Ch 2
Viewers 2k

အမှတ်မထင် ဖူးစာ


အပိုင်း ၂







"ဟင်းချက်နေတာလား။ ငါ မနေ့က ပို့ပေးတဲ့ ပန်ကိတ်တွေကို နင်နဲ့ ကျိအန်းစားပြီးကြပြီလား" ပိုင်ရှို့ကျန့်က အိမ်ထဲလှမ်းဝင်လာလာချင်း မေးလိုက်သည်။



ဆိုရိုးစကားတစ်ခုရှိသည်မှာ "လက်ဆောင်ယူသူသည် ပေးကမ်းသူ၏ လက်အောက်ခံ ဖြစ်ရသည်" ဟူ၍ပင်။ ဤအကြောင်းကို ဦးစွာစကားပျိုးခြင်းဖြင့် မိသားစုနှစ်ခုကြား ယခင်က အဆင်မပြေမှုများ ရှိခဲ့စေဦးတော့၊ ယန်ရွှယ်အနေဖြင့် သူမအပေါ် အေးစက်စက် ဆက်ဆံရန် ခက်ခဲသွားစေ၏။ ၎င်းကပင် စကားဝိုင်းကို ပိုချောမွေ့သွားစေသည်။



တကယ်တမ်းတွင် ယန်ရွှယ်သည် သူမကို ငြင်းပယ်ခြင်း မပြုခဲ့ပေ။ ထိုသို့ပြုမည့်အစား သူမက ပြုံးလျက်ကြောင်အိမ်တံခါးကို ဖွင့်လိုက်၏။ "နှစ်ချပ် ကျန်သေးတယ် အဒေါ်။ အဒေါ်တို့အိမ်မှာ မလောက်ဘူးဆိုရင် ပြန်ယူသွားလိုက်လေ၊ ကျွန်မဆီမှာ ကန်စွန်းဥတွေ ရှိသေးတယ်။"



ပိုင်ရှို့ကျန့်ကြိုတင်ပြင်ဆင်လာသမျှ စကားလုံးများမှာ လည်ချောင်းဝတွင် တစ်ဆို့သွားပြီး အတွေးစများပင် ပြတ်တောက်ကုန်သည်။ "အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး" 



သူမက စေတနာရှေ့ထား၍ ပေးခဲ့ခြင်း ဖြစ်သော်လည်း ယန်ရွှယ်၏ တုံ့ပြန်ပုံကြောင့် သူမမှာ ပေးပြီးမှ ပြန်တောင်းသည့် လူတွန့်တိုတစ်ယောက် ဖြစ်သွားရသည်။



ယန်ရွှယ်မှာလည်း တကယ် ပြန်ပေးရန် ရည်ရွယ်ချက်မရှိဘဲ ပန်ကိတ်များကို ကြောင်အိမ်ထဲသို့ ပြန်ထည့်လိုက်၏။ "ဒါဆို အဒေါ်က ဘာကိစ္စရှိလို့ လာတာလဲ။"



စကားအနည်းငယ် အပြန်အလှန်ပြောရုံဖြင့် ပိုင်ရှို့ကျန့်၏ မာန်မာနများမှာ စတင်ယိမ်းယိုင်လာသည်။ သူမက ခေတ္တမျှ ရပ်တန့်ပြီးမှ စကားကို ဆက်လိုက်၏။ "ဟိုနေ့က ပြက္ခဒိန်လှန်ကြည့်ရင်းနဲ့ နင် မကြာခင် ဆယ့်ရှစ်နှစ်ပြည့်တော့မယ်ဆိုတာ သတိထားမိလို့။ ငါ နင့်အရွယ်တုန်းကဆို နင့်အစ်ကိုကြီးက လေးဖက်တောင် ထောက်နေပြီ။ နင်လဲ အိမ်ထောင်ပြုဖို့ စဉ်းစားသင့်ပြီလေ။"



အကြောင်းရင်းက ဤသို့ပင် ဖြစ်သည်။ ယန်ရွှယ်အနေဖြင့် ဤသို့ဖြစ်လာမည်ဟု အတိအကျ ကြိုမသိခဲ့သော်လည်း ရိပ်မိထားခဲ့သည်မှာ ကြာပြီပင်။



အခန်းတွင်း၌ ပုန်းနေသော ယန်ကျိအန်းမှာ ဤစကားကို ကြားသောအခါ အပြင်သို့ တစ်ဝက်တစ်ပျက် ခေါင်းပြူ၍ ချောင်းကြည့်မိလေ၏။



ပိုင်ရှို့ကျန့်က သူ့ကို ဂရုမစိုက်ဘဲ ယန်ရွှယ်ကိုသာ ဆက်၍ စည်းရုံးနေသည်။ "လူငယ်လေးတစ်ယောက် ရှိတယ်၊ ရုပ်ရည်ကတော့ အထူးတလည်ကို ချောတာပဲ။ နင် တွေ့လိုက်တာနဲ့ သဘောကျမှာ သေချာတယ်။ ပိုကောင်းတာက သူ့မိသားစုက အရမ်းနားလည်ပေးတာပဲ၊ နင့်မောင် ကျိအန်းကိုပါ တစ်ခါတည်း ခေါ်လာဖို့ သူတို့က သဘောတူကြတယ်။ ဒီလိုမိသားစုမျိုးက ရှာရခက်တယ်နော်။"



မောင်လေးတစ်ယောက်ကို ဝန်ထုပ်ဝန်ပိုးသဖွယ် ခေါ်ထားရသည့် မိဘမဲ့မိန်းကလေးတစ်ဦးကို လက်ထပ်ရန်မှာ အမျိုးသားဘက်မှ ဖခင်တစ်ဦး၏ တာဝန်ကိုပါ ချက်ချင်းယူရမည်ဟု ဆိုလို၏။ ထို့ကြောင့် သူမကဲ့သို့ မိန်းကလေးမျိုးမှာ အိမ်ထောင်ဖက်ရှာရန် မလွယ်ကူလှပေ။



ထို့ပြင် သူမ၏ မိဘနှစ်ပါးစလုံး ကွယ်လွန်သွားခြင်းမှာလည်း အယူသည်းသူများအတွက် နိမိတ်မကောင်းသည့် ကံကြမ္မာဟု ယူဆစရာ ဖြစ်နေသည်။ "ရှေးရိုးစွဲလေးမျိုး" ကို တိုက်ဖျက်သည့် လှုပ်ရှားမှုများ ရှိနေသော်လည်း ကျေးလက်တောရွာများတွင် ထိုသို့သော ယုံကြည်ချက်များမှာ အမြစ်တွယ်နေဆဲပင်။ သူမသည် အခြားသူများအပေါ် ကံဆိုးမှုများ သယ်ဆောင်လာနိုင်သည်ကို မည်သူက သိလိမ့်မည်နည်း။



ယန်ရွှယ်သည် စိုးရိမ်ပူပန်သော အမူအရာဖြင့် ခေါင်းငုံ့လိုက်ကာ တိုးညှင်းသော အသံဖြင့် ပြောလိုက်၏။ "အဒေါ်၊ ကျွန်မ ခုထိ ဝမ်းနည်းပူဆွေးနေတုန်းမို့ပါ။"



"ဒါက ခေတ်သစ်လူ့ဘောင်ပဲလေ၊ ဘယ်သူက အဲဒါတွေကို ဂရုစိုက်နေတော့မှာလဲ။ ပြီးတော့လဲ တစ်နှစ်တောင် ကျော်နေပြီပဲ။ နင်သာ သုံးနှစ်အထိ စောင့်နေရင် အပျိုကြီးဖြစ်သွားမှာပေါ့၊ အဲ့ဒီအခါကျမှ နောင်တရလဲ မမီတော့ဘူး။"



ပိုင်ရှို့ကျန့်က လက်ဝှေ့ယမ်းကာ ဆက်ပြောခဲ့သည်။ "နင်တစ်ယောက်တည်း ကျိအန်းကို ပြုစုနေရတာ ဘယ်လောက် ခက်ခဲမလဲဆိုတာ ငါက ကိုယ်ချင်းစာလို့ပါ။ အိမ်မှာ အမျိုးသားတစ်ယောက်ရှိရင် နင့်အတွက်လဲ အားကိုးရတာပေါ့၊ ဝန်ထုပ်ဝန်ပိုးလဲ သက်သာသွားမယ်။ ဒီရက်ပိုင်း အပြင်သိပ်မထွက်နဲ့၊ သူ့ကိုတွေ့ဖို့ အချိန်သတ်မှတ်ပြီး အဆင်ပြေရင် နှစ်ကုန်ပိုင်းမှာ လက်ထပ်ကြတာပေါ့။"



သူမသည် မင်္ဂလာဆောင်မည့်ရက်ကိုပင် ကြိုတင်စီစဉ်ထားပြီး အရာရာကို အလျင်စလို ပြုမူနေ၏။ ဝန်ထုပ်ဝန်ပိုးများစွာ ထမ်းထားရသည့် ယန်ရွှယ်ကိုယ်တိုင်ထက်ပင် သူမက ပို၍ စိတ်အားထက်သန်နေပုံရသည်။



ယန်ရွှယ်က ဘာမှဆက်မပြောတော့ဘဲ ခေါင်းကို ပို၍ ငုံ့လိုက်သည်။ "နောက်ထပ် နည်းနည်းလောက် စောင့်ပါရစေအုံး၊ ကျွန်မ... ကျွန်မ ဆယ့်ရှစ်နှစ်တောင် မပြည့်သေးဘူးလေ။"



သူမက ပြတ်ပြတ်သားသား ငြင်းဆိုခြင်းမရှိသည်ကို မြင်သောအခါ ပိုင်ရှို့ကျန့်က ရှက်နေသည်ဟု မှတ်ယူလိုက်၏။ "အေးပါ၊ ရက်အနည်းငယ်လောက် စဉ်းစားတာတော့ အကြောင်းမဟုတ်ပါဘူး။ သေချာစဉ်းစားကြည့်ပေါ့၊ စောစောလက်ထပ်လေ စောစော သက်သာရာရလေပဲ မဟုတ်လား။ ကဲ... ဟင်းဆက်ချက်အုံး၊ ငါ သွားတော့မယ်။"



သူမ ထွက်သွားသည်နှင့် ယန်ကျိအန်းက အခန်းထဲမှ ပြေးထွက်လာပြီး ယန်ရွှယ်၏ လက်ကို လှမ်းဆွဲလိုက်သည်။ ကောင်လေးက သူမကို မော့ကြည့်နေပြီး မျက်လုံးများထဲတွင် စိုးရိမ်မှုများ ပြည့်နှက်နေသော်လည်း နှုတ်ခမ်းကို တင်းတင်းစေ့ထားကာ တိတ်ဆိတ်နေ၏။



ယန်ရွှယ် သူ့ပါးကို ညှစ်လိုက်သည်။ "နင့်အတွက် မိန်းမရှာပေးနေတာလဲ မဟုတ်ဘဲနဲ့၊ ဘာလို့ ဒီလောက် စိုးရိမ်နေရတာလဲ"  ယန်ကျိအန်း၏ မျက်နှာမှာ ချက်ချင်း နီရဲသွားခဲ့၏။



သူမ၏ နောက်တွင် သူသည် အရိပ်လေးလိုလိုက်လျက် ယန်ရွှယ်သည် ချက်ပြုတ်ခြင်းကို အပြီးသတ်ရန် မီးဖိုသို့ ပြန်သွားလိုက်သည်။ "အဒေါ် မိတ်ဆက်ပေးတဲ့ လူက အရမ်း ချောမှာပဲ"



ယန်ကျိအန်း မျက်တောင်ခတ်လိုက်ပြီး သူမ၏ မှတ်ချက်ကို နားမလည်သလို ဖြစ်နေမိ၏။



ယန်ရွှယ်က အေးအေးဆေးဆေး ရှင်းပြလိုက်သည်။ "လူတစ်ယောက်က ပစ္စည်းတစ်ခုကို ရောင်းချင်တဲ့အခါ အကောင်းဆုံး အချက်တွေကိုပဲ အမွှမ်းတင်ပြီး ချို့ယွင်းချက်တွေကိုတော့ ဖုံးကွယ်ထားတတ်ကြတယ်လေ။ အဒေါ်က ငါ့ကို သူ့ကိုတွေ့ဖို့ အတင်းတိုက်တွန်းနေတာက ငါ အဲဒီလူကို သဘောကျမယ်လို့ သူ ယုံကြည်နေလို့ပဲ။ မဟုတ်ရင် သူ အခုလို ပင်ပန်းခံပြီး လာပြောနေမှာ မဟုတ်ဘူး။"



ယန်ကျိအန်းမှာ အိမ်ပြင်မထွက်ရဲသလို ကျောင်းလည်း မတက်ခဲ့ဖူးပေမယ့် မိခင်နှင့် ဖခင်ကို တစ်ယောက်ပြီးတစ်ယောက် ဆုံးရှုံးခဲ့ရခြင်းက သူ့ကို အရွယ်နှင့်မမျှအောင် ရင့်ကျက်စေခဲ့၏။ ယန်ရွှယ် စကားပြောနေစဉ် သူ၏ မျက်နှာတွင် စဉ်းစားတွေးတောနေသည့် အမူအရာများ ပေါ်လာသည်။ "ဒါဆို... ကျန်တဲ့အချက်တွေကရော..."



"အဒေါ်က မပြောခဲ့ဘူးဆိုရင်တော့ ချို့ယွင်းချက်တွေ ရှိကိုရှိရမယ်။ အဲ့ဒါတွေက ဘာတွေလဲဆိုတာက အဓိကပဲ။"



ယန်ရွှယ်သည် အမြဲတမ်း လက်တွေ့ကျသူပင်။ သူမ၏ ဘဝဟောင်း အတွေ့အကြုံများက သူမကို ရွေးချယ်စရာ မပေးခဲ့ပေ။ "ဘဝမှာ အရာရာတိုင်းက ငါတို့ လိုချင်တဲ့အတိုင်း ဖြစ်မလာဘူး။ အရေးကြီးတာက နင် တကယ် ဘာလိုချင်တာလဲဆိုတာကို သိဖို့ပဲ။ အဲဒီအချက်ကိုပဲ ဆုပ်ကိုင်ထားပြီး ကျန်တာတွေကိုတော့ လျှော့ပေးလိုက်ရမယ်၊ ဘာလို့လဲဆိုတော့ တစ်ခါတလေ ငါတို့မှာ ရွေးချယ်စရာ မရှိလို့ပဲ။"



ဒီတစ်ကြိမ်မှာတော့ ယန်ကျိအန်း တိတ်ဆိတ်သွားတာ ပိုကြာ၏။ သူ ဘယ်လောက် နားလည်သွားတယ်ဆိုတာ မရှင်းပေ။ နောက်ဆုံးတွင် သူက မေးလာသည်။ "ဒါဆို... မမ သူ့ကို သွားတွေ့မှာလား။"



"အခြေအနေတွေသာ မှန်ကန်ခဲ့ရင် တွေ့ကြည့်တာ ဘာမှမဖြစ်ပါဘူး" ယန်ရွှယ်က ပြုံးလျက် အိမ်မကြီး၏ အနောက်ဘက်ဆီသို့ လှမ်းကြည့်လိုက်၏။ "ဒါပေမဲ့ အရင်ဆုံး ငါ စုံစမ်းဖို့တော့ လိုလိမ့်မယ်။"



ထိုအကြောင်းကြောင့် သူမသည် သူမ၏ အသက်ကို ကိုးကား၍ ရက်အနည်းငယ် အချိန်ဆွဲခဲ့သည်ပင်။



ယန်ကျိအန်းအတွက် ပတ်ဝန်းကျင် ပြောင်းလဲခြင်းသည် အကောင်းဆုံး ဖြစ်လိမ့်မည်—သူ စိတ်အပန်းဖြေနိုင်သော၊ အိပ်မက်ဆိုးများနှင့် အခြားသူများ၏ လှောင်ပြောင်ခြင်းများ ကင်းဝေးသော တစ်နေရာ။



ဤခေတ်ကာလတွင် အမျိုးသမီးတစ်ဦးအနေဖြင့် အိမ်ထောင်မပြုဘဲ ထာဝရနေထိုင်ရန်မှာ လက်တွေ့မကျပေ။ ၎င်းမှာ စားဝတ်နေရေး မပြေလည်၍ မဟုတ်ဘဲ၊ ကျေးလက်တောရွာရှိ တစ်ကိုယ်တည်း သမီးပျိုတစ်ဦး၏ ထိခိုက်လွယ်မှုနှင့် မလိုလားအပ်သော အာရုံစိုက်မှုများကြောင့် ဖြစ်သည်။



သူမ၏ ဖခင်ရင်း ကွယ်လွန်သွားသောအခါ သူမနှင့်အတူ ကျန်ရစ်ခဲ့သော မိခင်မှာ ကျူးကျော်သူတစ်ဦး၏ သားကောင် ဖြစ်လုနီးပါး ဖြစ်ခဲ့ရ၏။ ထိုသူမှာ အခြားသူမဟုတ်ဘဲ သူမ၏ ဦးလေးအရင်းပင် ဖြစ်သည်။



ထိုသို့ဖြစ်ခဲ့သော်လည်း အဘိုးအဘွားများမှာ မိခင်ဘက်မှ ရပ်တည်ပေးရန် ငြင်းဆန်ခဲ့ကြ၏။ သူမ၏ မိခင်က သားဖြစ်သူကို မြှူဆွယ်သည်ဟုပင် ပြောင်းပြန်စွပ်စွဲခဲ့ကြသောကြောင့် မိခင်ဖြစ်သူမှာ အဝေးတစ်နေရာသို့ ပြန်လည်အိမ်ထောင်ပြုခဲ့ပြီး ယန်ရွှယ်၏ မျိုးရိုးအမည်ကိုပါ ပြောင်းလဲကာ အဆက်အသွယ် ဖြတ်တောက်ခဲ့ရသည်။



ယန်ရွှယ်သည် ၁၉၅၀ ပြည့်လွန်နှစ်များ သို့မဟုတ် ပြုပြင်ပြောင်းလဲရေးကာလ နောက်ပိုင်းတွင် မွေးဖွားခဲ့လျှင် မြို့ပြ၌ အခွင့်အလမ်းများ ရှာဖွေနိုင်ခဲ့မည်ပင်။



သို့သော် ဤသည်မှာ ၁၉၆၉ ခုနှစ် ဖြစ်၏။ မြို့ပြလူငယ်များပင်လျှင် ပညာတတ်လူငယ်များအဖြစ် ကျေးလက်သို့ ပို့ဆောင်ခံနေရချိန် ဖြစ်သည်။ သူမသည် အိမ်ထောင်မပြုဘဲနှင့် ဤရွာမှပင် ထွက်ခွာနိုင်ရန် နည်းလမ်းမရှိပေ။



ယန်ရွှယ်က ဟင်းများကို ပန်းကန်ထဲသို့ ခပ်ထည့်လိုက်ပြီး ယန်ကျိအန်းကို ပြောလိုက်၏။ "နင် အရင် စားနှင့်၊ ငါ အဘွား (ဒုတိယအဘွား) ဆီကို ဟင်းသွားပို့လိုက်ဦးမယ်"သူမသည် ကြောင်အိမ်ထဲမှ နောက်ထပ် ပန်းကန်လုံးတစ်လုံးကို ထုတ်ယူလိုက်သည်။



သူမ အံ့အားသင့်သွားရသည်မှာ ယန်ကျိအန်းက ပန်းကန်ကို စားပွဲပေါ်တင်ခဲ့ပြီးနောက် သူမနောက်သို့ ကမန်းကတန်း လိုက်လာခဲ့ခြင်းပင်။



ဆောင်းရာသီတွင် ဤဒေသရှိ မြောက်ဘက်ပြတင်းပေါက်များကို လေတိုက်ခြင်းမှ ကာကွယ်ရန် ရွှံ့များဖြင့် ပိတ်ဆို့ထားလေ့ရှိပြီး တောင်ဘက်ပြတင်းပေါက်များကိုသာ အလင်းရောင်အတွက် ချန်ထားတတ်၏။



ဦးလေးဖြစ်သူ၏ မိသားစု ထမင်းစားနေချိန်တွင် မောင်နှမနှစ်ယောက်စလုံး အိမ်နောက်ဘက်မှ ကွေ့ပတ်သွားကာ အိမ်မကြီး၏ အနောက်ဘက်ပြတင်းပေါက်ကို သုံးကြိမ် ခေါက်လိုက်ကြသည်။ မကြာမီမှာပင် အတွင်းဘက်မှ တံခါးဂျက်ဖွင့်သံ ထွက်ပေါ်လာ၏။



ယန် မိသားစုမှ ထိုမုဆိုးမ အဘွားအိုမှာ အသက် ၂၀ ကျော်ကတည်းက ခင်ပွန်းဖြစ်သူနှင့် သားသမီးများကိုပါ ဆုံးရှုံးခဲ့ရသူ ဖြစ်သည်။ သူမသည် ခင်ပွန်း၏ ညီအစ်ကိုတော်စပ်သူ (ယန်ကျိအန်း၏ အဘိုး) မိသားစုနှင့်အတူ ထိုအချိန်မှစ၍ နေထိုင်လာခဲ့ခြင်းပင်။



ရွာသားများက သူမကို ကံဆိုးစေသူဟု သတ်မှတ်ခဲ့ကြသောကြောင့် သူမကလည်း နောက်အိမ်ထောင်မပြုတော့ဘဲ ယန်ရွှယ်၏ ပထွေးဖြစ်သူ ယန်ပိုင်ရှန်းကိုသာ အမည်ခံ မွေးစားခဲ့၏။



၎င်းမှာ သူမ၏ ပိုင်ဆိုင်မှုများ အပြင်လူလက်သို့ မရောက်စေရန် တရားဝင်ပြုလုပ်ထားခြင်းသာ ဖြစ်သည်။ ယန်ပိုင်ရှန်းသည် မွေးစားမိခင်နှင့် အတူမနေခဲ့ဘဲ မိဘရင်းများနှင့်သာ နေထိုင်ခဲ့၏။ အဘွားအိုမှာလည်း မည်သူ့ကိုမျှ အနှောင့်အယှက်မပေးဘဲ ယန် အိမ်တော်အတွင်း၌ တစ္ဆေတစ်ကောင်ကဲ့သို့ တိတ်ဆိတ်စွာ နေထိုင်လာခဲ့သည်။



ယခင်က ယန်ရွှယ်မှာ သတိမထားမိခဲ့သော်လည်း ဘဝအတွေ့အကြုံများ ရရှိလာပြီးနောက် ဤအဘွားအိုနှင့် ဆက်ဆံရေးကို ပြန်စဉ်းစားကြည့်သောအခါ အဘွားအိုမှာ အလွန်ပင် ဉာဏ်ထက်မြက်သူဖြစ်ကြောင်း သဘောပေါက်လာ၏။



"အဘွား၊ စားပြီးပြီလား။ ကျွန်မ ခုနကမှ ငါးဆားနယ်ကို မုန်လာဥနဲ့ ချက်ထားတာ" သူမသည် အနည်းငယ် ပွင့်နေသော ပြတင်းပေါက်မှ ပန်းကန်လုံးကို ကမ်းပေးလိုက်သည်။



ဟင်းမှာ အဆီမများလှသော်လည်း ငါးဆားနယ်ကို အပိုင်းများဖြတ်၍ ရွှေရောင်အနည်းငယ်ရသည်အထိ ကြော်ထားပြီး အန်စာတုံးအရွယ် မုန်လာဥအတုံးများနှင့် တွဲဖက်ထား၏။ ၎င်းကို မြင်ရုံဖြင့်ပင် သွားရည်ကျစရာ ကောင်းလှသည်။



အဘွားအိုက သူမ၏ ထုံးစံအတိုင်း အေးအေးဆေးဆေးပင် ပြန်ပြောလာ၏။ "နင်ချက်ထားတာဆိုရင် နင်ပဲ စားရမှာပေါ့၊ ဘာလို့ ငါ့ဆီ ယူလာတာလဲ။"



"အဘွားက နှစ်ပေါင်းများစွာ ကျိအန်းနဲ့ ကျွန်မအတွက် အဝတ်တွေနဲ့ ဖိနပ်တွေကို လုပ်ပေးခဲ့တာပဲ။ ကျွန်မရဲ့ အပ်ချုပ်စွမ်းရည်နဲ့ဆိုရင် ကျွန်မတို့ မောင်နှမနှစ်ယောက် ကိုယ်တုံးလုံး ပြေးနေရတော့မှာ"



ယန်ရွှယ်၏ မျက်နှာသွင်ပြင်မှာ နူးညံ့ပြီး သူမ ပြုံးလိုက်သောအခါ မျက်လုံးများမှာ လခြမ်းကွေးသဖွယ် ဖြစ်သွားကာ အလွန်ချစ်စရာကောင်းလှသည်။ သူမ၏ စကားပြောဟန်မှာလည်း ချိုသာလှ၏။ အဘွားအို၏ တွန့်လိပ်နေသော မျက်နှာထက်တွင် အပြုံးရိပ်များ ထင်ဟပ်လာကာ "လျှောက်ပြောပြန်ပြီ" ဟု ချစ်စနိုးဖြင့် ဆူလိုက်သည်။



ထို့နောက် အသံကို နှိမ့်လိုက်ကာ အဘွားအိုက မေးလာ၏။ "နင့်အဒေါ် ခုနက နင့်ဆီ လာတယ် မဟုတ်လား။"



"အဘွားဆီက မဖုံးကွယ်နိုင်ဘူးဆိုတာ သိပါတယ်" ယန်ရွှယ်က အံ့အားမသင့်ဘဲ ပြန်ဖြေလိုက်သည်။



အဘွားအိုက စကားကို ကွေ့ပတ်မပြောပေ။ "နင် ဒီရက်ပိုင်း အိမ်မှာမရှိတုန်း နင့်အဒေါ်ရဲ့ အမျိုးတစ်ယောက် သော်ကုရွာကနေ နှစ်ခါတောင် လာသွားတယ်။"



နောက်ထပ် ရှင်းပြရန် မလိုအပ်တော့ပေ။ ယန်ရွှယ်မှာ အခြေအနေကို ချက်ချင်း သဘောပေါက်သွား၏။



သော်ကုဆိုသည်မှာ အမည်နှင့်လိုက်အောင်ပင် "ကျောက်ပုံ" ဟု အဓိပ္ပာယ်ရသည်။ ၎င်းမှာ အလွန်ဆင်းရဲသော ရွာတစ်ရွာ ဖြစ်၏။ ဆင်းရဲလွန်းသဖြင့် အပြင်က မိန်းကလေးများ ထိုရွာသို့ အိမ်ထောင်မကျလိုကြဘဲ ဒေသခံ မိန်းကလေးများပင် ထွက်ပြေးကုန်တတ်ကြသည်။ အိမ်ခြေ တစ်ရာပင် မပြည့်သော ထိုရွာ၌ လူပျိုကြီး သုံးဆယ်ကျော် ရှိနေသည်မှာ အံ့ဩစရာ မဟုတ်ပေ။



သူမအား သူမ မောင်လေးနှင့်အတူ ခေါ်ယူရန် သဘောတူခြင်းမှာ ဆင်းရဲလွန်း၍ ဖြစ်မည်ဆိုလျှင် ၎င်းမှာ အဓိပ္ပာယ်ရှိ၏။



သို့သော် အဘွားအိုက ယန်ကျိအန်းကို ကြည့်ကာ ပြောစရာများ ကျန်နေသေးသည့်အလား ဖြစ်နေသည်။ ယန်ရွှယ်မှာ ချက်ချင်း သူမမောင်၏ နားများကို လက်ဖြင့် အမြန်အုပ်လိုက်၏။



အဘွားအို၏ အသံမှာ ပို၍ တိုးသွားသည်။ "သူပြောတဲ့ မိသားစုကို ငါသိတယ်၊ သူတို့မှာ သားငါးယောက် ရှိတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အကြီးဆုံးက အိမ်ထောင်ကျခဲ့ပေမဲ့ သုံးရက်ပဲကြာတယ်၊ သတို့သမီးက သူ့မိဘအိမ်ကို ပြန်ပြေးသွားပြီး ဘယ်တော့မှ ပြန်မသွားတော့ဘူး"



သုံးရက်မျှနှင့် အိမ်ထောင်ပျက်သွားခြင်းမှာ လင်မယားချင်း ရိုက်နှက်ကြ၍လား၊ သို့မဟုတ်...။ ယန်ရွှယ်တစ်ခုခု တွေးတောနေစဉ်မှာပင် အဘွားအိုက အဓိပ္ပာယ်ပါပါဖြင့် ထပ်ပြောလာ၏။ "တစ်ယောက်ယောက်က ဒုတိယသားရဲ့ ကျောပေါ်မှာ သွေးစို့နေတဲ့ ကုတ်ရာတွေကို တွေ့ခဲ့ရတယ်တဲ့"



အကြီးဆုံးက လက်ထပ်သော်လည်း ဒုတိယသား၏ ကျောပေါ်၌ ကုတ်ရာများရှိနေခြင်း...။ ယန်ရွှယ်မှာ ထိတ်လန့်သွားပြီး ကျိအန်းကို ဘာကြောင့် မကြားစေချင်ရလဲဆိုသည်ကို သဘောပေါက်သွားရသည်။ "သူတို့က ကျွန်မကို အကြီးဆုံးနဲ့ ပေးစားမလို့လား"



"မဟုတ်ဘူး၊ သူတို့က နင့်ကို တတိယသားနဲ့ ပေးစားမလို့။ လွန်ခဲ့တဲ့ နှစ်အနည်းငယ် ငတ်မွတ်ခေါင်းပါးတုန်းက အကြီးဆုံးက ပင်လယ်စာရှာဖို့ ကျွန်းကို သွားရင်း လှေနစ်ပြီး သေသွားပြီ။"



ထိုဖြစ်ရပ်မှာ ဒေသခံများအကြား နာမည်ကြီးခဲ့၏။ ယန်ရွှယ်မှာ ထိုစဉ်က ငယ်သေးသော်လည်း ကြားဖူးခဲ့သည်။ ကောလာဟလများအရ လှေပေါက်နေသဖြင့် ဝန်ပိုများကို ပစ်ချရန် ပြောသော်လည်း ခရီးသည်များက အစာငတ်မည်ကို ကြောက်သဖြင့် မစွန့်လွှတ်ခဲ့ကြပေ။ နောက်ဆုံးတွင် လူနှစ်ဆယ်ကျော် ရေနစ်သေဆုံးခဲ့ရ၏။



အကြီးဆုံးမဟုတ်လျှင်ပင် တတိယသားမှာလည်း စိတ်မချရသည့် အန္တရာယ်ရှိနေဆဲပင်။ သူတို့ရဲ့ မရီးအပေါ် ကောင်းပေးချင်ရုံမျှဖြင့် သူမ၏ အနာဂတ်ကို စွန့်စားမှုကြီးတစ်ခုအဖြစ် မထားလိုပေ။



သူမကြားဖူးသလောက်ဆိုလျှင် ဒုတိယသားမှာလည်း အိမ်ထောင်မရှိသေးဘဲ၊ အရွယ်ရောက်လာသည့် ညီငယ်နှစ်ဦးလည်း ရှိနေသေးသည်။



အိမ်အပြန်လမ်းတွင် ယန်ကျိအန်းမှာ သူ့အစ်မကို ခိုးခိုးကြည့်နေမိ၏။ သူသည် တစ်ခုခု မေးလိုသော်လည်း မမေးရဲသကဲ့သို့ ဖြစ်နေသည်။



ယန်ရွှယ်မှာ သူမ၏ ဘဝဟောင်းက အရှုပ်တော်ပုံ ဇာတ်လမ်းများကို ဖတ်ခဲ့ဖူးသော်လည်း ဤအရာမှာ အလွန်ပင် ထိတ်လန့်စရာ ကောင်းနေ၏။ ညစာစားချိန်မှသာ သူမက သူ့ကို မေးလိုက်သည်။ "မောင်လေး... နင့်မှာ ယောက်ဖ လေးယောက်ရှိမယ်ဆိုရင် ဘယ်လိုနေမလဲ။"



"လေးယောက်" ယန်ကျိအန်းမှာ အစားပင် သီးသွားကာ ခေါင်းကို အသည်းအသန် ခါယမ်းလာ၏။ 



"ငါရောပဲ၊ ဒါကြောင့် ငါတို့ တခြားနည်းလမ်း ရှာရတော့မယ်" ယန်ရွှယ်က ပြတ်ပြတ်သားသား ပြောလိုက်သည်။



ထို့ကြောင့် ပိုင်ရှို့ကျန့် ထပ်ရောက်လာသောအခါ ယန်ရွှယ်မှာ အချိန်ပိုရရန် အမျိုးမျိုး အကြောင်းပြလိုက်၏။



ပိုင်ရှို့ကျန့် စိတ်မချမ်းမသာ ဖြစ်သွားရသည်။ အိမ်ပြန်ရောက်သောအခါ သူမသည် သူမ၏ ခင်ပွန်း ယန်စုန့်ရှန်းကို မကျေမနပ် ပြောလိုက်၏။ "သူက ဘယ်သူ့သမီးမို့လို့ ဒီလောက် ရွေးနေတာလဲ။ ငါတို့က ကောင်းစေချင်လို့ လုပ်ပေးတာကို"



ယန်စုန့်ရှန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "သူမ တစ်ခုခု သိနေတာများလား။"



ပိုင်ရှို့ကျန့်ကတော့ မစိုးရိမ်ပေ။ "သူမက ဘာသိမှာလဲ၊ ဘယ်သူက ဒီကလေးမကို လိုက်ပြောနေမှာလဲ။ အဲဒါတွေက ကောလာဟလတွေပဲလေ။"



အမှန်ဖြစ်နိုင်သော်လည်း ယန်စုန့်ရှန်းမှာ စိတ်မအေးနိုင်ဘဲ ရှိနေ၏။ ယန်ပိုင်ရှန်း ကွယ်လွန်ပြီးကတည်းက ယန်ရွှယ်၏ ပုံစံမှာ ပြောင်းလဲနေသည်ဟု သူ ခံစားရသည်။



"ငါတို့ နောက်ထပ် အကာအကွယ်တစ်ခု လိုဦးမယ်" သူက မျက်မှောင်ကြုတ်လျက် ရေရွတ်လိုက်၏။ "သူ ထုတ်လုပ်ရေးအဖွဲ့ကို အကြွေးဆပ်ဖို့ ရှိသေးတယ် မဟုတ်လား။ အဲဒီမိသားစုကို အကြွေးအရင်ဆပ်ခိုင်းလိုက်။"



ထိုအကြွေးက ယန်ရွှယ်ကို ရွေးချယ်စရာမရှိအောင် ပိတ်မိသွားစေမည်ပင်။



"အကြွေးဆပ်ခိုင်းရမယ်၊ ဒါဆို ကျွန်မကို သူတို့ ကတိပေးထားတာတွေကော..."  ပိုင်ရှို့ကျန့်က စိုးရိမ်တကြီး ပြောလိုက်သည်။



သူတို့မှာ ငွေရှိမရှိက သူမ၏ ပြဿနာ မဟုတ်ပေ။ ယန်စုန့်ရှန်းက သူမကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။"သူတို့မတတ်နိုင်ရင်လဲ ထားလိုက်ပေါ့၊ သူတို့တစ်ယောက်တည်း ရှိတာမှ မဟုတ်တာ" 



သူသည် ဤလက်ထပ်ပွဲအပေါ် အာရုံမရှိဘဲ စကားလမ်းကြောင်းကို ပြောင်းလိုက်သည်။ "ကျိဇူက အဲဒီမိန်းကလေးနဲ့ တွေ့နေတာ ကြာပြီ မဟုတ်လား"



သားကြီးအကြောင်း ပြောလိုက်သောအခါ ပိုင်ရှို့ကျန့်၏ မျက်နှာမှာ ပုပ်သိုးသွား၏။ "ဟုတ်တယ်၊ ငါတို့မှာသာ နေရာရှိရင် ဒီနှစ်ကုန်မှာ သူတို့ကို လက်ထပ်ပေးလိုက်လို့ ရပြီ"



ယန်မိသားစု၏ ခြံဝင်းမှာ သေးငယ်ပြီး ကလေးများသဖြင့် အိမ်ထောင်သစ်အတွက် နေရာမရှိပေ။ အိမ်အသစ်ဆောက်ရန်မှာလည်း ငွေကုန်ကြေးကျ များလှသည်။



ထို့ပြင် နောက်ထပ် သားသုံးယောက် ကျန်သေးသဖြင့် အားလုံးကို အခု သုံးပစ်ရန်မှာ မဖြစ်နိုင်ပေ။



ထိုအတွေးက ပိုင်ရှို့ကျန့်အား ယန်ရွှယ်တို့မောင်နှမကို အိမ်မှ အမြန်ဆုံး ဖယ်ရှားပစ်လိုစိတ် ပိုပြင်းပြစေ၏။ သူမက ခေါင်းစည်းပုဝါကို ပတ်ကာ အပြင်သို့ ထွက်သွားသည်။ "ငါ သူတို့နဲ့ သွားပြောလိုက်ဦးမယ်"



သူမ အိမ်မကြီးမှ ထွက်လာလျှင်ပင် မြည်းတစ်ကောင် တံခါးဝ၌ လာရပ်သည်ကို တွေ့လိုက်ရ၏။



မြည်းစီးလာသူမှာ ရင်းနှီးနေပြီး ယန်ရွှယ်မိခင်၏ အမျိုးတစ်ဦး ဖြစ်သည်။ သူမသည် ယန်ရွှယ်၏ မိခင်ကို ယန် မိသားစုနှင့် မိတ်ဆက်ပေးခဲ့သူပင်။



သူမသည် ခြေထောက်ကို စည်းထားသူဖြစ်သဖြင့် ခရီးဝေးသွားရန် ခက်ခဲသော်လည်း ယနေ့တွင် ယန် အိမ်သို့ ရောက်လာသည်မှာ ထူးခြားလှ၏။



ပိုင်ရှို့ကျန့် အံ့ဩနေစဉ်မှာပင် ထိုအမျိုးသမီးက မြည်းပေါ်မှ ဆင်းကာ ပြုံးလျက် နှုတ်ဆက်လာသည်။ "ရွှယ်ရဲ့ အဒေါ် ရှိနေတာ တော်သေးတာပေါ့၊ ကျွန်မ ရွှယ် အတွက် အိမ်ထောင်ဖက်တစ်ယောက် ရှာတွေ့ထားလို့ လာပြောပြတာပါ။”