Ch 6
Viewers 1k

☘️ Chapter 6


ဆိုင်ရှင်က ဇွတ်မတိုက်တွန်းဘဲ လျန်လီကို ကြင်နာစွာဖြင့်သာ ပြောလိုက်သည်။


 "ဒါဆိုရင်တော့ လျန်သခင်လေးရဲ့ သူငယ်ချင်း ပြိုင်ပွဲမှာ ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်၊ တစ်ပြည်လုံး ကျော်ကြားတဲ့သူတစ်ယောက် ဖြစ်လာပါစေ”


"ကောင်းချီးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆိုင်ရှင်ကြီး" လျန်လီ တောက်ပစွာ ပြုံးပြလိုက်၏။


တည်းခိုခန်းသို့ ပြန်ရောက်သောအခါ ယွင်ဟွေ့ကျိုးမှာ ခုတင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်၍ တရားမှတ်နေသည်။ လျန်လီက စားပွဲဆီသို့ ခပ်ဖွဖွ လျှောက်သွားကာ ထိုင်လိုက်ပြီး မိမိအတွက် ရေတစ်ခွက် ငှားထည့်လိုက်၏။


ခဏအကြာတွင် ယွင်ဟွေ့ကျိုးသည် တရားမှတ်ခြင်းကို အဆုံးသတ်လိုက်ပြီး လျန်လီ၏ ရှေ့သို့ ချက်ချင်းဝင်ထိုင်လိုက်သည်။


"မနက်ဖြန်ကျရင် ငါက ချင်းဟုန်ဓားဂိုဏ်းသားတွေနဲ့အတူ ရှိနေမှာ။ ငါ စင်ပေါ်တက်သွားတဲ့အခါ မင်း ဘယ်မှလျှောက်မသွားနဲ့၊ သူတို့နဲ့ပဲ အတူနေနော်" ဟု ယွင်ဟွေ့ကျိုးက ဆိုသည်။


"ဟုတ်ကဲ့ပါ" လျန်လီက အလွယ်တကူပင် သဘောတူလိုက်၏။


နောက်တစ်နေ့တွင်


လျန်လီသည် ယွင်ဟွေ့ကျိုးနှင့်အတူ နိုးလာခဲ့သည်။


အရုဏ်မတက်မီ ယွင်ဟွေ့ကျိုး နိုးလာလျှင် ပထမဆုံးလုပ်သည့်အလုပ်မှာ တင်ပလ္လင်ခွေထိုင်ကာ တရားမှတ်ခြင်းပင်။


လျန်လီက ခုတင်ပေါ်တွင် လဲလျောင်းရင်း ခုတင်၏ အခြားတစ်ဖက်တွင် ထိုင်နေသော ယွင်ဟွေ့ကျိုးကို ကိုယ်ကိုမလှုပ်ဘဲ ခေါင်းစောင်း၍ ကြည့်နေမိ၏။


နာရီဝက်ခန့် ကြာပြီးနောက် ယွင်ဟွေ့ကျိုး တရားမှတ်ခြင်း ပြီးဆုံးသွားသည်။


သူသည် စားပွဲထိုးကိုခေါ်၍ မျက်နှာသစ်ရန် ရေနှင့် မနက်စာကို ယူလာခိုင်းလိုက်၏။


ယနေ့တွင် ယှဉ်ပြိုင်ရနိုင်ခြေ ရှိသောကြောင့် သူတို့၏မနက်စာမှာ ထုံးစံထက် ပိုအလျှံပယ်ရှိလှသည်။


မနက်စာ စားပြီးသောအခါ မိုးက စတင်လင်းစပြုနေပြီ ဖြစ်သည်။


သူတို့နှစ်ဦးသည် ပြိုင်ပွဲကွင်းသို့ ရောက်ရှိလာကြ၏။


လူအတော်များများ စုဝေးရောက်ရှိနေကြပြီ ဖြစ်သည်။ ယွင်ဟွေ့ကျိုးက လျန်လီ၏ ပုခုံးကို ဖက်၍ လူအုပ်ကြားမှ ဖြတ်ကျော် ခေါ်ဆောင်သွားရာ ချင်းဟုန်ဓားဂိုဏ်းတပည့်များရှိရာ နေရာသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။


ထိုနေရာတွင် ကျောက်ဟုန်လန်လည်း ရှိနေပြီး၊ သူနှင့်အတူ အရပ်ရှည်ရှည်၊ သွယ်သွယ်လျလျနှင့် ထူးခြားသော ရုပ်ရည်ရှိသည့် တောက်ပလှပသော မိန်းကလေးတစ်ဦးလည်းရှိသည်။


ယခုတစ်ကြိမ်တွင်မူ ယွင်ဟွေ့ကျိုးသည် ကျောက်ဟုန်လန်အား မိတ်ဆက်ပေးရန် အခွင့်မပေးသလို၊ ထိုမိန်းကလေးအားလည်း မိမိကိုယ်ကိုယ် မိတ်ဆက်ခွင့် မပေးခဲ့ပေ။


သူကပင် အရင် စကားစလိုက်သည်။ သူက လျန်လီကို ညွှန်ပြကာ ထိုမိန်းကလေးအား မိတ်ဆက်ပေးလာသည်။ 


"လျန်လီ"


ထို့နောက် လျန်လီကို ပြောလိုက်သည်။


  "ဒါက မမလေးချွီပါ၊ ချင်းဟုန်ဓားဂိုဏ်းရဲ့ ရှစ်ကျဲပေါ့”


ချွီရှစ်ကျဲက ပြုံး၍ လက်ဝေ့ယမ်းပြကာ ပြောသည်မှာ  "ရှစ်ကျဲက ဘာလဲ ? ကျွန်မက အရင်ဆုံးဝင်လာတဲ့ အမျိုးသမီးတပည့်မို့လို့ မောင်လေး၊ ညီမငယ်တွေက နောက်နေကြတာပါ၊ ရှစ်ရှုန်းက ဒီမှာရှိသားပဲ”


သူမက ကျောက်ဟုန်လန်ကို ခပ်ဖွဖွ ညွှန်ပြလိုက်သည်။


မိုးလင်းလာသည်နှင့်အမျှ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ကွင်း၏ အလယ်ဗဟိုသို့ ရောက်ရှိလာ၏။ သူက လက်အုပ်ချီ နှုတ်ဆက်ကာ အဖွင့်မိန့်ခွန်း ပြောကြားပြီးနောက်၊ သူ့ ကိုယ်ဖော့ ကိုယ်ဖော့သိုင်းပညာကို အသုံးပြုကာ ကွင်းပြင်ပရှိ လှေကားမကြီးဆီသို့ ပျံသန်းသွားသည်။


သူသည် သစ်သားသေတ္တာကြီးတစ်ခုထဲသို့ လက်နှိုက်၍ သစ်သားပြားနှစ်ပြားကို ထုတ်ယူလိုက်၏။


ထိုသစ်သားပြားပေါ်တွင် စာသားများ ပါရှိရာ လျန်လီကမူ ဖတ်၍ မရသော်လည်း ယွင်ဟွေ့ကျိုးကမူ ဖတ်နိုင်သည်။ လျန်လီ မျက်မှောင်ကြုတ်၍ ဖတ်ရန် ကြိုးစားနေသည်ကို သတိပြုမိသဖြင့် ယွင်ဟွေ့ကျိုးက ရှင်းပြသည်မှာ  "ဒါတွေက နာမည်တွေလေ၊ သစ်သားပြား နှစ်ပြားပေါ်က နာမည်တွေက အချင်းချင်း ယှဉ်ပြိုင်ရမယ့် ပြိုင်ဘက်တွေပေါ့”


လျန်လီက ခေါင်းညိတ်လိုက်ပြီး မေးလိုက်သည်မှာ  "ကွင်းက တစ်ကွင်းတည်း၊ လူတွေကလည်း အများကြီးဆိုတော့ ဒီပြိုင်ပွဲက ဘယ်လောက်ကြာမှာလဲ”


"လဝက်လောက်တော့ ကြာမှာပဲ" ဟု ယွင်ဟွေ့ကျိုးက မရေမရာ ပြောလိုက်ပြီး ကျောက်ဟုန်လန်ကို လှည့်မေးလိုက်သည်မှာ  "ညီအစ်ကိုကျောက်၊ ဒီတစ်ခါ လူဘယ်နှစ်ယောက် စာရင်းပေးထားလဲ”


ကျောက်ဟုန်လန်သည် သူတို့စကားဝိုင်းကို ကြားနေရသလို လျန်လီမှာ ဤအကြောင်းအရာများကို လုံးဝနားမလည်ကြောင်း သိသဖြင့် အသေအချာ ပြန်လည်ဖြေကြားပေးသည်။


"ဂိုဏ်းတစ်ခုကို တပည့်သုံးယောက်စီပဲ စာရင်းပေးခွင့်ရှိတယ်၊ ဒါပေမဲ့ အချို့ဂိုဏ်းတွေက သုံးယောက်ပြည့်အောင် မလွှတ်တော့ လွတ်နေတဲ့ နေရာတွေကို တခြား လွတ်လပ်တဲ့ သိုင်းသမားတွေကို ပေးလိုက်တာပေါ့”


"ဘယ်ဂိုဏ်းမှမရှိတဲ့ သိုင်းသမားတွေကတော့ ဒီမှာပဲ စာရင်းသွင်းရတယ်၊ လွန်ခဲ့တဲ့ ရက်ပိုင်းက အကြိုရွေးချယ်မှု လုပ်ခဲ့ပြီးပြီ၊ အခု သစ်သားသေတ္တာထဲ နာမည်ရောက်နေတဲ့ လူငါးရာလောက်ကတော့ အစစ်အမှန် အရည်အချင်းရှိတဲ့သူတွေပဲ”


အဆင့်မြင့်မြင့် ရရှိသူ အများစုမှာ နာမည်ကြီးဂိုဏ်းများမှ တပည့်များ ဖြစ်ကြသော်လည်း၊ မည်သည့်ဂိုဏ်းမှ မဟုတ်သော တောမှီအကျော်အမော် ဆရာကြီးများမှာလည်း ရှိတတ်ကြရာ ၎င်းတို့၏ တပည့်များကို အတတ်သင်ပေးပြီးလျှင် သုံးနှစ်တစ်ကြိမ် ကျင်းပသော ဤသိုင်းပြိုင်ပွဲသို့ တောင်ပေါ်မှ ဆင်း၍ ပါဝင်ခိုင်းတတ်ကြသည်။


ဤသည်မှာ သိုင်းပွဲတော်၏ အရေးကြီးဆုံး အပိုင်းပင် ဖြစ်သည်။ နာမည်ကြီးဂိုဏ်းများမှ မဟုတ်ဘဲ အရင်က မသိခဲ့ကြသော လူငယ်သိုင်းသမားများစွာသည် ဤနေရာတွင် ကျော်ကြားလာတတ်ကြသည်။


အချို့မှာမူ အချိန်အခါ မကိုက်ညီတတ်ကြပေ။ တောင်ပေါ်မှ ဆင်းဆင်းချင်း ပထမဆုံး ရောက်သည့်နေရာက သိုင်းပြိုင်ပွဲ မဟုတ်ခဲ့လျှင်တောင် အစစ်အမှန် အရည်အချင်းရှိပါက သုံးနှစ်အတွင်းမှာတော့ နာမည်တစ်လုံးရလာစမြဲပင်။


ကျောက်ဟုန်လန်ကို ကျေးဇူးတင်စကား ပြောပြီးနောက် လျန်လီက ယွင်ဟွေ့ကျိုး၏ဝတ်ရုံလက်ကို ဆွဲ၍ မေးလိုက်သည်မှာ  "ခင်ဗျားကရော ? ဘယ်အမျိုးအစားထဲကလဲ”


ယွင်ဟွေ့ကျိုးက သူ့မေးစေ့ကို ပွတ်သပ်ရင်း ဘဝင်မြင့်စွာ ပြုံးလိုက်သည်မှာ  "ဘယ်အမျိုးအစားပဲ ဖြစ်ဖြစ်၊ ငါကတော့ အဲဒီထဲမှာ ပါမှာ သေချာတယ်”


လျန်လီက နှုတ်ခမ်းကို မဲ့လိုက်ပြီး  "ဘာမှမပြောတာနဲ့ အတူတူပဲ မဟုတ်ဘူးလား" ဟု စိတ်ထဲမှ တွေးလိုက်မိသည်။


သိုင်းပြိုင်ပွဲမှာ အလွန်လျင်မြန်စွာ ဆက်လက်ဖြစ်ပွားနေပြီး အချိန်ဆွဲ တိုက်ခိုက်နေခြင်းမျိုး မရှိသလောက်ပင်။ ဤသည်မှာ အကြိုရွေးချယ်မှုအပြီး နောက်ဆုံးအဆင့်သို့ ရောက်လာသူများကြားတွင်ပင် အရည်အချင်းကွာဟမှုမှာ အတော်ကြီးမားကြောင်း ပြသနေခြင်း ဖြစ်သည်။


ယွင်ဟွေ့ကျိုးသည် ကျောက်ဟုန်လန်၊ ချွီရှစ်ကျဲတို့နှင့် ရံဖန်ရံခါ စကားပြောနေသော်လည်း လျန်လီမှာမူ သိုင်းလောကပြင်ပလူ ဖြစ်သဖြင့် ပျော်စရာကောင်းသည်ကိုသာ ထိုင်ကြည့်နေပြီး စကားဝိုင်းထဲတွင် ဝင်မပါဖြစ်ပေ။


သို့သော် သူ ဂရုမစိုက်ပါ။ သူသည် ပွဲကြည့်ရသည်ကို လုံးဝ စိတ်ပါဝင်စားနေမိသည်။


ခေတ်သစ်လောကတွင် သိုင်းပညာကို မည်သူက ငြင်းဆန်နိုင်ပါမည်နည်း။ ကျောင်းနောက်ကျသောအခါ ကိုယ်ဖော့ သိုင်းပညာကိုသုံးပြီး ပျံသွားချင်သည့် စိတ်ကူးမျိုး မည်သူက မရှိခဲ့ဖူးပါသနည်း။


တစ်နေ့တွင် ချောက်ထဲပြုတ်ကျပြီး ပျောက်ဆုံးနေသော အနှိုင်းမဲ့သိုင်းကျမ်းကို ရရှိမည့် အိမ်မက်မျိုး မည်သူက မမက်ဖူးပါသနည်း။


အနှိုင်းမဲ့သိုင်းပညာရှင်တစ်ဦးအဖြစ် လူအများရှေ့တွင် စွမ်းရည်ပြသနေသည်ကို မည်သူက စိတ်ကူးမယဉ်ဖူးပါသနည်း။


ယွင်ဟွေ့ကျိုးမှာမူ အစပိုင်းတွင် လျန်လီ ပျင်းမသွားစေရန် အချို့အရာများကို ရှင်းပြပေးလိုခဲ့သည်။


သို့သော် ဤလူငယ်မှာ ဘာမှနားမလည်သော်လည်း အခြားသူများထက် ပိုစိတ်ပါဝင်စားနေသည်ကို တွေ့လိုက်ရ၏။ ခေါ်နေလျှင်ပင် အကြိမ်အတော်များများ မကြားနိုင်တော့သည်အထိ စိတ်ဝင်တစား ကြည့်နေသဖြင့် သူလည်း လွှတ်ထားလိုက်တော့သည်။


တတိယမြောက်နေ့သို့ ရောက်သောအခါမှ ယွင်ဟွေ့ကျိုး၏ နာမည် ထွက်လာတော့သည်။ ထိုအချိန်တွင် သစ်သားသေတ္တာထဲ၌ နာမည်များစွာ မကျန်တော့သဖြင့် ပြိုင်ပွဲမှာ ထိုနေ့မှာပင် ပြီးဆုံးတော့မည် ဖြစ်သည်။


ကျောက်ဟုန်လန်မှာ ဒုတိယမြောက်နေ့တွင် ယှဉ်ပြိုင်ခဲ့ပြီးဖြစ်ကာ၊ ချွီရှစ်ကျဲမှာမူ လွန်ခဲ့သော သုံးနှစ်က ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး၊


ထိုနှစ်တွင် ဗိုလ်စွဲခဲ့ဖူးသူဖြစ်ရာ ယခုတစ်ကြိမ်တွင်မူ သူမ ပါဝင်ယှဉ်ပြိုင်ရန် မလိုအပ်တော့ပေ။


မကြာမီ ကွင်းအတွင်းရှိ နှစ်ဦးမှာ နာမည်နှင့် ဂိုဏ်းများကို အပြန်အလှန် မိတ်ဆက်ကြ၏။


"ယစ်မူးအိပ်မက်ကျွန်းက ယွင်ဟွေ့ကျိုးပါ”


"ရန်ကျန်းပါ”


ယွင်ဟွေ့ကျိုး ပြိုင်ဘက်မှာ သူထက် အသက်ကြီးပုံရပြီး သူ့ ဂိုဏ်းကို ပြောကြားခြင်း မရှိသဖြင့် မည်သည့်ဂိုဏ်းမှ မဟုတ်သော လွတ်လပ်သည့် သိုင်းသမားဖြစ်ကြောင်း သိသာလှသည်။


ကျောက်ဟုန်လန်က လျန်လီအား ရန်ကျန်းအကြောင်းကိုလည်း မိတ်ဆက်ပေးလိုက်သည်။ ဤရန်ကျန်းမှာ အတော်အတန် နာမည်ရနေသော လူငယ်ဓားသမားတစ်ဦး ဖြစ်၏။


ယွင်ဟွေ့ကျိုး နာမည်ကြီးသလား၊ မကြီးဘူးလား ဆိုသည်ကိုမူ လျန်လီက မစုံစမ်းတော့ပေ။


သို့သော် ယွင်ဟွေ့ကျိုး၏ ပြိုင်ဘက် စင်ပေါ်တက်သွားပြီးနောက် ပတ်ဝန်းကျင်မှ ပြောဆိုနေကြသည်များကို သူ အမှတ်မထင် ကြားလိုက်ရသည်။


"ရန်ကျန်းကို ငါသိတယ်၊ သူက ရှောင်ပိုင်မြို့ပြင်က ဓားပြဂိုဏ်းကို တစ်ယောက်တည်း အမြစ်ပြတ်အောင်ရှင်းခဲ့တာတဲ့၊ သိုင်းမဟာမိတ်ကနေလည်း ဆုကြေးငွေ အများကြီးရခဲ့တာလေ”


"ဟုတ်တယ်၊ ငါလည်း ကြားဖူးတယ်၊ အဲဒီဂိုဏ်းရဲ့ ခေါင်းဆောင်က ဒုတိယတန်းစား အကျော်အမော်ပဲ၊ တခြားခေါင်းဆောင်နှစ် ယောက်ကလည်း တတိယတန်းစားတွေ ဓားပြတွေ ရာနဲ့ချီရှိတာကို သူ တစ်ယောက်တည်း အကုန်ရှင်းပြီး ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးတွေကိုလည်း ကယ်ခဲ့တာ”


"သူ့ရှေ့ကလူက ဘယ်သူလဲ ? နာမည်ကြည့်ရတာတော့ ဂိုဏ်းတစ်ခုခုကပဲ၊ ဒါပေမဲ့ ယစ်မူးအိမ်မက်ကျွန်း ဆိုတာ ကြားဖူးတဲ့သူ ရှိလား”


"မင်း ယစ်မူးအိမ်မက်ကျွန်းကို မသိဘူးလား ? သိုင်းလောကရဲ့ ထူးခြားဆန်းပြားတဲ့ အကျော်အမော် ၂၈ ယောက်ထဲက ၅ ယောက်က အဲဒီကျွန်းကပဲလေ”


"ဝိုး~ အဲဒါဆိုရင်တော့ အံ့သြစရာပဲ! ရန်ကျန်းကတော့..."


"အဲဒါတော့ မသေချာဘူးလေ၊ ယစ်မူးအိမ်မက်ကျွန်း ဆိုတာက နေရာတစ်ခုရဲ့ နာမည်ပဲဥစ္စာ၊ အနီးအနားမှာ ကျွန်းအသေးလေးတွေ အများကြီး ရှိတာပဲ၊ အဲဒီက လူတွေက သိုင်းပညာ အရမ်းကြီးမတတ်တာမျိုးလည်း ဖြစ်နိုင်တာပဲလေ”