Ch 9
Viewers 9k

Chapter 09 


“ရတနာရှာဖွေခြင်း”





“ကျွန်တော်က အပြင်လူဆိုတော့ အဒေါ်နဲ့ ရှီးရှီးအတွက် အဝတ်အစားတွေ ဝယ်ပေးဖို့ အဆင်မပြေဘူးလေ၊ အဲ့တာကြောင့် ဦးလေးနဲ့ ရှောင်ပေါင်တို့အတွက်ပဲ ဝယ်လာခဲ့တာပါ”



ဖူမင်ယိုက သူတို့အတွက်ဝယ်လာသော အဝတ်အစား၊ ခြေအိတ်နှင့် ဖိနပ်ကို ထုတ်ပေးလိုက်၏။ အရည်အသွေးကောင်းမွန်ကြပြီး အဝတ်အစားအသစ်များ ဖြစ်ကြသည်။




“ဝါး.. သား အဝတ်အစားအသစ်တွေရပြီ… သား အဝတ်အစားအသစ်တွေရပြီ”




ရှောင်ပေါင်အတွက်ကတော့ ထိုလက်ကောက်၏ တန်ဖိုးကို မသိသော်လည်း အဝတ်အစားအသစ်ကိုမူ သိနားလည်၏။



ပွဲတော်ရက်များမှအပ ပုံမှန်အားဖြင့် သူ့မှာ အဝတ်အစားအသစ်မရှိပေ။



“ကျေးဇူးပါ.. ရှောင်ဖူ”


သားဖြစ်သူ၏ ပျော်ရွှင်နေသော အမူအရာကို တွေ့သောအခါ အမေရှ၏ မျက်လုံးများ အတန်ငယ် နီရဲလာ၏။



မိသားစုက ဆင်းရဲသဖြင့် ရှောင်ပေါင်၏ အဝတ်အစားများမှာ ဟောင်းနွမ်းပြီး ဖာထေးထားရသည်သာ။ နှစ်စဥ် နှစ်သစ်ကူးမှာသာ အဝတ်အစားအသစ် ရတတ်၏။




ဖူမင်ယိုက ခေါင်းခါယမ်းပြ၍ ပြောလိုက်သည်။ “ရပါတယ်..အဒေါ်ရယ်.. အဒေါ်တို့သာ မကယ်ခဲ့ရင် ကျွန်တော် ခုနေ အသက်မရှင်လောက်ဘူး”



“တော်ပြီ…တော်ပြီ”



ဖူမင်ယိုက သူတို့ကို စိတ်ရင်းအမှန်ဖြင့် ကျေးဇူးဆပ်လိုကြောင်း သိ၍ ရှလီရမ်က ဆက်ပြောလိုက်၏။ “မင်းတို့ ထမင်းမစားကြတော့ဘူးလား.. များများချက်လိုက်ကြ”



“အင်း… ထမင်းသွားချက်တော့မယ်”


အမေရှက မျက်ရည်သုတ်ပြီး ချက်ချင်းပင် ပြုံးရယ်လျက် သဘောတူလိုက်သည်။




ဖူမင်ယို၏ ဖျောင်းဖျမှုအောက်မှာ ရှယန်ရှီးက လက်ဆောင်ကိုယူပြီး သူ့အမေအား ငွေဆံထိုးပေးလိုက်သည်။


.


သူ့အဖေက အမျိုးသားတစ်ယောက်ဖြစ်၍ ဖူမင်ယိုက လက်ဝတ်ရတနာအစား အဝတ်အစားများသာ ပေးခဲ့သည်။ 



“ရှောင်ဖူက လူကောင်းလေးပဲ”


အမေရှက လက်ထဲရှိ ငွေဆံထိုးကိုကြည့်ရင်း ပြောလိုက်၏။ သူမ လက်ထပ်တုန်းကပင် သစ်သားဆံထိုးပေါ်တွင် ငွေစအနည်းငယ်သာ ကပ်ထားပြီး ဤတစ်ခုလောက် ကြီးမားခြင်းမရှိပေ။


ရှယန်ရှီးက ပြုံးလိုက်ပြီး သူ့ရင်ဘတ်ကိုပုတ်ကာ ဆို၏။ “အမေ.. ကျွန်တော် ငွေရှိလာတဲ့အခါ အမေ လဲဝတ်လို့ရအောင်

ငွေဆံထိုးတွေအများကြီးဝယ်ပေးမယ်..”



အမေရှက ပြုံးပြီးပြော၏။ “ဒီကလေးကတော့… ဒါဆိုလည်း အမေစောင့်နေပါမယ်ကွယ်” ရှယန်ရှီး၏စကားက အမှန်ဖြစ်လာပြီး နောင်တွင် အမေရှ၏ လက်ဝတ်ရတနာသေတ္တာထဲ၌ ရှယန်ရှီးဝယ်ပေးသော ငွေဆံထိုးများစွာ ပြည့်နေမည်ကို သားအမိနှစ်ယောက်လုံး မသိခဲ့ကြပေ။ 



မိသားစုထမင်းစားပြီးနောက် ရှောင်ပေါင်က အဝတ်အစားအသစ် ဝတ်ထား၏။ အဝါနုရောင်ဝတ်စုံမှာ အင်မတန်ကြည့်ကောင်းလှပြီး သူ့ဘယ်ဘက်လက်ပေါ်တွင်လည်း ငွေလက်ကောက်လေးရှိနေသည်။


“ငါတို့ရဲ့ အဖိုးတန်ရှောင်ပေါင်လေးက သိပ်ချစ်ဖို့ကောင်းတာပဲ”




ဖူမင်ယိုက ကလေးများကို အမြဲတမ်းချစ်စရာကောင်းသည်ဟု ယူဆထားသောကြောင့် မနေနိုင်ဘဲ ကလေး၏ ပြုံးပျော်နေသော မျက်နှာကို ဖျစ်ညှစ်မိလိုက်ပြီး အပြုံးလေးဖြင့် ဆိုလေသည်။



တစ်ဖက်လူ၏ အပြုအမူကို မြင်သော် အမေရှက ပြုံးရယ်လျက် ပြောသည်။ “ ရှောင်ဖူက ကလေးချစ်တတ်ရင် အိမ်ထောင်ပြုပြီးတဲ့အခါ ကလေးယူလို့ရတာပေါ့”




ဖူမင်ယိုသည် အလွန်ချောမောခန့်ညားသောကြောင့် အိမ်ဆောက်ပြီးနောက် ရွာထဲရှိ မိန်းကလေးများနှင့် ကောများကြား၌ နာမည်ကြီးလာလိမ့်မည်။



ထိုစကားကြားသော် ရှယန်ရှီး၏ ထမင်းစားနေသော လက်က ရပ်တန့်သွား၏။ အကြောင်းအရင်းကို မသိသော်လည်း နောင်မှာ ဖူမင်ယိုက တခြားတစ်ယောက်ကို လက်ထပ်တော့မည်ကို တွေးမိလိုက်သည်နှင့် အနည်းငယ် စိတ်မကောင်းဖြစ်သွားရ၏။



ဖူမင်ယိုက မျက်လုံးမှေးလျက် ပြုံးလိုက်သော်လည်း စကားတစ်ခွန်းမှမဆို။ သူသည်ကား တစ်ဖက်ခြမ်းရှိ ရှယန်ရှီးအား မျက်လုံးထောင့်မှ လှမ်းကြည့်လိုက်ပြီး သူ့ရင်ထဲကအတွေးကိုတော့ မည်သူမျှ မသိခဲ့ပေ။


မွန်းလွဲပိုင်းတွင် ဖူမင်ယိုတစ်ယောက်တည်း တောင်ပေါ်တက်သွား၏။



မူလက ရှယန်ရှီး လိုက်သွားချင်သော်လည်း ဖူမင်ယိုက သူ့ကို အကူအညီတစ်ခု တောင်းခံခဲ့၏။ သူ့အဝတ်အစားများက အနည်းငယ် ကြီးနေသောကြောင့် တစ်ဖက်လူအား ပြန်သီခိုင်းခဲ့ခြင်းပင်။


ရှယန်ရှီးက တခြားအရာများကို စဥ်းစားမနေတော့ဘဲ အိမ်မှာပဲနေကာ ဖူမင်ယို၏ အဝတ်အစားများကို သီပေးနေခဲ့သည်။




ရှကျားရွာဘေးရှိ တောင်ကြီးက အင်မတန်ကြီးမားသည်။ ယခုအခါ နွေဦးအစပိုင်း ကျော်လွန်သွားပြီး ရာသီဥတုက နွေးထွေးလာပြီဖြစ်ရာ တစ်လျှောက်လုံးတွင် အပင်စိမ်းရွက်နုလေးများ ပေါက်ရောက်နေ၍ လန်းဆန်းကြည်လင်ဖွယ် မြင်ကွင်းဖြစ်နေ၏။



“စကင်န်ဖတ်ခြင်း စတင်ပါ”



ဖူမင်ယို ဤနေရာသို့လာရခြင််းမှာ တစ်စုံတစ်ခုကို ရှာဖွေရန်ဖြစ်၏။



ဖူမင်ယို၏ လေ့လာချက်အရ တောင်ပေါ်သွားရာတွင် အနက်ပိုင်းထိ ဝင်သူရှားပါးသည်။ သူ ရှယန်ရှီးကို မေးမြန်းခဲ့ရာတွင် သူတို့သည် ဟင်းသီးဟင်းရွက် ခူးဆွတ်လျှင်ပင် အပြင်ဘက်တွင်သာ ခူးကြပြီး အတွင်းသို့မဝင်ရဲကြောင်း ပြောခဲ့သည်။


.


ဖူမင်ယိုသည် သူ၏ကိုယ်ပိုင်အရည်အချင်းနှင့် သူ့စနစ်ထဲရှိ အသက်ကယ်ပစ္စည်းများကို ယုံကြည်သောကြောင့် ယခုအခါတွင် တောင်နက်ကြီးထဲဝင်ရန် စဥ်းစားထားသည်။




အပြင်ဘက်နေရာများကို လူအများစု ရှာဖွေပြီးပြီဖြစ်သော်လည်း အတွင်းပိုင်းကို မရှာဖွေရသေးပေ။ အတွင်းဘက်မှာ ပစ္စည်းကောင်းများစွာ ရှိပေလိမ့်မည်။


သူသည်ကား ရှကျားရွာမှာ အခြေချနေထိုင်မည်ဖြစ်ရာ ချမ်းသာကြွယ်ဝမှု၏ အရင်းအမြစ်တစ်ခုရှိဖို့ လိုအပ်သည်။


ဤတောင်ပေါ်တွင် ဂျင်ဆင်းနှင့် လင်ဇီးမှိုများအပြင် တခြားသော အဖိုးတန် ဆေးဖက်ဝင်အပင်များရှိသည်။ သူ ရှာတွေ့ပြီး တိုက်ရိုက်ရောင်းချပါက ငွေကြေးရရှိလာမှုကို အကြောင်းပြချက်ပေးလို့ရပေမည်။



အတွင်းဘက်သို့လျှောက်သွားလေ တောထဲရှိ အပူချိန် နိမ့်ပါးလာလေဖြစ်သည်။ ကံအားလျော်စွာ ဖူမင်ယိုသည် အဝတ်စားအထပ်ထပ် ဝတ်ဆင်ထားသောကြောင့် အအေးဒဏ်ကို ခံစားရခြင်းမရှိပေ။



ဖူမင်ယိုက စနစ်ကို စကင်န်ဖတ်ခိုင်းလိုက်သည်နှင့် လက်တံပုံစံအရာတစ်ခုက နာရီလက်တံအတိုင်း စတင်လည်ပတ်နေသည်ကို သူ မြင်လိုက်ရ၏။



စနစ်က စကင်န်ဖတ်လိုက်တိုင်း ဆယ်မီတာ အချင်းဝက်အတွင်းရှိ ပစ္စည်းများကို ရှာဖွေနိုင်လေသည်။



ထိုဆယ်မီတာအတွင်း၌ တစ်စုံတစ်ရာရှိပါက ဖူမင်ယို သိရှိပေမည်။


“တင်း.. နှစ်တစ့်ရာငါးဆယ် ဂျင်ဆင်းတစ်ပင်၊ သုံးနှစ်သက်တမ်း ဂျင်ဆင်းတစ်ပင်နှင့် ဆယ်နှစ်သက်တမ်း ဂျင်ဆင်တစ်ပင်ကို ရှာဖွေတွေ့ရှိပါတယ်”



ထိုစကားကြားတော့ ဖူမင်ယို ဝမ်းသာသွား၏။



ထင်သည့်အတိုင်း သူ ဤတောင်နက်ကြီးထဲ ဝင်လာသည်မှာ ကံကောင်းခြင်းပင်ဖြစ်၏။ မဟုတ်ပါက အပြင်မှာ ဤပစ္စည်းမျိုးကို ရှာဖွေနိုင်မည်မဟုတ်။



စနစ်၏ လမ်းညွှန်းချက်အတိုင်း ဖူမင်ယိုသည် နှစ်တစ်ရာ့ငါးဆယ် ဂျင်ဆင်းနှင့် ဆယ်နှစ်သက်တမ်း ဂျင်ဆင်းကို တူးဖော်ခဲ့သည်။


ပထမတစ်ခုက ရောင်းရန်ဖြစ်ပြီး ဒုတိယကတော့ ဒိုင်းမန်းရှင်းစနစ်ထဲ၌ ရောင်းရန်ထားရှိမည်။



ဤနေရာသည် တောင်နက်ပိုင်းဖြစ်သော်လည်း လိုလိုမယ်မယ်ဖြင့် ဖူမင်ယိုက သစ်ပင်ကြီးတစ်ပင်ကို ရှာဖွေကာ ၎င်းနောက်ကနေ ဒိုင်မန်းရှင်းစနစ်ကို ဖွင့်လိုက်သည်။



ယခု သူက ကျန်းမာရေးပြန်ကောင်းနေပြီဖြစ်၍ စီးပွားရေးစတင်လုပ်ဆောင်နိုင်ပြီပင်။




သို့သော် သူ့မှာ အခြေအနေ အကန့်အသတ်များ ရှိနေသေးသဖြင့် သူ ကိုယ်တိုင်သာ ဝယ်ယူလို့ရပြီး တခြားသူများအား ရောင်းချလို့မရသေးပေ။



ဆယ်နှစ်သက်တမ်း ဂျင်ဆင်းကို တင်၍ စျေးနှုန်းသတ်မှတ်ပြီးနောက်မှာ ဖူမင်ယိုက ဒိုင်မန်းရှင်းစနစ်ကို ပိတ်လိုက်၏။



သူ ရောက်နေသော ပတ်ဝန်းကျင်ကြောင့် သူက စျေးနှုန်းကို ရွှေနှင့်သတ်မှတ်လိုက်၏။


ဤနေရာတွင် ရွှေသည် အလွန်အဖိုးတန်ပြီး ပစ္စည်းချင်းလဲလှယ်သည်ထက် များစွာပိုကောင်းသည်။


ဂျင်ဆင်းကို သိမ်းဆည်းပြီးနောက်မှာ ဖူမင်ယိုက ချက်ချင်းပြန်ဖို့ပြင်သည်။




သို့ပေသော်ငြား အစီအစဥ်အတိုင်း မဖြစ်ခဲ့ဘဲ ခြေလှမ်းအနည်းငယ်လျှောက်ပြီးနောက်မှာ ခပ်လှမ်းလှမ်းမှ သူ့ကိုစောင့်မျှော်နေသော တောဝက်တစ်ကောင်ကို တွေ့လိုက်ရသည်။



ဖူမင်ယိုက တောဝက်ကို စိတ်မပါတပါ ကြည့်လိုက်၏။ အိမ်ရှိ တောဝက်ကိုပင် စားမကုန်သေးပေ။


၎င်း ထွက်ပြေးဖို့ ပြင်လိုက်သည်နှင့် ဖူမင်ယိုက မြို့ပေါ်က စားသောက်ဆိုင်တွေကို သတိရသွား၏။ သူတို့ကတော့ တောဝက်သားကို လိုချင်မှာဖြစ်၍ သတ်ပြီးရောင်းချကာ ငွေရှာလို့ရသည်။



ထိုသို့တွေးပြီးသည်နှင့် ဖူမင်ယိုက လျှပ်စစ်တုတ်ကို တိုက်ရိုက်ထုတ်ယူကာ ဗို့အားအမြင့်ဆုံးထိ ဖွင့်ပြီး တောဝက်ဆီသို့ ပြေးဝင်သွားလိုက်၏။



ဤလျှပ်စစ်တုတ်၌ ပြင်းအားအပြည့်ပါရှိရာ အသာလေးထိရုံဖြင့် နွားတစ်ကောင်သည်ပင် လဲကျသွားနိုင်ပြီး တောဝက်ကိုဆိုလျှင် ပြောစရာမလိုပေ။




တောဝက်၏ဦးခေါင်းမှ ကျိကျိဟူသော အသံထွက်လာသည်။ ဖူမင်ယိုက တစ်ချက်ကြည့်ပြီးနောက် ဘေးနားရှိ သစ်သားတုတ်တစ်ချောင်း ကောက်ယူကာ တောဝက်၏ဦးခေါင်းကို အကြိမ်ရေများစွာ ရိုက်ချပစ်လိုက်၏။




တောက်အောက်ဆင်းလာပြီးလျှင် တောဝက်က သူ့ဘာသူ သစ်ပင်နှင့်တိုက်မိသည်ဟု ပြောလိုက်မည်။



ဒိုင်မန်းရှင်းစနစ်ထဲ၌ တောဝက်ကိုထည့်ပြီးနောက် အပြင်ဘက်နားသို့ ရောက်သည့်အခါ ဖူမင်ယိုက တောဝက်ကို ဆွဲချ၍ ပင်ပန်းဟန်ဆောင်လာသည်။


သို့နှင့် ဖူမင်ယိုသည် ခန္ဓာကိုယ်နှင့် ဆံပင်များရှုပ်ပွလျက် တောင်အောက်ဆင်းလာခဲ့သည်။