Ch 25
Viewers 13k

 

အခန်း (၂၅) သတိရတယ်…

 

အမျိုးသမီးရှဲ့နှင့် ကျောက်လန်ဟွာတို့သည် ပျော်ရွှင်စွာ စကားစမြည်ပြောနေကြစဉ် ကျီကျောက်တစ်ယောက်မှာတော့ မီးဖိုချောင်တွင် အလုပ်များနေခဲ့ပါသည်။

 

ဆန်အိုးထဲမှ ဆန်တွေဟာ မရှိသလောက် ဖြစ်နေပြီး အောက်ခြေကိုပင် လှမ်းမြင်နေရပြီဖြစ်သည်။ ဝါးခြင်းတောင်းထဲမှာ ဂျုံမှုန့်တွေလည်း သိပ်မကျန်တော့ဘူး။

 

ကျီကျောက်တစ်ယောက် အရမ်းဝမ်းနည်းသွားခဲ့မိသည်။

 

မူရင်းဝတ္ထုထဲတွင် ကျီမိသားစုသည် အလွန်ဆင်းရဲကြောင်း သူမ သတိရမိသည်။ လူအိုကြီးကျီ၏ သားနှင့် ချွေးမသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ဆုံးပါးသွားခဲ့ပြီးဖြစ်ကာ လူအိုကြီးကျီသည် သူမ လက်ထပ်ပြီး သိပ်မကြာမီတွင် ဆုံးပါးသွားခဲ့သည်။ ကျန်ရစ်ခဲ့သည့် အမျိုးသမီးကျီသည် အခြားရွေးချယ်စရာမရှိဘဲ သူမ၏ တစ်ဦးတည်းသော မြေးဖြစ်သူနှင့်အတူ လမ်းပေါ်မှာ တောင်းရမ်းစားသောက်ခဲ့ရသည်…

 

ကျီကျောက်သည် ခဏလောက် စဉ်းစားပြီး သူမ၏ ခါးမှာ ဝှက်ထားတဲ့ ငွေ‌ နှစ်ချောင်းကို ထုတ်ယူလိုက်သည်။

 

ဘာပဲဖြစ်ဖြစ် ကျီမိသားစု၏ လူအိုကြီးဇနီးမောင်နှံသည် သူမကို အမြဲတမ်း ကြင်နာခဲ့သည်။

 

“အစ်မ… အစ်မ…”

 

ကျီကျောက်တစ်ယောက် ဆုံးဖြတ်ချက်ချပြီး နောက်လှည့်လိုက်သည့်အချိန်တွင် အနက်ရောင်ခေါင်းလေးကို တွေ့လိုက်ရသည်။

 

“ချန်ချန်လား” ကျီကျောက်သည် မျက်နှာသေးသေးလေးကို ရှင်းရှင်းလင်းလင်း မြင်ရပြီးနောက် အသံတိုးတိုးဖြင့် မေးလိုက်သည်။

 

အသက်ခြောက်နှစ်အရွယ်သာရှိသေးသော ကလေးလေးသည် တုတ်ချောင်းကဲ့သို့ ပိန်လှီပြီး ခေါင်းပေါ်ရှိ ဆံပင်တွေက ရှုပ်ပွနေသည်။ သူ့မျက်နှာပေါ်တွင် အနက်ရောင် မျက်လုံးဝိုင်းကြီးများနှင့် တဖျပ်ဖျပ်ခတ်နေသော မျက်တောင်များကြောင့် သူ့အသွင်လေးဟာ လူတစ်ယောက်၏ နှလုံးသားကို နာကျင်သွားစေနိုင်ပါသည်။

 

ကျီချန်သည် ကျီမိသားစု၏ တစ်ဦးတည်းသော မြေး ဖြစ်သည်။ သူသည် ငယ်စဉ်ကတည်းကပင် အတော်လေး လိမ္မာပါးနပ်သည်။ ကျီကျောက်သည် ကျီချန်ထံတွင် ရောဂါရှိကြောင်း လူအိုကြီးကျီပြောတာကို ကြားခဲ့ဖူးသည်။ သူသည် အခြားသူများ၏ ရိုက်နှက်ခြင်းကို ခံရလျှင်ပင် မည်သည့် နာကျင်မှုကိုမှ ခံစားရမည် မဟုတ်ပေ။

 

ကျီကျောက်မှန်းဆတာ မှန်ကန်ပါက ကျီချန်၏ ရောဂါသည် အော်တစ်ဇင် ဖြစ်လိမ့်မည်။

 

ထို့အပြင် ထိုနှစ်က ကျီမိသားစု ဇနီးမောင်နှံတို့ ဘေးဒုက္ခတွေ့ခဲ့ရသည့် အကြောင်းရင်းမှာ အနီးနားက ခရိုင်တွင် ဦးခေါင်းနှင့် ပတ်သက်သော ရောဂါများကို အထူးပြုကုသပေးသော အံ့ဖွယ်သမားတော်တစ်ဦးရှိကြောင်း ကြားသိခဲ့ရသောကြောင့် သွားရောက်ခဲ့သည်။ သို့သော် လမ်းခရီး၌ပင် ဓားပြနှင့် ပက်ပင်းတိုးပြီး ကွယ်လွန်ခဲ့ရသည်။

 

“အစ်မ… အစ်မ… ချန်… ချန်… အစ်မကို သတိရတယ်…”

 

“ချန်ချန်… ကလေးလိမ္မာလေး” ကျီကျောက်သည် ကျီချန်၏ စကားသံကို ကြားသောအခါ သူမ၏ စိတ်နှလုံး အရည်ပျော်သွားခဲ့သည်။

 

“သတိရတယ်…” ကျီချန်က သူ့ရဲ့ အနက်ရောင် မျက်လုံးဝိုင်းကြီးတွေနဲ့ သူမကို ကြည့်နေခဲ့သည်။

 

ကျီကျောက်သည် ဖြည်းညင်းစွာ ထိုင်ချလိုက်ပြီး ကျီချန်နဲ့ အကြည့်ချင်းဆုံလိုက်သည်။ ကျီကျောက်သည် ကျီချန်၏ ခေါင်းလေးကို ပွတ်ပေးပြီး နူးညံ့စွာ ပြုံးရယ်လိုက်သည်။ “ချန်ချန် ဗိုက်ဆာနေပြီလား။ အစ်မ အိမ်ကို အစာသွပ်မုန့်တွေ ယူလာခဲ့တယ်။ ချန်ချန်လေး စားချင်လား။”

 

ကျီချန်က ခေါင်းညိတ်လိုက်သည်။

 

ကျီကျောက်က သူ့ကို ပင်မခန်းထဲကို ခေါ်သွားတော့ ကျောက်လန်ဟွာရဲ့ အသံကို ကြားလိုက်ရသည်၊ “အာ့ထောင်က အရမ်းကောင်းတယ်။ ကျွန်မ သူ့ကို အရမ်းကြိုက်တယ်။ ဒီနေ့ ရာသီဥတုက သိပ်မကောင်းဘူး။ ကျွန်မရဲ့ တတိယကလေးက သူ့အဖေနဲ့အတူ မနက်အစောကြီး လယ်ထဲ လိုက်သွားရတယ်။ ဒါ့ကြောင့် သူက အာ့ထောင်နဲ့ အတူ ပြန်မလိုက်လာနိုင်တာလေ။ ဘာပဲဖြစ်ဖြစ် စိတ်မပူပါနဲ့။ ကျွန်မတို့ ရှန်းမိသားစုက အာ့ထောင်ကို ကောင်းကောင်း ဂရုစိုက်ပေးမှာပါ။”

 

ထိုအခိုက်အတန့်တွင် ကျီကျောက်သည် အလွန်ခံစားသွားရသည်။

 

“အမေ ကျေးဇူးပါ” ကျီကျောက်သည် ပင်မခန်းထဲသို့ ဝင်လာပြီး ကျောက်လန်ဟွာကို ဦးညွှတ်လိုက်သည်။ “အခုအချိန်ကစပြီး အမေ့ကို ကျွန်မရဲ့ အမေရင်းအဖြစ် သဘောထားပြီး ကျင့်ဝတ်သိတတ်ပါ့မယ်။”

 

“အရူးမလေး၊ မြန်မြန်ထ” ကျောက်လန်ဟွာက ရှေ့ကို အလျင်စလို လှမ်းတက်ပြီး ဖေးမလိုက်သည်၊ “ကောင်းပြီ၊ အချိန်မစောတော့ဘူး။ ငါတို့လည်း အိမ်ပြန်သင့်ပြီ။ အာ့ထောင်၊ အမေ အပြင်မှာ စောင့်နေမယ်။”

 

စဉ်းစားပေးတတ်သော ကျောက်လန်ဟွာသည် သူမတို့ မြေးအဖွား စကားပြောရန် အချိန်ပေးခဲ့သည်။ သူမသည် လှည့်ထွက်လာပြီး သူမ၏ အင်္ကျီလက်ထဲမှ မြေပဲသကြားလုံး နှစ်လုံးကို ထုတ်ယူကာ ကျီကျောက်၏ နောက်တွင် ပုန်းကွယ်နေသော ကျီချန်လေးကို ပေးလိုက်သည်၊ “မြေပဲသကြားလုံး ကြိုက်လား”

 

ကျီချန်သည် မျက်တောင်ခတ်လိုက်သည်။ အဆုံး၌ သူ့လက်လေးကို ဂရုတစိုက် ဆန့်ထုတ်ကာ သကြားလုံး နှစ်လုံးကို လှမ်းယူလိုက်ပါသည်။

 

“ကျေးဇူး… ကျေးဇူးပါ”

 

“လိမ္မာတဲ့ ကလေးလေး” ကျောက်လန်ဟွာက ပျော်ရွှင်စွာ မေးလိုက်သည်။ “အန်တီ့ကို မင်းရဲ့ အဘိုးဆီ ခေါ်သွားပေးနိုင်မလား”

 

ကျီချန်က မသိစိတ်အရ အမျိုးသမီးရှဲ့ကို လှမ်းကြည့်လိုက်သည်။ သူမ ခေါင်းညိတ်ပြတာကိုတွေ့တော့ ကျီကျောက်၏ အင်္ကျီလက်ကို လွှတ်ပေးပြီး နောက်ဖက်ခန်းဆီသို့ ဦးဆောင်ထွက်လာခဲ့သည်။

 

အမျိုးသမီးရှဲ့သည် ကျီကျောက်ကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် သူမ၏ ခါးကို ပွေ့ဖက်လိုက်သည်။ သူမသည် ခါးသီးစွာ ငိုကြွေးကာ “ငါ့အာ့ထောင်လေး၊ အဖွား နင့်ကို အားနာပါတယ်။ အဟင့်… ဟင့်… အဖွားမှာ ရွေးစရာမရှိလို့ နင့်ကို လက်ထပ်ဖို့ လွှတ်လိုက်ရတာပါ” ဟု ဆိုလာခဲ့သည်။

 

“အဖွား မျက်ရည်တွေကို အရင်သုတ်လိုက်ပါဦး” ကျီကျောက်က သူမကို အေးအေးဆေးဆေး တွန်းထုတ်လိုက်ပြီး သက်ပြင်းကို တိုးတိုးလေး ချလိုက်သည်။