Ch 35
Viewers 9k

Chapter 35 


{လုပ်ငန်း အဆင်ပြေနေခြင်း}



“အမေ.. အမေ.. သားလည်း ဖျော်ရည်သောက်ချင်တယ်”


ဖျော်ရည်အကြောင်း ကြားလိုက်ရသောအခါ စားသောက်ဆိုင်ဘက် လျှောက်လာသော ထိုကလေးငယ်လေး၏ မျက်လုံးများက အရောင်လက်လာပြီး မိခင်ဖြစ်သူအား ချက်ချင်းပြောလိုက်လေ၏။


နူးညံ့သိမ်မွေ့သော အမျိုးသမီးက သူမသားဖြစ်သူကို ပွတ်သပ်ကာ ဘေးမှခင်ပွန်းဖြစ်သူကိုကြည့်၍ ပြောလိုက်သည်။ “သခင်ကြီး... သွားကြည့်ရအောင်” 


“ကောင်းပြီလေ.. ဒီလိုနွေရာသီမျိုးမှာ ရေခဲတွေရှိလား ငါလည်းသိချင်တယ်”


ထိုအမျိုးသားသည် လင်းရွှေမြို့အား အုပ်ချုပ်သော ယွမ်ယန်ခရိုင်ဝန်ကြီး ရုန်ဖန်းဟိုင်ဖြစ်သည်။ သူသည်ကား ဤရက်များ၌ သူ၏စီရင်အုပ်ချုပ်ရာ နယ်မြေအောက်တွင် နေရာအသီးသီးကို လှည့်လည်ကြည့်ရှုနေရာ ယနေ့တွင် လင်းရွှေမြို့သို့ ရောက်နေခြင်းဖြစ်သည်။


ထိုမိသားစုသုံးယောက်သည် လူအုပ်ကြီးဝန်းရံထားသည့် ဆိုင်လေးဆီသို့ တည့်တည့်မတ်မတ် လျှောက်သွားလိုက်သည်။ စျေးမေးပြီးနောက်မှာ သူတို့က သုံးပြားတန် ရေခဲဖျော်ရည်ကို ဝယ်လိုက်သည်။ 


“ဝိုး..အရသာရှိလိုက်တာ”



ကလေးငယ်လေးသည် မျက်လုံးအဝိုင်းသားဖြင့် သူ့အမေနှင့်အဖေဘက်သို့ လှည့်၍ပြောလိုက်သည်။ “အမေ..အဖေ…စားလို့ကောင်းတယ်နော်”


“တကယ်စားလို့ကောင်းတယ်”


မုသခင်မက ပြုံး၍ခေါင်းညိတ်ကာ အလုပ်ရှုပ်နေသော လူသုံးယောက်အားကြည့်ပြီး ပြောလိုက်၏။ “အရသာကောင်းပေမယ့် ထမင်းလိုတော့ စားလို့မဖြစ်ဘူး.. အရင်ဆုံး ထမင်းသွားစားရအောင်”



ရုန်ဖန့်ဟိုင်သည် ခေါင်းညိတ်ပြပြီး သူ့အစေခံကို စောင့်ကြည့်ရန် ညွှန်ကြားလိုက်သည်။


အဲ့ဒီလူသုံးယောက် ရေခဲတွေဘယ်လိုရခဲ့လဲ သူလည်းသိချင်တယ်။



နွေရာသီက ပုံမှန်မဟုတ်ဘဲ ပူပြင်းနေပြီး ယခုမှအစပဲရှိသေးသည်။ နောက်ပိုင်းတွင် ပိုပူလာနိုင်သည်။


မိသားစုသုံးယောက်က စားသောက်ဆိုင်မှာ စားခဲ့ကြပြီး ရုန်ဖန့်ဟိုင်သည် စားသောက်ရင်းပင် ဤလူတွေ ရေခဲမည်သို့ရရှိခဲ့သည်ကို စဥ်းစားနေခဲ့သည်။


ယခုချိန်က အရမ်းပူနေပြီး မနက်ပိုင်း၏အပူချိန်က နေ့လည်ဘက်လောက် မပူသော်လည်း နေ့လည်စာစားရန် ဆုံးဖြတ်လိုက်သည်။


“ရှီးရှီး..ဦးလေး.. အကုန်ရောင်းထွက်သွားပြီ”



ဖူမင်ယိုက လှည်းထဲရှိ ပစ္စည်းများ ဗလာဖြစ်နေသည်ကို မြင်လိုက်ရပြီးနောက် ကောင်းကင်ပေါ်မှ နေလုံးကြီးကိုကြည့်လျက် ခေတ္တနားကာ နေ့လည်စာစားဖို့ ဆုံးဖြတ်လိုက်သည်။


ရှယန်ရှီးက ယခုချိန်မှာ အလွန်စိတ်လှုပ်ရှားနေ၍ ဆိုလိုက်သည်။ “ဖူတာ့ကော.. ကျွန်တော်တို့လုပ်ငန်းက တကယ်အဆင်ပြေတာပဲ.. ဒီလောက်အဆင်ပြေမယ်လို့ မထင်ထားဘူး.. အခုပြန်ပြီး မွန်းလွဲပိုင်းမှ နောက်တစ်ခေါက်လာကြရအောင်”


“ရှီးရှီးပြောတာမှန်တယ်”


ရှလီရမ်သည်လည်း ယခုချိန်မှာ အလွန်စိတ်လှုပ်ရှားနေ၍ ပစ္စည်းတချို့ထပ်သွားယူရန် ချက်ချင်း ပြန်ဖို့ပြင်လိုက်သည်။


ဖူမင်ယိုက သူတို့နှစ်ယောက်ကိုကြည့်ကာ ပြုံး၍ပြောလိုက်သည်။ “ဦးလေး…ရှီးရှီး.. အခုက နေ့လည်စာစားချိန်ရောက်ပြီ.. အလျင်မလိုပါနဲ့ အရင်ဆုံးထမင်းစားပြီးမှ ပြန်လာကြတာပေါ့”


“မင်းတို့နှစ်ယောက် အခုဒီမှာ စောင့်နေကြဦး”


ရှလီရမ်သည်လည်း ယခုချိန်မှာ တစ်ခုခုကို သတိရသွားပြီး မလှမ်းမကမ်းရှိ ပေါက်စီဆိုင်သို့သွား၍ ပေါက်စီအနည်းငယ်ဝယ်ပြီးနောက် ပြောလိုက်သည်။ “ဒီနေ့ ဒီမှာ

နေ့လည်စာမစားတော့ဘူး.. မင်းတို့နှစ်ယောက် အမြန်ဗိုက်ဖြည့်လိုက်ကြ.. ဖျော်ရည်လည်း နည်းနည်းကျန်သေးတယ်.. သောက်လိုက်ကြဦး..အပူမရှပ်စေနဲ့”


ဖူမင်ယိုက ရှလီရမ်၏အတွေးကို နားလည်သွားပြီး ပြုံး၍ပြောလိုက်သည်။ “ဦးလေးနဲ့ ရှီးရှီးပဲစားကြပါ.. ကျွန်တော်က ဗိုက်မဆာသေးဘူး.. အရင်ဆုံး ပစ္စည်းတွေကို နွားလှည်းပေါ် တင်လိုက်ရအောင်”


သူတို့နှစ်ယောက်လုံးက ထမင်းပြန်စားချင်ကြသဖြင့် အမြန်ပြန်ကြရမည်။ ကံအားလျော်စွာ နွားလှည်းရှိ၍ ခန့်မှန်းခြေ လေးပုံသုံးပုံခန့်(၄၅မိနစ်)ဆိုလျှင် ရှကျားရွာကို ပြန်ရောက်နိုင်သည်။


သူတို့ ပစ္စည်းများသိမ်းဆည်းကာ ထွက်ခွာရန်ပြင်ဆင်နေသည်ကို မြင်၍ လမ်းသွားလမ်းလာတစ်ဦးက ချက်ချင်းမေးမြန်းလာသည်။


“ကုန်သွားပါပြီ.. နေ့လည်စာစားပြီးမှ ပြန်လာခဲ့ပါမယ်”


ရှလီရမ်က ပြုံးပြုံးရွှင်ရွှင် ပြန်ဖြေပြီးနောက် ကြာပွတ်ကိုဝှေ့ယမ်းက နွားလှည်းမောင်းနှင်လိုက်သည်။


ဖူမင်ယိုက သူ အစောတည်းက ပြင်ဆင်ထားသော မုန့်များကိုထုတ်ယူကာ ပြောလိုက်သည်။ “ဦးလေးနဲ့ ရှီးရှီး.. နည်းနည်းစားလိုက်ပါ.. ကျွန်တော် ရေခဲနဲ့ပတ်ထားလို့ အကောင်းအတိုင်းပဲ”


သူတို့သည် မနက်ခင်းတစ်ပိုင်းလုံး မတ်တပ်ရပ်ခဲ့ရသဖြင့် အတော်လေးပင်ပန်းနေသည်။


ရှလီရမ်တို့ သားအဖသည်လည်း အားမနာတော့။ သုံးယောက်သား ပေါက်စီနှင့် မုန့်များကို စားလိုက်ကြပြီး အိမ်ပြန်ထမင်းစားဖို့ ပြင်လိုက်ကြသည်။


ထိုအချိန်တွင် အိမ်၌ သူတို့ပြန်အလာကို စောင့်နေသော အမေရှက အနည်းငယ် စိုးရိမ်ပူပန်နေ၏။ ထမင်းဟင်းများချက်ပြုတ်ပြီး နေ့လည်စာစားချိန်လည်း ကျော်နေလေပြီ။ ထိုသုံးယောက်က ပြန်မလာသေးချေ။


ရေခဲဖျော်ရည် ရောင်းမကောင်းလို့များလား။


“အမေ.. အမေတို့ပြန်လာကြပြီ”


ရှောင်ပေါင်က အားလုံးပြန်လာတာကို စောင့်မျှော်နေသည်။ သူသည်ကား ခုံပေါ်၌ ခြေဖျားထောက်ရပ်နေပြီး နွားလှည်းကိုမြင်သောအခါ ချက်ချင်းပင် အိမ်ထဲပြေးဝင်လာသည်။


အမေရှက ချက်ချင်းပင်ပြုံး၍ပြောလိုက်သည်။ “ကောင်းတယ်.. ရှောင်ပေါင်.. သားလေး အိုးထဲကရေကို သစ်သားဇလားထဲ ခပ်ထည့်ပေးဦး.. မင်းအဖေတို့ပူနေမှာသေချာတယ်.. အမေထမင်းဟင်းတွေ လာချပေးမယ်”


ရှရှောင်ပေါင်က နာနာခံခံခေါင်းညိတ်လျက် သစ်သားဇလားထဲသို့ ရေထည့်လိုက်သည်။


လူသုံးယောက်ရောက်လာသော် ရှလီရမ်က သားငယ်လေး၏ခေါင်းကို ပွတ်သပ်ပေးပြီး မျက်နှာသစ်လိုက်သည်။


“မြန်မြန်လာစားကြတော့ ဗိုက်ဆာနေပြီမလား”


အမေရှက ချွေးသံတရွှဲရွှဲ လူသုံးယောက်ကိုကြည့်ပြီး အနည်းငယ် စိတ်မကောင်းဖြစ်သွား၏။


ငွေရှာဖို့သာမဟုတ်ရင် ဒီလိုနေပူကြီးထဲမှာ ဘယ်သူကရပ်ချင်မှာလဲ။


ရှလီရမ်က ပြုံး၍ ခေါင်းခါပြသည်။ “ရပါတယ်.. လာတုန်းက နည်းနည်းစားခဲ့ကြတယ်”


လူငါးဦးက ထမင်းတူတူစားလိုက်ကြပြီး ဖူမင်ယိုကတော့ အိမ်ချက်အစားအသောက်ကို ပိုကြိုက်သဖြင့် မုန့်အများကြီးမစားခဲ့ပေ။


အမေရှသည် မနက်က ပစ္စည်းရောင်းသည့် အခြေအနေကို မမေးမြန်းဘဲ အားလုံးကို များများစားဖို့သာ တိုက်တွန်းလိုက်၏။


စားပြီးနောက် ရှလီရမ်က သူ့ပိုက်ဆံကို လျှို့ဝှက်ဆန်းကြယ်သော ပုံစံဖြင့် ယူလာသည်။


ဖူမင်ယိုက ထမင်းစားပြီးနောက် ချက်ချင်းပြန်သွားသည်။


အမေရှသည် မနက်တုန်းက မရောင်းရမှာစိုး၍ ဖျော်ရည်မလုပ်ခဲ့သဖြင့် ယခုမှသာ လုပ်ရလေတော့သည်။


အမေရှသည် အိတ်ထဲမှ သွန်ချလိုက်သော 

ဒင်္ဂါးပြားများစွာကိုကြည့်ရင်း အံ့အားသင့်လျက် မျက်လုံးများပြူးကျယ်သွားသည်။


“ဒီလောက်ထိတောင် ရောင်းရတာလား”


ဤလုပ်ငန်းက သူမထင်ထားတာထက် ပိုမိုကျော်ကြားနေပုံရသည်။


ရှလီရမ်က ချက်ချင်းပင် ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။ “မင်းငွေရေနှင့်လိုက်၊ ကိုယ် ဖျော်ရည်နည်းနည်းလုပ်ပြီး မွန်းလွဲပိုင်းမှာ နောက်တစ်ခေါက်သွားရောင်းမယ်”


မွန်းလွဲပိုင်းက ပိုပူသည်။ မြို့ထဲမှာ လူသိပ်မများသည့်တိုင် ပူနေဦးမှာဖြစ်ပြီး ရေခဲလည်းမရှိသောကြောင့် အရောင်းအဝယ်ပိုကောင်းလာနိုင်သည်။


“ဒါဆို ဘာလို့ရေတွက်နေမှာလဲ? ကျွန်မလည်း ရှင်နဲ့လိုက်ခဲ့မယ်.. မွန်းလွဲပိုင်းမှ ရှီးရှီးကို နားခိုင်းလိုက်.. ကျွန်မ ရှင်နဲ့လိုက်ရောင်းမယ်”


အမေရှက သူမကောလေးကို သနားနေပြီး ဤမျှပူပြင်းသောနေ့တွင် နေလောင်မှာကို စိုးရိမ်သည်။


“ကောင်းပြီလေ.. ဒါဆို အရင်ဆုံး ပြင်ဆင်လိုက်ရအောင်”


ရှလီရမ်က ခေါင်းညိတ်ပြလိုက်သည်။ ငွေက ထွက်ပြေးမှာမဟုတ်၍ မွန်းလွဲပိုင်းတစ်သုတ်ပြီးမှ အတူတူရေလို့ရသည်။


သူတို့နှစ်ယောက်က မြန်မြန်ဆန်ဆန် ပြင်ဆင်လိုက်ကြသည်။ ရှယန်ရှီးက ရှောင်ပေါင်အား ချော့သိပ်ပြီးနောက် အမြန်သွားကူညီပေးလိုက်၏။


ဖူမင်ယိုက ပစ္စည်းအချို့သွားယူပြီးနောက် ကူညီရန်ပြန်ရောက်လာသည်။


သို့သော် နေ့လည်ဘက်တွင် ရှလီရမ်သည် သူတို့နှစ်ဦးကို လုံးဝမသွားခိုင်းဘဲ အနားယူစေခဲ့သည်။


“အဖေ..အမေ..လမ်းကို ဖြည်းဖြည်းသွားကြနော်.. ဂရုစိုက်ကြပါ”


ရှယန်ရှီးက မိဘများ ထွက်ခွာဖို့ပြင်နေသည်ကိုတွေ့၍ ချက်ချင်းပြောလိုက်သည်။


ရှလီရမ်က ပြုံး၍ခေါင်းညိတ်ပြပြီး အမေရှနှင့်အတူ မြို့ပေါ်တက်သွားကြ၏။


ဖူမင်ယိုသည် ထိုသူတို့၏ကျောပြင်ကိုကြည့်ရင်း ပြုံးလျက်မေးလိုက်သည်။ “ရှီးရှီး.. ရေခဲချောင်းဆိုတာဘာလဲသိလား”


“ရေခဲချောင်းကဘာလဲ”


ရှီးရှီးက တကယ်မသိ၍ သိချင်စိတ်ဖြင့် မေးသည်။


ဖူမင်ယိုက ပြုံး၍ တစ်ဖက်လူအား စမ်းသပ်နိုင်ရန် ခေါ်သွားလိုက်သည်။


ကြိတ်ချေထားသော သစ်သီးဖတ်၊ လှီးထားသော သစ်သီးခြောက်အချို့နှင့် ထောင်းထားသော မြေပဲတို့ကို ရောနှော၍ ဖူမင်ယိုသည် သကြားနည်းနည်းထည့်ကာ အအေးခံထားသော ရေနွေးကို လောင်းထည့်လိုက်သည်။ ရှယန်ရှီး၏ အံ့သြနေသောမျက်လုံးအောက်တွင် သစ်သားတုတ်တစ်ချောင်းကို မှိုခွက်ထဲသို့ ထိုးစိုက်လိုက်လေ၏။


“မြည်းကြည့်”


ရေခဲအမှုန့်ကို ထည့်ပြီးနောက် ဖူမင်ယိုသည် ခဲနေပြီဖြစ်သော ရေခဲချောင်းကို ထုတ်ယူကာ ရှယန်ရှီးကို ပေးလိုက်သည်။


ရှယန်ရှီးက တစ်ကိုက်စားပြီး မျက်လုံးများ တောက်ပလာသည်။ “ဖူတာ့ကော.. ဒါက အရမ်းစားလို့ကောင်းတာပဲ”


“ကောကော.. ဘာက စားလို့ကောင်းတာလဲ”


ယခုလေးတင် အိပ်ရာထလာသော ရှောင်ပေါင်က မျက်လုံးများပွတ်သပ်၍ နို့သံလေးဖြင့် မေးလာသည်။


ရှယန်ရှီးက လက်ထဲကရေခဲချောင်းကို သူ့ပါးစပ်ထဲ ထည့်ပေးလိုက်၏။ “စားကြည့်.. ဖူတာ့ကော လုပ်ထားတာ အရမ်းစားလို့ကောင်းတယ်”


ရှရှောင်ပေါင်သည်လည်း တစ်ကိုက်စား၍ အရသာရှိကြောင်း သိလိုက်ရသည်။


နှစ်ယောက်သား အားရပါးရစားနေတာကိုကြည့်ရင်း ဖူမင်ယိုက ပြုံး၍မေးလိုက်သည်။ “ရှီးရှီး.. ဒါက ရေခဲဖျော်ရည်ထက် ပိုအဆင်ပြေတယ်လို့ထင်လား?”


အများကြီးလုပ်လို့ရ၍ ရောင်းရအဆင်ပြေသည်။


“ပြေတယ်”


ရှယန်ရှီးက ခေါင်းတညိတ်ညိတ်ဖြင့် ပြောသည်။ “ဒါပေမယ့် ဒီထဲမှာက ပါဝင်ပစ္စည်းများတော့ ကုန်ကျစရိတ်တက်လာမှာပေါ့”


တချို့လူများက ၎င်းအတွက် ငွေသုံးချင်မှသုံးလိမ့်မည်။