Ch 12
Viewers 5k

🍋 Chapter 12


ဟွာရှင်း ခေါင်းညိတ်ပြရုံသာ ရှိသေးသည်၊ မြောင်ရင် အနားသို့ အပြေးရောက်လာပြီး ဒဏ်ရာရထားသော လက် မောင်းကို အသာအယာ စမ်းကြည့်ရင်း စိုးရိမ်တကြီးမေးလေတော့သည်။


“ဘယ်လိုဖြစ်တာလဲ၊ အရိုးများ ကျိုးသွားတာလား?”  


“မဟုတ်ပါဘူး၊ သမားတော်က အနားယူရမယ်ပဲပြောတယ်”  


မြောင်ရင် ခေါင်းညိတ်လိုက်ပြီး ဟွာရှောင်ပေါင်ဘက်သို့ လှည့်ကာ “သား... အစ်ကိုကြီးနဲ့ အိမ်ထဲ အရင်ဝင်နှင့်၊ မရီး ဂေါ်ဖီထုပ်သွားခုတ်လိုက်ဦးမယ်” 


ဟွာရှင်းသည် ရှောင်ပေါင်အားခေါ်၍ အိမ်ထဲသို့ ပြန်လာခဲ့သည်။ လီဟုန်ယင်းသည် ဟွာရှင်း၏စည်းနှောင်ထားသော လက်အား မြင်သည်နှင့် ထိတ်လန့်သွားပြီး အဖွားဖြစ်သူမှာလည်း မျက်ဝန်းများနီမြန်းလာတော့သည်။ သူတို့နှစ်ဦးမှာ ဟွာရှင်းကို အထပ်ထပ်အခါခါ ကြည့်ရှုစစ်ဆေးရင်း စိတ်မကောင်းဖြစ်ကာ မျက်ရည်သုတ်နေကြရှာသည်။


“ဘာမှမဖြစ်ပါဘူး၊ အရိုးမကျိုးဘူးလို့ သမားတော်က  သေချာပြောပါတယ်” 


ဟွာရှင်း ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။ သူသည် ပင်ကိုယ်ကပင် စကားနည်းသူဖြစ်ရာ လူကြီးများအား မည်သို့ချော့မော့ရမည်ကို မသိချေ။ ထို့ကြောင့် ကောင်းနေသော လက်တစ်ဖက်ဖြင့် ဆီစက္ကူထုပ်ထားသော မုန့်များကိုကမ်းပေးလိုက်ရင်း “ဒါလေးတွေ စားကြပါဦး” ဟုသာ ပြောနိုင်ရှာသည်။


သို့သော် လီဟုန်ယင်းနှင့် အဖွားဖြစ်သူတို့မှာ ဘာမှမစားနိုင်ကြချေ။ ဟွာရှင်း ဒဏ်ရာရသွားခြင်းမှာ ယခုနှစ်အတွက် ဝင်ငွေလမ်း ပိတ်သွားခြင်းပင်။ မြောင်ရင် ရှာပေးထားသော ငွေ ၅ တုံးနှင့် ဟွာရှင်း ရှာဖွေလာမည့် ဝင်ငွေတို့ဖြင့် နှစ်သစ်ကူးအား ကောင်းကောင်းဖြတ်ကျော်ရန် သူတို့မျှော် လင့်ထားခဲ့ကြသည်။ ရှောင်ပေါင်လည်း အရွယ်ရောက်လာပြီဖြစ်ရာ အဖွားနှင့် တစ်ခန်းတည်းမအိပ်သင့်တော့သဖြင့် ရှေ့နှစ်တွင် အခန်းတစ်ခန်း ထပ်တိုးဆောက်ရန်ပင် စိတ်ကူးထားခဲ့သော်လည်း ယခုတော့ ဟွာရှင်း ဒဏ်ရာရသွားသဖြင့် အားလုံးပျက်စီးကုန်ပြီဟု ထင်နေကြသည်။


မြောင်ရင် ဂေါ်ဖီထုပ်နှင့် ပြန်ရောက်လာပြီး ခြံထဲမှိုင်တွေနေကြသည်ကို မြင်သောအခါ လီဟုန်ယင်းအား လှမ်းမေးလိုက်သည်။ 


“အမေ... ဒီနေ့ ပေါက်စီ လုပ်ကြမလား? ဆီဖတ်နဲ့ ဂေါ်ဖီ ထုပ်နဲ့ ရောပြီးတော့လေ”


လီဟုန်ယင်း ခေါင်းညိတ်ကာ  “ကောင်းပြီလေ၊ အမေ မုန့်သားနယ်လိုက်မယ်”  


အဖွားဖြစ်သူမှာ ဟွာရှင်းအား စိုက်ကြည့်ရင်း ထပ်မေးနေပြန်သည်။


“ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ဖြစ်လာရတာလဲ?”  


“မတော်တဆ ဖြစ်တာပါ” 


ဟွာရှင်း ပြောကာ မီးဖိုဘေးတွင် သွားထိုင်လိုက်သည်။ ရှောင်ပေါင်လည်း သူ့နောက်မှ တကောက်ကောက်လိုက် ကာဘေးတွင် ဝင်ထိုင်နေလေသည်။


မြောင်ရင် ဟင်းများအား ပြင်ဆင်နေသည်။ ဂေါ်ဖီထုပ်ကို နုပ်နုပ်စင်းပြီး ဆားကြမ်းဖြင့် နယ်ကာ ရေညှစ်ထုတ်လိုက်သည်။ ထို့နောက် ဝက်ဆီလှော်ထားသော ဆီဖတ်များကို ထုထောင်းပြီး ဂေါ်ဖီထုပ်နှင့် ရောလိုက်၏။ ဂျင်းနှင့် ကြက် သွန်မြိတ်လေးများပါ ထည့်လိုက်သောအခါ မွှေးကြိုင်လှသော ပေါက်စီအစာသွပ်လေး ရလာတော့သည်။


သူတို့အိမ်တွင် ဂျုံမှုန့်အနုလေးများလည်း ရှိတတ်သော် လည်း ပွဲလမ်းသဘင်ရှိမှသာ ထုတ်စားလေ့ရှိသည်။ ယနေ့တွင် ဟွာရှင်း ဒဏ်ရာရလာသဖြင့် လီဟုန်ယင်း ထူးထူး ခြားခြား ထိုဂျုံမှုန့်များကိုသုံးကာ ပေါက်စီကောင်းကောင်း လုပ်ကျွေးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။


မြောင်ရင် အစာသွပ်များအား နယ်ဖတ်ပြီးသော်လည်း ပေါက်စီပုံဖော်ရာတွင် ကျွမ်းကျင်မှု မရှိလှပေ။ သူလုပ်သမျှမှာ ထူးဆန်းသော အဖုအထစ်များကဲ့သို့ ဖြစ်နေသဖြင့် လီဟုန်ယင်း သူ့အား ဆက်မလုပ်ခိုင်းတော့ဘဲ အနားယူရန်ပြောလိုက်သည်။ အဖွားဖြစ်သူပါ ဝိုင်းကူလုပ်ပေးသဖြင့် မြောင်ရင် အားလပ်သွားခဲ့သည်။


မြောင်ရင် ဟွာရှင်းအား အခန်းထဲသို့ ဆွဲခေါ်သွားပြီး အဝတ်အစားများကိုချွတ်စေကာ ပုခုံးပေါ်မှ ဒဏ်ရာကို စစ်ဆေးလိုက်သည်။ 


“ဒါက မတော်တဆဖြစ်တဲ့ ဒဏ်ရာနဲ့မတူဘူးနော်”


ထိုအခါမှ ဟွာရှင်း ဖွင့်ပြောတော့သည်။


“ငါ တစ်ယောက်ယောက်ကို ကယ်လိုက်တာ”


သူသည် ငွေ ၁၀ တုံး ရထားသည်ကို လီဟုန်ယင်းတို့အား မပြောပြရသေးချေ။ သူ့တွင် တစ်ကိုယ်ကောင်းဆန်သော စိတ်ကူးလေးတစ်ခု ရှိနေသည်၊ ထိုငွေထဲမှ အချို့ကို မြောင်ရင်အား ပေးချင်နေမိသည်။ မြောင်ရင် နေကောင်းသွား၍ထွက်သွားသည့်အခါ လက်ဗလာဖြင့် မသွားစေချင်သောကြောင့် ဖြစ်သည်။


သူ ဖြစ်ကြောင်းကုန်စင်ကို မြောင်ရင်အား ပြန်ပြောပြ သည်။ သို့သော် အလွန်အန္တရာယ်များခဲ့သည်ကိုမူ လမ်းပေါ်မှ ဂေါ်ဖီထုပ်တစ်ထုပ် ကောက်ရသလိုမျိုး အေးအေး ဆေးဆေးပင်ပြောပြလိုက်သည်။


“ဒါဆို မင်းက ဒီငွေ ၁၀ တုံးကို ယူရတာ အားနာနေတာပေါ့ ဟုတ်လား ?” 


မြောင်ရင် သူ့ဘေးတွင် ဝင်ထိုင်ရင်းနှစ်သိမ့်လိုက်သည်။


“အားနာစရာ လုံးဝမလိုပါဘူး... မင်း ကောင်းမှုလုပ်ခဲ့တာပဲ၊ ကောင်းတာလုပ်ရင် ကောင်းကျိုးခံစားရတာ မင်းရထိုက်တဲ့ အရာပဲ”  


“ဒါပေမဲ့...”


“မင်းပြောတော့ အဲဒါ ခရိုင်မြို့က သခင်လေးဆို... အဲဒီလိုလူတွေအတွက် ပိုက်ဆံနဲ့ရှင်းလို့ရတဲ့ကိစ္စက ပြဿနာမဟုတ်ဘူး....မင်း သူ့အသက်ကို ကယ်ခဲ့တယ်၊ သူက ပိုက် ဆံပေးတယ်၊ ဒါနဲ့ပဲ ကျေအေးသွားတာပေါ့... အကယ်၍ မင်းကသာ ပိုက်ဆံမယူဘူးဆိုရင် မင်း တခြားတစ်ခုခု ပိုလိုချင်နေတယ်လို့တောင် သူတို့က ထင်သွားလိမ့်ဦးမယ်”


ဟွာရှင်းက မြောင်ရင်၏တည်ကြည်နေသော မျက်ဝန်းများကိုကြည့်ကာ ခေတ္တမျှငြိမ်ကျသွားပြီး “တကယ်လား” ဟု မေးမိသည်။


မြောင်ရင် ဆက်လက် နှစ်သိမ့်လိုက်သည်။


“တကယ်ပေါ့၊ ပိုက်ဆံကိုသာ ယူထားလိုက်ပါ.... စိတ်မကောင်း ဖြစ်မနေနဲ့တော့”


မြောင်ရင့် စကားများကို ကြားရသောအခါ ဟွာရှင်း စိတ်ထဲတွင် လေးလံနေသမျှ ပေါ့ပါးသွားရသည်။ သူ မြောင်ရင်ကိုသာ စိုက်ကြည့်နေမိတော့၏။


မြောင်ရင်လည်း ဟွာရှင်းစရိုက်ကို သိနေသဖြင့် အိမ်မှ အခြေအနေများအား စတင်ပြောပြလိုက်သည်။ 


“အိမ်မှာ အားလုံး အဆင်ပြေပါတယ်... ဟိုတစ်နေ့က မြို့ကိုသွားပြီး လက်ကိုင်ပုဝါတွေ ရောင်းလိုက်တာ ငွေ ၅ တုံး ရခဲ့တယ် ပြီးတော့... မင်းအဖေကိုလည်း ငါ ဆူပစ်လိုက်တယ်”


ထိုအခါမှ ဟွာရှင်းမျက်နှာမှာ အနည်းငယ် အသက်ဝင်လာပြီး အံ့ဩတကြီးမေးလိုက်လေသည်။


“၅ တုံးတောင်လား ?”  


မြောင်ရင် ရင်ဘတ်အား မာန်ပါပါပုတ်ပြရင်း ကြွားဝါလိုက်သည်။


“မင်းပဲ ပိုက်ဆံရှာတော်တာ မဟုတ်ဘူးနော်၊ ငါက ဒဏ်ရာနဲ့တောင် ပိုက်ဆံရှာနိုင်တယ်!” 


ထို့နောက် ထိုနေ့မှ ဖြစ်ပျက်ခဲ့သည်များကိုပြန်ပြောပြလိုက် ၏။ 


“အမေနဲ့ အဖွားက ပန်းထိုးတာအရမ်းကြာတော့ မျက်စိထိခိုက်မှာစိုးလို့ ငါ ပန်းအလှဆင်ပုံစံတွေကိုပဲ ရောင်းလိုက်တာလေ”


ဟွာရှင်း ခေါင်းညိတ်ရင်း “ကျေးဇူးတင်ပါတယ်”  


မြောင်ရင် မျက်ခုံးပင့်ပြကာ “ငါလည်း မိသားစုကိုလုပ် ကျွေးနိုင်ပါတယ်....နေသာပြန်ကောင်းလာပါစေ၊ အခုထက် ပိုရှာနိုင်မှာ”


ဟွာရှင်း မြောင်ရင့်ဦးခေါင်းကို ကြည့်လိုက်ရာ ယနေ့တွင် ဆေးပတ်တီးများ မတွေ့ရတော့သဖြင့် မေးလိုက်မိသည်။


“ဆေးကော... သောက်နေတုန်းလား?”  


မြောင်ရင် ခေါင်းညိတ်ပြ၏။ 


“အမေ စစ်ကြည့်ပေးတော့ ဒဏ်ရာက အပေါ်ယံအနာဖေးတက်နေပြီတဲ့၊ ဒါကြောင့် ဆေးထည့်ဖို့မလိုတော့ဘူး”


ဟွာရှင်း သူဝယ်လာသော ဆေးထုပ်အားထုတ်ပြလိုက်သည်။ 


“ဒီထဲမှာ မြည်းရေကော်ပါတယ်၊ နောက်တစ်ခါ ဆေးကျိုရင် ဒါလေးထည့်သောက်လိုက်”


မြောင်ရင် ခေါင်းခါပြကာ “ငါက ပျောက်သလောက်ရှိနေပြီပဲ၊ မလိုတော့ပါဘူး...ဒါနဲ့ မင်းက ဘာလို့ မြည်းရေကော်တွေ အများကြီး ဝယ်လာတာလဲ?”


ဟွာရှင်း ဘာမှပြန်မပြောသော်လည်း မြောင်ရင် သူ့ဘာသာ အကြောင်းပြချက်ရှာလိုက်သည်။ 


“အော်... ငါတို့ ဒဏ်ရာချင်းက ဆင်တူတာပဲကိုး၊ မင်းအတွက် ဆေးညွှန်းမှာလည်း မြည်းရေကော် ပါမှာပေါ့ ဒါပေမဲ့ ဘာလို့ ဒီလောက်တောင်များနေရတာလဲ?”


ဟွာရှင်း နှုတ်ဆိတ်နေဆဲဖြစ်ရာ မြောင်ရင် မြည်းရေကော် ၏အသုံးဝင်ပုံအား စဉ်းစားကြည့်ရင်း မေးလိုက်သည်။


“အမေနဲ့ အဖွားကို အားရှိအောင် ကျွေးဖို့လား?”  


ဟွာရှင်း သူ့အား တစ်ချက်လှမ်းကြည့်လိုက်မိသည်။ အရင်ကမြောင်ရင်သာဆိုလျှင် ဤကဲ့သို့ ကောင်းမွန်သောအရာများကို သူတစ်ယောက်တည်း အကုန်သိမ်းကျုံးယူမည့်သူ ဖြစ်သည်။ အမေနှင့် အဖွားအားကျွေးမွေးပြုစုရန် စိတ်ကူးရှိမည့်သူ မဟုတ်ချေ။


စကားစပ်မိသည်နှင့် မြောင်ရင် ထပ်မေးလိုက်သည်။ 


“ဒါနဲ့ အဖေက ဘယ်လိုဖြစ်တာလဲ?”


အမှန်တကယ်တော့ ဟွာစန်းသည် တစ်ချိန်က လူကောင်းတစ်ယောက် ဖြစ်ခဲ့ဖူးသည်။ မိသားစု ဤရွာတွင် စတင်အခြေချစဉ်က သူကိုယ်တိုင် လုပ်ကိုင်ကျွေးမွေးခဲ့ခြင်း ဖြစ်သည်။ အိမ်ထောင်ဖက် ရှာကြစဉ်ကပင် အောင်သွယ်က သူ့အာ အလုပ်ကြိုးစားပြီး အားကိုးရသူဟု ချီးမွမ်းခဲ့သဖြင့် လီဟုန်ယင်း လက်ထပ်ခဲ့ခြင်းဖြစ်သည်။


လက်ထပ်ပြီးစတွင် သူတို့မိသားစုဘဝလေးမှာ သာယာခဲ့ပြီး အိမ်ကိုပင် ပြုပြင်ဆောက်လုပ်နိုင်ခဲ့သည်။ ဟွာရှင်းကို မွေးဖွားချိန်တွင်လည်း မိသားစု၏မျှော်လင့်ချက်အဖြစ် အားလုံး ဝမ်းသာခဲ့ကြသည်။ သို့သော် ဟွာရှင်း ငယ်စဉ်က စကားပြောနောက်ကျသဖြင့် ရွာထဲတွင် အတင်းအဖျင်းများထွက်လာရာမှ ဟွာစန်းသည် သူ့သားအားတဖြည်း ဖြည်း မုန်းတီးလာခဲ့သည်။


လီဟုန်ယင်းသည်လည်း ဟွာရှင်းအား မွေးဖွားစဉ်ကကျန်း မာရေး ထိခိုက်ခဲ့သဖြင့် နောက်ထပ်ကလေး မရနိုင်တော့ချေ။ ထိုအခါ ဟွာစန်း စိတ်က ဖောက်ပြန်လာတော့သည်။ ရွာထဲတွင် မည်သူမျှမယားငယ် မယူကြသော်လည်း သူကတော့ တစ်မျိုးထူးချင်လာသည်။ လီဟုန်ယင်းက ယောက္ခမအပေါ် ဝတ်ကျေပွန်ခြင်း၊ ချွေတာတတ်ခြင်းနှင့် အိမ်ထောင်မှုအား နိုင်နင်းခြင်းတို့ကြောင့် သူမတွင် အပြစ် ရှာ၍မရသလို ကွာရှင်းရန်လည်း အကြောင်းမရှိခဲ့ပေ။


တစ်နေ့တွင် သူသည် ဟွာရှင်းရောဂါအတွက် သမားတော်သွားရှာရင်းပြည့်တန်ဆာရုံရှေ့တွင် ခြေစုံရပ်မိသွားခဲ့သည်။


နောက်ပိုင်းရက်များတွင် သူသည် အိမ်မှ ပိုက်ဆံသေတ္တာကိုနှိုက်ကာ ပြည့်တန်ဆာရုံတွင် ပျော်ပါးတော့သည်။ ပိုက်ဆံကုန်သောအခါ ပစ္စည်းများအား ပေါင်နှံသည်။ ပေါင်စရာမရှိတော့သောအခါ အတိုးကြီးသော ငွေတိုးများကို ချေးငှားကာ လောင်းကစားပြန်လုပ်ရာမှ ကြွေးမြီးများ တောင်ပုံရာပုံ ဖြစ်လာတော့သည်။ အဆုံးတွင် လီဟုန်ယင်း သိသွားခဲ့ရသည်။


သာယာခဲ့သော အိမ်လေးမှာ ပြာပုံအတိဖြစ်သွားရ၏။ အဖွားဖြစ်သူ မည်မျှပင် ရိုက်နှက်ဆုံးမပါစေ၊ သူက ထိုပြည့်တန်ဆာမလေးကို ရွေးထုတ်မည်ဟုသာ ဇွတ်လုပ်နေခဲ့သည်။ သို့သော် ထိုမိန်းမမှာ ဟွာစန်းထံမှ ဘာမှမညှစ်ထုတ်နိုင်တော့သည်ကို သိသောအခါ သူမ အထိန်းတော်ကို ခိုင်း၍ ဟွာစန်းအားအိမ်ထဲသို့ပင် ပေးမဝင်တော့ချေ။ လီဟုန်ယင်းသည် သူမ တကိုယ်စာပါလာသော အမွေအနှစ်များကို ထုတ်သုံးကာ အကြွေးနှင့် လောင်းကစားကြွေးများကို ဆပ်ပေးခဲ့ရသဖြင့် မိသားစုမှာ ပြန်လည် ဆင်းရဲသွားခဲ့သည်။


သူမ ကွာရှင်းရန် စဉ်းစားခဲ့ဖူးသော်လည်း ဟွာရှင်း ငယ်သေးသဖြင့် "ပထွေးပါလာလျှင် မိထွေးဖြစ်လာမည်" ဟူ သော စိုးရိမ်စိတ်ဖြင့် ဟွာစန်းအား သည်းခံခဲ့ခြင်းဖြစ် သည်။ ကံကောင်းသည်မှာ ယောက္ခမက စိတ်ထားကောင်းပြီး သားဖြစ်သူ ဟွာရှင်းကလည်း သိတတ်လှသဖြင့် လီဟုန်ယင်းမှာ ဟွာစန်းအား "သေပြီးသားလူ" ကဲ့သို့ သဘော ထားကာ နေထိုင်လာခဲ့ခြင်းသာ။


ဟွာစန်းသည် လောင်းကစားပြန်မလုပ်တော့ဟု အဖွားအား ကတိပေးခဲ့သဖြင့် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း လောင်းကစား မလုပ်တော့သော်လည်း အရက်ကိုမူပိုသောက်လာခဲ့တော့သည်။


ဟွာရှင်း ဖြစ်ကြောင်းစုံကို အေးစက်စက်ပင် ပြောပြသော် လည်း မြောင်ရင်ကမူ အလွန်ဒေါသထွက်နေမိသည်။ ဤ "လောင်တန်"မှာ အရက်သမားသက်သက်ဟု သူထင်ခဲ့သော်လည်း ဤမျှ ယုတ်မာလိမ့်မည်ဟု မထင်ထားခဲ့ချေ။ မြောင်ရင်သည် ငယ်စဉ်က မိသားစုမေတ္တာမရခဲ့သော်ညလည်း လွန်ခဲ့သော ရက်အနည်းငယ်အတွင်း လီဟုန်ယင်းအား သူ့မိသားစုဝင်တစ်ဦးကဲ့သို့ သံယောဇဉ်တွယ်နေမိပြီ ဖြစ်သည်။


သူ ဒေါသတကြီးဖြင့် ကြုံးဝါးလိုက်သည်။


“စောင့်ကြည့်နေလိုက်... ငါ နေပြန်ကောင်းလာတဲ့အခါ သူ့ကို ဘယ်လို ဆုံးမ,မလဲဆိုတာ!”


ဟွာရှင်းသည် မြောင်ရင် ဒေါသထွက်နေသည်ကိုကြည့်ပြီး မိမိမရှိခိုက် အိမ်တွင် ဘာများဖြစ်ပျက်ခဲ့သနည်းဟုတွေး တောနေမိသည်။ မြောင်ရင်ကလည်း သူ့အမေနှင့် အဖွားအပေါ် မည်သို့ကြောင့် ဤမျှ ရင်းနှီးနွေးထွေးသွားရသနည်းဟုလည်း အံ့ဩမိသည်။


မြောင်ရင် ဆက်ပြောသည်။


“ရလာတဲ့ ပိုက်ဆံအကြောင်းကို အမေတို့ကိုပြောပြရမယ်နော်... မိသားစုဆိုတာ တစ်ယောက်နဲ့တစ်ယောက် ဖုံးကွယ်ထားလို့ မကောင်းဘူး”


ဟွာရှင်း ခေါင်းညိတ်ပြီး မြောင်ရင်နောက်မှ အခန်းပြင်သို့ လိုက်လာခဲ့သည်။


မီးဖိုပေါ်တွင် ပေါက်စီများ အခိုးအလျှံထွက်ကာ ကျက်နေပြီဖြစ်သည်။ မြောင်ရင်သည် ဟွာရှင်းဝယ်လာသော မြည်းရေကော်ကို သတိရသွားပြီး ဟွာရှင်းစည်းနှောင်ထားသော လက်မောင်းကို တစ်ချက်ကြည့်ကာ သိမ်းထားသောကြက် သားအား ထုတ်လိုက်သည်။


ကြက်သားမှာ ဆားနယ်ထားသည့် အပိုင်းတစ်ပိုင်းသာ ကျန်တော့သဖြင့် မစားဘဲထားလျှင်ပုပ်သွားနိုင်သော်လည်း ယခုကဲ့သို့ အမွှေးအကြိုင်ဝင်နေချိန်တွင် စွပ်ပြုတ်လုပ်ပါက အလွန်အရသာရှိမည်ဖြစ်သည်။


သူသည် ကြက်သားကို အတုံးလေးများတုံးကာ ရေဆေးပြီး ဝက်ရိုး၊ မြည်းရေကော်၊ ဂျင်းပြားတို့နှင့်အတူ အိုးထဲထည့်ကာ ဟင်းရည်ကျိုလိုက်သည်။ ဟင်းရည်ကျက်ခါနီးတွင် မုန်လာဥဖြူများကို ထည့်လိုက်၏။ “ဆောင်းတွင်းမုန်လာဥသည် ဂျင်ဆင်းကဲ့သို့ အားရှိစေသည်” ဟူသော စကားအတိုင်း ဤစွပ်ပြုတ်မှာ အလွန်အာဟာရဖြစ်စေ သည်။ ၎င်းမှာ သူတို့မိသားစုအတွက် ကြာမြင့်စွာစောင့် မျှော်ခဲ့ရသောခမ်းနားသည့် ထမင်းဝိုင်းပင်။ ဟွာစန်းအပြင် ထွက်သွားသဖြင့် မြောင်ရင် ပိုစိတ်ချမ်းသာသွားရသည်။ ဤကဲ့သို့ ကောင်းမွန်သောဟင်းလျာများကို ထိုလူယုတ်မာအား မကျွေးချင်သောကြောင့်ပင်။


ဂေါ်ဖီထုပ်နှင့် ဆီဖတ်အစာသွပ် ပေါက်စီများမှာ ဆီဦး လေးများဖြင့် ပြောင်လက်နေပြီး မုန်လာဥနှင့် ကြက်စွပ် ပြုတ်နံ့မှာ တစ်ခြံလုံး မွှေးကြိုင်နေတော့သည်။ အစားအ သောက် သိပ်မရွေးတတ်သော ဟွာရှင်းပင်လျှင် အလွန်ဆာလောင်လာမိသည်။


ဟွာရှောင်ပေါင်မှာ သူ့စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ဘဲ လက်ဆေးကာ ပေါက်စီအား စတင်မြိန်ယှက်နေပြီဖြစ် သည်။ မြောင်ရင် လူကြီးနှစ်ဦးအား ကြက်စွပ်ပြုတ် ခပ်ပေးလိုက်ရင်း “အမေ... အဖွား... စွပ်ပြုတ်များများ သောက်ကြနော်... ဒီထဲမှာ မြည်းရေကော်ပါတယ်၊ ကျန်းမာ ရေးအတွက် အရမ်းကောင်းတယ်” 


“သားလည်း သောက်ဦးလေ” 


လီဟုန်ယင်း မြောင်ရင်အတွက် တစ်ဇလုံခပ်ပေးပြန်သည်။ 


“သားရဲ့ဒဏ်ရာကလည်း မကျက်သေးဘူး မဟုတ်လား?” 


မြောင်ရင် ငြင်းမနေတော့ဘဲ ဟွာရှင်းအတွက်ပါ တစ်ဇလုံ ခပ်ပေးလိုက်သည်။ 


“သောက်... မင်းလည်း အားပြန်ဖြည့်ဖို့ လိုတယ်”


အိုမင်းသူ၊ အားနည်းသူ၊ ဖျားနာသူနှင့် ဒဏ်ရာရထားသူ များ စုဝေးနေသည့် ဤမိသားစုအားကြည့်ရင်း မြောင်ရင်သည် သူ့ပုခုံးပေါ်မှ တာဝန်မှာ ပိုလေးလံလာသည်ဟု ခံစားရသည်။ သူ ပေါက်စီအားယူစားလိုက်ရာ ဆီနှင့် အဆီဓာတ်လိုအပ်နေသော ခန္ဓာကိုယ်အတွက် ပထမဆုံးအကြိမ် အရသာတွေ့လှသဖြင့် ပေါက်စီအကြီးကြီးတစ်လုံးကို လေးလုပ်တည်းနှင့် ကုန်အောင် စားပစ်လိုက်သည်။


စားသောက်ပြီးနောက် သူ ဟွာရှင်းခြေထောက်ကို တစ်ချက်တို့ကာ လူကြီးများအား ပိုက်ဆံအကြောင်းပြောပြရန် အချက်ပေးလိုက်သည်။


ဟွာရှင်း ခေါင်းညိတ်ပြပြီး သူဒဏ်ရာရခဲ့ပုံနှင့် ငွေ ၁၀ တုံးရရှိခဲ့ပုံကို ပြန်ပြောပြလေသည်။


လီဟုန်ယင်း ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ရောပြွမ်းသွားသည်။ ငွေ ၁၀ တုံးမှာ ဟွာရှင်း၏ဒဏ်ရာနှင့် လဲလှယ်ရရှိလာခြင်း ဖြစ်သဖြင့် ထိုငွေများထက် ဟွာရှင်း ဘေးကင်းရန်သာ သူမ ပိုဆုတောင်းမိသည်။


ဟွာရှင်း ငွေ ၁၀ တုံးကို လီဟုန်ယင်းအား ကမ်းပေးသော် လည်း သူမ ပြန်တွန်းထုတ်လိုက်ကာ  “နင့်အဖေသာ သိရင် ငါ့အခန်းထဲကနေ ခိုးသွားမှာသေချာတယ်... မြောင်ရင် တောင် သူရှာတဲ့ပိုက်ဆံ သူကိုယ်တိုင်သိမ်းထားသေးတာပဲ” 


ဟွာရှင်း မြောင်ရင်အား အံ့ဩတကြီးလှည့်ကြည့်မိသည်။


မြောင်ရင် ပြုံးပြလိုက်ပြီး လီဟုန်ယင်းအားမေးလိုက်သည်။


 â€œá€Ąá€™á€ą... နှစ်သစ်ကူးဖို့ ဘယ်လောက်လိုသေးလဲ?” 


သူ ဤကမ္ဘာသို့ ရောက်လာကတည်းက ရက်စွဲများကို မသိတော့ဘဲ အေးစိမ့်သော ဆောင်းရာသီဖြစ်သည်ကိုသာ သိတော့သည်။


အဖွားဖြစ်သူက “နောက်ရက်အနည်းငယ်ဆိုရင် လာ့ပါးပွဲတော်ရောက်ပြီလေ”  


မြောင်ရင် ခေါင်းညိတ်လိုက်ပြီး “ဒါဆို နှစ်သစ်ကူးအတွက် စပြီး ပြင်ဆင်ကြစို့လေ.... အခုမှ ပိုက်ဆံလေးတွေလည်း ရထားတာ၊ အဝတ်အစားသစ်တွေ ဝယ်ကြရအောင်... ရှောင်ပေါင်ရဲ့ ဘောင်းဘီမှာလည်း ဖာရာတွေအများကြီး ဖြစ်နေပြီ... အမေနဲ့ အဖွားလည်း အဝတ်အစားအသစ်တွေ ဝတ်ရမယ်”


လီဟုန်ယင်း သူ့အား ကြည့်ကာ “အဝတ်အစားအသစ်တွေ ဘာလုပ်ဖို့လဲ သားရယ်၊ မနှစ်ကမှ အသစ်ဝယ်ထားသေး တာပဲကို”


မြောင်ရင် ဂရုမစိုက်ဘဲ မနှစ်ကက မနှစ်ကပေါ့ဗျာ၊ နှစ်သစ်မှာ အဝတ်အစားသစ်ဝတ်ရတာ မင်္ဂလာရှိတာပေါ့”


အဖွားဖြစ်သူကလည်း ကန့်ကွက်ပြန်သည်။


“ရှောင်ပေါင်အတွက်ပဲ လုပ်ပေးပါ၊ ငါတို့က မလိုပါဘူး” 


သို့သော် မြောင်ရင်မှာ နားမထောင်ချေ။ 


“ပိုက်ဆံဆိုတာ သုံးဖို့ရှာတာ၊ ဘာလို့ စုနေမှာလဲ ? နောင်ကျရင် ဒီထက်မက ပိုရှာနိုင်မှာပါ” 


သူသည် ဟွာရှင်း အင်္ကျီလက်ကို ဆွဲကာ သူကိုယ်တိုင် ဆုံးဖြတ်ချက်ချလိုက်တော့သည်။ 


“ကဲ... မနက်ဖြန် ခရိုင်မြို့ကိုသွားပြီး နှစ်သစ်ကူးပစ္စည်းတွေ သွားဝယ်ကြမယ်!”