Ch 33
Viewers 13k

အခန်း (၃၃) ငါးဖမ်းခြင်း

 

“ကျွန်မ…” ကျီကျောက်က ကျောက်လန်ဟွာ ဒီမေးခွန်းကို မေးလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူမ ခဏတာမျှ တုံ့ဆိုင်းသွားပြီး နှုတ်ခမ်းစေ့ပိတ်ကာ နှုတ်ဆိတ်နေခဲ့ပါသည်။

 

“ကောင်းပြီ၊ ယေဘူယျအားဖြင့် နင်ဘာတွေးနေလဲဆိုတာကို အမေနားလည်ပါတယ်” ကျောက်လန်ဟွာက သူမ၏ ပုခုံးလေးကို ပုတ်ပေးကာ သူမကို အပြုံးဖြင့် နှစ်သိမ့်ပေးလိုက်သည်၊ “ကောင်းကောင်းအနားယူချေ”

 

ကျီကျောက်သည် ကျောက်လန်ဟွာ၏ လေသံထဲရှိ စိတ်ပျက်ခြင်း အရိပ်အငွေ့ကို သတိပြုမိပြီး သူမ စိတ်မသက်မသာဖြစ်သလို ခံစားချက်တွေ တိုးပွားလာခဲ့သည်။

 

ယခုလောလောဆယ်တွင် သူမထံမှာ ရှန်းယောင်အပေါ် မည်သည့် ထင်မြင်ယူဆချက်မျှ မရှိချေ။

 

သူမသည် သူမ၏ စိတ်ခံစားချက်များကို မလိမ်ညာနိုင်ပါ။

 

ကျောက်လန်ဟွာတစ်ယောက် အခန်းထဲမှ ထွက်လာသောအခါတွင် သူမသည် ရှန်းယောင်၏ အေးဆေးတည်ငြိမ်သောမျက်နှာကို ရင်ဆိုင်လိုက်ရသည်။

 

“စန်းလန်၊ မင်းအစ်ကိုကြီးတို့အခန်းမှာ ဒီည သွားအိပ်လိုက်ပါလား” ကျောက်လန်ဟွာက သူ့ကို ပြောပြီး ထွက်ခွာသွားခဲ့သည်။

 

ရှန်းယောင်က အသာလေး ခေါင်းငြိမ့်ပြလိုက်သည်။

 

ရှန်းမိသားစုတွင် သုံးရက်လောက် အနားယူပြီးနောက် ကျီကျောက် နှုတ်ဆက်ထွက်ခွာလာခဲ့သည်။

 

ဒီတစ်ကြိမ်မှာတော့ ကျောက်လန်ဟွာက သူမကို မတားခဲ့ပါဘူး။

 

မြေကမ္ဘာဘုရားကျောင်းသို့ ပြန်ရောက်လာသည့် ကျီကျောက်တစ်ယောက် အရမ်း အံ့အားသင့်သွားခဲ့သည်။

 

မူလက ပျက်စီးယိုယွင်းနေသော မြေကမ္ဘာဘုရားကျောင်းသည် ရုတ်တရက် အသစ်စက်စက် ဖြစ်လာပုံရသည်။

 

ဘုရားကျောင်းထဲတွင် ဝါးကုတင်တစ်လုံးရှိပြီး ကုတင်ပေါ်တွင် အစိမ်းရင့်ရောင် စောင်ထူထူတစ်ထည်ကို လွှားတင်ထားသည်။

 

ကျီကျောက်ကို အပျော်ဆုံးဖြစ်သွားစေတာကတော့ ဘုရားကျောင်း အပြင်ဘက်တွင် အသစ်စက်စက် ဆောက်လုပ်ထားတဲ့ အိုးမီးဖိုတစ်ခုရှိပြီး မီးဖိုးဘေးမှာ ထင်းခြောက်ပုံ တစ်ပုံ ရှိနေတာပဲ ဖြစ်ပါသည်။

 

“မြေကမ္ဘာဘုရား၊ ဒီကို ခရုမိန်းကလေးရောက်လာတာ ဖြစ်နိုင်လားဟင်” မြေကမ္ဘာဘုရားကျောင်း တစ်ကျောင်းလုံးကို လှည့်ပတ်ကြည့်ရှုပြီးနောက် ကျီကျောက်သည် မြေကမ္ဘာဘုရားရုပ်ထုရှေ့တွင် ဒူးထောက်ကာ အံ့အားသင့်နေသော အပြုံးဖြင့် မေးမြန်းခဲ့သည်။

 

“ခရုမိန်းကလေးက ဘယ်သူလဲ။”

 

ရှန်းယောင်၏ အသံသည် သူမနောက်မှ မထင်မှတ်ဘဲ ထွက်ပေါ်လာခဲ့သည်။ ကျီကျောက်သည် နောက်သို့ အံ့အားသင့်စွာ ပြန်လှည့်ကြည့်မိသည်။

 

“ကိုယ် မင်းအိမ်မှာ အနားယူနေတုန်း ဒီကိုလာပြီး နည်းနည်းလောက် ရှင်းလင်းပြင်ဆင်ပေးထားတယ်” ရှန်းယောင်က သူမကိုကြည့်ပြီး တိုးတိုးလေး ရှင်းပြသည်၊ “ပြီးတော့ ကိုယ် ရှန်းဟယ်ရွာလူကြီးကို အကြောင်းကြားထားပြီးပြီ။ သူကလည်း မင်းကို ဒီမှာ ယာယီနေထိုင်ခွင့်ပြုတယ်။”

 

“အရမ်းကောင်းတာပဲ” ကျီကျောက်က အရမ်းကျေးဇူးတင်မိသွားသည်၊ “ရှန်းယောင် ကျေးဇူးအများကြီးတင်ပါတယ်”

 

“ရပါတယ်” သူမ၏ မျက်နှာပေါ်ရှိ တောက်ပတဲ့ အပြုံးကိုမြင်တော့ ရှန်းယောင်က တိတ်တဆိတ် ပြုံးလိုက်မိသည်။

 

“ကျွန်မ ရှင့်ကို ထမင်းတစ်နပ် ဧည့်ခံမယ်ဆိုရင်ရော ဘယ်လိုလဲဟင်” ကျီကျောက်က စိတ်အားထက်သန်စွာ ပြုံးရယ်ရင်း မေးမြန်းခဲ့သည်၊ “ရှင် ကျွန်မရဲ့ နေထိုင်ရာ နေရာကို အရမ်းကောင်းအောင် ပြင်ဆင်ပေးထားတယ်။ ကျွန်မ ရှင့်ကို ထမင်းတစ်နပ်လောက် ဧည့်ခံကျွေးမွေးတာ ကျိုးကြောင်းဆီလျော်မှုရှိတယ်။”

 

“လာ… ကျွန်မတို့ အရင်ဆုံး ပါဝင်ပစ္စည်းတွေ သွားရှာကြည့်ရအောင်” ကျီကျောက်က သူ့လက်မောင်းကိုဆွဲပြီး မြေကမ္ဘာဘုရားကျောင်းမှ ထွက်လာခဲ့သည်။

 

သူတို့နှစ်ယောက်သား အနောက်ဘက် သုံးလေးမိုင်လောက် လမ်းလျှောက်ပြီးနောက် ကြည်လင်နေတဲ့ မြစ်တစ်စင်းကို တွေ့လိုက်ရသည်။

 

“ဒီမြစ်က ရေတွေ အရမ်းတက်လာတာပဲ” ကျီကျောက်တစ်ယောက် သက်ပြင်းချမိသည်၊ “ကျွန်မ အရင်က ဒီကိုလာတုန်းကတော့ ဒီမြစ်ရေက ခမ်းခြောက်လုနီးပါးပဲ။”

 

“လွန်ခဲ့တဲ့ရက်အနည်းငယ်က မိုးသည်းသည်းမည်းမည်းရွာတော့ မြစ်ရေတွေ တော်တော် တက်လာခဲ့တယ်လေ” ရှန်းယောင်က ရှင်းပြသည်။

 

“ရှင် ငါးကြိုက်လား” ကျီကျောက်သည် မြစ်ထဲတွင် ကူးခတ်နေသော ငါးကို အမှတ်တမဲ့ မြင်မိသွားတော့ ရှန်းယောင်ကို ကြည့်ပြီး ပြုံးရယ်ကာ မေးလိုက်သည်။

 

“အင်း”

 

“ဒါဆို ကျွန်မ ရှင့်ကို ငါးနဲ့ ဧည့်ခံမယ်” ကျီကျောက်သည် သူမ၏ အင်္ကျီလက်၊ ဘောင်းဘီအနားစတွေကို အမြန်ခေါက်တင်ကာ မြစ်ထဲ ဂရုတစိုက် ဆင်းသွားခဲ့သည်။

 

ရှန်းယောင်က သူမကို မတားခင်မှာပင် သူမသည် ဆူဖြိုးသော ငါးတစ်ကောင်ကို ဖမ်းမိခဲ့ပြီးဖြစ်သည်။

 

ပူနွေးသော နေရောင်ခြည်သည် သူမ၏ ခန္ဓာကိုယ်ပေါ် ပက်ဖြန်းနေပြီး သူမအား လင်းလက်တောက်ပနေစေခဲ့သည်။

 

ငါးက သူမလက်ထဲတွင် ရုန်းကန်နေကာ ကြည်လင်သော မြစ်ရေသည် သူမ၏ တောက်ပရွှင်လန်းသော မျက်နှာလေးအပေါ် ရောင်ပြန်ဟပ်နေခဲ့သည်။

 

ဒီမြင်ကွင်းကိုမြင်လိုက်ရတော့ ရှန်းယောင်တစ်ယောက် တစ်ခဏတာမျှ အသက်ရှုဖို့ မေ့လျော့သွားခဲ့သည်။

 

သူ့စိတ်ထဲတွင် ကဗျာတစ်ပုဒ် စွဲထင်သွားခဲ့မိသည်။

 

နတ်သမီးတစ်ပါး ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသည်ဟုပင် သံသယရှိကာ သူမ၏ အပြုံးသည် ကြယ်ပွင့်လေးများကိုပင် ရှုံးနိမ့်သွားစေနိုင်သည်။

 

ကျီကျောက်သည် ရှန်းယောင်၏ အကြည့်တွေ ပြောင်းလဲသွားခဲ့တာကို သတိမထားမိခဲ့ပေ။ ယခုအချိန်တွင် သူမသည် ငါးများများ ဖမ်းမိသည့် ပျော်ရွှင်ခြင်း၌ နှစ်မြှုပ်နေခဲ့သည်။

 

ခဏအကြာတွင် သူမသည် ဆူဖြိုးသောငါးကြီး ငါးကောင်ကို အမှန်တကယ် ဖမ်းမိခဲ့သည်။

 

“ငါးချဉ်စပ်၊ ငါးပေါင်း၊ ငါးချိုချဉ်၊ ကျူးကောငါးကင်၊ မြစ်ငါးကြင်းတို့ဟူးစွပ်ပြုတ်…” မရေမတွက်နိုင်သော ငါးဟင်းချက်ပြုတ်နည်းများ ကျီကျောက်၏ စိတ်ထဲတွင် တစ်ခုပြီးတစ်ခု ပေါ်လာခဲ့သည်။