Ch 2
Viewers 1k

☘️ Chapter 2


လျန်လီ နိုးလာသောအခါ မှောင်မည်းသော ကုလားကာများကို မြင်လိုက်ရသော်လည်း ပြတင်းပေါက်ကို ဖွင့်ထားသဖြင့် အခန်းထဲတွင် လင်းထိန်နေ၏။


သူ့တွင် အားအင်အစအနမျှ မကျန်တော့သော်လည်း အိပ်ရာမှာမူ အတော်နူးညံ့လှသည်။


သူ့ဝမ်းဗိုက်ထဲမှ တဂူးဂူးမြည်သံများက သူ အလွန်ဗိုက်ဆာနေပြီဖြစ်ကြောင်း အော်ဟစ်အချက်ပေးနေသည်။


လျန်လီသည် အားအင်ချည့်နဲ့စွာဖြင့် အိပ်ရာပေါ်တွင် ကြောင်တောင်တောင်ထိုင်နေမိ၏။ သူ အခန်းထဲကို ဝေ့ဝဲမကြည့်ရသေး မီမှာပင် အရိပ်တစ်ခုက သူ့အပေါ်သို့လွှမ်းမိုးသွားသည်။


သူ့ရှေ့တွင်ရပ်ကာ ကိုင်းညွတ်၍ကြည့်နေသောသူကို သူ မော့ကြည့်လိုက်မိ၏။


ဤသူမှာ မည်သူဖြစ်သည်ကို ပြန်လည်သတိရရန် သူ အချိန်အနည်းငယ်ယူလိုက်ရသည်။


တဟီးဟီးနှင့် ဟိန်းဟောက်နေသော ဝံပုလွေများကိုနှိမ်နင်းပြီး သူ့ကို ကယ်တင်ခဲ့သည့် သူရဲကောင်းပင်။


ထိုလူငယ်သူရဲကောင်းသည် သားရေလက်ပတ်များပါသော အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ပစ္စည်းမျိုးစုံ ချိတ်ဆွဲထားသည့် ကျယ်ပြန့်သော သားရေခါးပတ်တစ်ခုကိုပတ်ထား၏။


၎င်း၏အပေါ်တွင် လက်ကောက်ဝတ်၌ အနားသတ်များပါသော ဝတ်ရုံကိုထပ်ဝတ်ထားရာ အထည်သားမှာ အလွန်အမင်း တန်ဖိုးကြီးသည်မဟုတ်သော်လည်း ကြည့်ရသည်မှာ အလွန်သက်သောင့်သက်သာရှိမည့်ပုံပင်။


သူသည် ဓားကိုကိုင်ကာ အိပ်ရာဘေးတွင် ရပ်နေသည်။ ပြတင်းပေါက်မှ တိုးဝင်လာသော လေပြေက သူhဆံပင်များ၊ ဝတ်ရုံအနား သတ်များနှင့် ဓားရိုးမှပိုးနီရောင်ကြိုးများကို လွှင့်ဖြူးနေစေရာ ရဲရင့်သောသူရဲကောင်းအသွင်ကိုပေါ်လွင်စေ၏။ လျန်လီသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပါးစပ်ကိုဖွင့်ကာ 


"ကျွန်တော့်အသက်ကို ကယ်တင်ပေးလို့ တကယ် ကျေးဇူးတင်ပါတယ်၊ သူရဲကောင်းကြီး ကျွန်တော့်မှာ ကျေးဇူးဆပ်ဖို့ နည်းလမ်းမရှိပါဘူး၊ ကျွန်တော် တတ်နိုင်တာက..."


ဤစကားစုကို အကြိမ်ပေါင်းများစွာ ကြားဖူးခဲ့သဖြင့် သူသည် "ကျေးဇူးဆပ်တဲ့အနေနဲ့ ကိုယ်ကိုကိုယ် ပေးဆပ်ပါရစေ" ဟု လွှတ်ခနဲ ပြောမိတော့မည့်ဆဲဆဲ ဖြစ်သွားရသည်။ ကံကောင်းထောက်မစွာဖြင့် လျန်လီသည် သူ့အမှားကို သတိပြုမိသွားပြီး အချိန်မီ ရပ်တန့်လိုက်နိုင်၏။ လူငယ်ဓားသမားသည် ကိုယ်ကိုပြန်မတ်လိုက်ပြီး မျက်လွှာ၍ သူ့ကို ကြည့်လိုက်သည်။ လျန်လီ စကားစပြတ်သွားသည်ကို မြင်သောအခါ သူက တဟားဟား ရယ်မောလိုက်ပြီးနောက် ပျင်းရိပျင်းတွဲ လေသံဖြင့် 


"ဘာတတ်နိုင်တာလဲ ? ဘာလို့ ဆုံးအောင် မပြောတာလဲ"


သူ့ စကားလုံးများမှာ အတော်ပင် နောက်ပြောင်ကျီစယ်သည့် ပုံစံပေါက်နေ၏။ လျန်လီသည် အနေရခက်စွာဖြင့် ပြုံးပြလိုက်မိပြီး ဤဓားသမားသည် လူတွေကိုကယ်တင်သည့်အခါတိုင်း ယခုကဲ့သို့ စကားမျိုးပြောတတ်သလားဟု တွေးတောနေမိသည်။ ထို့ကြောင့် သူကပင် အရှက်မရှိ ဆက်လက်၍ 


"ကျွန်တော် ကျေးဇူးဆပ်တဲ့အနေနဲ့ ကိုယ်ကိုကိုယ်လည်း မပေးဆပ်နိုင်ဘူးလေ"


လူငယ်ဓားသမားသည် သူ့ နောက်ပြောင်မှုကို စိတ်ထဲမထားပုံရဘဲ စားပွဲပေါ်ရှိ ဆေးပန်းကန်လုံးကို ညွှန်ပြကာ 


"နိုးပြီဆိုရင်လည်း သွားပြီး ဆေးသောက်လိုက်တော့၊ ခဏနေရင် စားပွဲထိုးက ဆန်ပြုတ်လာပို့လိမ့်မယ်၊ စားဖို့ မမေ့နဲ့ဦး စားသောက်ပြီးရင် အိမ်ကိုမြန်မြန်ပြန်တော့”


လျန်လီသည် ခက်ခဲစွာဖြင့် ထထိုင်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ ရှေးဟောင်းပုံစံ အခန်းငယ်လေးမှာ မကြီးမားလှဘဲ ခုတင်တစ်လုံး၊ စားပွဲတစ်လုံး၊ ဗီရိုတစ်လုံးနှင့် ကုလားထိုင်နှစ်လုံးသာ ရှိသော်လည်း အလွန်သန့်ရှင်းစင်ကြယ်သည်။ လျန်လီသည် စားပွဲတွင် ထိုင်ကာ ဆေးသောက်ရန် ပြင်လိုက်၏။ လူငယ်ဓားသမားက အိမ်ပြန်ရန် ပြောလိုက်သည်ကို ကြားသောအခါ သူ့မျက်ဝန်းများ မှောင်မှိန်သွားပြီး ဆေးပန်းကန်လုံးနားတွင် လက်က ရုတ်တရက်ရပ်တန့်သွားသည်။ ဤသည်ကို မြင်သောအခါ လူငယ်ဓားသမားက လျန်လီသည် သူ့မိသားစုနှင့် ရန်ဖြစ်လာသည်ဟု ထင်မှတ်သွား၏။ အမှန်စင်စစ် ဤလူငယ်၏ အဝတ်အစား များမှာ ချမ်းသာသော မိသားစုမှမဟုတ်သော်လည်း သပ်ရပ်နေပြီး အသားအရေမှာလည်းဖြူစင်ကာ လက်ပေါ်တွင် အမာရွတ် သို့မဟုတ် အသားမာများမရှိသဖြင့် အိမ်တွင် အလိုလိုက်ခံထားရသူဖြစ်ပေလိမ့်မည်။


လူငယ်ဓားသမားသည် လျန်လီကို ဂရုမစိုက်တော့ဘဲ ဗီရိုဆီသို့ လျှောက်သွားကာ သူ့အထုပ်ကို ထုတ်ယူ၍ ပခုံးတွင် လွယ်လိုက်ပြီး ထွက်ခွာတော့မည့်ပုံ ပေါ်နေသည်။ လျန်လီသည် လန့်သွားပြီး သူ့ခံစားချက်များကို မေ့လျော့ကာ အမြန်လှမ်းခေါ်လိုက်၏။


"သူရဲကောင်းကြီး! သူရဲကောင်းကြီးရဲ့ ဘွဲ့နာမည်လေး သိပါရစေ"


လူငယ်ဓားသမားသည် လက်ကိုသာ ဝေ့ယမ်းပြလိုက်ပြီး ပြန်လည်ဖြေကြားရန် စိတ်ကူးမရှိပုံရပေ။ လျန်လီသည် မိမိတွင် ပြားစေ့ တစ်စေ့မျှ မရှိသည်ကိုလည်းကောင်း၊ ဤကမ္ဘာရှိ မိမိအိမ်သို့လည်း မပြန်နိုင်သည်ကိုလည်းကောင်း တွေးတောနေမိ၏။ ထို့ပြင် ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်မှာလည်း ဘဝအတွေ့အကြုံ နည်းပါးပြီး အသုံးဝင်သော မှတ်ဉာဏ် အနည်းငယ်သာရှိသည့် သောက ကင်းဝေးသူတစ်ဦးဖြစ်သည်။ မိမိကိုယ်တိုင်ကလည်း ခုတင်ပေါ်တွင်သာ အချိန်ကုန်ခဲ့ရသူဖြစ်သဖြင့် အတွေ့အကြုံ မရှိလှပေ။ အကယ်၍ ဤသူရဲကောင်းသာ ထွက်သွားပါက သူသည် ဤကမ္ဘာတွင် မည်သူ့ကိုမျှ မသိဘဲ တစ်ကိုယ်တည်း ကျန်ရစ်တော့မည် ဖြစ်သည်။ သူ မည်သို့လုပ်ဆောင်ရမည်နည်း။


"သူရဲကောင်းကြီး ဘယ်ကို ကြွမှာလဲ ဟင် ? ကျွန်တော် ခဏလောက် အဖော်လိုက်ပါရစေလား"


ထိုသို့တွေးလိုက်မိသည်နှင့် စကားလုံးများက လွှတ်ခနဲထွက်သွားတော့သည်။ လျန်လီသည် လူငယ်သူရဲကောင်းကို မှီခိုရန် ရည်ရွယ်ခြင်း မဟုတ်ပေ။ သူသည် တစ်ကိုယ်တည်း မထွက်ခွာမီ ဤနေရာ၏ အခြေအနေကို အမှန်တကယ် နားလည်နိုင်ရန် အတွက် သူ့ကို ခဏမျှလမ်းပြပေးမည့်သူတစ်ဦးသာ လိုချင်ခြင်းဖြစ်သည်။ သူ အောင်မြင်လာသောအခါ သူရဲကောင်းကို ပြန်လည်ကျေးဇူးဆပ်ပါမည်။ သူ့စကားကို ကြားသောအခါ လူငယ်သူရဲကောင်းသည် အမှန်ပင်ရပ်တန့်သွားပြီး သူ့ကို လှည့်ကြည့်ကာ 


"မင်း အိမ်မပြန်ဘူးလား ? ငါ့နောက်ကို ဘာလိုက်လုပ်မှာလဲ"


သူရဲကောင်းက တိုက်ရိုက် ငြင်းပယ်ခြင်း မရှိသည်ကို မြင်သောအခါ လျန်လီသည် မျှော်လင့်ချက် ရှိလာသည်ဟု ထင်လိုက်မိ သည်။ သူသည် မူလပိုင်ရှင်၏မိသားစုအခြေအနေကို မှတ်ဉာဏ်ထဲမှ အမြန်ဆွဲထုတ်၍ပြောပြလိုက်သည်မှာ 


"ကျွန်တော့်မိဘတွေ ဆုံးသွားတာ လအနည်းငယ်ပဲရှိပါသေးတယ်၊ ကျွန်တော့်အစ်ကိုနဲ့ မရီးက ကျွန်တော့်ကို မကျွေးချင်တာနဲ့ အိမ်ပေါ်က နှင်ချလိုက်ကြတာပါ"


စကားအဆုံးတွင် သူသည် လက်ဖမိုးဖြင့် မျက်လုံးထောင့်ကို သုတ်သည့်ဟန်ပင် လုပ်ပြလိုက်သေးသည်။ ဤပြောကြားချက်မှာ မုသားအနည်းငယ်ပါဝင်၏။ မူလပိုင်ရှင်၏ အစ်ကိုနှင့် မရီးသည် သူ၏ ရောဂါသည် ရုပ်သွင်ကြောင့် သူ့ကို မနှစ်သက်ကြသော် လည်း မိဘများဆုံးပါးပြီး လအနည်းငယ်အတွင်း အိမ်ပေါ်က နှင်ချရန်မူမဝံ့ရဲကြပေ။ ထိုသို့လုပ်ဆောင်ပါက ရွာထဲတွင် အတင်းအဖျင်း ပြောစရာဖြစ်လာပေလိမ့်မည်။ သို့သော် မူလပိုင်ရှင်အတွက် အစ်ကိုဖြစ်သူအိမ်တွင် နေထိုင်ရသည်မှာလည်း မလွယ်ကူလှပေ။ သူသည် စာပေအနည်းငယ် သင်ကြားဖူးပြီး ရွာထုံးစံအရ အိမ်ထောင်ပြုရမည့် အရွယ်သို့ရောက်နေပြီ ဖြစ်သည်။ သို့သော် သူ၏အနည်းငယ်မောက်မာသောစရိုက်က အများချစ်ခင်မှုကို မရရှိသလို၊ သူ့အတွက် အိမ်ထောင်ဖက် ရှာဖွေပေးရန်မှာ လည်း အကုန်အကျများလှသဖြင့် အစ်ကိုဖြစ်သူနှင့် မရီးက ထိုသို့ မလုပ်ဆောင်လိုကြပေ။


သူ့မရီးသည် သူ့ကို အမြဲတစေ စောင်းမြောင်းပြောဆိုလေ့ရှိသည်။ အစပိုင်းတွင် မူလပိုင်ရှင်သည် သူ့အစ်ကိုကို တိုင်တန်းသော် လည်း အစ်ကိုဖြစ်သူက အပြင်ပန်းတွင် သဘောတူဟန်ပြသော်လည်း ကွယ်ရာတွင်မူ ဘာမျှမလုပ်ဆောင်ပေးပေ။ သူသည် မူလပိုင်ရှင်ကို စိတ်နာပြီး သူ့အလိုလိုထွက်သွားစေရန် ဆွပေးခြင်းဖြင့် ဤဝန်ထုပ်ဝန်ပိုးကိုဖယ်ရှားလိုခြင်းဖြစ်သည်။ ထိုသို့ဖြစ်လျှင် ရွာထဲတွင်လည်း "သူတို့က နှင်ချခြင်းမဟုတ်ဘဲ မူလပိုင်ရှင်က သူ့အလိုအလျောက် ထွက်သွားတာ" ဟု အကြောင်းပြချက်ပေးနိုင်မည် ဖြစ်သည်။ ဤသည်မှာ သူတို့အတွက် မင်္ဂလာဆောင်စရိတ်ကိုလည်း သက်သာစေပေလိမ့်မည်။


ကြာလာသောအခါ မူလပိုင်ရှင်သည် စိတ်ဓာတ်ကျလာပြီး နွားကလေးတစ်ကောင်ကဲ့သို့ သန်မာသော သူ့တူဖြစ်သူ၏ အထင်သေး ခြင်းကိုပင် ခံလာရသည်။ ကလေးများသည် လူကြီးများကဲ့သို့ မကြောက်တတ်ကြသဖြင့် ထိုတူဖြစ်သူက သူ့ကို "ရောဂါသည်" "ဝန်ထုပ်ဝန်ပိုး" ဟု အမြဲခေါ်လေ့ရှိသည်။ သူသည် မည်သူ့ကိုမျှ ဖုံးကွယ်ထားခြင်းမရှိသလို ရွာထဲမှ သူနှင့်ကစားဖော် ကလေးများကလည်း ထိုအတိုင်းပင်လိုက်ခေါ်ကြသည်။ ထို့ကြောင့် စိတ်တိုတိုနှင့်ပင် မူလပိုင်ရှင်သည် အမှန်တကယ် ရွာမှ ထွက်လာခဲ့ခြင်းဖြစ်သည်။ သို့သော် ကျန်းမာရေးမကောင်းသူဖြစ်သည့်အပြင် ဘာမျှမစားဘဲထွက်လာခဲ့ခြင်း ဖြစ်သည်။ သူသည် လမ်းအတိုင်း နှစ်ရက်နှင့် တစ်ညလုံးလျှောက်လှမ်းလာခဲ့ပြီးနောက် နောက်ဆုံးတွင် လမ်းဘေး၌သေဆုံးသွားခဲ့ရာမှ လျန်လီက ကမ္ဘာကူးပြောင်းလာနိုင်ခဲ့ခြင်းဖြစ်သည်။ ဓားသမားရှေ့တွင် သူ မေ့လဲသွားခြင်းမှာလည်း ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်မှုနှင့် ဆာလောင်မှုတို့ကြောင့်ပင်။


တံခါးဝရှိ ဓားသမားသည် လျန်လီကို စိုက်ကြည့်ရင်း ရပ်နေသည်။ သူ့ စူးရှသော မျက်ဝန်းများက လျန်လီကို ထိုးဖောက်ကြည့် နေသကဲ့သို့ပင်။ လျန်လီသည် အလိုအလျောက် ရှောင်ဖယ်လိုသော်လည်း မဖြစ်နိုင်ဟုခံစားရ၏။ သူသည် လူငယ်ဓားသမား၏ ကြည့်ရှုမှုကို ခံယူနေရင်း ကျောပြင်တွင် ချွေးအေးများထွက်လာသည်။ အတော်ကြာမှ ထိုဓားသမားသည် အကြည့်ကို လွှဲလိုက်ပြီး 


"ယွင်ဟွေ့ကျိုး"


လျန်လီသည် အံ့အားသင့်သွားပြီးမှ ထိုအရာမှာ ဓားသမား၏ နာမည်ဖြစ်ကြောင်း သတိပြုမိကာ မိမိနာမည်ကိုလည်း အမြန်ပြောလိုက်၏  "လျန်လီ ပါ"


တိုက်တိုက်ဆိုင်ဆိုင်ပင် မူလပိုင်ရှင်၏နာမည်မှာလည်း သူနှင့် တူညီနေသည်။ ယွင်ဟွေ့ကျိုးက သူ့အထုပ်ကို ပြန်ချလိုက်သည်ကို မြင်သောအခါ လျန်လီသည် စိတ်သက်သာရာရသွားပြီး လောလောဆယ်တွင် မိမိကို ကြည့်ရှုစောင့်ရှောက်မည့်သူ ရှိသွားပြီဖြစ် ကြောင်း သိလိုက်ရသည်။ စိတ်ထဲမှ ယွင်ဟွေ့ကျိုးကို "လူကောင်း" ဟု သတ်မှတ်ကာ ဤကျေးဇူးကို မှတ်သားထားပြီးနောက် လျန်လီသည် စိတ်အေးလက်အေးဖြင့် ဆေးသောက်နိုင်ပြီဖြစ်သည်။


မည်းနက်သော ဆေးရည်ထဲတွင် လျန်လီလက်ရှိရုပ်သွင်က ပေါ်လာရာ သူသည် မှင်တက်သွားမိ၏။ ဤမူလပိုင်ရှင်၏ မျက်နှာမှာ သူ၏ ယခင်ဘဝက သေဆုံးချိန်ကထက် အနည်းငယ် ပိုငယ်နေသည်ကလွဲလျှင် သူနှင့် ထပ်တူပင် ဖြစ်သည်။ သို့သော် ထိုစဉ်ကတည်းက သူသည် ရောဂါဝေဒနာကို ခံစားနေရပြီဖြစ်ပြီး မူလပိုင်ရှင်ခန္ဓာကိုယ်မှာလည်း အားနည်းနေသဖြင့် ရောဂါသည် ရုပ်သွင်မှာပင် တူညီနေခြင်းဖြစ်သည်။ တရုတ်ဆေးအများစုမှာ ခါးသက်လှသဖြင့် လျန်လီသည် ဆေးသောက်ရာတွင် အတွေ့အကြုံ များလှသည်။ သူသည် မျက်လုံးကိုမှိတ်၊ နှာခေါင်းကိုပိတ်ကာ ဆေးရည်များကိုမော့ချလိုက်၏။ သူသည် တစ်ကျိုက်တည်းနှင့် ကုန်အောင်သောက်လိုက်ပြီး ရေကိုချက်ချင်းမသောက်ဘဲ ခဏစောင့်ပြီးမှ ရေနွေးနွေးလေးကို သောက်လိုက်သည်။


ထိုစဉ် တံခါးခေါက်သံ ကြားလိုက်ရပြီး စားပွဲထိုးအသံထွက်ပေါ်လာသည်မှာ "သခင်လေး၊ ဆန်ပြုတ်အဆင်သင့် ဖြစ်ပါပြီ"