အခန်း (၅၉) – သဘာဝကျကျ
စာရေးစုတ်တံသည်
ရွှေထောင်နှင့်ချီတန်သည်ဟု ရှန်းယောင် ပြောသည်ကို ကျီကျောက် ကြားသောအခါတွင် သူမ
နှလုံးသားထဲတွင် နောင်တရသလို ခံစားလိုက်ရသည်။
ဒီစာရေးစုတ်တံက
အရမ်းတန်ဖိုးကြီးမှန်း သူမ သိခဲ့ရင် သူမကိုယ်တိုင်အတွက် သိမ်းဆည်းထားမိမှာပါ…
သို့သော် ရှန်းယောင်၏
ပျော်ရွှင်နေသော အပြုံးကို မြင်ပြီး သူမ လက်ဆောင်ကို ပြန်ယူချင်ကြောင်း
မပြောနိုင်တော့ပေ။
ကျီကျောက်သည် သူ့ကို
အပြစ်ကင်းစင်စွာ ပြုံးပြရုံမှတပါး ရွေးချယ်စရာ မရှိပေ။
ညစာစားနေစဉ်
ဟုန်ရှင်းစားသောက်ဆိုင်မှ လက်ထောက်ဆိုင်ရှင်ယို့က ကျီကျောက်ကို
သားပြွမ်းစားဖိုမှုးအဖြစ် ဖိတ်ခေါ်လိုကြောင်း ကြားသောအခါ မိသားစုဝင်တွေအကုန်
အံ့အားသင့်သွားကြသည်။
“ငွေခြောက်လျန်း… ဒီလောက်ငွေနဲ့ဆို
ငါတို့ အရသာရှိတဲ့ အဆာပြေမုန့်တွေ အများကြီးဝယ်လို့ရတယ်…” ဒုတိယမရီးရှန်းက
အမြန်တွက်ချက်ပြီး ငွေခြောက်လျန်းသည် အဆာပြေမုန့်များစွာနှင့် ညီမျှကြောင်း
တွေ့လိုက်ရသည်။ သူမက ချက်ချင်းဆိုသလို ဝမ်းသာအားရ ပြုံးလိုက်သည်၊ “အာ့ထောင် နင်က
အရမ်းတော်တာပဲ။”
“တကယ်တော့ ငါ သားပြွမ်းဟင်းကို
စားသောက်ဆိုင်မှာ ချက်ပြုတ်ရတာထက် ကိုယ်တိုင်စီးပွားရှာဖို့ ချက်ပြုတ်ရတာကို
ပိုကြိုက်တယ်” ကျီကျောက်က ပြုံးပြီး သူမ၏ အစီအစဉ်ကို ပြောပြသည်။
“စီးပွားရှာရတာ မလွယ်ဘူး”
ရှန်းတာ့ရှန်က မျက်မှောင်ကြုတ်ပြီး ပြောသည်၊ “နင် စီးပွားရေး မလုပ်ခင်
သေချာစဉ်းစားရမယ်။ နင့်အစ်ကိုကြီးတို့လင်မယားကို ဥပမာ ယူကြည့်ချေ။ သူတို့
အစာသွပ်မုန့်ဆိုင်ကို နှစ်အတော်ကြာအောင် ဖွင့်လာခဲ့ပြီး ငွေကို ပင်ပင်ပန်းပန်း
ရှာဖွေခဲ့ရတယ်။ မနက်စောစော အိပ်ရာထရတယ်၊ နောက်ကျမှ အိပ်ရာထလို့မရတဲ့အပြင်
ဧည့်သည့်မျိုးစုံနဲ့ ပြောဆိုဆက်ဆံရတယ်။”
“အဖေ ကျွန်မ နားလည်ပါတယ်”
ကျီကျောက်က ခပ်ဖွဖွပြုံးသည်၊ “ဒါ့ကြောင့် ကျွန်မ အရင်ဆုံး ငွေရှာဖို့
ဟုန်ရှင်းစားသောက်ဆိုင်ဆိုတဲ့ သစ်ပင်ကြီးကို မှီခိုဖို့ စီစဉ်ထားတယ်။
လုပ်ငန်းအတွက် အရင်းအနှီး အလုံအလောက်ရတဲ့အခါကျမှ တခြားအရာတွေကို စဉ်းစားမှာပါ။”
“အာ့ထောင် နင့်စိတ်ထဲမှာ
အစီအစဉ်ဆွဲထားပြီးသားဆိုရင် နောက်မတွန့်ဘဲ ဆက်လုပ်ချေ” ကျောက်လန်ဟွာက ကျီကျောက်၏
အစီအစဉ်ကို အပြည့်အဝ ထောက်ခံသည်၊ “အမေ နင့်ကို ယုံတယ်။ နင် သေချာပေါက်
လုပ်နိုင်မယ်လို့ ငါယုံကြည်တယ်။”
“ဟုတ်ကဲ့”
သူတို့ရဲ့ ပံ့ပိုးမှုတွေကြောင့်
ကျီကျောက်တစ်ယောက် အလွန်ယုံကြည်မှုရှိသလို ခံစားရသည်။
ညစာစားပြီးသောအခါ ရှန်းယောင်သည်
ကျီကျောက်နောက်သို့လိုက်သွားခဲ့သည်။
“ကိုယ် ဒီစာရေးစုတ်တံကို
စမ်းကြည့်ချင်လို့။ မင်း အနားယူတာကို အနှောင့်အယှက်ပေးသလိုများ ဖြစ်နေမလား”
ရှန်းယောင်က သူမ၏ မျက်ဝန်းတွေကိုကြည့်ပြီး တိုးတိုးလေး မေးသည်။
“မဖြစ်ပါဘူး” ကျီကျောက်က ခေါင်းကို
အမြန်ခါလိုက်သည်၊ “ဒါပေမယ့် ကျွန်မ ရှင်စာရေးတာကို ကြည့်လို့ရမလား။”
ကျီကျောက်သည် မူရင်းစာအုပ်တွင်
ရှန်းယောင်၏ လက်ရေးသည် အထူးကောင်းမွန်သည်ဟု မှတ်တမ်းတင်ထားသော်လည်း
သူ့လက်ရေးစာမူများထက်စာလျှင် သူ့ပန်းချီကားတွေက ပို၍ တန်ဖိုးရှိသည်။
မူရင်းစာအုပ်တွင် ရှန်းယောင်သည် အမတ်ချုပ်ကြီး ဖြစ်လာပြီးနောက် သူ့ပန်းချီကားတွေက
အဖိုးမဖြတ်နိုင်ပေ။
ရှန်းယောင်၏ ပန်းချီကားတစ်ချပ်ကို
အခုပဲ ရနိုင်မယ်ဆိုရင် အရမ်းကောင်းပါလိမ့်မည်။
“ရတာပေါ့” ရှန်းယောင်က
စိတ်ကျေနပ်စွာ သဘောတူလိုက်သည်။
သူက စားပွဲဆီသို့ လျှောက်သွားပြီး
စာရွက်ဖြူ တစ်ရွက်ကို ကောက်ယူကာ ဖြန့်လိုက်သည်။
“မင်း ငါနဲ့အတူ မီးဖိုချောင်ထဲ
လိုက်ခဲ့မလား” ရှန်းယောင်က ရုတ်တရက် ကျီကျောက်၏ နူးညံ့တောက်ပတဲ့ မျက်နှာကို
မော့ကြည့်ပြီး ညင်သာစွာ ပြုံးလိုက်သည်။
“ဘာဖြစ်လို့ မီးဖိုချောင်ထဲ
သွားမှာလဲ” ကျီကျောက်က မေးလိုက်သည်။
“စာမရေးခင် ဒီစာရေးစုတ်တံကို
ဖွင့်ရမယ်လေ” ရှန်းယောင်က ခပ်ဖွဖွပြုံးပြီး တိုးတိုးလေး ရှင်းပြသည်။
“ဖွင့်ရမယ်လား။”
ကျီကျောက်သည် ထူးဆန်းသော
ဗဟုသုတအချက်များကို ထပ်မံတိုးပွားခဲ့ပြန်သည်။ မေးခွန်းများမေးရန် မရှက်ကြောက်သော
ကျီကျောက်သည် ဤစကားလုံး၏ အဓိပ္ပါယ်ကို လျင်မြန်စွာ နားလည်သဘောပေါက်ခဲ့သည်။
အဖွင့်လို့ခေါ်တဲ့ အဓိပ္ပါယ်ကတော့
စုတ်တံအသစ်ရဲ့ ထိပ်ဖျားကို လှည့်ဖြုတ်ပြီး ရေနွေးနွေးထဲမှာ စိမ်ထားရပါမယ်။
စုတ်တံကို ဆယ်မထုတ်ခင် ဆယ်မိနစ်ခန့် အနည်းဆုံး စိမ်ထားဖို့ လိုအပ်သည်။
စာရေးစုတ်တံကို
မှင်ကျောက်သွေးထားသော မှင်ထဲသို့နှစ်ပြီးနောက် ရှန်းယောင်သည် သူ့လက်ကို
အသာမြှောက်ပြီး စာလုံးကြီး လေးလုံးကို လေးနက်စွာ ရေးသားခဲ့သည်။
ကျီကျောက်က သူ့ကို
အံ့အားသင့်မှုတွေ ပြည့်နှက်နေသောအကြည့်တွေဖြင့် မော့ကြည့်လိုက်သည်။
“ရှင့်လက်ရေး အရမ်းလှတယ်။”
ရှန်းယောင်သည် သူတို့၏ နာမည်
နှစ်ခုကို ရိုးရိုးရှင်းရှင်း ရေးသားထားသော်လည်း ကျီကျောက်ကတော့ အံ့ဩနေဆဲပင်။
ရှန်းယောင်၏ စကာလုံးများသည်
အားမာန်နှင့် အလှကို တစ်ခုတည်းအသွင် အပြည့်အဝ ပေါင်းစပ်ထားပုံရသည်။
စုတ်ချက်များသည် အနည်းငယ်
ထက်မြိပုံပေါ်သော်လည်း အနီးကပ် စစ်ဆေးကြည့်သောအခါတွင် ၎င်းတို့သည်
အလွန်ပျော့ပျောင်းပုံရသည်။
ရှန်းယောင်က သူ့နှုတ်ခမ်းကို
တိတ်တဆိတ် ကွေးညွှတ်ပြီး ‘ကျီကျောက်’ ဆိုတဲ့ စကားလုံးအောက်မှာ မက်မွန်သီး တစ်လုံး
ရေးဆွဲလိုက်သည်။
ရှန်းယောင်သည်
ရိုးရှင်းသော စုတ်ချက်များကိုသာ ရေးဆွဲထားသော်လည်း ကျီကျောက်သည် ထိုမက်မွန်သီးက အသက်ဝင်ပြီး
အလွန်အမင်း လှပသည်ဟု ခံစားမိသည်။