Chapter 32
“လုပ်ငန်းအသေးလေး”
ဖူမင်ယိုက လက်ဆန့်ကာ ရှောင်ပေါင်၏ ပြည့်ပြည့်ဖောင်းဖောင်း မျက်နှာလေးကို ပွတ်သပ်ရင်း ဆိုသည်။ “ဒါနဲ့ ရေခဲတုံးလေးတွေလုပ်လို့ရတယ်”
ရှရှောင်ပေါင်တင်မကဘဲ ဘေးနားရှိ ရှလီရမ်နှင့် ရှယန်ရှီးသည်ပင် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အံ့အားသင့်နေသည်။
“ဖူတာ့ကော..ဒါနဲ့ ရေခဲတုံးလေးတွေ လုပ်လို့ရတာလား”
ရှယန်ရှီးက သူ့လက်ထဲရှိ ပုလင်းလေးကို မယုံနိုင်သလို ကြည့်လိုက်သည်။ ရေကနေ ရေခဲဖြစ်အောင် မည်သည့်အရာက ပြောင်းလဲပေးနိုင်သည်ကို စဥ်းစားရခက်နေ၏။
“အင်း”
ဖူမင်ယိုက ခေါင်းညိတ်ပြ၍ သစ်သားရေဇလားထဲမှ ရေကိုကြည့်ကာ ရေခဲအမှုန့်များကို တိုက်ရိုက်လောင်းထည့်လိုက်သည်။
လူတိုင်း၏ အံ့အားသင့်နေသော အကြည့်အောက်တွင် ရေဇလားထဲရှိ ရေများက တဖြည်းဖြည်းချင်း ရေခဲတုံးလေးများအဖြစ် ပြောင်းလဲသွားသည်။
“ဝိုး… အရမ်းမိုက်တာပဲ”
ရှရှောင်ပေါင်က သူ့လက်တွေကို ဇလားပေါ်တင်ရင်း အာမေဋိတ်သံပြုသည်။
ရှလီရမ်က လူကြီးတစ်ယောက်ဖြစ်၍ ရိုးသော်လည်း တုံးအသူတော့မဟုတ်။ သူ့ဦးနှောက်က လျင်မြန်စွာ လည်ပတ်နေသည်။ “ရှောင်ဖူ.. မင်းက ငါတို့ကို ရေခဲရောင်းတဲ့လုပ်ငန်း လုပ်စေချင်တာလား”
ယခုအခါ ရာသီဥတုက ပိုပူလာပြီဖြစ်၍ ရေခဲသည် အိမ်ထောင်စုများစွာ လိုအပ်မည့်အရာဖြစ်သည်။
ကျေးရွာထဲမှ လူတွေတင်မကဘဲ မြို့ပေါ်က ချမ်းသာသောမိသားစုများလည်း သဘောကျလိမ့်မည်။ အကြောင်းမှာ သူတို့သည် ဆောင်းရာသီမှာသာ ရေခဲကို သိုလှောင်ထားနိုင်ကြပြီး အကြာကြီးထားနိုင်သည့် အာမခံချက်လည်းမရှိ၍ဖြစ်သည်။
ဖူမင်ယိုက နက်နဲစွာပြုံးလိုက်၏။ “တစ်ဝက်ပဲမှန်တယ်”
“ကျန်တဲ့တစ်ဝက်က တခြားပစ္စည်းတွေပါ ရောင်းဖို့လား”
ရှယန်ရှီလည်း ရှောင်ပေါင်ဘေးမှာ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူ့လိုပင် လက်ကို သစ်သားဇလားပေါ်တင်လိုက်၏။
ဖူမင်ယို ပြုံးလိုက်သည်။ ထိုစဥ် အမေရှ ဝင်လာ၏။ “ညစာစားလို့ရပြီ”
“ဟယ် ဘုရားရေ.. ရှင်တို့ရေခဲတွေဘယ်ကရတာလဲ”
အေးမြမြလေထုကို ခံစားမိ၍ အမေရှက မယုံနိုင်စွာမေးလိုက်သည်။
ရှရှောင်ပေါင်က ဉာဏ်ကောင်းသောကြောင့် ခပ်သွက်သွက် ရှင်းပြလိုက်သည်။ “ဖူကောကောက ငွေအများကြီးရှာတော့မယ်လို့ ပြောတယ်”
ဖူမင်ယို: “.....”
သူပြောတဲ့စကားတွေထဲမှာ အဲ့လိုပါလို့လား။
ဤကိစ္စက စကားလုံးအနည်းငယ်ဖြင့် ရှင်းပြ၍မပြီးနိုင်သလို အမေရှကလည်း ဖက်ထုပ်လုပ်ပြီးသောကြောင့် နေ့လည်စာစားပြီးမှ ဆွေးနွေးဖို့ အကြံပြုလိုက်သည်။
အားလုံးက သဘောတူခဲ့ကြသော်လည်း ထမင်းစားနေချိန်မှာ စိတ်ပါလက်ပါမရှိကြချေ။ ဗိုက်ပြည့်သွားသောအခါ အားလုံးက ဖူမင်ယိုအား ချက်ချင်းလှည့်ကြည့်ကာ ရှင်းပြပေးဖို့ မျှော်လင့်လျက်ပင်။
ဖူမင်ယိုက လက်ဖက်ရည်နှစ်ငုံသောက်၍ ပြောလိုက်သည်။ “ဖြစ်ချင်တော့ အခုက နွေရာသီမို့ ရေခဲဖျော်ရည် ရောင်းချလို့ရတယ်”
“ရေခဲဖျော်ရည်.. ရေအမျိုးစားလား”
ရှယန်ရှီးက တစ်ခါမှမကြားဖူး၍ ရေခဲဖျော်ရည်ဆိုတာကို တကယ်မသိချေ။
ဖူမင်ယိုက ပြုံး၍ဆိုသည်။ “အိမ်မှာ အသီးအနှံတွေရှိလား? ခရမ်းချဥ်သီးလည်းရတယ်”
ကျေးလက်မှာ ဘယ်အိမ်ကများ ခရမ်းချဥ်သီးမရှိဘဲနေမလဲ။
အမေရှက ချက်ချင်းပြန်ဖြေလာ၏။ “ရှိတာပေါ့.. မင်းဦးလေးကလည်း ဒီမနက် တောင်ပေါ်ကနေ တောရိုင်းသစ်သီး ခူးလာသေးတယ်… နည်းနည်းလေးတော့ချဥ်တယ်”
ပြောပြီးနောက် အမေရှက မီးဖိုချောင်ထဲဝင်သွားပြီး တောရိုင်းသစ်သီးများ ယူလာသည်။
ဖူမင်ယိုက တောရိုင်းသစ်သီးကို ဆေးကြောပြီးနောက် အတုံးသေးသေးလေးများ လှီးကာ သန့်ရှင်းသောတူဖြင့် ထုထောင်းလိုက်ပြီး လက်ဖက်ရည်၊ရေနှင့် သကြားတို့ကိုပါ ထည့်လိုက်သည်။
“ဦးလေး..အဒေါ်..ရှီးရှီး…ရှောင်ပေါင်..မြည်းစမ်းကြည့်ကြမလား”
ဒါကတော့ ရိုးရိုးအအေးပါပဲ.. အခြေအနေအကန့်အသတ်ရှိနေလို့သာ မဟုတ်ရင် ဖူမင်ယိုက ပိုပြီးအရသာရှိတဲ့ အမျိုးအစားတွေကို ဖန်တီးနိုင်မှာမလား။
ရှယန်ရှီး တစ်ငုံသောက်လိုက်သည်။ ရေခဲတုံးလေးများကြောင့် ပန်းကန်ထဲရှိ ဖျော်ရည်က အေးနေသည်။ “အရသာရှိတယ်.. ချိုချဥ်လေး”
ဖူမင်ယိုက ပြုံးပြီး ခေါင်းညိတ်ပြလိုက်၏။ သူက အားလုံးကို တစ်ငုံစာသာ ထည့်ပေးခဲ့သည်။ “အရသာကတော့ အတော်ပဲ.. ဒါပေမယ့်အခုမှ အသားစားပြီးတာဆိုတော့ ရေအေးမသောက်သင့်ဘူး.. ဒီပစ္စည်းနဲ့က ဘာမဆိုလုပ်လို့ရတယ်.. ဘယ်အသီးပဲဖြစ်ဖြစ် ထုချေပြီး ရေခဲတုံးထည့်၊ အအေးခံလိုက်၊ ပြီးရင် သကြားထည့်လိုက်ရုံပဲ”
ရှလီရမ်က စီးပွားရေးအခွင့်အလမ်းကို ကောင်းကောင်းနားလည်သွား၍ ပြောလိုက်သည်။ “ဒီပစ္စည်းက တကယ်ကောင်းတာပဲ.. မြို့တစ်မြို့လုံးမှာ ဒီပစ္စည်းမရှိဘူး.. ရောင်းမယ်ဆိုရင် သေချာပေါက် နာမည်ကြီးလာမှာပဲ”
ခုခေတ်မှာ လူတိုင်းက ရေခဲတုံးမဝယ်နိုင်ကြဘူးလေ၊
ရှယန်ရှီးက တွေးဆဆဖြင့် ဆိုသည်။ “အခုချိန်မှာ ဆိုင်ခန်းမဝယ်နိုင်သေးဘူး အဖေ.. မြို့ပေါ်ကို လှည်းလေးနဲ့တွန်းသွားလို့တော့ရတယ်”
ဆိုင်ခန်းတွေက စျေးကြီးပြီး အခုချိန်မှာ မတတ်နိုင်သေးတဲ့အတွက် လှည်းသေးသေးလေးလောက်တော့ သုံးရမယ်။
အမေရှက ထိုသားအဖ၏ စကားကို ရှင်းရှင်းလင်းလင်း နားလည်သော်လည်း တခဏမျှ တုံ့ဆိုင်းနေပြီးနောက် ပြောလိုက်သည်။ “ဒါပေမယ့် ဒီရေခဲတုံးက အရမ်းတန်ဖိုးကြီးတယ် မဟုတ်လားဟင်”
ဒီအသက်ဒီအရွယ်အထိ ရေခဲလုပ်နိုင်တဲ့ ပစ္စည်းရှိတာကို သူ မကြားဖူးပါဘူး..
ဖူရှောင်ကျစ် ထုတ်ပြတဲ့ပစ္စည်းတွေမှာ အရင်က မီးအိမ်ပဲဖြစ်ဖြစ် အခုရေခဲလုပ်တဲ့ ပစ္စည်းပဲဖြစ်ဖြစ် အားလုံးက အံ့သြစရာကောင်းလွန်းလို့ တန်ဖိုးအရမ်းရှိမှာသေချာတယ်။
ဖူမင်ယိုက တစ်ဖက်လူ၏ ဆိုလိုရင်းကို နားလည်သွားပြီး အပြုံးလေးဖြင့် ခေါင်းခါယမ်းကာ ပြောလိုက်သည်။ “ကံကောင်းတာက အရမ်းလည်းတန်ဖိုးမကြီးပါဘူး.. ကျွန်တော် ဒါကို တခြားတစ်ယောက်ဆီက ဝယ်ပြီး ကိုယ်တိုင်ပြုပြင်ထားတာပါ.. အမှုန့်တစ်ပုလင်းနဲ့တင် အရင်းကျေမှာသေချာတယ်”
“ဒီလုပ်ငန်းလုပ်မယ်ဆိုရင် အမှုန့်ဖိုးတော့ ပေးရလိမ့်မယ်”
ရှလီရမ်က အခွင့်အရေးယူတတ်သူ မဟုတ်ချေ။ ဖူမင်ယိုက သူ့သားမက်ဖြစ်သည့်တိုင် တစ်ဖက်လူအား လုပ်ငန်းကုန်ကျစရိတ် အကုန်ခံခိုင်းလို့မဖြစ်ပေ။
ဖူမင်ယိုကတော့ သဘောမတူဘဲ ခေါင်းခါ၍ ပြောလိုက်သည်။ “မလိုပါဘူး ဦးလေးရယ်.. ဒီပစ္စည်းက စျေးမကြီးပါဘူး”
အမေရှကတော့ အပြင်းအထန် ထောက်ခံသည်။ “မင်းဦးလေးပြောတာမှန်တယ်.. မင်းနဲ့ ရှီးရှီးက အခုထိ အိမ်ထောင်ပြုရသေးတာ မဟုတ်ဘူးလေ.. မင်းက ငါတို့ရဲ့ သားမက်ဖြစ်နေရင်တောင် ငါတို့ဝယ်ရလိမ့်မယ်.. မင်းကို အကုန်ချမခံစေချင်ဘူး”
အကယ်၍ သူ့ကို အကုန်ကျခံခိုင်းရင် သူတို့ စိတ်မကောင်းဖြစ်ရလိမ့်မည်။
သူရောက်လာလို့သာ သူတို့မိသားစုရဲ့ ဘဝက တဖြည်းဖြည်းပိုကောင်းလာတာပင်။
လူနှစ်ယောက်၏ ခိုင်မာသော အမူအရာကို မြင်ရသောအခါ ဖူမင်ယို ကူကယ်ရာမဲ့သွားသည်။ သူ သဘောမတူလျှင် သူတို့နှစ်ယောက်က ဤအခွင့်အရေးကို လွှတ်လိုက်မှာ သေချာသည့်အတွက် မတတ်သာတော့ဘဲ သူ ပြောလိုက်ရသည်။ “ဒီတစ်ပုလင်းကို အကြာကြီးသုံးလို့ရတယ်.. တစ်ပုလင်းကို ငွေတစ်တေးလ်ကျပါမယ်.. လောလောဆယ်တော့ စိတ်မပူပါနဲ့.. ဦးလေးတို့ ငွေရှာပြီးမှ ပေးလို့ရပါတယ် အဆင်ပြေမလား?”
ရှမိသားစုကို အခုချက်ချင်း ငွေထုတ်ခိုင်းရင် မထုတ်နိုင်တာတော့ မဟုတ်ပေမယ့် သူတို့အိမ်ထောင်စုရဲ့ စုဆောင်းငွေတွေ အားလုံးကုန်သွားမှာ။
သူတို့ဇနီးမောင်နှံကို ဖူမင်ယို သိသလောက်ဆိုရင် သူတို့နှစ်ယောက်က သူပေးခဲ့တဲ့ တောင်းရမ်းပစ္စည်းတွေကို လုံးဝသုံးမှာမဟုတ်ဘူး။