Ch 6
Viewers 4k


Ch-6


"အမေ......သမီး ဘာမှမဖြစ်ပါဘူး....."

ကျိုးထောင်ဟွား ယနေ့ဖြစ်ပျက်ခဲ့သမျှနှင့်အရင်သုံးရက်တွင်း ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ချမ်ရှီဆီပြောပြလိုက်သည်။

သူမရည်ရွယ်ချက်မှာ မိသားစုအတွက် ဆယ်တေးရှာနိုင်ခဲ့ကြောင်း ချမ်ရှီအားသိစေလိုခြင်းပင်။ဤငွေဖြင့် မိသားစု၏အကြွေးများကို ဆပ်နိုင်မည်ဖြစ်ပြီး နှစ်တေးပင်ပိုနေဦးပေမည်။

သို့သော်ထင်မထားခဲ့သည်မှာ ချမ်ရှီမျက်နှာသည်ပျော်ရွှင်သွားခြင်းမရှိသည့်အပြင် ထိတ်လန့်ဖွယ်ကောင်းလောက်သည်ထိ ရှုံ့မဲ့သွားခဲ့ခြင်းပင်။

သောက်အဖွားကြီးစွင်းကျောက်တိနဲ့ ငနာကောင်ကျိုးစန်းရှီက ငါတို့အဝေးရောက်နေတုန်း ငါ့အဖိုးတန်လေးကို ဒီလိုပုံစံမျိုး ရောက်တဲ့ထိအနိုင်ကျင့်ခဲ့တဲ့အပြင် ငွေနဲ့လဲပြီးရောင်းစားဖို့တောင် လုပ်ခဲ့ကြတယ်ပေါ့လေ။

"အမေ"

ကျိုးထောင်ဟွား လှမ်းခေါ်လိုက်သည်။

ချမ်ရှီ အတွေးထဲနစ်မြောနေရာမှသတိပြန်ဝင်လာရာ သူမအားစိုးရိမ်တကြီးကြည့်နေသော သမီးဖြစ်သူအားမြင်လိုက်ရ၍ မိမိကြောင့်လန့်သွားသည်ဟု ထင်မိလိုက်၏။

ချမ်ရှီ ဒေါသကိုချက်ချင်းထိန်းချုပ်လိုက်ပြီးပြုံးပြကာ ပြောလိုက်သည်။

"ထောင်ဟွား......မကြောက်နဲ့နော် အမေရှိတယ်"

ချမ်ရှီသည် အသာငြိမ်၍အနိုင်ကျင့်ခံနေမည့်သူမျိုး မဟုတ်ပေ။မြို့ပေါ်တွင် အလုပ်အကိုင်ရှားပါးလှရာ လူများစွာကြားမှ အလုပ်ကိုလုပြီးလုပ်နိုင်ရန်အတွက် စိတ်ပျော့ညံ့နေ၍မရချေ။ယခုတင်ပင် အဖွားကြီးစွင်းမှထောင်ဟွားအားပိတ်လှောင်ထားပြီး သုံးရက်လုံးအစာအငတ်ထားကြောင်းနှင့် သခင်ကြီးလီထံကိုယ်လုပ်တော်အဖြစ် ပို့ရန်ကြံစည်ခဲ့ကြောင်းတို့အား ကြားလိုက်ရသောအခါ အလွန်ဒေါသထွက်ခဲ့ရပြီး အဖွားကြီးစွင်းနှင့် ကျန်နှစ်ယောက်ကိုပါအခုချက်ချင်း သွားရောက်ရိုက်နှက်ပစ်ချင်စိတ်ပေါက်လာတော့သည်။

ထို့ကြောင့်ပင် သူမမျက်နှာမှာခက်ထန်သွားပြီး ထောင်ဟွားလေးအားလန့်သွားစေခြင်းဖြစ်နိုင်၏။

"ထောင်ဟွား......အခန်းထဲအရင်သွားနားနေလိုက်ဦးနော်၊အမေ ထမင်းချက်ပေးမယ်"

ချမ်ရှီ အသာပြောလိုက်သည်။

"အမေ......သမီးနေလို့ကောင်းပါတယ်၊အဒေါ်ကျန့်က သမီးကိုပြောင်းဆန်ပြုတ်တစ်ပန်းကန်ကျွေးထားပြီးပြီ၊အမေကသာ အခုမှပြန်ရောက်လာတာဆိုတော့ အရင်နားလိုက်ပါဦး"

ချမ်ရှီ အဒေါ်ကျန့်အားအကြိမ်ကြိမ်ကျေးဇူးတင်စကားပြောလိုက်သည်။အဒေါ်ကျန့်တို့မိသားစုမှာ သူမတို့ထက် အခြေအနေပိုကောင်းသည်ဆိုသော်ငြား လူတိုင်း၏စားဝတ်နေရေး ခက်ခဲနေချိန်တွင် ထိုပြောင်းဆန်ပြုတ်တစ်ပန်းကန်သည်ပင် ကြီးမားသောကျေးဇူးတရားပင် ဖြစ်၏။

အဒေါ်ကျန့်မှာ ကျိုးထောင်ဟွားအားသနားကြင်နာသဖြင့် ချမ်ရှီအားပြောလိုက်သည်။

"ဟုန်ယန်.....အဖွားကြီးစွင်းက လူယုတ်မာပဲ၊သူတို့က ဒီနေ့ဆိုထောင်ဟွားကိုလီမိသားစုဆီ ရောင်းစားတော့မလို့လေ ပြီးတော့သုံးရက်လုံးအစာအငတ်ထားသေးတယ်၊ကံကောင်းလို့သာ ထောင်ဟွား အသက်ရှင်နေရတာ....."

ချမ်ရှီမျက်နှာမှာ ရှုံ့မဲ့သွားပြီး ကျိုးထောင်ဟွားထံကြည့်ကာ ပြောလိုက်သည်။

"ဒီနေ့ကစပြီး အမေအိမ်မှာပဲနေတော့မယ်"

သူမနှင့်အာ့ရှုတို့ အိမ်မှာမရှိကြသောကြောင့်သာ ထောင်ဟွားကိုထိုလူများ အနိုင်ကျင့်နိုင်ကြခြင်းဖြစ်သည်။ယခင်ကဆို သူမနှင့်အာ့ရှုမှာ မြို့ပေါ်တွင်အလုပ်လုပ်ပြီး မိသားစုအကြွေးများအမြန်ဆပ်ရန်၊ထောင်ဟွားအတွက် ကြွယ်ဝသောတင်တောင်းပစ္စည်းများစုဆောင်းပေးရန်နှင့် သူမအားမိသားစုကောင်းတစ်ခုထံ ဂုဏ်ကျက်သရေရှိရှိဖြင့် လက်ထပ်ပေးရန်သာတွေးခဲ့ကြ၏။

ယနေ့တွင်တော့ အဖွားကြီးစွင်းနှင့်သူ့အပေါင်းအပါများကြောင့် ထောင်ဟွားခမျာဘဝပျက်လုနီးပါး ဖြစ်သွားရသည်ဟုမည်သူထင်ထားပါမည်နည်း။

ထောင်ဟွားအားအိမ်တွင်တစ်ယောက်တည်း သူမ,မထားရဲတော့ပေ။သူမလည်းအိမ်၌နေပြီး သမီးကိုကာကွယ်ရပေမည်။

ကျိုးထောင်ဟွား ကြောင်အမ်းသွားရသည်။ချမ်ရှီ၏ပိန်လှီ၍ညိုမည်းနေသော မျက်နှာအားကြည့်ကာ သူမရင်ထဲတွင် နွေးထွေးမှုလေးတစ်ခု ဖြစ်ပေါ်လာလေ၏။

ဤသည်မှာ ဆွေမျိုးသားချင်းများကြားရှိ မေတ္တာတရားသာဖြစ်ပေလိမ့်မည်။ယခင်ဘဝတွင်ဆို သူမထံ၌မိဘဆွေမျိုးမရှိခဲ့သော်လည်း ယခုကူးပြောင်းလာသည့်ဘဝတွင်တော့ ချစ်ခင်ကြင်နာတတ်သောမိခင်တစ်ဦးရလာလိမ့်မည်ဟု သူမထင်မထားခဲ့ပေ။

အဒေါ်ကျန့်ထွက်သွားပြီးနောက် မြေကြီးပေါ်ရှိတောယုန်ကို ချမ်ရှီမြင်လိုက်သော်ပြောလိုက်၏။

"ရှန်းမိသားစုရဲ့ကောင်လေးက တစ်ကယ်ကို စိတ်ကောင်းရှိတာပဲ၊ယုန်သားက တစ်ပေါင်ကို ၁၅ပြားလောက်ရှိတယ်၊ဒီအကောင်ဆို ၃ ပေါင်ကျော်လောက်တော့အသာလေးပဲ၊ထောင်ဟွား......အမေဒါကို သမီးအတွက်စတူးချက်ပေးမယ်"

"အမေ......အစ်ကိုရှန်းမင်ရဲ့ခန္ဓာကိုယ်ကထွက်နေတဲ့ နတ်ဆိုးအရှိန်အဝါတွေ အမေ့ဆီကူးလာမှာကို မကြောက်ဘူးလား"

ကျိုးထောင်ဟွား အံ့သြတကြီးမေးလိုက်မိသည်။

"ဒီကာလမှာအသားစားရဖို့ဆိုတာ ကံလေးလိုက်မှလေ၊ငါတို့မှာအသက်ဆက်ဖို့တောင် မနည်းရုန်းကန်နေရတာကို ညည်းလေးကတော့ ဒါတွေလာညည်းပြနေသေးတယ်နော်"

ထိုသို့ပြောပြီး ချမ်ရှီသည်ယုန်ကို မီးဖိုချောင်ထဲသို့ ကျွမ်းကျွမ်းကျင်ကျင်သယ်သွားတော့သည်။

ကျိုးထောင်ဟွားသည် ချမ်ရှီ၏အတွေးအခေါ်ကို သဘောကျမိသော်လည်း ရှန်းမင်ပေးခဲ့သည့်ယုန်တွင် အမှန်တစ်ကယ်ပင် မကောင်းသောစွမ်းအင်များ ကပ်ပါနေလေ၏။

"အညံ့ဓာတ်တွေ ကွယ်ပျောက်ပါစေ၊တောက်ချီသာ ကျန်ရစ်ပါစေ"

ကျိုးထောင်ဟွား မန္တန်ကိုတိုးတိုးလေးရွတ်ဖတ်လိုက်သည်။သူမရွတ်ဖတ်ပြီးသည်နှင့် လက်ဖျားမှနေဝိညာဉ်စွမ်းအင်တစ်ခု ထွက်ပေါ်လာပြီး မီးဖိုချောင်ထဲရှိယုန်ဆီပျံဝဲသွားကာ မကောင်းသောစွမ်းအင်များကို ချက်ချင်းပယ်ဖျက်ပေးလိုက်၏။သူမထပ်မံစုဆောင်းထားသော ဝိညာဉ်စွမ်းအင်များ ကုန်သွားပြန်လေပြီ။သူမ*အားသွင်းစက်လေး*ကိုပင် သတိရသွားမိသည်။

သူမမှာဤကိုယ်ထဲသို့ ကူးပြောင်းလာကာစဖြစ်သလို မည်သည့်အကြောင်းကြောင့်မှန်းမသိရပါဘဲ ယခင်ဘဝရှိသူမ၏လေးစားစရာကောင်းသောရွှမ်ရွှယ်ဆရာသခင်စွမ်းအားများမှာ ပါမလာခဲ့ပေ။ယခုအချိန်တွင်တော့ သူမမှာရှန်းမင်ထံအားကိုးပြီး စွမ်းအင်များပြန်လည်ဖြည့်တင်းရန်သာရှိတော့သည်။

မကြာခင်မှာပင် မီးဖိုချောင်တစ်ခုလုံးအသားဟင်းနံ့များဖြင့် မွှေးကြိုင်လာတော့၏။ချမ်ရှီလက်စွမ်းပြထားသည့် ယုန်သားပြုတ်ပင်လျှင် စားချင်စဖွယ်ကောင်းလွန်းလှပြီး အရသာရှိသည့်ဟင်းတစ်ခွက်ဖြစ်သွားလေသည်။

နောက်ဆုံးတွင် ချမ်ရှီပြောင်းဖူးမှုန့်များအား အိုးထဲထည့်လိုက်ရာ ယုန်သားပြောင်းဆန်ပြုတ် အဆင်သင့်ဖြစ်သွားပြီပင်။ပြောင်းဖူးမှုန့်တို့မှာ ယုန်သားပြုတ်ရည်နှင့်အတူပွက်နေပြီး ကြည်လင်တောက်ပနေလေသည်။

ချမ်ရှီသည် နှုတ်ခမ်းနည်းနည်းပဲ့နေသောကြွေပန်းကန်နှစ်လုံးထဲ ဆန်ပြုတ်များခပ်ထည့်ပြီးနောက် ခြင်းတောင်းတွင်းထည့်လိုက်၏။ထို့နောက် အဝတ်ဟောင်းတစ်ခုဖြင့်အုပ်လိုက်ကာ

"ထောင်ဟွား.....ဒီနှစ်ပန်းကန်ကို ရှန်းမင်ဆီသွားပို့ပေးလိုက်ဦး၊သူက ဒီနေ့သမီးကို ကယ်ခဲ့ရုံတင်မကဘူး ယုန်တစ်ကောင်လဲ ပေးခဲ့သေးတယ်လေ၊အမေတို့တွေဘက်ကလဲ ကျေးဇူးသိတတ်ရမယ်မလား"

"ဟုတ်ကဲ့ပါ အမေသမီးသိပါတယ်"

ကျိုးထောင်ဟွားခြင်းတောင်းကို ဝမ်းသာအားရ ဆွဲလိုက်သည်။သူမကိုယ်တိုင်လည်း သူ့ထံသွားရှာဖို့ကြံနေသည်မဟုတ်ပါလား။

"မြန်မြန်သွား ပြန်လာရင်ယုန်သားပြောင်းဆန်ပြုတ် အတူတူစားကြမယ်"

ချမ်ရှီ ကျိုးထောင်ဟွားပါးပြင်ထက်ရှိ ဖရိုဖရဲဖြစ်နေသောဆံပင်လေးများကို နားနောက်သို့ အသာသပ်တင်ပေးလိုက်သည်။

ရှန်းမိသားစုအိမ်မှာ ကျိုးထောင်ဟွားတို့အိမ်နှင့်မဝေးလှသဖြင့် ခဏတွင်းပင်ရောက်သွားတော့၏။

ရွာရှိလူအားလုံးမှာ မူလတွင်*ကျိုး*မျိုးရိုးများသာဖြစ်ကြသော်လည်း နောက်ပိုင်းအခြားမျိုးရိုးရှိသူအချို့ပါ ကျိုးကျားရွာသို့ လာရောက်အခြေချခဲ့ကြ၍*ရှန်း*မျိုးရိုးကဲ့သို့သော လူအချို့ပါရှိလာခဲ့ခြင်းပင်။

*ဒုတ် ဒုတ် ဒုတ်*

ရှန်းမိသားစုခြံစည်းရိုးတံခါးမှာပွင့်နေပြီး ကျိုးထောင်ဟွားရောက်သွားချိန်တွင် ရှန်းမင်မှာ အပေါ်အင်္ကျီမပါဘဲပုဆိန်တစ်လက်ဖြင့် ထင်းခွဲနေလေ၏။

ပုဆိန်ကိုအားပါပါလွှဲခုတ်လိုက်တိုင်း သူ့လက်မောင်းကြွက်သားများမှာ ဖောင်းတက်လာပြီး နဖူးမှချွေးစက်များသည်လည်း တောင့်တင်းလှသည့်ရင်အုပ်ထက် စီးကျသွားလေသည်။သူ့ရင်ဘတ်ကြွက်သားများမှာ သံပြားနှစ်ချပ်အလား တောင့်တင်းသန်မာလှပေ၏။

ထိုမှတစ်ဆင့် ချွေးများမှာတောင်ကုန်းငယ်လေးများသဖွယ် စီရီနေသော ဝမ်းဗိုက်ကြွက်သားခြောက်ခုပေါ် စီးကျသွားလေသည်။

ဆွဲဆောင်မှုရှိလှသော ထိုကြွက်သားလိုင်းများအားမြင်လိုက်ရသဖြင့် ကျိုးထောင်ဟွားမျက်နှာလေးမှာ နီမြန်းသွားရသော်လည်း မနေနိုင်ဘဲခိုးကြည့်မိနေဆဲပင်။

ရှန်းမင်က ဒီနှစ်မှာ၁၈နှစ်ပြည့်ပြီမဟုတ်လား။

သူမအကြည့်မှာ ပြင်းထန်လွန်းလှသဖြင့် ရှန်းမင်သတိမထားမိဘဲမနေပေ။ခေါင်းလှည့်ကြည့်လိုက်သောအခါ သူမသည်ဗလာကျင်းနေသော သူ့ကိုယ်အပေါ်ပိုင်းအားစိုက်ကြည့်နေသည်ကိုတွေ့သွား‌တော့သည်။

အကြောင်းရင်းတစ်စုံတစ်ရာကြောင့် ရှန်းမင်ဘေးတွင်တင်ထားသော သူ့အင်္ကျီအားလှမ်းယူရန် မသိစိတ်မှ‌နေကြိုးစားမိလိုက်၏။

ကျိုးထောင်ဟွားနှုတ်ခမ်းသပ်လိုက်ပြီး နှမြောတသဖြစ်စွာတွေးလိုက်မိသည်။

*ဒီလောက်ခန္ဓာကိုယ်တောင့်လူက ဘာလို့အင်္ကျီဝတ်နေရတာလဲ*

ထို့နောက်တွင်တော့ သူမသည်ချိုသာသောအပြုံးလေးဖြင့် သူ့ထံလျှောက်သွားကာ

"အစ်ကိုရှန်းမင်.....ဒီနေ့ယုန်အတွက် ကျေးဇူးတင်ပါတယ်နော်၊အမေက ယုန်သားပြောင်းဆန်ပြုတ်လုပ်လိုက်တော့ အစ်ကို့ဆီပေးခိုင်းလိုက်လို့ပါ"

ထိုအခါမှသာ ရှန်းမင် သူမလက်တွင်ချိတ်လာသော အဝတ်အုပ်ထားသည့်ဝါးခြင်းတောင်းကို သတိထားမိတော့သည်။သို့သော် သူမမှာသူ့အနားသို့ရောက်သည်နှင့် တစ်ပြိုင်နက် သူ့လက်အားရုတ်ချည်းဆွဲကိုင်လိုက်၏။

သူ့လက်အားဆွဲထုတ်ရန်လုပ်လေလေ သူမမှာပိုတင်းတင်းပြန်ဆွဲထားလေပင်။

"အစ်ကိုရှန်းမင်......ဒီမှာဘာလို့ရပ်နေတာလဲ မီးဖိုချောင်ထဲသွားပြီးပန်းကန်လှယ်ရအောင်လေ၊ကျွန်မတို့အိမ်မှာ ပန်းကန်ကနည်းနည်းပဲရှိတာ၊အစ်ကို့ဆီသာဒီအတိုင်း ထားခဲ့ရင် ကျွန်မနဲ့အမေစားဖို့ ပန်းကန်မရှိဘဲနေလိမ့်မယ်"

ကျိုးထောင်ဟွားမှာ ငိုမဲ့မဲ့ဖြင့်ပြောလိုက်သော်လည်း စိတ်ထဲတွင်မူဝိညာဉ်စွမ်းအင်များ ပြန်ပြည့်လာပြီဖြစ်၍ အလွန်ပျော်နေတော့သည်။

သူမစကားကြောင့် ရှန်းမင်အကြည့်မှာနူးညံ့သွားပြီး ကျိုးထောင်ဟွားခေါ်ရာအတိုင်း မီးဖိုချောင်ထဲသို့လိုက်သွားရတော့၏။

ခြင်းတောင်းပေါ်ရှိအဝတ်အားဖယ်လိုက်သောအခါ မီးဖိုချောင်တစ်ခုလုံးမွှေးပျံ့သောရနံ့များဖြင့် ပြည့်သွားလေသည်။

ကျိုးထောင်ဟွား ရှန်းမင်လက်ကို နောက်ဆုံးအကြိမ်အဖြစ် အသာဆွဲကိုင်လိုက်ပြီး ပြောခဲ့၏။

"အစ်ကိုရှန်းမင်......ကျွန်မသွားတော့မယ်နော်"

"ကျေးဇူးပါ ညီမလေးထောင်ဟွား.....အဒေါ်ချမ်ကိုလဲကျေးဇူးတင်တယ်လို့ပြောပေးပါဦးနော်"

ကျိုးထောင်ဟွားပေးခဲ့သော ယုန်သားပြောင်းဆန်ပြုတ်ပူပူနွေးနွေးနှစ်ပန်းကန်ကိုကြည့်ရင်း ရှန်းမင်မျက်လုံးများထဲတွင် ရှုပ်ထွေးသောခံစားချက်များလှုပ်ခတ်သွားတော့သည်။

အစားအစာ၏နွေးထွေးမှုမှာ ပန်းကန်မှတစ်ဆင့် သူ့လက်ဖဝါးများဆီကူးစက်လာပြီး သူ့ရင်ထဲတွင်ပါ နွေးထွေးမှုတစ်ခု ဖြည်းဖြည်းချင်းထွက်ပေါ်လာလေ၏။

ထိုနွေးထွေးမှုသည် သူ့နှလုံးသားထဲတွင် ကာလရှည်ကြာကိန်းအောင်းနေသော အမှောင်ထုအားဖယ်ရှားပေးလိုက်သကဲ့သို့ပင်ဖြစ်ပြီး အေးခဲနေသောသူ့ဝိညာဉ်မှာလည်း စတင်အရည်ပျော်ကျလာတော့သည်။