အခန်း (၄၇) မျှော်လင့်ချက်အပြည့်နဲ့ ဝမ်ရှီး
ဆုဝန်နှင့် ရှန်လင်းက လက်ထပ်ဖို့ ကတိကဝတ်ပြုထားကြ၏။ လက်ထပ်မည့်အချိန်အတွက်ကမူ အချိန်ကောင်းကို စောင့်ဆိုင်းနေရုံသာဖြစ်၏။
ဆောင်းတွင်း၌ လယ်တွင် လုပ်စရာလယ်အလုပ်မရှိရာ ရှန်လင်းသည် တံမြက်စည်းတစ်ချောင်း ကောက်ကိုင်၍ ခြံဝင်းကို လှည်းကျင်းလေ၏။ ဆုဝန်နှင့် ရှန်ရှီးသည်တော့ မီးဖိုပေါ်တွင် ရေနွေးတစ်အိုးတည်ကာ မီးဖိုနားတွင် စကားပြောနေကြ၏။
ရှန်လင်းသည် ခြံဝင်းကို သန့်ရှင်းရေးလုပ်နေခဲ့သည်။ လှည်းရင်းလှည်းရင်းဖြင့် တံခါးအနီးသို့ ရောက်သည်အထိ လှည်းကျင်း၏။ ရှန်လင်းသည် တံခါးဖွင့်၍ အပြင်ထွက်ကာ တံခါးအနီးဝန်းကျင်ကိုပါ လှည်းကျင်းတော့၏။
ဝမ်လော့ရှန်းသည် ဤရက်ပိုင်းအတွင်း ရှန်မိသားစုနှင့် ဆုဝန်တို့ ချင်းကျိုးကောင်တီမှ ပြန်လာမည်ကို စောင့်မျှော်နေလျက်ရှိ၏။ သူ နေ့နေ့ညည စောင့်မျှော်နေခဲ့ခြင်းပင်။ ဝမ်ရှီးက ခြံဝင်းအပြင်ဘက်မှ ဆူညံသံများ ကြားလိုက်သောကြောင့် အပြေးတစ်ပိုင်း ထွက်ကြည့်လေ၏။
တံခါးမကြီးအပြင်ကို ရောက်သည်နှင့် ရှန်လင်းက ရှန်အိမ်အပြင်ဘက်တွင် သန့်ရှင်းရေး လုပ်နေလျက်ရှိရာ ရှန်မိသားစု ချင်းကျိုးကောင်တီမှ ပြန်ရောက်ပြီဖြစ်ကြောင်း ထင်ရှားပေသည်။ ရှန်လင်းပြန်ရောက်ပြီဆိုမှတော့ ဆုဝန်လည်း ကျိန်းသေပေါက် ပြန်ရောက်နေမည်ပင်။
နောက်ဆုံးတွင်တော့ ဝမ်ရှီး စိတ်ဒုန်းဒုန်းချသွားရချေပြီ။
ဤရက်ပိုင်းအတွင်း ဝမ်ရှီးက နေ့စဥ်ဓူဝကိစ္စများနှင့် အလုပ်များနေခဲ့ရာ နောက်ဆုံးတွင်တော့ ဆုဝန်၏ ကောင်းကွက်များကို အမှတ်ရသွားပြီဖြစ်၏။ သူငှားထားခဲ့သည့်အဒေါ်ကြီးနှစ်ယောက်မှာ ဆုဝန်လောက် မတော်ချေ။
ယခင်တုန်းက ဆုဝန်သည် အိမ်အတွင်း၊ အပြင်ကို သန့်ရှင်းရေးလုပ်ကာ နေ့တိုင်း မိသားစုအတွက် အရသာရှိသည့် အစားအသောက်များ ချက်ပြုတ်ပေး၏။ စားပွဲခုံသုတ်ခြင်းနှင့် အဝတ်လျှော်ဖွတ်ခြင်း ကိစ္စများအတွက် ဝမ်ရှီးနှင့် ဝမ်လော့ရွှယ်မှာ လုံးဝ စိတ်ပူဖို့ မလိုချေ။
ဆုဝန်ရှိနေခြင်းက အဒေါ်ကြီးသုံးယောက်ငှားသည်ထက် ပိုတွက်ခြေကိုက်သည်ဟု ဝမ်ရှီး ထင်မိ၏။
ရှန်လင်း ဆုဝန်ကို ချင်းယွင်ကောင်တီဆေးခန်းမှ ပြန်ခေါ်လာခဲ့စဥ်က သမားတော်သည် ရှန်လင်းကို လူကောင်းတစ်ယောက်ဟု ယူဆပြီး ပိုက်ဆံလုံးဝ မတောင်းခဲ့ကြောင်းကိုလည်း ဝမ်ရှီး ကြားထားလေသည်။ ထိုသို့ဆိုလျှင် ဆုဝန်မှာ အကြွေးတင်မနေချေ။
‘အကြွေးလည်းမရှိဘူး၊ အလုပ်လုပ်တဲ့နေရာမှာလည်း တော်တယ်ဆိုမှတော့ ကျိန်းသေပေါက် ဝမ်အိမ်ကို ပြန်လာလိုက်တာက အကောင်းဆုံးပဲပေါ့’
ဝမ်ရှီးက ရှန်လင်းကို ရှားရှားပါးပါး ပြုံးပြလိုက်၏။
“ ရှန်လင်း၊ မင်းတို့ ချင်းယွင်ကောင်တီကနေ ပြန်လာပြီပေါ့ “
ရှန်လင်းက ခေါင်းမော့လိုက်ပြီး ‘ဟုတ်ပါတယ်’ဟု ဖြေ၏။
ဝမ်ရှီးကဆို၏။
“ မင်းတို့ နောက်ဆုံးတော့ ပြန်လာပြီပဲ။ ငါ တကယ် ဆုဝန်ကို သတိရနေတာ” ဝမ်ရှီးပြောပြီးနောက် မျက်လုံးလှိမ့်ပြီး ပြန်လှည့်ကာ သူ့ခြံဝင်းသူ ပြန်သွားလေ၏။
ဝမ်ရှီးက မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့၏။ လွန်ခဲ့သည့်ရက်အနည်းငယ်က ချင်းယွင်ကောင်တီမှ ဝယ်ခဲ့သော သရေစာတစ်ထုပ်ကို ထုတ်လိုက်သည်။ ထို့နောက် သူ့အိမ်ထဲမှထွက်ကာ ရှန်အိမ်သို့ သွားလေ၏။
ရှန်လင်းက ခြံဝင်းအပြင်ဘက်တွင် သန့်ရှင်းရေးလုပ်နေခဲ့သည်ကြောင့် ရှန်အိမ်၏ ခြံတံခါးမှာ ဟလျက်ရှိ၏။ သို့ဖြစ်ရာ ဝမ်ရှီးသည် တံခါးကို တွန်းဖွင့်လိုက်ပြီး မျက်တောင်တစ်ခတ်အတွင်း ပြေးဝင်သွားလိုက်၏။
ရှန်လင်းက တံခါးတွင် သစ်ပင်ပန်းမန်များမှ ကျိုးပဲ့နေသော သစ်ကိုင်းများကို ဖြတ်တောက်နေခဲ့၏။ ဝမ်ရှီး ခိုးဝင်သွားသည်ကို မြင်လိုက်ချိန်တွင် တားရန် နောက်ကျသွားခဲ့ပြီဖြစ်၏။
ရှန်လင်း တွေးလိုက်၏။
‘ဝမ်ရှီး ဆုဝန်ကို လာရှာရတဲ့အကြောင်းအရင်းက လိုချင်တာရှိလို့ပဲ ဖြစ်ရမယ်။ ဖြစ်နိုင်ခြေအရှိဆုံးကတော့ ဆုဝန်ကို သူ့အလုပ်တွေ လာလုပ်ပေးစေချင်တာပဲနေမယ်’
ဆုဝန် သဘောတူမည်မဟုတ်မှန်း ရှန်လင်း ယုံကြည်၏။ ဤရက်ပိုင်း ဆုဝန်နှင့် ပတ်သက်ကြည့်ပြီးနောက် ဆုဝန်၏ ပင်ကိုစရိုက်အပေါ် ရှန်လင်း ကောင်းမွန်သော ထင်မြင်ချက်ရှိလေ၏။ ဆုဝန်သည် ကိစ္စများကို ကောင်းကောင်း မကိုင်တွယ်နိုင်သူတစ်ဦး မဟုတ်ပေ။
ဝမ်ရှီးသည် လွန်ခဲ့သည့်ရက်အနည်းငယ်က သူဝယ်ထားခဲ့သော သရေစာအိတ်ကို သယ်ကာ ရှန်အိမ်ခြံဝင်းအတွင်း အပြုံးမျက်နှာဖြင့် ဝင်သွားခဲ့၏။ ထို့နောက် ရှန်ရှီးအခန်းသို့ တန်းတန်းမတ်မတ် သွားလိုက်၏။ သူ ဝင်သွားလိုက်သည်နှင့် ထင်ထားခဲ့သလိုပင် ဆုဝန်၊ ရှန်ရှီးနှင့် ရှန်ယာယာတို့ အတူထိုင်ကာ ဖရဲစေ့ စားနေကြလေ၏။
“ ဆုဝန်၊ ဒီရက်ပိုင်း သမီး မရှိတော့ အဒေါ် သမီးကို သေအောင်သတိရနေတာ” ဝမ်ရှီး၏မျက်နှာတွင် ပန်းများပွင့်လန်းနေလျက်ရှိ၏။
ဆုဝန်မှာ တစ်ကိုယ်လုံးကြက်သီးမွေးညင်း ထသွားရ၏။ သူ့အတွေးထဲမှ ဝမ်ရှီးသည် ဆုဝန်ကို တစ်ခါမှ ဤမျှ ကြင်ကြင်နာနာ မဆက်ဆံဖူးပေ။
“ ညီမလေးရှန်၊ မင်း ရောဂါအခြေအနေသိရအောင် ချင်းကျိုးကောင်တီမှာ သွားပြခဲ့တယ်ဆို၊ ကျိန်းသေပေါက် ပိုက်ဆံအများကြီးသုံးခဲ့ရမှာပဲ” ဝမ်ရှီးက ရှန်ရှီးကို ထပ်စကားဆိုလာပြန်၏။
ရှန်ရှီးသည် ဆုဝန်နှင့် ရှန်လင်းတို့ လမ်းတွင် ဆွေးနွေးခဲ့သည်ကို မှတ်မိပေ၏။ ရှန်လင်း၏ အဘိုးအဘွားတို့ အိမ်သို့ နောက်တစ်ခါလာပြီး ပိုက်ဆံတောင်းခြင်းကို ကာကွယ်ရန်အတွက် ချင်းကျိုးကောင်တီတွင် သမားတော်ပြဖို့ အိမ်ရှိငွေများနှင့် လယ်ကွင်းမှ ရိတ်သိမ်းရသမျှအားလုံးကို သုံးလိုက်ရသည်ဟု ပြောရမည်ဖြစ်၏။
ယခင်နှစ်များအတွင်း ရှန်လင်း၏ ဖခင်ဖြစ်သူ ရှိနေခဲ့စဥ်ကပင် နှစ်တိုင်း ဆောင်းဦးရိတ်သိမ်းပွဲတော်ပြီးလျှင် အဘိုးရှန်နှင့် အဘွားရှန်သည် ပိုက်ဆံလာတောင်းတတ်ကြ၏။
ရှန်ရှီးသည် အငိုမျက်လုံး အပြုံးမျက်နှာ ဟန်ဆောင်လိုက်ကာ
“ ပိုက်ဆံတွေအများကြီးကုန်သွားတာပေါ့ရှင်။ လင်းအာ တစ်နှစ်ပတ်လုံး ပင်ပင်ပန်းပန်း ရှာဖွေထားရတာကို ကျွန်မရဲ့ဆေးကုသစရိတ်အပေါ် အကုန်သုံးလိုက်ရတယ်လေ”
ဝမ်ရှီးကဆို၏။
“ ညီမလေးရှန်၊ သိပ်လည်း မစိုးရိမ်ပါနဲ့။ ငွေဆိုတာ သုံးဖို့ပဲလေ။ မသုံးပဲထားရင် သံတိုသံစပဲဖြစ်နေမှာပေါ့”
ဆုဝန် သူ့ဘာသာတွေးလိုက်၏။
‘ဝမ်ရှီးကလည်း ကိုယ်ချင်းမစာမနာ အပြောကောင်းနေတာပဲ။ သူ့ပိုက်ဆံတွေ မဟုတ်တော့ သူလွယ်လွယ်လေး ပြောထွက်နိုင်တာပေါ့’
ဝမ်ရှီးက ထပ်ပြောပြန်၏။
“ ဒါပေမဲ့လည်း မင်းရဲ့ရောဂါက နှစ်ရက်၊ သုံးရက်အတွင်း ကောင်းသွားမှာမျိုး မဟုတ်ဘူးလေ။ မင်း စိတ်ပူနေဖို့တော့ မလိုပါဘူး။ ရှန်လင်းလက်ထပ်လိုက်တာကိုသာ မြင်ရရင် မင်း ဒီလောက်ငွေကုန်ကြေးကျများတဲ့ ချင်းကျိုးကောင်တီခရီးကို သွားစရာလိုတော့မှာ မဟုတ်ဘူး”
ဆုဝန်၊ ရှန်ရှီးနှင့် ရှန်ယာယာတို့ ဘာမှမပြောခဲ့ကြချေ။ သို့ပေသိ ဝမ်ရှီး၏စကားများသည် လူ၏ အသည်းနှလုံး၊ သရက်ရွက်၊ အဆုတ်နှင့် ကျောက်ကပ်တို့တိုင် ထိသွားစေ၏။
ဝမ်ရှီးက ရှန်ရှီး၏လက်ကို ကိုင်လိုက်ပြီး ထပ်ပြောလာပြန်၏။
“ အမယ်လေး၊ မေ့နေလိုက်တာ။ မင်းတို့မိသားစုက မင်းကိုကုပေးဖို့ ငွေတွေအကုန် သုံးလိုက်ရတယ်ဆိုတော့ နောင်ကို ရှန်လင်းအတွက် မင်္ဂလာစကား ဘယ်လိုပြောမလဲ”
“ တို့အိမ်က လော့ရှန်းလိုပေါ့။ ဆယ်လီအတွင်းက ရွာရှစ်ရွာမှာ ရှိသမျှ မိန်းကလေးအကုန်လုံးက သူ့ကို လက်ထပ်ချင်နေကြတာ။ မင်းရဲ့ရှန်လင်းမှာသာ လော့ရှန်းလိုမျိုး အစွမ်းအစရှိရင် မင်းစိတ်ပူနေရမှာ မဟုတ်ဘူး”
ရှန်ရှီး - “.......”
ဆုဝန်က စိတ်ထဲမှ ကြိတ်၍ လှောင်ရယ်လိုက်၏။
‘ဒီဝမ်ရှီးကတော့ သူ့အိမ်က ဝမ်လော့ရှန်းကို ဘယ်လိုချီးကျူးဂုဏ်တင်ရမလဲ သိတာပဲ။ ရှန်လင်းကိုပါ တစ်ခါတည်း ချနင်းချင်နေသေးတယ်’
ဝမ်လော့ရှန်းအကြောင်း ပြောလိုက်သည်နှင့် ဂုဏ်ယူဝံ့ကြွားမှုများ ဝမ်ရှီးစိတ်ထဲမှ တစ်ဖန် ထွက်ပေါ်လာခဲ့တော့၏။
“ တို့တိတ်တိတ်လေး ပြောပြမယ်။ ညီမလေးရှန်၊ ချင်းယွင်ကောင်တီက မိန်းကလေးတွေတောင် တို့အိမ်က လော့ရှန်းကို သဘောကျကြတယ်။ ဟုတ်သားပဲ၊ ရှန်လင်းလည်း ကျောင်းတက်ဖူးတယ်မလား။ ဆရာယန်တို့မိသားစုက သမီးလေး ယန်ယွင်ရန်ကို သိမှာပေါ့။ သူလည်း လော့ရှန်းကို အရမ်းကြိုက်တာလေ။ တစ်နေကုန် လော့ရှန်းအတွက် အသုံးစရိတ်နှင့် သရေစာတွေ ပို့ပေးတာ၊ ငြင်းလို့တောင် မနိုင်ဘူး”
ဝမ်ရှီးက တမင်သက်သက် အသံကို နှိမ့်ပြောလိုက်၏။ သို့ပေသိ သူအသံနှိမ့်လိုက်ပြီးနောက်ပိုင်း၌ ဆုဝန်နှင့် ရှန်ယာယာမှာ သူ့အသံကို ရှင်းရှင်းလင်းလင်း ကြားနေရဆဲပင်။
ရှန်ရှီးရော ဆုဝန်ပါ တိတ်တဆိတ်တွေးလိုက်မိကြ၏။
‘ဒီဝမ်ရှီးက တစ်ဖက်မိန်းကလေးရဲ့ ဂုဏ်သိက္ခာကို လုံးဝ ဂရုမစိုက်ဘူးပဲ’
ဆုဝန်က စာအုပ်ထဲတွင် ဝမ်ရှီးနှင့် ယန်ယွင်ရန်တို့ အဆင်ပြေပြေ ရှိကြကြောင်း စဥ်းစားမိသွား၏။ ယန်ယွင်ရန်သည် ဝမ်ရှီးကို ချော့မော့နာခံ၏။ အကယ်၍ ဝမ်ရှီးကသာ သူ့နောက်ကွယ်တွင် သူ့ဂုဏ်သိက္ခာကို ဤသို့အလေးမထားသည်ကို သိပါက စာအုပ်ထဲကအတိုင်း ဝမ်ရှီးကို သိတတ်ရိုသေဦးမည်လောဆိုသည်ကို ဆုဝန် သိချင်သွားမိ၏။
ရှန်ရှီးက ပြုံးလျက် ဝမ်ရှီးစကားအတိုင်း လိုက်ပြောလိုက်၏။
“ ဟုတ်တာပေါ့။ လော့ရှန်းက လိမ္မာတဲ့ကလေးပဲ”
ဝမ်ရှီးက အလျင်စလို ပြောလာ၏။
“ မဟုတ်လို့လား။ တို့ပြောမယ်။ တကယ်လို့ ရှန်လင်းသာ လော့ရှန်းလိုဆိုရင် သူ ဇနီးတစ်ယောက် လက်ထပ်နိုင်မှာပဲ။ မင်း စိုးရိမ်နေရမှာမဟုတ်ဘူး။ အခုတော့ ကျွတ်၊ကျွတ်၊ကျွတ်။ ဘယ်မိသားစုက မိန်းကလေးကမှ ရှန်လင်းလို ကလေးမျိုးကို လက်မထပ်ချင်မှာ အသေအချာပဲ”
“ တို့ပြောရမယ်ဆိုရင်တော့ ရှန်လင်း ဇနီးရှာတဲ့အချိန်ကျ ချောတာတွေ ရုပ်ဆိုးတာတွေ ဂရုစိုက်မနေနဲ့။ ရှန်လင်းအတွက် ကလေးမွေးပေးနိုင်ရင် တော်ပြီ။ ခေါင်းသိပ်မကောင်းရင်တောင် ထားလိုက်”
ဝမ်ရှီးပြောသည့် စာလုံးတိုင်းမှာ စိုးရိမ်သည့်လေသံဖြင့်၊ သို့တိုင် စာလုံးတိုင်းသည် လှောင်ပြောင်မှုနှင့် အထင်သေးမှုများ ပြည့်နှက်နေ၏။
ဝမ်ရှီးဆိုလိုသည်မှာ ရှန်လင်းသည် မိန်းမကောင်းတစ်ဦးရှာနိုင်မည်မဟုတ် ဟူ၍ပင်။
ရှန်ရှီးမှာ မပျော်မရွှင်ဖြစ်နေရ၏။ တခြားသူက ကိုယ့်သားအကြောင်း ထိုသို့ပြောလာပါက မည်သူမျှ ကြိုက်ကြမည်မဟုတ်ချေ။ သို့ရာတွင် နှစ်ပေါင်းများစွာ အိမ်နီးနားချင်း ဖြစ်ကြခဲ့သူများဖြစ်ရာ ဝမ်မိသားစုနှင့် သိပ်အဆက်အဆံ မရှိသည့်တိုင် ရှန်ရှီးသည် ဝမ်ရှီး၏ အကျင့်စရိုက်ကို သိရှိထား၏။ ဝမ်ရှီးသည်ကား အမြဲထိုသို့ပင်ဖြစ်၏။ အပေါ်ယံကြည့်လိုက်ပါက တခြားသူများအပေါ် နွေးထွေးကြင်နာပုံပေါ်ပြီး ထိုသူများအကြောင်း ပြောသည့်အခါတွင်တော့ ပြောသမျှက လှောင်ပြောင် အထင်သေးသည်များဖြစ်ပေသည်။
ယင်းသည်လည်း သူ ဝမ်ရှီးနှင့် အဆက်အဆံ မလုပ်လိုသည့် အကြောင်းအရင်းတစ်ခုဖြစ်လေ၏။
ရှန်ရှီးက ခေါင်းမော့လိုက်ကာ ဝမ်ရှီးကို မေးလာ၏။
“ မမဝမ်၊ ကျွန်မကတော့ ဆုဝန်က လိမ္မာတဲ့ကလေးမလေးလို့ ထင်တာပဲ။ ဂရုစိုက်ပေးတတ်တဲ့အပြင် ရုပ်လည်း ချောသေးတယ်။ ဒီချင်းရှီရွာမှာရော ချင်းယွင်ကောင်တီရောမှာ ဆုဝန်ထက် ပိုလှတဲ့မိန်းကလေး မရှိဘူးလေ”
“ချင်းရှီရွာနဲ့ ချင်းယွင်ကောင်တီမပြောနဲ့။ ကျွန်မ ချင်းကျိုးကောင်တီသွားခဲ့တုန်းကတောင် ဆုဝန်ထက် လှတဲ့သူ မမြင်မိဘူး”
ရှန်ရှီးမေးခွန်း၏ ရည်ရွယ်ချက်မှာ ဆုဝန်က မိန်းမကောင်းလေး ဖြစ်ကြောင်း ပြသဖို့ပင်။ ဝမ်ရှီးက ရှန်လင်းကို မိန်းမကောင်း မရှာနိုင်ဟုပြောခဲ့လေ၏။ သို့ရာတွင် ရှန်လင်းက ဆုဝန်နှင့် စေ့စပ်ထားပြီးချေပြီ။
ဤရက်ပိုင်းအတွင်း ဆုဝန်၏ကြင်နာတတ်မှုများက ထင်ရှားပေါ်လွင်လာရာ ဝမ်ရှီးကဲ့သို့ နှုတ်သီးကောင်းလျှာပါးပင် မငြင်းဆန်နိုင်ချေ။
ရှန်ရှီးက ဆုဝန်နှင့်ရှန်လင်း၏ စေ့စပ်ကြောင်းလမ်းမှုအကြောင်း ထည့်မပြောခဲ့ချေ။ ဤသတင်းကောင်းကို ပထမဆုံး သိသွားမည့်သူမှာ ဝမ်ရှီးကဲ့သို့ အတင်းပြောတတ်သည့်မိန်းမတစ်ယောက် မဖြစ်သင့်ဟု ရှန်ရှီး ထင်သောကြောင့်ပင်။ မဟုတ်ပါက မည်သို့သော အဓိပ္ပာယ်မရှိသည်မျိုး လျှောက်ပြောမည်ကို မသိနိုင်ပေ။
ရှန်ရှီး၏ဆိုလိုရင်းသည် ဤသို့ဖြစ်သော်လည်း ဝမ်ရှီးနားထဲတွင်တော့ အဓိပ္ပာယ် ပြောင်းသွားတော့၏။
ဆုဝန်နှင့် ရှန်ရှီး၏ ဆက်ဆံရေးမှာ ကောင်းမွန်သည်ကို ဝမ်ရှီးသည်လည်း သတိပြုမိ၏။
‘ ဆုဝန်က ရှန်ရှီးနဲ့ အတူရှိခဲ့တဲ့ အချိန်အတောအတွင်း သူ လော့ရှန်းကို ဘယ်လောက်ကြိုက်ကြောင်း၊ ဘယ်လောက်လွမ်းကြောင်း၊ လော့ရှန်းနှင့်ဘယ်လောက်အတူရှိချင်ကြောင်း ရှန်ရှီးကို ပြောပြထားပြီးပြီဖြစ်မယ်’
‘ ဒါကြောင့် ရှန်ရှီးက ဆုဝန် ဘယ်လောက်တော်ကြောင်း သူ့ရှေ့မှာပြောနေရတာပေါ့။ ဒါမှ ငါတို့မိသားစုက ဆုဝန်ကို ထပ်ပြီး လက်ခံပေးမှာလေ’
မူလတုန်းကတော့ ဝမ်ရှီး ဤသို့လာခဲ့သည်မှာ ဆုဝန်ကို အကောင်းပြောပေးပြီး ဆုဝန်ကို ဝမ်အိမ်သို့ပြန်လာရန် ချော့မော့ဖို့ပင်။ ထိုအကြောင်းအရင်းကြောင့် အမြဲ ကိုယ့်ကိုယ်ကိုယ်သာ သဒ္ဓါကာ သူတစ်ပါးအပေါ် တွန့်တိုတတ်သော ဝမ်ရှီးသည် အိမ်မှ သရေစာထုပ်ကို အထူးတလည် ယူခဲ့ခြင်းဖြစ်၏။
သို့ပေသိ ရှန်ရှီး၏စကားများကို နားထောင်ပြီးနောက် ဆုဝန်၏ ရည်ရွယ်ချက်ကို ဝမ်ရှီး မှန်းဆ၍ရပြီဖြစ်၏။
‘ ဆုဝန်က ဝမ်အိမ်ကိုပဲ ပြန်လာချင်တယ်ဆိုမှတော့ ဘာလုပ်ဖို့ သူ့ကိုချော့ပြောနေရဦးမှာလဲ။ ပြီးတော့ သူ့ကိုချော့ပြီး ပြန်လာခိုင်းတာထက် သူ့ဘာသာသူ တံခါးရှေ့ရောက်တာက ပိုကောင်းတာပေါ့’
ဝမ်ရှီးသည် ဆုဝန်ကို မချော့တော့ရန် စိတ်ဆုံးဖြတ်လိုက်၏။ သူသကြားတုတ်ထိုးချိုချဥ် ရောင်းပြီး ရှာထားသည့်ပိုက်ဆံများနှင့်အတူ ဝမ်မိသားစုဆီပြန်လာဖို့ ခွင့်ပြုပေးလိုက်မည်။ ပြီးလျှင် သူ နောင်တွင် ဝမ်မိသားစုအတွက် အလုပ်အကျွေးပြုရမည်ဖြစ်ကြောင်း ပြောချေမည်။
ဝမ်ရှီးက သူ့အပြုံးကို ချက်ချင်းပြောင်းလဲလိုက်ကာ မေးကို အနည်းငယ်မော့လျက် ဆိုလာ၏။
“ တကယ်တော့ အမျိုးသမီးဆိုတာကလေ လှလှ၊ မလှလှ သိပ်အရေးမကြီးပါဘူး”
ဆုဝန်သည် ဤအတောအတွင်း နတ်သမီးတစ်ပါးနှယ် လှပလာသည်ကို ဝမ်ရှီးမြင်သည်ပင်။ သို့ပင်သော်ငြား ဝမ်ရှီးသည် ကျိန်းသေပေါက် ဆုဝန်ကိုအထင်မကြီးနိုင်ရာ အလှအပက အသုံးမဝင်ဟု ပြောလိုက်ခြင်းပင်။
ဝမ်ရှီးသည် ရှန်ရှီးစားပွဲပေါ်ရှိသရေစာတချို့ကို ကောက်ယူကာ ဖြည်းဖြည်းချင်းပြောလေ၏။
“ တို့ပြောပြမယ်။ တို့အိမ်က လော့ရှန်းလက်ထပ်ရင်လေ လှလား၊ မလှဘူးလားဆိုတာကို ဂရုမစိုက်ဘူး။ ဘာပဲပြောပြော လှတာက စားလို့မှမရပဲ။ ဟုတ်တယ်မလား”
“ တို့အိမ်က လော့ရှန်းကို အနည်းဆုံး ငွေတုံးတစ်ရာပေးပြီး လက်ထပ်ချင်နေတဲ့မိန်းကလေးတွေမှ အများကြီးပဲလေ”
ရှန်ရှီးက ယင်းအား အရူးလုပ်သည့် ပြက်လုံးတစ်ခုဟုသာ သဘောထားလိုက်၏။
“ ဟုတ်တယ်။ ဟုတ်တယ်။ လော့ရှန်းက အရည်အချင်းရှိတာကိုး။ သူ့ကိုလက်ထပ်မဲ့မိန်းကလေးက ကျိန်းသေပေါက် အသွင်းပစ္စည်း များများစားစားနဲ့ တောင်းဆိုရမှာပေါ့”
ရှန်ရှီး၏စကားများက ဝမ်ရှီးအတွက် အကူအညီဖြစ်ချေသည်။ ဝမ်ရှီးက ခေါင်းညိတ်လျက် ဆုဝန်ကို ကြည့်လာ၏။
“ ဆုဝန်၊ ညည်း ရှေ့ရက်တွေက သကြားတုတ်ထိုးချိုချဥ် ရောင်းတာ ငွေခုနစ်တုံး၊ ရှစ်တုံးလောက်တော့ရမှာပဲ”
ဆုဝန်က တမင်တကာ ပြောလေ၏။
“ငွေတုံးတစ်ရာလောက်မှ မဟုတ်တာ။ ငွေအများကြီး မဟုတ်ပါဘူး”
ဝမ်ရှီး သူ့ဘာသာ တွေးလိုက်သည်။
‘ဆုဝန်က ငွေခုနစ်တုံး၊ရှစ်တုံးလောက်ကို စကားထဲ ထည့်ပြောဖို့မတန်မှန်းသားပဲ။ သူ ခေါင်းမော်လို့ မရသေးဘူး။ ဟုတ်တယ်။ အိမ်မှာ အထောက်အပံ့ဖြစ်ပေးဖို့ ဆန္ဒရှိရင် ခေါင်းမော်ထားလို့မရဘူးပေါ့’
ဝမ်ရှီးက ဆုဝန် သကြားတုတ်ထိုးချိုချဥ်ရောင်းရငွေအကြောင်း ထပ်မပြောလာခဲ့ပေ။ သို့ပေသိ ဝမ်လော့ရှန်း ဇနီးယူမည့် စံသတ်မှတ်ချက်များ အကြောင်း ဆက်ပြောလာလေ၏၊
“ တို့အိမ်က လော့ရှန်းရဲ့ ပါရမီ၊ ပညာအရည်အချင်း၊ ရုပ်ရည်နဲ့ဆိုရင် အသွင်းပစ္စည်းအနေနဲ့ ငွေတုံးတစ်ရာလောက်မှ မပေးရင် သူနဲ့ ဘယ်လိုလုပ် ထိုက်တန်မှာတဲ့လဲ”
ဆုဝန်က မျက်ခုံးများကို ပင့်မြှောက်လျက်
“တကယ်လို့ အသွင်းပစ္စည်းအနေနဲ့ ငွေတုံးတစ်ရာ မပေးနိုင်ရန် ကိုကိုလော့ရှန်းနဲ့ ဖူးစာမဆုံနိုင်ဘူးပေါ့”
ဝမ်ရှီးက ဆို၏။
“ တကယ်လို့ငွေတုံးတစ်ရာ မရှိဘူးဆိုရင် အိမ်အတွင်းအပြင်ကို ဂရုစိုက်ပေးပြီး ပြိုင်စံရှားအောင် အလုပ်လုပ်နိုင်တယ်၊ ယောက္ခမတွေကို သိတတ်လိမ္မာတယ်ဆိုရင် အသွင်းပစ္စည်းအနေနဲ့ ငွေတုံး ၁၂တုံးလောက်ဆိုရင်လည်း အဆင်ပြေပါတယ်လေ”
ယင်းကား ဆုဝန်အတွက် တမင်တကာ ချန်လှပ်ပေးထားသော ဟာကွက်ပင်ဖြစ်၏။ ဆုဝန်ကို မည်သို့ လုပ်ရမည်နည်းဆိုသည်ကို သင်ကြားပေးရန် လိုအပ်ချေသည်။ မဟုတ်ပါက ဆုဝန်သည် သူက ဝမ်လော့ရှန်းနှင့် မထိုက်တန်ဟုထင်ကာ ဝမ်လော့ရှန်းကို စရှာရဲတော့မည် မဟုတ်ပေ။
ဆုဝန်၏ ပိုက်ဆံများကို လှည့်စားပြီး ယူလို့ရမည်၊ ဆုဝန်ကို အလုပ်လုပ်ပေးရန် လှည့်ဖျားထားလို့ရမည်ဆိုပါက အချိန်ကျလျှင် ကိုယ်လုပ်တော်လုပ်ခိုင်းလိုက်မည်ဟု ဝမ်ရှီးတွေးလိုက်၏။ သူ့အတွက်လည်း ဝမ်းသာစရာ ဖြစ်မည်ပင်။
ဆုဝန်က စိတ်မပျက်သွားဘဲ ဆိုလာ၏။
“ ဒေါ်လေးဝမ်ပြောတာ မှန်တယ်။ ကိုကိုဝမ်ရှန်းက ဖန်းအန်းထပ် ပိုပညာတတ်တယ်။ ပိုချမ်းသာတယ်။ ပိုချောတယ်။ တကယ်လို့ လက်ထပ်ချင်တယ်ဆိုရင် အသွင်းပစ္စည်း များများစားစားရှိမှရမယ်”
“ ဒေါ်လေးနဲ့ ဦးလေးဝမ်ကို အလုပ်အကျွေးပြုရမယ်။ ကိုကိုလော့ရှန်းနဲ့ မမလော့ရွှယ်ကို ဂရုစိုက်ပေးရမယ်”
“ မဟုတ်ရင် ဘယ်လိုလုပ် ကိုကိုလော့ရှန်းနဲ့ လိုက်ဖက်မှာတဲ့လဲ”
ဆုဝန်က အတည်ပေါက် မျက်နှာထားဖြင့် ပြောနေခဲ့၏။ ကိုယ့်ကိစ္စမဟုတ်ပါက ကိုယ်ချင်းမစာမနာ ပြောနိုင်သည်ပင်။
‘ဝမ်လော့ရှန်းကို လက်ထပ်ရဖို့ ဘယ်သူတွေ ဘယ်လောက်ကြိုးစားကြိုးစားပေါ့၊ ဘာပဲဖြစ်ဖြစ် သူနဲ့ ဝမ်လော့ရှန်းက နည်းနည်းမှ ဆိုင်မနေဘူး’
အနှီစကားများ ဝမ်ရှီးနားသို့ ရောက်ရှိသွားချိန်တွင်မူ ဆုဝန်သည် ဝမ်ရှီးထံ သူ၏သစ္စာရှိမှုကို ပြသနေသယောင် ဖြစ်သွားတော့၏။ ဆုဝန်၏ အနှီစကားများကို ဝမ်ရှီးနားထောင်လိုက်သည့်အဓိပ္ပာယ်မှာ သူ့မှာ အသွင်းပစ္စည်း များများစားစား ပေးစရာမရှိဘူး၊ သို့ပေမဲ့ သူအလုပ်ကြိုးစားနိုင်သည်ဟူ၍ပင်။
ဝမ်ရှီးက စိတ်ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်၏။
“ ဝမ်မိသားစုရဲ့ချွေးမ ဖြစ်ချင်ရင် ကျိန်းသေပေါက် ဒီလောက်တော့ လုပ်ရမှာပေါ့”
ရှန်ရှီးသည်လည်း ထောက်ခံလိုက်၏။
“ ဒီလောက်တော့ လုပ်ရမှာပေါ့”
ဆုဝန်သည် ဝမ်ရှီး စိတ်ကူးယဥ်အိပ်မက်မက်နေသည်ကို နားမထောင်နိုင်တော့သည့်အတွက် ခက်ခက်ခဲခဲ ရယ်မောလိုက်ရင်း ဆိုလာ၏။
“ ဒေါ်လေး၊ အချိန်လည်း နောက်ကျနေပြီဆိုတော့ ကျွန်မ အပြင်ထွက်ပြီး သန့်ရှင်းရေးလုပ်ရဦးမယ်”
ဝမ်ရှီး၏မေးများ ထပ်မံ မြှင့်တက်သွားပြန်၏။
‘ ဆုဝန် အပျော်လွန်ပြီး ရူးသွားတာပဲဖြစ်ရမယ်။ အဲဒါကြောင့် ပစ္စည်းတွေထုပ်ပိုးပြီး သူနဲ့အတူ ထွက်သွားချင်နေတာ”
‘ဒါပေမဲ့ သူနဲ့ပြန်လိုက်ချင်လို့ မရဘူးလေ၊။ ဒါက ကျိုးကြောင်းဆီလျော်ဖို့လိုတယ်။ သူ ပစ္စည်းတွေနဲ့အတူ ဝမ်အိမ်တံခါးကို လာရမယ်။ သူ့ ဆွေမျိုးနီးစပ်တွေအပေါ် တရားဝင် သစ္စာရှိပြီး ပေးဆပ်ရမယ်။ အဲဒါမှ သူ့ကို အလုပ်ပြန်လုပ်ခွင့်ပြုနိုင်မှာ’
ဝမ်ရှီးသည် သူယူလာခဲ့သော သရေစာများကို ကောက်ယူကာ ထရပ်လိုက်၏။
“ အချိန်လည်း မစောတော့ဘူး။ တို့ ဒီမှာ ထိုင်မနေတော့ပါဘူး။ အရင်ပြန်လိုက်ပါဦးမယ်”
‘ကျိန်းသေပေါက် ငါအရင်ပြန်ပြီး ဆုဝန် တံခါးနား ရောက်လာမှာကို စောင့်နေရမှာပေါ့။ ငါ သူ့ကို ခေါ်မသွားပေးနိုင်ပါဘူး’
ဝမ်ရှီးသည် သူယူလာခဲ့သော သရေစာကို ခြေရာလက်ရာမပျက် ပြန်ယူသွားပြီး လွန်စွာ ကို့ရိုးကားရားနိုင်လှသောပုံစံဖြင့် ထွက်ခွာသွားတော့၏။
ဆုဝန်က သူ့ဘာသာတွေး၏။
‘ဝမ်ရှီးလို မျက်နှာအရေထူလွန်းတဲ့သူမှပဲ သူယူလာတဲ့လက်ဆောင်ကို ပြန်သယ်သွားတဲ့ကိစ္စမျိုး လုပ်နိုင်မှာ ‘
စာအုပ်ထဲ၌ ဝမ်လော့ရှန်း ‘ကျွီရန်’ဘွဲ့အပ်နှင်းခံရပြီးနောက် အထက်လူကြီးများနှင့် စာသင်ဖက်များကို မဖြစ်မနေ လက်ဆောင်များ ပို့ပေးခဲ့ရသည်။
သို့ရာတွင် ဝမ်ရှီးက မပေးလိုခဲ့ပေ။ မကြာခဏပင် လက်ဆောင်ထုပ်များကို တိတ်တိတ်လေးဖွင့်ကြည့်ကာ ဝမ်လော့ရှန်းနှင့် အဆင့်တူ စာသင်ဖက်များအတွက် ဆုဝန်ပြင်ဆင်ပေးထားသည့် ပစ္စည်းကောင်းများကို အရည်အသွေး မကောင်းသည်များနှင့် လဲပစ်တတ်၏။ ဝမ်ရှီးသည် ဆုဝန်က ရက်ရောလွန်းနေခြင်းသာ ဖြစ်ပြီး အဆင့်ချင်း အတူတူပဲဆိုမှတော့ ထိုသို့သော လက်ဆောင်မျိုးပေးရန်မလိုဟု ယူဆထားသည်ပင်။
ဝမ်ရှီးသည် ယခင်အတိုင်း အမြင်ကျဥ်းမြောင်းနေဆဲပင်။
ရှန်ယာယာက ထွက်ခွာသွားသည့် ဝမ်ရှီး၏ကျောပြင်ကို ကြည့်ပြီး အံ့အားသင့်နေလျက်ရှိ၏။
“ဒေါ်လေးဝမ်က ဘယ်တုန်းက ဘယ်တုန်းက ဒီလောက်တုံးအသွားတာလဲ။ သမီးတို့ ထွက်သွားတုန်းကလား”
ဆုဝန်က ပြုံးလိုက်ကာ ဆို၏။
“ အနောက်ခြံဝင်းထဲက အသီးအရွက်ဥယျာဥ်ကို သန့်ရှင်းရေး သွားလုပ်မလို့ ညီမလေး မမနဲ့ လိုက်ချင်လား”
ရှန်ယာယာက အုတ်ခုတင်ပေါ်မှ ထလာကာ ပြောလေသည်။
“ အသီးအရွက်ဥယျာဥ်ကို သန့်ရှင်းရေးသွားလုပ်ကြမယ်”
ဝမ်ရှီးအိမ်ပြန်ရောက်လာချိန်တွင် ဝမ်လော့ရွှယ်သည် ဝမ်းနည်းနေသောမျက်နှာဖြင့် ကြမ်းတိုက်နေသည်ကို တွေ့လိုက်ရ၏။ သူသုတ်နေသည့် အဝတ်စိုမှာ ခြောက်သွေ့နေချေပြီ။ မသုတ်သည်ကမှ ပို၍ ကောင်းချေဦးမည်။
ဝမ်ရှီးကဆို၏။
“ မလုပ်နဲ့တော့၊ လော့ရွှယ်။ ဆုဝန် ပြန်လာပြီး လုပ်တာကိုသာ စောင့်နေလိုက်”
ဝမ်လော့ရွှယ်မှာ အပျော်လွန်သွားရ၏။’ ဘာရယ်၊ ဆုဝန် ပြန်လာတော့မှာလား’။ ဆုဝန်မရှိသည့် ဤရက်များတွင် သူ များစွာခံစားခဲ့ရလေသည်။ ယခုကစပြီး အလိုလိုက်ခံထားရသော သခင်မလေးဘဝကို ပြန်သွားနိုင်တော့မည် ဖြစ်၏။
…