Ch 4
Viewers 2k

အခန်း (၄) အမှန်တရားကို ဖွင့်ချခြင်း

“ ဒီယုန်သားဟင်းအစပ်အတွက် ခြောက်လသားယုန်ထီးကို ရွေးထားပါတယ်။ အဲ့လို ခြောက်လသားအရွယ် ယုန်ထီးက ပိုနူးညံ့တဲ့ အရသာကို ရစေပါတယ်” ဆုဝန်သည် သူမနှုတ်ခမ်းလွှာကို ဖြေးညင်းစွာ ဖွင့်ကာ ပြောလိုက်သည်။ “ယုန်သားကို အိုးထဲထည့်ပြီးတဲ့နောက်မှာ ဟင်းခတ်တွေရဲ့ သုံးပုံတစ်ပုံ ကပ်မသွားခင် မီးပြင်းပြင်းနဲ့ ကြော်သင့်တယ်။ မဟုတ်ရင် ယုန်သားဟင်းရဲ့ အရသာဟာ အကောင်းဆုံးဖြစ်လာနိုင်မှာ မဟုတ်ဘူး” 

“ကြက်သွန်နီ၊ ချင်း၊ စမုန်စပါး နဲ့ ငရုတ်ကောင်းစေ့တို့ကိုလဲ ပမာဏ အတိအကျထည့်ပေးရပါသေးတယ်။ ဒါတွေကိုတော့ သခင်လေးတို့နှစ်ယောက်ကို စာကြောင်းလေးတစ်ကြောင်း နှစ်ကြောင်းလောက်နဲ့ ပြောပြဖို့ ခက်ခဲလှပါတယ်ရှင်”

“အကယ်၍ သခင်လေးတို့ နှစ်ယောက် စိတ်ဝင်စားတယ်ဆိုရင်တော့ နောက်တစ်ကြိမ် ကျွန်မဟင်းလျာလုပ်တဲ့အချိန် လာရောက် ကြည့်ရှုနိုင်ပါတယ်။ ဆုဝန် တိတိကျကျ သေသေချာချာ ရှင်းပြပေးပါ့မယ်” 

ဆုဝန်သည် သူမကိုယ်တိုင် ဤဟင်းလျာကို လုပ်ထားသည့်အတိုင်း သေချာတိကျကောင်းမွန်စွာ ပြောပြလိုက်သည်။ 

သူမ ထိုသို့ပြောလိုက်ပါလျှင် သူမက ဝိုင်းရန်ပြုခံရမည်ဖြစ်သည်။ သို့သော် ဆုဝန်သည် အခြားသူများ၏ ကြိုးကိုင်ခြယ်လှယ်မှုကို ခံနေတော့မည်မဟုတ်သလို မကျေနပ်ချက်များကိုလဲ မျိုသိပ်ခံစားနေတော့မည် မဟုတ်ပါ။ 

ထမင်းဝိုင်းရှိလူအားလုံး ကြောင်သွားကြသည်။ မိခင်၊ ဝမ်လော့ရှန်း နှင့် ဝမ်လော့ရွှယ်တို့သည် ဆုဝန်တစ်ယောက် ဝမ်လော့ရွှယ်၏ စကားကို ဤသို့နည်းဖြင့် အမှန်အတိုင်းဖော်ထုတ်မည်ဟု မထင်ထားကြ။ ဝမ်မိသားစုသည် ဆုဝန်အပေါ် မည်သို့ပင် ဆက်ဆံကြစေကာမူ ဆုဝန်သည် တစ်ခါမျှ အတွန့်တက်ခြင်းမရှိခဲ့သောကြောင့် ပြဿနာမရှိခဲ့ပေ။ 

ယခုအချိန်တွင်မူ ဆုဝန်သည် ဤသို့ ကျေးဇူးတင်စရာမရှိသော လက်ထပ်ခြင်းတစ်ခုအတွက်နှင့် ငြိမ်ခံနေတော့မည်မဟုတ်။ အဝတ်အစားကအစ အရေးပါလှသည်။ 

“ဘာ‌တွေသိလို့ ဘာတွေဝင်ပြောနေတာလဲ” ဝမ်လော့ရွှယ်သည် ဆုဝန်စကားကို ဖုံးကွယ်ရန် ဆုဝန်အား ဆူငေါက်လိုက်သည်။ 

သွမ့်ကျင်းထျန်သည် နည်းနည်းမျှထပ်နားမထောင်နိုင်တော့။ ဝမ်လော့ရွှယ် ဆက်ဆံပုံက ကြမ်းတမ်းလှသည်။ 

ထို့ပြင် ဆုဝန်၏ စကားအရ ယုန်သားဟင်းအစပ်ကို သူမကိုယ်တိုင် လုပ်ခဲ့သည်ဟုဆိုသည်။ ဝမ်လော့ရွှယ်ကလဲ ထိုသို့ဆိုသည်။ ဝမ်လော့ရွှယ်ကို ကာကွယ်ရန် ပို၍အရေးကြီးလေသည်။ 

သွမ့်ကျင်းထျန်သည် ဟာသပြောရသည်ကို သဘောကျသည်။ သူ့ဟာသများသည် သာမန်မျှပင်ဖြစ်သော်လည်း သူသည် စာပေတွင် ထူးချွန်သော သူ့လုပ်ဖော်ကိုင်ဖက်များအား လေးစားသည်။ ၄င်းတို့အနက်တွင် ဝမ်လော့ရှန်းနှင့် လီရှန်းသည် ထူးချွန်သူများဖြစ်ကြသည်။ ထို့ကြောင့်သူသည် သူတို့အား အလွန်ပင်လေးစားသည်။ 

သို့သော် ယခုအချိန်တွင်မူ ဝမ်လော့ရွှယ်အပေါ် သူ့အမြင်သည် သိသိသာသာ နိမ့်ကျသွားလေ၏ ။ 

သွမ့်ကျင်းထျန်က “ဒါဆို ဒီယုန်သားဟင်းအစပ်က ညီမ ဆုဝန်ချက်တာပေါ့” ဟုမေးလိုက်သည်။ 

ဆုဝန်ပြန်မဖြေခင်ပင် ဝမ်လော့ရှန်းက ပြုံးပြီး “ဒီစားပွဲပေါ်က ဘယ်ဟင်းလျာတွေက ညီမလော့ရွှယ် လုပ်ထားတယ်၊ ဘာတွေက ဆုဝန်ချက်ထားတယ်ဆိုတာ ကျွန်တော်လဲ မသိပါဘူး” ဟုပြောလိုက်သည်။ 

ဝမ်‌လော့ရွှယ်က ဆုဝန်ကို ပေါက်ထွက်မတတ် မျက်လုံးများဖြင့်ကြည့်ပြီး အမြန်ပြောလိုက်သည်။ 

“အသီးအရွက်တွေနဲ့ ကြက်စွပ်ပြုတ်ကတော့ ညီမပြင်ဆင်ထားတာဖြစ်ပြီး ယုန်သားဟင်းအစပ်ကတော့ ဆုဝန် ပြင်ဆင်ထားတာပါရှင်” 

ဆုဝန်သည် အလျင်မလို ခပ်အေးအေးလေသံဖြင့် “ယုန်သားဟင်းတင် မဟုတ်ပါဘူး ဒီစားပွဲပေါ်က ဟင်းတိုင်းဟာ ကျွန်မချက်ပြုတ်ပြင်ဆင်ထားတာပါ” ဟုပြောသည်။ 

ထိုဟင်းလျာများကို ဝမ်လော့ရွှယ်က သူမကိုယ်တိုင် ချက်ထားတာပါဟု ပြောရန်မှာ အလွန်ရှက်စရာကောင်းပေသည်။ ဆုဝန်သည် လုံးဝ အပိုအလိုမရှိ သူမကိုယ်တိုင် ပြင်ဆင်ထားကြောင်း သက်သေပြသွားပြီ။ 

သွမ်ကျင်းထျန်နှင့် လီရှန်းတို့နှစ်‌ယောက်လုံးသည် ယနေ့ဟင်းလျာများကို ဆုဝန် ချက်ပြုတ် ပြင်ဆင်ထားခြင်းဖြစ်ကြောင်း ရှင်းသွားကြပြီ။ ဝမ်လော့ရွှယ် လိမ်နေမှန်းလည်း သိသာသွားလေပြီ။ 

သွမ့်ကျင်းထျန်သည် ဝမ်လော့ရွှယ်၏ အဝတ်အစားကိုမြင်ကတည်းက သူ့စိတ်ထဲ မတင်မကျ ခံစားနေရတာဖြစ်သည်။ သူမသည် ချက်ပြုတ်ပြင်ဆင်ထားသူတစ်ဦးနှင့် မတူ။ 

အကယ်၍ ဝမ်လော့ရွှယ်သာ ချက်ပြုတ်သူအမှန်ဖြစ်ပါက မီးဖိုက ထွက်လျှင် ဤလှပသော အဝတ်ကို ကျိန်းသေလဲရပေမည်။ အလွန်ပင် သီးသန့်ဆန်လွန်းလှသည်။ 

ဝမ်လော့ရွှယ်မျက်နှာ ရဲတွတ်နေပြီ။ ဤဆုဝန်သည် မုန်းဖို့ကောင်းလွန်းလှသည်။ သူမကို သွမ်ကျင်းထျန်ရှေ့မှာ အရှက်ရစေသည်။ 

‘အကုန်ပြန်သွားရင် ငါမိဘတွေနဲ့ အစ်ကို့ကိုပြောပြီး သူ့ကို ဆုံးမခိုင်းရမယ်။ ပြီးရင် သုံးရက်လောက် အငတ်ထားပစ်မယ်။  အဲ့ဆုဝန်မက သူ့ဘဝကိုသူ ဖျက်ဆီးလိုက်တာပဲ။ သူကအနာဂတ်မှာ ငါ့ယောက်မဖြစ်လာနိုင်မယ်များထင်နေလား။ သွားပြီး အိပ်မက်သာ မက်နေလိုက်’

သခင်မဝမ်သည်လည်း ဆုဝန်အား စူးစူးဝါးဝါးကြည့်နေသည်။ ထို့ပြင် ဆုဝန်အားမည်သို့ဆုံးမပစ်မည်ဟူသော နည်းလမ်းများကိုလဲ တွေးထားလေသည်။ 

ပတ်ဝန်းကျင်လေထုက ကြောက်မက်ဖွယ်ကောင်းသွားသည်။ ဝမ်လော့ရှန်းက ထိုအခြေအနေကို လျော့ကျသွားစေခြင်းငှာ

“ကဲပါ ဘယ်သူချက်တာဖြစ်ဖြစ် သခင်လေးနှစ်ယောက်တို့ စားကောင်းဖို့က အဓိက မဟုတ်လား” 

သွမ့်ကျင်းထျန်နှင့် လီရှန်းကလဲ “စားကြပါ စားကြပါ” ဟု အမြန်လေးပြောလိုက်သည်။ 

စားရသောက်ရသည်ကို အလွန်ပင် ဝါသနာထုံနှစ်သက်သော သွမ့်ကျင်းထျန်သည် သူ့ခေါင်းကို မဖော်တမ်း စတင်စားလေသည်။ ဆုဝန်ချက်ပြုတ်သော ဤဟင်းလျာအနည်းငယ်သည် သူစားဖူးသမျှ စားကောင်းသောက်ဖွယ်တို့ထက်ပင် ပို၍ စားကောင်းနေသည်။ 

အရသာရှိသော အစားအစာများက ကြောက်မက်ဖွယ်ပတ်ဝန်းကျင်လေထုကို လွှမ်းခြုံ ပျောက်ပျက်သွားစေသည်။ 

သွမ့်ကျင်းထျန်သည် နောင်တွင်လည်း ဝမ်အိမ်တော်သို့ ညစာလာရောက်စားသောက်မည်။ သူလာရောက် စားသောက်ဖြစ်သည့်အခါတိုင်း အခကြေးငွေပါ ပေးမည်ဟု သူတစ်ယောက်တည်း တွေးနေလိုက်သည်။ 

သို့သော် မကြာမီပင် သွမ့်ကျန်းထျန်သည် သူ့အတွေးကို အမြန်ပြောင်းလိုက်ရသည်။ 

အဘယ်ကြောင့်ဆိုသော် ဝမ်အဖေနှင့် ဝမ်အမေတို့ စစားတော့မည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။ သူတို့သည် စွပ်ပြုတ်ကိုသောက်ပြီး ယုန်သားဟင်းအစပ်ကို စားလိုက်ကြသည်။ 

ဝမ်အဖေသည် သူ၏တူကို ပါးစပ်ထဲထည့်ပြီးနောက် စွပ်ပြုတ်ထဲသို့ထပ်မံနှစ်ကာ အသားဖတ်ကို ထိုတူဖြင့် ယူလိုက်သည်ကို သွမ့်ကျန်းထျန်သူ့မျက်စိနှစ်လုံးဖြင့် အသေအချာတွေ့လိုက်သည်။ 

သွမ့်ကျန်းထျန်နှင့် လီရှန်းတို့နှစ်ယောက်လုံးသည် သူတို့တူများကို မည်သို့သုံးရမည်ကို သေချာမသိကြသေးပေ။ 

သူတို့သည် မီးနဲ့ရေ ဘာကိုရွေးမလဲ ဆိုသကဲ့သို့ပင် စားချင်စိတ်နှင့် ပျို့အန်ချင်စိတ်တို့ ဒွန်တွဲ၍နေသည်။

ဝမ်လော့ရှန်းနှင့် ဝမ်လော့ရွှယ်တို့ကမူ တွေ့မြင်နေကျဖြစ်နေ၍ မည်သည်က မှားယွင်းနေသည်ကို သတိပြုမိဟန် မတူကြ။ 

ဝမ်လော့ရွှယ်သည်လည်း စားနေရင်းနှင့် သူမပါးစပ်ထဲ ထည့်ထားသော တူကို ပန်းကန်ထဲသို့ ထည့်လိုက်သည်။ 

ဆုဝန်ကမူ ဤကိစ္စကို သတိထားမိသည်။ 

စာအုပ်ထဲတွင် မူလဇာတ်ကောင်သည် ဝမ်အဖေနှင့် ဝမ်အမေတို့ သိပ်ကောင်းကောင်း မစားတတ်သည်ကို သိသဖြင့် သွမ့်ကျင်းထျန်ရှေ့တွင် ဝမ်လော့ရှန်း မျက်နှာမရဖြစ်မည်ကို စိုးသောကြောင့် သူတို့နှစ်ယောက်တည်း အေးဆေးစားနိုင်ရန် ဝမ်လော့ရှန်း၏ အခန်းထဲသို့ပင် ပို့ဆောင်ပေးခဲ့သည်။ 

ထိုအချက်ကြောင့်ပင် ဝမ်မိသားစုသည် သူဌေးသားတစ်ဦးဖြစ်သည့် သွမ့်ကျင်းထျန်ဆီမှ ဂုဏ်ပြုမှုကို ရခဲ့သည်။ အိမ်နီးချင်းများနှင့် ကျောင်းနေဖက်များကလည်း ဝမ်လော့ရှန်းကို ပို၍လေးစားလာကြသည်။ 

ထိုအချိန်တွင် ဆုဝန်သည် လီရှန်းနှင့် သွမ့်ကျင်းထျန်တို့ ချီတုံချတုံဖြစ်နေကြသည်ကို သတိထားမိ၍ 

“သခင်လေးတို့ ယုန်သားအစပ်က အရမ်းစပ်လို့လားရှင်၊ ကျွန်မ မစပ်အောင် အသစ် ထပ်လုပ်ယူလာပေးပါ့မယ်” 

ထို့နောက် ဆုဝန်သည် ယုန်သားဟင်းနောက်တစ်ပန်းကန်ကို ယူလာသည်။ အမှန်ပင် နောက်ဟင်းပွဲသည် ဟင်းပွဲကြီးထပ်ပို၍ အစပ်နည်းလေသည်။ 

သွမ့်ကျင်းထျန်နှင့် လီရှန်းတို့သည် ယုန်သားဟင်းစပ်ကို စားချင်သော်လည်း ဝမ်အဖေနှင့် ဝမ်အမေက ဟင်းခွက်တစ်ခွက်ပြီး တစ်ခွက်  လှည့်စားနေခြင်းကြောင့် မနှိုက်နိုင်ဖြစ်နေတာဖြစ်သည်။ 

ဆုဝန်ယူလာသော ယုန်သားပန်းကန်သည် သူတို့ပြဿနာကို ဖြေရှင်းပြီး ဖြစ်သွားစေသည်။

သွမ့်ကျင်းထျန်သည် ဆုဝန်ယူလာသည့်ထဲမှ အသားတစ်ကိုက်ကိုက်လိုက်သည်။ ငရုတ်သီး ပိုနည်းသွားတာ မှန်သော်လည်း ဟင်းလျာအရသာမှာတော့ ပြောင်းလဲမသွားပေ။ ဆုဝန်သည် သူ့အတွေးကို သိနေဟန်ထင်ရသည်။ 

အင်္ကျီပြောင် အဆင်ဝတ်ဆင်ထားသော မိန်းကလေးသည် ဤကိစ္စတွင်တော့ တကယ့်ကို ကွာခြားသွားလေပြီ။ 

သွမ့်ကျင်းထျန်နှင့် လီရှန်းတို့သည် အလျင်အမြန်စတင်စားလိုက်ကြသည်။ 

ခမည်းတော်နှင့်မယ်တော်တို့ အသီးအရွက်ပန်းကန်ကို မထိမီး သူတို့နှစ်ယောက်သည် အရွက်စိမ်းများနှင့် မုန်လာဥချဥ်တို့ကို ပန်းကန်ထဲမှ တစ်ဝက်ခန့် လှမ်းခပ်လိုက်သည်။ 

စားသောက်ပုံများကို ကြည့်နေရင်း သွမ့်ကျင်းထျန်သည် သူဝမ်အိမ်တော်ကို ညစာအတွက်လာရန်မှာ ခက်ခဲသွားပြီမှန်း သိလိုက်သည်။ ထို့ကြောင့် ဆုဝန့်အား သွမ့်အိမ်တော်တွင် တစ်နေ့သုံးနပ်သူ့အတွက် ချက်ပြုတ်စေမည်။ ဆုဝန်အား လတိုင်း လစာ သုံးဆ ပေးမည်ဟု ဆုံးဖြတ်လိုက်သည်။

ဆုဝန်၏ဟင်းလျာများသည် ငွေကြေးနှင့်ပင် အဖိုးဖြတ်မရအောင် အရသာရှိလှသည်။ 

သွမ့်ကျင်းထျန်၏စကားလုံးများသည် ဟင်းလျာများကို ဆုဝန်ချက်တာ သူသိပြီးဖြစ်ကြောင်း ပြနေသည်‌။

ယနေ့သည် ဝမ်လော့ရွှယ်၏ ဘဝတစ်လျှောက်လုံးတွင် အရှက်အရဆုံးနေ့ ဖြစ်ပေသည်။ အကယ်၍ ဧည့်သည်များသာ ရှိမနေပါလျှင် သူမက ဆုဝန်ကို ဆွဲခေါ်ပြီး ရိုက်ပြီးဖြစ်လိမ့်မည်။ 

ဝမ်လော့ရှန်းသည် ဆုဝန်အား မကျေမနပ်ကြည့်လိုက်သည်။ သူမသည် သူ့ကိစ္စကို ဖျက်လိုဖျက်ဆီးလုပ်သည်။ ယခင်က သွမ့်ကျင်းထျန်သည် လော့ရွှယ်အား အထင်ကြီးလေးစားခဲ့သမျှ ဤဆုဝန်၏ ဟင်းလျာတစ်ခွက်ကြောင့် အကုန်ပျက်ဆီးကုန်ပြီ။ 

ဆုဝန် ခန့်မှန်းထားသည့်အတိုင်း သွမ့်ကျင်းထျန်သည် ဆုဝန်၏ ဟင်းလျာကို တကယ်နှစ်သက်သည်။ သို့သော် ဝမ်အဖေနှင့် ဝမ်အမေကို ဤသို့တွေ့ရခြင်းကြောင့် သူအခြားတစ်နည်းစဥ်းစားရမည်။ 

ဆုဝန်က သွမ့်အိမ်တော်သို့ သွားရောက်ချက်ပြုတ်ရန်မှာ အကြံကောင်းဖြစ်သည်။ 

ဆုဝန်သည် သွမ့်အိမ်တော်သို့ သွားရောက်လိုခြင်းမှာ သူမဝမ်မိသားစု အရိပ်အောက်မှ လွတ်မြောက်နိုင်မည့်အပြင် ကိုယ်ပိုင်ဝင်ငွေလည်း ရမည်။ ထိုပိုက်ဆံဖြင့် ရှန်မိသားစုကိုလည်း ကူညီနိုင်ပေမည်။ 

ဆုဝန်တွင် အခြားပိုက်ဆံရှာရန်နည်းလမ်းများ ရှိသော်လည်း အချိန်နှင့်နေရာ မကျသေးပေ။ အကောင်းဆုံးနည်းလမ်းသည် သွမ့်အိမ်တော်သို့ သွားရောက် အလုပ်လုပ်ရန်သာဖြစ်သည်။ 

သခင်ဝမ်နှင့် သခင်မဝမ်သည် သွမ့်ကျင်းထျန်က ဆုဝန်အား လစာသုံးဆ ပေးမည်ဟု ကြားသောအခါ ငြင်းပယ်စရာမရှိပါပေ။ 

သူမဝမ်အိမ်တော်ကို ရောက်လာကတည်းက ဝမ်မိသားစု၏အစားအစာကိုစားသည်၊ ဝမ်မိသားစု၏ ပစ္စည်းများကိုသုံးသည်။ သူမဆီမှ အိမ်တော်အတွက် တစ်ပြားတစ်ချပ်တောင် မရဖူးပေ။ ထို့ကြောင့် ဝမ်အဖေနှင့် ဝမ်အမေက အမြန်သဘောတူလိုက်သည်။ 

“သွမ့်မိသားစုအတွက် သုံးနပ်စာ ချက်ပြုတ်ပြီးသွားရင် ဆုဝန်လေးကို ညစာစားချိန်အပြီး ဝမ်မိသားစုဆီ လွှတ်လိုက်ပါနော်” 

တကယ်တော့ ဝမ်မိသားစု၏ အလုပ်များအတွက် ဆုဝန်ကို လိုအပ်နေသေးသောကြောင့်ဖြစ်သည်။ ဆုဝန်သည် လစာမပေးရသော အိမ်ဖော်တစ်ဦးမျှသာဖြစ်သည်။ 

သွမ့်ကျင်းထျန်သည် “ ဟုတ်ကဲ့ ဦးလေးနဲ့ ဒေါ်လေး ဒါက ပုံမှန်ပါပဲ။ သွမ့်အိမ်တော်က မနက်တိုင်း ဆုဝန်လာဖို့နဲ့ ညစာစားပြီးတာနဲ့ ပြန်ဖို့အတွက် လှည်း စီစဥ်ပေးမှာပါ” 

အကယ်၍ ဆုဝန်သာ သွမ့်အိမ်တော်တွင် နေလိုက်ပါလျှင် သူမသည် သွမ့်အိမ်တော်၏ အိမ်ဖော်တစ်ဦး ဖြစ်သွားလိမ့်မည်။ ထိုသို့မဟုတ်ဘဲ သူမအလုပ်ပြီးပါက ပြန်လာခဲ့လျှင် သာမန်အလုပ်လုပ်သည်နှင့် တူညီလိမ့်မည်။ 

ဆုဝန်သည် ဝမ်လော့ရှန်း၏ ညီမငယ်ဖြစ်သောကြောင့် သွမ့်ကျင်းထျန်သည် ညီညီမျှမျှ ဆောင်ရွက်ပေးရမည်။ ရည်ရည်မွန်မွန်နှင့်လဲ ဆက်ဆံပါသည်။ 

ဆုဝန်ကမူ သွမ့်အိမ်တော်တွင် အလုပ်လုပ်ပြီး ဝမ်မိသားစုဆီမှ အပြီးတိုင်ထွက်ခွာသွားချင်သည်။ သို့သော သူမဆုတောင်း မကြာခင်ပြည့်နိုင်မည်ကို သူမသိပါသည်။ 

ဘေးတွင် ထိုင်နေသော ဝမ်လော့ရှန်းက တစ်ခုခုမှားနေပြီကို ခံစားမိသည်။ ယခင်ကလည်း သွမ့်ကျင်းထျန်အား အိမ်တွင် ထမင်းစား ဖိတ်ခဲ့ဖူးသည်။ ထိုသို့ မကြာခဏလာလည်ရင်း သွမ့်ကျင်းထျန်သည် သူစာပေလေ့လာရာတွင် သုံးသော သူ့စာအုပ်များကိုပြဖူးသည်။ 

ပြန်မွေးဖွားလာသော်လည်း ဝမ်လော့ရှန်းသည် သူ့အတိတ်ကို ဝိုးတဝါးသာ မှတ်မိပြီး အသိပညာများကိုတော့ လုံးဝမမှတ်မိပါ‌‌ပေ။ ယခုအချိန်တွင် သူသည် ထူးချွန်ကျောင်းသားအဖြစ် အရွေးချယ်ခံရပြီး ထူးချွန်ကျောင်းသားတစ်ယောက်၏ ဗဟုသုတ ရှိရမည်ဖြစ်သော်လည်း သူသည် ထိုစာပေများကို တစ်ခါမျှမလေ့လာဖူးခဲ့။ ထို့ကြောင့် သွမ့်အိမ်တော်မှ စာအုပ်များသည် သူ့အဖို့ အရေးကြီးလှသည်။ 

ယခု ဆုဝန်သည် ဟင်းများကို သူချက်သည်ဟု ပြောလိုက်သည်။ သွမ့်ကျင်းထျန်က သူမကို သွမ့်အိမ်တော်တွင် အလုပ်လုပ်စေချင်သည်။ ထိုသို့ဆိုပါက သွမ့်ကျင်းထျန်နှင့် သူ့ကြား အဆက်အသွယ်က ပြတ်တောက်သွားပေမည်။

ထို့နောက် ဆုဝန်သာ သွမ့်အိမ်တော်တွင် ထမင်းချက်သွားလုပ်လျှင် သူနှင့် ပိုဝေးမသွားဘူးလား။ ဝမ်လော့ရှန်းသည် အတွေးများနေသည်။ 

ဝမ်ရှီးသည် သွမ့်ကျင်းထျန်အား ဆုဝန်ကို လစာမည်မျှပေးမည်ကို မေးမြန်းပြီးနောက် ဆုဝန်သည် ငယ်သေးသည်။ ထို့ကြောင့် လစာကို ပျောက်တာ၊ အကုန်သုံးပစ်တာမျိုးဖြစ်နိုင်သည်။ ထို့ကြောင့် သူမယူသိမ်းပေးထားပါမည်ဟုဆိုသည်။

ဝမ်အဖေနှင့် ဝမ်အမေတို့က ကြည်ကြည်ဖြူဖြူ လိုက်လျောပြီး မေးမြန်းနေခြင်းသည် သွမ့်ကျင်းထျန်အား အဆင်မပြေဖြစ်စေသည်။ သူတို့သည် ဆုဝန်၏ လစာများကို အကုန်သူတို့ ယူထားမည့်ပုံ ပေါ်နေသည်။