို ရခဲ့လေသည်။

နှစ်သစ်ကူး ပထမနေ့ကစပြီး လပြက္ခဒိန်ပထမလ၏ ၁၅ရက်နေ့အထိ သူမသည် နေ့တိုင်း ဘာမှ မလုပ်ရပေ။ အစားအသောက်မှာလိုက်ပြီး စုန့်ဝေဖျင်က သူမကို လာကိုကျွေးသည်ကို စောင့်လိုက်ရုံပင်။ သူမ၏စိတ်က လုံးဝလှစ်ဟာနေလေသည်။

ရွာဌာနခွဲစာရေးက သူမကို လာရှာချိန်တွင်တော့တော့ ထိုအဖြစ်က သူမ၏ဦးနှောက်ကို အလွန်နှေးကွေးသွားစေတော့သည်။

ရွာဌာနခွဲစာရေးက အကြောင်းအရာ အများကြီးကို ပြောခဲ့ပြီး ရွှီရှောင်ကျောင်းက အခြေအနေမှန် မဟုတ်သည်ကို တွေ့လိုက်ရသဖြင့် သူက သူမကို တန်းမေးလိုက်တော့သည်။

“ရှောင်ကျောင်း ဒီစာအုပ်ကို ကြည့်လိုက်၊ နင် ဒါကို အသေးစိတ်နားလည်ပြီး ဒီထဲမှာပါတဲ့ အကြောင်းအကျိုးတွေကို အားလုံးကို ပြောပြလို့ရမလား”

ရွှီရှောင်ကျောင်းက သူပြောသည့် စကားကို တနုံ့နုံ့စဥ်းစားလိုက်ပြီး နည်းနည်းလေး နားလည်သွားကာ

“စာရေးကြီး ရှင် ပြောချင်တာက ကျွန်မက ဒါကို လေ့လာပြီးရင် အားလုံးကို သင်တန်းပေးရမှာလား”

ရွာဌာနခွဲစာရေးက သူ့ပေါင်ကို ပြန်ရိုက်လိုက်ပြီး

“ဟုတ်တယ်၊ အဲလိုပြောချင်တာ၊ သင်တန်း၊ အထက်ခေါင်းဆောင်က ပြောတယ ‘ငါတို့တွေက တပ်ဖွဲ့ရဲ့ အင်အားကို စုစည်းပြီး ဒီစာအုပ်ကို သေသေချာချာ လေ့လာပြီးရင် လူထုအဖွဲ့ဝင်အားလုံးကို သင်တန်းပေးဖို့လိုတယ်’တဲ့”

ရွှီရှောင်ကျောင်းက စာအုပ်ပါးလေးကို ကိုင်လိုက်ပြီး

“ဒါပေမဲ့ ကျွန်မကို ဘာလို့လာရှာတာလဲ”

ရွာထဲမှာ စာတတ်တဲ့သူတွေ နည်းနည်းပါးပါးရှိပါတယ်။ သူတို့လုပ်ခိုင်းတာ ပိုမကောင်းဘူးလား။

ရွာဌာနခွဲစာရေးက စာအုပ်ကို အရင်ဆုံး ရလိုက်ချိန်တွင် တာဝန်က ရိုးရှင်းသည်ဟု ထင်လိုက်လေသည်။ သူကိုယ်တိုင်ပင် အတိုင်းအတာတစ်ခုအထိ စာတတ်မြောက်သည်။ သို့သော် စာအုပ်ကို နှစ်ရက်လောက် ဖတ်ကြည့်လိုက်ပြီးနောက် တစ်ခုခု မှားနေသည်ဟု ခံစားလိုက်ရလေသည်။

စာလုံးတွေကတော့  အဲဒီစာလုံးတွေပါပဲ။ ဒါပေမဲ့ သူတို့ကို ပေါင်းလိုက်တဲ့အခါကျတော့ ဒါကို နားမလည်တော့ဘူး။

အကွာအဝေး၊ အပူချိန်၊ မီတာ၊ ဒီဂရီတွေကိုတော့ သူ နားလည်ပါသေးတယ်။ ကိုင်းဖြတ်တယ်ဆိုတဲ့ အပိုင်းတချို့ကိုလည်း လေ့လာပြီးနောက်ပိုင်း နားလည်နိုင်သေးတယ်။

ဒါပေမဲ့ ‘စုဆောင်းထားတဲ့အပူချိန်’ ‘မိတ်ဆက်’ ‘မြေပြင်အချင်း’ ‘အက်စစ်ဓာတ် နဲ့ အယ်လ်ကာလိုင်းဓာတ်’ အဲလိုစာလုံးတွေကို စာအုပ်ထဲမှာ ရှင်းပြထားပေမဲ့ ဘာအဓိပ္ပာယ်လဲဆိုတာ သူ နားမလည်ဘူး။

သည်တာဝန်ကို အများကြီး စဥ်းစားချင့်ချိန်လိုက်ပြီးနောက်တွင်တော့ သူသည် တာဝန်ကို ပညာတတ်လူငယ်ရဲဘော်များဆီသို့ လွှဲပေးလိုက်ဖို့ ဆုံးဖြတ်လိုက်တော့သည်။

အားလုံးက ပညာတတ်လူငယ် ဟန်ကွမ်းဟွေကို ဗဟုသုတပြည့်စုံတဲ့သူလို့ သတ်မှတ်ထားကြတယ်လေ။  အဲကလေးကလည်း ဒါကို ဖြေရှင်းပေးမယ်လို့  အာမခံခဲ့တယ်။ ရက်ပိုင်းလောက် ဖတ်ပြီးသွားတဲ့နောက်မှာ သူက မေးခွန်းတချို့ကို သွားမေးလိုက်တယ်။ ရိုးရှင်းတဲ့ဟာတွေကိုတော့ ဟန်ကွမ်းဟွေက ဖြေနိုင်ပါသေးတယ်။ သူ နားမလည်တာတွေကို မေးလိုက်တဲ့အချိန်မှာတော့ ဟန်ကွမ်းဟွေက အထစ်ထစ်အငေါ့ငေါ့နဲ့ ဘာမှ မပြောနိုင်တော့ဘူး။ ထပ်မေးတော့လည်း စာအုပ်က ဘာမှ တိတိကျကျ ရေးထားတာမရှိဘူးလို့ ပြောတယ်လေ။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ စာရေးတတ် ဖတ်တတ်တဲ့သူ့လိုလူကတောင် ဒါကို နားမလည်ဘူးတဲ့။ ဒီတော့ စာလုံးကြီးတွေကို ဖတ်တဲ့သူတွေဆို ပြောမနေနဲ့တော့။ ဒီအရည်အချင်းကို လုံးဝတိုးအောင် လုပ်လို့မရနိုင်တော့ပါဘူး။

သူသည် စာအုပ်ကိုပြန်ယူလာပြီး အစည်းအဝေးတွင် ပညာတတ်လူငယ်များကို သည်ကိစ္စ ပြောပြလိုက်လေသည်။ အားလုံးက စာလေ့လာပြီး သုတေသန ပြုကြသော်လည်း သည်အကြောင်းများကို အသေးစိတ် နားမလည်နိုင်ကြပေ။ ကျိုးဖင့်ရှန်းက ရွှီရှောင်ကျောင်း ဒါကို လုပ်နိုင်လောက်သည်ဟု အကြံပြုလာခဲ့သည်။

သူသည် မေးမြန်းခဲ့ပြီးနောက် ဘာမှမသိသယောင် ထင်ရသည့် နူးညံ့သိမ်မွေ့သည့်အသွင်ရှိသည့် ရွှီရှောင်ကျောင်းက အမှန်တွင်တော့ လုပ်နိုင်ခဲ့လေသည်။ သူမက ကျိုးဖင့်ရှန်းကို အပင်စိုက်ခြင်း အသိပညာတချို့အကြောင်း သီးသန့်ပြောခဲ့ပြီး အကျိုးကြောင်းသင့်လှသည်။ သူမသည် နည်းလမ်းတစ်ခုကို ရှာဖွေနိုင်လောက်ပေးသည်။

ရွှီရှောင်ကျောင်းက စာအုပ်ကို လက်ခံလိုက်ပြီး ပုံမှန်အတိုင်း လှန်လှောကြည့်လိုက်၏။ သူမက မျက်ခုံးများက ပင့်ထားလိုက်လေသည်။ တကယ်တော့ ငါ ဒါကို လုပ်နိုင်တာပဲ။

ငါ့အရင်ဘဝတုန်းက စားသောက်ရတာကို ကြိုက်ပြီး ပါဝင်ပစ္စည်းတွေကို အရမ်းချေးများတတ်ခဲ့တာလေ။ နောက်ပိုင်းကျတော့ ကိုကိုကြီးက ငါ့အတွက် အိမ်ယာကြီးတစ်ခုလုံးကို ဆောက်ပေးပြီး တချို့ရှားပါး အပင်တွေကို အထူးစိုက်ပျိုးထားခဲ့တယ်။ အကောင်းဆုံးအရည်အသွေးနဲ့ အရသာကို ရဖို့ တစ်ခါက အလုပ်ကြိုးစားပြီး အပင်စိုက်လမ်းညွှန် နည်းပညာကို လေ့လာခဲ့တယ်လေ။ ရှားပါးအခွင့်အရေးတစ်ခုမှာ ငါလည်း လက်တွေ့လုပ်နိုင်တော့မှာပေါ့။ ဌာနစာရေးကြီး ပြောတဲ့စာတွေက ငါဖတ်ထားတဲ့ စာအုပ်ထဲကဟာတွေကို မတူပေမဲ့ နည်းနည်းလောက် သေချာစဥ်းစားလိုက်ရင် နားလည်နိုင်ပါတယ်။

“အင်း ကျွန်မ လုပ်နိုင်လောက်ပါတယ်” ရွှီရှောင်ကျောင်းက ခေါင်းညိတ်ပြလိုက်သည်။

အစပိုင်းတွင် ဟန်ကွမ်းဟွေက ရွှီရှောင်ကျောင်းထက် ပိုပြီးမြန်မြန် သဘောတူခဲ့သည်။ သူ့ရင်ဘတ်ပေါ်က လက်ရာက နောက်ပိုင်းတွင် အချည်းနှီးဖြစ်ခဲ့သည်။ သတိရှိရှိဖြင့် ဌာနခွဲစာရေးက ဟန်ကွမ်းဟွေ မဖြေနိုင်ခဲ့သည့် စာအုပ်ထဲက မေးခွန်းတစ်ခုကို မေးလိုက်လေသည်။

မျှော်လင့်မထားဘဲ ရွှီရှောင်ကျောင်းက စာအုပ်ကို လှန်ကြည့်လိုက်ပြီး ထိုမေးခွန်းကို စကားအနည်းငယ်ဖြင့် လိုတိုရှင်း ရှင်းပြလိုက်လေသည်။

“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်၊ ရှောင်ကျောင်း၊ နင် ဒါကို ရှင်းပြလိုက်တော့ ငါ အခုနားလည်သွားပြီ၊ မြေဩဇာ ပိုထည့်တာကလည်း ပိုကောင်းမလာဘူးလို့ ပြောတာကိုး၊ မြေအရည်အသွေး၊ သီးနှံကြီးထွားမှုနဲ့ မိုးရွာသွန်းခြင်း အပေါ်မူတည်ပြီး ချိန်ဆရမယ်၊ အခြေအနေတစ်ခုအတွက် ထိန်းညှိဖို့ နည်းလမ်းတွေရှိတယ်၊ အာ ဒီလောက်ပြောရုံနဲ့တင်ကို လုံလောက်နေပြီပဲ၊ ကြည့်စမ်း၊ အဲဒီဟန်ကွမ်းဟွေလေ စာအုပ်ထဲမှာ ပြောထားတဲ့ အကြောင်းအရာတိုင်းက ပြည့်ပြည့်စုံစုံ ဆက်စပ်ပေးထားပြီး အတွေ့အကြုံတွေကို စဥ်းစားပေးထားတာကို သူက အထစ်ထစ်  အငေါ့ငေါ့နဲ့၊ တစ်ရက်ခွဲလောက်ကြာတော့ ဘယ်ရောက်လို့ ဘယ်ပျောက်သွားမှန်းကို မသိဘူး”

ဌာခွဲစာရေးကြိးက အားပါးတရ ပြုံးလိုက်လေရာ သူ့မျက်နှာပေါ်က အရေးအကြောင်းက အလွှာလိုက်ဖြစ်သွားတော့သည်။

“ရဲဘော်ရွှီရှောင်ကျောင်း အဖွဲ့အစည်းက ဒီတာဝန်ကို မင်းကို တရားဝင်ပေးအပ်လိုက်ပြီ၊ မင်း  အခု နွေဦးပျိုးကျဲဖို့အတွက် အလုပ်ပင်ပန်းစရာ မလိုတော့ဘူး၊ မြန်မြန် လေ့လာလိုက်၊ နွေဦးပျိုးကျဲချိန်ကျရင် မင်းက အားလုံးကို သင်တန်းဆင်းပေးရမယ်၊ အလုပ်ရမှတ်ကတော့ ငါ မင်းကို ၁၀မှတ်ပေးမယ်”

ဒါသည် လူတစ်ယောက်က အိမ်မှာထိုင်နေရင်း မိုးနတ်မင်းက ကောင်းချီးပေးလိုက်ခြင်းပင်။

ရွှီရှောင်ကျောင်းသည် အဖွဲ့အစည်းက အစီအစဥ်များကို လိုက်နာပြီး ကြိုးစားလေ့လာကာ တပ်ဖွဲ့၏ စပါးထွက်နှုန်း တိုးလာဖို့အတွက် လုပ်ဆောင်ပေးပါမည်ဟု ချက်ချင်း ပြောလိုက်တော့သည်။

ဝူချွန်းဟွားသည် ထိုအကြောင်းကို ကြားလိုက်ရချိန်တွင် သူမက ဝမ်းသာအားရ လက်ခုပ်တီးလိုက်ပြီး

“ပြောသားပဲ၊ ရှောင်ကျောင်းက ဒီနှစ် ကံကောင်းပါတယ်ဆို၊ ပြီးတော့ နှစ်သစ်ကူးတုန်းက သူ အကြီးဆုံးစာအိတ်နီကို မဲနှိုက်ခဲ့တာပဲ၊ ဘာမှတောင်မသိလိုက်ဘဲနဲ့ သူက မျက်စိတမှတ်အတွင်း အလုပ်ကောင်းတစ်ခု ရခဲ့တယ်၊ ရှောင်ကျောင်းက လယ်အလုပ်မှာ မတော်တာနဲ့ အတော်ပဲ၊ ဒါက မိုးနတ်မင်းက ထမင်းတစ်နပ် ချီးမြင့်ပေးလိုက်တာပဲမလား”

အဘွားစုန့်ကလည်း ကျေနပ်ကာ ပြုံးလိုက်ပြီး

“အို နင်က ကံကောင်းတာပေါ့၊ ရှောင်ကျောင်းလို သမီးလိမ္မာလေးတစ်ယောက် ရထားတာ နင်က ကံကောင်းတာ”

ခြုံပြောရလျှင် အားလုံးက ဝမ်းသာကြလေသည်။

နွေဦးထယ်ထိုးချိန်နှင့် နွေဦးပျိုးကျဲချိန် ရောက်လာခဲ့သည်။ စုန့်ဝေဖျင်ကလည်း နောက်တစ်ကြိမ်မှ သယ်ယူပို့ဆောင်အဖွဲ့နှင့် ခရီးထွက်ဖို့ စဥ်းစားထားပြီး ရွှီရှောင်ကျောင်းအတွက် ပေါ့ပါးသည့်အလုပ်တစ်ခု စီစဥ်ပေးရန် ရွာဌာနခွဲစာရေးဆီကို နာမည်ကြီးပစ္စည်းများ ပို့ပေးဖို့ စဥ်းစားထားလေသည်။ မျှော်လင့်မထားဘဲ သူ မလှုပ်ရှားရသေးခင်မှာပင် ရွှီရှောင်ကျောင်းက နည်းလမ်းတစ်ခုကို ကိုယ်တိုင် ရှာတွေ့ခဲ့လေသည်။

ရွှီရှောင်ကျောင်းက သူ့အစီအစဥ်ကို သိလိုက်ရ၏။ ညပိုင်းတွင် သူတို့နှစ်ယောက်သည် စားပွဲတစ်ခုထဲတွင် ထိုင်ကာ စာလေ့လာလိုက်ကြသည်။ ရွှီရှောင်ကျောင်းက အပင်စိုက်ခြင်း နည်းပညာကို လေ့လာပြီး စုန့်ဝေဖျင်က အင်္ဂလိပ်စာကို ကျက်မှတ်နေသည်။ သူမသည် စုန့်ဝေဖျင်ကို မကြွားဘဲမနေနိုင်တော့ချေ။

“တွေ့လား၊ ငါ နင့် ပိုက်ဆံတွေကို ချွေတာပေးခဲ့တယ်နော်”

သူမသည်  အလွန်မှ ထူးချွန်ပြီး တစ်ချိန်လုံး တောက်ပနေသယောင်ပင်။ စုန့်ဝေဖျင်သည် ဂုဏ်ယူမိသလို စိတ်အားလည်း ငယ်မိလေသည်။ သူသည် ရေးလက်စကို ရပ်ထားလိုက်ပြီး ခေါင်းညိတ်ပြလိုက်ကာ

“သိပ်တော်တယ်”

ရွှီရှောင်းကျောင်းကလည်း ချီးကျူးခံလိုက်ရသဖြင့်အမှန်ပင် ပျော်သွားတော့သည်။ သူမသည် ပြန်ပြောလိုက်၏။

“စုန့်ဝေဖျင် နင်လည်း အရမ်းတော်တာပဲ၊ အမှန်အတိုင်းပြောရရင် ငါ တွေ့ဖူးတဲ့လူတွေထဲမှာ နင်က အလုပ်အကြိုးစားဆုံးပဲ၊ မနှစ်ကနေ ဒီနှစ်အထိ၊ တစ်နှစ်လုံးနီးပါ နေ့တိုင်း နင် ဘယ်လို စာလုပ်ခဲ့တာလဲ၊ ငါသာဆိုရင်လေ အဲလောက် ဇွဲကောင်းနိုင်မှာမဟုတ်ဘူး”

တစ်ခါတရံ သူမက စဥ်းစားမိလေသည်။ စာအုပ်ထဲမှာ စုန့်ဝေဖျင်ကို စီးပွားရေးလုပ်ငန်းအရှင်သခင်လို့ ခေါ်တာလဲ မထူးဆန်းဘူး။ သူ့မဟာအောင်မြင်မှုကြီးက ရုတ်တရက်ပေါ်လာတာမှ မဟုတ်တာ။ စာအုပ်ထဲမှာ မပြောထားပေမဲ့ ငါ သူ့ကို တစ်နှစ်လုံး စောင့်ကြည့်လာတာလေ။ စုန့်ဝေဖျင်ရဲ့ အောင်မြင်မှုတွေအားလုံးက မျှမျှတတနဲ့ ရထားမှန်း အစောကြီးကတည်းက နားလည်ထားပါတယ်။

အလုပ်ကြိုးစားတဲ့သူက ဆွဲဆောင်မှုအရှိဆုံးလို့ ပြောကြတယ်။ ငါတော့ စုန့်ဝေဖျင်ကို ပိုပိုပြီး လေးစားလာမိတာပဲ။ သူသာ မိန်းမတစ်ယောက် ဖြစ်ခဲ့ရင် ငါတို့ရဲ့ဆက်ဆံရေးကို အခန်းဖော်ကနေတစ်ဆင့် အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်အောင် အဆင့်တက်ခဲ့မိမှာပဲ။ ငါလို ငါးဆားနယ်တစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှုအားကောင်းတဲ့ အကောင်းဆုံးသူငယ်ချင်းတစ်ယောက်နဲ့ တွဲဖက်သင့်တာလေ။ အမလေး။ အဲအကြောင်း စဥ်းစားလိုက်တာနဲ့ စိတ်လှုပ်ရှားလာတော့တာပဲ။

စုန့်ဝေဖျင်က စကားမပြောနိုင်မှာပင် သူမက ပြောလိုက်လေသည်။

“စုန့်ဝေဖျင် နင်သာ မိန်းမဖြစ်ရင် ကောင်းမှာပဲ”

စုန့်ဝေဖျင်၏ မျက်နှာက ရှင်းမပြတတ်အောင် ဖြစ်သွားသည်ကို ကြည့်လိုက်ပြီး သူမက ချက်ချင်း ထပ်ပြောလိုက်လေသည်။

“ဒါပေါ့၊ အခုလည်း ကောင်းပါတယ်၊ ကောင်လေးတစ်ယောက်က လူတွေကို လုံခြုံတဲ့စိတ်ခံစားချက် ပေးနိုင်တယ်လေ၊ ပြီးတော့ နင်က ရုပ်ချောတယ်၊ နင့်ကို အပြင်ခေါ်သွားရင်း မျက်နှာပွင့်မှာပဲ”

စုန့်ဝေဖျင်က နှုတ်ဆိတ်ကာ သက်ပြင်းချလိုက်ပြီး သူမဖက်သို့လှည့်ကာ

“ကြိုးစားပြီးလေ့လာနော်”

အိုး။ ဒီလိုခံစားချက်ပဲ။ ဒီစကားကို ပြောလိုက်တဲ့သူ မိန်းကလေးအချစ်ဆုံးသူငယ်ချင်းသာဆိုရင် သူ့ကို ချက်ချင်း ပြေးဖက်ပြီး စာမလုပ်ဘဲ ချစ်စရာလေးတွေ လုပ်ပြပြီး လူးလှိမ့်နေမိမှာပဲ။ ယုံကြည်ချက်အပြည့်နဲ့ ငါးဆားနယ်တစ်ယောက်လို အပြည့်အဝလုပ်နေမိမှာ။ ဘာကြိုးစားတာလဲ။ ငါတော့ မလုပ်နိုင်ပါဘူး။

သူမ၏မျက်လုံးများက တလက်လက် တောက်ပနေသည်ကို တွေ့လိုက်ရသဖြင့် စုန့်ဝေဖျင်သည် သူမက သူမ၏ခေါင်းထဲတွင် တစ်ခုခု ထူးဆန်းသည့်အကြောင်းများ ချရေးချင်နေမှန်း သိလိုက်တော့သည်။ ဘာမှန်းတော့ မသိသော်လည်း စုန့်ဝေဖျင်က တခုခုကို နားလည်နှင့်ပြီးဖြစ်လေသည်။ သူမက ငါးဆားနယ်သီချင်း ဆိုတဲ့အချိန်မှာ ငါးဆားနယ် စားချင်တာ မဟုတ်ဘူးတဲ့။ စာလေ့လာတဲ့အကြောင်း သီချင်းဆိုနေရင်တော့ တကယ်က သူမ စာမလေ့လာချင်တာပဲ။ သူမရဲ့ဆန္ဒက ဘာမှမလုပ်ဘဲ နူးညံ့သိမ်မွေ့တဲ့ အရုပ်မလေးတစ်ရုပ် ဖြစ်ချင်တာ ဖြစ်မယ်။

သူကလည်း သူမကို ဖြည့်ဆည်းပေးချင်ပါတယ်လေ။

ရွှီရှောင်ကျောင်းသည် စာလေ့လာပြီး အားလုံးအတွက် သင်တန်းသင်တန်းပေးမည်ဟု ဌာနခွဲစာရေးကို ကတိပေးထားသဖြင့် သူမသည် မကြိုးစားဘဲ နေဖို့တော့ စိတ်ကူးမရှိပေ။ သူမအတွက် စာဖတ်ပြီး ဦးနှောက်ကို အလုပ်ပေးကာ စာကို နားလည်အောင်လုပ်ဖို့တော့ ပြဿနာမရှိပေ။ သို့တိုင် သူမသည် မှတ်စုရေးခြင်း၊ ဇယားဆွဲခြင်း စသည်တို့ကိုလည်း လုပ်လိုက်သေးသည်။ ဒါက တော်တော်လည်း လက်ဝင်လေသည်။ မကြာခဏဆိုသလို သူမသည် စုံစမ်းမှုအတွက် လယ်ထဲသို့ သွာရပြီး လက်တွေ့အခြေအနေနှင့် ကိုက်ညီသည့် စိုက်ပျိုးရေးအစီအစဥ်များကို ဆွဲပေးရလေသည်။

မူလက သူမသည် ဒါကို လုပ်ငန်းကြီးတစ်ခု ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့သော် လုပ်ငန်းစဥ်တစ်ခုလုံးတွင် ရွှီရှောင်ကျောင်းသည် မျှော်လင့်မထားဘဲ အများကြီး မလုပ်ခဲ့ရချေ။

အဓိကအကြောင်းအရင်း သူမတွင် စုန့်ဝေဖျင်လို တော်တတ်သည့် အကူတစ်ယောက် ရှိနေခြင်းကြောင့်ပင်။

စုန့်ဝေဖျင်က အင်္ဂလိပ်စာအုပ် ဖတ်ခြင်းကို နားထားပြီး နေ့တိုင်းလိုလို သူမကို မှတ်စုရေးကူကာ ပုံများ ဆွဲပေးလေသည်။ ဒါက အမိန့်ပေးနေရသလိုပဲလေ။ ဒီထက်အဆင်ပြေတာတောင် ဒီလောက် အဆင်ပြေမှာ မဟုတ်ဘူး။

အဓိကအချက်က စုန့်ဝေဖျင်က နားလည်မှုစွမ်းရည်အရမ်းကောင်းတယ်။ ပုဂ္ဂလနာမ်တွေ အများကြီးပါတယ်လေ။ ငါက အဲစာလုံးတွေကို ရွတ်လိုက်တာနဲ့ စုန့်ဝေဖျင်က နားလည်သွားပြီး သူ့မှတ်စုထဲမှာ ရိုးရှင်းတဲ့ ရှင်းလင်းချက်တွေနဲ့တောင် စုစည်းထားပေးသေးတယ်။

ရွှီရှောင်ကျောင်းသည် လယ်ထဲသွားသည့်ကိစ္စက စုန့်ဝေဖျင် မပါလျှင် မဖြစ်မှန်း ခံစားမိလိုက်တော့သည်။ ထို့ကြောင့် သူမက သူမ၏မှတ်စုစာအုပ်ကို ယူကာ ရွာဌာနခွဲစာရေးကြီးဆီသို့ သွားလိုက်ပြီး စုန့်ဝေဖျင်ကို လယ်လုပ်ငန်း လက်ထောက်တစ်ယောက်အဖြစ် အကောင်းဆုံးဖြစ်အောင် ကြိုးစားစီစဥ်ပေးလိုက်လေသည်။ သူမသည် စုန့်ဝေဖျင်အတွက် တစ်နေ့ အလုပ်ရမှတ် ၈မှတ် ယူပေးနိုင်ခဲ့သည်။

ဝမ်းသာနေသည့် အဘွားစုန့်က ရွှီရှောင်ကျောင်းကို ဖက်ထားပြီး မလွှတ်တော့ချေ။ သူမက ရွှီရှောင်ကျောင်းကို ကံကောင်းတဲ့ကြယ်လေးဟု မခေါ်တော့ဘဲ အဖိုးတန်ဥလေးဟု ခေါ်လေသည်။

အမှန်ပင်။ နွေဦးထယ်ထိုးခြင်းက အခြေခံအားဖြင့် ပြီးစီးသွားခဲ့သည်။ ထယ်ထိုးနိုင်သည့် လယ်မြေများကို ကျွဲနွားများဖြင့် ထယ်ထိုးကြသည်။ ကျန်သည် ထောင့်များနှင့် အကြွင်းအကျန်များကိုတော့ လူအင်အား လိုအပ်လေသည်။ အလုပ်ရမှတ်က အများဆုံး ၈မှတ်သာ ရသည်။ ဒါသည် ပင်ပန်းသည့်အပြင် ပေါ့ပါးသည့် အလုပ်လည်း မဟုတ်ချေ။ ရွှီရှောင်ကျောင်း၏ လှုပ်ရှားမှုတစ်ခုနှင့်ပင် စုန့်ဝေဖျင်သည် မြေကြီးကို ကြိုးကြိုးစားစား တူးနေစရာမလိုတော့ဘဲ အလုပ်ရမှတ် ၈မှတ်ရလိုက်သည်။ ဟုတ်ပါသည်။ သူမသည် စုန့်မိသားစု၏ ရတနာ ဖြစ်လာတော့သည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး မကြည်မသာဖြစ်ကြသူများလည်း ရွာထဲတွင် ရှိလေသည်။

ရွှီရှောင်ကျောင်းသည် စုန့်ဝေဖျင်ကို လက်ထပ်ခဲ့တုန်းကလည်း ရွှီရှောင်ကျောင်းက နွားချေးပုံတွင် စိုက်ထားသည့်ပန်းတစ်ပွင့်ဟု မပြောရုံကလွဲလျှင် အားလုံး၏စိတ်ထဲတွင် တခြားအတွေးတစ်ခု ရှိကြလေသည်။ စုန့်ဝေဖျင်က နာမည်ကြီး ဂြိုဟ်ဆိုးတစ်ကောင်ဟူ၍။ ရွှီရှောင်ကျောင်းက လက်ထပ်ပြီးနောက် မည်သို့ အဆုံးသတ်လိုက်သည် မသိပေ။ ဟုတ်ပါသည်။ လူများက ထိုအကြောင်းကို စုန့်ဝေဖျင်ရှေ့တွင်တော့ မပြောရဲခဲ့ကြပေ။

ဘာဖြစ်သွားတာလဲ မသိဘူး။ စုန့်ဝေဖျင်က ရွှီရှောင်ကျောင်းနဲ့ လက်ထပ်ပြီးကတည်းက ဒီနှစ်ယောက်ရဲ့ဘဝက ဒီရက်ပိုင်းမှာ ပိုပိုပြီး ချမ်းသာလာခဲ့တယ်။ အားလုံးက တခြားအကြောင်းကို မသိကြပေမဲ့ အဘွားစုန့်ရဲ့ခန္ဓာကိုယ်က ပိုပြီးသန်မာလာတာ သက်သေပဲ။ အရင်ကဆိုရင် အဘွားစုန့်က အမြဲတမ်း လှဲနေရပြီး ကြာကြာမှ တစ်ခါ သူ့ကို တွေ့ရတာလေ။ အခုတော့ သူမက မကြာမကြာ ထွက်လာပြီး အားလုံးနဲ့ စကားလာပြောတတ်တာကို တွေ့နေရတယ်။

ရွှီရှောင်ကျောင်းရဲ့အမေဘက်က မိသားစုက ပိုပြီးတော့တောင် အံ့ဩစရာကောင်းသေးတယ်။ ကျောင်းတက်တယ်ဆိုတာ ငွေကို မီးရှို့တာပဲ။ တစ်ဖက်လူက ရွှီရှောင်ကန်းကို ကျောင်းတက်ခွင့်ပေးတယ်တဲ့။ ဝူချွန်းဟွားဆိုရင် တစ်နှစ်လုံး ခါးသီးတဲ့မျက်နှာတစ်ခုပဲ ရှိနေခဲ့တာ။ ဒါပေမဲ့ အခုတော့ သူမနဲ့ ရွှီရှောင်ကန်းတို့နှစ်ယောက်လုံးရဲ့ အသားအရေ ပန်းရောင်သန်းလို့။ သူတို့ရဲ့အစားအသောက်က ကောင်းတယ်ဆိုတာကို တွေ့နိုင်တယ်လေ။

ရွှီရှောင်ကျောင်းဆိုရင် လက်ထပ်ပြီးကတည်းက သူမကို လယ်ထဲမှာ မတွေ့ရသလောက်ပဲ။ သူမက လုံးဝကို ကောင်းကောင်းနေနေရတာပဲ။၊

ရွှီရှောင်ကျောင်းသည် အမှန်ပင် ကံကောင်းသည်ဟု အားလုံးက ဆက်ပြီး မှတ်ချက်ပြုကြလေသည်။ ပန်းလေးတစ်ပွင့်လို သူမသည် သူမ၏ငွေများကို ယူကာ စုန့်မိသားစုသို့ ဝင်ခဲ့သည်။ တစ်နှစ် ကြာပြီးနောက်တွင် သူမသည် တိုးတက်လာခဲ့သည်။ စုန့်ဝေဖျင်က မြို့က သယ်ယူပို့ဆောင်ရေးအဖွဲ့တွင်  အလုပ်ကောင်းတစ်ခု ရခဲ့ပြီး ယာဥ်မောင်းလိုင်စင်ပင် ရထားသည့်ဟု ကြားသည်။ တမြို့လုံးတွင်မှ ယာဥ်မောင်းလိုင်စဥ်ရှိသူ အများကြီးမရှိမှန်း သိကြလေသည်။ ဒါသည် မည်မျှ အဖိုးတန်လိုက်ပါသနည်း။

စုန့်ဝေဖျင်က ပေါက်တူးနှင့်ဂေါ်ပြားကို ကိုင်ကာ ရွှီရှောင်ကျောင်းနောက်မှ လိုက်လာသည်ကို မြင်ရသည်တွင် အဖွဲ့ခေါင်းဆောင်၏ ဇနီး အဒေါ်ဝမ်က သူမ၏အသံကို မြင့်ကာ ပြောလိုက်လေသည်။

“အိုးဟဲ့ ရှောင်ကျောင်း နင် ဌာနခွဲစာရေးကြီးကို ပြောပြီး ဝေဖျင်ကို နင့်လက်ထောက် လုပ်ခိုင်းထားတာ တစ်ရက်ကို အလုပ်ရမှတ် ၈မှတ်ရတယ်ဆို”

ရွှီရှောင်ကျောင်းက ခေါင်းညိတ်လိုက်ပြီး

“ဟုတ်တယ်လေ”

ကျွတ်.. ကျွတ်..ကျွတ်။ စုန့်ဝေဖျင်ရဲ့ ကံကိုလည်း ကြည့်လိုက်ပါအုံး။ အားလုံးက မနာလိုဖြစ်ကြတော့သည်။ သို့သော် ဒါသည်ကပင် သူတို့၏လုပ်နိုင်စွမ်းဖြစ်လေသည်။ မည်သို့ဆိုစေ ဌာနခွဲစာရေးကြီး တစ်ခါနှစ်ခါ ပြောခဲ့ဖူးသည့် ထိုနည်းပညာလက်စွဲက အစားအသောက်ထုတ်ကုန်ကို တိုးလာနိုင်စေပြီး နှစ်သစ်ကူးတွင် ငွေပိုရကာ အစားအသောက်ပိုရမည့် အဓိပ္ပာယ်ပင်။ မည်သူက ဒါကို မမျှော်လင့်ဘဲ အဘယ်မှာရှိပါမည်နည်း။ ဘယ်သူကမှ သည်စာအုပ်ကို အပြည့်အဝ နားမလည်ကြခြင်းတစ်ခုပင်။ ရွှီရှောင်ကျောင်းက ဒါကို လုပ်နိုင်သည်ဟု ပြောတော့ အားလုံးက ကြိတ်ပြီး ဝမ်းသာကြလေသည်။ တစ်ဖက်လူက စုန့်ဝေဖျင်အတွက် သက်သာသည့်အလုပ် ရှာပေးချိန်တွင်တော့ ဘယ်သူမှ ဘာမှပြောကြလိမ့်မည်မဟုတ်ပေ။

အဒေါ်ဝမ်က စုန့်ဝေဖျင်ကို စကားတစ်ခွန်း နှစ်ခွန်းဖြင့် စနောက်ချင်လိုက်သော်လည်း သူ့မျက်နှာကို တွေ့လိုက်ရတော့ အခိုက်တန့် ရှက်ရွံ့သွားပြီး ခေါင်းပြန်လှည့်လိုက်ကာ အနီးအနားတွင် ပေါက်တူးဖြင့် မြေဆွနေသည့် ကျောက်ယန်ယန်ကို တွေ့လိုက်ရတော့သည်။ သူမသည် ချက်ချင်းဆိုသလို ကျောက်ယန်ယန်ဖက်သို့ လှည့်သွားလေသည်။

“အိုက်ယား ယန်ယန် ၊ အို၊ ပြောစမ်းပါအုံး၊ နင် ဘာလို့ ဒီမှာ ပြန်လာလုပ်နေတာလဲ၊ ဒီနှစ်အတွက် ပေါ့ပါးတဲ့အလုပ် ရအောင် ဟန်ကွမ်းဟွေကို မမေးခဲ့ဘူးလား”

ကျောက်ယန်ယန်သည် ရွှီရှောင်ကျောင်းနှင့် စုန့်ဝေဖျင်တို့ ဖြတ်လျှောက်လာသည်ကို တွေ့လိုက်ရချိန်တွင် ဒေါသထွက်သွားတော့သည်။ အဒေါ်ဝမ်က သည်လိုမေးလိုက်သဖြင့် ပိုပြီး ဒေါသထွက်သွားပြီး စိတ်ရှုပ်ရှုပ်နှင့် ပြန်ဖြေလိုက်လေသည်။

“အဒေါ်ဝမ် ဦးလေးဝမ်က အဖွဲ့ခေါင်းဆောင်လေ၊ အဒေါ် ပေါ့ပေါ့ပါးပါး အလုပ်လုပ်တာလည်း ကျွန်မ မတွေ့မိပါဘူး”

အဒေါ်ဝမ်က မျက်လုံးကို စွေကြည့်လိုက်၏။ သူမသည် သည်နေရာတွင် ရှိနေသော်လည်း သူမက အလုပ်လေး နည်းနည်းပါးပါး လုပ်လျှင်ပင် ယောက်ျားဖြစ်သူက အဖွဲ့ခေါင်းဆောင် ဖြစ်သည့်အတွက် အမှတ်ပြည့်ရကာ ဘယ်သူမှ ဘာမှမပြောရဲကြပေ။ ကျောက်ယန်ယန်က နားမလည်ချင်ဟန်ဆောင်ပြီး သရော်လိုက်မှန်း သူမ သိလေသည်။

“ဒါက ဘဝလို့ပဲ ပြောရမှာပဲ၊ ကံတရားပေါ့ဟယ်၊ တချို့လူတွေက ပိုမြင့်တဲ့အကိုင်းဆီ ပျံတက်သွားပြီး ဇာမဏီငှက် မဖြစ်လာဘူး၊ ဒါတောင် သူက နောက်ဆိုရင် အရသာရှိတာတွေ ကောင်းကောင်းစားပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင် နေနိုင်လိမ့်မယ်လို့ ထင်နေတုန်း၊ နောက်ဆုံးကျတော့ သူက မြေကြီးကနေ စားသောက်ဖို့ တူးဆွနေရတာပဲ၊ ဟယ်၊ ယန်ယန်ရေ ဟန်ကွမ်းဟွေကလည်း အစတုန်းက ဘာနည်းပညာလက်စွဲဖြစ်ဖြစ် လေ့လာခဲ့သေးတယ်မလား၊ နောက်ကျတော့ သူက ဘာလို့ ရှောင်ကျောင်းကို ပေးလိုက်တာလဲ၊ သူ မလုပ်နိုင်ရင်တောင် နင်က သူ့ကို ကူညီပေးလို့ရနိုင်တာပဲ၊ အဲလိုဆိုရင် ဘယ်လောက်တောင် အေးဆေးသက်သာလိမ့်မလဲ”

ကျောက်ယန်ယန်သည် သိပ်မဝေးလှသည့် အပင်တစ်ပင်အောက်တွင် အနားယူနေသည့် ဟန်ကွမ်းဟွေကို ဒေါသထွက်ထွက်ဖြင့် ကြည့်လိုက်တော့သည်။ အစတုန်းက ဟန်ကွမ်းဟွေက ဒီလိုအလုပ်လေးကို ဦးဆောင်ပြီး သူမက စိန်နားကပ်ရောင်နဲ့ ပါးပြောင်ရမယ်လို့ ထင်ခဲ့တာလေ။ ဒါပေမဲ့ ဟန်ကွမ်းဟွေက သေသေချာချာ မလေ့လာဘဲနဲ့ ဌာနခွဲစာရေးကို စိတ်ဆိုးအောင် လုပ်လိုက်တဘ်။ ပိုဆိုးတာက ဟန်ကွမ်းဟွေက တခြားမိန်းကလေးတွေနဲ့လည်း အီစီကလီလုပ်နေတယ်ဆိုတာ သူမ သိလိုက်ရတာပဲ။

သူမ ဒါကို မယုံခဲ့ပါဘူး။ သူမရဲ့ကံကြမ္မာက ရွှီရှောင်ကျောင်းလောက် မကောင်းဘူးဆိုတာ သူမ မယုံဘူး။ သူမက မြို့သူတစ်ယောက် ဖြစ်လာခဲ့ပြီး ပညာတတ်လူငယ်တစ်ယောက်နဲ့ လက်ထပ်ခဲ့တာပဲ။ ဒါပေမဲ့ အခုတော့ သူမက ရွာမှာပဲ အဆောင်မှာပဲ ရှိနေတုန်း။ ရွှီရှောင်ကျောင်းက သူ့ယောက်ျားကို ကံကောင်းအောင် လုပ်ပေးပြီး စုန့်ဝေဖျင်က ကံကောင်းတဲ့သူလို့ အားလုံးက ချီးကျူးနေတာ မျက်လုံးဖွင့်တာနဲ့ ကြားနေရသားပဲ။ အခု ဟန်ကွမ်းဟွေက ရွှီရှောင်ကျောင်းရဲ့ဓာတ်ပုံသေးသေးလေးကို တိတ်တိတ်လေးတောင် ဝှက်ထားလိုက်သေးတယ်တဲ့လေ။

သူမက ဒါကိုတော့ လက်မခံနိုင်ဘူး။

ကျောက်ယန်ယန်သည် ရွှီရှောင်ကျောင်းကို လုံးဝမမြင်ချင်ပေ။ သို့သော် စားဝတ်နေရေးနှင့် ပတ်သက်လာသောအခါ သူမသည် ဌာနခွဲစာရေး၏ အစီအစဥ်ကို လိုက်နာရလေသည်။ ရွှီရှောင်ကျောင်း၏ ပို့ချချက်ကို နားထောင်ရန် သူတို့အားလုံးက တပ်ဖွဲ့ထဲသို့ ဝင်ခဲ့ရသည်။

အားလုံးကို လေ့ကျင့်ပေးချိန်တွင် ရွှီရှောင်ကျောင်းသည် လုံးဝ မတုန်လှုပ်နေချေ။ သည်သေးငယ်သည့် မြင်ကွင်းက သူမ၏အရင်ဘဝက မိသားစုနှစ်ကုန်စားသောက်ပွဲနှင့် ယှဥ်လျှင်တော့ မိုးဖွဲလေးသာသာ ဖြစ်လေသည်။ သို့သော် အောက်လူများက လုံးဝ စည်းကမ်းမရှိကြပေ။

သင်တန်းမစခင်မှာပင် အောက်တွင်ထိုင်နေကြသူများက စျေးကြီးတစ်ခုနှယ်။ တစ်ယောက် တစ်ခုခု ပြောလိုက်လျှင် နောက်တစ်ယောက်က နောက်လိုက်ပြောသည်။ တော်တော်လေးကို ရှုပ်ထွေးလို့နေသည်။

ရွှီရှောင်ကျောင်းက ဟောပြောစင်ဘေးတွင် ထိုင်နေပြီး သူမအတွက် စုန့်ဝေဖျင် ပြင်ဆင်လာပေးသည့် ပျားဖျော်ရည်ကို သောက်နေလိုက်သည်။ စုန့်ဝေဖျင်က ကျောက်သင်ပုံးကို ဖျက်ပြီး ပစ္စည်းများ ပြင်ဆင်ရင်း အလုပ်များနေတာကို စောင့်ကြည့်နေလိုက်လေသည်။ သူသည် လက်ထောက်တစ်ယောက်နှင့် အမှန်ပင်တူလှသည်။

သူသည် လုပ်သမျှတိုင်းကို အလွန်အလေးအနက်ထားပြီး ဘာတစ်ခုမှ အပေါ်ယံ မလုပ်သလို အချိန်လည်း မဆွဲတတ်ပေ။ အသေးငယ်ဆုံး အလုပ်လေးကိုပင် သူသည် သေသေချာချာ လုပ်တတ်လေသည်။ ထို့ကြောင့် သူ့လိုလူများက အောင်မြင်နိုင်ကြသည်။

အင်းလေ။ ငါလေးကို ငါးဆားနယ်တစ်ယောက်လို နေခွင့်ပေးထားလိုက်။ အကောင်ကြီးကြီး တစ်ယောက်ရဲ့ နွေးထွေးတဲ့ရင်ခွင်ထဲမှာ အမြဲတမ်း နေခွင့်ပေးထားလိုက်။

စုန့်ဝေဖျင်က သန့်ရှင်းရေး လုပ်ပြီးသွားသည်ကို တွေ့လိုက်ပြီး သူမ စင်ပေါ်တက်နိုင်ရန်အတွင် ပြင်ဆင်ပေးရန် သူမဆီသို့ လျှောက်လာလေသည်။ ရွှီရှောင်ကျောင်းက ညည်းညူလိုက်ပြီး လှုပ်ရှားဖို့ အလွန်ပျင်းလေရာ

“စုန့်ဝေဖျင် နင် ဒါကို ငါ့ကိုယ်စား ရှင်းပြလိုက်ပါလား”

ဘာပဲပြောပြော သူ့လေ့လာချက်က ငါ့ထက် ပိုပြီး အသေးစိတ်ကျတာပဲ။

မော့ကြည့်လာသည့် သူမကို တွေ့လိုက်ရသောအခါ စုန့််ဝေဖျင်သည် သူမ၏ ရွှန်းလဲ့သည့် မျက်ဝန်းများကြောင့် နှလုံးခုန်နှုန်း စည်းချက်လွဲသွားတော့သည်။ သူက သူမကို ချောမော့ပြောလိုက်၏။

“ငါက ရက်ပိုင်းလေးပဲ လေ့လာထားတာလေ၊ ငါ့ပို့ချချက်နဲ့ လူတွေကို နားလည်အောင် မလုပ်နိုင်ဘူး၊ မင်း ပြောပါ၊ သင်တန်းပြီးသွားရင် ငါ မင်းအတွက် မင်းအကြိုက်ဆုံး ငါးချဥ်လုပ်ကျွေးမယ်လေ”

အမလေး။ စိတ်အားတက်သွားပြီ။ ရွှီရှောင်ကျောင်း၏နှလုံးသားသည် မိုးကြိုးပစ်ခံလိုက်ရတော့သည်။ ပြီးခဲ့တဲ့တစ်ခေါက် စုန့်ဝေဖျင် ချက်ကျွေးတဲ့ ငါးချဥ်က အရမ်းအရသာရှိတာပဲ။ စားလို့တောင် မဝဘူး။ ဒီကောင်လေးက ဘယ်လိုများ ပြောရက်နိုင်ရတာလဲ။ ဒါပေမဲ့ ငါးလေးတစ်ကောင်အတွက်နဲ့တော့ ငါက အလွယ်တကူ အလျှော့မပေးနိုင်ပါဘူးနော်။

“ဒါပေမဲ့ သူတို့တွေက ဆူညံနေတာပဲ၊ စကားပြောလို့ကို မပြီးနိုင်တော့ဘူး”

စုန့်ဝေဖျင်က သူမကို မငြင်းချေ။ သူက ကိုယ်ကို မတ်မတ်ရပ်ထားလိုက်ပြီး အခန်းဘက်သို့ မျက်နှာမူလိုက်ကာ ဩရှရှအသံတစ်ခုဖြင့် အော်လိုက်လေသည်။

“တိတ်တိတ်နေကြပါ”

ခပ်ဩဩအသံက ဒေါသမပါဘဲ တည်ငြိမ်နေပြီး အောက်ကလူများကို လည်ချောင်းထဲတွင် ဆို့နစ်သွားသလို ခံစားရအောင် လုပ်လိုက်တော့သည်။ သူတို့အားလုံးက ငြိမ်သက်သွားလေသည်။

“ရဲဘော်ရှောင်ကျောင်းကို ခင်ဗျားတို့အတွက် စိုက်ပျိုးရေးနည်းပညာ သင်တန်းပေးဖို့ ဖိတ်လိုက်ကြရအောင်၊ လက်ခုပ်တီးပေးကြပါ” စုန့်ဝေဖျင်သည် ပြောလိုက်ပြီး အရင်ဆုံး လက်ခုပ်တီးလိုက်လေသည်။

အောက်က ဇဝေဇဝါ ဖြစ်နေသည့် လူတစ်အုပ်ကလည်း  လက်ခုပ်တီးလိုက်ကြသည်။

ထို့နောက်တွင် စုန့်တဝေဖျင်က ရွှီရှောင်ကျောင်းဘက်သို့ လှည့်လိုက်သည်ကို တွေ့လိုက်ရလေသည်။ သူ့မျက်နှာသည် တစ်ယောက်ယောက်က သူ့ထံတွင် ယွမ်၁၀,၀၀၀အကြွေးတင်နေသည့် မျက်နှာထားမှာ တစ်စက္ကန့်အတွင်း အင်မတန်သိမ်မွေ့သွားသည့်မျက်နှာထားသို့ ပြောင်းလဲသွားတော့သည်။

“ရပြီ၊ ဆက်လုပ်လိုက်တော့နော်”

 …