Ch 2
Viewers 2k

အခန်း(၂)

ဆုဝန်သည် မနက်ဖြန်အတွက် ချက်ပြုတ်ရန် ပါဝင်ပစ္စည်းများ ပြင်ဆင်နေတော့သည်။ ဝမ်မိသားစုက ယုန်များစွာ မွေးမြူထား၏။ ဆုဝန်က ယုန်ကို သတ်ပြီး အတွင်းကလီစာများကို သန့်ရှင်းလျက် အလုပ်များနေတော့သည်။ 

ဆုဝန်က အလုပ်များနေစဥ် ဝမ်လော့ရှန်းက ရေဇလုံသယ်ပြီး လျှောက်လာတော့သည်။ ညရောက်သောအခါ  ဝမ်လော့ရှန်းက သူ့မျက်နှာသစ်ရန်‌အတွက် ရေ‌နွေးကြိုဖို့ ရောက်လာတာ ဖြစ်သည်။ 

ပုံမှန်ရက်တွေဆို ဝမ်လော့ရှန်းကို မျက်နှာသစ်ရန် ဆုဝမ်က ကူညီပေးတာဖြစ်သည်။ ဆုဝန်က ပညာသင်သားများသည် စာသင်ရာ၌သာ အာရုံစိုက်သင့်သည်ဟု ခံစားမိပြီး ထိုအသေးအမွှားများကို ပြုလုပ်ခြင်းက အာရုံများစေမည်ဟု တွေးခဲ့သည်။

မနက်တိုင်းနှင့် ညနေတိုင်းတွင် ဆုဝန်က ဝမ်လော့ရှန်း မျက်နှာသစ်ရန် အဝတ်အစား လျှော်ဖွပ်ပေးရန်နှင့် သူကျောင်းသွားရန် လိုအပ်သည့် ပစ္စည်းများ ပြင်ဆင်ပေး၏။ ဝမ်လော့ရှန်းသည် ထိုကိစ္စအသေးအမွှားများကို စိုးရိမ်ပူပန်ရန် မလိုအပ်ချေ။

ဆုဝန်က ဝမ်လော့ရှန်းအတွက် ထိုကိစ္စရပ်များကို လုပ်ခွင့်မပေးပေ။ 

သွေးပေနေသော လက်များဖြင့် ယုန်တစ်ကောင်ကို မီးဖိုချောင်ထောင့်ထဲတွင် ထိုင်လျက် ဖြေရှင်းနေသော ဆုဝန်ကို မြင်သောအခါ ဝမ်လော့ရှန်းက မျက်မှောင်ကျုံ့သွား၏။

အဝတ်အစား ဟောင်းနွမ်းနေလျက် အသားညိုညို ကြမ်းကြမ်းတမ်းတမ်းရှိသည့် ကျေးတောသူက သူ၏ သတို့သမီးလောင်း ဖြစ်သည်။

လွန်ခဲ့သည့် ၃နှစ်တုန်းက ဝမ်မိသားစုက ဆင်းရဲခဲ့ပြီး ဝမ်မိသားစု၏ ဖခင်က ဝမ်လော့ရှန်း ဇနီးတစ်ယောက် မရှာနိုင်မှာကို စိုးရိမ်ခဲ့၏။ ထို့ကြောင့် သူသည် ထိုစဥ်က ဆုဝန်ကို သတို့သမီးလောင်းအနေဖြင့် ဝယ်ယူခဲ့၏။

ဟောင်းနွမ်းနေသည့် အဝတ်အစားများ ဝတ်ထားသည့် ဆုဝန်ကို မြင်သောအခါ ဝမ်လော့ရှန်း၏ စိတ်ထဲ၌ အတွေးတစ်ချက်သာ ရှိသည်။ 

သူ့ယခင်ဘဝ၌ ဆုဝန်ကြောင့်သာ မဟုတ်လျှင် သူ၏ဘဝက ပြီးပြည့်စုံနေလိမ့်မည်။ သူနှင့် ယန်ယွင်ရန်တို့က တစ်ယောက်နှင့်တစ်ယောက် ချစ်မြတ်နိုးခဲ့ကြ၏။ သို့သော် ဆုဝန်ကြောင့် ယန်ယွင်ရန်သည် ကိုယ်လုပ်တော်တစ်‌ယောက်သာ ဖြစ်ခဲ့သည်။ 

ယန်ယွင်ရန်နှင့် ယှဥ်နိုင်ရန်အတွက် လျစ်လျူရှုထားခံရသော ဆုဝန်သည် သူ၏ အသက်မွေးဝမ်းကျောင်းနှင့် မိသားစုကိစ္စကို ရောထွေးကာ ပြဿနာများစွာ ဖြစ်ပေါ်စေခဲ့၏။ 

ကဗျာစာပေတော်ပြီး စာအုပ်စာပေ ဖတ်ရှုတတ်သည့် ယန်ယွင်ရန်ကသာ တရားဝင်ဇနီးသည် ဖြစ်လာပြီး ထိုကိစ္စများကို ဖြေရှင်းပေးခဲ့မည်ဆိုလျှင် ဤအရာများက ချောမွေ့နေလိမ့်မည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က ဝမ်လော့ရှန်းသည် သူက ဆုဝန်ကို လက်မထပ်ရသေးသည့် အချိန်၌ ပြန်လည်မွေးဖွားလာ၏။ သူက ပညာသင်သားတစ်‌ယောက် ဖြစ်ခါစဖြစ်သည်။

သူပြန်လည်မွေးဖွားလာမှုကို သဘောပေါက်သွားပြီးနောက် ဝမ်လော့ရှန်း တွေးမိသည့် ပထမဆုံးအရာမှာ ဤဘဝ၌ ဆုဝန်ကို ဖယ်ရှားရမည် ဆိုတာပဲ ဖြစ်သည်။ 

ဆုဝန်က သူ၏ သတို့သမီးလောင်း မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ကြေညာထားရမည်ဖြစ်ကာ ဆုဝန်ကို ယခင်ဘဝ၌သာ သတို့သမီးလောင်းအနေဖြင့် မှတ်ယူခဲ့တာဖြစ်သည်။ 

ဆုဝန်က ယုန်ကလီစာများကို ရှင်းပြီး သူ့ရှေ့ရှိ ရေဇလုံထဲတွင် ယုန်ကို ထည့်ကာ ဆေးကြောနေ၏။ ဆုဝန်ထလာတာကို မြင်သောအခါ ဝမ်လော့ရှန်းက  နောက်သို့ ၂လှမ်း အမြန်ဆုတ်လိုက်ပြီး သူ့လက်ထဲရှိ ဇလုံကို တင်းကျပ်စွာ ဖက်တွယ်ထားလိုက်၏။

“မဟုတ်ဘူး။ င့ါဘာသာငါ လုပ်လိုက်မယ်”

ဝမ်လော့ရှန်း၌ ဂုဏ်ယူဝံ့ကြွားသော အမူအရာနှင့် ရွံရှာနေသော သဘောထားရှိသည်။ 

 ပုံမှန်ဆို သူသည် ဆုဝန်ကို စကားမပြောချင်ပေ။ ထို့ကြောင့် ဆုဝန်သည် မျက်နှာသစ်ပေးရန် အဝတ်လျှော်ဖွပ်ပေးရန် အခန်းသန့်ရှင်းရေး လုပ်ရန် ဆင်ခြေများကို သုံးပြီး သူ့နားကပ်ရန် ကြိုးစားလေ့ရှိ၏။

ဆုဝန် သူ့ကို သဘောကျမှန်း ဝမ်‌လော့ရှန်း သိ၏။ သို့သော်  ထိုကြိုက်နှစ်သက်မှုက ဝမ်လော့ရှန်းအား ဆုဝန်ကို ပိုတောင် ရွံရှာစိတ်သာ ဖြစ်စေသည်။ 

ဆုဝန်က လမ်းလျှောက်တာ ရပ်လိုက်သည်။ သူသည် ဝမ်လော့ရှန်းအတွက် ရေမကြို‌ပေးချင်ပေ။ သူက ယုန်ကို ရေဖြင့် ဆေးကြောချင်ရုံသာ ဖြစ်သည်။

ထို့အပြင် ဝမ်‌လော့ရှန်း၏ တုံ့ပြန်မှုက သူမက ရှေ့သို့တိုးပြီး သူ့လက်ထဲရှိအိုးကို  လုယူတော့မည့်သယောင် ဖြစ်နေသည်။  

ဆုဝန်က ထောင့်ရှိ ခုံပုလေးပေါ်တွင် ပြန်ထိုင်လိုက်သည်။ 

ဝမ်‌လော့ရှန်းက ရေစင်ဆီသို့ လျှောက်လာပြီး ဇလုံထဲသို့ ရေအေး၂ခွက် လောင်းထည့်လိုက်သည်။ ပြီးနောက် ရေနွေးအိုးကို ဖွင့်ကာ ရေပူများနှင့် ရောလိုက်၏။ 

ဤရေနွေးကို မနက်တုန်းက ဆုဝန် တည်ထားတာဖြစ်၏။ ဝမ်မိသားစု ဆေးကြေားရေးနှင့် သောက်သုံးရေ အဆင်ပြေဖို့ရာ ဆုဝန်သည် မနက်တိုင်း စောစောထပြီး ဝမ်မိသားစု အသုံးပြုရန်အတွက် ရေနွေးတစ်အိုး တည်ပေး၏။

ဝမ်လော့ရှန်း ရေဇလုံဖြင့် ထွက်လာသောအခါ သူက ဆုဝန်ဘက် လှည့်ပြောလိုက်၏။

“အခုကစပြီး မင်း ငါ့ကိစ္စတွေကို စိတ်ပူစရာ မလိုတော့ဘူး။ မနှောင့်ယှက်နဲ့” ပြောပြီးချိန်တွင် ဝမ်လော့ရှန်းက ရေဇလုံဖြင့် အမြန်ထွက်သွားပြီး ဆုဝန်နှင့် တစ်ခန်းထဲတွင် တစ်စက္ကန့်လေးတောင် ထပ်မနေချင်တော့ပေ။ 

ဝမ်လော့ရှန်းက မျက်နှာသစ်ပြီးနောက် သူသည် အိပ်ရာပေါ်တွင်လှဲကာ ယန်ယွင်ရန်၏ ချိုသာသော အပြုံးကို တွေးနေမိသည်။

ပြန်လည်မွေးဖွားလာပြီးနောက် ဝမ်‌လော့ရှန်းသည် ယန်ယွင်ရန်ကို သွားရှာခဲ့ပြီး ယန်ယွင်ရန်နှင့် အနာဂတ်အကြောင်း ပုံဖော်နေခဲ့ကာ ယန်ယွင်ရန်ဆီသို့ သူ၏ နှလုံးသားထုတ်ပြခဲ့သည်။ သူမကလည်း သူ့ကို တကယ်သ‌ဘောကျသည်။

ဝမ်လော့ရှန်းက ယန်ယွင်ရန်ကို တောက်ပသည့် အနာဂတ်တစ်ခု ပေးမည်ဟု ကတိပေးခဲ့သည်။ ဝမ်လော့ရှန်းက သူ့မိသားစု၏ စီးပွားရေးက ‌နေ့စဥ်နှင့်အမျှ တိုးတက်နေပြီး သူသည်လည်း စာသင်သားတစ်ယောက်၏ ဂုဏ်သတင်း ရရှိခဲ့ပြီဖြစ်ကြောင်း ပြောခဲ့၏။ သူက ယန်ယွင်ရန်ကဲ့သို့ ဗဟုသုတ ကြွယ်ဝပြီး ကျိုးကြောင်းသင့်သော လူတစ်ယောက်ကို အိမ်သူအဖြစ် ရခဲ့မည်ဆိုလျှင် နောင်ကျ သူ၏ မိသားစုသည် စီးပွားရေးနှင့် မူးမတ်ဘဝတွင်ပါ ချောမွေ့စွာ ဆောင်ရွက်နိုင်လိမ့်မည်။ 

ဝမ်လော့ရှန်း၏ စကားများက ယန်ယွင်ရန်ကို သွေးများဆူပွက်စေခဲ့သည်။ သူမက ချင်းယွင်းကောင်တီ၌ အရည်အချင်းရှိသည့် အမျိုးသမီးအဖြစ် လူသိများသည်။ ထို့ကြောင့် ကိစ္စရပ်များ ဖြစ်လာအောင် ဆောင်ရွက်နိုင်ဖို့ အခြားလူများကို ပံ့ပိုးပေးနိုင်သည့် အရည်အချင်း ရှိရမည်။

ထို့အပြင် ဝမ်‌လော့ရှန်းက ချောမောခံ့ညားပြီး တောက်ပသော အနာဂတ်ရှိနေ၏။ ထို့ကြောင့် သူသည် လူကောင်းတစ်ယောက်ဆိုတာ သံသယဖြစ်ဖွယ် မရှိပေ။ 

ထိုနေ့၌ ဝမ်လော့ရှန်းနှင့် ယန်ယွင်ရန်တို့သည် တစ်ယောက်ခံစားချက်ကို တစ်ယောက် ထုတ်ပြခဲ့သည်။ 

ဆုဝန်က ရေဆေးနေသောအသံသည် ဝမ်‌လော့ရှန်း၏ နားထဲရောက်လာပြီး သူ၏ အတွေးများကို နှောင့်ယှက်လိုက်သောကြောင့် သူမျက်မှောင်ကျုံ့မိသွားသည်။ 

အိမ်အလုပ်သာ လုပ်တတ်သည့် ဆုဝန်နှင့် ဗဟုသုတ ကြွယ်ဝပြီး သိတတ်သော ယန်ယွင်ရန်ကို ယှဥ်ကြည့်လျှင် တစ်‌ယောက်သည် မြေပြင်ပေါ်ရှိ ဘဲတစ်ကောင်ဖြစ်ပြီး ကျန်တစ်ယောက်က ကောင်းကင်ထဲရှိ ငန်းဖြူလေးပဲဖြစ်သည်။ 

ဝမ်လော့ရှန်းသည် ဆုဝန်ကို ရွံ့ရှာစက်ဆုပ်မှုများဖြင့် အိပ်ပျော်သွားတော့သည်။ 

ဆုဝန်သည် မနက်ဖြန်ကျ ဧည့်သည်များကို ဖျော်ဖြေဖို့ ပြင်ဆင်ထားပြီး သူမ၏ ယိုယွင်းနေသော သစ်သားခုတင်လေးဆီ ပြန်လာခဲ့သည်။

သူမ အခန်းထဲ ဝင်လိုက်သည်နှင့် သူမ အိပ်ရာပေါ်၌ အိတ်သစ်တစ်လုံးကို တွေ့လိုက်ရသည်။ ယင်းက ဝမ်လော့ရွှယ်၏ အဝတ်အစားသစ်များ ဖြစ်ပြီး ၎င်းအပေါ်၌ ပြုတ်နီပန်းများ ချည်ထိုးထားခဲ့ကြောင်း ဆုဝန်သိလိုက်သည်။

လွန်ခဲ့သည့် ၂နှစ်၌ ဝမ်‌လော့ရွှယ်၏ အဝတ်အစားပေါ်ရှိ ချည်များအားလုံးကို ဆုဝန် ပန်းထိုးပေးထားတာပဲ ဖြစ်သည်။ ဝမ်မိသားစုက ယင်းကို အသားကျနေပြီဖြစ်၏။ ထို့ကြောင့် ဆုဝန်၏ ချည်ထိုးပန်းထိုးသည် ငွေကုန်ကြေးကျ မရှိယုံမျှမက ဆိုင်ရှိ ပန်းထိုးလက်ရာများထက် ပိုကောင်းသည်။

ဆုဝန်က ဝမ်လော့ရွှယ်၏ အဝတ်အစားများကို ပန်းထိုးရန် မယူခဲ့ဘဲ ဗီရိုထဲကနေ သူမ ကိုယ်ပိုင်အဝတ်အစားကိုသာ ထုတ်လိုက်သည်။ 

ဆုဝန်၌ သူမကိုယ်ပေါ်ရှိ အဝတ်အစားအပါအဝင် အဝတ်၂စုံသာ ရှိပြီး အဝတ်တစ်စုံက အပြာရောင် တစ်စုံက မီးခိုးရောင်ဖြစ်ပြီး အလွန်ရိုးရှင်းသည်။ 

ထိုအဝတ်အစားများက အလွန်ချောင်နေပြီး ဆုဝန်ထက် ၂ဆကြီးသည်။

ဝမ်‌လော့ရှန်း၏ မိခင်ဖြစ်သူ ဝမ်အမျိုးသမီးသည် ဆုဝန်အတွက် ပိုကြီးသည့် အဝတ်အစားများ ဝယ်ရန် တွေးခဲ့၏။ သို့မှသာ ဆုဝန်သည် ၎င်းတို့ကို နှစ်ပေါင်းများစွာ ဝတ်နိုင်မှာ ဖြစ်ပြီး သူမသည် နောင်ကျ ဆုဝန်အတွက် အဝတ်အစားများ ဝယ်ပေးရန် မလိုတော့မှာ ဖြစ်သည်။ 

ဆုဝန်က ဆီမီးအိမ်ကို ထွန်းလျက် အပ်နှင့်အပ်ချည် ကတ်ကြေးများ ပေတံများကို ထုတ်ပြီးနောက် အိပ်ရာပေါ်တွင် အဝတ်အစားကို ဖြန့်ပြီးတိုင်းကာ သူမကိုယ်ပိုင် အရွယ်အစားအတိုင်း ညှပ်ထုတ်လိုက်ပြီး အဝတ်အစားချုပ်တော့သည်။

ဆုဝန်က ဝမ်‌လော့ရှန်း၏ ဇနီးဝမ်ရှီးဝင်လာတာကို မြင်သောအခါ သူမအဝတ်အစားလဲဖို့သာ အာရုံစိုက်နေတာဖြစ်သည်။

ဝမ်အမျိုးသမီးသည် မီးအိမ်ကို ဒေါသတကြီး မှုတ်ထုတ်လျက် ကျိန်ဆဲလိုက်တော့သည်။ 

“နင် သေတော့မှာပဲ။ တကယ် မီးအိမ်ထွန်းနေတယ်ပေါ့။ ဆီမကုန်ဘူးများထင်နေလား။ ငါတို့ ဝမ်မိသားစုက နင့်ကို တကယ်အကြွေးတင်နေတာပဲ”

မှောင်နှင့်မည်းမည်းတွင် ဆုဝန်က ရှင်းပြလိုက်၏။

“မနက်ဖြန်ကျ ဒီအဝတ်အစားကို လော့ရွှယ် ဝတ်ဖို့လိုတယ်။ ဒီည ပန်းထိုးမှရမှာ”

ဝမ်အမျိုးသမီးသည် ကမန်းကတန်းဝင်လာသောကြောင့် ဆုဝန်၏ လက်ထဲ၌ မည်သူ့အဝတ်အစား ကိုင်ဆောင်ထားမှန်း မသိပေ။ ယခုအချိန်တွင် မီးငြိမ်းပြီးဖြစ်သောကြောင့် ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ပေ။ 

ဝမ်အမျိုးသမီးသည် သူမက ဝမ်လော့ရွှယ်၏ အဝတ်အစားများကို ပန်းထိုးပေးနေကြောင်း ကြားသောအခါ မနက်ဖြန်ကျ ဝမ်လော့ရွှယ်သည် ဂုဏ်သရေရှိ ဧည့်သည်လာမည် ဖြစ်သောကြောင့် ကောင်းကောင်းမွန်မွန် ဝတ်စားရမည်မှန်း သဘောပေါက်လိုက်၏။

မနက်ဖြန်ကျ အိမ်တွင် လာရောက်စားသောက်မည့် သူမသား၏ စာသင်ဘက်က ချင်းယွင်ကောင်တီ၌ အချမ်းသာဆုံးသူဌေး၏ သားဖြစ်သည်။ 

ဝမ်‌လော့ရွှယ်သည် အချမ်းသာဆုံး မိသားစု၏သားနှင့် ချစ်ကြိုက်သွားပြီး နောင်ကျ သူနှင့်လက်ထပ်နိုင်ခဲ့မည် ဆိုလျှင် ဂုဏ်တက်ပြီးရင်း တက်နေလိမ့်မည်။

ဝမ်လော့ရွှယ်၏ အဝတ်အစားများကို ချည်ထိုးနေတာမှန်း သိပြီး ဝမ်အမျိုးသမီးက ဆုဝန်ကို မီးထွန်းခွင့် ပေးလိုက်တော့သည်။ 

ဆုဝန်က မီးညှိလိုက်သည့် အချိန်၌ သူမလက်ထဲ ဝမ်လော့ရွှယ်၏ အဝတ်အစားများကို ယူလိုက်၏။ ပြီး‌နောက် ဝမ်လော့ရွှယ်၏ အဝတ်ကို ယူကာ သူမအဝတ်ကို ကာထားလိုက်သည်။ ထို့ကြောင့် ဝမ်အမျိုးသမီးက သံသယ မဝင်တော့ပေ။

အပြင်သို့ မသွားခင် ဝမ်အမျိုးသမီးက ပြန်လှည့်လာပြီး ဆုဝန်၏ မီးအိမ်ကို အမှောင်ဘက်ခြမ်းသို့ လှည့်လျက်ပြောလိုက်သည်။ 

“သိပ်လင်းဖို့ မလိုဘူး”

ဝမ်အမျိုးသမီး ထွက်သွားပြီးနောက် ဆုဝန်က မီးအိမ်ထွန်းလျက် ဝမ်လော့ရွှယ်၏ အဝတ်အစားကို ဖယ်ကာ သူမအဝတ်ကို စချုပ်တော့သည်။ 

ဆုဝန်က ချည်အရောင်တူတူဖြင့် ညှပ်ထားသည့် အဝတ်စကို ပြန်ချုပ်ပြီးနောက် အဝတ်မှ အစများကို ဖယ်ရှားလိုက်သည်။ ထို့အပြင် သူမသည် အစောတုန်းက ဖြတ်ထားသည့် ချည်ထည်အပိုများကို သုံးပြီး အိပ်ကပ်အနေဖြင့် သုံးရန် ပန်းပွင့်အချပ်လေးများအဖြစ် ညှပ်လိုက်သည်။ ထို့နောက် ချည်ထိုးလျက် ပွင့်ချပ်များထိုးကာ ရိုးတံလေးပါထိုးလိုက်၏။ အဝတ်စပေါ်ရှိ အပေါက်များကို ပွင့်ချပ်များဖြင့် ဖြည့်လိုက်တော့သည်။ 

သူမ အဝတ်အစားများကို လှပသေသပ်စွာ လုပ်ပြီးနောက် အိပ်ပျော်သွားတော့သည်။ 

နောက်နေ့နံနက်၌ ဝမ်လော့ရွှယ်က အိပ်ရာထချိန်တွင် တံခါးမခေါက်ဘဲ ဆုဝန်၏ အခန်းထဲသို့ လျှောက်လာပြီး သူမက ပြောလိုက်တော့သည်။ 

“ငါ့ အဝတ်အစားတွေ ဘယ်မှာလဲ။ ပန်းထိုးထားတာ ဘယ်လိုလဲ” ဆံပင်ဖြီးနေသော ဆုဝန်က ဝမ်‌လော့ရွှယ် ကမူးရှူးထိုးနှင့် ဝင်လာတာကို မြင်သောအခါ မျက်မှောင်ကျုံ့မိသွားသည်။ 

ဆုဝန်က အိပ်ရာရှေ့ရှိ ခွေးခြေကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

“အခန်းထဲ မဝင်ခင် တံခါးခေါက်ရမယ်”

ဝမ်လော့ရွှယ်သည် အနည်းငယ် အံ့သြသွားသည်။ ဆုဝန်သည် သူမကို ဤသို့ တစ်ခါမှ မဆက်ဆံဖူးသောကြောင့် ဖြစ်သည်။ ဝမ်လော့ရွှယ်က ဆုဝန်ကို ခက်ထန်စွာ ကြည့်ပြီးနောက် ပြောလိုက်သည်။

“ဒါ ငါ့အိမ် ငါကြိုက်သလို လုပ်လို့ရတယ်”

ဝမ်လော့ရွှယ်သည် စကားပြောနေစဥ် ဆုဝန်၏ အိပ်ရာရှေ့ရှိ ခွေးခြေပေါ်ရှိ အထုပ်ကို ယူလိုက်၏။

အဝတ်အစားများကို ထုတ်လိုက်သည့် အချိန်တွင် ဝမ်လော့ရွှယ်က မယုံနိုင်စွာ မျက်စိပွတ်လိုက်သည်။ သူမ ထင်ထားသကဲ့သို့ အဝတ်အစားပေါ်၌ ကြော့ရှင်းပြီး တစ်မူထူးကဲသော ပန်းထိုးလက်ရာများ မရှိပေ။ အဝတ်အစားသည် သူမသယ်လာစဥ်က ကဲ့သို့သာ ဖြစ်နေသည်။ 

“ဆုဝန်”

ဝမ်လော့ရွှယ်က ဒေါသထွက်သွားတော့သည်။

“ဘာတွေဖြစ်နေတာလဲ”

ဆုဝန်က တည်ငြိမ်စွာပြောလိုက်သည်။ 

“အဒေါ်ဝမ်က ငါ့ကို ဆီမီးအိမ် အကြာကြီးထွန်းခွင့် မပေးဘူးဆိုတာ နင်သိသားနဲ့”

ဝမ်လော့ရွှယ်က နင်သွားတော့သည်။

ဆုဝန်သည် ဆီမီးအိမ်ကို အချိန်အကြာကြီး သုံးခွင့်မရှိတာ မှန်ပေသည်။ ဒါပေမယ့် ပန်းထိုးတာက တူနိုင်ပါ့မလား။ ဝမ်လော့ရွှယ်က ဝမ်အမျိုးသမီးကို ဒေါသတကြီး သွားရှာတော့သည်။

သားအမိ ၂ယောက်လုံးက တစ်ယောက်ကို တစ်ယောက် အပြစ်ဖို့နေသောကြောင့် ၂ယောက်လုံး ရှင်းရှင်းလင်းလင်း မပြောနိုင်ကြပေ။

ဝမ်လော့ရွှယ်က ဒေါသထွက်လွန်းသောကြောင့် မြစ်ထဲသို့ ခုန်ချချင်သွားသည်။ ဝမ်လော့ရှန်းက ဆူညံသံများကြောင့် နိုးလာ၏။ နေရောင်ကို မြင်သောအခါ မိုးလင်းနေပြီမှန်း သိလိုက်၏။ သူနောက်ကျတော့မည်မှန်း သိလိုက်၏။

 ဝမ်လော့ရှန်း အိပ်ရာထရန် ဆုဝန်က အမြဲတမ်း နှိုးတတ်သည်။ သို့သော် ယနေ့တွင်မူ ဝမ်လောရှန်း၏ တောင်းဆိုချက်အရ ဆုဝန်သည် သူ့ကိစ္စများကို လျစ်လျူရှုထားလိုက်၏။ ဝမ်လော့ရှန်း ပထမဆုံးအကြိမ် နောက်ကျတာပဲ ဖြစ်သည်။ 

ဝမ်‌လော့ရှန်းက သူအဝတ်အစား အမြန်လဲဝတ်လျက် ဖိနပ်စီးကာ ထွက်သွားပြီး မျက်နှာတောင်မသစ် မြစ်ထဲ ခုန်ချချင်နေသည်။ ဝမ်အမျိုးသမီးကိုလည်း  မကြည်တော့ပေ။ 

ဝမ်ရှီးက ခါတိုင်းလိုပင် ဆုဝန် သူ့ကို လာတားမှာကို စောင့်နေခဲ့၏။ သို့သော် စောင့်နေသော်ငြား ဆုဝန်က လာမတားပေ။ ဝမ်ရှီးက အနေခက်စွာ ရပ်တန့်လျက် ဂရုတစိုက် စဥ်းစားကြည့်ပြီးနောက် သားအမိ၂‌ယောက် စကားများရခြင်းမှာ ဆုဝန်၏ အမှားများဖြစ်မှန်း သိလိုက်၏။

ဝမ်ရှီးက ဆုဝန်ကို စတင် ကျိန်ဆဲတော့၏။

ဆုဝန်က မလှုပ်ရှားဘဲ ဝမ်ရှီးကို ဧည့်သည်များအတွက် ကြက်သားတချို့နှင့် တိုဟူးဝယ်ရန်သာ ပြောလိုက်၏။

ကောင်တီ၏ အစွန်းရှိ ဈေးသို့ မနက်ခင်း၌ မသွားလျှင် နောက်ကျသွားလိမ့်မည်။ 

မနက်ခင်းရှိ ဟင်းလျာများက ပိုစျေးချို၏။ ဝမ်အမျိုးသမီးသည် သူမ နောက်ကျပါက ပိုက်ဆံပိုသုံးရမည်ကို စိုးရိမ်သောကြောင့် ဆုဝန်ကို ကြိမ်းမောင်းရန် ဂရုမစိုက်တော့ဘဲ ခြင်းတောင်းကို အမြန်ဆွဲကာ ထွက်သွားတော့သည်။ 

ဝမ်လော့ရွှယ်သည်က သွမ့်ကျင်းထျန်၏ ရှေ့တွင် တောက်ပနိုင်တော့မှာ မဟုတ်မှန်း တွေးလိုက်မိပြီးနောက် ဒေါသလည်းထွက် စိုးရိမ်ပူပန်နေပြီး  နှာတရှုံ့ရှုံ့ဖြင့် ငိုတော့သည်။

ဝမ်လော့ရွှယ်က ဆုဝန်ကို ပြောလိုက်သည်။ 

“နင် ငါ့ကို ဒီလို ဆက်ဆံတာ ငါ့အစ်ကိုကို ပြောလိုက်မယ်။ နင့်ကို လျစ်လျူရှုထား။ သူပြန်လာပြီး နင့်ကို ကန်ထုတ်မှာကို စောင့်နေလိုက်”