Chapter-6
Viewers 332

ကောင်းကျိုးမပေးသော သမီးပျို

အပိုင်း (၆)


    လက်ဝါးအရွယ်ရှိ အမှတ်အသားမှာ နီဝင်းနေတဲ့ အရာတစ်ခု ပေါ်ပေါက်လာတာကို ထင်ရှားစွာ တွေ့နေရပါတယ်။ဒီအနီမှတ်ဟာ လက်သန်းလက်သည်းရဲ့ လေးပုံတစ်ပုံစာပဲ ရှိသော်လည်း သူမရဲ့ ပထမတားမြစ် အမှတ်ပျက်ပြယ်သွားလို့ဆိုတာကတော့ ဖော်ပြနေပါတယ်။


    "အခုငါက အတွင်းအား ဒါမှမဟုတ် မှော်အစွမ်းကို လေ့ကျင့်လို့ရနိုင်ပြီပေါ့။ရှူက ရှင်းအောင်လည်းပြောမသွားဘူး"


    ရှူရဲ့အကြောင်းဘာမှ မသိပေမယ့် အဲ့ဒီ မိစ္ဆာဆိုသူဟာ ပေါ့သေးသေးမဟုတ်မှန်းကို သူမ၏အတွင်းစိတ်ကနေ လက်ခံယုံကြည်နေပါတယ်။သနားစရာကောင်းတာတစ်ခုကသူမဟာ ဒီလောကအကြောင်းကို ဘာမှနားမလည်တဲ့အပြင် အတွင်းအားနဲ့မှော်ပညာ အကြောင်းကိုလည်း နကန်းတစ်လုံးမှ နားမလည်ပါဘူး။


    "မင်းသာ သဘောကျရင် နှစ်မျိုးလုံးကို သင်ယူလေ့ကျင့်တာကို လုပ်နိုင်ပါတယ်"ဟူသော ရှူ၏ အေးခဲနေသော အသံက ရှန်ယန်ရှောင်ရဲ့ ခေါင်းထဲမှာ ပေါ်ထွက်လာပါတယ်။


    ရှန်ယန်ရှောင်ဟာ ရှူပြောတဲ့စကားရဲ့ ဆိုလိုရင်းကို တွေးတောလိုက်ပါတယ်။


    အဲ့လိုက ဖြစ်နိုင်သလား.......


    အရင်က ရှူပြောခဲ့တာတွေက ရှင်းလင်းမှုမရှိခဲ့ဘဲ သူမအနေနဲ့ အတွင်းအားနဲ့မှော်ပညာ အနက်က တစ်ခုကိုပဲ လေ့ကျင့်သင်ယူနိုင်တာလိုလို ပြောဆိုခဲ့တာပါ။


    ဒိကိစ္စက တုန်လှုပ်စရာတစ်ခုပဲ


    သူမခန္ဓာကိုယ်ပိုင်ရှင်ရဲ့ မှတ်ဉာဏ်တွေအရ ဒီလောကက လူတွေအနေနဲ့ နှစ်ခုထဲက တစ်ခုကိုပဲ ရွေးချယ်ရတာပါ။အတွင်းအားလေ့ကျင့်ဖို့ သင့်တော်တဲ့လူတွေဟာ ရုပ်ပိုင်းဆိုင်ရာကို လေ့ကျင့်ဖို့ အသား အရိုး အကြောတို့ကို သန်မာအောင်လေ့ကျင့်ရပြီးတော့ အတွင်းအားကို ထားရှိရမယ့်နေရာတွေဖြစ်တဲ့ ဒန်တီယန်(dantian)ဟုခေါ်သော ကိုယ်အတွင်းပိုင်းရှိ ချက်တစ်ဝိုက် ရင်ညွန့်နေရာနဲ့ ဦးခေါင်းပိုင်းနေရာတွေမှာ အတွင်းအားစုထားဖို့ လေ့ကျင့်ရတာပါ။


    မှော်ပညာအတွက်ကလည်း သင့်တော်သော လူတွေဟာ ရုပ်ပိုင်းဆိုင်ရာမှာ သန်မာမှုမရှိပေမယ့် စိတ်စွမ်းအားသန်မာသူတွေ ဖြစ်ပြီး ဓာတ်သဘာဝတွေကို ထိန်းချုပ်စေခိုင်းနိုင်သူတွေ လေ့ကျင့်သင်ကြားကြတာပါ။


    လောကကြီးက မျှတစွာနဲ့ သန်စွမ်းတဲ့ခန္ဓာကိုယ်ပိုင်ရှင်ကို မက်လောက်စရာ စိတ်စွမ်းအားမပေးလိုက်သလို စိတ်စွမ်းအားပိုင်ရှင်တွေကိုလည်း သန်စွမ်းတဲ့ကိုယ်လုံး မပေးခဲ့ပါဘူး။အဲ့ဒီတော့ ကွမ်းမင်တိုက်မှာ နှစ်ရာချီကြာသည့်တိုင်အောင် ဘယ်သူမှ အတွင်းအားရော မှောပညာကိုရော ပေါင်းပြီး လေ့ကျင့်တတ်စွမ်းသူ မပေါ်ပေါက်ခဲ့ပါဘူး။အဲ့ဒါတင်မကသေးတာက တစ်ယောက်ယောက်ဟာ အဆင့်တစ်ခုအထိ ရောက်ချင်တယ်ဆိုပါကလည်း တစ်ခုတည်းကိုပဲ အာရုံစိုက်လေ့ကျင့်သွားဖို့ အင်မတန်လိုအပ်ပါတယ်။ပညာတစ်ခုအပေါ်မှာ တိုးတက်မှု ရရှိချင်လျှင် အချိန်ပေးဖို့လိုသလို အားထည့်လေ့ကျင့်ဖို့လည်းလိုအပ်ပါတယ်။နှစ်ခုလုံးကို လေ့ကျင့်နိုင်သူပေါ်ထွက်ဖို့အသာထား နှစ်မျိုးလုံးကို တစ်ပြိုင်တည်း လေ့ကျင့်ချင်နေပါက ရူးနှမ်းနေလို့ပါပဲ။


    "ရှင်ပြောချင်တာက ကျွန်မအနေနဲ့ နှစ်မျိုးလုံးကို လေ့ကျင့်လို့ ရတယ်ပေါ့။ဒါပေမယ့်လည်း ကျွန်မက ဆယ့်လေးနှစ်ပြည့်နေတာတောင် ပညာရပ်နှစ်ခုလုံးအပေါ်မှာ ဘာမှ သိထားနားလည်ထားတာမှ မရှိတာ။နှစ်ခုလုံးကို လေ့ကျင့်နေချင်ရင် ကျွန်မကိုယ်ကျွန်မ ဒုက္ခရှာနေတာနဲ့ ဘာမှကွာမှာမဟုတ်ဘူးလေ"


    ရှန်ယန်ရှောင်ကို စိတ်ဓာတ်ကျစေတာတစ်ခုက ကွမ်းမင်တိုက်ပေါ်မှာ ပညာရပ်တစ်ခုကို ရွေးချယ်လေ့ကျင့်သူတွေဟာ သိတတ်နားလည်တတ်စတည်းက စတင်လေ့ကျင့်သင်ကြားခဲ့ကြပေမယ့် သူမကတော့ အခုအရွယ်ထိ ဘာမှသိရှိနားလည်ထားခြင်း မရှိသေးတာကိုပါပဲ။အခုအချိန်မှ စလေ့လာမယ်ဆိုတာတောင် တော်တော်လေး နောက်ကျနေပါပြီ။နှစ်မျိုးလုံးကို သင်ယူမယ်ဆိုတာဟာ သူမကိုယ်သူမ လှေင်ပြောင်နေတာနဲ့မထူးပါဘူး။


    "မင်းအတွက် သင်ယူဖို့ ဖြစ်နိုင်ပါတယ်" ရှူရဲ့ အေးစက်စက် အသံက ထွက်ပေါ်လာပါတယ်။


    "မင်းခန္ဓာရဲ့ သန်စွမ်းမှုက တခြားဘယ်သူနဲ့မှ မတူဘဲကွဲပြားနေတဲ့အပြင် ငါ့အကူအညီနဲ့သာဆိုရင် ပြသနာတစ်ခုမှ ရှိမှာမဟုတ်ဘူး"


    ရှန်ယန်ရှောင် ပျော်ရွှင်သွားပါတယ်။ဘာလို့များ မိစ္ဆာဖြစ်သူ ရှူဟာ နက်နဲတဲ့ အစွမ်းရှိတာကို သူမ မေ့လိုက်မိပါလိမ့်။စိတ်ဝိဉာည်တစ်ခုတည်းနဲ့ တစ်ခြားလူတစ်ယောက်ကိုယ်မှာ ဆယ်နှစ်ကျော်ကြာအောင် နေထိုင်လာနိုင်သူတစ်ယောက်ဟာ သာမန်လူမဟုတ်တာ အသေအချာပါပဲ။


    နောက်ဆုံးမှာတော့ ရှန်ယန်ရှောင် အနေနဲ့ မည်သူ့အပေါ်မှ မှီခိုအားထားဖို့ မလိုတော့တာသေချာသွားသလို သူမအတွက် ဘာပြသနာမှ မရှိနိုင်တော့ပါဘူး။သူမကိုယ်သူမသာစွမ်းအားကြီးမားလာအောင် မလုပ်နိုင်ခဲ့ပါက ငတုံးမဆိုတဲ့ အမည်ကို သူမပုခုံးထက်မှာ ထမ်းတင်ထားပြီး တစ်ဘဝလုံးနေထိုင်သွားရတော့မှာက အသေအချာပါပဲ။


    အဲ့လိုနေဖို့ရာက သူမလိုချင်နေတဲ့ပုံစံတော့ မဟုတ်တာသေချာပါတယ်။


    "ရှင်က ကျွန်မကို အတွင်းအားနဲ့မှော်အတတ်ကို သင်ပေးမှာ ဟုတ်လားဟင်"ဟု ပြုံးလျက်မေးလိုက်ပါတယ်။


    "မင်းမှာ သင်ယူနိုင်စွမ်းရှိနေသရွေ့ ငါ့တစ်ဘဝလုံး သင်ယူတတ်မြောက်လာသမျှကို မင်းအတွက် ဒုတိယလက်ဆောင် အဖြစ် ပြန်သင်ပေးမှာပါ"လို့ပြောလိုက်တဲ့ ရှူရဲ့ အသံမှာဖြစ်တန်စွမ်းတွေ အကန့်အသတ်မဲ့စွာ ပါဝင်နေသော်လည်း အေးစက်စွာပြောဆိုပုံက ဒေါသထွက်စရာ ကောင်းလှပါတယ်။


    "အဲ့လိုဆိုရင်တော့ ကျွန်မဖက်ကတော့ ကျွန်မတို့နှစ်ယောက်လုံး ပျော်ရွှင်ကျေနပ်စွာ ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ ဆန္ဒရှိပါတယ်"လို့ ညစ်ကျယ်ကျယ်ပြုံးလိုက်ရင်း ပြောလိုက်ပါတော့တယ်။ရှူရဲ့ အစွမ်းအစနဲ့သာဆိုလျှင် သူမအနေနဲ့ သူမရဲ့လုပ်ဆောင်နိုင်မှုကြောင့် ငတုံးမတစ်ယောက်လို တစ်သက်လုံး နေထိုင်သွားစရာ လိုပါဦးမလား.........