အပိုင်း (၁၉၃)
စကားတစ်ခွန်းတောင် ချန်ခဲ့ဖို့ ခွင့်မပြုဘူး
ကျန်းလော့၏ လက်ထဲမှ ဇွန်းသည် အနည်းငယ် ယိမ်းယိုင်သွားသော်လည်း ဘာမှမဖြစ်ဟန်ဖြင့် ကျန်းလော့သည် အစားသာ ဆက်စားနေသည်။
ဒီမနက်တွင် သူသွေးထပ်အန်ပြန်သည်။ သွေးအန်ခြင်းမှ နာကျင်မှုသည် ယနေ့ထိတိုင်အောင် မခံနိုင်အောင် ဖြစ်နေတုန်းဖြစ်ကာ ကျန်းလော့လက်ကို တူမကိုင်နိုင်တော့အောင် ဖြစ်စေသောကြောင့် သူသည် ဇွန်းနှင့်သာ စားသောက်နေရသည်။
ကျန်းလော့သည် ဖြည်းညင်းစွာ စားနေပြီး သူ့အမူအယာသည် အလွန်တင်းမာနေကာ နာကျင်လွန်းသောကြောင့် ဇွန်းကို တုန်ယင်မသွားအောင် ထိန်းချုပ်ပြီး ကိုင်စားနေရသောကြောင့် စားသောက်ခြင်းအပေါ်တွင်ပင် အပြည့်အဝ အာရုံမစိုက်နိုင်ပေ။
သူ၏ ကိုယ်ပိုင်ယုံကြည်မှုသည် သူ့အားနည်းချက်ကို တခြားသူများ မြင်အောင်ပြသဖို့ ခွင့်မပြုပေ။
တာအိုဆရာတော် ဝေ့ဟယ်သည် စိတ်လှုပ်ရှားသွားပြီး
“ဘယ်တောင်ကြောလဲ”
ကောဝူချန်သည် တစ်ကိုယ်လုံး နှင်းများရွှဲနေပြီး ဖိနပ်များသည် ရွှံ့များဖြင့် ပေပွနေပြီး သူ့မျက်နှာသည် ပင်ပန်းနွမ်းနယ်နေကာ နေ့ရောညပါ ဒီကိုပြန်ရောက်ရန် ခရီးနှင်ခဲ့ပုံရသည်။ သူသည် ဝေ့ဟယ်ကို ပြုံးကြည့်လိုက်သော်လည်း မဖြေပဲ ချီယုံ့ကိုသာ ကြည့်နေသည်။
မကောင်းဆိုးဝါး၏ အကြည့်တို့သည် ကျန်းလော့ထံတွင်သာ ရောက်နေသော်လည်း ကျန်းလော့ကတော့ ကောဝူချန်စကားများကို မကြားသည့်နှယ် တည်ငြိမ်စွာ ဆက်၍ စားသောက်နေသည်။ သူ့ရှေ့မှ ထမင်းပန်းကန်က သူအသက်ကို ထိန်းသိမ်းပေးမည့် တောင်ထက် အရေးကြီးနေသည့်နှယ်။
ရက်အတော်ကြာအောင် ခန့်မှန်းမရသော စိတ်ခံစားချက်တို့နှင့် မကောင်းဆိုးဝါး၏ မျက်နှာသည် မှုန်မှိုင်းသွားကာ သူ့လက်ချောင်းများဖြင့် ဖိချလိုက်သောကြောင့် လက်ထဲမှ ဓားနှင့် ခရင်းသည် တွန့်လိမ်သွားပြီး မကောင်းဆိုးဝါးသည် ထိုဓားနှင့် ခက်ရင်းတို့ကို ပြန်ချ၍ လက်ကိုင်ပုဝါတစ်ထည် ယူကာ ကျက်သရေရှိစွာ လက်သုတ်နေပြီး နှုတ်ခမ်းပါးတို့သည် အပြုံးတစ်ခုအဖြစ် ကွေးသွားကာ အတော်လေး စိတ်ဝင်စားနေပုံဖြင့်
“ဟုတ်တယ် ဘယ်တောင်ကြောမှာ ရှိနေတာလဲ မင်း တာအိုဆရာတော်ဝေ့ဟယ်ကို စကားကောင်းကောင်းပြော”
ကောဝူချန်သည် တုံ့ပြန်လိုက်ပြီး သူ့လက်ထဲမှ မြေပုံကို တာအိုဆရာတော် ဝေ့ဟယ်ရှေ့တွင် ဖြန့်ပြလိုက်ကာ မြောက်ဘက်ပိုင်းနားမှ တောင်ကြောတစ်ခုကို ညွှန်ပြလိုက်ပြီး
“တဝူတောင် နဂါးသွေးကြော တောင်တွေနဲ့ ရေတွေ ဝိုင်းရံနေတယ် ပြီးတော့ နဂါးတစ်ကောင်ခွေနေတဲ့ ပုံစံမျိုး ကွေ့ကောက်နေတာ”
တာအိုဆရာတော် ဝေ့ဟယ်သည် မြေပုံကို သေချာငုံ့ကြည့်လိုက်ပြီး တောင်ကြောအနေအထားကို သေချာကြည့်သည်။ တောင်သည် နဂါးတစ်ကောင်၏ အရှိန်နှုန်းဖြစ်ပြီး ရေသည် နဂါး၏ သွေးများဖြစ်သည်။
တကယ်ဆိုလျှင် ထိုနှစ်ခုအပြင် နောက်တစ်ခု ရှိသေးသည်။ ထိုတစ်ခုမှာ တောင်၏ မြေပြင် ကျောက်တုံး မြက်ပင် သစ်ပင်များသည် နဂါး၏ အသား အရိုးများနှင့် ဆံပင်များ ဖြစ်သည်။ မြေပုံအပြင် ကောဝူချန်သည် တောင်အနေအထားကို ဓာတ်ပုံများရိုက်ယူလာခဲ့သေးသည်။
ထိုပုံများကို ခနလောက် ကြည့်ပြီး တာအိုဆရာတော် ဝေ့ဟယ်သည် ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ပြီး
“ဒီနဂါးသွေးကြော ကျုပ်ကတော့ သုံးလို့ရမယ် ထင်တာပဲ”
တာအိုဆရာတော် ဝေ့ဟယ်သည် ကျန်းလော့ကို နှိမ့်ချသော အပြုအမူမျိုးဖြင့် မေးလိုက်သည်။
“သခင်လေးကျန်း ဘယ်လိုထင်လဲ”
ကျန်းလော့သည် တည်ငြိမ်စွာ ပြောသည်။
“တာအိုဆရာတော် ဝေ့ဟယ် ကောင်းမယ် အလုပ်ဖြစ်မယ်ထင်ရင် အလုပ်ဖြစ်လို့ပေါ့ဗျာ”
ကောဝူချန်သည် သူ့သခင်၏ တဖြည်းဖြည်း မှုန်မှိုင်းသည်ထက် မှုန်မှိုင်းလာသော မျက်နှာကို ကြည့်၍ ကျန်းလော့ကို စကားပြောလာမည့် အကြောင်းအရာတစ်ခုကို အမြန်တွေးနေသည်။ ကျန်းလော့စကားပြောလာမှ ချီယုံ ခံစားချက် ကောင်းလာမည် ဖြစ်သည်။
တကယ်တမ်းတွင် သူသည် မနေ့ညထဲက ပြန်ရောက်ခဲ့ခြင်းဖြစ်သော်လည်း သူရောက်ရောက်ချင်း လျောင်စီက သခင်နှင့် ကျန်းလော့တို့ ရန်ပွဲအကြောင်း ပြောပြခဲ့သည်။
သခင့်စိတ်ခံစားချက်တို့ ပိုဆိုးမလာစေရန် ကောဝူချန်သည် မနက်စာစားချိန်တွင် သတင်းပို့ရန် ရွေးချယ်ခဲ့ပြီး နဂါးသွေးကြောအကြောင်း သိရချိန်တွင် ကျန်းလော့ပျော်သွားပြီး သခင်သည်လည်း ကျန်းလော့ပျော်တာကို မြင်ပြီး စိတ်ခံစားချက်ကောင်းသွားစေရန် ဖြစ်သည်။
သို့သော် မေးခွန်းအနည်းငယ်လောက် မေးပြီးနောက် ကျန်းလော့သည် ပြန်မဖြေဘဲ တစ်ခါတစ်လေမှသာ စကားတစ်ခွန်းစ နှစ်ခွန်းစ ပြန်ပြောပြီး သူ့အမူအယာသည် အရင်အတိုင်း မပြောင်းလဲပေ။
ကောဝူချန်သည် နောက်ထပ် မေးခွန်းများ မမေးနိုင်တော့ဘဲ ဆက်မမေးတော့ရာ အခန်းထဲတွင် အူယားစရာ တိတ်ဆိတ်မှုကြီး ကြီးစိုးသွားပြန်သည်။
တာအိုဆရာတော် ဝေ့ဟယ်သည် ရှေ့တိုးလာပြီး လေးနက်စွာ ပြောသည်။
“ကျန်းလော့ရဲ့ အခြေအနေက ဆက်ပြီး နှေးဖင့်နေလို့ မဖြစ်တော့ဘူး ကျုပ်တို့ နဂါးသွေးကြောရပြီဆိုမှတော့ နောက်နှစ်ရက်အတွင်း တဝူတောင်ကို ရောက်အောင်သွားနိုင်ရင် အကောင်းဆုံးပဲ၀”
မကောင်းဆိုးဝါးသည် လက်ကိုင်ပုဝါကို စားပွဲပေါ်သို့ ပစ်ထုတ်လိုက်ပြီး အမူအယာကင်းမဲ့စွာ ပြောသည်။
“မနက်ဖြန်ထွက်မယ်”
ကျန်းလော့သည် မကောင်းဆိုးဝါး၏ စကားကို ကြားသည်နှင့် ထရပ်လိုက်ပြီး သူ့အခန်းသူပြန်သွားသည်။
သူသည် ဝမ်ယမ်လန်ကို တဝူတောင် နဂါးသွေးကြော၏ အချက်အလက်များပို့ပေးလိုက်ပြီး တောင်အကြောင်း သတင်းအချက်အလက်နှင့် အန္တာရာယ်ရှိနိုင် မရှိနိုင်ကို သိပ္ပံသုတေသနဌာနကို သုံး၍ စုံစမ်းခိုင်းလိုက်သည်။
ဝမ်ယမ်လန် မက်ဆေ့ချ်ရတာ သေချာအောင် လုပ်ပြီးနောက် ကျန်းလော့သည် မက်ဆေ့ချ်ကို ဖျက်လိုက်ပြီး တဝူတောင်အကြောင်းကို အင်တာနက်တွင် ရှာကြည့်တော့သည်။ ခနကြာပြီးနောက် ကောဝူချန်သည် သူအခန်းတံခါးကို လာခေါက်လေသည်။
“သခင်ကျန်း ကျွန်တော် ဝင်လာပြီး သခင်ကျန်းနဲ့ စကားပြောလို့ ရမလား”
ကျန်းလော့က ပျင်းရိစွာ ပြောလိုက်သည်။
“ဝင်ခဲ့”
ကောဝူချန်သည် တံခါးကို တွန်းဖွင့်လိုက်ပြီး အခန်းထဲသို့ ဝင်လာသည်နှင့် ကြမ်းပြင်ပေါ်မှ ပန်းအိုးကွဲများနှင့် ဖန်ခွက်ကွဲများကို ရက်အတော်ကြာအောင် မလှဲကျင်းရသေးပုံဖြင့် တစ်ခန်းလုံး ညစ်ပတ်နေသည်ကို မြင်လိုက်ရသည်။
ကျန်းလော့သည် စားပွဲတွင်ထိုင်နေပြီး ဆေးလိပ်သောက်နေတာ တည်ငြိမ်နေသလို ထင်ရပြီး ဒေါသ သို့မဟုတ် ပြင်းပြသော စိတ်တိုမှုများလည်း ရှိမနေသလိုပင်။
ကောဝူချန်သည် တံခါးပိတ်လိုက်ပြီး အပြုံးတစ်ခုဖြင့် ကျန်းလော့နားသို့ လျှောက်လာပြီး
“သခင်ကျန်း ကျွန်တော် မင်းနဲ့ သခင်တို့ စကားများထားတယ်လို့ ကြားတယ်”
ကျန်းလော့သည် ရယ်မောလိုက်ပြီး ယခင်နေ့ရက်များဆီက အဖြစ်အပျက်များကို ပြန်တွေးမိသွားပြီး
“တမင်တကာ လုပ်တာ”
ကောဝူချန်သည် ထိုအဖြေကို ကြားပြီး အံ့ဩမသွားသော်လည်း မျှော်လင့်ထားပြီးသား အဖြေကို ကြားလိုက်ရသလိုပင်။ ကျန်းလော့ စဉ်းစားတတ်ပြီး တည်ငြိမ်သော လူမျိုးဖြစ်ကာ သူလုပ်သမျှ အလုပ်တိုင်းတွင် ရည်ရွယ်ချက်တစ်ခု ရှိသူဖြစ်သည်။ ထို့အပြင် ယခင်ဖြစ်ခဲ့သော စကားများမှုသည် တစ်စုံတစ်ခု ရရန် ရည်ရွယ်ပြီး တမင်တကာ လုပ်ခဲ့တာ ဖြစ်နိုင်သည်။
ကောဝူချန်သည် ကျန်းလော့စကားများကို အလွယ်တကူပင် ယုံကြည်သွားကာ ရန်ပွဲသည် အတုအယောင်သာ ဖြစ်သည်ဆိုကာမှ အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။
ထို့နောက် စနောက်ဟန်ဖြင့် မေးလိုက်သည်။
“ဘာအကြောင်းနဲ့ စကားများကြတာလဲ အဲဒီကိစ္စက လူတိုင်းကို အံ့ဩတကြီး ဖြစ်သွားစေတယ်ရော”
ကျန်းလော့သည် စီးကရတ်အငွေ့များကို မှုတ်ထုတ်နေပြီး မထူးခြားစွာ ပြောလိုက်သည်။
“ဒီတိုင်း တစ်ခုခုပေါ့”
ကောဝူချန်သည် သိချင်တာ မသိရ၍ စိတ်လှုပ်ရှားသွားပြီး လက်ထဲမှ ဗုဒ္ဓပုတီးကုံးကို ဆောင့်ဆွဲမိသွားကာ ပုတီးကုံးသည် ပြုတ်ထွက်သွားပြီး ပုတီးစေ့များ အခန်းထဲသို့ ပျံ့ကျဲသွားလေတော့သည်။ ကောဝူချန်က ပြောသည်။
“သခင်ကျန်း ကျုပ်တို့ အခုစကားပြောနေတာကို သခင်ကြားရမှာ မဟုတ်ပါဘူး”
ကျန်းလော့သည် နှစ်ကြိမ်လောက် ရယ်မောလိုက်ပြီး
“ကောဝူချန် မင်းဘာဖြစ်လို့ ခရီးလေးတစ်ခုသွားပြီး ပိုတုံးလာရတာတုန်း မင်းက အခုလုံးဝကို ပုံမှန်မဟုတ်တော့ဘူးကိုး မင်းငါ့အခန်းထဲလာတာ သူမသိဘူးလို့ ထင်နေတာလား သူက မင်းကို မျက်လုံးနှစ်လုံးလုံးနဲ့ သေချာစောင့်ကြည့်နေတာကွ မင်းဒီလို ခိုးကြောင်ခိုးဝှက်လုပ်နေတာက ငါတို့ကြားမှာ တစ်ခုခုရှိနေတာကို ရှင်းနေအောင် ဖော်ပြနေတာပဲကွ”
သို့သော် သူသည် နောက်တစ်စက္ကန့်အတွင်းမှာပင် စီးကရတ်ကို ပါးစပ်ထဲ ပြန်ထည့်ပစ်လိုက်လေသည်။ မျက်နှာသည်လည်း ချက်ချင်း တည်သွားပြီး ထူးခြားစွာ ပြောလိုက်သည်။
“ဒါပေမဲ့ ငါဂရုမစိုက်ဘူး ပြော မင်း ငါ့ကို ဘာပြောချင်တာ ရှိနေလို့လဲ”
ကောဝူချန်သည် ကျန်းလော့က ပြောလာသည်နှင့် သူ ပြင်ဆင်ထားသည့်အတိုင်း ညှိုနှိုင်းဖို့ လုပ်တော့သည်။ သူသည် ယခင်တုန်းကအတိုင်း တည်ငြိမ်စွာ ပြုံးလိုက်ပြီး
“သခင်ကျန်း မင်း ကျွန်တော့်အကြောင်း သခင့်ကို ပြောခဲ့တဲ့ စကားတွေကြောင့် ကျွန်တော် တော်တော် အခက်တွေ့သွားရတယ်ဗျ ပြီးတော့ ကျွန်တော် ဘယ်လောက်တောင်မှ သနားစရာ ကောင်းသွားလိုက်လဲဆိုရင်ဗျာ...... ကျွန်တော်တို့ အရင်ကဖြစ်ခဲ့တဲ့ မကျေနပ်ချက်တွေကို ကျေအေးလိုက်ကြရအောင်လားဗျာ ခင်ဗျားရော ကျွန်တော်ရောရဲ့ ပန်းတိုင်က တူညီနေတာပဲလေ”
သူသည် ပြောနေရင်း စိတ်လှုပ်ရှားလာကာ
“သခင်ကျန်း မင်းက ကျွန်တော်ထင်တာထက် ပိုပြီး ကောင်းကောင်းလုပ်နိုင်နေပါတယ် သခင်က မင်းကို လုံးဝကြီးကို လက်မလွတ်နိုင်ဘူး ဖြစ်နေပြီ မင်း ဒီတိုင်းပဲ ဆက်ပြီး သူနဲ့ ရန်ဖြစ်ပြီး ရက်နည်းနည်းလောက် သူ့ကို လျစ်လျူရှုထားလိုက်ရင် သူဘယ်လိုဖြစ်လာမလဲ မင်းသိလား အဟမ်း ပုံမှန်ဆိုရင် သခင်ဘယ်လောက် စိတ်ညစ်ဖို့ကောင်းအောင် စိတ်ဆိုးနိုင်တယ်ဆိုတာ ဘယ်သူမှ မြင်မှာ မဟုတ်ဘူး ကျွန်တော် ဘယ်တုန်းကမှ သူ့ဆီမှာ လူသားဆန်တဲ့ အခြမ်းကို မမြင်ဖူးခဲ့ဖူးဘူး ... ကျန်းလော့ မင်းက အရမ်းတော်ပါတယ် မင်းသူ့ကို ပြည့်ပြည့်ဝဝ ထိန်းချုပ်နိုင်တယ် မင်းသေချာပေါက် သူ့ကို အဲဒီလို အနာဂတ်ဖန်တီးမဲ့ ကိစ္စကို လက်လျော့သွားအောင် အချိန်မီလုပ်နိုင်မှာပါ”
ကျန်းလော့သည် တိတ်ဆိတ်စွာ နားထောင်နေခဲ့ပြီး သူ့ခြေထောက်နှစ်ချောင်းကို စားပွဲပေါ်တင်လိုက်သည်။ သူသည် စီးကရက်ကို မသိလိုက်မသိဘာသာ ဝါးနေခဲ့သည်။ ကောဝူချန်၏ အသံသည် အလွန်စိတ်လှုပ်ရှားနေသော်လည်း သူ၏ စိတ်လှုပ်ရှားမှုသည် ကျန်းလော့၏ တည်ငြိမ်နေသော မျက်နှာကို ပို၍ လေးနက်သွားစေသည်။
အခန်းထဲတွင် ပြတင်းပေါက် တစ်ခုမှ မရှိပေ။ မီးရောင်တချို့သာ ရှိနေပြီး ကောဝူချန်သည် စားပွဲနားသို့ တိုးကပ်လာကာ အလွန်စိတ်လှုပ်ရှားနေသောကြောင့် အသက်ရှူသံများမြန်နေပြီး ဦးနှောက်ဆေးခံထားရသကဲ့သို့ ထပ်ခါတလဲလဲ ပြောနေသည်။
“ကျန်းလော့ မင်းကသာ အဲလိုအနာဂတ်ကို ပြောင်းလဲပေးနိုင်မှာ”
ကျန်းလော့သည် ရုတ်တရက် သရော်ပြုံးပြုံးလိုက်ပြီး
“ငါက တကယ်ပဲ ချီယုံကို ရွှမ်ရွှီလောကကြီးကို ဖျက်ဆီးမှာကို ငါ့ကြောင့်နဲ့ လက်လျော့သွားအောင် လုပ်နိုင်မယ် ထင်နေတာလား”
ကောဝူချန်သည် ခေါင်းညိတ်လိုက်သည်။
ကျန်းလော့သည် စီးကရတ်ကို ခါလိုက်ပြီး
“ဒီလောက်ကြီး မတုံးစမ်းပါနဲ့ ကောဝူချန်ရာ မဖြစ်နိုင်ဘူးကွ”
သူသည် ပုခုံးတွန့်လိုက်ပြီး
“ငါ့ရဲ့ ရည်ရွယ်ချက်က တကယ်ပဲ မင်းနဲ့တူပါတယ် ဒါပေမဲ့ ငါသုံးမဲ့ နည်းလမ်းကတော့ မင်းနဲ့ မတူဘူး ငါအခုဆို ကံကြမ္မာယုံသူရဲ့ စွမ်းအားတစ်ဝက်ကို စုပ်ယူထားပြီးပြီ တာအိုဆရာတော် ဝေ့ဟယ်ပြောတာတော့ ငါ့ခန္ဓာကိုယ်ကို ထိန်းချုပ်ဖိနှိပ်ပြီးရင် ငါလည်းပဲ အတုအယောင်နတ်ဘုရားတစ်ပါး ဖြစ်လာနိုင်တယ်တဲ့ ငါသူ့ကို ဒီတိုင်း စွမ်းအားနဲ့ လွှမ်းမိုးပြီးဖိအားပေးလို့ ရတယ် နားလည်လား လူ့အသိုင်းအဝိုင်းကို နတ်ဆိုးလောကလို ပြောင်းလဲမယ့် ဆုံးဖြတ်ချက်ကို လက်မလျော့မချင်း ရိုက်ပစ်မယ် အဲဒါက ငါ့ရဲ့ နည်းလမ်းပဲ”
ကောဝူချန်သည် မျက်မှောင်ကုတ်သွားပြီး ကျန်းလော့ကို ထူးဆန်းစွာ ကြည့်လိုက်သည်။
“အားသုံးပြီး ဖိနှိပ်မယ် ဟုတ်လား ကျန်းလော့ မင်း ငါ့ကို လာနောက်နေတာလားကွ”
ကျန်းလော့သည် နှုတ်ခမ်းစေ့လိုက်ပြီး
“ကောဝူချန် ငါ့ရည်မှန်းချက်က မင်းနဲ့ တူပေမဲ့ နည်းနည်းတော့ မတူဘူးကွ သူနဲ့ငါ ငါတို့နှစ်ယောက်လုံး ငါအဲဒီ အိမ်တော်ခြောက်ခုကို သူဘယ်လိုလုပ်လုပ် သတ်ပစ်ပစ် ဂရုမစိုက်မှန်း သိပြီးသားပဲ ဘယ်လောက်ထိ ရွှမ်ရွှီလောကကို ဖျက်ဆီးချင်တယ်ဆိုတာ သူ့အပေါ်ပဲ မူတည်တယ် ရွှမ်ရွှီလောကက အရင်တုန်းထဲက အရိုးထဲထိအောင် ပုပ်ပွနေတာပဲဟာ ပြီးတော့ အဲဒီလို လောကကြီးကို သူဘာလုပ်လုပ် အဲတာ ငါနဲ့မဆိုင်ဘူး ဆန့်ကျင်ဘက်ပြောရရင်ကွာ တစ်ကမ္ဘာလုံး ပရမ်းပတာ ဖြစ်သွားရင်တောင် ငါ့မှာ ခြေကုတ်ယူလို့ရမဲ့ သုတေသနအဖွဲ့ ရှိသေးတယ် အိမ်တော်ခြောက်ခု ကျို့ခန်းဘုရားကျောင်းကိုတောင် ငါကာကွယ်မှာ မဟုတ်ဘူး အဆုံးမှာတော့ကွာ ငါက ဘာလို့ သူလက်စားချေတာကို ဘာအတွက် တားရမှာလဲ ဒါပေမဲ့ သူကသာ ရွှမ်ရွှီလောကကို မကောင်းဆိုးဝါးနဲ့ မိစ္ဆာသရဲတစ္ဆေတွေကို အုပ်ချုပ်ခိုင်းပြီး သာမန်လူ့အသိုင်းအဝိုင်းတစ်ခုလုံးကို ဆွဲချသွားမယ်ဆိုရင်တော့ ငါကိုယ်တိုင် ငါ့စည်းကမ်းအတိုင်း ကိုင်တွယ်မယ်”
ကောဝူချန်သည် တစ်စုံတစ်ခု မှားနေကြောင်း သတိထားမိလိုက်သည်။ ကျန်းလော့၏ စီးပွားရေးဆန်သော မထူးခြားသော လုပ်ရပ်များသည် ယခင်ကနှင့် အနည်းငယ် ကွာခြားနေသလို ထင်ရကာ သူသည် ပြင်းပြစွာ ပြောလိုက်သည်။
“ဖိအားပေးရင်တောင် ကံကြမ္မာယုံသူက သူ့ကို မတားနိုင်ဘူးလေ ဒီတော့ မင်းက သူ့ကို ဘယ်လိုတားမှာလဲ”
ကျန်းလော့အဖြေကို စောင့်နေသော်လည်း ကျန်းလော့ ပြန်မဖြေသောအခါ ကောဝူချန်သည် အလျင်စလို အကြံပေးလိုက်ပြန်သည်။
“ကျန်းလော့ မင်းသာလိုချင်ရင် သခင်က ရွှမ်ရွှီလောကကြီးကို ဖျက်ဆီးမဲ့ အကြံကိုရော လက်စားချေမှာကိုရော လက်လျော့ပေးမှာပါ အဲဒါက အားသုံးတာထက် ပိုမကောင်းဘူးလား ငါမင်းကို စိတ်ဓာတ်ကျသွားစေဖို့ မရည်ရွယ်ပါဘူး ဒါပေမဲ့ ကံကြမ္မာယုံသူက သူနဲ့ဆိုရင် စွမ်းအားမရှိသလို ဖြစ်သွားတယ် ပြီးတော့ တကယ်လို့ မင်းနတ်ဘုရားတစ်ပါး ဖြစ်လာရင်တောင်မှ မင်းသူ့ကို မကူညီနိုင်ဘူး”
ကောဝူချန်သည် အနည်းငယ် စိတ်မောနေပြီး ကျန်းလော့သည် သူ၏ စိတ်မောမှုကို တကယ်လား ဟန်ဆောင်နေတာလား သိချင်လာပြီး သူသည် စီးကရတ်ကို အေးဆေးစွာ ရှိုက်လိုက်ပြီး မေးလိုက်သည်။
“ကောဝူချန် ငါက သူ့အတွက် အရေးပါတဲ့သူလို့ ထင်လား”
ကောဝူချန်သည် တွေဝေခြင်းမရှိစွာ ခေါင်းညိတ်လိုက်ပြီး ခိုင်မာစွာ ပြောလိုက်သည်။
“မင်းက သူ့အတွက် တစ်ခုထဲသော ရှားပါးဖြစ်တည်မှု တစ်ခုပဲ”
လွန်ခဲ့သော တစ်နှစ်ခန့်က ကောဝူချန်သည် သူသည် ဘယ်တုန်းကမှ ဤသို့သော စကားမျိုး ပြောရလိမ့်မည်ဟု မထင်ထားပေ။
ချီယုံက လူတစ်ယောက်ကို ဂရုစိုက်ပါမည်တဲ့လား
ရယ်စရာကောင်းအောင် မပြောစမ်းပါနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး
သို့သော် တစ်နှစ်ကြာပြီးနောက် ထိုမဖြစ်နိုင်သော အရာက ဖြစ်နိုင်လာသည်။ ကောဝူချန်သည် လုံးဝဥသုံ တစ်ရာရာခိုင်နှုန်း သူ့အသက်နှင့်ပင် အာမခံနိုင်သည်။
‘ချီယုံက ကျန်းလော့ကို အရေးပါတယ်ဆိုတာထက်ကို ပိုပြီး တန်ဖိုးထားတယ်’
သို့သော် ထိုအချက်သည် အလွန်နက်ရှိုင်းသော အဓိပ္ပာယ်ရှိပြီး ကောဝူချန်သည် ထိုအကြောင်းကို မတွေးကြည့်ရဲပေ။ သို့သော် သူသည် ဝိုးတဝါးတော့ အာရုံရနေသည်။
ကောဝူချန်သည် ချီယုံ့ဘေးတွင် ငါးနှစ်တိုင်တိုင် ခစားခဲ့သောကြောင့် ချီယုံ၏ဗီဇ မည်မျှ မှောင်မိုက်ပြီး ရက်စက်လဲဆိုတာသိရရန် ငါးနှစ်သည် လုံလောက်သော အချိန်အတိုင်းအတာ တစ်ခု ဖြစ်ခဲ့သည်။
ချီယုံ့ကို အထူးကုသမှုပေးနိုင်နသော ကျန်းလော့သည် ကောဝူချန်၏ မျှော်လင့်ချက်များကို မီးမောင်းထိုးပြနိုင်ခဲ့ပြီး ကျန်းလော့ကတော့ သူ့ကိုယ်သူ ချီယုံ၏ ရွှေရောင်အဆင့် ချီယုံ၏ အထူးကုသဆေး ဖြစ်နေကြောင်း သိချင်မှ သိပေလိမ့်မည်။
သူက ပြတ်ပြတ်သားသား ပြောလိုက်သည်။
“ကျန်းလော့ မင်းကတော့ မင်းနေရာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေမဲ့ မင်းရဲ့ သူ့အပေါ်လွှမ်းမိုးမှုကကွာ ငါတို့တောင် မယုံနိုင်လောက်အောင် တော်တော် ကြီးတယ်ကွ”
သူသည် ချီယုံ့ကိုတောင် သံသယဝင်သွားခဲ့သည်... ချီယုံသည် ကျန်းလော့ကို သဘောကျနေတာထက် ပိုနေသည်လား
ကျန်းလော့၏ မျက်လုံးများသည် နည်းနည်းလေးမှ မလှုပ်ရှားသွားပဲ ပုံမှန်အတိုင်းပြောသည်။
“ငါက ဘယ်လိုလူမျိုးလို့ မင်းထင်လဲ”
ကောဝူချန်သည် ခနလောက်တွေးလိုက်ပြီး
“တိကျပြတ်သားတယ် တည်ငြိမ်တယ် စိတ်မြန်လက်မြန်ရှိတယ် လှည့်ဖျားတတ်တယ်”
ထို နာမဝိသေသန နှစ်တွဲသည် လုံးဝကြီး ဆန့်ကျင်ဘက်ဖြစ်နေသော်လည်း ကျန်းလော့သည် တကယ်လဲ ထိုသို့သော လူမျိုးဖြစ်လေသည်။ သူသည် သေခြင်းရှင်ခြင်း၏ အစွန်းထိရောက်အောင် သူ့ကိုယ်သူ ထပ်တလဲလဲ တွန်းပို့ပြီး မည်သူကမှ သူထိုသို့လုပ်ခြင်းကို စိတ်လိုက်မာန်ပါ လုပ်ခြင်းလား စဉ်းစားပြီး လုပ်တာလား မပြောနိုင်ပေ။
ကျန်းလော့သည် ပြတင်းပေါက်မရှိသော နံရံဘက်သို့ လှည့်ကြည့်လိုက်ပြီး ထိုနံရံပေါ်တွင် ပြတင်းပေါက်တစ်ခု ရှိနေသည်ဟု စိတ်ကူးကြည့်ပြီး အပြင်ဘက်သို့ ကြည့်လိုက်သည်။
ကောဝူချန်ပြောတာ မှန်သည်။ သူသည် ထိုလူများထဲမှ တစ်ယောက်ဖြစ်သည်။ ကျန်းလော့၏ ဘဝင်မြင့်သော အတ္တသည် ဦးနှောက်ထဲတွင် ကျယ်ပြန့်စွာ လွှမ်းခြုံသွားပြီး ချီယုံနှင့်တွေ့တိုင်း စိတ်ဆိုးနေဟန်ဆောင်ပြီး ခပ်ခွာခွာနေဖို့ဆုံးဖြတ်လိုက်သည်။
သူသည် မကောင်းဆိုးဝါးကို အနိုင်ယူချင်ပြီး သူ၏ ဆွဲဆောင်မှုအောက် ကျရှုံးနေသော မကောင်းဆိုးဝါးကိုကြည့်၍ ဝမ်းသာနေတတ်သည်။
သို့သော် ကျန်းလော့သည် ကြုံတောင့်ကြုံခဲ တကယ်ကြီး စိတ်တိုနေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ချီယုံနှင့် စကားများကြသောအခါ သူသည် အမှန်တကယ် ဒေါသထွက်သွားခဲ့ခြင်းဖြစ်သည်။
ဒေါသသည် ဤကဲ့သို့ မထိန်းချုပ်နိုင်လောက်အောင် အရှိန်ပြင်းပြင်း တောက်လောင်လာသောအခါ ကျန်းလော့သည် ပွင့်မထွက်မိအောင် မနည်း ထိန်းသိမ်းထားခဲ့ရသည်။ အစပိုင်းတွင် သူသည် သာမန်အတိုင်း စမ်းကြည့်လိုသည့် မေးခွန်းမျိုးကို ဂရုမစိုက်စွာ ဟာသသဘောမျိုးဖြင့် မေးခဲ့သည်။
ကျန်းလော့သည် ရှေ့ဆက်ရမည့် ကိစ္စများအတွက် နက်နက်နဲနဲ တွေးတောနေသော်လည်း သူ ချီယုံနှင့် စကားများပြီး ဒေါသထွက်ရသည့် အကြောင်းအရင်းကိုတော့ မသိရသေးပေ။
သူသည် ဝမ်ယမ်လန်ကို စာပို့လိုက်ပြီး ချီယုံ့ဘေးမှ ထွက်သွားရန် ဆုံးဖြတ်လိုက်သည်နှင့် သူ့တစ်ကိုယ်လုံး တောင့်တင်းလာသည်။ ကျန်းလော့သည် သူ့ကိုယ်သူ ထပ်မံပြီး မထိန်းချုပ်နိုင်သည့် အဖြစ်မျိုး ထပ်မဖြစ်ချင်တော့ပေ။
မည်မျှ ထူးဆန်းပါသနည်း
သူသည် အမြဲလိုလို ချီယုံ့ကို သူ့အိပ်မက်နှင့် ပတ်သက်ပြီး လက်လျော့သွားရန်သာ အားသုံးပြီး တိုက်တွန်းရန် ပြင်ဆင်ထားသည်။ သို့သော် အဘယ့်ကြောင့်များ ထိုညက ချီယုံ့ကို သူ့ကိုယ်သူနှင့် ခြိမ်းခြောက်မိပါသနည်း။
သူဘာတွေ တွေးနေသည်လဲ။
သူ့မှာ မည်သို့သော ခံစားချက်မျိုး ရှိနေပါသနည်း။
သူဘာလို့များ တအားကြီး စိတ်မြန်လာရပါနည်း။
ချီယုံ၏ သူ့အပေါ်ထားသော သဘောထားကြောင့်များ သူ့တွင် ပုံမှန် ဆုံးဖြတ်နိုင်စွမ်းတို့ လျော့ကျသွားသည်လား။
ပြီးတော့ ချီယုံက ဘာများ တွေးနေပါသနည်း။
သူသည် ကျန်းလော့ဆိုလိုသည်ကို တိကျစွာ နားလည်သည်။ ကျန်းလော့ သူ့ကို အိပ်မက်ထဲတွင် ပြောခဲ့သည့် အရာများကိုလည်း တိကျစွာ မှတ်မိသည်။
သူသည် ကျန်းလော့က သူ၏ ရွှမ်ရွှီလောကကြီးကို လက်စားချေချင်သည့် ကိစ္စကိုလည်း ဂရုမစိုက်ကြောင်းနှင့် ကျန်းလော့က သူ့သူငယ်ချင်းများနှင့် သာမန် လူမှုအသိုင်းအဝိုင်းကို မထိခိုက်သေးသ၍ ဘာမှလုပ်မည် မဟုတ်ကြောင်းလည်း သိထားသေးသည်။
သို့သော် သူသိထားလျှင်ပင် ကျန်းလော့သည် သူ့ကို တစ္ဆေသရဲများ သောင်းကျန်းသည်ကို မလုပ်ဖို့ သတိပေးသည်ကိုလည်း နားလည်သည်။ သို့သော် ကျန်းလော့အတွက်နှင့် ဘာကိုမှ ပြောင်းလဲပေးဖို့ ဆန္ဒမရှိပေ။
သာမှန်ကိစ္စလေးကိုတောင် မပြောင်းလဲပေးချင်ပေ။
သူ ထိုအကြောင်းပိုတွေးလေ သူ့ကိုယ်သူ ပို၍ ပဟေဠိဖြစ်လာလေ ဖြစ်ပြီး ကျန်းလော့သည် သူကိုယ်တိုင်တောင် အဘယ့်ကြောင့် ဒေါသထွက်နေမှန်း နားမလည်နိုင်တော့ပေ။
ဘာလို့ ဒီလောက် နားမလည်နိုင်အောင် ရှုပ်ထွေးနေရတာလဲ။
ကြည့်ရသည်မှာ သူသည် ဤအကြောင်းကြောင့် နှလုံးသားကို ဆွဲညှစ်ထားသလို မနှစ်မြို့ဖွယ်ခံစားချက်ကို ယခုထိ တွေးမိနေသေးသည် ထင်၏။
ကျန်းလော့သည် အသိစိတ်ပြန်ဝင်လာပြီး နှာမှုတ်လိုက်ကာ ခြေထောက်များကို စားပွဲပေါ်မှ အောက်ချလိုက်ပြီး စီးကရတ်ကို ပြာခွက်ထဲ ထည့်လိုက်သည်။
“ကောဝူချန် မင်းဘာလို့ ငါလုပ်ခဲ့သလို အမှားမျိုးကို တစ်ထပ်ထဲ လုပ်နိုင်ရတာလဲ”
ကောဝူချန် “ဘာကြီး”
ကျန်းလော့သည် မျက်ခုံးပင့်လိုက်ပြီး နှေးကွေးစွာ ပြောသည်။
“မကောင်းဆိုးဝါး တစ်ကောင်က သူ့ခံစားချက်အတွက်နဲ့ သူတစ်ချိန်လုံး လိုချင်နေတဲ့ဟာကို ဘယ်လိုလုပ် စွန့်လွတ်နိုင်ပါ့မလဲ”
“အဲဒီလောက် အများကြီး စဉ်းစားမနေပါနဲ့”
သူကပြန်ပြီး အကြံပေးလိုက်သည်။
“ချီယုံက ဒီရက်တွေထဲ စိတ်ခံစားချက်ဆိုးနေတယ်ဆိုတာ ငါက သူ့ကို မနာခံဘဲ စကားပြိုင်များလို့ ပြီးတော့ သူငါ့ကို မသတ်နိုင်ပါဘူး ဒီတော့ကွာ ဒီတိုင်း မျက်နှာချင်းဆိုင်ဖို့ ခက်နေရုံပဲ ငါ့မှာ သူနဲ့ ရန်ဖြစ်ရဖို့ ဘာအကြောင်းပြချက်မှ မရှိပေမဲ့ ငါ သူနဲ့ ချစ်သူဆက်ဆံရေးပြီးပြတ်ချင်လို့ကွာ ချီယုံ့က အန္တာရာယ်များတဲ့ မကောင်းဆိုးဝါး ငါ သူ့ကို ငါ့အပေါ်ထားတဲ့ ခံစားချက်တွေ ပျောက်ကွယ်သွားအောင် လုပ်ရမယ်၊ သူပင်ပန်းလာပြီး ငါက သူ့အတွက် ဘာမှမဟုတ်ပါဘူးဆိုတာ နားလည်သွားရင် ငါတို့နှစ်ယောက် ငြိမ်းငြိမ်းချမ်းချမ်း လက်တွဲဖြုတ်လိုက်ရုံပဲ ပြီးတော့ ငါတို့က အနာဂတ်မှာ ဘယ်ဖက်ကမှ စည်းမကျော်တော့တဲ့ ဆက်ဆံရေးမျိုး ဖြစ်လာလိမ့်မယ်၊ ဒါပေမဲ့ စိတ်မပူပါနဲ့ သူသာ ပြစ်မှုကျူးလွန်ရင် ငါက သေချာပေါက် မှန်ကန်တဲ့ဘက်ကပဲ ရပ်တည်ပေးမှာပါ”
ဟုတ်သည် သူပြောတာများသည် မကြာခင်တွင် ဖြစ်လာမည့် သူ၏ အနာဂတ်ဖြစ်သည်။
ကျန်းလော့သည် ထိုအနာဂတ်ကို တွေးကြည့်နေသည်။
သူပြီးသွားပြီးနောက် ကျန်းလော့သည် အနည်းငယ် စိတ်မပါတော့သလို ဖြစ်လာကာ ငုံ့ကြည့်လိုက်ပြီး စာကြည့်စားပွဲပေါ်မှ ဘောလ်ပင်န်ကို ကောက်ကိုင်လိုက်ပြီး
“မင်း ဒီကိုရောက်နေတာ ငါးမိနစ်ကျော်ပြီ ပြန်သင့်ပြီ”
ကောဝူချန်သည် ကျန်းလော့အခန်းထဲမှ ထွက်လာသည်။
သူတံခါးပိတ်လိုက်ပြီး နှစ်လှမ်းလောက်ပဲ သွားရသေးသည်။ သူ့မျက်စိရှေ့တွင် မှောင်မိုက်နေသော အမှောင်ထုတစ်ခု စီးကြိုနေပြီး သူသည် မြူနက်များ၏ အဖမ်းခံလိုက်ရကာ မကောင်းဆိုးဝါး ရှေ့သို့ ရောက်သွားသည်။
သူရောက်လာသော အခန်းထဲတွင် အလင်းရောင်တစ်စိမှ မရှိပေ။ မကောင်းဆိုးဝါး၏ ပုံရိပ်သည် အမှောင်ထုထက်ပင် ပို၍ မှောင်မည်းနေကာ သူ၏ အေးစက်မာကြောသော မေးရိုးတို့သည် အမှောင်ထဲတွင်ပင် ကြောက်မက်ဖွယ်အရှိန်အဝါကို ပြင်းထန်စွာ ထုတ်ဖော်ထားသည်။
“သူ မင်းကို ဘာပြောလိုက်လဲ”
မကောင်းဆိုးဝါး၏ အသံသည် ကျွတ်ဆတ်ဆတ်ဖြစ်နေပြီး သွေးများ ပွက်ပွက်ဆူအောင် ထွက်နေသော ဒေါသတို့ကို မနည်း ဖိနှိပ်ထားရသည့် အသံမျိုး ဖြစ်သည်။
ကောဝူချန်၏ နဖူးမှ ချွေးအေးများ စီးကျလာသည်။ သူသည် ချီယုံနှင့် ထိပ်တိုက်တွေ့ပြီး ပြောဆိုကြည့်ဖို့ ပြင်ဆင်ထားသော်လည်း ယခုအချိန်သည် သတိလွတ်သွားသော ကြောက်မက်ဖွယ် အခိုက်အတန့်ဖြစ်နေသည်။
“အော်မီတော်ဖော် ဗုဒ္ဓဘုရား သခင် သခင်ကျန်း သူ...”
မကောင်းဆိုးဝါးသည် သူ့ကို နှောက်ယှက်လိုက်ပြီး အခန်းထောင့်များမှ ကြောက်မက်ဖွယ်ကောင်းသော မြူနက်များ ပေါ်ထွက်လာကာ ကောဝူချန်ကို ဦးတည်ထားသော ချွန်ထွက်သော သွားစွယ်ကြီးနှင့် ပါးစပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
မကောင်းဆိုးဝါးက အေးစက်စွာ ပြောသည်။
“မပြောခင် သေချာစဉ်းစား ကောဝူချန် မင်း စကားတစ်ခွန်းမှ ချန်ခဲ့ဖို့ ခွင့်မပြုဘူး”
###############