အမှတ်မထင် ဖူးစာ
အပိုင်း ၇
"ဒီလို အလုပ်ခွင် ထိခိုက်မှုအတွက် သစ်တောဌာနက တာဝန်ယူမှာလား" ဧည့်ရိပ်သာသို့ သွားရာ နှင်းဖုံးလမ်းပေါ်တွင် လျှောက်ရင်း သူမက တိုးတိုးလေး မေးလိုက်သည်။
ချီဖန့်က "အင်း" ဟုသာ တိုးတိုးလေး ပြန်ဖြေပြီး ပြန်လည် တိတ်ဆိတ်သွား၏။
အချိန်အတော်ကြာပြီးနောက် သူက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ "သစ်တောဌာနက နှစ်သစ်ကူး အားလပ်ရက်တွေမှာပဲ ပိတ်တာ"
အင်း၊ ဒါတော့ ဒါပေါ့။
ယန်ရွှယ်က သူ့ကို မော့ကြည့်လိုက်သည့်အခါ သူက သူမကို ကြည့်နေသည်ကို တွေ့လိုက်ရ၏။ "နောက်ရက်တွေမှာ ကိုယ် အောက်ဆင်းလာနိုင်မှာ မဟုတ်ဘူး။ ထပ်ပြီးတော့ သေချာ စဉ်းစားကြည့်အုံး။"
သူမသည် ဤနေရာနှင့် မသင့်တော်ဟု သူ ယူဆနေဆဲဖြစ်ပြီး သူမကို မနေစေချင်သေးချေ။
တစ်ရက်တည်း ဒုက္ခခံရခြင်းမှာ ဆန်းသစ်သလို ရှိသော်လည်း၊ တစ်ပတ် သို့မဟုတ် တစ်လ ကြာသွားလျှင်မူ ၎င်းမှာ ညှဉ်းပန်းနှိပ်စက်မှုတစ်ခုသာ ဖြစ်လာပေလိမ့်မည်။
ဤနေရာတွင် သူမနှစ်သက်သော အဝတ်အစားများ၊ ဖိနပ်များ မရှိသလို၊ ရုပ်ရှင်ရုံ သို့မဟုတ် ပြဇာတ်ရုံများလည်း မရှိ၊ လျှပ်စစ်မီးပင် မရှိ။ ညဘက် စက်ပြင်ရန်အတွက် မီးစက်မောင်းချိန်တွင်သာ မီးရလေ့ရှိပြီး ည ၉ နာရီထိုးသည်နှင့် အရာအားလုံးမှာ မှောင်အတိ ကျသွား၏။
ဤနေရာရှိ အလုပ်သမား အများစုမှာ ပညာအရည်အချင်း နည်းပါးကြပြီး မိသားစုဝင် အများအပြားမှာ စာပင် မဖတ်တတ်ကြပေ။ စိတ်ဝင်စားမှုတူသော စကားပြောဖော် ရှာရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်၏။
နောင်မှ နောင်တရနေမည့်အစား ယခုအချိန်တွင် အခြေအနေမှန်ကို သိရှိပြီး လိုအပ်လျှင် စောစောစီးစီး ထွက်သွားခြင်းက ပို၍ ကောင်းလိမ့်မည်။
နောက်တစ်နေ့ နံနက်တွင် ယန်ရွှယ်သည် အသံချဲ့စက်မှ အသံများကြောင့် လန့်နိုးလာ၏။
သစ်တောဌာန၏ အသံလွှင့်ချက်မှာ နံနက်တိုင်း အချိန်မှန် ထွက်ပေါ်လာလေ့ရှိပြီး ပြင်ပသတင်းများကို ပြောပြရန်နှင့် အလုပ်သမားများကို အလုပ်တက်ရန် သတိပေးဖို့ ဖြစ်သည်။
ယန်ရွှယ်သည် အိပ်ပုပ်ကြီးသူ မဟုတ်ပေ။ ဘဝနှစ်ခုစလုံး၏ ဆင်းရဲဒုက္ခများက သူမ၏ ထိုဇိမ်ခံမှုကို လုယူသွားခဲ့ပြီးဖြစ်ရာ၊ သူမသည် အမြန်ထပြီး နွေးနေသော အကျီနှင့် ဘောင်းဘီကို ယူဝတ်လိုက်၏။
ချီဖန့်သည် သူမကို မနေ့ညက ဧည့်ရိပ်သာတွင် ထားခဲ့ပြီး သူကတော့ အဆောင်မှာပဲ အိပ်ကာ မိုးမလင်းခင် တောင်ပေါ်သို့ ပြန်တက်သွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ယမန်နေ့က ဖြစ်ရပ်များကြောင့် သူမကို ပြန်စဉ်းစားစေလိုခြင်းမှာ မထူးဆန်းလှပေ။ အကယ်၍ သူမတွင် ပိုကောင်းသော ရွေးချယ်စရာ ရှိခဲ့လျှင် သူမလည်း ထိုသို့ပင် လုပ်မိပေလိမ့်မည်။
သို့သော် ဆင်းရဲဒုက္ခနှင့် အန္တရာယ်များ ရှိသော်လည်း သစ်တောဌာနသည် ဒေသခံ စက်ရုံများထက် အခြေအနေ ပိုကောင်း၏။ မြို့တွင် ဆေးရုံနှင့် အထက်တန်းကျောင်းရှိသလို၊ ဌာနအတွင်း၌လည်း မူလတန်းကျောင်း၊ ဧည့်ရိပ်သာနှင့် ကန်တင်းတို့ ရှိသည်။
ယန်ရွှယ်ထံတွင် အဒေါ်ဖြစ်သူ လဲလှယ်ပေးထားသော ရိက္ခာကူပွန်အချို့ ရှိနေသေးရာ၊ ထမင်းစားဆောင်တွင် စားပြီးနောက် စခန်းပတ်ဝန်းကျင်ကို လေ့လာရန် သူမ စီစဉ်ထား၏။ မနေ့ကတော့ လူရှာနေရသဖြင့် သေချာ မကြည့်ဖြစ်ခဲ့ချေ။
သူမ အပြင်သို့ ထွက်လိုက်သည်နှင့် ဧည့်ရိပ်သာ ဝန်ထမ်းက သူမကို လှမ်းခေါ်ခဲ့သည်။ "ဒီနေ့ မနက်က လူတစ်ယောက် လာပြီး ဒါကို ပေးခိုင်းသွားတယ်"
၎င်းမှာ ငွေသားနှင့် ဒေသခံ ရိက္ခာကူပွန်များ ဖြစ်၏—နိုင်ငံတော်အဆင့် ကူပွန်များလောက် တန်ဖိုးမရှိသော်လည်း အတော်အတန် များပြားလှသည်။
သူက အေးစက်ပြီး ဒဲ့တိုးပြောတတ်သော်လည်း လုံးဝ ဂရုမစိုက်သူတော့ မဟုတ်ခဲ့ချေ။ သူမကို "စဉ်းစားကြည့်အုံး" ဆိုပြီး ဒီအတိုင်း ပစ်ထားခဲ့ခြင်း မဟုတ်ချေ။
ဝန်ထမ်းကို ကျေးဇူးတင်ပြီးနောက် အပြင်သို့ ထွက်လိုက်စဉ်တွင် အခြားအသံတစ်ခုက သူမကို တားလိုက်ပြန်သည်။ "မင်းက ချီဖန့်ရဲ့ ဆွေမျိုးလား"
ဤတစ်ကြိမ်တွင်မူ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး လက်ထဲတွင် သံပုံးတစ်ပုံးကို ကိုင်ထား၏။ နှင်းများ ရပ်သွားပြီဖြစ်ရာ ပုံးထဲတွင် ပြောင်းဖူးနှစ်များကို မြင်နေရသည်။
သူတို့က "ပြန်စဉ်းစားနေဆဲ" အဆင့်မှာပဲ ရှိသေးတာကြောင့် ချီဖန့်က သူမကို လက်ထပ်မည့်သူအဖြစ် မိတ်မဆက်ပေးထားသဖြင့် ယန်ရွှယ်လည်း ရှင်းမပြတော့ချေ။ "အဒေါ်က ဘယ်သူ..."
"အဒေါ့်ယောကျ်ားက လျိုတနျိုလေ၊ ချီဖန့်ရဲ့ အဖွဲ့ခေါင်းဆောင်။ ချီဖန့် ဒီကို စရောက်တုန်းက အဆောင်မှာ နေရာမရှိလို့ အန်တီတို့အိမ်မှာ ခြောက်လလောက် နေခဲ့ဖူးတယ်။ ဒီမနက် သူ တောင်ပေါ်မတက်ခင် အဒေါ်နဲ့ တွေ့တော့ အားရင် မင်းကို စခန်းပတ်ပတ်လည် လိုက်ပြပေးဖို့ ပြောသွားတယ်"
လျိုတနျို—ယန်ရွှယ်သူ့ကို မှတ်မိပါ၏။ ချီဖန့်က သူမအတွက် လမ်းပြတစ်ယောက်ကိုပင် စီစဉ်ပေးခဲ့သည်ကို ကြည့်လျှင် သူက တကယ်ကို စိတ်ရင်းကောင်းသူ ဖြစ်ပေလိမ့်မည်။
ယန်ရွှယ်က ပြုံးလျက် ကျေးဇူးတင်စကား ဆိုလိုက်သည်။ "တကယ် ကျေးဇူးတင်ပါတယ်။ ဘယ်အချိန်လောက် လိုက်ပြပေးနိုင်မလဲ။ ကျွန်မ မနက်စာစားပြီးရင် အဒေါ့်ဆီ လာခဲ့ပါ့မယ်"
"မနက်စာ ဟုတ်လား။ လူတိုင်း တောင်ပေါ် ရောက်ကုန်ပြီ။ အောက်က ကျွေးတဲ့ အစာတွေက ခွေးတောင် မစားဘူး။" လျိုတနျို၏ ဇနီးက သူမ၏ လက်မောင်းကို ဆွဲလိုက်၏။ "လာ၊ အန်တီတို့ အိမ်မှာပဲ စားလိုက်။ ကလေးတွေက အိပ်နေတုန်းပဲ၊ အိုးထဲမှာ ဟင်းတွေ နွေးထားတာ အဆင်သင့်ပဲ၊ အားမနာနဲ့။"
သံပုံးအပြည့်ကို အလွယ်တကူ မနိုင်သည့် ထိုအမျိုးသမီးမှာ ယန်ရွှယ်ထက် များစွာ သန်မာလှ၏။ သူမ ငြင်းဆန်ချိန်ပင် မရဘဲ အိမ်ဆီသို့ ပျော်ပျော်ရွှင်ရွှင် ဆွဲခေါ်သွားခြင်း ခံလိုက်ရသည်။
လမ်းတစ်လျှောက်တွင် လျိုတနျို၏ ဇနီးက သစ်တောဌာနနှင့် ပတ်သက်သည့် အကြောင်းအရာမျိုးစုံကို စမြုပ်ဖော် ပြောပြနေသဖြင့် ယန်ရွှယ်လည်း မငြင်းတော့ဘဲ လိုက်သွားခဲ့၏။
ဧည့်ရိပ်သာကဲ့သို့ အုတ်ညှပ်အိမ် မဟုတ်ဘဲ၊ ဤနေရာမှ အလုပ်သမား အများစုမှာ ကိုယ်တိုင်ဆောက်ထားသည့် မြေအိမ်လေးများတွင် နေထိုင်ကြသည်။ သစ်သား အပေါများဆုံး ဖြစ်သဖြင့် သစ်လုံးများကို တိုင်အဖြစ် သုံးကာ မြေကွက်လပ်များကို မြေမှုန့်နှင့် မြက်ခြောက်များ ရောစပ်ကာ ပိတ်ထားကြ၏။ ၎င်းတို့မှာ ပုပုလေးများ ဖြစ်သော်လည်း အုတ်အိမ်များထက် ပို၍ နွေးထွေးလှသည်။
လျိုမိသားစု အိမ်ဝင်းထဲတွင် ခွေးများရှိပြီး သူစိမ်းနံ့ ရသည်နှင့် တပြိုင်နက် ဟောင်ကြတော့သည်။
"သူတို့ကို ချည်ထားတုန်း ခဏစောင့်အုံး။ အဒေါ့်ယောက္ခမက အမဲလိုက်ဖို့ မွေးထားတာ—စုစုပေါင်း သုံးကောင်ရှိတယ်၊ ဒီမနက်တော့ နှစ်ကောင်ကို တောင်ပေါ် ခေါ်သွားတယ်"
လျိုတနျို၏ ဇနီးက ပုံးကို ချပြီး အထဲဝင်သွားကာ မကြာမီမှာပင် "ရပြီ၊ လာတော့" ဟု လှမ်းခေါ်၏။
သူမက ခွေးအိမ်နားတွင် ရှိနေသည်ကို မြင်သောကြောင့် ယန်ရွှယ်ပုံးကို အထဲသို့ သယ်သွားပေးလိုက်သည်။
"လေးတယ် မဟုတ်လား" အထဲရောက်သည့်အခါ လျိုတနျို၏ ဇနီးက မေးလိုက်၏။ "တကယ်တော့ ဒီနေ့က ကော မိသားစု မုန့်လုပ်ရမဲ့ အလှည့်ပဲ၊ ဒါပေမဲ့ သူတို့ သားငယ်လေး မတော်တဆ ဖြစ်သွားတော့ အဒေါ်ပဲ လုပ်ပေးလိုက်ရတယ်"
သူမက စကားပြောနေရင်း အင်္ကျီမပါဘဲ အိုးထဲတွင် အစားအစာ ရှာနေသော ကောင်လေး၏ တင်ပါးကို ရိုက်လိုက်သည်။ "မင်း မအေးဘူးလား၊ ဒီလိုကြီး ပတ်ပြေးနေရတာ"
ထိုခေတ်က ဆင်းရဲမွဲတေမှုမှာ ပျံ့နှံ့နေ၏။ မြို့ပြကလေးများပင် အရွယ်ရောက်သည်အထိ အတွင်းခံဘောင်းဘီရှည် မရှိကြရာ သစ်တောစခန်းမှ ကလေးများအဖို့ ဆိုဖွယ်ရာ မရှိတော့ပေ။ ကောင်လေးက အရိုက်ခံရသည်ကို ဂရုမစိုက်သော်လည်း သူစိမ်းကို မြင်သည့်အခါ ရှက်သွားပြီး အခန်းထဲသို့ ပြေးဝင်သွား၏။
"အဲဒါ အဒေါ့်ရဲ့ အငယ်ဆုံးလေးပဲ။ အစားအသောက်ပဲ သိတာ" လျိုတနျို ၏ ဇနီးက ရယ်လျက် ပြောလာသည်။
"ကျွန်မ မောင်လေး အဲဒီအရွယ်တုန်းကလိုပါပဲ" ယန်ရွှယ်က ပြန်ပြောလိုက်၏။
အိမ်ထောင်သည် အမျိုးသမီးများသည် ကလေးများအကြောင်း ပြောရသည်ကို နှစ်သက်ကြပြီး ယန်ရွှယ်တွင် ထိုအရွယ် မောင်လေးတစ်ယောက် ရှိကြောင်း သိရသောအခါ လျိုတနျို၏ ဇနီးမှာ သူမအပေါ် ပို၍ ခင်မင်သွားတော့သည်။
ထိုစဉ်မှာပင် အသက် ၁၅၊ ၁၆ အရွယ် မိန်းကလေးတစ်ဦး အခန်းထဲမှ ထွက်လာ၏။ ယန်ရွှယ်ကို မြင်လိုက်ရသည့်အခါ သူမ၏ မျက်နှာမှာ ပျက်ယွင်းသွားသည်။
လျိုတနျို၏ ဇနီးက ဧည့်သည်ကို နှုတ်ဆက်ရန် ခိုင်းသဖြင့် သူမက နှုတ်ဆက်သော်လည်း လေသံမှာ မကျေမနပ် ဖြစ်နေ၏။ "သမီးတို့ ဘယ်တော့ သွားကြမှာလဲ" သူမက မေးလိုက်သည်။
သူမ၏ မိခင်မှာ တုံ့ဆိုင်းသွား၏။ "ဒီနေ့ မဟုတ်ဘူး သမီးရဲ့။ အမေ့မှာ လုပ်စရာတွေ ရှိသေးတယ်"
မိန်းကလေး၏ မျက်နှာမှာ ရှုံ့မဲ့သွားသည်။ "လွန်ခဲ့တဲ့ သုံးရက်ကတည်းက သမီးပစ္စည်းတွေ သွားရောင်းဖို့ မြို့ကို ခေါ်သွားမယ်လို့ ပြောထားတာလေ! မနေ့ကလည်း မသွားဘူး၊ ဒီနေ့လဲ မသွားဘူး—အခုလဲ ရွှေ့ပြန်ပြီ။ အမေ တကယ်ရော ခေါ်သွားဖို့ စိတ်ကူးရှိရဲ့လား။"
လူကြီးများသည် ကလေးများ၏ ကိစ္စများကို အရေးမကြီးဟု ယူဆကာ မိမိတို့ကိစ္စကိုသာ ဦးစားပေးတတ်ကြ၏။ ကလေးများအတွက်မူ ထိုကတိလေးများမှာ အရာရာ ဖြစ်ကြောင်း သူတို့ မေ့နေကြသည်။
လျိုတနျို၏ ဇနီးသည် အားနာစိတ်မှတစ်ဆင့် ဒေါသထွက်သွား၏။ "ဧည့်သည်ရှိနေတာကို ယဉ်ကျေးမှု မရှိလိုက်တာ။ အမေပြောတာ နားထောင်၊ ဒီနေ့ ရာသီဥတု မကောင်းဘူး။ နောက်မှ သွားမယ်"
"ရတယ်၊ သမီးဘာသာသမီး သွားမယ်။" မိန်းကလေးသည် မျက်လုံးများ နီမြန်းလျက် အခန်းထဲသို့ ပြေးဝင်သွားပြီး ခဏအကြာတွင် ကျောပိုးခြင်းတစ်လုံးနှင့် ထွက်လာ၏။
သူမသည် ဤခရီးအတွက် ကြိုတင် ပြင်ဆင်ထားကြောင်း သိသာလှသည်။
မည်သည့်မိခင်မှ မိမိသမီးကို မြို့သို့ တစ်ယောက်တည်း မလွှတ်ချင်ကြချေ။ လျိုတနျို၏ ဇနီးက သူမကို တားဆီးရန် ကြိုးစားရင်း တံခါးဝတွင် အချေအတင် ဖြစ်နေကြပြီး၊ ကလေးငယ်များကလည်း အခန်းထဲမှ ချောင်းကြည့်နေကြသည်။
ထိုရုန်းရင်းဆန်ခတ်မှုကြားတွင် ယန်ရွှယ်စကားပြောလိုက်၏။ "ကျွန်မ သူမနဲ့အတူ လိုက်သွားပေးရင်ကော ဘယ်လိုလဲ။ ကျွန်မရဲ့ အမျိုးတစ်ယောက် မြို့မှာ ရှိတယ်၊ သူမက ကျွန်မကို ဒီကို ခေါ်လာပေးရမှာပေမဲ့ သူ့သားလေး မတော်တဆ ဖြစ်သွားလို့။ ကျွန်မလဲ သူတို့ဆီ သွားကြည့်သင့်တယ်ထင်တယ်”
ယန်ရွှယ်သည် မြို့သို့ တစ်ခေါက်သွားရန် အမှန်တကယ် ဆန္ဒရှိနေခဲ့သည်—ရှန်ရှို့ဖန်ကို သူမအနေဖြင့် သက်ဆိုင်ရာလူနှင့် တွေ့ဆုံပြီးပြီဖြစ်ကြောင်း အသိပေးကာ စိတ်အေးစေရန်ဖြစ်သလို၊ မနေ့က ရေထဲပြုတ်ကျခဲ့သည့် တချမ်း၏ အခြေအနေကိုလည်း သွားရောက်ကြည့်ရှုလိုသောကြောင့် ဖြစ်၏။
အစပိုင်းတွင် ယနေ့အတွက် သူမ မစီစဉ်ခဲ့ရခြင်းမှာ ဤဒေသကို မကျွမ်းကျင်ခြင်းနှင့် ရထားငယ် မည်သည့်အချိန်တွင် ရောက်မည်ကိုပင် မသိရှိသောကြောင့် ဖြစ်သည်။
မုန့်လုပ်ရန်သာ မရှိပါက ယန်ရွှယ်၏ အကြံပြုချက်ကြောင့် လျိုတနျို၏ ဇနီးသည် သူတို့ကို လိုက်ပို့ပေးပေလိမ့်မည်။ သို့သော် သူမသည် အလုပ်ကို ပစ်မထားနိုင်သဖြင့် ပတ်ဝန်းကျင်ကို စုံစမ်းမေးမြန်းပြီးနောက် မြို့သို့ ပစ္စည်းသွားရောင်းမည့် အဘိုးအိုတစ်ဦးအား အပ်နှံလိုက်ရ၏။"ဒါ ကျွန်မရဲ့ ချွမ်းချိုင် ပထမဆုံးအကြိမ် သွားတာမို့လို့ပါ။ ဦးလေး ဝမ်ရေ၊ သူ့ကို ခဏလောက် စောင့်ရှောက်ပေးပါအုံး"
ကျောပိုးခြင်းတစ်လုံးကို လွယ်ထားပြီး ခါးပတ်ဖြင့် တင်းတင်းကျပ်ကျပ် စည်းထားသော ဟောင်းနွမ်းနက်မှောင်နေသည့် ဝါဂွမ်းအင်္ကျီကို ဝတ်ဆင်ထားသော အဘိုးအိုက "ရပါတယ်" ဟု ချက်ချင်း သဘောတူလိုက်သည်။
ထိုအခါမှသာ မိန်းကလေးငယ် လျိုချွမ်းချိုင်လည်း စိတ်အေးသွားတော့၏။ ကလေးသဘာဝအရ သူမ၏ စိတ်လှုပ်ရှားမှုမှာ မျက်နှာပေါ်တွင် အထင်အရှား ပေါ်လွင်နေပြီး၊ အထူးသဖြင့် ရထားငယ်လေး ရောက်ရှိလာကာ အဘိုးအိုဝမ်နှင့် ယန်ရွှယ်တို့နှင့်အတူ ရထားပေါ်တက်လိုက်ရသည့်အချိန်တွင် ပို၍ သိသာလှသည်။
"အမေက ပြောတယ်၊ အစ်မက ချီဖန့်နဲ့ အမျိုးတော်တယ်ဆို။ အစ်မတို့ မိသားစုဝင်တွေ အားလုံးက ဒီလောက်ပဲ ချောကြတာလား" လမ်းခရီးတွင် သူမက ယန်ရွှယ်ကို စပ်စုမေးမြန်းလိုက်၏။
"ဖြစ်နိုင်တယ်၊ မမရဲ့ မိဘတွေနဲ့ မောင်လေးကလဲ တော်တော်ချောကြတယ်" ယန်ရွှယ်က ပြုံးလျက် ပြန်ဖြေလိုက်သည်။ "ပြီးတော့ ညီမလေးလဲ အရမ်းလှတယ်လို့ မမထင်တယ်"
"ညီမက အစ်မနဲ့ ဘယ်ယှဉ်နိုင်ပါ့မလဲ။ ညီမကတော့ ဆံပင်ဝါဝါလေးနဲ့ပါပဲ" လျိုချွမ်းချိုင်က သူမ၏ ခြောက်သွေ့ဖွာလန်နေသော ဆံပင်ကျစ်ဆံမြီးကို ဆွဲရင်း စိတ်ပျက်လက်ပျက် ပြောလိုက်၏။
ထိုခေတ်အခါက အာဟာရချို့တဲ့မှုကြောင့် ကလေးအတော်များများတွင် ဆံပင်ဝါခြင်းနှင့် ကျွတ်ဆတ်ခြင်းများ ရှိနေတတ်ပြီး ဆယ်ကျော်သက်အရွယ်အထိပင် ကောင်းမွန်မလာတတ်ကြပေ။
"မင်းတို့ မိသားစုက အခြေအနေ ကောင်းပါတယ်။ လောင်လျိုက အမဲလိုက်တတ်တော့ မင်းတို့ တောကောင်သား စားရသေးတာပဲ။ တခြားကလေးတွေရဲ့ ဆံပင်က မင်းထက်တောင် ပိုဆိုးသေးတယ်" အဘိုးအို ဝမ်က တစ်ဖက်ထိုင်ခုံမှ ဝင်ပြောလိုက်၏။
ယန်ရွှယ်က အမဲလိုက်ခြင်းအကြောင်းကို အခွင့်ကောင်းယူ၍ မေးမြန်းလိုက်သည်။ "အမဲလိုက်တာကို ခွင့်ပြုသေးတာလား။ သစ်တောဌာနက ကန့်သတ်မထားဘူးလား"
"ခွင့်ပြုတာပေါ့!" လျိုချွမ်းချိုင်က ပြောလိုက်သည်။ "တောင်ပေါ်မှာ တောသတ္တဝါတွေ အများကြီးပဲ။ အကယ်၍ အမဲမလိုက်ရင် သစ်တောဌာနရဲ့ လုံခြုံရေးအဖွဲ့က လိုက်ရမှာ။ မဟုတ်ရင် လူတွေကို ရန်မူတာ ဒါမှမဟုတ် တပ်မဟာရဲ့ စိုက်ခင်းတွေကို ဖျက်ဆီးတာမျိုး လုပ်ကြမှာလေ"
ထိုစဉ်က လက်နက်နှင့် အမဲလိုက်ခြင်းအပေါ် ကန့်သတ်ချက်များမှာ နောင်နှစ်များလောက် မတင်းကျပ်သေးဘဲ တောဝက်ကဲ့သို့ သတ္တဝါများမှာလည်း ကာကွယ်ရမည့် မျိုးစိတ်များ ဖြစ်မလာသေးကြောင်း သိရ၏။
ထို့နောက် ယန်ရွှယ်က မိန်းကလေး သယ်လာသော ခြင်းတောင်းကို ကြည့်လိုက်သည်။ "ဘာတွေ သွားရောင်းမလို့လဲ။ မှိုလား။ မှိုနားရွက်လား။ သားရေခွံတွေတော့ မဟုတ်ပါဘူးနော်"
"မှိုခြောက်တွေပါ။ သားရေခွံတွေကိုတော့ အဘိုးနဲ့ အဖေကပဲ ရောင်းတာ။ ညီမက ငယ်သေးတော့ ဈေးမသိဘဲ အလိမ်ခံရမှာ စိုးလို့တဲ့"
၎င်းမှာ ကျိုးကြောင်းဆီလျော်လှသည်။ မှိုများမှာ သတ်မှတ်ဈေးရှိသော်လည်း တိရိစ္ဆာန်သားရေများမှာမူ သတ္တဝါအမျိုးအစား တူသော်လည်း အရွယ်အစားနှင့် အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်း အလွန်ကွာခြားတတ်၏။
"ဒါတောင် တော်လှပါပြီ။ ဒီလို အေးစက်နေတဲ့ ရာသီမှာ ဈေးသွားရောင်းဖို့ဆိုတာ လူတိုင်း မလုပ်နိုင်ဘူးလေ။"
ကလေးများကို အားပေးစကား ပြောရန် လိုအပ်ကြောင်း ယန်ရွှယ် သိနားလည်သကဲ့သို့ပင်၊ ထိုကဲ့သို့သော ချီးမွမ်းစကားကို ခဲယဉ်းစွာ ကြားဖူးသည့် လျိုချွမ်းချိုင်မှာ မျက်နှာလေး နီမြန်းသွားခဲ့သည်။ "ညီမအတွက် ဒါ ပထမဆုံးအကြိမ်ပဲ။ ပြီးတော့ နှစ်သစ်ကူးမတိုင်ခင်က မှိုတွေ အရောင်းရဆုံး—လူတွေက ပွဲတော်ရက်မှာ ကြက်သားနဲ့ ချက်စားဖို့ ဝယ်ကြတာလေ။ ပုံမှန်ဆိုရင်တော့ ဘယ်သူမှ ပိုက်ဆံအကုန်မခံကြဘူး"
နှစ်သစ်ကူးမတိုင်မီ ကာလသည် မှိုရောင်းရန် အကောင်းဆုံးအချိန် ဖြစ်နေ၏။ သူတို့ ချန်ရွှေ့ မြို့ငယ်လေးရှိ ဈေးသို့ ရောက်ရှိလာပြီး ခြင်းတောင်းများကို ဖွင့်လိုက်သည့်အခါ အဘိုးအိုဝမ်မှာလည်း မှိုခြောက်များ ရောင်းရန် ပြင်ဆင်နေသည်ကို တွေ့လိုက်ရသည်။
ဤမှိုများသည် ရှားပါးပြီး အရသာရှိကာ မှိုအမျိုးအစားအားလုံးတွင် တန်ဖိုးအရှိဆုံး ဖြစ်သည်။ သို့သော် အထွက်နှုန်းမှာ အလွန်နည်းပါးလှ၏—မှိုအစို ၁၂ ပေါင်ခန့်ကို အခြောက်လှန်းလျှင် တစ်ပေါင်ခန့်သာ ရရှိသည်။
အဘိုးအိုနှင့် မိန်းကလေးတို့မှာ အသီးသီး ဆိုင်ခင်းလိုက်ကြ၏။ သူမ ကူညီရန် မလိုအပ်တော့သည်ကို မြင်သောအခါ ယန်ရွှယ်သည် ဈေးမှ ထွက်လာပြီး သမဝါယမအရောင်းဆိုင်ကို ရှာဖွေလိုက်တော့သည်။
ရှန်ရှို့ဖန်သည် သူမကို ရထားဘူတာတွင် အအေးဒဏ်ကြားမှ စောင့်ဆိုင်းပေးခဲ့သလို၊ သစ်တောစခန်းရှိ လူတွေ့ပွဲသို့လည်း လိုက်ပါပို့ဆောင်ပေးခဲ့သည်။ လက်ချည်းသက်သက် သွားတွေ့ခြင်းမှာ အားနာစရာကောင်းလှ၏။ ထို့ပြင် မနေ့က ရေခဲပြင်အောက် ပြုတ်ကျခဲ့သည့် ကလေးမှာလည်း သေချာပေါက် ဖျားနာနေပေလိမ့်မည်။
ခရိုင်အဆင့် မြို့များကဲ့သို့ ကုန်တိုက်များ၊ ဆန်ဆိုင်များနှင့် ကုန်စုံဆိုင်များ သီးခြားစီ မရှိဘဲ၊ ဤမြို့ရှိ သမဝါယမဆိုင်တွင် သကြားလုံး၊ ဘီစကစ်၊ လူသုံးကုန်ပစ္စည်းများ၊ ဖိနပ်၊ ခြေအိတ်မှအစ နန်းကြိုးနှင့် ဂေါ်ပြားကဲ့သို့ ကိရိယာများအထိ အရာအားလုံး ရောင်းချပေးသည်။
လေ့လာကြည့်ပြီးနောက် ယန်ရွှယ်က စည်သွတ်ဘူး နှစ်ဘူးကို ဝယ်ယူလိုက်၏။ သူမ၏ အဘွားလေး ပေးထားသော လိပ်စာအတိုင်း ရှန်ရှို့ဖန်၏ အိမ်သို့ သွားခဲ့သော်လည်း သူမကို မတွေ့ရချေ။
"တချမ်းက ဒီနေ့မနက် ထပ်ဖျားလို့ အန်တီ ရှို့ဖန်က ဆေးရုံကို ဆေးထိုးဖို့ ခေါ်သွားတယ်" မနေ့က စကိတ်စီးရင်း အပြင်မှာ ကစားနေသည့် မိန်းကလေးငယ်က ပြောပြ၏။
ရှန်ရှို့ဖန်၏ တံခါးမှာ သော့ခတ်မထားဘဲ သူမ၏ ကလေးငယ်နှစ်ဦးကို အိမ်နီးချင်းဖြစ်သူ မိန်းကလေး၏ မိခင်က ကြည့်ရှုပေးထားသည်။ ယန်ရွှယ်က သူမ မည်သည့်အချိန်က ထွက်သွားသည်ကို မေးမြန်းပြီး တံခါးဝတွင် ခေတ္တ စောင့်နေလိုက်၏။
သို့သော် တစ်နာရီနီးပါး ကြာသည်အထိ ပြန်မလာသဖြင့်၊ ဈေးတွင် ကျန်ခဲ့သော လျိုချွမ်းချိုင်ကို စိတ်ပူမိသောကြောင့် ယန်ရွှယ်က လက်ဆောင်များကို အိမ်ထဲတွင် ထားခဲ့ကာ အဝတ်လျှော်နေသော အိမ်နီးချင်းအား မှာခဲ့လိုက်သည်။ "သူမကို ပြောပေးပါအုံး။ ကျွန်မ သက်ဆိုင်ရာလူနဲ့ တွေ့ပြီးပြီမို့ စိတ်မပူပါနဲ့လို့။ အားတဲ့အခါမှ ထပ်လာခဲ့ပါ့မယ်လို့လဲ ပြောပေးပါ"
သူမ ထွက်သွားသည့် တစ်နာရီအတွင်းမှာပင် လျိုချွမ်းချိုင်နှင့် အဘိုးအို ဝမ်တို့ အပြင်းအထန် စကားများနေကြသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားရသည်။
စောစောက အဆင်ပြေနေကြသော သူတို့နှစ်ဦးမှာ ယခုအခါ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေကြသည်—တစ်ဦးမှာ မျက်နှာနီမြန်းကာ ငိုတော့မည့်ဆဲဆဲ ဖြစ်နေပြီး၊ အခြားတစ်ဦးမှာမူ မိန်းကလေးက ပြဿနာရှာနေသကဲ့သို့ လက်ကို အင်္ကျီလက်ထဲ ထည့်ကာ တည်ငြိမ်နေ၏။
"အဘိုးက ကျွန်မအမေကို စောင့်ရှောက်ပေးမယ်လို့ ကတိပေးထားတာလေ။ မစောင့်ရှောက်ရင်လည်း နေပါ၊ ဘာလို့ ကျွန်မရဲ့ ဖောက်သည်တွေကို လုရတာလဲ" မိန်းကလေးက အသံတုန်တုန်ယင်ယင်ဖြင့် အော်ဟစ်လိုက်သည်။
အဘိုးအို ဝမ်က မျက်လုံးပင် မော့မကြည့်ဘဲ ပြောလိုက်သည်။ "မင်းရဲ့ ပစ္စည်းက မကောင်းတာ၊ ဘယ်သူ့ကို သွားအပြစ်တင်နေတာလဲ"
"ဘယ်သူက မကောင်းဘူးလို့ ပြောလဲ။ ဒါတွေက ကျွန်မနဲ့ အမေနဲ့ ပြီးခဲ့တဲ့ ဆောင်းဦးတုန်းကမှ ရှာပြီး အခြောက်လှန်းထားတာ။"