Ch 25
Viewers 2k

အခန်း (၂၅) လက်ဖက်စိမ်း

သွမ့်ကျင်းထျန်မှာ တစ်ခုခု လွဲမှားနေသယောင် ခံစားလိုက်ရသည်။ ယနေ့ ဧည့်သည်အားလုံးသည် အဖိုးတန်ပိုးဖဲစများကို ဝတ်ဆင်ထားကြပြီး ဆုဝန်မှာမူ သာမန်ဝတ်စုံကိုသာ ဝတ်ဆင်ထားသည်ဖြစ်၏။ အကယ်၍ ဤလူများနှင့် ယှဥ်ရပ်လိုက်ပါလျှင် ကွာဟမှုသည် ထင်ရှားနေမည်ဖြစ်ပြီး ဆုဝန်ကို အရှက်ရစေနိုင်၏။ 

သွမ့်ကျင်းထျန်သည် ဆုဝန်ကို လူကြားထဲချပြရန် မရှက်ပါချေ။ သူသည် ဆုဝန်အား ထိုသို့ အရှက်ရမှုမျိုး မခံစားစေရုံသာ။ ဆုဝန်သည် အိမ်တော်မှ ငှားရမ်းထားသည့် စားတော်ကဲတစ်ယောက် ဖြစ်၏။ သူသည် အစေခံတစ်ဦး ၊ကျွန်တစ်ဦးအဖြစ် ဝင်လာခဲ့ခြင်း မဟုတ်ချေ။ ကြွရောက်လာသည့် ဧည့်သည်များထက်လည်း နိမ့်ကျမနေ‌ပေ။ သို့ပေသိ အဝတ်အစားကွာဟမှုမှာ ထင်ရှားလွန်းနေရာ နိမ့်ကျပုံ ပေါ်သွားစေပေမည်။

သွမ့်ကျင်းထျန်က လက်ယှမ်းပြကာ ဆိုလိုက်၏။

“ မိန်းကလေးဆုက အခုပဲ ချက်ပြုတ်လို့ပြီးသွားတာဆိုတော့ အရမ်းပင်ပန်းတယ်လေ။ ကျွန်တော်တို့ သူ့ကို အနှောင့်အယှက်ပေးနေစရာ မလိုတော့ပါဘူး”

ချောင်ယွဲ့ရူမှာ ဒေါသထွက်သွားရသည်။ ထိုစားတော်ကဲကို အနှောင့်အယှက်ပေးခြင်းဆိုသည်မှာ ဘယ်အရာကိုများ ရည်ညွှန်းပါသနည်း။ သူက တွေ့ချင်သည်ဟုဆိုလာခြင်းမှာ သူ့အား မျက်နှာသာပေးခြင်းပင် ဖြစ်လေသည်။ အဘယ်သို့များ သူ့အား အနှောင့်အယှက်ပေးခြင်း ဖြစ်သွားရပါသနည်း။

ချောင်ယွဲ့ရူသည် မကျေနပ်မှုများကို ချုပ်တည်းလျက်

“ ဟုတ်ပါတယ်လေ။ မိန်းကလေးဆုက ပင်ပန်းနေတော့ ဧည့်သည်မတွေ့နိုင်လောက်ဘူးပေါ့။ အဲဒါအပြင် မိန်းကလေးဆုက ဘာပဲ‌ပြောပြော အစေခံတစ်ယောက်ပဲလေ။ ဒီလောက်ကြီးတဲ့ ပွဲတော်မျိုးကို လာဖို့ကျ မဝံ့မရဲ တွန့်ဆုတ်နေမှာက ထုံးစံပါပဲ”

“ ဒါဆိုလည်း ရှိပါစေတော့။ ကျွန်မတို့ သူ့ကိုထွက်လာခိုင်းပြီး အနေခက်အောင် မလုပ်တော့ပါဘူးလေ”

‌ချောင်ယွဲ့ရူ၏စကားများမှာ အမှန်ပင် ပညာသားပါလေသည်။ ယခင်က အားလုံးသည် ဆုဝန်ကို ချီးကျူးခဲ့ကြသည်။ ဆုဝန်ချက်သည့်ဟင်းများကို ချီးကျူးခဲ့ကြသည်။ သို့ပေသိ လူကိုမူ မမြင်ဖူးကြပေ။ သူတို့စိတ်ကူးထဲမှ ဆုဝန်သည် ထက်မြက်ပြီးကျွမ်းကျင်လိမ္မာသည့် မိန်းကလေးတစ်ဦးပင်ဖြစ်၏။ 

သို့သော်လည်း ချောင်ယွဲ့ရူ ဇောင်းပေးဖိပြောလိုက်သည်နှင့် လူအများစိတ်ထဲမှဆုဝန်မှာ စားစရာများကို အရသာရှိအောင် ချက်ပြုတ်သူဖြစ်သည့်တိုင် သေးနုပ်သည့် အစေခံတစ်ဦးသာ ဖြစ်သွားရ၏။

မှန်ပေသည်။ အစေခံတစ်ဦးအတွက် ဤသို့ ကြီးကျယ်လှသည့်ပွဲတော်ကို တက်ရောက်၍ မျက်လုံးများစွာ၏ ကြည့်ရှုခြင်းကို ခံရမည်ဆိုပါလျှင် သတိကြီးကြီးထားကာ တည်တည်ငြိမ်ငြိမ် နေရမည်ဖြစ်၏။ ကျင့်ဝတ်ထုံးတမ်းများကို သိရှိနားလည်ခြင်းမရှိပါက ကိုယ့်ကိုယ်ကိုယ် လှောင်ရယ်စရာဖြစ်စေမိမည်ပင်။

ချက်ချင်းဆိုသလိုပင် ရှိသမျှလူအားလုံးသည် ဆုဝန်ချက်သည့် ဟင်းများက မည်မျှပင် ကောင်းမွန်စေကာမူ သူသည် အစေခံတစ်ဦးမျှသာဖြစ်ပြီး ချောင်ယွဲ့ရူတို့ ယန်ယွင်ရန်တို့ကဲ့သို့ အဖိုးတန်သခင်မလေးများနှင့် ယှဥ်နိုင်မည်မဟုတ်ဟု ထင်မြင်သွားတော့သည်။

အထူးသဖြင့် ဝမ်လော့ရှန်း၏မျက်နှာမှာ အရှက်ရမှုကြောင့် အတော်ကလေး နီမြန်းနေပြီဖြစ်၏။ သူသည် ဆုဝန်နှင့် အဆက်ဖြတ်ရန် ဆုံးဖြတ်ပြီးဖြစ်သော်ငြား ယခုအချိန်တွင်တော့ အမှန်ပင် ဆက်နွယ်မှုရှိနေသေး၏။ 

ဝမ်လော့ရှန်းသည် ဆုဝန်သည် သူ့ကို မျက်နှာပျက်စေသည်ဟု ထင်မြင်နေ၏။ သူနှင့် သွမ့်ကျင်းထျန်သည် အဆင့်အတန်းတူသည့် အတန်းဖော်များပင်။ ဆုဝန်သည် သွမ့်အိမ်တော်တွင် အလုပ်လုပ်နေခြင်းက သူ့အဆင့်အတန်းကို အမှန်ပင် နိမ့်ကျစေ၏။ ဝမ်လော့ရှန်း၏နှလုံးသားထဲတွင် ဆုဝန်အပေါ်ထားရှိသည့် အမုန်းတရားများမှာ ပို၍ပင် နက်ရှိုင်းလာရသည်။

အနှီဆုဝန်သည် တကယ်ကိုပင် သူ့ကို အရှက်ရ‌စေ၏။

ချောင်ယွဲ့ရူ၏ စကားကိုနားထောင်ပြီးနောက် သွမ့်ကျင်းထျန်က ကမန်းကတန်းပင် ပြောလာခဲ့သည်။

“ မိန်းကလေးချောင် အထင်လွဲနေပါပြီ။ မိန်းကလေးဆုဝန်က ကျွန်တော်တို့အိမ်ရဲ့ အခိုင်းအစေ မဟုတ်ပါဘူး။ မိန်းကလေးဆုက အစေခံ မဟုတ်ဘူး။ သူက ကျွန်တော်တို့နဲ့ အဆင့်အတန်းချင်း အတူတူပါပဲ”

ချောင်ယွဲ့ရူမှာ ပို၍ပင် စိတ်ဆိုးလာရသည်။ သွမ့်ကျင်းထျန်က တခြားတစ်ယောက်အတွက် စိုးရိမ်တကြီး စကားပြောပေးသည်မျိုး သူတစ်ခါမှ မမြင်ဖူးခဲ့ချေ။ ကြည့်ရသည်မှာ ချူးဝမ်ပြောသည်မှာ မှန်နေသည့်ပုံပင်။ သွမ့်ကျင်းထျန်မှာ အနှီစားတော်ကဲအား အမှန်ပင် စိတ်ဝင်စားနေသည့်ပုံပင်။

ချောင်ယွဲ့ရူသည် ဒေါသကို ထိန်းကာ ပြုံးလိုက်၏။

“ မိန်းကလေးဆုက အစေခံမဟုတ်ဘူး၊ အခိုင်းအစေ မဟုတ်ဘူးဆိုရင်တောင်မှ သူ ဒီလိုမြင်ကွင်းမျိုးကိုတော့ မြင်ဖူးမှာမဟုတ်လောက်ဘူးလေ။ သူပျာယာခတ်နေရမှာ အသေအချာပဲ။ ကျွန်မ မိန်းကလေးဆုကို အခက်မတွေ့စေချင်ပါဘူး”

ချောင်ယွဲ့ရူတွေးသည်မှာ ဆုဝန်သည် သွမ့်အိမ်တော်တွင် အလုပ်လာလုပ်ရသည်ဖြစ်ရာ ချမ်းသာကြွယ်ဝခြင်း မရှိသည့် နွမ်းပါးသောမိသားစုလေးမှ ဖြစ်ပေလိမ့်မည်။ မည်သို့မည်ပုံ သဘာဝကျကျ၊ သက်သောင့်သက်သာ ပြောဆို၊ပြုမူနိုင်ပေမည်နည်း။ ယန်ယွင်ရန်ကဲ့သို့သော ပညာတတ်မိသားစုမှ မိန်းကလေးသည်ပင် ပွဲတော်တက်ရောက်ချိန်တွင် သတိထားနေရ၏။ ဆုဝန်ကဲ့သို့ ဆင်းရဲသည့်မိသားစုမှ လာသူကတော့ ပြောစရာပင်မလိုတော့ချေ။

ချောင်ယွဲ့ရူ၏ စကားများကြောင့် အားလုံး၏စိတ်ထဲတွင် ဆုဝန်မှာ ပွဲမတိုးသည့် ဟင်းချက်သမတစ်ဦးပင် ဖြစ်သွားတော့သည်။ 

ယန်ယွင်ရန်မှာ ဆုဝန်အကြောင်း သိထား၏။ ဆုဝန် ထွက်လာသည်ဖြစ်စေ၊ မထွက်လာသည့်ဖြစ်စေ၊ ဆုဝန်သည်ကား သူနှင့် မယှဥ်နိုင်ပါချေ။

ယန်ယွင်ရန်သည် ဆုဝန်အား အကြိမ်အနည်းငယ်မျှတွေ့ဖူး၏။ ဆုဝန်၏ရုပ်ရည်သည် လုံးဝကို သာမန်ပင်ဖြစ်၏။ အာဟာရချို့တဲ့နေသည့် လူမမာပုံစံ၊ စုတ်ပြတ်နေသည့် အဝတ်အစား၊ တောဆန်သည့် အပြင်အဆင်ဖြင့်ပင်။ အကယ်၍ ဧည့်သည်များကို ထွက်တွေ့မည်ဆိုလျှင်လည်း လူရယ်ဖွယ်ပင်ဖြစ်ချေမည်။

ဝမ်လော့ရှန်းကြောင့် ယန်ယွင်ရန်သည် ဆုဝန်အား မနှစ်မြို့သည်မှာ သဘာဝပင်။ ဆုဝန်သည် ဝမ်လော့ရှန်းနှင့် မထိုက်တန်‌ကြောင်း သိသာလှ၏။ သူသည် လှည့်စား၍ ဝမ်လော့ရှန်းနှင့် နီးစပ်နိုင်ရန် အမြဲတစေ ကြံဖန်နေတတ်သည်။ ထိုနည်းလမ်းများမှာ အထင်သေးစက်ဆုပ်ဖွယ်ကောင်းလှသည်။

ချောင်ယွဲ့ရူ၏စကားများသည် အားလုံး၏ ဆုဝန်အပေါ်ထားရှိသော အထင်အမြင်ကောင်းများကို ကျဆင်းသွားစေသည်။ စားသောက်ဖွယ်ရာများက မည်သို့ပင် အရသာရှိစေကာမူ သူသည် စားတော်ကဲတစ်ဦးမျှသာ ဖြစ်ပေသည်။ ယနေ့ သွမ့်မိသားစုမှ ဖိတ်ကြားထားသော မြင့်မြတ်သည့် သခင်မလေးများနှင့်တော့ ကွာခြား‌လျက်ရှိ၏။

သွမ့်ကျင်းထျန်၏စိတ်ထဲတွင် ကသိကအောက် ဖြစ်နေရသည်။ အကယ်၍ အိမ်တော်မှ သာမန်စားတော်ကဲတစ်ဦးသာဆိုလျှင် သူသည် ဧည့်သည်နှင့်တွေ့ရန် တွန့်ဆုတ်သူတစ်ဦး ဖြစ်နိုင်သည်ဟု သူတွေးမိမည်ပင်။ သို့ပေသိ သွမ့်ကျင်းထျန်သည် ဆုဝန်နှင့် အကြိမ်ပေါင်းများစွာ စကားပြောဖူးလေရာ ဆုဝန်သည် ဆင်ခြင်တတ်သူတစ်ဦးဖြစ်ပြီး ချောင်ယွဲ့ရူတွေးသကဲ့သို့ နိမ့်ပါးသူတစ်ဦးမဟုတ်ကြောင်း သိနေခဲ့၏။

ဘာကြောင့်မှန်းမသိပါဘဲ သွမ့်ကျင်းထျန်သည် အကုန်လုံးက ဆုဝန်အား နိမ့်ပါးသူတစ်ဦးအဖြစ် ထင်မြင်သွားမည်ကို မလိုလားပေ။ 

သွမ့်ကျင်းထျန်သည် ချူးဝမ်ကို ပြောလိုက်၏။

“ မင်းသွားပြီးတော့ မိန်းကလေးဆုဝန်ကို ခေါ်လာခဲ့လိုက်။ မိန်းကလေးဆုကိုလည်း ပွဲတော်တက်ခိုင်းရမယ်”

ချူးဝမ်၏နှုတ်ခမ်းထက်တွင် အပြုံးတစ်ချက် ဖြတ်ပြေးသွား၏။ ထို့နောက် ဆုဝန်အားရှာရန် အနောက်မီးဖိုချောင်သို့ အပြေးသွားတော့လေသည်။

ဆုဝန်မှာ တစ်မနက်လုံး ပြင်ဆင်နေခဲ့ရသည်ဖြစ်ရာ ယခုအချိန်တွင် သူသည် မီးဖိုချောင်အတွင်း အနားယူနေလျက်ရှိ၏။ မီးဖိုချောင်တွင် ကူညီပေးကြသော ကောင်မလေးများနှင့် အဒေါ်ကြီးများသည် ဆုဝန်နှင့် စကားထိုင်ပြောနေကြလေသည်။

ချူးဝမ်သည် မီးဖိုချောင်ထဲ ဝင်လာခဲ့လိုက်၏။ ဆုဝန်အား မြင်လိုက်ရချိန်တွင် သူ၏မျက်နှာမှာ ပြောင်းလဲသွားတော့သည်။ ဆုဝန်သည် ချက်ပြုတ်ပြီးသည့်နောက် ပင်ပန်းပြီး ဖိုသီဖတ်သီ ဖြစ်နေမည်၊ အဝတ်အစားများမှာ ညစ်ပတ်နေလိမ့်နေမည်ဟု သူတွေးထားခဲ့သည်ပင်။ လက်ရှိတွင် ဆုဝန်မှာ အဖြူရောင်ပိတ်ကျဲကို ဝတ်ဆင်ထားသည်ပင်။ သူသည် ကိုယ်ပေါ်တွင် ရှေ့ဖုံးခါးစည်းကို ဝတ်ဆင်ထားရာ အဝတ်အစားများသည် သေသပ်၊သန့်ရှင်းနေဆဲဖြစ်ပြီး အစွန်းအထင်းတစ်ကွက်၊ တွန့်ချက်တစ်ချက်မှ မရှိချေ။

အကယ်၍ သာမန်စားတော်ကဲတစ်ဦးသာ ဖြစ်ပါက ဤမျှကြီးမားသည့်ပွဲတော်ကို ပြင်ဆင်ပြီးချိန်တွင် မျက်နှာတွင် ချွေးတလုံးလုံးဖြင့် ကြည့်ရသည်မှာ မသပ်မရပ်ဖြစ်နေမည်သာ။ သို့ပေသိ ဆုဝန်၏မျက်နှာသည် ပန်းရောင်သန်း၍ စင်ကြယ်နေခဲ့ပြီး သူ၏အသားအရေသည် အခွံတွင်းမှ ထွက်လာသည့်ဥတစ်လုံးနှယ် နူးညံ့နေခဲ့လေသည်။ တောက်ပသည့်မျက်ဝန်း၊ ဖြူဖွေးသည့်သွားတန်းများနှင့် မျက်နှာသည် မျက်နှာချေခြယ်သထားသော သခင်မလေးများထက် သာ၍ပင် လှပနေသေးသည်။

ချူးဝမ်အတွက် ကံကောင်းသည်ဟု တွေးလို့ရနိုင်သည့် တစ်ခုတည်းသောအရာမှာ ဆုဝန်၏ဆံပင်ကို ခေါင်းစည်းပုဝါဖြင့် ပတ်ထားခြင်းပင်။ သို့ဖြစ်ရာ တစ်ချက်ကြည့်ရုံဖြင့် ဆုဝန်မှာ အလုပ်သမားဖြစ်ကြောင်း ပြောနိုင်ပေသည်။ မဟုတ်ပါလျှင် အဖြူရောင်ဝတ်ဆင်ထားသည့်ဆုဝန်မှာ နတ်သမီးတစ်ပါးနှင့်ပင် တူနေတော့ချေမည်။

ချူးဝမ်သည် ဆုဝန်အား သုန်မှုန်သည့်မျက်နှာထားဖြင့် ပြောလိုက်သည်။

“ သခင်လေးက နင့်ကို မေးစရာရှိလို့ ခေါ်ခိုင်းလိုက်တယ်၊ ငါ့နောက်က မြန်မြန်လိုက်လာခဲ့ “

ဆုဝန်မှာ အနည်းငယ်အံ့အားသင့်သွားရကာ

“ ဘယ်မှာ မေးမှာလဲ”

ချူးဝမ်ကပြော၏

“ နင် ဒီလောက်အများကြီး ဂရုစိုက်မနေစမ်းပါနဲ။ ငါ့နောက်သာ မြန်မြန်လိုက်ခဲ့။ အရေးမပါတာတွေ ပြောမနေနဲ့”

ချူးဝမ်၏ အပြုအမူမှာ စိတ်မရှည်လက်မရှည်ဖြင့်။ ဆုဝန်သည် စိတ်ဆိုးသော်လည်း သူ့ကို ခေါ်သည့်သူမှာ သွမ့်ကျင်းထျန်ဖြစ်နေ၏။ သွမ့်ကျင်းထျန်က ဆုဝန်အပေါ် ကောင်းကောင်း ဆက်ဆံသည်ဖြစ်ရာ ဆုဝန်သည် သွမ့်ကျင်းထျန်၏အလုပ်အား မနှောင့်နှေးစေလိုပေ။ သူထရပ်ကာ သွားလိုက်၏။

“ ဆုဝန်၊ ခဏနေဦး”

ခုနက ဆုဝန်နှင့် စကားပြောနေခဲ့သော အဒေါ်ကျိုးသည် ဆုဝန်အားတားလာခဲ့သည်။ 

“ ဆုဝန်၊ ဒီပုံစံနဲ့ ဘယ်လိုလုပ် သခင်လေးကို သွားတွေ့မှာလဲ။ မယဥ်ကျေးလိုက်တာ။ သမီးရဲ့ခေါင်းပေါင်းကို ဖြေလိုက်။ ဆံပင်ကို ချထားလေ။ ဆံပင်ကို ထုံးထားလိုက်တာများ မသိ‌ရင် သမီးကို အိမ်ထောင်ပြုပြီးပြီလို့တောင် ထင်နေလိမ့်မှာ” အဒေါ်ကျိုးက ထိုသို့ အလျင်စလိုပြောကာ ဆုဝန်ဆီသို့ လျှောက်လာခဲ့၏။ သူပြောနေရင်းနှင့်ပင် ဆုဝန်ခေါင်းမှ ခေါင်းပေါင်းကို ဖြေလိုက်တော့သည်။ 

အ‌‌ဒေါ်ကျိုးသည် ဤရက်များအတွင်း သခင်လေးက ဆုဝန်အပေါ် ကောင်းကောင်းဆက်ဆံသည်ကို တွေ့ထားသည်ပင်။ သူသည် ဆုဝန်ကောင်းစားရန် မျှော်လင့်သည်ပင်။ ထို့ကြောင့် သူက ဆုဝန်အား အကြံအစည် လုပ်ရန် တမင်သက်သက် ကူညီခြင်းပင်။

အဒေါ်ကျိုးက ဆုဝန်၏ဆံပင်ကိုပတ်ထားသည့် ခေါင်းစည်းပဝါအား ဖြေချလိုက်ရာ ဆုဝန်၏ မင်ရောင်ဆံနွယ်များကား ပြေကျလာရတော့သည်။ ရှုပ်ပွသည့်အရိပ်အယောင် တစ်စွန်းတစ်စမျှ ရှိမနေဘဲ ဖြီးသင်ထားသကဲ့သို့ နူးညံ့ပျော့‌ပြောင်းနေခဲ့၏။

အတိတ်တုန်းက ဆုဝန်၏ဆံပင်များသည် ခြောက်သွေ့နေကာ တောဆန်သည့်ကျစ်ဆံမြီးမျိုး ကျစ်ထားလေ့ရှိ၏။ သွမ့်အိမ်တော်သို့ ရောက်လာတော့မှ သူသည် အားလပ်ချိန်ပိုရှိလာခဲ့ကာ ဆံကေသာကိုလည်း သေချာဂရုစိုက်နိုင်ခဲ့၏။ ၎င်းသည် တစ်နေ့တခြား ပိုမို ပျော့ပြောင်းနူးညံ့လာခဲ့တော့သည်။ သို့ဖြစ်ရာ သူသည် မိန်းကလေးများထုံးဖွဲ့လေ့ရှိသည့် အပေါ်တစ်ဝက်ထုံးပြီး အောက်တစ်ဝက်ချထားသည့် ဆံပင်ပုံစံမျိုး ဖြီးသင်ထုံးဖွဲ့ခဲ့သည်။

သို့‌ပေသိ ဟင်းချက်ချိန်တွင်မူ ဆုဝန်သည် မီးခိုများ၊ ဆီများ စွန်းထင်းမှုမှကာကွယ်ရန်  ခေါင်းတွင် ခေါင်းစည်းပုဝါကို ပတ်ထားလေ့ရှိ၏။

ယခုအချိန်တွင်တော့ အဒေါ်ကျိုးသည် ဆုဝန်ကို သာမန်မိန်းကလေးများ၏ ဆံပင်ပုံစံအတိုင်း ပြင်ဆင်ပေးထား၏။  ခေါင်းတွင် အဆင်တန်ဆာများ မရှိသည်ကလွဲ ဆုဝန်၏ဆံပင်ပုံစံသည် အနှီမြင့်မြတ်သည့် သခင်မလေးများနှင့် ကွာခြားမှုမရှိပေ။

အဒေါ်ကျိုးသည် သူ၏ဝတ်ရုံအတွင်းမှ တတိုင်းမွှေးဆံထိုးတစ်ချောင်းကို ထုတ်ယူလိုက်ရင်း ပြောလာ၏။

“ သမီးက အဆင်တန်ဆာ မဆင်ယင်တဲ့ မိန်းကလေးပဲ။ ဒါကို စိတ်ပူစရာမလိုပါဘူးလေ”

မီးဖိုချောင်မှ ကောင်မလေးတစ်ယောက်သည် သူ့ဝတ်ရုံအတွင်းမှ လိပ်ပြာဖြူဆံထိုးတစ်ချောင်းကို ထုတ်ယူ၍ ဆုဝန်၏ ခေါင်းထက်တွင် ပန်ဆင်‌ပေးလိုက်၏။

မီးဖိုချောင်မှ တခြားအစေခံလေးများသည်လည်း တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြ၏။ တစ်ယောက်က ဆုဝန်ကို ခါးစည်းအဝတ်ချွတ်ရန် ကူညီပြီး၊ တစ်ယောက်က ဆံကေသာများကို သပ်ရပ်စွာ ဖြီးသင်ရန် ကူညီပေးလာ၏။ တစ်ယောက်သည် ဆုဝန်၏ဝတ်စုံပေါ်တွင် ပန်းချီတချို့ကိုပါ ဆွဲပေးလာသေးသည်။

ချူးဝမ်၏မျက်နှာမှာ မှောင်မည်းလျက် ရှိပေသည်။ အနှီ အစေခံများမှာ တကယ်ကို အနှောင့်အယှက်ပေးသည်ပင်။

ယခုအချိန်တွင် ဆုဝန်သည် နှင်းတမျှအသားအရေ၊ ကြယ်ပွင့်များနှယ်မျက်ဝန်းများဖြင့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားလျက်ရှိပြီး ဆံနွယ်ရှည်များသည်ကား နူးညံ့ပျော့ပြောင်းနေလျက်။  မီးဖိုချောင်မှ မီးခိုးများနှင့် ရေနွေးငွေ့များအကြားတွင် သူသည် နတ်ဘုရားတစ်ပါးအသွင် ဆောင်နေလျက်ရှိ၏။  

ထိုအခါမှသာလျှင် အဒေါ်ကျိုးသည် ဆုဝန်ကိုတွန်းလျက်  

“ ရပြီ၊ သွားတော့ “

ပွဲတော်အတွင်း အမျိုးသမီးများစားပွဲဝိုင်း၌ ယန်ယွင်ရန်သည် အသံတိုးတိုးဖြင့် ဆိုလိုက်သည်။

“ ခဏနေ မိန်းကလေးဆုဝန်လာတဲ့အခါကျ သူ ကျွန်မတို့နဲ့ တစ်ဝိုင်းတည်းနေလိမ့်မယ်။ အားလုံးပဲ၊ မိန်းကလေးဆု နားမလည်တဲ့ ကဗျာစာပေနဲ့ ကျင့်ဝတ်ထုံးတမ်းတွေအကြောင်း မပြောကြပါနဲ့နော်။ ကျွန်မတို့ မိန်းကလေးဆုကို ဟင်းချက်တာအကြောင်းပဲ မေးကြတာပေါ့”

အပြာရောင်ဝတ်သခင်မလေးတစ်ဦးက ယန်ယွင်ရန်အား ပြောလာခဲ့သည်။ 

“ ရှင်က ပညာတတ်မိသားစုကလာတာဆိုတော့ တကယ်ကို ထင်ထားတဲ့အတိုင်း ကျင့်ဝတ်နားလည်ပြီး တွေးတောတတ်တာပဲ။ အဲဒီကောင်မလေးကို အရှက်မရအောင် ကယ်တင်ပေးတယ်”

မိန်းကလေးများအားလုံးသည် ဆုဝန်အား အခက်တွေ့စေမည့် အဝတ်အစား၊ လက်ဝတ်ရတနာ၊ လောကဝတ်နှင့် ကဗျာများအကြောင်းမပြောရန် ဆိုလာကြ၏။

သခင်မလေးများသည် ဤသို့ပြောနေချိန်တွင် အသံကိုမတိုးထားရာ ဘေးနားရှိ အမျိုးသားများမှာ သေချာပေါက် ကြားကြသည်ပင်။ 

ချူးဝမ်က ဆုဝန်အား ပွဲတော်ခန်းမဆောင်သို့ ခေါ်‌ဆောင်ပြီး ရောက်ရှိလာချိန်တွင်တော့ ဧည့်သည်အားလုံးမှာ အံ့အားသင့်သွားရတော့လေသည်။