အခန်း (၄၆)
အမျိုးကောင်းသားတစ်ယောက်ဆို မီးဖိုချောင်နဲ့ ဝေးဝေးနေရမယ်
ရှန်းယောင်သည် သူမကိုမော့ကြည့်ကာ
ပြုံးပြလိုက်သည်။
“မင်းရဲ့ စူးရှတဲ့ အမြင်တွေနဲ့
အချိန်တိုင်း တိကျတဲ့ ညွှန်ပြချက်တွေကြောင့် မဟုတ်ရင် ငါ ဒီလောက် ရှာနိုင်မှာ
မဟုတ်ဘူး။”
“ငါးတွေ အများကြီးရှိတယ်။
ကျွန်မတို့တွေ အရသာရှိတဲ့ ငါးဟင်းတွေ အများကြီး ချက်စားလို့ရတယ်။” ကျီကျောက်ရဲ့
မျက်လုံးတွေကို ခြင်းတောင်းထဲက အသက်ရှင်နေဆဲဖြစ်သည့် ငါးတွေက လုံးဝကို
စွဲဆောင်ထားခဲ့သည်။
ရှန်းမိသားစုအိမ်ခြံဝင်း။
ကျောက်လန်ဟွာသည် ငါးတွေ
အများကြီးကို မြင်သောအခါ ဝမ်းသာအားရ ပြုံးလိုက်မိသည်။ “အတူတူ အလုပ်လုပ်မယ်ဆိုရင်
ပိုအောင်မြင်လိမ့်မယ်ဆိုတဲ့ ရှေးဆိုရိုးက မှန်တာပဲ။”
“တကယ်တော့ တတိယလေးက ငါးတွေ
အများကြီး ပိုဖမ်းမိတာ။ ငါက စုစုပေါင်းပဲ ငါးကောင်ပဲ ဖမ်းမိတယ်။” ရှန်းတာရှန်က
နုံအစွာပြုံးပြီး ပြောသည်။ “လန်ဟွာ၊ ငါးတွေက အများကြီးပဲ။ ငါတို့တွေ ဒါကို
ဘယ်လိုဖြေရှင်းကြမလဲ။”
“နေ့လည်စာ စားပြီးရင် ရှင်နဲ့
တတိယလေးတို့ ခရိုင်မြို့ကို သွားချေ။ ရှင်တို့ တာ့လန်ဆီကို အရင်သွားပြီး
စားသောက်ဆိုင်မှာ သွားရောင်းခိုင်းချေ။” ကျောက်လန်ဟွာက ဒါကို တစ်ခဏတာမျှ
စဉ်းစားပြီးတော့ ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။
မီးဖိုချောင်တွင် ကျီကျောက်သည်
ကြီးမားပြီး အဆီဖြိုးသော ငါးခေါင်းကို ရွေးချယ်ခဲ့သည်။ သူမသည်
ငါးခေါင်းငရုတ်ကောင်းဟင်း ချက်ပြုတ်ဖို့ စီစဉ်ထားပြီး ကျန်ရှိနေသည့်
ငါးအသားများကို ငါးဟင်းချက်ပြုတ်ရန် စီစဉ်ခဲ့သည်။
ရှန်းယောင်တစ်ယောက်
မီးဖိုချောင်ထဲကိုဝင်လာတော့ ကျီကျောက်က ငါးခေါင်းတွေကို လှီးဖြတ်နေသည်။
သူမ ဓားကို မြှောက်ပြီး
ချလိုက်တာကို မြင်တော့ ရှန်းယောင်က တိတ်တဆိတ် မျက်ခုံးပင့်လိုက်မိသည်။
“ရှင် ဗိုက်ဆာနေပြီလား။ ထမင်းကတော့
အဆင်သင့်ပဲ။ ကျွန်မ ဟင်းချက်တာ အတော်လေး မြန်ပါတယ်။” ကျီကျောက်က ရှန်းယောင်ကို
မျက်ဝန်းထောင့်မှ လှမ်းမြင်လိုက်တော့ လှည့်ကြည့်ပြီး ပြုံးကာ ပြောလိုက်သည်။
“ငါ မင်းကို ဘာကူညီပေးရမလဲ။”
“အင်း” ကျီကျောက်က ပျော်ရွှင်စွာ
ပြန်ဖြေသည်။ “ဒါဆို ရှင် ကျွန်မကို ကြက်သွန်ဖြူ အခွံနွှာပေးပါလား။ ကျွန်မ
ခဏနေကျရင် လိုလိမ့်မယ်။”
“အင်း”
ကျီကျောက်က ပြုံးပြီး ငါးခေါင်းကို
ကိုင်တွယ်နေရင်း သက်ပြင်းချကာ စကားဆိုလိုက်သည်။ “ကျွန်မ ဒုတိယမရီးဆီကနေ ရှင်က
စာပေလေ့လာတာ အရမ်းတော်တယ်လို့ကြားတယ်။ ရှင် မီးဖိုချောင်ထဲ မဝင်လောက်ဘူးလို့
ကျွန်မ ထင်ခဲ့တာ။ အမျိုးကောင်းသားတစ်ယောက်ဆို မီးဖိုချောင်နဲ့ ဝေးဝေးနေပါလို့
စာသင်သားတွေ တော်တော်များများက ပြောကြတယ်မလား။”
“အစားအစာက လူတွေအတွက်
အရေးကြီးဆုံးပဲ” ရှန်းယောင်က တိုးတိုးလေး ရယ်လိုက်သည်။ “ဒါ့အပြင်
အမျိုးကောင်းသားတစ်ယောက်ဆို မီးဖိုချောင်နဲ့ ဝေးဝေးနေရမယ်ဆိုတဲ့စကားတွေက
နှုတ်ပြောသက်သက်ပါ။ တကယ့် အဓိပ္ပါယ်က အဲ့လို မဟုတ်ဘူး။”
“အိုး… ရှင် အသေးစိတ်ကို
သိတယ်လား။” ကျီကျောက်က သိချင်စိတ် ပြင်းပြသွားသည်။
“အမျိုးကောင်းသားတစ်ယောက်
မီးဖိုချောင်နဲ့ ဝေးဝေးနေပါ။ အသွေးအသားနဲ့ တက်ကြွတဲ့ ဘယ်သူမဆို မမောက်မာသင့်ဘူး”
ရှန်းယောင်က နူးညံ့သိမ်မွေ့စွာ ရှင်းပြခဲ့သည်။ “ဒီစာကြောင်းရဲ့ တကယ့်ရည်ရွယ်ချက်က
အမျိုးကောင်းသားတစ်ယောက်မှာ ကြင်နာတတ်တဲ့ အကျင့်ရှိဖို့ လှုံ့ဆော်ပေးတာပါ။”
“ကျွန်မ သိပြီ” ကျီကျောက်က
ရုတ်တရက် ပြုံးလိုက်သည်။ “ကျွန်မက တကယ့်ကို ဗဟုသုတ နည်းပါးတာပဲ။”
“မင်း စာပေကို တကယ်
မလေ့လာဖူးဘူးလား” ရှန်းယောင်က ရုတ်တရက် သူမကို စိုက်ကြည့်ပြီး တိုးတိုးလေး
မေးခွန်းထုတ်လိုက်သည်။
ကျီကျောက်တစ်ယောက်
အထိတ်တလန့်ဖြစ်သွားသည်။ ရုတ်တရက်ဆိုသလို သူမ၏ လက်ချောင်းကို ဓားဖြင့်
လှီးဖြတ်မိပြီး နာကျင်မှုကြောင့် သူမ ပင့်သက်ရှိုက်မိသည်။
ရှန်းယောင်က သူမလက်ကို အလျင်စလို
ဆွဲယူပြီး ဒဏ်ရာကို ဂရုတစိုက် ညင်သာစွာ သုတ်ပေးလိုက်သည်။
“နာသွားလား။”
“တကယ်တော့… အဆင်ပြေပါတယ်”
ကျီကျောက်က သူမလက်ကို အလျင်စလို ပြန်ဆွဲယူပြီး သူ့ရဲ့ နူးညံ့တဲ့ အကြည့်တွေကို
ဖယ်ရှောင်လိုက်သည်။
ယခုအခိုက်အတန့်မှာ သူမ
မိန်းမောတွေဝေသွားသလို ခံစားလိုက်ရသည်။
ရှန်းယောင်သည် ရုတ်တရက်
မတ်တပ်ရပ်ပြီး လှည့်ထွက်သွားသည်။
ကျီကျောက်သည် သူမ၏ နှလုံးသားထဲတွင်
ဆုံးရှုံးသွားသလိုမျိုး ခံစားချက်ကို ရုတ်တရက် ခံစားလိုက်ရသည်။
“မင်းရဲ့ ဒဏ်ရာရနေတဲ့လက်ကို
ဆန့်ထုတ်လိုက်ပါ။” ခဏကြာတော့ ရှန်းယောင်သည် ဆေးမှုန့်နှင့် ပတ်တီးစကို ယူပြီး
ရောက်လာခဲ့သည်။
ခဏအကြာတွင် ကျီကျောက်သည်
ပိုးကောင်အိမ်ကဲ့သို့ ပတ်တီးစည်းထားသည့် သူမ၏ လက်ချောင်းတွေကို ကြည့်ပြီး
ကူကယ်ရာမဲ့နေသည့် အပြုံးဖြင့် မေးမြန်းလိုက်သည်။ “ဒါက… နည်းနည်း
မလွန်ကဲနေဘူးလားဟင်။”
“မင်း ဒဏ်ရာကို သေချာမကုသဘူးဆိုရင်
ပိုဆိုးရွားသွားလိမ့်မယ်။” ရှန်းယောင်က လေးနက်တဲ့ အမူအရာနဲ့ ပြောလိုက်သည်။
“ဒါပေမယ့် ကျွန်မလက်တွေကို
ဒီလိုဖြစ်နေပြီဆိုတော့ ကျွန်မ ဘယ်လိုချက်ပြုတ်ရတော့မှာလဲ။” ကျီကျောက်က
ပုခုံးတွန့်ပြီး ပြောလိုက်သည်။
“မင်း ကိုယ့်ကို သင်ပေး၊ ကိုယ်
ချက်မယ်။”
“ရှင် တကယ်ပြောနေတာလား။”
“ဟုတ်တယ်” ရှန်းယောင်က
လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။
ဒီလိုနဲ့ ကျီကျောက်သည်
ဘေးဖယ်လိုက်ရပြီး ဆရာဖြစ်လာခဲ့သည်။
“ဒါဆို
ငါးခေါင်းငရုတ်ကောင်းဟင်းကို အရင်လုပ်ရအောင်။ ကျွန်မ ငါးခေါင်းကို အရသာနှပ်ပြီးပြီ။”
ကျီကျောက်က ချက်ပြုတ်နည်းကို သေသေချာချာ ရှင်းပြပြီးနောက် ဘေးနားမှာ မတ်တပ်ရပ်ပြီး
ဒီမြင်ကွင်းကို သဘောတကျ ကြည့်နေခဲ့သည်။