Chapter : 72 ( သဲလွန်စများ [2] )
Viewers 3k

ဟိုင်ရိသည် Stick ဖိနပ်၊ ပွယောင်းယောင်းဘောင်းဘီတိုနှင့် ၁၉.၉၀ ယွမ်တန် လက်တိုရှပ်အင်္ကျီကို ဝတ်ဆင်ထားသည်။ သူ၏ဆံပင်ကို အကြိမ်ရေမရေမတွက်နိုင်အောင် နောက်သို့ လှန်တင်ထားသောကြောင့် ပြောင်လက်နေသော ဦးခေါင်းကို မြင်နေရ၏။ သူက စိတ်မကြည်မသာဖြင့် ပြောလိုက်သည်။

"ပူလိုက်တာ"

ရှန့်ချန်ယန်: "ညာဘက်ခြမ်းမှာ ထိုင်၊ မီးခိုးတွေ ခင်ဗျားဘက်ကို တိုက်နေတယ်"

"ယန်ကော"

ဆံပင်ဝါက သူ့ကို စူးစိုက်ကြည့်လိုက်သည်။ 

"သူ့ကို အဲဒီမှာ ထိုင်ခိုင်းတာ ကျွန်တော်ပြဿနာမရှိဘူး၊ ဒါပေမဲ့ ခင်ဗျား မီးခိုးတွေ ကျွန်တော့်ဘက်ကို မခတ်ပေးလို့ မရဘူးလား"

လေသည် ဘယ်ဘက်သို့ တိုက်ခတ်နေသည်။ မီးခိုးများ ဟိုင်ရိဘက်သို့ မတိုက်ခတ်စေရန်အတွက် ရှန့်ချန်ယန်သည် မီးခိုးများကို ဆန့်ကျင်ဘက်သို့ အဆက်မပြတ် ခတ်ပေးနေခဲ့ရာ ဆံပင်ဝါ၏ မျက်လုံးများ မျက်ရည်များဖြင့် ပြည့်လျှံလာ၏။

အသက်ရှူကြပ်တယ်...

ရှန့်ချန်ယန်: "မြန်မြန်၊ ဟိုဘက်သွား"

ဟိုင်ရိသည် သူ့ခုံကို ညာဘက်သို့ ရွှေ့လိုက်သည်။ 

ဆံပင်ဝါ: "ကော ဒီကိစ္စကို ဆက်မဆွေးနွေးတော့ဘူး၊ နောက်တစ်ခါ ခင်ဗျားတို့ ပွဲရှိရင် ကျွန်တော့်ကို မခေါ်နဲ့တော့၊ ကျွန်တော်အသီးအရွက်တွေ ဝယ်မယ်၊ အသားတွေ နှပ်မယ်၊ အကင်ချောင်းတွေ လုပ်မယ်၊ ကျွန်တော်ကားမောင်းမယ်...ခင်ဗျားတို့နှစ်ယောက် လင်မယားဝတ်စုံဝတ်ပြီး အားလပ်ရက်ခရီးထွက်ဟန်ဆောင်တာကို ကျွန်တော် ဘာမှမပြောဘူး၊ ဒါပေမဲ့ ခင်ဗျားက မီးခိုးတွေ ကျွန်တော်ဘက်ကိုတောင် လေခတ်ပေးတယ်၊ ခင်ဗျား လေခတ်နေတာ မဟုတ်ဘူး၊ ကျွန်တော့်မျက်နှာကို ခတ်နေတာ"


ရှန့်ချန်ယန် ရယ်လိုက်သည်။ ဆံပင်ဝါကို နှစ်ကြိမ် လေခတ်ပေးပြီးနောက် သူက ပြောလိုက်၏။

"သွားဆော့တော့"

"အယ်"

ဆံပင်ဝါ ရယ်လိုက်သည်။ ကင်ပြီးသား အကင်ချောင်းကို ပစ်ချကာ သူ့ဖုန်းကို ထုတ်ယူပြီး ဟိုင်ရိဘေးတွင် ပုံလဲထိုင်ချလိုက်၏။

"ဒီကို ကြည့်ပါဦး ကျွန်တော် ခုမှ Follow လုပ်ထားတာ၊ သူက ခင်ဗျား ဘယ်လို ဝတ်စားဆင်ယင်ရမယ်ဆိုတာ သင်ပေးတယ်"

ဟိုင်ရိသည် သိပ်စိတ်မဝင်စားပေ။

"ဝတ်စားဆင်ယင်တယ် ဆိုတာ ကောင်းကောင်းမွန်မွန် အဝတ်အစားတွေ ကျပန်းဝတ်တာပဲ မဟုတ်လား"

"တကယ်လား"

ဆံပင်ဝါက စိတ်မပါ့တပါ မေးလိုက်သည်။ 

"ဒါပေမဲ့ သူဝယ်တဲ့ အဝတ်အစားတွေက တော်တော်စျေးပေါတယ်"

ဟိုင်ရိ: "ဘယ်လောက်စျေးပေါလဲ"

သူ ပိုမိုနီးကပ်စွာ ရွေ့လျားသွားသည်။ 

၃၉.၉၀ ယွမ်တန် အဝတ်အစားနှစ်ထည်... 

ဟိုင်ရိ: "အဲဒါတွေကို ငါ့ကို ညွှန်းပေး" 

ဆံပင်ဝါ: ...

ဟိုင်ရိ: "မဆိုးဘူး"


"ဪ"

ဆံပင်ဝါ: "ခင်ဗျား နောက်ထပ် လိုချင်သေးလား၊ ဒီလိုတွေ အများကြီး သိသေးတယ်"

ရှန့်ချန်ယန်: "သိုးသားအကင်ချောင်းတွေကို အစပ်လိုချင်လား"

သူတို့နှစ်ယောက် လည်ပင်းဆန့်ကာ အော်လိုက်ကြသည်။

"လိုတယ်"

ရှန့်ချန်ယန်သည် မီးခိုးများကြောင့် မျက်လုံးပင် မဖွင့်နိုင်တော့ပေ။ သူ ငရုတ်သီးတစ်ဆုပ်ကို ကြဲချလိုက်ရာ မျက်ရည်များ သူ့ပါးပြင်ပေါ်သို့ မီးခိုးများကြားမှ စီးကျလာ၏။ ဟိုင်ရိနှင့် ဆံပင်ဝါတို့ကတော့ လုံးဝမကြည့်ဘဲ အထူးလျှော့စျေးနည်းလမ်းများ ဖလှယ်နေကြသည်။

ဟိုင်ရိ: "အိုက်ယား... ဒါက စျေးပေါတယ်"

"ရပါတယ်"

ဆံပင်ဝါက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ 

"Pinduoduo မှာ ၉.၉၀ ယွမ်ပဲရှိတယ်"

ဟိုင်ရိ: "အရည်အသွေး မတူဘူးလား"

ဆံပင်ဝါ: "သူတို့လည်း Pinduoduo ကနေ ပစ္စည်းတွေ ရောင်းတာ၊ နားလည်လား"

ဟိုင်ရိသည် စိတ်ဝင်တစား နားထောင်နေချိန် ရှန့်ချန်ယန်က မေးလိုက်၏။

"ဘယ်လောက် ကင်ရမလဲ"

သူတို့နှစ်ဦးက စိတ်မရှည်စွာ ပြန်ပြောလိုက်ကြသည်။


"ကိုယ်တိုင် ဆုံးဖြတ်"

ရှန့်ချန်ယန်: ...

"ခဏလေး"

ဟိုင်ရိ ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။ သူ နောက်လှည့်လိုက်သည်။

"လောင်ကုန်း"

ရှန့်ချန်ယန်: "ဘာလဲ"

ဟိုင်ရိ: "အဲဒီဟာ...ငရုတ်သီး နည်းနည်းပဲ ထည့်... မင်း နားလည်တယ်နော်"

ဟိုင်ရိက သူ့ကို တစ်ချက် ကြည့်လိုက်သည်။ ရှန့်ချန်ယန်၏ လက်မောင်းတစ်လျှောက်ရှိ ကြွက်သားများ ရုတ်တရက် တောင့်တင်းသွားပြီး သူသည် လက်တစ်ဖက်တည်းဖြင့် အကင်ချောင်း အချောင်းနှစ်ဆယ်ကို ကင်နေ၏။ သူသည် ဘုရားသခင်၏ အကူအညီ ရထားသကဲ့သို့ပင်။ သူ့ကိုယ်သူ ကောင်းကင်ပေါ်သို့ ပျံတက်တော့မည့်အတိုင်း ဖြစ်နေသည်။

ဟိုင်ရိသည် မျက်နှာတည်ငြိမ်စွာဖြင့် နောက်သို့ ပြန်လှည့်လိုက်၏။ သူ ဆံပင်ဝါကို မေးလိုက်သည်။

"ဒါက တကယ်လား၊ ဒါမှမဟုတ် အတုလား... ငါ မပြောနိုင်ဘူး"

"ဘာဖြစ်လို့ ငရုတ်သီး မစားနိုင်ရတာလဲ" 

ဆံပင်ဝါက အတိုင်းအဆမရှိ ပျော်ရွှင်နေဆဲဖြစ်သည်။

"လိပ်ခေါင်းလား"

ဟိုင်ရိသည် သူ့ကို လူအ၊ မိုက်မဲသူတစ်ယောက်လို ကြည့်လိုက်၏။

ဆံပင်ဝါ: ...

ဆံပင်ဝါ: "အာ"


 သူ တစ်ခုခု ပြောတော့မလို့ လုပ်နေစဉ်တွင် အဝေးမှ တောင်ကုန်းလမ်းပေါ်မှ ဂျစ်ကားတစ်စီး၏ အသံမြည်လာသည်။ ကားသည် လမ်းတစ်လျှောက် မောင်းနှင်လာပြီး လမ်းဘေးတွင် ရပ်တန့်သွား၏။ တံခါးတစ်ချပ် ပွင့်လာပြီး ကိုယ်ဗလာ၊ အမွေးထူသည့် ခြေထောက်တစ်ချောင်း ထွက်ပေါ်လာသည်။

ဟိုင်ရိ: ...

ဆံပင်ဝါ: ...

ရှန့်ချန်ယန်: "?”

ဟိုင်ရိနှင့် ဆံပင်ဝါတို့မှာ အံ့သြမှင်တက်နေကြသည်။ သူတို့၏ အကြည့်များသည် အမွှေးများထူထဲနေသော ခြေသလုံးဆီသို့ ရောက်သွား၏။ King Kong Barbie သည် နေကာမျက်မှန်၊ ဘောင်းဘီတို၊ လက်ပြတ်အင်္ကျီတို့ဖြင့် ပေါ့ပေါ့ပါးပါး လျှောက်လာသည်။

ဆံပင်ဝါ: "သူက အစစ်လား၊ အတုလား"

ဟိုင်ရိ: "သူက အစစ်ဖြစ်လောက်ပါတယ်၊ မဟုတ်ဘူးလား"

King Kong barbie သည် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ယာဉ်မောင်းသည် ကားထဲက ဆင်းလာပြီး ပြောလိုက်၏။

"ဒီနေရာလား၊ဒီမှာလူတွေရှိနေပြီ"

King Kong Barbie: "ဒီမှာပဲ လုပ်ကြရအောင်၊ ငါကြိုက်တယ်"

ရှန့်ချန့်ယန်: ...

ဟိုင်ရိသည် ဆံပင်ဝါကို တိုက်တွန်းလိုက်သည်။ 

''မင်းသွား''

ဆံပင်ဝါက ရှက်ရွံ့ဟန်ဆောင်ကာ ပြော၏။


"မသွားဘူး၊ မသွားရဲဘူး၊ ခင်ဗျားသွား"

ဟိုင်ရိ: "ဒါဆို ငါတို့နှစ်ယောက်စလုံး မသွားဘူး"

သို့သော် King King Barbie သည် သူတို့ဆီ တည့်တည့်လျှောက်လာသည်။ ထိုနှစ်ယောက်သည် သူ့ကို မျက်လုံးပြူးပြူးဖြင့် ကြည့်နေကြ၏။ သူတို့ဆီ တည့်တည့်ရောက်လာချိန်တွင် ရုတ်တရက် လှည့်ကာ ရှန့်ချန့်ယန်အား မေးလိုက်၏။

"လူချော‌လေး၊ မင်း BBQ လုပ်နေတာလား"

"ခင်ဗျားလည်း BBQ လာလုပ်တာလား'’

ရှန့်ချန့်ယန်က ပေါ့ပေါ့ပါးပါးပင် မေးလိုက်၏။

King Kong Barbe: "အတူတူလုပ်ကြရအောင်"

ရှန့်ချန့်ယန်သည် နောက်သို့ လှမ်းကြည့်လိုက်သည်။ ယာဉ်မောင်းသည် ကားထဲက ပစ္စည်းများထုတ်နေ၏။

"စိတ်မပူပါနဲ့၊ ကျွန်တော်တို့ မီးဖိုကိုပဲ သုံးပါ"

King Kong Barbie က ပြုံးလိုက်သည်။

"ဒါဆို ယဉ်ကျေးမှုမရှိရာကျမယ်"

ရှန့်ချန့်ယန်သည် လက်ကိုသုတ်လိုက်သည်။ 

"ကျွန်တော်က ခင်ဗျားရဲ့ ပရိသတ်ပါ၊ လက်မှတ်ထိုးပေးလို့ရမလား"

ဟိုင်ရိနှင့် ဆံပင်ဝါ: ...

King Kong Barbie: "ရတာပေါ့"


သူသည် သူ့အိတ်ထဲရှိ ဒိုင်ယာရီစာအုပ်အကြီးကြီးတစ်အုပ်ကို ထုတ်လိုက်သည်။ လက်ကောက်ဝတ်ကို လှုပ်လိုက်သည်နှင့် ပန်းရောင်အမွေးပွ ဖဲလ်-ထိပ်ခဲတံတစ်ချောင်း ပေါ်လာ၏။ သူသည် လှပစွာ လက်မှတ်ထိုးပြီး စာရွက်တစ်ရွက်ကို ဆွဲဖြဲလိုက်သည်။ ရှန့်ချန့်ယန်က လက်ခံလိုက်၏။ 

"ကျေးဇူးတင်ပါတယ်၊ နောက်ထပ်တစ်ခုလောက် ထိုးပေးလို့ရမလား"

King Kong Barbie သည် ဆိုးသွမ်းသော အပြုံးတစ်ခု ပြုံးလိုက်သည်။ သူ၏လက်ကောက်ဝတ်များ တစ်ဖန်လှုပ်ခါသွား၏။ ပန်းရောင်အမွေးပွ ဖဲလ်-ထိပ်ခဲတံသည် စာရွက်ပေါ် ဖြတ်သန်းသွားပြီး စာရွက်ဆွဲဖြဲသံ ထွက်ပေါ်လာသည်။

ရှန့်ချန့်ယန်က လက်ခံလိုက်၏။ 

"ကျေးဇူးတင်ပါတယ်...ခင်ဗျားကြိုက်သလို သုံးလို့ရပါတယ်၊ ခဏနေရင် ကျွန်တော် ပို့ပေးပါမယ်"

King Kong Barbe: "မင်းနာမည်က ဘယ်သူလဲ၊ မင်းကို နောက်ထပ်လက်မှတ်ထိုးပေးမယ်"

ရှန့်ချန့်ယန်: "မလိုပါဘူး၊ မလိုပါဘူး"

King Kong Baribe: "ပြောမနေပါနဲ့တော့၊ ဒါက ပရိသတ်တွေအတွက် ငါ့ရဲ့ ဝန်ဆောင်မှုပါ"

ရှန့်ချန့်ယန်: ...

သူသည် ငြင်းပယ်ရန် အခြေအနေမရှိခဲ့ချေ။ 

"ကောင်းပါပြီ၊ ချန့်ယန်လို့ပဲ ရေးလိုက်ပါ"

King Kong Barbie သည် သူ၏လက်ကောက်ဝတ်ကို လှုပ်လိုက်သည်။ ပန်းရောင်အမွေးပွ ဖဲလ်-ထိပ်ခဲတံတစ်ချောင်း နောက်တစ်ကြိမ်ပေါ်လာ၏။ ရွှစ်ခနဲ... ဖြဲလိုက်ပြီး...


King Kong Barbieသည် ရှန့်ချန့်ယန်၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။

"ကောင်ချောလေး ဘယ်ခရိုင်မှာနေတာလဲ"

ဟိုင်ရိသည် တစ်ခုခုမှားနေသည်ဟု စတင်ခံစားလာရ၏။ ရှန့်ချန့်ယန်က ယဉ်ကျေးစွာပင် ဖြေလိုက်၏။

"မြောက်ပိုင်းဟွား၊ ခရိုင် ၉"

King Kong Barbie က အော်လိုက်သည်။

"ဝိုးးးးတိုက်ဆိုင်လိုက်တာ"

ရှန့်ချန့်ယန်: "ခင်ဗျားရောလား"

King Kong Baribe: ''မဟုတ်ဘူး၊ ငါက မြောက်ပိုင်းဟွား ခရိုင် ၇ မှာနေတယ်၊ ငါ့မှာ ခရိုင် ၉ မှာနေတဲ့ ပရိသတ်တစ်ယောက်ရှိတယ်၊ မင်းလား... မင်းရဲ့ ID က ဘာလဲ"

"ကျွန်တော်ပါ"

ဟိုင်ရိ ဝင်ပြောလိုက်သည်။

King Kong Barbie သည် သိပ်ပြီးမစိုးရိမ်ဘဲ လှည့်ကာ ပြောလိုက်သည်။

"ဪ၊ မင်းလား"

ဟိုင်ရိသည် အနည်းငယ် မပျော်မရွှင်ဖြစ်သွားသည်။ ဟိုင်ရိ၏ ရန်လိုမှု စတင်ပေါ်ပေါက်လာသည်ကို လုံးဝမသိဘဲ ဆံပင်ဝါက ပျော်ရွှင်စွာ ဆက်ပြောလိုက်၏။ 

"ကျွန်တော်တို့နှစ်ယောက်စလုံး ခင်ဗျားရဲ့ Livestream ကို ကြည့်ဖူးပါတယ်"

King Kong Barbie သည် သူ့ကို လျင်မြန်စွာ ကြည့်လိုက်သည်။

"ဟားဟား...ကျေးဇူးတင်ပါတယ်"


ဟိုင်ရိသည် သူ၏အကြည့်ကို မြင်လိုက်သည်နှင့် King Kong Barbie သည် ဆံပင်ဝါကို 'မိုက်မဲသေု အဖြောင့် ကောင်လေး' ဟု သတ်မှတ်လိုက်ကာ သူ့အမဲလိုက်နယ်ပယ် ပြင်ပသို့ ပို့လိုက်ပြီဖြစ်ကြောင်း သိလိုက်သည်။ ထို 0 ကောင်လေးများကို ဟိုင်ရိသည် ကောင်းစွာနားလည်သည်။ ‘1 မဟုတ်ရင် ငါနဲ့ ဝေးဝေးနေ’ ဟူသည်ပင်။

သူသည် ထိုလူ၏ မျက်လုံးများက ထိုမျှ အဆိပ်ပြင်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ရှန့်ချန့်ယန်ကို ရွေးချယ်လိုက်ခြင်းဖြစ်သည်။

ရှန့်ချန့်ယန်သည် သိုးသားကင်နှစ်ချောင်းကို ကင်ပြီး ဟိုင်ရိနှင့် ဆံပင်ဝါကို တစ်ချောင်းစီ ပေးလိုက်၏။

ဟိုင်ရိ: "နည်းနည်း ပူတယ်"

ထို့ကြောင့် ရှန့်ချန့်ယန်သည် သူ့ဘေးတွင် ထိုင်ချကာ ယပ်တောင်ဖြင့် သိုးသားကင်ကို အေးစေရန် ကူညီပေးခဲ့သည်။ ယပ်တောင်ခတ်ပြီးနောက် တစ်ချောင်းကိုအရင် စမ်းကြည့်ပြီးမှ ဟိုင်ရိကို ပေးလိုက်၏။

ဟိုင်ရိသည်အတွင်းစိတ်မှ အေးစက်စက်ရယ်မောလျက် ယူလိုက်သည်။

ဟီးဟီး...

King Kong Barbie သည် တစ်ခုခုမှားနေကြောင်း ချက်ချင်းသဘောပေါက်လိုက်သည်။ ရှန့်ချန့်ယန်တွင် ပိုင်ရှင်ရှိနှင့်နေပြီဖြစ်၏။

ပတ်ဝန်းကျင်သည် ချက်ချင်းပြောင်းလဲသွားသည်။ King Kong Barbie သည် ဟိုင်ရိကို ပြုံးပြလိုက်သည်။

"မင်းက ဘယ်သူလဲ၊ ငါ့ပရိသတ်အားလုံးကို ငါမှတ်မိတယ်"

ဟိုင်ရိအတွက် အွန်လိုင်းမှာ သူကိုယ်တိုင်ပေးခဲ့သော နာမည်ကို ပြောရန် တကယ်ကို ခက်ခဲသောကိစ္စဖြစ်သည်။ ထို့နောက်သူက မေးလိုက်၏။

"မင်းက ‘1 မရှိရင် အထောက်အပံ့မရှိ’ မဟုတ်လား"

ဟိုင်ရိ: ...

ရှန့်ချန့်ယန် ပြုံးလိုက်ကာ -


"သူ့နာမည်က 'ထွက်ပြေးသွားတဲ့ ချစ်သူ ၁၅၁၂' တဲ့"

သူ့အသံ၌ ဂုဏ်ယူမှု အရိပ်အယောင်လေးပင် ပါဝင်နေ၏။

'ငါမပျော်ဘူးဆိုတာကို သူတကယ်မပြောနိုင်ဘူးလား' 

ဟိုင်ရိတွေးလိုက်၏။

'ဒီလိုမိုက်မဲတဲ့ ဖြောင့်မတ်တဲ့ကောင်တွေက တကယ်ကို ကယ်တင်ဖို့ ခက်တယ်၊ သူတို့ အရမ်းမိုက်လို့ ကမ္ဘာကြီးရဲ့အဆုံးသတ်ရောက်နေတာလား'

ဟိုင်ရိ၏ အခြားသူတစ်ယောက်ကို နှစ်သက်မှုသည် လျင်မြန်စွာ ရောက်ရှိလာသော်လည်း မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားနိုင်သည်။ သူသည် King Kong Barbie ကို မနှစ်သက်တော့ပေ။

"အဲဒါက ကျွန်တော့်ရဲ့ အရင် ID ပါ"

King Kong Barbie က ရယ်မောလိုက်သည်။

"အဲဒါ ငါထင်ထားတာပဲ"

ဟိုင်ရိက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။

"အခု ငါ့ရဲ့ ‘1’ ကို တွေ့သွားပြီလေ၊ ဒါကြောင့် ငါ့နာမည်ကို ပြောင်းလိုက်တာ"

King Kong Barbie : ...

သူတို့သည် မျက်တောင်တစ်ခတ်အတွင်း ပြောဆိုငြင်းခုန်မှုများစွာ ပြုလုပ်ခဲ့ကြသော်လည်း မိုက်မဲသော ဆံပင်ဝါနှင့် ရှန့်ချန့်ယန်နှစ်ယောက်စလုံးသည် သိုးသားကင်များကို မသိနားမလည်စွာ စားနေကြဆဲဖြစ်သည်။

ဆံပင်ဝါ: "ဒီတစ်ခါ အရသာက တော်တော်ကောင်းတယ်၊ အရင်တစ်ခါက အရမ်းငန်နေတယ်"

ရှန့်ချန့်ယန်က ''အင်း'' ဟု သဘောတူလိုက်၏။


"ဒါလေးစားကြည့်ပါ၊ မဆိုးဘူး"

ဟိုင်ရိက သူ့ဆီက ယူလိုက်သောအခါ ရှန့်ချန့်ယန်သည် ဟိုင်ရိက သူ့အား အရူးတစ်ယောက်လို ကြည့်နေကြောင်း ရုတ်တရက် တွေ့ရှိလိုက်၏။

ရှန့်ချန့်ယန်: ...

ရှန့်ချန့်ယန်သည် ချက်ချင်းပင် သတိပေးလိုက်သည်။

"ဘာဖြစ်တာလဲ၊ ကျွန်တော်ဘာမှားသွားလို့လဲ"

ဟိုင်ရိက ပြုံးလိုက်၏။

''စားသာစား"

အအေးဓာတ်တစ်ခုသည် ရှန့်ချန့်ယန်၏ ကျောရိုးတစ်လျှောက် ဖြတ်ပြေးသွားသည်။

ညနေပိုင်းတွင် သူတို့ငါးယောက်သည် ပူးကပ်ထိုင်ကာ အတူတကွ စားသောက်ကြ၏။

ဆံပင်ဝါ: ''ရွှေရောင်ကျဲ၊ ဒီည livestream မလုပ်ဘူးလား"

"ပရိသတ်နည်းနည်းပဲ ရှိမှာ...ငါ livestream မလုပ်ပါဘူး၊ ရွှေရောင်ကျဲ ဆိုတာ ဘယ်သူလဲ၊ ငါ့နာမည်က ပိုင်ခိုင်ပါ"

( ရွှေရောင်ကျဲဆိုတာ သူ အရင်တစ်ခေါက် live stream မှာ Sailor Moon ဝတ်စုံနဲ့ ရွှေရောင်ဆံပင်တု ဝတ်ထားခဲ့လို့ လျိုရိဖန်က အဲတာကို ရည်ရွယ်ပြီး သုံးလိုက်တာပါ )

ဆံပင်ဝါ: "ဪ ဪ...ခင်ဗျားရဲ့ livestream တွေကို ကြည့်ရတာ ကျွန်တော် တော်တော်ကြိုက်တယ်"

ပိုင်ခိုင်: "ဒါဆို လက်ဆောင်တွေ ပို့ပေး၊ ပစ္စည်းတွေ ဝယ်ပေး၊ ကြိုက်ရုံသက်သက်က ဘာအကျိုးရှိမှာလဲ"

ဆံပင်ဝါသည် အရှုံးပေးသွားသည်။ 

"ကျွန်တော် လုပ်ခဲ့တယ်"


သူသည် ဟိုင်ရိကို လက်ညှိုးထိုးကာ 

"ကျွန်တော်တို့ နှစ်ယောက်စလုံး လုပ်ခဲ့တာပါ"

ဟိုင်ရိ: "ငါ့ကို ဆွဲထည့်မနေနဲ့ ငါသိပ်မဝယ်ခဲ့ဘူး"

ဆံပင်ဝါ: ''ခင်ဗျားအဝတ်အစားတွေက...''

ဟိုင်ရိ၏ အကြည့်သည် ဆံပင်ဝါကို ဝေ့ကြည့်လိုက်ချိန် သူသည် ပါးစပ်ကို ပိတ်လိုက်သည်။

🌟🌟🌟