Ch 15
Viewers 5k

🍋 Chapter 15


“မင်း တကယ်ပဲ ဟွာရှင်းနဲ့ အေးအေးဆေးဆေး အခြေချတော့မှာလား” 


လျိုချုံ သူ့အား မေးလိုက်သည်။ 


“ခုနက မင်း ယောက္ခမကိုကာကွယ်ပေးနေတဲ့ ပုံစံကို ကြည့်ဦး”


“အာ... ဟုတ်ကဲ့၊ အဲလိုပါပဲ” 


မြောင်ရင် ခေါင်းကုတ်ရင်း ဖြေလိုက်သည်။ 


“အရင်က ကျွန်တော်က ကလေးဆန်ခဲ့တာပါ”


“သိရင် တော်တာပေါ့” 


မြောင်သုန် ဝင်ပြောလိုက်သည်။


“မင်း ဟွာရှင်းနဲ့သာ အခြေတကျနေရင် မင်းဘဝ မဆိုးပါဘူး... ဒါနဲ့ စကားမစပ်... ချန်အာဝါးက အခုတလော ချမ်းသာလာပြီး အိမ်တောင်ပြုပြင်ဆောက်လုပ်နေတယ်တဲ့... မင်း အဲဒီပိုက်ဆံတွေကို သူ့ကို ပေးလိုက်တာတော့ မဟုတ်ပါဘူးနော်?”


မြောင်ရင် စိတ်ထဲတွင် အပြစ်မကင်းသလို ခံစားလိုက်ရသည်။ ထိုပိုက်ဆံများမှာ မူလပိုင်ရှင် မြောင်ရင်က ဟွာမိသားစုထံမှ ခိုးယူပြီး ချန်အာဝါးကိုပေးခဲ့ခြင်းဖြစ်မည်မှာ သေချာသည်။ သူ ဘာမှမသိသလိုမျိုး အူကြောင်ကြောင် အပြုံးဖြင့်သာ တုံ့ပြန်လိုက်ရာ မြောင်သုန်မှာ စကားပင် ဆက်မပြောနိုင်တော့ချေ။ မြောင်သုန် သူ့ခေါင်းအား ရိုက်ရန် လက်ရွယ်လိုက်သော်လည်း လျိုချုံတားလိုက်သဖြင့် “နောက်တစ်ခါ ပြဿနာတွေ ထပ်မရှာနဲ့တော့” ဟုသာ ဆူလိုက်ရတော့သည်။


မြောင်ရင် ခေါင်းအား အကြိမ်ကြိမ်ညိတ်ပြလိုက်သည်။ ထိုအခါမှ သူ သတိထားမိသည်မှာ သူတို့နှစ်ဦးသည် လက်ဗလာဖြင့် လာခြင်းမဟုတ်ဘဲ ဆန်နှင့် ရိက္ခာအချို့ ယူလာခြင်းဖြစ်သည်။ မြောင်ရင် မျက်လုံးပြူးသွားကာ မိမိ၏ စောစောက အထင်မှားမှုများအတွက် အမေနှင့် အစ်ကိုဖြစ်သူအား စိတ်ထဲမှတောင်းပန်လိုက်မိသည်။


“နင်တို့က လူများပြီး လယ်နည်းတာ ငါ သိပါတယ်... အခွန်တွေဘာတွေ ဆပ်ပြီးရင် နင်တို့မှာ ဘာမှကျန်မှာမဟုတ်ဘူး...ငါတို့ဆီမှာတော့ အနည်းဆုံးစားစရာတော့ ဖောဖော သီသီ ရှိသေးတာပေါ့” 


လျိုချုံ မြောင်ရင့်ပုခုံးအား ပုတ်ကာ ပြောလိုက်သည်။


 â€œá€›á€žá€ąá€Źá€„်ယ္ဏင်... ဘဝကို အဆင်ပြေပြေဖြတ်သန်းနိုင်ဖို့က အရာရာထက် အရေးကြီးတယ်”  


မြောင်မိသားစုမှာ ဟွာမိသားစုထက်များစွာ ချမ်းသာကြသည်။ မြောင်ရင့် အဖေမှာ သားသတ်သမားဖြစ်ပြီး ယခု မြောင်သုန်မှာ ထိုအလုပ်အားဆက်ခံထားသည်။ မိသားစုဝင်အားလုံးမှာလည်း လယ်လုပ်ကျွမ်းကျင်သူများဖြစ်ရာ အဆင်ပြေပြေ နေထိုင်နိုင်ကြသည်။ သူတို့သည် ဟွာမိသားစု စားနေကျဂျုံကြမ်းများထက် ပိုကောင်းသော ဆန်တစ်အိတ်နှင့် ဂျုံမှုန့်အနု တစ်အိတ်ကို ယူလာပေးခြင်း ဖြစ်သည်။


မြောင်ရင့် မျက်နှာကိုကြည့်ပြီး မြောင်သုန် ရှင်းပြ၏။


“အသားတွေက အကုန်ရောင်းကုန်လို့ ဝက်ကလီစာတွေပဲ ကျန်တော့တယ်... မင်းက ကလီစာမကြိုက်ဘူးဆိုတော့ ငါ မယူလာပေးတော့ဘူး”


မြောင်ရင် စိတ်ထဲတွင်တော့ နောင်တများစွာဖြင့် ရင်ဘတ်ကို ထုနေမိသည်—ကလီစာဆိုသည်မှာ အလွန်အရသာရှိသောအရာ မဟုတ်ပါလား—သို့သော် အပြင်ပန်းတွင်မူ “ကျေးဇူးတင်ပါတယ် အမေနဲ့ အစ်ကို” ဟုသာ ယဉ်ကျေးစွာပြောလိုက်သည်။


ခေတ္တအကြာတွင် မြောင်ရင်သည် သူ့အတိတ်အကြောင်းအား သိချင်သဖြင့် အစဖော်ပြီး မေးမြန်းကြည့်သော်လည်း မြောင်သုန် သံသယဖြင့်ပြန်ကြည့်သဖြင့် စကားလမ်း ကြောင်း လွှဲလိုက်ရသည်။


မီးဖိုချောင်ထဲတွင်မူ လီဟုန်ယင်းနှင့် အဖွားဖြစ်သူတို့မှာ စိတ်ထဲတွင် ခံစားချက်ပေါင်းစုံဖြစ်နေကြသည်။ မြောင်ရင်၏လွန်ခဲ့သော ရက်အနည်းငယ်က အပြုအမူများကြောင့် သူတို့သည် မြောင်ရင့် အရင်က စရိုက်ဆိုးများကိုပင် မေ့လုနီးပါးဖြစ်နေကြပြီဖြစ်သည်။ မြောင်ရင် တစ်ခြားသူနောက် ခိုးရာပါပြေးရန် ကြိုးစားခဲ့သည့်ကိစ္စမှာ မိသားစုလျှို့ဝှက်ချက်ဖြစ်သဖြင့် မြောင်မိသားစု ယခုထိမသိကြသေးချေ။


ဟွာရှင်းက ဝက်ဆီဖတ်ပါသော အသားတစ်တုံးဝယ်လာသည်။ မြောင်ရင် အသားမစားရသည်မှာကြာပြီဖြစ်၍ ကြိုက်လိမ့်မည်ဟု သူ ထင်နေခြင်းဖြစ်သည်။ လျိုချုံ မလိုပါဘူးဟု ငြင်းသော်လည်း မြောင်ရင် အိမ်တွင် ဘယ်လိုနေထိုင်သလဲ သိချင်သဖြင့် နေ့လယ်စာစားရန်နေခဲ့သည်။


လီဟုန်ယင်း သူမ ဟင်းချက်စွမ်းရည်မှာ သိပ်မကောင်းလှမှန်း သိသည်။ ဟွာရှင်း ပြန်ရောက်လာသောအခါ မြောင်ရင်သည် လိမ္မာပါးနပ်စွာဖြင့် မီးဖိုချောင်ထဲသို့ ဝင်ကူရာ မြောင်သုန်နှင့် လျိုချုံတို့မှာ အံ့ဩတကြီးငေးကြည့်ကျန် ရစ်ခဲ့သည်။ မြောင်ရင်သည် အိမ်တွင် ဆယ်နှစ်ကျော်နေ ထိုင်ခဲ့စဉ်က တစ်ခါမျှ မီးဖိုချောင်ထဲ ဝင်ခဲ့သူမဟုတ်ချေ။


ဟွာရှင်း ဝယ်လာသော အဆီများလှသည့် ဝက်သားတုံးကြီးကို မြင်သောအခါ မြောင်ရင်ဆွံ့အသွားသည်။ ဤအသားတုံးကို သူ မချက်တတ်ချေ။ လီဟုန်ယင်းလည်း မြောင်ရင်သည် အဆီများသော အသားအား သိပ်မကြိုက်မှန်း သိသဖြင့် သူကိုယ်တိုင် ယောက်မကိုကိုင်ကာချက် ပြုတ်တော့သည်။


ဂေါ်ဖီထုပ်၊ မုန်လာဥ၊ ခေါက်ဆွဲခြောက်နှင့် ဝက်သားတုံးကြီးများကို အိုးတစ်လုံးတည်းတွင် ထည့်ကာ စတူးချက်လိုက်သည်။ ဟွာရှင်းအား ပဲပြားလည်း ဝယ်ခိုင်းလိုက်ပြီး ဂျုံပေါက်စီများကိုလည်း ပေါင်းလိုက်သည်။ မြောင်မိသားစုယူလာပေးသော ဂျုံမှုန့်အနုများကိုသုံးရန် အားနာသဖြင့် သူတို့ ဂျုံကြမ်းများကိုသာသုံးခဲ့သည်။


မြောင်ရင် ဟင်းအိုးကြီးကိုကြည့်ကာ အဆီများလွန်းသဖြင့် သိပ်ပြီး အစားစားချင်စိတ်မရှိတော့ချေ။


ဟွာရှင်းသည် အသားဝယ်လာပြီးနောက် မြောင်ရင်၏ မျက်လုံးထဲတွင် အရောင်အဝါများ ပျောက်ကွယ်သွားသည်ကို သတိထားမိလိုက်သည်။ အသားစားရမည်ကို ဘာကြောင့် စိတ်မပျော်သနည်းဟု သူ နားမလည်နိုင်အောင် ဖြစ်နေရ၏။


လီဟုန်ယင်း မြောင်ရင်အား အပြင်ထွက်၍ မိသားစုဝင်များကို ဧည့်ခံခိုင်းသဖြင့် မြောင်ရင်မှာလည်း မတတ်သာဘဲ အပြင်ထွက်ကာစကားပြောရင်း မူလပိုင်ရှင်အကြောင်းကို စုံစမ်းရပြန်သည်။ သူတို့ပြောစကားများအရ အချုပ်ပြောရလျှင် မူလပိုင်ရှင်မှာ “အပျင်းထူပြီး အစားမက်သူ” သက်သက်သာ။


မြောင်ရင် သက်ပြင်းချလိုက်မိသည်။ မူလပိုင်ရှင်သည် မိသားစုက နှိပ်စက်လွန်းသဖြင့် လူလေလူလွင့်နောက် ခိုးရာပါပြေးသည်ဟု သူ ထင်ခဲ့သော်လည်း ယခုကြည့်ရသည်မှာ မြောင်မိသားစုက သူ့အား အလိုလိုက်ထားလွန်းပုံရသည်။ ‘ဒီမူလပိုင်ရှင်ကတော့ ရူးနေတာပဲ၊ လူယုတ်မာတစ်ယောက်ကို သွားကြိုက်မိပြီး ပိုက်ဆံအတွက်နဲ့ အသတ်ခံလိုက်ရတာကိုး’ ဟု တွေးနေမိသည်။


မကြာမီ ထမင်းပွဲ အဆင်သင့်ဖြစ်ပြီ။ ပုံမှန်အားဖြင့် ခြံထဲမှ စားပွဲအသေးလေးတွင် စားသော်လည်း ယနေ့တွင် ခမည်း ခမက်များရှိသဖြင့် အိမ်ရှေ့ခန်းရှိ စားပွဲကြီးသို့ ရွှေ့လိုက်ကြသည်။


မြောင်ရင် စတူးအိုးကြီးအား ကူသယ်ပေးပြီး ဟွာရှောင်ပေါင်လည်း ပန်းကန်များကိုကူသယ်ပေးသည်။ ရှောင်ပေါင်၏လိမ္မာပုံကို မြင်သောအခါ မြောင်သုန် သူ့အင်္ကျီလက်ထဲမှ သကြားလုံးတစ်လုံးထုတ်ပေးလိုက်၏။


အားလုံး အိမ်ရှေ့ခန်းထဲ ရောက်သောအခါ မြောင်ရင် စားပွဲဘေးမှ ထိုင်ခုံတစ်ခုပေါ်သို့ ဘုန်းခနဲထိုင်ချလိုက်သည်။ သို့သော် ဖင်မမြဲခင်မှာပင် မြောင်သုန် သူ့အား မကာ ဆွဲထူလိုက်ပြီးမျက်လုံးပြူးကြည့်သည်။


“ဒါ မင်း ထိုင်ရမယ့်နေရာလား!”  


မြောင်ရင် ရုန်းကန်ရန် ပြင်စဉ်မှာပင် ဟွာရှင်း မြောင်သုန့် လက်ထဲမှ မြောင်ရင်အားဆွဲယူလိုက်ပြီး “ရပါတယ်” ဟု ဆိုကာ ကယ်တင်ပေးလိုက်သည်။


မြောင်သုန် ပုခုံးတွန့်လိုက်ပြီး မြောင်ရင် စောစောကထိုင်ခဲ့သောနေရာတွင် အဖွားဖြစ်သူအားထိုင်စေသည်။ ထို့နောက် လီဟုန်ယင်းနှင့် လျိုချုံတို့ထိုင်ပြီးမှ ကျန်သည့် အမျိုးသား သုံးဦးက နေရာယူကြသည်။ သူတို့သည် ဟွာစန်းအ ကြောင်းကို မမေးကြဘဲ ချစ်ချစ်ခင်ခင်ပင် စားသောက်ကြတော့သည်။


စားပွဲပေါ်တွင် ဟင်းအိုးကြီး၊ ဂျုံပေါက်စီနှင့် အချဉ်ဖတ်တစ်ပွဲ—အလွန်ခမ်းနားသော ထမင်းဝိုင်းပင်။ မြောင်ရင် ပေါက်စီကိုကိုင်ကာ စိတ်မပါလက်ပါစားနေသည်။ သူ့ဘေးရှိ ရှောင်ပေါင်မှာ ဟင်းရည်များပေပွနေအောင် မြိန်ယှက်နေ၏။ ရှောင်ပေါင် အဆီတစ်တုံးကို ဝါးနေသည်ကို ကြည့်ပြီး မြောင်ရင် မျက်နှာလွှဲလိုက်ရာ ရှေ့တည့်တည့်မှ မြောင်သုန်ကလည်း အဆီတုံးကြီးအားအရသာခံစားနေသည်ကို မြင်လိုက်ရပြန်သည်။ မြောင်ရင်မှာ ဆီနံ့ကြီးက ရင်ထဲတွင် အောင့်တက်လာသလို ခံစားရသဖြင့် အစားပင်ဆက်မစားနိုင်တော့ချေ။


မြောင်သုန် အသားကိုမြိုချလိုက်ရင်း မြောင်ရင် သူ့အား မျက်တောင်မခတ် စိုက်ကြည့်နေသည်ကိုသတိထားမိ သည်။ သူက ပြန်ကြည့်ရင်း - ‘ဒီကောင် ဘာလို့ အသားမစားတာလဲ? အရင်ကအဆီတုံးဆို အသေကြိုက်တဲ့ကောင်က အခုတော့ ဘာဖြစ်သွားတာလဲ’ ဟု တွေးနေမိသည်။


ဝိုင်းထဲတွင် လူကြီးများမှာ စကားတပြောပြောနှင့် စားနေကြသည်။ မြောင်ရင် လူတိုင်းအားဝေ့ကြည့်နေမိ၏။ ရှောင်ပေါင်နှင့် မြောင်သုန်မှာ အားရပါးရစားနေကြသည်။ ဟွာရှင်းကမူ ပုံမှန်အတိုင်း အတွေးထဲနစ်နေပုံရသည်။


ထမင်းစားပြီးနောက် မြောင်သုန်နှင့် လျိုချုံတို့ ပြန်ရန် ပြင်ကြသည်။ သူတို့အိမ်မှာဝေးသဖြင့် မြောင်ရင်  ရွာထိပ်အထိ လိုက်ပို့ပေးသည်။ လမ်းတစ်လျှောက်လုံးတွင် တစ်ရွာလုံး၏အကြည့်များမှာ သူတို့သုံးဦးပေါ်သို့ ကျရောက်နေ၏။


မြောင်ရင် ကျင့်သားရနေပြီဖြစ်သည်။ သူ အပြင်ထွက်တိုင်း ရွာသားများက အတင်းအဖျင်းပြောနေကျ မဟုတ်ပါလား?  ယခု သူတို့ သုံးဦးစလုံး တစ်ပြိုင်တည်း လျှောက်လာသည်မှာ ကြည့်ရသည်မှာ လူအများက ကြောက်လန့်နေကြသလိုပင်။ မြောင်သုန်ကလည်း ကြည့်မကောင်း၊ အမေကလည်း ခက်ထန်သဖြင့် မြောင်ရင် မိမိတို့အုပ်စုအား “မြွေနှင့် ကင်းမြီးကောက်”  ဟု အမည်ပေးလိုက်မိသည်။ တစ်ရွာလုံးအတွက်တော့ သူတို့က လူကောင်းတွေမဟုတ်ကြချေ။


ရွာပြင်ရောက်သောအခါ လျိုချုံ မြောင်ရင်၏ပုခုံးအား ထပ်မံပုတ်ကာ "ရှောင်ယောင်... အခုကစပြီး ဘဝကို ကောင်းကောင်း နေထိုင်ပါတော့... ဟွာမိသားစုမှာ နင့်ယောက္ခထီးကလွဲရင် အားလုံးစိတ်ထားကောင်းကြပါတယ်"


မြောင်ရင်  ခေါင်းညိတ်ကာ “သိပါတယ် အမေ”


မြောင်သုန်ကလည်း “သိရင် တော်ပြီ...နောက်တစ်ခါ မိုက်မိုက်ကန်းကန်းတွေ မလုပ်နဲ့တော့”  


မြောင်သုန်သည် မြောင်ရင်ထက် သုံးနှစ်ကြီးသည်။ မူလက မြောင်သုန်မှာ အရင်ဆုံးအိမ်ထောင်ကျရမည် ဖြစ်သော်လည်း ကံမကောင်းစွာဖြင့်ပင် မြောင်ရင်၏ဆိုးရွားလှသော ဂုဏ်သတင်းကြောင့် ရွာထဲတွင် သူတို့မိသားစုအား လာရောက်စကားကမ်းလှမ်းမည့်သူ မရှိသလောက်ပင်။ ထို့ကြောင့် မြောင်ရင်အားလာရောက်တောင်းဆိုသူရှိလာချိန်တွင် ညီဖြစ်သူက အရင်အိမ်ထောင်ပြုသွားခြင်းအပေါ် မြောင်သုန်  စိတ်မကွက်ခဲ့ချေ။


သို့သော်လည်း မြောင်ရင် မင်္ဂလာဆောင်စဉ်ကတင်တောင်းငွေများကို မိဘများကလက်မခံဘဲ မြောင်ရင်အား အကုန်ပြန်ပေးလိုက်သည့်အပြင်၊ မင်္ဂလာဦး လက်ဆောင်များစွာကိုပါထည့်ပေးလိုက်ရသဖြင့် မြောင်မိသားစုတွင်စုဆောင်း ငွေ သိပ်မကျန်တော့ချေ။ တစ်ဖက်တွင်လည်းမြောင်သုန်ကကောများကို သိပ်မနှစ်သက်ဘဲ အမျိုးသမီးကိုသာ ယူချင်နေခြင်းကလည်း အခက်တွေ့စေသည်။ အမျိုးသမီးများအတွက် တင်တောင်းငွေမှာ အမျိုးသားများထက် များစွာပိုမိုမြင့်မားနေသောကြောင့် သူ ယခုထိ လူပျိုကြီးဘဝဖြင့် ရှိနေရခြင်းဖြစ်သည်။


မြောင်ရင်သည် အမေဖြစ်သူ လျိုချုံထံမှ အစ်ကိုဖြစ်သူ၏ အခြေအနေကို ကြားသိရသောအခါ အနည်းငယ်အားနာသွားမိသည်။


“အစ်ကိုကြီး... အိမ်ထောင်ပြုနိုင်ဖို့ ဝိတ်လေးဘာလေးလည်းလျှော့ဦး... တင်တောင်းငွေ မလောက်ရင်လည်း ကျွန်တော် တစ်နည်းနည်းနဲ့ ကူညီပေးပါ့မယ်”


မြောင်သုန် နှာမှုတ်လိုက်ရင်း “မင်းဘာသာမင်း အဆင်ပြေအောင် အရင်နေစမ်းပါ... ငါ့အိမ်ထောင်ရေးအတွက် မင်း ပူစရာမလိုပါဘူး”  


မြောင်ရင် ပြုံးလိုက်ကာ “နေမစောင်းခင် ပြန်ကြတော့လေနောက်တစ်ခါ အမေတို့အိမ်လည်တဲ့အခါမှ အေးအေးဆေး ဆေး စကားပြောကြတာပေါ့”


လျိုချုံ ခေါင်းညိတ်ပြပြီး မြောင်သုန်နှင့်အတူ လှည့်ထွက်သွားကြသည်။


မြောင်ရင်သည် လက်ယမ်းနှုတ်ဆက်ရင်း ဝေးကွာသွားသော လူပုကြီးတစ်ယောက်နှင့်  ပိန်ပါးပါးကျောပြင်အား ကြည့်နေမိသည်။ ရုတ်တရက်ဆိုသလို သူ့ရင်ထဲတွင် ဝမ်းနည်းသလိုလို၊ ကြည်နူးသလိုလို ခံစားချက်တစ်ခု တိုးဝင်လာသည်။ ဤကမ္ဘာသို့ စတင်ရောက်ရှိလာစဉ်က သူတောင်းခဲ့သော ဆုတောင်းများတဖြည်းဖြည်း ပြည့်ဝ လာသလိုပင်။


ယခုဆိုလျှင် သူ့ကို အားကိုးစေချင်သော ယောကျာ်းဘက်က မိသားစုသာမက၊ သူ့အားအမြဲတမ်း ငဲ့ညှာတွေးတောပေးသည့် မိဘဘက်က မိသားစုပါရှိနေပြီ မဟုတ်ပါလား?


‘ငါတို့သာ ဒီထက်နည်းနည်း ပိုချမ်းသာရင် သိပ်ကောင်းမှာပဲ ဒါပေမဲ့ ကိစ္စမရှိပါဘူး... ငါ့ရဲ့ အလုပ်ကြိုးစားတဲ့ သဘာဝနဲ့ဆိုရင် ငါကိုယ်တိုင် ပိုက်ဆံရှာနိုင်တာပဲ!’  


မြောင်ရင် သက်ပြင်းတစ်ချက် အားရပါးရ ချလိုက်မိ သည်။ မိဘဘက်မှ မိသားစုမှာ ဤမျှ စိတ်ထားကောင်းမှန်း သိလျှင် အစကတည်းက ဟွာမိသားစုအား ဤမျှ အတင်းအကျပ် တွယ်ကပ်နေမည် မဟုတ်ချေ။ သို့သော် ထိုအတွေးမှာ ခဏချင်းပင် ပျောက်ကွယ်သွားသည်။ မူလပိုင်ရှင် ကျူးလွန်ခဲ့သော အပြစ်များကို သူကိုယ်တိုင်မလုပ်ခဲ့သော်လည်း ဟွာမိသားစုအပေါ် သူ ပြန်လည်ပေးဆပ်ရန် တာဝန်ရှိသည် မဟုတ်ပါလား ? ထို့အပြင် အရက်သမား ဟွာစန်း တစ်ယောက်တည်းမှလွဲ၍ ကျန်သည့် ဟွာမိသားစုဝင် အားလုံးမှာ အလွန်စိတ်ထားကောင်းကြသူများဖြစ် သည်။