Ch 11
Viewers 2k

အခန်း (၁၁) ငြင်းဆန်ခြင်း

မနက်ခင်းတုန်းက သူအလျင်စလိုဖြင့် ထွက်လာခဲ့ပြီး လမ်းတစ်လျှောက်လုံး ကမန်းကတန်း ပြေးလွှားခဲ့ရသည်။ ထိုင်ချလိုက်မှသာလျှင် ဝမ်လော့ရှန်းမှာ မူမမှန်ကြောင်း သတိထားမိသွား၏။ သူ့ခန္ဓာကိုယ်ပေါ်တွင် အနံ့တစ်မျိုး ရှိနေခဲ့၏။ မဟုတ်သေးချေ။ တိတိကျကျ ဆိုရပါလျှင် သူ့မျက်နှာပေါ်တွင် ရှိနေခဲ့ခြင်းပင်။

ဝမ်လော့ရှန်း ယနေ့မနက် မျက်နှာသုတ်ရန် ပဝါထဲသို့ လောင်းချခဲ့သည့် လက်ဖက်ရည်ကြမ်းမှာ ပုပ်နေခဲ့ခြင်းပင်ဖြစ်လေသည်။

ဝမ်လော့ရှန်းမှာ ရှက်လွန်း၍ မျက်နှာမဖော်နိုင်ဖြစ်သွားရသည်။ အရင်ရက်တွေတုန်းက အရာအားလုံး အစီအစဥ်တကျ ဖြစ်နေရက်သားနှင့် ယနေ့ မည်သို့များ ဖြစ်ရပါသနည်း။

ထိုအခိုက်မှာပင် ဝမ်လော့ရှန်း၏ဗိုက်ထဲမှ အသံများထွက်လာပြန်သည်။ မနက်က အလျင်လိုနေခဲ့ရာ ဝမ်လော့ရှန်းမှာ မနက်စာပင် မစားခဲ့ရချေ။ 

ခါတိုင်းဆိုလျှင် ဝမ်လော့ရှန်းသည် မနက်စာ စားပြီးမှ ထွက်လာသည်ဖြစ်ရာ စာလေ့လာသည့်အချိန်၌ ဗိုက်ဆာခြင်းမျိုး တစ်ကြိမ်တစ်မျှ မရှိဖူးပေ။

ဝမ်လော့ရှန်းမှာ ယနေ့မနက်တွင် အရာအားလုံးမှာ ကမောက်ကမ ဖြစ်နေကြောင်း သတိထားမိသွားတော့သည်။

ပုံမှန်အားဖြင့် ဆုဝန်ကပဲ ဝမ်လော့ရှန်းကို အချိန်မှန်နှိုးပေးခဲ့ပြီး မျက်နှာသစ်ရေနှင့်ပဝါကို ပြင်ဆင်ပေးခဲ့သည်ဖြစ်သည်။ ထို့အပြင် ဝမ်လော့ရှန်းအား သပ်သပ်ရပ်ရပ် မီးကြွေတိုက်ထားသည့်ဝတ်စုံနှင့် မနေ့ညကမှ တိုက်ချွတ်ထားသောဖိနပ်ကိုပါ ထုတ်ပေးခဲ့သည်ပင်။

ဝမ်လော့ရှန်းမှာ ဝတ်ဆင်လို့ပြီးသည်နှင့် ဆုဝန် မနက်အစောကြီးထကာ ပြင်ဆင်ထားသည့် ကြက်ဥ၊ နွားနို့၊ ခေါက်ဆွဲ၊ ဖက်ထုပ်ပေါင်း၊ ကြက်ဥအစာသွပ်ပေါက်ဆီ၊ ဟင်းရည်အမျိုးမျိုး အစရှိသည်တို့ကို ထွက်စားလိုက်သည်ပင်။ ဝမ်လော့ရှန်း စားသောက်နေချိန်တွင် ဆုဝန်က ဝမ်လော့ရှန်းကျောင်းတော်တွင် သုံးရန်လိုအပ်သည့် ပစ္စည်းများကို ထုပ်ပိုးထားမည်ဖြစ်သည်။

မနက်စာစားပြီးလျှင်မူ ဝမ်လော့ရှန်းမှာ သပ်ရပ်ကြော့ရှင်းသည့် ဟန်အမူအရာဖြင့် ကျောင်းတော်သို့ သွားလို့ရနိုင်ပြီဖြစ်၏။

ဝမ်လော့ရှန်းသည် ထိုအရာများမှာ ရိုးရှင်းသည့် အသေးအဖွဲကိစ္စများဟု အမြဲတစေ တွေးခဲ့သည်ပင်။ အချိန်တော်တော်များတွင် ဆုဝန် အနှီအရာများအား လုပ်ဆောင်နေသည်ကို မြင်ရသည်ကိုပင် ဝမ်လော့ရှန်းမှာ စိတ်ပျက်နေသေး၏။

ဝမ်လော့ရှန်းသည် ဆုဝန်နှင့် နီးနီးကပ်ကပ်နေရခြင်းကို မနှစ်မြို့ပေ။ သို့ပေသိ ထိုသို့သောအချိန်များတွင် ဆုဝန်မှာ သူ့နံဘေးတွင် ရှိနေရ၏။ ဝမ်လော့ရှန်းက ဤအရာအားလုံးသည် ဆုဝန်က သူနှင့် နီးစပ်နိုင်ရန် ရည်ရွယ်၍ လုပ်ခြင်းသက်သက်ပဲဟု တွေးထင်ခဲ့လေသည်။

ဆုဝန် အနှီအရာများကို ဆောင်ရွက်နေသည့် အချိန်တော်တော်များများတွင် သူ၏ သိမ်မွေ့သော အမူအရာများကြောင့် ဆုဝန် စိတ်ကူးယဥ် အိပ်မက်မက်နေမည်ကို ကြောက်ရွံ့၍ ဝမ်လော့ရှန်းမှာ မျက်မှောင်ကြုတ်လျက် အေးစက်စက် ဆက်ဆံလိမ့်မည်ပင်။ 

သူ့မျက်နှာထက်မှ ပုပ်သိုးနေသည့် လက်ဖက်ရည်ကြမ်းနံ့မှာ ပြင်းထန်လွန်းလှသည်။ သူပြေးထွက်လာခဲ့ချိန်တွင် ဝမ်လော့ရှန်းသည် အလျင်လိုနေခဲ့၍ ၎င်းအား အနံ့မရခဲ့ပေ။ သို့ဖြစ်ရာ တစ်လျှောက်လုံး အနံ့မရခဲ့ပေ။

သူထိုင်လိုက်သည့်အခါမှပင် လက်ဖက်ရည်ကြမ်းပုပ်နံ့ကို သူအနံ့ရတော့သည်။ အနံ့မှာ သူ့ဘေးနားမှ စာသင်ဖက်များဆီသို့ ပျံ့နှံ့သွားပါလျှင် မည်မျှပင် ပြင်းလိမ့်မည်ကို သူတွေးကြည့်၍ပင်ရ၏။

ဝမ်လော့ရှန်းသည် စည်းမျဥ်းတချို့ကို ချိုးဖောက်ခဲ့လိုက်၏။ သူသည် မနက်ခင်းစာဖတ်ရှုခြင်းအား အရေးစိုက်မနေတော့ဘဲ အဆောင်ထဲမှ ပြေးထွက်လာလိုက်တော့သည်။ ထို့နောက် အဆောင်အနောက်ဘက်ရှိ ရေတွင်းသို့ သွားကာ မျက်နှာသစ်ရန် ရေငင်လိုက်၏။ သူမျက်နှာသစ်ရန် ခေါင်းငုံ့လိုက်ချိန်ဝယ် ဝမ်လော့ရှန်းမှာ ရေထဲတွင်အရိပ်ထင်လာခဲ့သည်။ သူ့ခေါင်းထက်တွင် အဝါရောင်လက်ဖက်ရွက်များ ရှိနေခဲ့ပေသည်။ ဖိနပ်တွင်လည်း ရွှံ့တို့ ပေကျံလျက်ရှိပြီး လုံးဝပင် ယခင်ကကဲ့သို့ သန့်သန့်ရှင်းရှင်း ရှိမနေခဲ့ပါချေ။ 

ဝမ်လော့ရှန်း မှတ်မိနေသေး၏။ တစ်ခါတုန်းက သူ့ဝတ်စုံနှင့်ဖိနပ်များသည် လုံလုံလောက်လောက် သန့်ရှင်းမှုမရှိပါဘဲ အမြဲတစေ ဖုန်များ ကပ်ငြိနေတတ်သည်။ ကျောင်းတော်မှလူများသည် တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ့အိမ်က ကြိတ်ဆုံရုံဖွင့်ထားသည်မှန်း သိသည်ဟုပြောကာ သူ့အား အမြဲတစေ လှောင်ရယ်လေ့ရှိ၏။

သည်နှစ်ပိုင်းများတွင်မှ သူ့ကို မည်သူမျှ မလှောင်ကြတော့ခြင်းဖြစ်သည်။ အကြောင်းမှာမူ အရာရာကို ပြင်ဆင်ပေးရန် အစေခံတစ်ဦးရှိနေသည့် သွမ့်ကျင်းထျန်မှလွဲ၍ သူကဲ့သို့ သန့်ရှင်းသပ်ရပ်သူတစ်ယောက်မှ မရှိသောကြောင့်ပေတည်း။ သူသာကလျှင် တခြားသူများအား စိတ်ထဲမှကြိတ်၍ လှောင်ရယ်ခဲ့ပြီး မည်သူမျှ သူ့ကိုမလှောင်ကြတော့ပေ။

ထို့အပြင် သူ၏လေ့လာမှုသည်လည်း လွန်ခဲ့သည့်နှစ်နှစ်အတွင်း ရုတ်ခြည်းဆိုသလို တိုးတက်လာခဲ့လေသည်။ သူ့မိသားစုနောက်ခံမှာ တခြားစာသင်ဖက်များနှင့် ယှဥ်လျှင် အနည်းငယ် သာမန်ဆန်သော်လည်း သူသည် ဤကျောင်းတော်တွင် အလုပ်ရနိုင်ခြေ အမြင့်ဆုံးလူဖြစ်လေရာ အားလုံးက သူ့ကို လေးစားကြ၏။

ဝမ်လော့ရှန်းသည် ရေဖြင့်မျက်နှာသစ်လိုက်သည်။ ဆံပင်များကို သပ်ရပ်အောင်ပြန်ပြင်လိုက်ကာ ချွေးစိုနေသည့်ပဝါဖြင့် ဖိနပ်မှ အညစ်အကြေးများကို သုတ်လိုက်လေ၏။ ခါတိုင်းလောက် သန့်ရှင်းမနေသော်လည်း လူများဖြင့်တော့ တွေ့ဆုံနိုင်ပြီဖြစ်၏။

ကိစ္စမရှိပေ။ သူ အနာဂတ်တွင် လွန်ခဲ့သည့်နှစ်နှစ်အတွင်းက ပုံစံအတိုင်းပင် ဆက်ရှိနေမည်ဆိုပါလျှင် လူတိုင်း သူ့အပေါ်ထားရှိသည့် အလေးထားမှု၊ လေးစားမှုတို့မှာ ပြောင်းလဲသွားမည်မဟုတ်ချေ။ 

ယနေ့သည်ကား မတော်တဆတစ်ခုပင်ဖြစ်သည်။ ခါတိုင်း ဆုဝန်လုပ်ပေးခဲ့သည့် အသေးအဖွဲကိစ္စများကို အခုကစပြီး သူကိုယ်တိုင် ဂရုစိုက်လိုက်မည်ဆိုပါက သူ့ဘဝသည်ကား ယခင်ကအတိုင်း အစီအစဥ်တကျ ရှိနေမည်ပင်။

ဝမ်လော့ရှန်းက အဆောင်သို့ ပြန်ရောက်လာသောအခါ ထိုင်ခုံဖော် ကျန်းသာ့ရှီမှ သူ့ပခုံးကို လက်ဖြင့်ပုတ်၍ ပြောလာခဲ့သည်။

" ခင်ဗျား နောက်ကျနေတာပဲ။ ခင်ဗျားလည်း နောက်ကျလိမ့်မယ်လို့ ကျွန်တော်တကယ်ထင်မထားဘူး"

ဝမ်လော့ရှန်းက မတုန်လှုပ်သည့်မျက်နှာအမူအရာဖြင့် 

" ဒီနေ့ အိမ်မှာ အရေးပေါ်ကိစ္စရှိနေလို့ နောက်ကျသွားတာ။ ဒီနေ့တစ်ရက်ပဲ။ နောက်ကို လုံးဝနောက်ကျမှာ မဟုတ်ဘူး"

ဝမ်လော့ရှန်းသည် ကျန်းသာ့ရှီက သူ့ကို ထိုသို့စနောက်လာခြင်းကို မနှစ်မြို့ချေ။ ဤကျောင်းတော်တွင် သူသည် အမြဲတစေပင် သွမ့်ကျင်းထျန်ဟူသော ပိုက်ဆံရှိသည့် သူဌေးသားလေးမှလွဲ၍ တခြားသူထက် ပိုအရေးပေးဆက်ဆံခံရသည် သာြဖစ်သည်။ တခြားသူများက သူ့ကိုလေးလေးစားစားဖြင့် ပြောဆိုကြပြီး သူ့ကို တန်းတူထားပြီးပြောသည့်လူ မရှိပေ။

သို့ကြောင့်ပင် သူ့ကို စနောက်သော ကျန်းသာ့ရှီအပေါ် ဝမ်လော့ရှန်း၏အပြုအမူမှာ အေးစက်လွန်းလှပေ၏။ ဝမ်လော့ရှန်းဘက်မှ ကြည့်မည်ဆိုလျှင် သူ၏ သေးငယ်သည့် အမှားတစ်ခုကြောင့်ဖြင့် ထိုင်ခုံဖော်တစ်ယောက်က သူနှင့်တန်းတူဟူ၍ တွေးထင်ရန် မလိုအပ်ပေ။

ဝမ်လော့ရှန်းက စိတ်လျှော့လိုက်ပြီး သူ့စာအုပ်ကိုထုတ်၍ ယနေ့သင်ခန်းစာများကိုစတင်ရန် ပြင်လိုက်သည်။ စာအုပ်အိတ်သို့ လက်ရောက်သွားချိန်တွင်မူ ခါတိုင်းထားနေကျနေရာတွင် 'ကျော့ကျွမ့်'ကို မထိမိချေ။ သို့ဖြစ်ရာ ဝမ်လော့ရှန်းသည် စာအုပ်အိတ်ကို ထုတ်ယူ၍ ဖွင့်ကြည့်လိုက်သော် 'ကျော့ကျွမ့်'မှာ စာအုပ်အိတ်ထဲတွင် ရှိမနေသည်ကို တွေ့လိုက်ရတော့သည်။

ဝမ်လော့ရှန်းသည် စာအုပ်အိတ်ကို အခါခါ လှန်လှောကြည့်ပါသော်လည်း ရှိမလာပေ။

'အာ ဟုတ်သားပဲ။ မနေ့က စာအုပ်ကို ခဏထုတ်ကြည့်လိုက်သေးတာပဲ။ ပြန်မထည့်မိလိုက်ဘူးလား'

သွားချေပြီ။ ယနေ့တစ်မနက်ခင်းလုံးမှာ ဆရာတု၏ 'ကျော့ကျွမ့်' အတန်းချိန်ဖြစ်၏။ ဆရာသည် ဖတ်စာအုပ်မေ့ခဲ့သူများကို အလွန်မုန်းလေသည်။ ဖတ်စာအုပ် ကျန်ခဲ့သူရှိကြောင်းသိလျှင် ထိုသူကို အတန်းပြင်ဘက်တွင် ရပ်ခိုင်းထားလိမ့်မည်ပင်။

အကြောက်တရားလှိုင်းလုံးများမှာ ဝမ်လော့ရှန်း၏နှလုံးသားအတွင်းသို့ ဆန်တက်လာခဲ့သည်။ ယနေ့တွင်မူ သူသည် သူ အမြဲ အထင်အမြင်သေးခဲ့သည့် အပြင်ဘက်တွင် ရပ်ရမည့်သူ ဖြစ်လာတော့မည်လော။

ထိုအခိုက်မှာပင် ဝမ်လော့ရှန်း၏ ထိုင်ခုံဘက် ကျန်းသာ့ရှီက ထပ်ပြောလာခဲ့ပြန်သည်။

" ညီနောင်ဝမ် ခင်ဗျား ဖတ်စာအုပ်မေ့ကျန်ခဲ့တာလား"

ဝမ်လော့ရှန်းမှာ အမှန်တကယ်ပင် ကျန်းသာ့ရှီကို အမြင်ကတ်လာရသည်။ သူသည် စာလေ့လာသည့်အပေါ် အာရုံမရှိသည်ပဲလော။ အဘယ်ကြောင့် သူအား အမြဲတစေ လိုက်ကြည့်နေရပါသနည်း။ တမင်သက်သက် သူအရှက်ကွဲသည်ကိုကြည့်ရန် ကြိုးစားနေသည်လော။

ဝမ်လော့ရှန်း ဒေါသတလိပ်လိပ် တက်နေစဥ်မှာ သူ့ဘေးရှိ ကျန်းသာ့ရှီက ထပ်ပြောလိုက်ပြန်၏။

" ညီနောင်ဝမ် ခင်ဗျား တကယ်ကြီး ဖတ်စာအုပ် ပါမလာတာ မဟုတ်ဘူးမလား။ ဆရာ ခင်ဗျားကို အတန်းပြင်မှာ ရပ်နေဖို့ အပြစ်ပေးလိမ့်မယ်နော်"

ဝမ်လော့ရှန်းမှာ နောက်ဆုံးတွင်တော့ သည်းမခံနိုင်တော့ပေ။ သူသည် ရှေ့နောက်မစဥ်းစားဘဲ ပြောချလိုက်တော့သည်။

" မင်းက စိတ်ရှုပ်စရာ ကောင်းတယ်"

တစ်ချိန်တည်းမှာပင် ကျန်းသာ့ရှီမှာ အမှန်တကယ်ပင် သူနှင့် တစ်ချိန်တည်းတွင် ပြောလာခဲ့သည်။ သို့ပင်သော်လည်း ကျန်းသာ့ရှီ ပြောသည်မှာ " ကျွန်တော့်ဖတ်စာအုပ်ကို သုံးလိုက်"

နှစ်ယောက်သားသည် တစ်ချိန်တည်းမှာပင် ပြောလိုက်ကြခြင်းဖြစ်၏။

ဝမ်လော့ရှန်းနှင့် ကျန်းသာ့ရှီတို့ နှစ်ယောက်စလုံး ကြက်သေသေသွားရသည်။

ဝမ်လော့ရှန်းသည် ကျန်းသာ့ရှီက သူ့အား ဖတ်စာအုပ်ပေးချင်မည်ဟု ထင်မထားခဲ့ချေ။

နောက်ပြီး ကျန်းသာ့ရှီမှာ အစတုန်းကတော့ ဝမ်လော့ရှန်းသည် ပထမရထားသူဖြစ်ရာ အတန်းပြင် ထွက်ရပ်ရလျှင် အတော်လေး အရှက်ကွဲမည်ဖြစ်ပြီး မိမိမှာမူ အကြိမ်အနည်းငယ်လောက် ရပ်ဖူးပေရာ သည်တစ်ကြိမ်လောက် ရပ်လိုက်ပါလျှင်လည်း သိပ်မထူးခြားပေဟု တွေးခဲ့ခြင်းပင်။ သို့ဖြစ်လေရာ သူ ဝမ်လော့ရှန်းအား ဖတ်စာအုပ်ပေးလိုက်သင့်ပေသည်။ 

ကျန်းသာ့ရှီခမျာ ဝမ်လော့ရှန်းက သူ့အား ထိုကဲ့သို့ ဆက်ဆံမည်ဟု ထင်မထားမိခဲ့ချေ။

လေထုမှာ အေးခဲသွားရသည်။ ကျန်းသာ့ရှီသည် ဦးစွာ ကသိကအောက်ဖြစ်စွာ ပြုံးပြလိုက်ကာ " အို" သူဒေါသထွက်သွားသည် ဆိုသော်ငြား ပထမရထားသူ ဝမ်လော့ရှန်းအား လေးစားမှုရှိနေဆဲပင်။ ထို့ကြောင့် သူ ဝမ်လော့ရှန်းအား စိတ်မဆိုးနိုင်ပေ။ စိတ်ထဲတွင် အနည်းငယ်မျှ အနေရခက်သွားရုံပင်။

ဝမ်လော့ရှန်းမှာ ကျန်းသာ့ရှီ၏သဘောထားကို အထင်လွဲသွားမှန်း သဘောပေါက်သွားတော့သည်။ သို့ပေသိ စကားများသည်ကား ပြောပြီးသွားချေပြီ။ ကျန်းသာ့ရှီအား တောင်းပန်ရန်မှာလည်း သူသည် နှိမ့်ချရသည့် ထိုသို့အလုပ်မျိုးအား မလုပ်နိုင်ပါချေ။

ဝမ်လော့ရှန်းက စကားဆိုမလာခဲ့ပေ။ သူ့စာအုပ်အိတ်ထဲမှ "လီ"ဆောင်းပါးတစ်ဆောင်အား ထုတ်ကာ ဖတ်ဟန်ဆောင်နေ၏။ 

ကျန်းသာ့ရှီသည်လည်း ဘာမျှမဖြစ်ခဲ့သည်အတိုင်းပင် သူ့လက်ထဲရှိ 'ကျော့ကျွမ့်'အား ဖတ်နေလေသည်။

ဆရာတုရောက်လာချိန်တွင် သင်ခန်းစာများ စတင်ပို့ချတော့သည်။ သင်ခန်းစာတစ်ဝက်အရောက်တွင် သူသည် ခက်ခဲသည့်မေးခွန်းတစ်ခုမေးလိုက်၏။ အနှီမေးခွန်းသည် အတော်လေး ခက်ခဲသည်ဟု တွေး၍ရရာ ဝမ့်လော့ရှန်းနှင့် လီရှန့်တို့မှလွဲ၍ တခြားသူများသည်ကား မဖြေနိုင်မည်ကိုစိုးရ၏။ ဆရာတုသည် အရင်ဆုံးအနေဖြင့် တစ်ကျောင်းလုံးပထမရသူ ဝမ်လော့ရှန်းကို နာမည်ခေါ်၍ မေးခွန်းကို ဖြေဆိုရန် မတ်တတ်ရပ်ခိုင်းလိုက်တော့သည်။