Chapter (4)
Viewers 358

Chapter (4)

စာသင်ခန်း (၄)



ရုတ်တရတ် နှလုံးဆောင့်ခုန်ချက်ကြောင့် ယန်ကျစ်ချန် အိပ်ယာပေါ်မှ ဇတ်ခနဲ မျက်လုံးဖွင့်​ကြည့်လိုက်သည်။


အေးစက်နေသော ချွေးများကြောင့် သူ၏ နောက်ကျောတစ်ခုလုံး ရွှဲစိုသွားခဲ့ချေပြီ။ အလွန်အမင်း မောဟိုက်ထားသဖြင့် အသက်ပြင်းပြင်း ရှူပြီး မတ်တပ်ထရပ်ဖို့ပင် ရုန်းကန်နေရ၏။ 


'...ဘာဖြစ်တာလဲ'


ယန်ကျစ်ချန် သူ့ကိုယ်သူ ငုံ့ကြည့်လိုက်သည်။ သူသည် နေ့ခင်းဘက်၌ ဝတ်ထားခဲ့သည့် အနက်ရောင် တီရှပ်မဟုတ်​တော့ပဲ ညဝတ်အိပ် အင်္ကျီကို ဝတ်ထားဆဲ ဖြစ်​လေသည်။


'အိပ်မက်တစ်ခုပဲလား။'


အိပ်မက်သာ တကယ်ဖြစ်ခဲ့လျှင်...


သို့သော် အသေးစိတ် အချက်အလက်များက တကယ်မှန်နေ၏။ ကြောက်ရွံ့မှု၊ ထိတ်လန့်မှု၊ ပုပ်ပွနေသော လူသေအလောင်း၏ ရနံ့များကလည်း တကယ့်အဖြစ်မှန်ဟု သူ့စိတ်ထဲမှာ စွဲထင်နေသေးသည်။ 


အိပ်မက်ဆိုးမှ နိုးထလာရသည့် ဝေဒနာကြောင့် သူ့ခေါင်းက တဆတ်ဆတ် တုန်နေဆဲ။ ပခုံးများကို ပြင်းပြင်းထန်ထန် ပွတ်သပ်ပြီး ကုတင်ဘေးက ဖုန်းကို အလျင်အမြန် ဖွင့်​ကြည့်လိုက်သည်။ 


ကလပ်အဖွဲ့ချတ်ထဲ၌ ရုတ်ရုတ်သဲသဲများ ဖြစ်နေကြပြီ။ ကျန့်ယွိဟန်က အဖွဲ့ချတ်ထဲမှာ အော်ပြောနေ၏။ 


【မနေ့ညက မင်းတို့လည်း အဲဒီ့အိပ်မက်တွေ မက်ကြလား။ မင်းတို့ မက်ကြလား ? ]


ရွှီကျင့် : 【အင်း】 


ထို့နောက် ရွှီကျားရန်ကလည်း ခေါင်းညိတ်ပြသည့် အီမိုဂျီကို ပေးပို့ထားခဲ့သည်။


ကျန့်ယွိဟန် : 【ဒါဆို ငါ ရူးသွားတာ မဟုတ်ဘူးပေါ့ 】 


ခဏအကြာတွင် ရွှီကျားရန်မှ : [အားလုံးအဆင်ပြေရဲ့လား။]


ဝမ်ရှင်းယွီ : [ငါလည်း အဆင်ပြေတယ်။ အောက်ထပ်က သိုလှောင်ခန်းထဲမှာ ပုန်းနေတာ အိပ်ရာမထခင် ခဏလောက် စောင့်လိုက်ရတယ်။]


ကျန့်ယွိဟန် : [ငါလည်း ရုတ်တရက် နိုးလာတာ။ မင်းတို့ကော ဘယ်လိုလဲ။]


ရွှီကျားရန် : [ကျူးယန်ရဲ့ ခြေကျင်းဝတ်ကလွဲရင်ပေါ့ ငါတို့က အဆင်ပြေပါတယ်။]


သူက အိပ်မက်ကို ပြန်ပြောပြပြီး ယန်ကျစ်ချန်နှင့် ကျူးယန်တို့ကို မန်းရှင်းခေါ်ပေးလိုက်သည်- [အခု မင်းတို့ရော?]


ယန်ကျစ်ချန်က ပြန်ပြောသည်- [ခုမှ နိုးလာတာ အဆင်ပြေတယ်။]


သို့ပေမယ့် ကျူးယန်ဘက်မှ အကြောင်းမပြန်လာချေ။ 


ဝမ်ရှင်းယွီ စိတ်ပူလာသည်။ 


[@ကျူးယန် @ကျူးယန် @ကျူးယန် နင်ဘယ်မှာလဲ။ နင် အသက်ရှင်နေတယ်ဆိုရင် တစ်ခုခုပြောဦး။]


ကျူးယန်ဘက်၌ လုံးဝ တိတ်ဆိတ်နေသောကြောင့် အဖွဲ့ချတ်ကိုလည်း အပြည့်အ၀ ငြိမ်သက်သွားစေသည်။ 


ယန်ကျစ်ချန်သည် သူတို့ထွက်သွားချိန်၌ ကျူးယန်တစ်ယောက် စင်မြင့်အောက်မှာ ပုန်းနေခဲ့သည်ကို သတိရလိုက်၏။ ထိုကြားထဲ တစ်ခုခု တကယ်ဖြစ်သွားနိုင်သလား။


ရွှီကျားရန်သည် သူ၏ ဉာဏ်ရည်ဉာဏ်သွေးဖြင့် အဆုံးအဖြတ်တွင် ဝင်လုပ်နေခဲ့သည်- [ကျန့်ယွိဟန်! သူ မင်း သူ့ဘေးက အဆောင်မှာ ရှိနေတာကို ငါ မှတ်မိတယ်။ မင်းသူ့ကို သွားစစ်​ကြည့်လို့ရမလား။]


ကျန့်ယွိဟန် : [ဟင်? သူ့ကို စစ်ဆေးရမှာလား။ ငါ တံခါးခေါက်​ကြည့်လိုက်မယ်။]


ယန်ကျစ်ချန် ကုတင်ပေါ်မှ ထထိုင်လိုက်သည်။ တောက်ပသော နေရောင်သည် ပြတင်းပေါက်မှတစ်ဆင့် ဖြတ်ဝင်လာနေ၏။ အနှီ ပူနွေးသော အပူချိန်က သူ့ကို ခေတ္တမျှ စိတ်ရှုပ်သွားစေခဲ့သည်။


အဖွဲ့ချတ်ထဲတွင် ကျန့်ယွိဟန်တစ်ယောက် ကျူးယန်၏တံခါးကို ခေါက်ထားပြီးနောက် အခြေအနေ ပြန်ပြောပြသည်။ 


[ဘယ်သူမှ မဖြေဘူး။ ထွက်ပြေးသွားတာ ဖြစ်မယ်ထင်တယ်။]


[သူဘာလို့ ထွက်ပြေးတာလဲ။] ဝမ်ရှင်းယွီမှ ပဟေဠိဖြစ်စွာနှင့် : [ငါတို့အားလုံး အခု ဘာလုပ်ရမယ်ဆိုတာ မဆွေးနွေးသင့်ဘူးလား။]


ကျန့်ယွိဟန်မှ ပြက်ရယ်ပြုလျက်: [ပျင်းစရာကြီး။]


ယန်ကျစ်ချန်သည် ဖုန်းဖန်သားပြင်ကို စိုက်ကြည့်ရင်း သူ့နှလုံးသားထဲသို့ တိုးဝင်လာတော့မည့် အရိပ်အယောင်ကို တားဆီလိုက်သည်။


ကျူးယန် တစ်ယောက်တည်းကို ဒီအတိုင်းထားခဲ့မှာလား။


အကြောင်းတစ်ခုခုကြောင့် သူ့မှတ်ဉာဏ်သည် သူ ပုန်းနေခဲ့သော စာသင်ခန်း အပြင်ဘက်တွင် ရှုပ်ထွေးနေသော အနက်ရောင်ခြေရာများကို ပြန်လည် ပြသနေခဲ့ဆဲ။ နိုးလာစဥ်တွင်ပင် ကောက်ကွေးကာ ထပ်နေသော ထိုခြေရာများကို မှတ်မိနေသေးသည်။ ထိုစဥ်က သူတို့၏ ဦးတည်ရာကို ပိုင်းခြား၍မရခဲ့ပေ။ ၎င်းဟာ ထိုတံခါးဝတွင် အကြာကြီး ရပ်နေခဲ့မှန်းသာ သိရသည်။


ထိုအချိန်၌ ရွှီကျားရန်မှ စာထပ်ပို့လာသည်။ 


["ဒီည အတူတူနေကြရအောင်။"]


[“ဒီညမှာလည်း ဒီလိုမျိုး ထပ်ဖြစ်ရင် ကြောက်ရတယ်။ အနည်းဆုံးတော့ အတူတူရှိနေရင် တစ်ယောက်ကို တစ်ယောက် သတိပေးလို့ရတယ်။” ]


ရွှီကျင့်က ပထမဆုံး သဘောတူလာခဲ့သည် :["ဟုတ်ပြီ ဘယ်မှာလဲ။"]


ဝမ်ရှင်းယွီသည်လည်း :["ဟိုတယ်ရှာပြီး ညှစ်နေလိုက်ကြရအောင်။"]


ယန်ကျစ်ချန်လည်း သူ၏လက်ချောင်းများကို လှုပ်လိုက်ပြီး "အင်း" ဟု ပြန်စာဖြေလိုက်သည်။ 


အားလုံးသဘောတူကြပြီးပြီ ဖြစ်သောကြောင့် ကျန့်ယွိဟန်လည်း ကန့်ကွက်ခြင်း မရှိတော့ပေ။


["ကောင်းပြီ ငါတို့ဘယ်မှာတွေ့သင့်လဲ။"]



ရွှီကျားရန်သည် အချိန်မဆိုင်းဘဲ အခန်းကိုကြိုတင်စာရင်းသွင်းပြီး အဖွဲ့ချတ်ထဲသို့ လိပ်စာပို့ပေးလိုက်သည်။


ယန်ကျစ်ချန်လည်း လွယ်အိတ်နှင့် လက်တော့ပ်ကို ကိုင်ပြီး ထွက်ခွာသွားခဲ့သည်။ သူရောက်သောအခါ အခန်းထဲမှာ ရွှီကျားရန်တစ်ယောက်တည်း ရှိသေး၏။ တစ်ဖက်လူကလည်း လက်ပ်တော့ကိုင်ထားပြီး ယန်ကျစ်ချန် ဝင်လာတာကို မြင်တော့ ပြုံးပြလာသည်။ 


"တစ်ခုခုကြည့်နေတာလား။" 


“ဟုတ်တယ်။” ရွှီကျားရန် ခေါင်းညိတ်လိုက်သည်။


သူ့လက်က ကွန်ပြူတာစခရင်ကို ညွှန်ပြ​လေသည်။ ယန်ကျစ်ချန်လည်း အနီးကပ် ငုံ့ကြည့်လိုက်ရာ "ထောင်ရှင်း" ဟူသည့် တစ်စုံတစ်ယောက်နှင့် စကားပြောနေသည်ကို တွေ့လိုက်ရသည်။


ထောင်ရှင်း : [ငါလည်း မသိဘူး။ အဲဒီစာသင်ခန်းက နှစ်ပေါင်းများစွာ စွန့်ပစ်ခံထားရတာ။]


ထောင်ရှင်း : [သော့ကို ကိုင်ထားတဲ့ ကျောင်းသားကို မေးကြည့်တော့ သော့တောင် ဖုန်မှုန့်တွေ စုနေတာကြာပြီတဲ့ ဘယ်သူတွေ့လဲတော့ မသိဘူး။ ယုတ္တိနည်းအရတော့ ဘယ်သူ့ကိုမှ မပေးသင့်ဘူး။]


ရွှီကျားရန် : [အဲ့လိုလား ဒီစာသင်ခန်းရဲ့နောက်ကွယ်မှာ ဇာတ်လမ်းရှိလို့လား။]


ထောင်ရှင်း : [ငါလည်း သိပ်မသေချာဘူး။]


ရွှီကျားရန် : [တကယ်လား? [ငိုနေသည့်ပုံ] ငါတို့ ဒီမှာ ထူးဆန်းတဲ့အရာတွေ ကြုံ​နေရတယ်။ ငါတို့တကယ် လန့်နေပြီ။]


ထောင်ရှင်း : [အာ့ အာ့... ငါတကယ်မသိဘူး။]


"သူ တစ်ခုခု သိထားပုံပဲ။" ယန်ကျစ်ချန် မျက်မှောင်ကြုတ်လိုက်သည်။


"ဟုတ်တယ် သူက ကလပ် စာသင်ခန်းတွေကို တာဝန်ခံတာ။" ရွှီကျားရန်ကလည်း ခေါင်းညိတ်လိုက်သည်။ :"သူ ဒီရာထူးမှာ ရှိနေတာ နှစ်နှစ်ရှိနေပြီ။ ဒီစာသင်ခန်းက သာမန်မဟုတ်ဘူးဆိုတာ သိထားသင့်တယ် မဟုတ်ဘူးလား။"


စကားပြောနေစဥ် တစ်ယောက်ယောက် တံခါးလာခေါက်လေသည်။ ယန်ကျစ်ချန် ထကာ တံခါးဖွင့်လိုက်သည့်အခိုက် ဝမ်ရှင်းယွီနှင့် ရွှီကျင့်တို့ ဝင်လာကြ၏။ 


ဝမ်ရှင်းယွီသည် အခန်းထဲ ရောက်ရောက်ချင်း ညည်းညူတော့သည်။ သူမမျက်နှာမှာလည်း ပုံမှန်ထက်ကို ဖြူဖျော့သွား​ပြီ ဖြစ်သည်။ 


"ပင်ပန်းလို့ သေတော့မယ်။ အဲ့ကြောက်စရာကောင်းတဲ့ အိပ်မက်တွေကြောင့် ငါ့ခေါင်းတွေ ပေါက်ကွဲတော့မယ် ထင်တယ်။"


သူမ စကားပြောနေစဉ် ရွှီကျားရန်၏ ကွန်ပျူတာမှ ရုတ်တရက် တုန်ခါသွားသည်။ သို့နှင့် ယန်ကျစ်ချန်လည်း ငုံ့ကြည့်လိုက်သည်။


ထောင်ရှင်း : [ဟမ်... ငါ အဲဒါ... နည်းနည်းပဲ ကြားဖူးတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဖြစ်ခဲ့တာထင်တယ်။]


[အဲဒီစာသင်ခန်းက အစတုန်းက တွဲဖက်အထက်တန်းကျောင်းနဲ့ သက်ဆိုင်ပေမယ့် တစ်နေ့တော့ အတန်းထဲက လူတစ်ယောက် ရုတ်တရက် သေသွားခဲ့တယ်တဲ့ တချို့က အနိုင်ကျင့်မှုကြောင့်လို့ ပြောကြတယ်။ တချို့က အဲဒီလူကို အမြဲတမ်း သံသယဖြစ်နေတယ်လို့ ပြောကြတယ်။ ဘယ်လိုပဲပြောပြော လူကတော့ အသေဆိုးနဲ့ သေသွားတာ။]


[သူသေတုန်းက အားလုံး ပြီးသွားပြီလို့ပဲ ငါတို့ထင်တာပေါ့။ ဒါပေမယ့် အတန်းထဲက လူတွေအားလုံး ရုတ်တရက် တစ်ယောက်ပြီးတစ်ယောက် သေသွား​ကြတယ်။ လူတိုင်းက အဲဒီလူလိုပဲ သေသွားကြတာဆိုတော့ စာသင်ခန်းမှာ သရဲခြောက်တယ် ဆိုပြီး ကောလာဟလတွေ ပျံ့လာတယ်။]


[နောက်ပိုင်းမှာ လုံခြုံရေးအကြောင်းပြချက်ကြောင့် ကျောင်းက အတန်းတစ်ခုလုံးကို ပြန်လည်ဖွဲ့စည်းပြီး အဲ့စာသင်ခန်းကို ပိတ်လိုက်တယ်။]


'သရဲခြောက်တယ်...'


ယန်ကျစ်ချန် သူ့နှုတ်ခမ်းတွေကို ဖွဖွကိုက်ရင်း :"ဒီလိုဆိုရင် ငါတို့ စုံစမ်းကြည့်မှ တစ်ခုခုသိရတော့မှာ။"


"ဟုတ်တယ်။" ရွှီကျားရန်လည်း သဘောတူလိုက်သည်။


ယန်ကျစ်ချန်: "အတန်းကို ငါမှတ်မိတယ်။ အဲဒါက အထက်တန်း ဒုတိယနှစ်၊ တန်းခွဲ ၄" 


“ကောင်းပြီ။” ရွှီကျားရန်က ခေါင်းညိတ်လိုက်ပြီး ချက်ချင်း ရှာဖွေတော့၏။ 


"အထက်တန်း တန်းခွဲ၄၊ K University တွဲဖက်အထက်တန်းကျောင်း..."


သူတို့စကားပြောနေစဉ် ကျန့်ယွိဟန်လည်း ရောက်လာသည်။


"ကျူးယန် တကယ် မလာဘူးလား။"


ကျန့်ယွိဟန် ဘယ်ညာ လှည့်ပတ်ကြည့်နေ၏။


"သူထွက်​​ပြေးသွားတယ်​လို့​ နင်ပဲ ပြောတာမဟုတ်​ဘူးလား။"


ဝမ်ရှင်းယွီမှ သူ့ကို စိုက်ကြည့်နေလိုက်လေသည်။ ထိုအခါ ကျန့်ယွိဟန်သည် သူက 'ဘယ်လိုလုပ်သိမှာလဲ' ဟူသည့် သဘောဖြင့် ပခုံးတွန့်ပြသည်။


"တကယ် ထွက်ပြေးသွားတာလား ဘယ်သူကသိမှာလဲ။ အခုဘာလုပ်ဖို့ စီစဉ်ထားလဲ။"


သူစကားပြောနေစဉ်တွင် သူ၏မျက်လုံးများက ရွှီကျားရန်နှင့် ယန်ကျစ်ချန်ကို စိုက်ကြည့်လာသည်။


"ငါတို့ သူ့ကိုလိုက်ရှာနေတာ။" 


ရွှီကျားရန်သည် သဘောကောင်းသူ ဖြစ်လေသဖြင့် ချက်ချင်းပင် ပြောလိုက်သည်။ 


“ဪ…” ကျန့်ယွိဟန်သည် သူ့ပုခုံးများကို စိတ်တိုတို​​ဖြင့် ပွတ်သပ်ရင်း : "ငါတကယ်အိပ်ချင်နေပြီ။ ငါတစ်ရေးတစ်မော အိပ်တော့မယ်။"


သူက ပြောရင်း ကုတင်ပေါ် တက်သွား​လေသည်။ ယန်ကျစ်ချန်မှာ သူ့ကို ဂရုစိုက်​နေ​ဖို့ အလွန် ပျင်းလွန်းလှသဖြင့် ကွန်ပျူတာကိုသာ တပ်ဆင်လိုက်သည်။ ခေါင်းထဲ၌လည်း အထက်တန်း၊ တန်းခွဲ၄ကို ရှာရင်း တခြားအရာများကို တွေးနေခဲ့သည်။ 


အတိအကျပြောရလျှင် ယန်ကျစ်ချန် သရဲတစ္ဆေကို ပထမဆုံးမြင်ဖူးသည်မှာ ထိုအချိန်ကဖြစ်သည်။


အထက်တန်းကျောင်း ပထမနှစ်နှင့် ဒုတိယနှစ်ကြား နွေရာသီ၌ ဖြစ်ပါသည်။ ယန်ကျစ်ချန်သည် မွေးစားမိဘများ၏ အလုပ်အပြောင်းအလဲကြောင့် K​မြို့သို့ ပြောင်းရွှေ့​နေထိုင်ခဲ့သည်။ သူတို့ပြောင်းလာသည်နှင့် မိဘများက တခြားကျောင်းသားများနှင့်အတူ အပိုအတန်းများ စတက်ရတော့မှာ ဖြစ်​သောကြောင့် သူ့အား ကျောင်းကို ဆွဲခေါ်သွားကြသည်။ 


K မြို့တော်၏ နွေရာသီသည် ပူနွေးလာပြီဖြစ်သောကြောင့် စာသင်ခန်းအတွင်းရှိ လေထုသည် ထူထဲသော အပူရှိန်ဖြင့် ထူထပ်နေသည်။


ယန်ကျစ်ချန်သည် သူ့ကျောပိုးအိတ်ကို လွယ်ကာ စာအုပ်တောင်တန်းများကြားမှ တစ်ခုတည်းသော ထိုင်ခုံလွတ်ကို ရှာတွေ့ရန် ရုန်းကန်ခဲ့ရသည်။ လွယ်အိတ်ထဲမှ စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်ချိန်မှပင် သူ၏ထိုင်ခုံဖော်ကို တွေ့လိုက်ရ၏။ 


ထိုထိုင်ခုံဖော်သည် အလွန်ချောမောပြီး သိမ်မွေ့သော အသွင်အပြင် ရှိသော်လည်း သူ၏မျက်ခုံးများမှာ အနည်းငယ် ထက်မြက်သည့် လေထုမျိုး ရစ်ဝဲနေသည်။ သူသည် အရပ်ရှည်ရှည်၊ ဖြူဖွေးသော အသားအရည်နှင့် အေးမြသော အသွင်အပြင် ရှိကာ သူ၏ နောက်ကျောသည်လည်း ဖြောင့်တန်းနေသည်။


ထိုအချိန်တွင် သူသည် နောက်အတန်းအတွက်သုံးမည့် စာအုပ်ကို လှည့်မကြည့်သလို ကျောင်းသားအသစ်ကိုလည်း ဒုတိယတစ်ချက်ပင် ထပ်မကြည့်ခဲ့။ သို့သော် အမြဲတစေ ခေါင်းမာတတ်သော ယန်ကျစ်ချန်ကတော့ သူ၏ ထိုင်ခုံဖော်ကို မိတ်ဆက်လိုက်သည်။ 


“ဟဲလို ငါ့နာမည်က ယန်ကျစ်ချန်။ ယန်က ပေါက်ပန်းပင်လို၊ ဗဟုသုတဆိုတဲ့ ကျစ်၊ ရှင်းလင်းတဲ့ ချန်” 


ထိုင်ခုံဖော်က ခေါင်းလှည့်လာသည်။


"ငါ့နာမည်က စုန့်ကွမ်းနန်" သူ့အသံက နူးညံ့သော်ငြား လေသံကတော့ ပျော့ပျောင်းနေပုံ မပေါ်ချေ။ 


"စဥ်းစား ဆင်ခြင်ရတဲ့ ကွမ်း၊ တောင်ဘက်ရဲ့ နန်"


"ကောင်းပြီ။" ယန်ကျစ်ချန် ပြုံးလိုက်သည်။ 


"တွေ့ရတာဝမ်းသာပါတယ်။"


ထိုနေ့က သူ့စကားဝိုင်းများချည်းပင်။


စုန့်ကွမ်းနန်သည် ချဉ်းကပ်၍မရသော အငွေ့အသက်ကိုလည်း ထုတ်ဖော်​ပြထားခဲ့သည်။ ယန်ကျစ်ချန်ကတော့ အထူးတလည် ကောက်ကြောင်းမဖော်ဘဲ အတန်းထဲရှိ အခြားသူများနှင့် လျင်မြန်စွာ သူငယ်ချင်းဖြစ်သွားခဲ့သည်။


တစ်ခါတစ်ရံတွင် သူသည် သူ၏ချောမောသော ထိုင်ခုံဖော်ကို တစ်ချက် ကြည့်လိုက်သော်လည်း ယန်ကျစ်ချန်မှာ လျစ်လျူရှုခံရခြင်းကို မကြိုက်သဖြင့် ထိုသူနှင့် ဆက်သွယ်ရန်အား အခြေခံအားဖြင့် စွန့်လွှတ်လိုက်သည်။


ထိုအဖြစ်အပျက်မှာ သာမန်ညတစ်ညမှာပင် ဖြစ်ပျက်ခဲ့လေ၏။ 


ကျောင်းက ဓာတ်အားပြတ်တောက်သွားသည့်အတွက် ယန်ကျစ်ချန် တစ်ယောက်တည်း ဆော့ဖို့ ခိုးထွက်လာခဲ့သည်။ 


သူသည် မြို့ထဲ၌ ပန်းတိုင်မဲ့ လျှောက်သွား​နေခဲ့သည်။ စည်ကားနေသော မြို့လယ်​ခေါင်​သည် လူ​ပေါင်းများစွာဖြင့် ပြည့်နှက်နေ၏။ သူသည် လူစုလူဝေးကို ဖြတ်ကျော်ကာ လျှောက်သွားနေတုန်း ရှင်းမပြနိုင်တော့သည့် အခိုက်အတန့်၌ သူ့ပတ်ဝန်းကျင်မှ လူများ တစ်ယောက်ပြီးတစ်ယောက် ပျောက်ကွယ်သွားပုံရ​လေသည်။


သတိပြန်ဝင်လာသောအခါတွင် ဆိတ်ငြိမ်ပြီး လူသူကင်းမဲ့သော လမ်းပေါ်တွင် မတ်တပ်ရပ်နေမိသည်ကို တွေ့လိုက်ရသည်။


လမ်းမှာ အမှန်တကယ် လူသူကင်းမဲ့နေ၏။ ဘေးတစ်ဖက်တစ်ချက်ရှိ လမ်းမီးများသည် ရံဖန်ရံခါ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေပါသည်။ လမ်းဘေးတွင် ဈေးဆိုင်တန်းများ တန်းစီနေသော်ငြား ဆိုင်တံခါးများကိုမူ တင်းတင်းကြပ်ကြပ် ပိတ်ထားပြီး ဆိုင်းဘုတ်များသည်လည်း ပျက်ယွင်းနေသယောင်ပင်။ 


မီးမှိန်မှိန်လေးကြားက ရိုလာပိတ်စပေါ်ရှိ သံချေးများကို မြင်နိုင်သေးသည်။ သို့သော်လည်း အပေါ်ရှိ တိုက်ခန်း အဆောက်အဦးများကို မော့ကြည့်လိုက်မိသည့်အခိုက် အခန်းများထဲမှာ မှောင်မည်းကာ ဘာမျှ မတွေ့ခဲ့ရချေ။ 


မီးတစ်လုံးမှ မပွင့်နေခဲ့။


ယန်ကျစ်ချန်လည်း ရုတ်တရက် သဘောပေါက်သွားသည်။ 


ထိုမည်းမှောင်​နေသော ညတွင် မိုးမလင်းမီအထိ အိမ်များအားလုံးအပေါ် အမှောင်ထုကြီး ဖုံးလွှမ်းသွားခဲ့သည်။


ပုံမှန်အားဖြင့် သူသည် အလွယ်တကူ ထိတ်လန့်တတ်ခြင်း မရှိသော်လည်း သိမ်မွေ့သော စိုးထိတ်မှု တစ်ခုက သူ့နှလုံးသားထဲသို့ စိမ့်ဝင်လာသည်။


'ဘာတွေဖြစ်နေတာလဲ။ ဒီလိုဝေးလံခေါင်သီတဲ့ နေရာကို သူဘယ်လိုလုပ် ရောက်လာခဲ့တာလဲ။ 


လူတွေဒီမှာနေသေးရဲ့လား။'


အတွေးထဲ ပျောက်ကွယ်သွားမိစဥ် အဝေးမှ မျက်စိကွယ်မတတ် အလင်းရောင်တစ်ခု ရုတ်တရက် လင်းထိန်လာသည်။ ထိုအလင်းသည် ရှေးခေတ် မီးသီးကဲ့သို့ အဝါရောင်အလင်းမျိုး ရှိလေ၏။ ၎င်းသည် အဝေး တစ်နေရာမှ ထွက်​ပေါ်လာပြီး ယန်ကျစ်ချန်၏ အကြည့်ကို ပြင်းပြင်းထန်ထန် ဆွဲဆောင်နေသည့် ပါးလွှာသော မျဉ်းတစ်ကြောင်းလို ဖြစ်​နေသည်။


'အဲဒါ…'


ယန်ကျစ်ချန် တောက်ပသော အလင်းရောင်ဆီသို့ ဖြည်းညှင်းစွာ ရွေ့လျားသွားခဲ့သည်။ နီးကပ်လာမှသာ ၎င်းက ဆိုင်တစ်ဆိုင် ဖြစ်နေကြောင်း မြင်လိုက်ရသည်။


ဆိုင်းဘုတ်သည် အိုးဟောင်းသော်လည် 'ကွေ့ရန်ယင် အမျိုးသမီးဖိနပ်ဆိုင်' ဟူသော စကားလုံးကိုမူ အခုထိ မြင်သာသေး၏။ ယန်ကျစ်ချန် ထိုအမျိုးသမီး ဖိနပ်ဆိုင်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့မိသည်။


တစ်စုံတစ်ခုက သူ့ခြေလှမ်းများကို ချုပ်နှောင်ထားသလိုပင်။ သူသည် သူ့ခြေဖဝါးများအား ဆွဲထုတ်ဖို့ ကြိုးစားချင်သော်လည်း ၎င်းက ရပ်တန့်မသွားဘဲ ထိုဆိုင်ဘက်ကိုသာ ဆက်လက် လျှောက်သွားနေ၏။ 


ထိုစ​ဥ် ရုတ်တရက် လက်တစ်ဖက်က သူ၏ကော်လာကို ဆုပ်ကိုင်လာခဲ့သည်။ ယန်ကျစ်ချန် လန့်သွားပြီး ချာကနဲ လှည့်ကြည့်လိုက်သောအခါ သူ့ထိုင်ခုံဖော်၏ လေးနက်နေသော မျက်နှာကို မြင်လိုက်ရ​လေသည်။


"... စုန့်ကွမ်းနန်?" 


ထိုအချိန်တွင် စုန့်ကွမ်းနန်က မျက်မှောင်ကြုတ်ကာ 'အင်း' ဟု တုံ့ပြန်လာခဲ့သည်။


ထိုသူ၏ မျက်ဝန်းတို့မှာ မည်းမှောင်နေသဖြင့် ယန်ကျစ်ချန်မှာ နားမလည်နိုင်အောင် ကြက်သီးထနေမိသည်။ နောက်တစ်စက္ကန့်၌ စုန့်ကွမ်းနန် ပြောသံကို သူကြားလိုက်ရ၏။


"ငါနဲ့လိုက်ခဲ့....."