Ch 183
Viewers 8k

အပိုင်း (၁၈၃) 


သူ့ကိုကြည့်ရတာ သဘောကျလား 

ဖုန်းလီနှင့် ကောင်းကင်သခင်ကြီးသည် အပြင်ဘက်မှ ဆူညံသံများကြားထဲက တစ်စုံတစ်ခု မှားနေမှန်း သိကြသည်။ ကံကောင်းချင်တော့ တစ်စုံတစ်ယောက်သည် အပြင်ဘက်မှ အခြေအနေကို လာပြီး သတင်းပေးခဲ့သည်။ သို့သော် ဖုန်းလီနှင့် ကောင်းကင်သခင်ကြီးတို့သည် မလှုပ်ရှားဘဲ တည်ငြိမ်စွာ ဆက်၍ ထိုင်နေကြသည်။ 

ကောင်းကင်သခင်အိုကြီးသည် အိပ်မောကျနေသကဲ့သို့ မျက်လုံးမှိတ်ထားပြီး ကောင်းကင်သခင်နှင့် တပည့်တို့သည် မျက်နှာချင်းဆိုင်ထိုင်နေကြပြီး တိတ်ဆိတ်နေကြသည်။ 

ခဏကြာပြီးနောက် တစ်စုံတစ်ယောက်သည် အမြန်ပြေးဝင်လာပြီး 

“ကောင်းကင်သခင် အစ်ကို ကျန်းလော့က နက္ခတ်မျှော်စင်ခေါင်မိုး ပေါ်ရောက်နေပါတယ် ကြည့်ရတာ ခုန်ချမလို့ ထင်ပါတယ်” 

တည်ငြိမ်စွာ ထိုင်နေသော ဖုန်းလီသည် ရုတ်တရက် မသိသာစွာ ဖြူလျော်သွားပြီး ချက်ချင်း ထရပ်လိုက်ကာ အပြင်ထွက်သွားဖို့ လုပ်လိုက်သည်။ 

“ဖုန်းလီ” 

ကောင်းကင်သခင်အိုကြီး၏ ဖျော့တော့သော အသံထွက်လာသည်။ အသံထဲတွင် ခွင့်မပြုမှုကြောင်း အမိန့်ပေးဟန်ပါနေခဲ့သည်။ 

ဖုန်းလီ၏ ခြေလှမ်းများ ရပ်တန့်သွားပြီး ကောင်းကင်သခင်ကြီးကို လှည့်ကြည့်လိုက်သည်။ 

“ငါ မင်းကို အခုလေးတင်ပြောခဲ့တာကို မေ့သွားပြီလား” 

ကောင်းကင်သခင်အိုကြီးက ဆက်ပြောသည်။ 

“ဒီနေ့ မင်းဒီအခန်းထဲက ထွက်သွားခွင့်မရှိဘူး” 

“ကျွန်တော် မှတ်မိပါတယ်” 

ဖုန်းလီ၏ အသံသည် ပေါ့ပါးနေပြီး 

“ဒါပေမဲ့ ကျွန်တော် သွားမှ ဖြစ်ပါမယ်” 

“မင်းထွက်သွားရင်ဖြစ်လာမဲ့ အကျိုးဆက်တွေက ဆိုးဝါးမယ်မှန်း သိတာတောင် ထွက်သွားဦးမှာလား” 

ဖုန်းလီသည် တစ်စက်ကလေးမှ တွေဝေမသွားဘဲ ပြောလိုက်သည်။ 

“ဟုတ်ကဲ့” 

သို့နှင့် သူသည် အမြန် ထွက်သွားတော့သည်။ ကောင်းကင်သခင်အိုကြီး၏ ကျောက်တုံးကဲ့သို့ ခက်ထန်သော မျက်နှာသည် သိသာစွာ ပျက်ယွင်းသွားပြီး သက်ပြင်းချလိုက်သည်။ 

...................... 

ချီယုံ၏ ရူးသွပ်မှုနှင့် စိတ်ဆန္ဒကို မည်သူကမှ မတားဆီးနိုင်ပေ။ ထို့အတူ ရွှမ်ရွှီလောကကြီးကို ဖျက်ဆီးမည့် အစီအစဉ်ကိုလည်း မည်သူမှ တားမရပေ။ ကောဝူချန်ထက် ချီယုံ့ကို ပိုသိနားလည်သော ကျန်းလော့သည် ကောဝူချန်ပြောခဲ့သော “ချီယုံက သူ့အသက်ကို မင်းကို ပေးလိမ့်မယ်” ဟူသော စကားထက် ချီယုံသည် လူတစ်ယောက်ကို တွေ့မြင်ပြီး စိတ်ထဲထည့်ပြီးလျှင် ထိုသူအတွက် သူ့စိတ်ဆန္ဒများကိုပင် ချိုးနှိမ်ထားနိုင်ကြောင်း ကျန်းလော့သိသည်။ 

ချီယုံသည် သူ၏ ဒေါသနှင့် ရုးသွပ်မှုတို့ကို ကျန်းလော့အတွက်နှင့် ချုပ်တည်းထားခြင်းသည် ကျန်းလော့ကို သူ့စိတ်ထဲတွင် အပြည့်အဝ နေရာပေးထားကြောင်း သိသာသည်။ 

“မင်းက ငါဒဏ်ရာရသွားမှာ ကြောက်နေတယ်”

လှောင်ပြောင်သော စကားလုံးများနှင့် ရယ်မောပြောဆိုလိုက်သော်လည်း မကောင်းဆိုးဝါးသည် ဘာတစ်ခုမှ ပြန်မပြောခဲ့ပေ။ ဤအချက်ကို သတိထားမိသွားပြီး သူ့မျက်နှာသည် တဖြည်းဖြည်း အမူအယာမဲ့လာသည်။ ချီယုံ့အမူအယာ မျက်နှာထားပြောင်းလေ ကျန်းလော့ ပျော်လာလေ ဖြစ်သည်။ သူ၏ ဘယ်ညာယိမ်းနေသော ခြေထောက်သည်ပင် တိတ်တိတ်လေး ကျိတ်ပျော်နေသည့် အနံ့အသက်များ ထွက်လာသလိုပင် ထင်ရသည်။ 

ချီယုံ တိတ်ဆိတ်နေသည်။ 

သို့သော် သူတိတ်ဆိတ်နေလေ ကျန်းလော့စကားများ မှန်ကြောင်း သေချာလေဖြစ်သည်။ 

ကျန်းလော့သည် ရုတ်တရက် လေထုကြီးတစ်ခုလုံး လတ်ဆတ်လာသလို ခံစားလိုက်ရပြီး ပျော်ရွှင်စရာ ညလေး ဖြစ်သွားသလို ခံစားလိုက်ရသည်။ မြေပြင်ပေါ်တွင် ဟိုပြေးသည်ပြေးလုပ်နေကြသော လူများသည်ပင် သူ့မျက်လုံးထဲတွင် ချစ်စရာကောင်းနေပြီး သနားစရာကောင်းနေသည်။ မည်းမှောင်နေသော မျက်နှာဖြင့် သူတို့ရှေ့သို့ ရောက်လာသော ဖုန်းလီကတောင် .. တောင်.. 

‘ဖုန်းလီလား’ 

ကျန်းလော့သည် သေချာပြန်ကြည့်လိုက်ရာ တကယ်ကြီး ဖုန်းလီ ဖြစ်နေသည်။ သူ့ကို ငုံ့ကြည့်လိုက်သည့် အချိန်တွင် မကောင်းဆိုးဝါးသည် သူ့အကာအကွယ် လွတ်သွားချိန်တွင် ချက်ချင်း သူ့ကို ခါးမှ ဆွဲမလိုက်သည်။ ကျန်းလော့ ပြန်မတုံ့ပြန်နိုင်ခင် သူသည် နံရံကို ခြေကန်၍ အရှိန်ယူကာ သုံးလွှာမှ ခုန်ချသွားသည်။ 

ကျန်းလော့သည် ရုတ်တရက်ကြီး အောက်ပြုတ်ကျသွားသောကြောင့် သတိလက်လွတ်ဖြင့် မကောင်းဆိုးဝါး၏ လည်ပင်းကို ဖက်မိသွားသည်။ 

“သောက်ကျိုးနည်း မင်း..” 

လေအေးတစ်ဆုပ်လိုက်ကြီး သူ့လည်ပင်းထဲသို့ ဝင်သွားပြီး ကျန်းလော့သည် နှစ်ကြိမ်လောက် ချောင်းဆိုးလိုက်ကာ ချီယုံ့ကို ကြည့်လိုက်ချိန်တွင် မျက်နှာသေနှင့် မကောင်းဆိုးဝါးသည် သူ့ကို အောက်ချပေးနေပြီ ဖြစ်သည်။ 

မကောင်းဆိုးဝါးသည် သူ့ကို အပြင်ဘက်ထိ သယ်သွားပြီး ခပ်ထေ့ထေ့ ပြောလိုက်သည်။ 

“အခုလည်း ခုန်ချလာခဲ့ပြီလေ မင်းက ဘာလို့မသေသေးတာလဲ ” 

ကျန်းလော့ လက်သီးဆုပ်မိသွားပြီး တမင်တကာ လှောင်ပြောင်သလို ရယ်မောလိုက်ကာ 

“ချီယုံ မင်းက အခုပြောနေတဲ့ အကြောင်းအရာကို ရှောင်ချင်နေတာလား ဒီတော့ရော ဘာဖြစ်လဲ မင်း ငါဒဏ်ရာရမှာ ကြောက်နေတာတော့ ဟုတ်တယ်မို့လား” 

မကောင်းဆိုးဝါးသည် နှုတ်ခမ်းတို့ကွေးလိုက်သော်လည်း သူ့အပြုံးသည် မျက်လုံးများထဲထိ ပေါ်လွင်မနေကာ လုပ်ပြုံးကြီးနှင့် တူနေသည်။ 

“ပါးစပ်ပိတ်ထား” 

ကျန်းလော့ကပြောသည်။ 

“မပိတ်ရင်ရော” 

မကောင်းဆိုးဝါးသည် မြူနက်များကို ဆင့်ခေါ်လိုက်ပြီး ကျန်းလော့ကို မြူနက်များထဲသို့ တွန်းပို့လိုက်သည်။ 

ကျန်းလော့သည် လန်ဖြန့်ပြီး အော်မိသွားပြီး နှစ်ကြိမ်လောက် ရုန်းကန်လိုက်သော်လည်း ချီယုံက ထျန်းရှိဖူမှ ထွက်ခွာရန် လုပ်ဆောင်နေသည်ကို မြင်သောအခါ ပြန်ငြိမ်နေလိုက်သည်။ ချီယုံသည် တစ်ကြိမ်ထဲနှင့် တစ်လှမ်း လှမ်းလိုက်ပြီး ကျန်းလော့ကို သံကြိုးဖြင့် ခတ်ထားသည့် လှောင်အိမ်ကဲ့သို့ သေချာစွာ ဆုပ်ကိုင်ထားသည်။ ကျန်းလော့ကို အသေဆွဲဖက်လိုက်သည်နှင့် ကျန်းလော့တစ်ကိုယ်လုံးသည် သူ့ရင်ခွင်ထဲ ရောက်သွားပြီး အင်္ကျီကြယ်သီးများသည် ကျန်းလော့ မျက်နှာတစ်ခြမ်းကို ဖိကပ်မိသွားသည်။ အလွန်တင်းကြပ်စွာ ဖက်ထားသောကြောင့် ကျန်းလော့ကိုယ်ပေါ်တွင် ကြယ်သီးရာများ ထင်သွားတော့သည်။ 

ကျန်းလော့သည် ချီယုံ့လက်မောင်းကြားထဲတွင် သက်တောင့်သက်သာ ဖြစ်အောင် သူ့ကိုယ်ကို ဟိုလှည့်သည်လှည့် လုပ်နေပြီး ချီယုံ့ပုခုံးပေါ်သို့ မေးစေ့တင်ထားလိုက်ကာ သူ သက်တောင့်သက်သာ ဖြစ်သော အနေအထား ရသွားသည်နှင့် ငြိမ်နေလိုက်တော့သည်။ 

သူသည် ချီယုံတစ်ယောက် စိတ်အခြေအနေ မကောင်းကြောင်း သေချာပေါက်ပြောနိုင်သည်။ မကောင်းဆိုးဝါးသည် ပြုံးနေသော်လည်း သူ့အပြုံးသည် လူတိုင်းကို ရူးသွပ်မတတ် ကြောက်ရွံ့သွားစေသည်။ ၎င်းသည် အလွန်ကြောက်စရာကောင်းသော်လည်း ကျန်းလော့ကတော့ ရယ်ပဲ ရယ်ချင်နေသည်။ သူသည် ဂုဏ်ယူစွာဖြင့် ချီယုံ့ပုခုံးကို မေးစေ့နှင့် ပွတ်သပ်နေပြီး ဗြောင်းဆန်နေသော လူအုပ်ကြားမှာ သူတို့နား ကပ်သည်ထက် ကပ်လာသော ဖုန်းလီကို ချီယုံ့နောက်ကျောကို ဖက်ရင်း ကြည့်နေသည်။ 

“သူ့ကို ချပေးလိုက်” 

ချီယုံသည် သွားမည့်ခြေလှမ်းများ ရပ်သွားပြီး ကျန်းလော့ကို ပွေ့ထားရင်း နောက်လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးများသည် အနည်းငယ် မှေးကျဉ်းသွားပြီး နက်မှောင်နေသော မျက်လုံးများသည် ဖုန်းလီကို အေးစက်စွာ စိုက်ကြည့်နေသည်။ 

ကျန်းလော့သည် သူ့ဘေးပတ်လည်မှ အပူချိန်တို့ရုတ်တရက် ထိုးကျသွားသည်ကို ခံစားမိပြီး ချီယုံ့နက်ခ်တိုင်ကို ဆွဲလိုက်ကာ သူ့မျက်လုံးများကတော့ တံခါးပေါက်ဝကို ကြည့်နေပြီး 

“အာ အာ” 

‘ထွက်ကြစို့လေ’ 

ချီယုံသည် ရင်ခွင်ထဲမှ ကောင်လေးကို အပြုံးနှင့် ငုံ့ကြည့်လိုက်ကာ ကောင်လေး၏ ဆန္ဒတို့ ဖော်ပြကာ သူ့ကို အားကိုးနေသော ပုံစံကြောင့် ကျေနပ်သွားရပြီး ဆက်၍ ထွက်သွားဖို့ လုပ်လိုက်သော်လည်း ခြေလှမ်းများကတော့ အလျင်မလိုခဲ့ပေ။ သူသည် တမင်တကာ တစ်စုံတစ်ယောက်ကို ရန်စချင်နေသည့်အလား။ 

ဖုန်းလီ၏ အသံသည် အလွန် ဒေါသထွက် ခက်ထန်နေပြီး 

“ချီယုံ ငါ့တပည့်ကို အခုချက်ချင်း ချလိုက်” 

သူပြောပြီးသွားသောအခါ သူ့အင်္ကျီလက်စထဲမှ အဝါရောင် ဖူလုတစ်စောင် ပျံဝဲထွက်သွားပြီး ချီယုံ့ကို ပြင်းထန်စွာ ထိသွားတော့သည်။ ထိုအဝါရောင်ဖူလုသည် ပြင်းထန်သော အရှိန်အဟုန်ဖြင့် ပစ်ပေါက်လာပြီး ချီယုံ့ကို ထိတော့မည့် အချိန်တွင် ချီယုံ၏ မြူနက်များက ဝါးမြိုသွားသည်။ ချီယုံသည် နောက်တစ်ကြိမ် ပြန်လှည့်ကြည့်လိုက်ပြီး တမင်တကာ ဖုန်းလီရှေ့တွင် ကျန်းလော့ နောက်ကျောကို ပွတ်သပ်၍ ပြုံးလိုက်ကာ 

“ကောင်းကင်သခင်ရဲ့ တပည့်က ဘယ်မှာ များပါလဲဗျာ” 

သူ့လက်သည် အလွန်အေးစက်နေသောကြောင့် ကျန်းလော့သည် ခဏလောက် တုန်ယင်နေပြီး ချီယုံက သူ့ကို အားမလို အားမရ ညှစ်ပစ်လိုက်ပြန်သည်။ ချီယုံသည် ညှစ်ရုံလောက်နှင့် မလုံလောက်သည့်အလား နောက်လက်တစ်ဖက်ဖြင့် ရည်ရွယ်ချက်ဆိုးစွာ သူများပေါင်ကို တမင်တကာ သွားပွတ်နေပြန်သည်။ 

“ကျူုပ်လက်မောင်းထဲက တစ်ယောက်ကတော့ ကျုပ်ချစ်သူဗျ ဘယ်လိုလုပ်ပြီး မင်းရဲ့တပည့်ကို ကျုုပ်ကို လာချခိုင်းနေရတာလဲဗျာ” 

ဖုန်းလီ၏ မျက်နှာသည် လုံးဝကြီး မည်းမှောင်သွားတော့သည်။ သူ့မျက်လုံးများကတော့ ချီယုံ့လက်တို့ ထိကိုင်နေသည့် နေရာဆီသို့ ကော်နှင့်ကပ်ထားသလို စူးစူးရှရှကြည့်နေသည်။ ဟုတ်ပေသည် ချီယုံသည် ထိုလက်တို့ကို သတိထားမိပါသည်။ ကျန်းလော့ကို သူပိုင်ကြောင်းတမင်သက်သက် လုပ်ပြနေကြောင်း အလွန်သိသာနေသော်လည်း ဖုန်းလီကတော့ သူ့လှုပ်ရှားမှုများထက် ကျန်းလော့ကိုသာ သေချာကြည့်နေသည်။ သူ အလွန် စိတ်ဆိုးနေပါသည်။ 

ကျန်းလော့သည်နောက်ထပ် 

“ဝူး ဝူး” ဆိုသော အသံ ထွက်ပြလာသောအခါ မကောင်းဆိုးဝါး၏ အမူအယာတို့သည် တဖြည်းဖြည်း ပို၍ ဖျော့တော့လာသည်။ 

ချီယုံသည် ယခုအချိန်တွင် ဖုန်းလီကို သတ်၍ မဖြစ်သေးပေ။ သူသည် ကံကြမ္မာယုံသူကို တစ်ချက်ထဲနှင့် အပြတ်သတ်ရန် နှစ်တွေအကြာကြီး စီစဉ်ထားရပြီး အားလုံးကို ရေစုန်မြောမသွားစေချင်ပေ။ သူသာ အခုကိစ္စကို အကြီးကြီး ချဲ့လိုက်ပါလျှင် ကံကြမ္မာယုံသူသည် သတိထားလာတော့မည် ဖြစ်ပြီး ကျန်းလော့အတွက် ကံကြမ္မာယုံသူကို မည်သို့ လုပ်ကြံရမည် မသိအောင် ဖြစ်သွားနိုင်သည်။ 

ဖုန်းလီသည် ကျန်းလော့၏ ဆရာဖြစ်ခဲ့ဖူးသည် မည်သည့် ကိစ္စမျိုးတွင် မဆို ကျန်းလော့ကို အမြဲတမ်း ဂရုတစိုက် ကြင်ကြင်နာနာ ဆက်ဆံခဲ့သည်။ ကျန်းလော့သည် ချီယုံ ဖုန်းလီကို သတ်မည်ကို ဒီတိုင်း ရပ်ကြည့်မနေနိုင်ပေ။ ချီယုံသည် သူ့ကို ငုံ့ကြည့်လိုက်ပြီး ရုတ်တရက် ကျန်းလော့ခေါင်းကို သူ့ရင်ဘတ်ထဲ နစ်ဝင်သွားအောင် ဖိပစ်လိုက်ပြီး ကျန်းလော့ငယ်ထိပ်ကို နမ်းလိုက်သည်။ ထို့နောက် ကျန်းလော့၏ နားနားသို့ ကပ်၍ မသိမသာ ပြုံးလိုက်ပြီး 

“မင်းရဲ့ဆရာကို ကိုယ်တကယ် သတ်ပစ်လိုက်စေချင်လား” 

ချီယုံသည် သူ့မျက်နှာကို တစ်ချက် နမ်းလိုက်ပြီး ဖုန်းလီကို မျက်လွှာပင့်ကြည့်လိုက်ကာ တိုးတိုးပြောလိုက်သည်။ 

“ဘာလို့များ မင်းက ငါ့မျက်စိရှေ့မှာ သူ့ကို အကြိမ်ကြိမ်အခါခါ လွှတ်ပေးဖို့ ခဏခဏ လာပြောနေရတာတုန်း မင်းက ဒီလောက် ဉာဏ်ကောင်းတာ မင်းကိုယ့်ကို ဒီလိုတောင်းဆိုတာ ကိုယ်သူ့ကို ပိုသတ်ချင်လာအောင် ဆွနေသလိုပဲကွာ” 

ကျန်းလော့၏ လက်တို့သည် ချီယုံ့ကို တင်းကျပ်စွာ ဖက်ထားလိုက်သည်။ ချီယုံသည် သူ့ကို ပြန်ကြည့်လိုက်ပြီး မကောင်းဆိုးဝါး၏ မျက်လုံးများသည် အဓိပ္ပာယ်များ ပြည့်နှက်နေပြီး သူ့နားရွက်များကတော့ နီရဲနေသည်။ 

ကျန်းလော့သည် ထိုအကြည့်များကြား ခဏလောက် နစ်မြောသွားပြီးမှ သူ့ကိုယ်သူ မနည်းဆွဲထုတ်လိုက်ရပြီး သတိမထားမိစွာ ဖုန်းလီဘက်သို့ လှည့်ကြည့်လိုက်သည်။ 

နောက်တစ်စက္ကန့်တွင် သူ့မေးရိုးများကို မကောင်းဆိုးဝါးက တင်းကျပ်စွာ ညှစ်လာခဲ့သည်။ မကောင်းဆိုးဝါးက ပြောသည်။ 

“ဒုတိယအကြိမ်မြောက်ကြည့်တာပဲ မင်းသူ့ကို ကြည့်ရတာ သဘောကျနေတာလား” 

ဖုန်းလီသည် ချီယုံ့မြူနက်များနှင့် ရင်ဆိုင်နေပြီး သောကရောက်နေရသည်။ ကျန်းလော့အကြည့်တို့ ဖုန်းလီဆီ ရောက်သွားသည်နှင့် မြူနက်များသည် ပို၍ အထိန်းအချုပ်ကင်းမဲ့လာပြီး ဖုန်းလီသည် ဒေါသပုန်ထလာကာ အမျက်ဒေါသမီးတောက်များ ပို၍ တောက်လောင်လာတော့သည်။ 

ကျန်းလော့၏ မျက်ခုံးများပင့်သွားပြီး သူသည် ချီယုံ့လည်ပင်းကို အောက်ဆွဲချကာ နှုတ်ခမ်းချင်းကပ်၍ နမ်းပစ်လိုက်သည်။ 

‘အစ်ကိုကြီးရေ’ 

‘ဖုန်းလီနဲ့ သွား ကစားမနေပါနဲ့ကွာ သောက်ကျိုးတွေကို အဖတ်ဆယ်လို့မရအောင် နည်းကုန်လိမ့်မယ်ဟ ဒီနေရာက ထွက်သွားရအောင်ပါကွာ ငါတောင်းပန်ပါတယ်’ 

‘ငါလေးက မင်းကို ထျန်းရှိဖူက ထွက်သွားချင်လို့ ဆွဲဆောင်တာလေ ဒီလိုကြီး သူများကို ဂုဏ်ဆာပြပြီး ထျန်းရှိဖူကို စိန်ခေါ်ဖို့ မဟုတ်ဘူးကွ’ 

ချီယုံ့မျက်စံများသည် မသိမသာ လှုပ်ရှားသွားပြီး မျက်လုံးများ မှေးစင်းသွားကာ ကျန်းလော့၏ မထင်မှတ်ထားသော အနမ်းကြောင့် ကျေနပ်သွားရသည်။ 

သူ့လက်ချောင်းများသည် ကျန်းလော့ ဆံပင်များကို ထိုးဖွလိုက်ပြီး အောက်ဆင်းသွားကာ ကျန်းလော့ အင်္ကျီများထဲဝင်ပြီး နောက်ကျော တလျှောက် ပွတ်သပ်နေလိုက်သည်။ ကျန်းလော့၏ နက်မှောင်နေသော ဆံနွယ်များသည် သူ့ပွတ်သပ်မှုကြောင့် ရှုပ်ပွသွားပြီး ခဏအတွင်းမှာပင် စိတ်လှုပ်ရှားဖွယ် အနမ်းကို ရပ်တန့်လိုက်သည်။ ထို့နောက် မကောင်းဆိုးဝါးကို မျက်ခုံးပင့်လိုက်ပြလိုက်ပြီး ထျန်းရှိဖူ ဂိတ်ဝကို လက်ညှိုးထိုးပြလိုက်သည်။ 

အနမ်းတစ်ပွင့်နှင့် မကောင်းဆိုးဝါးကိုညွှန်ကြားလိုက်သည်။ မကောင်းဆိုးဝါးသည် လိုအင်ဆန္ဒများ များပြားနေသေးကာ ကျန်းလော့ ကျောပြင်ကို လက်ချောင်းများဖြင့် ပွတ်သပ်နေသေးသည်။ ထို့နောက် ကျန်းလော့ကို ထျန်းရှိဖူမှ ခေါ်ထုတ်သွားတော့သည်။ 

မြူနက်များထဲတွင် လုံးထွေးသတ်ပုတ်နေသော ဖုန်းလီသည် သဘာဝကျကျပင် ထိုမြင်ကွင်းကို မြင်သွားခဲ့သည်။ သူ့တပည့်သည် မကောင်းဆိုးဝါး ချီယုံ့လည်ပင်းကို လိုလိုလားလား ဆွဲ၍ သူကစပြီး ကြက်သွေးရောင် နှုတ်ခမ်းတို့ ဆက်သလိုက်သည်ကို မျက်ဝါးထင်ထင် မြင်လိုက်ရသည်။ 

သူတို့နှစ်ယောက်သည် ချစ်ကျွမ်းဝင်နေကြပြီး ဖုန်းလီသည် သူတို့အတွဲ၏ ဗီလိန်ဖြစ်သွားသလို ခံစားလိုက်သည်။ သူ့လက်ထဲမှ မက်မွန်သားဓားကို တင်းတင်း ဆုပ်ကိုင်ထားလိုက်ပြီး သူ့တစ်ကိုယ်လုံးသည် အေးစက်၍ တုန်ခါလာသည်။ ဖုန်းလီသည် ဘယ်တုန်းကမှ ဤမျှလောက် ဒေါသမထွက်ခဲ့ဖူးပေ။ ဤမျှလောက် သတ်ဖြတ်ချင်စိတ်များ မကြီးစိုးဖူးသလို ဒေါသနှင့် လူသတ်ချင်စိတ်တို့ အောက်တွင် အံ့ဩစရာကောင်းလောက်အောင် နက်နက်ရှိုင်းရှိုင်း ပုန်းကွယ်နေသော မနာလိုမှုကိုလည်း ခံစားလိုက်ရသည်။ 

ထိုအချိန်တွင် သူသည် အာရုံပြောင်းသွားသောကြောင့် မြူနက်တို့သည် သူ့ကို ရက်စက်စွာ တိုက်ခိုက်လာပြီး သူ့ကိုယ်ပေါ်တွင် ဒါဇင်မကသော ပြတ်ရှရာများ ရရှိသွားတော့သည်။ မြူနက်များကြောင့် ရခဲ့သော ရှရာများသည် သူ့တစ်ကိုယ်လုံးကို ပုရွက်ဆိတ်များ တက်လာပြီး မွစာကျဲအောင် ကိုက်နေသလို ခံရခက်နေစေသည်။ 

ဖုန်းလီ၏ မျက်နှာသည် နာကျင်မှုကြောင့် မဲမှောင်နေပြီး သူ့ရှုံးနိမ့်မှုကို လူမမြင်အောင် အတင်းဖိအားပေး ဖုံးကွယ်နေသည်။ 

သူသည် ခေါင်းမာစွာပင် သူတို့နောက်လိုက်သွားဖို့ ဆက်၍ ကြိုးစားချိန်တွင် ကောင်းကင်သခင်ကြီး ရောက်လာပြီး ဒေါသကြီးစွာ အော်ဟစ်လိုက်သည်။ 

“ဖုန်းလီ ရပ်စမ်း” 

ဖုန်းလီသည် အသေကောင်လို ရပ်တန့်သွားသည်။ ကောင်းကင်သခင်ကြီးသည် တစ်စုံတစ်ယောက်ကို ဖုန်းလီကို ထိန်းခိုင်းကာ အသံကို မြှင့်လိုက်ပြီး။

“ကျန်းလော့ မင်းဒီနေ့ ထျန်းရှိဖူ တံခါးက ထွက်သွားမယ်ဆိုရင် မင်းက ထျန်းရှိဖူက တပည့်တစ်ယောက် မဟုတ်တော့ဘူး အခုကစပြီး မင်းနဲ့ ထျန်းရှိဖူက ဘာမှ မဆိုင်တော့ဘူး မင်းရဲ့ဆရာနဲ့မင်းကလည်း ဘာပတ်သက်မှုမှ ရှိတော့မှာ မဟုတ်ဘူး”

ဖုန်းလီက မယုံနိုင်စွာ အော်ဟစ်လိုက်သည်။ 

“ဆရာ့” 

“ငါ မင်းဆရာမှန်းတော့ မှတ်မိသေးတယ်ပေါ့” 

ကောင်းကင်သခင်ကြီးသည် ခက်တန်စွာဖြင့် သူ့တုတ်ကောက်ဖြင့် မြေပြင်ကို ဖိချလိုက်ပြီး 

“ဒီကိစ္စနဲ့ ပတ်သက်ပြီး နောက်ဆုံးအနေနဲ့ ပြောလိုက်မယ် ဘယ်သူမှ မေးခွန်းထုတ်ခွင့် မရှိဘူး” 

ကျန်းလော့သည် ချီယုံ့ပုခုံးကို ကျော်၍ ကောင်းကင်သခင်ကြီးကို ကြည့်လိုက်ပြီး ထိုလူကြီးသည် သူ့ကို မျက်နှာသာ ပြန်ပေးနေသည်မှန်း သဘောပေါက်သည်။ သူသည် ချီယုံထွက်သွားအောင် သွေးဆောင်ခဲ့ပြီး ကောင်းကင်သခင်အိုကြီးသည်လည်း အလိုဆန္ဒပြည့်သွားခဲ့သည်။ 

နှစ်ဦးနှစ်ဖက် အကျိုးရှိခဲ့ပြီး မျက်နှာပျက်စရာ မရှိပေ။ မကောင်းဆိုးဝါးသည် ကျန်းလော့ကို လက်မောင်းများနှင့် တင်းကျပ်စွာ ပွေ့ပိုက်၍ ချီထားကာ ထျန်းရှိဖူ တံခါးဝမှ ထွက်သွားတော့သည်။ 

...................... 

ချီယုံသည် ကျန်းလော့ကို သူ့ကိုယ်ပိုင်နေရာသို့ ခေါ်သွားခဲ့သည်။ ကျန်းလော့ကို ချီ၍ အိမ်ထဲသို့ ဝင်သွားသောအခါ လက်အောက်ငယ်သားများ၏ အကြည့်များကို ရင်ဆိုင်လိုက်ရသည်။ ကောဝူချန်သည် ကြောင်အစွာ ငေးကြည့်နေပြီး ထန်ပိသည် ကျန်းလော့ မြင်သွားမှာကို ကြောက်ပြီး ချက်ချင်း စားပွဲအောက်သို့ ဝင်ပုန်းလိုက်သည်။ 

ချီယုံသည် သူတို့ကို လျစ်လျူရှုလိုက်ပြီး ကျန်းလော့ကို သယ်၍ အိပ်ခန်းထဲ ဝင်သွားတော့သည်။ ကျန်းလော့သည် ချီယုံ့ကိုယ်ပေါ်တွင် သက်တောင့်သက်သာဖြစ်စွာ လှဲလျောင်းနေပြီး ကောဝူချန်ကို လက်ဝှေ့ယမ်းပြလိုက်သည်။ ထို့နောက် သူတို့၏ အပေးအယူကို မမေ့ရန် မျက်လုံး မှိတ်ပြခဲ့သေးသည်။ 

အိပ်ခန်းထဲ ရောက်သည်နှင့် ချီယုံသည် ကျန်းလော့ကို ကုတင်ပေါ်သို့ ပစ်တင်လိုက်သည်။ ကျန်းလော့သည် ဒေါသပုန်ထပြီး အမြုပ်ထွက်မတတ်ဖြစ်နေသော မကောင်းဆိုးဝါးကို နည်းနည်းလေးမှ မကြောက်ပေ။ ထို့အပြင် သူသည် အိပ်ခန်းထဲသို့ စိတ်ဝင်တစား လိုက်ကြည့်နေလိုက်သေးသည်။ ဤအခန်းသည် မြေအောက်ထဲတွင် သေချာတည်ဆောက်ထားသော အခန်း ဖြစ်သည်။ နံရံလေးဖက်သာ ပါဝင်ပြီး မြေအောက်ထဲတွင် စိုထိုင်းမှုကြောင့် အေးစက်ပြီး မှောင်မှိုင်းနေသေးသည်။ သရဲတစ္ဆေများနှင့် မကောင်းဆိုးဝါးများ နေထိုင်ရန် အထူးသင့်တော်သော နေရာဖြစ်သည်။ 

သူ သေချာ စေ့စေ့စပ်စပ် လိုက်ကြည့်ပြီးနောက် အိပ်ရာဘေးမှ ခုံပေါ်တွင် ထိုင်နေသော မကောင်းဆိုးဝါးကို မြင်လိုက်ရသည်။ မကောင်းဆိုးဝါးသည် သူ့ကို မှုန်ကုပ်ကုပ် ကြည့်နေပြီး ဆံပင်များသည် ရှုပ်ပွနေကာ မျက်လုံးထောင့်နားထိ ဖြာကျနေပြီး သူ့ကို ပို၍ ချောမောသွားစေသည်။ သူ့အရှိန်အဝါသည် အလွန်ပြင်းထန်နေသောကြောင့် ကျန်းလော့သည် စာမေးခံရတော့မည့် ကျောင်းသားလေးလို ခံစားလိုက်ရသည်။ 

လက်ရှိတွင် မရင်းနှီးသော နေရာနှင့် အန္တာရာယ်ရှိသော မကောင်းဆိုးဝါးတို့ ရှိနေသော်လည်း ဆံပင်အနက်ရောင် လူငယ်လေးသည် ရွှင်လန်းစွာ ရယ်မောနေပြီး ခြေထောက်နှစ်ဖက်ကို ထပ်၍ လက်နှစ်ဖက်ကို ခေါင်းနောက်တွင် ထားကာ အပန်းပြေဟန်ဖြင့် လှဲလျောင်းနေသည်။ 

“အာ့ အား အား”

ချီယုံ့လက်ချောင်းများ ကွေးသွားပြီး မြူနက်များသည် ပါးစပ်ပေါက်ကို ပိတ်ပေးရန် မြူနက်များ ထွက်လာသည်။ 

ကျန်းလော့သည် နောက်ဆုံးတွင် စကားပြောလာပြီး 

“ချီယုံ ငါ ရေဆာတယ်” 

ကျော့ရှင်းချောမောသော မကောင်းဆိုးဝါးသည် အထင်သေးစွာဖြင့် 

“အိုး ဒါဆို မင်းရေငတ်ပြီး သေလို့ရပြီ” 

 သူ့ကို ဂရုစိုက်ဖို့ နည်းနည်းမှ မလှုပ်လာသည်ကို မြင်သောအခါ ကျန်းလော့သည် မျက်လုံးလှိမ့်လိုက်ပြီး သူ့ဘယ်ဖက်ခြေထောက်ကို မကောင်းဆိုးဝါးရှေ့ထိ ရွှေ့သွားကာ 

“အားယား ငါ့ခြေထောက် နာ တယ်” 

ချီယုံ့မျက်နှာသည် ပို၍ မာကြောသွားပြီး အကြာကြီး နေပြီးနောက် လက်ချောင်းများ လှုပ်ခတ်သွားကာ မြူနက်များ ထွက်ပေါ်လာသည်။ မြူနက်များသည် အခန်းထဲမှ တဟုန်ထိုး ထွက်သွားပြီး ရေတစ်ဖန်ခွက်နှင့် ပြန်လာခဲ့သည်။ ကျန်းလော့သည် တစ်ခွက်လုံးကို တစ်ကျိုက်ထဲ မော့လိုက်ပြီး ခွက်ပြန်ပေးလိုက်ကာ 

“နောက်တစ်ခွက်” 

သူသည် ရေသုံးခွက်ကို တစ်ထိုင်ထဲ သောက်လိုက်ပြီးနောက် အလွန် သက်တောင့်သက်သာ ရှိသွားပုံပေါ်ကာ ရေခွက်များကို အိပ်ရာဘေးမှ စားပွဲပေါ်တွင် တင်ထားလိုက်သည်။ ထိုအချိန်တွင် ကောဝူချန်သည် တံခါးခေါက်လာပြီး 

“သခင် ကျွန်တော်တို့ ညစာပြင်နေတာပါ သခင်ကျန်းအတွက် တစ်ပွဲလောက် ယူဦးမလား”

အပြင်ပန်းတွင် အလွန်ယဉ်ကျေးစွာ မေးမြန်းခြင်းဖြစ်သော်လည်း တကယ်တမ်းတွင် ချီယုံနှင့် ကျန်းလော့၏ လက်ရှိအခြေအနေကို လာချောင်းတာ ဖြစ်သည်။ ကျန်းလော့သည် ချက်ချင်း သိသွားပြီး မျက်လုံးများ တောက်ပလာကာ ထိုအခိုက်အတန့်တွင် နောက်ပြောင်လိုသော အပြုံးတစ်ချက်ပေါ်လာပြီး ရုတ်တရက် မသဲမကွဲ ညည်းညူသံများ ထုတ်လွှတ်လိုက်သည်။

ညည်းညူသံများသည် အလွန်ထင်ရှားပြီး စိတ်အားထက်သန်နေပုံပေါ်ကာ အိပ်ခန်းထဲတွင် တစ်စုံတစ်ယောက်၏ အတွေးများသည် အမှောင်ဖုံးသွားတော့သည်။ 

တံခါးခေါက်နေသော အသံသည် ခဏလောက် ရပ်တန့်သွားသည်။ ချီယုံသည် မျက်ခုံးပင့်လိုက်ပြီး ကျန်းလော့ကို ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ ကျန်းလော့သည် သူ့ဘေးတွင် လှဲလျောင်းနေပြီး ချီယုံ့ကို ကြည့်၍ ပြုံးနေသည်။ သူ့လက်ချောင်းများသည် ဆံပင်ရှည်များကို ဆော့ကစားနေကြသည်။ သူ့ပါးစပ်မှ ညည်းညူသံများသည် အလွန် စစ်မှန်နေပြီး သနားစရာကောင်းပြီး အားနွဲ့သော လူသားကို မကောင်းဆိုးဝါးက ကြမ်းတမ်းစွာ အုပ်မိုးပြီး အလုပ်လုပ်နေသလိုမျိုး စစ်မှန်နေသည်။ 

“မလုပ် ... ဖယ်စမ်း” 

“ကောင်းပြီ...” 

တံခါးအပြင်ဘက်မှ ကောဝူချန်သည် ထွက်သွားလိုက်ပြီ ဖြစ်သော်လည်း အခန်းထဲမှ မကောင်းဆိုးဝါးကတော့ ဆံပင်အနက်ရောင်ကောင်လေး၏ နှိုးဆော်မှုတို့ကြောင့် မျက်လုံးများ မည်းမှောင်လာပြီး သူ့စိတ်ဆန္ဒတို့ မြှင့်တက်လာတော့သည်။ 

ကျန်းလော့သည် သူ့အကြည့်များကြောင့် ရှက်ရွံ့မသွားပဲ ပို၍ တောက်ပလာသော မျက်လုံးများသည် ဆိုးသွမ်းမှုများ ပြည့်နှက်နေပြီး တမင်တကာ လှုံ့ဆော်နေသည်။ သူသည် ချီယုံ့ကို သူဆွဲဆောင်သည့် ဒဏ်ကို မည်မျှခံနိုင်မှန်း သိချင်နေပုံရသည်။ 

မကောင်းဆိုးဝါးသည် ယခုမှ ထိုသို့ အဆုံးထိ အခြေအနေကို နှစ်ကြိမ်သာ ကြုံဖူးသေးပြီး ထိုသို့သော ပြင်းရှဆွဲဆောင်သော အကြည့်များကို မခံနိုင်ပေ။ သူသည် ထရပ်လိုက်ပြီး ကုတင်ဆီသို့ လျှောက်လာကာ ခြေတံရှည်များကို ကွေးလိုက်ပြီး ကျန်းလော့၏ ခါးတစ်ဖက်တစ်ချက် ဘေးဘက်သို့ ဒူးထောက်၍ ကောင်လေးကို အုပ်မိုးထားလိုက်သည်။ 

ကျန်းလော့လက်များကို ချုပ်ကိုင်၍ မကောင်းဆိုးဝါးသည် ကျန်းလော့၏ ကိုယ်အပေါ်ပိုင်းကို အုပ်မိုးလိုက်သည်။ ဟော်မုန်းနံ့တို့ စိမ့်ထွက်လာပြီး အမျိုးသား၏ ရန်လိုမှုတို့သည် ပြင်းပြစွာ ပေါက်ကွဲထွက်လာသည်။ အမျိုးသားနှစ်ယောက် ထိတွေ့မိသော နေရာတိုင်းတွင် ခြောက်သွေ့သော မီးတောက်တစ်ခု တောက်လောင်လာသကဲ့သို့ လေထုသည်ပင် ပူနွေးလာနေသည်။ 

 ရုတ်တရက် ကမန်းကတန်း ဖြစ်ပေါ်လာသော စိတ်ဆန္ဒတို့သည် ယခုမှ ငြိမ်းအေးရာကို တွေ့သကဲ့သို့... 

သို့သော် မကောင်းဆိုးဝါးသည် စတင်ပြီး လှုပ်ရှားလာပြီး ကျန်းလော့က ရုတ်တရက် ပြောလိုက်သည်။ 

“အားးး ယား.. ငါ့ခြေထောက် ငါ့ခြေထောက် နာလိုက်တာ” 

ချီယုံ့လက်ချောင်းများသည် တုံ့ခနဲ ဖြစ်သွားပြီး သူ့ခြေထောက်ကို ရှောင်ကာ ဆက်လုပ်ဖို့ ပြင်သည်။ ကျန်းလော့သည် နာကျင်မှုကြောင့် အသည်းအသန် ထပ်မံ အော်နေပြန်ကာ 

“လခွမ်း နာတယ် ငါမလှုပ်နိုင်တော့ဘူး” 

သူ့အော်သံကြောင့် မကောင်းဆိုးဝါး၏ မျက်နှာသည် ရှုံ့မဲ့သွားတော့သည်။ 

ချီယုံမျက်ခုံးပေါ်တွင် တိမ်မည်းများ ပေါ်လာပြီး ချက်ချင်း ထထိုင်လိုက်ကာ တံခါးကို ဆောင့်ကန်ပြီး ထွက်သွားတော့သည်။ 

သူထွက်သွားသည်နှင့် ကျန်းလော့သည် ကျယ်လောင်စွာ အားရပါးရ ရယ်ချလိုက်သော်လည်း အံ့ဩစရာကောင်းစွာပင် ချီယုံသည် အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။ သူနှင့် အတူ ဆေးသေတ္တာကိုပါ အပါယူလာပြီး ကျန်းလော့ ခြေထောက်ကို ဆွဲ၍ ကျန်းလော့ကို ဆေးထည့်ပေးရန် ပြင်လိုက်သည်။ 

ကျန်းလော့၏ အပြုံးတို့သည် လျော့တိလျော့ရဲ ဖြစ်သွားသည်။ 

“ငါ ဒီနေ့ပဲ ဒီနေ့ပဲ ခုနလေးကမှ ပတ်တီးလဲထားတာ ငါတကယ်ကြီး ဆေးထပ်ထည့်ဖို့ မလိုဘူးရယ်” 

သူသည် ခြေထောက်ကို ပြန်ဆွဲယူရန် ကြိုးစားလိုက်သော်လည်း ချီယုံသည် ပြန်ဆွဲယူလိုက်သည်။ ချီယုံက နှေးကွေးစွာ ပြောလိုက်သည်။ 

“ကိုယ့်ချစ်သူက နာကျင်နေတာလေ သေချာပေါက် ကိုယ် ကြည့်ပေးသင့်တာပေါ့” 

ကျန်းလော့သည် ချီယုံ သူ့ကို တမင်တာလုပ်နေသည်လို့ ထင်သွားသည်။ 

သူ့ညာဘက်မျက်ခွံတို့တုန်လှုပ်သွားပြီး ချီယုံသည် သူ့ဆေးပတ်တီးကို ခပ်မြန်မြန် ဖြည်ပစ်လိုက်သည်။ ထိုသို့ ပတ်တီးဖယ်ပြီးသွားသည်နှင့် ကျန်းလော့တစ်ယောက် အထိတ်ထိတ် အလန့်လန့် ဖြစ်နေရသည့် အကြောင်းအရင်းကို သိသွားတော့သည်။ ပတ်တီးစည်းထားသော ဘယ်ဘက်ခြေထောက်သည် အကောင်းပတိဖြစ်နေကာ အနာကျက်ဆေးနီရည်များသာ ပေနေသည်။ ချီယုံသည် ပြုံးလိုက်ပြီး ထိုခြေထောက်ကို လက်ချောင်းများဖြင့် ပွတ်သပ်ကာ 

“ကြည့်ရတာ ငါတို့ဆက်လုပ်နိုင်မဲ့ ပုံပဲ” 

ကျန်းလော့သည် မယုံနိုင်ဟန် အော်ဟစ်လိုက်ပြီး အိပ်ရာပေါ်မှ ဆင်းပြေးလိုက်သော်လည်း ချီယုံ့က ပြန်ဆောင့်ဆွဲလိုက်ကာ အိပ်ရာပေါ်သို့ ကြမ်းတမ်းစွာ တွန်းချလိုက်သည်။ မကောင်းဆိုးဝါးသည် သူ့ကို ဖိထားပြီး အေးအေးဆေးဆေး အဝတ်များ ချွတ်ကာ သူ့နက်ခ်တိုင်သည် လျော့တိလျော့ရဲ ဖြစ်သွားသည်။ 

“ကိုယ်တို့ ချိန်းတွေ့ရမဲ့နေ့ရောက်ပြီ မဟုတ်ဘူးလား” 

.......................... 

ကျန်းလော့သည် ညနေစာ မစားလိုက်ရသည့်အပြင် ညလယ်စာပါ လွတ်သွားလေသည်။ 

သူသည် ထိုင်ခုံပေါ်တွင် ပျင်းရိစွာ ထိုင်နေပြီး ထမင်းကို ဇွန်းနှင့် ကော်၍ မျက်လုံးများသည် အိပ်ချင်မူးတူးဖြင့် ပိတ်လုလု ဖြစ်နေသည်။ အိပ်ရာပေါ်မှ ထလာသော်လည်း မအိပ်ရသေးသော ပန်ဒါမျက်လုံးများနှင့် လေးလံထိုင်းမှိုင်းနေသည်။ 

ကောဝူချန်သည် သူ့ဘေးတွင် တိတ်ဆိတ်စွာ ထိုင်နေသည်။ ကျန်းလော့သည် ရွှင်လန်းလာပြီး သူ့ကို စနောက်လိုသည့် အကြည့်တို့ဖြင့် ပြုံးပြကာ 

“ကောဝူချန် မင်းကျေနပ်သွားရဲ့လား” 

ကောဝူချန်သည် ခေါင်းညိတ်လိုက်သည်။ 

ကျန်းလော့သည် သမ်းဝေလိုက်ရာ သူ့လည်ပင်းပေါ်မှ အနမ်းမှတ်များနှင့် လက်ချောင်းရာများသည် ထင်ထင်ရှားရှား ပေါ်ထွက်လာသည်။ 

“နောက်ကျန်သေးတာတွေ ပြောပြရမဲ့ မင်းအလှည့်ရောက်ပြီ” 

#####