Ch 172
Viewers 8k

အပိုင်း (၁၇၂)


 အဖွဲ့အစည်းအသစ်

မကောင်းဆိုးဝါးသည် အံ့ဩစွာ မျက်လုံးပွင့်သွားပြီး ကျန်းလော့နားသို့ တိုးသွားလေသည်။ ဆံပင်အနက်နှင့်လူငယ်လေးသည် မျက်လွှာပင့်ကြည့်လိုက်ပြီး မကောင်းဆိုးဝါး၏ မျက်နှာဆီသို့ မီးခိုးငွေ့များ မှုတ်ထုတ်လိုက်လေသည်။ မီးခိုးငွေ့များအောက်များ နောက်ဘက်တွင် ကြက်သွေးရောင် နှုတ်ခမ်းပါးတစ်စုံသည် လှပဝံ့ကြွားသော နှင်းဆီတစ်ပွင့်လို ဆွဲယူနမ်းရှိုက်လိုက်ချင်စဖွယ် ဖြစ်သည်။ 

ချီယုံ့တုတ်ကောက်သည် ကျန်းလော့ခြေဖမိုးပေါ်သို့ တင်လိုက်ပြီး နီကိုတင်းနံ့တို့သည် လူနှစ်ယောက်ကြားတွင် ပျံ့နှံ့နေသည်။ သို့သော် နီကိုတင်းနံ့စူးစူးကြားမှ ကျန်းလော့၏ ကိုယ်ပိုင်ရနံ့လေးတစ်ခုကိုလည်း ခပ်ဖျော့ဖျော့ ရနေသေးပြီး 

“ထူးထူးဆန်းဆန်း ကိုယ့်ကို စောင့်လို့ပါလား” 

ကျန်းလော့ကပြောသည်။ 

“မင်း မျက်လုံးထဲမှာ ပြဿနာတွေ ရှိမနေရင် မင်းကို မေးဖို့ ဘာမှစောင့်နေစရာ အကြောင်းမရှိဘူး” 

ဗီလိန်၏ ကုတ်အင်္ကျီသည် ကော့ပြန့်နေပြီး ဖိနပ်တို့သည်လည်း သပ်ရပ်သန့်ရှင်းနေကာ သမ္မတနိုင်ငံခေတ်မှ လူချမ်းသာ ရှေးရိုးစွဲ အဘိုးကြီးတစ်ယောက်လိုပင်။ သို့သော် ဤလူကြီးလူကောင်းတွင် သွေးနံ့များ လှိုင်လှိုင်ထွက်နေပြီး ကျန်းလော့သည် ထိုသွေးနံ့မှာ ချီယွမ်၏ သွေးနံ့ဖြစ်ကြောင်း သိနေသည်။ 

သူ့မျက်လုံးများသည် နူးညံ့သွားပြီး ချီယုံ့တစ်ကိုယ်လုံးကို သေချာ စေ့စေ့ပေါက်ပေါက် လိုက်ကြည့်သည်။ သက္ကလပ် ဦးထုပ်မှာ ဖဲပြားလည်စည်း၊ ဖဲပြားလည်စည်းမှ အသစ်စက်စက် အဖြူရောင်ပိုးလက်အိတ်တို့ထိ သေချာ လိုက်ကြည့်သည်။ သူ့မျက်လုံးများသည် ခိုးဝှက်ထားသည်ကို ဖော်ထုတ်တော့မည့် အမှုစစ်တစ်ယောက်၏ မျက်လုံးမျိုး ဖြစ်ကာ အလွန်စိတ်ဝင်စားစရာကောင်းသော အရုပ်အသစ်ကို ဝမ်းသာအားရ လေ့လာနေသော ကလေးတစ်ယောက်နှင့် တူနေသေးသည်။ 

ချီယုံသည် မျက်နှာတစ်ချက် မပျက်ဘဲ လက်ဖဝါးဖြင့် တုတ်ကောက်ကို ပွတ်နေပြီး 

“မင်းကိုယ်တိုင် ကိုယ့်ကို စောင့်နေတာက ကိုယ့်ကို မင်းက နည်းနည်းလေး မကြင်နာတတ်တဲ့ပုံစံလေး ဖြစ်နေတယ်ကွာ” 

“ငါက အစထဲက သဘောကောင်းတဲ့ကောင် မဟုတ်ဘူး” 

ကျန်းလော့သည် ရယ်မောလိုက်ပြီး 

“မစ်စတာချီ မင်းက အဲ့လိုပြောလာတော့ ငါတော့ မင်းမှာ အသိတရားတောင် ရှိသေးလားလို့ တွေးမိသွားပြီ” 

သူသည် လက်ထဲမှ စီးကရက်ဖြင့် ချီယုံ့ရင်ဘတ်ကို ပုတ်ကာ 

“အို ဆောရီး.. မင်းမှာ နှလုံးသားမရှိမှန်း မေ့သွားတော့မလို့ ဒီတော့ မင်းမှာ ဘယ်လိုလုပ်ပြီး အသိတရား ရှိမှာလဲနော်” 

မကောင်းဆိုးဝါးကို ပုတ်လိုက်သော လက်ချောင်းသည် အနည်းငယ် အားပျော့သော်လည်း လေထုကို အနည်းငယ် တွန့်ခေါက်သွားစေနိုင်အောင် မီးဟပ်လောင်မြိုက် သွားစေလောက်အောင်တော့ အနည်းငယ် ပြင်းထန်သေးသည်။ 

ခြောက်သွေ့သော မီးတောက်သည် အကြာကြီး မိုးရေစိုစွတ်မှု မရသော မီးတောက်ကဲ့သို့ မီးတောက်သေးသေးလေးမှသည် အရာအားလုံးကို လောင်ကျွမ်းပြာချသွားတော့မည့် မီးတောက်ကြီး ဖြစ်သွားနိုင်မည်လား မပြောနိုင်တော့ပေ။ 

ချောမောသည့် နတ်ဆိုးဘုရင်ကြီးကဲ့သို့ တော်ဝင်ဆန်လှသော မကောင်းဆိုးဝါးသည် မျက်လုံးများ မှေးကျဉ်းသွားပြီး လက်မြှောက်၍ ကျန်းလော့ လက်ချောင်းတို့ကို ဆုပ်ကိုင်လိုက်သည်။ အဖြူရောင်လက်အိတ်တစ်စုံသည် အနည်းငယ်အေးစက်သွားပြီး မကောင်းဆိုးဝါးသည် ကျန်းလော့၏ လက်ချောင်းများကို ညင်သာစွာ ပုတ်၍ တဖြည်းဖြည်း လက်ဖမိုးအထိ ပွတ်သပ်သွားတော့သည်။ 

ကျန်းလော့သည် ပြုံးလိုက်ပြီး စီးကရက် ဖင်စီခံနားထိ ရောက်သွားပြီဖြစ်သော စီးကရက်သည် ချီယုံ့လက်ဖဝါးကို လောင်ကျွမ်းသွားစေသည်။ 

သို့သော် မကောင်းဆိုးဝါးသည် လျင်မြန်စွာ တုံ့ပြန်ပြီး ကျန်းလော့လက်ကို ဆွဲကိုင်လိုက်ကာ ကျန်းလော့၏ လက်ချောင်းများထဲသို့ လက်နှစ်ချောင်းထိုး၍ ကျန်းလော့၏ လက်ညှိုးနှင့် လက်ခလယ်ကြားမှ စီးကရက်ကို အုပ်ကိုင်လိုက်သည်၊ သူသည် အလွန်အထက်တန်းကျသော သူဌေးအဘိုးကြီး တစ်ယောက်ကဲ့သို့ ဖြစ်နေပြီး သူ့မျက်ခုံးတို့သည် စည်းကမ်းတင်းကျပ်သော ဆရာကြီးလို ကုတ်နေသော်လည်း ချောမောသော မျက်နှာကြောင့် ကြောက်သွားအောင် မစွမ်းဆောင်နိုင်ပေ။ 

“တခြားသူတွေရဲ့ လက်ကို မင်းရဲ့ စီးကရက်မီးနဲ့လိုက်ရှို့တာ အရမ်းကို ဆိုးဝါးတဲ့အပြုအမူနော်” 

သူ့ပါးစပ်က အလွန်ပြင်းထန်သော စကားများပြောနေသော်လည်း အဖြူရောင်လက်အိတ်စွပ်ထားသော ကျန်းလော့လက်ချောင်း ကြားထဲတိုးဝင်နေသော လက်တို့ကမူ တမင်တကာ လက်ကို ယားအောင် လိုက်ပွတ်နေလေသည်။ 

အပြင်ဘက်တွင် ကျန်းလော့သည် ဤလူကြီးလူကောင်း သခင်ကြီး၏ အပြုအမူအားလုံးသည် သူနှင့် အိပ်ချင်နေ၍ လမ်းခင်းနေမှန်း ကောင်းကောင်းသိနေသည်။ 

“မင်းက ဆက်ဆံရေးမှာ အားနည်းတာပဲ ” 

မကောင်းဆိုးဝါးက ပြောသည်။ 

“ဒါပေမဲ့ ကိုယ်မင်းကို အခြေခံ အပြုအမူကောင်းလေးတွေ လမ်းညွှန်ပေးလို့ရပါတယ်” 

ကျန်းလော့သည် အလွန်အံ့ဩစိတ်လှုပ်ရှားသွားသည်။ သူသည် မျက်ဖြူလှန်ပြပြီး နံရံကို ဟန်ပါပါ မှီလိုက်သည်။ ဆံပင်အနက်ရောင်နှင့် ကောင်လေး၏ပုံစံသည် သူ့ကိုယ်သူအလွန်အထင်ကြီးနေပြီး သူလုပ်ချင်တာ အကုန်လုပ်နိုင်သည်ဟူသော အထင်ရောက်နေပုံရသည်။ သို့သော် ချီယုံကတော့ ထိုလူငယ်လေးသည် လှပအန္တာရာယ်ကင်းချင်ယောင်ဆောင်နေသော လူသားစားပန်းပွင့်လေးမှန်း သိနေသည်။ တကယ်တမ်းတွင်လည်း တစ်ချက်ကလေး သွားထိလိုက်သည်နှင့် သေအောင် လုပ်ပစ်နိုင်သော အဆိပ်ပြင်းမြွေဆိုးလေး ဖြစ်သည်လေ။ 

လှပသော လူသားစားပန်းပွင့်လေးသည် မကောင်းဆိုးဝါးကို ကြည့်၍ ပျင်းရိစွာ ပြောသည်။ 

“မစ်စတာချီက အရမ်းအားနေတာလား ချီယွမ့်ကို သတ်ဖို့တောင် ရုံးချိန်းအထိရောက်လာတယ် ဆိုတော့လေ သတ်ပြီးတာနဲ့ ကိစ္စပြီးသလို ထွက်သွားတဲ့အပြင်ကို အခုလဲ ကျွန်တော့်ကို အလကားနေရင်း အပြုအမူကောင်းတွေကို ဖရီးတောင် သင်ပေးဦးမယ်ဆိုတော့ သိပ်ကို အားနေတယ်ထင်တယ်နော်” 

“တခြားသူတွေဆိုရင်တော့ သေချာပေါက် အခကြေးငွေပေးရမှာပေါ့လေ ဒါပေမဲ့ မင်းကတော့ တစ်ဘဝလုံး အလကား..” 

မကောင်းဆိုးဝါးသည် နောက်ဆုံးတွင် ကောင်လေး၏ လက်ထဲမှ စီးကရက်ကို သူ့လက်ထဲသို့ အောင်အောင်မြင်မြင် ရောက်အောင် ယူနိုင်သွားပြီး ကျန်းလော့လက်ကို လွှတ်လိုက်ကာ စီးကရက်ကို သူ့ပါသူ ခဲလိုက်သည်။ 

“အဆုံးမှာတော့ ကိုယ်တို့က သဘာဝလွန် ဆက်ဆံရေး ရှိနေကြတာပဲလေ” 

နောက်ဆုံးစကားတွင် မြွေပွေးကောင်သည် နှာဘူးကောင်နှင့် အလွန်တူလာပြီး သူ့မျက်လုံးထဲတွင် ဖုန်းကွယ်ထားသော စိတ်လှုပ်ရှားမှုတို့ ပေါ်သွားမှာစိုး၍ မျက်လုံးမှိတ်လိုက်ရသည်။ ဆံပင်အနက်ရောင်လူငယ်လေးသည် မျက်လုံးလှိမ့်လိုက်သည်။ 

“ပထမဆုံးအနေနဲ့..” 

မကောင်းဆိုးဝါးသည် ကျေနပ်ပျော်ရွှင်စွာ စီးကရက်ငွေ့တို့ မှုတ်ထုတ်ရင်း နတ်ဘုရားတစ်ပါးကဲ့သို့ ဆွဲဆောင်မှု ရှိစွာ ပြောလာသည် 

“လူကြီးလူကောင်းတစ်ယောက်အနေနဲ့ ကိုယ်မင်းကို အများပြည်သူတွေ သွားလာနေကြတဲ့ နေရာမျိုးမှာ ဆေးလိပ်သောက်နေမှာကို ခွင့်မပြုနိုင်ဘူး” 

ကျန်းလော့သည် သူ့ပါးစပ်ထဲမှ စီးကရက်ကို တစ်ချက်ကြည့်လိုက်ပြီး ရွဲ့ပြောလိုက်သည်။ 

“အခုတော့ မင်းသိပြီမလား” 

“လိမ္မာတဲ့ကောင်လေး” 

မကောင်းဆိုးဝါးသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး စီးကရက်ပြာများကို ခါချကာ လက်ထဲမှ တုတ်ကောက်ကို မြှောက်၍ ကျန်းလော့၏ ခြေသလုံးကို ဖွဖွလေး ရိုက်လိုက်သည်။ 

“ဒုတိယအနေနဲ့ ဒီနေ့လို ပွဲမျိုးမှာ မင်းရဲ့ သဘောထားက ဖြောင့်မတ်နေရမှာ ဖြစ်သလို မင်းရဲ့ ခန္ဓာကိုယ်ကလည်း မတ်နေရမယ်” 

ကျန်းလော့သည် ပူးပေါင်းပေးစွာ မတ်မတ်ပြင် ရပ်လိုက်သော်လည်း သူ့မျက်နှာထားကတော့ အစိတ်စိတ်အမွှာမွှာ ရိုက်ခွဲခံထားရသလို ဖြစ်နေသည်။ 

“မစ်စတာချီ မင်းရဲ့အလကား သင်ပေးနေတဲ့ သင်ခန်းစာကြီးက ပျင်းစရာကြီး အဲဒါတွေထက်ကို ကျွန်တော်က ခင်ဗျား ဒီနေ့ ကြားနာမှု ရုံးချိန်းကို ဘာလို့ ဒီလိုမျိုး ဝတ်စားလာလဲဆိုတာ ပိုသိချင်တယ်” 

သူသည် လေးနက်စွာ မေးလိုက်သည်။ 

“မင်း စိတ်လွတ်သွားတာလား” 

မကောင်းဆိုးဝါးသည် ကျန်းလော့၏ ဗြောင်ကျကျ မလေးမခန့်လုပ်မှုကို ခွင့်လွတ်စွာဖြင့် အေးအေးဆေးဆေး ရှင်းပြလိုက်သည်။ 

“မင်းကိုယ်တိုင် ခန့်မှန်းကြည့်မလား” 

ကျန်းလော့က ရုတ်ချည်းပြောလိုက်သည်။ 

“အဖြေမှန်သွားရင် ဆုက ဘာရမှာလဲ” 

ဗီလိန်၏ သွေးဆုတ်ဖြူဖတ်နေသော နှုတ်ခမ်းထောင့်များသည် ကျေနပ်စွာ ကော့တက်သွားပြီး ကုန်အောင်သောက်ပြီးသော စီးကရက်ကို ယူ၍ ကြမ်းပြင်ပေါ်သို့ ပစ်ထုတ်လိုက်သည်။ 

“အဲဒီအကြောင်းက နောက်တစ်ချိန်ရဲ့ ဖရီးသင်ခန်းစာတစ်ခု ဖြစ်နိုင်တယ် ကလေးလေး” 

ကျန်းလော့ “ငါထပ်ပြီး စိတ်ဝင်စားမနေတော့ဘူး” 

ထိုသို့သာ ပြောလိုက်သော်လည်း စိတ်ဝင်တစား ခန့်မှန်းနေပါသေးသည်။ 

“ငါ မှန်လောကထဲမှာတုန်းက အခုမင်းဝတ်ထားတာနဲ့ တစ်ပုံစံထဲ ဝတ်ထားတဲ့လူတစ်ယောက်ကို ဓာတ်ပုံထဲမှာ မြင်ဖူးတယ် အဲဒီလူက မင်းအဘိုးဖြစ်မယ် ဟုတ်တယ်မို့လား ပြီးတော့ သူက ချီယွမ်နဲ့အဆက်စပ် တစ်ခုခုရှိမယ် ဟုတ်တယ်မလား” 

မကောင်းဆိုးဝါး၏ တုတ်ကောက်သည် ကျန်းလော့၏ ခြေထောက်နှစ်ချောင်းကြားထဲသို့ ရောက်သွားပြီး 

“ခြေနှစ်ချောင်းကို ပူးထား ခြေထောက်နှစ်ခုကြားထဲမှာ နေရာလွတ်ချန်မထားနဲ့” 

တုတ်ကောက်သည် ခြေသလုံးအထက်နားထိ တက်သွားသော်လည်း ကျန်းလော့က ရုတ်တရက် ဒူးနှစ်ဖက်ကို ပူးလိုက်သောအခါ အောက်ထိဆင်းသွားပြန်သည်။ သို့သော် ခြေသလုံးအောက်ဘက်အထိ ဆက်သွားလို့ မရတော့ဘဲ အဲ့အတိုင်း ညှပ်နေတော့သည်။ 

ကျန်းလော့၏ ခြေတံရှည်နှစ်ဖက်လုံးသည် ကပ်နေအောင် စေ့ထားပြီး နေရာလွတ်သေးသေးလေးပင် မရှိတော့ပေ။ ထို့နောက် ကျန်းလော့သည် ပြုံးဖြဲဖြဲလုပ်၍ 

“အဲ့လို ဟုတ်တယ်မလား” 

မကောင်းဆိုးဝါးဝိညာဉ်သည် ပြုံးချင်စိတ်ကို ဖုံးဖိ၍ တုတ်ကောက်ကို ဆွဲယူလိုက်သည်။ 

“ဟုတ်တယ်” 

ကျန်းလော့၏ ဒူးနှစ်ဖက်ကိုကြည့်၍ ကျန်းလော့မေးခဲ့သော ရှေ့မှ မေးခွန်းကို ပြန်ဖြေလိုက်သည်။ 

“ဆက်ပြီး ခန့်မှန်းကြည့်ပါဦး” 

ကျန်းလော့သည် ချီယယ် သူ့ဆီသို့ မိုးများစိုရွှဲနေကာ ရောက်လာသော ညကို မှတ်မိလိုက်သည်။ ချီယယ်သည် ချီယုံ့ကို တွေ့ခွင့်ပေးရန် တောင်းဆိုခဲ့သေးသည်။ ချီယယ်သည် လွန်ခဲ့သော နှစ်ရက်ခန့်က အလွန်ဆိုးဝါးသော အခြေအနေတွင် ရှိနေကာ တစ်ချိန်လုံးငြိမ်သက်နေခဲ့သေးသည်။ သူ့ကိုကြည့်လိုက်တိုင်း ကောင်းကင်ပြိုကျပြီး အားကိုးရာမဲ့သွားသော ကလေးငယ်တစ်ယောက်ကို မြင်ရသလိုမျိုး ဖြစ်နေခဲ့သည်။ 

သူသည်ပြန်တွေးကြည့်လိုက်ပြီး ချီယွမ်၏ မသေခင် နာကျင်ခံစားသွားရပုံပေါက်နေသော အမူအယာများကို ပြန်တွေးကြည့်သည်။ 

ချီယုံသည် ချီယွမ့်ကို တစ်စုံတစ်ခုတော့ သေချာပေါက်လုပ်ခဲ့လိမ့်မည်။ ချီကျုံးယဲ့ကို သတ်မည့်အစား ချီယွမ့်ကို ဆိုးဆိုးဝါးဝါး သတ်ပြပြီး ချီကျုံးယဲ့ကို ကြောက်ရွံ့စေခဲ့သည်။ တစ်မိသားစုလုံးသည် ချီယုံသူတို့ကို လာသတ်မည်ကို အချိန်တိုင်း စိုးရိမ်နေကြရမည် ဖြစ်ပြီး ချီယုံသည် သူတို့ကို ထောင်ထဲတွင် ရှိနေလျှင်ပင် သတ်နိုင်ကြောင်း နားလည်သွားကြမည်။ ချီယုံသည် သူတို့ကို ဘာကိုမှ ဂရုမစိုက်ဘဲ အမှန်တကယ် သတ်နိုင်ကြောင်း တစ်ဖက်လှည့်ဖြင့် ပြလိုက်ခြင်း ဖြစ်သည်။ 

ချီယွမ့်ကို ကြည့်၍ ချီ(ချီယယ်)မိသားစုနှင့် ချီ(ချီယုံ)မိသားစုတို့သည် အသက်ရှင်နေလျှင်တောင် စိတ်ပိုင်းဆိုင်ရာကတော့ အမြဲ ကြောက်လန့်တုန်လှုပ်နေကြရတော့မှာ ဖြစ်သည်။ ဤကိစ္စသည် နှစ်မိသားစုကို သဘောထားကွဲလွဲသွားစေအောင် အစပျိုးလိုက်ခြင်းလည်း ဖြစ်သည်။ 

မူလကိုယ်သည် အရံဇာတ်ကောင် သေးသေးလေးသာဖြစ်ပြီး ချီယုံ့ကို သတ်ခဲ့ပြီးနောက် ချီယုံထံတွင် အနှိပ်စက်ခံရကာ အရှင်လတ်လတ် အသားများ လှီးထုတ်ခံရကာ အရိုးများသာ ကျန်မှ သေဆုံးသွားရခြင်းဖြစ်သည်။ 

သို့သော် တရားခံများထဲမှ တစ်ယောက်ဖြစ်သော ချီယွမ့်ကျမှ အဘယ့်ကြောင့် လွယ်လွယ်ကူကူ သေဆုံးသွားရပါသနည်း။ 

ကျန်းလော့သည် ဂရုတစိုက် တွေးကြည့်နေပြီး ရုတ်တရက် အောက်ကို ငုံ့လိုက်သည်။ 

“မင်းဘာတွေ လုပ်နေတာတုန်း” 

သူ့ဘောင်းဘီသည် မကောင်းဆိုးဝါး၏ တုတ်ကောက်ကြောင့် ခြေသလုံးပေါ်ထိ လိပ်တင်နေပြီဖြစ်ပြီး ဒူးခေါင်းနားမှ အဖြူရောင် အသားအရေ နူးညံ့ညံ့ပင် ပေါ်နေပြီဖြစ်သည်။ မကောင်းဆိုးဝါးသည် တုတ်ကောက်ကို တည်ငြိမ်စွာ ဖယ်လိုက်ပြီး ကျန်းလော့၏ ဒူးနှင့် ပေါင်တံများကို ဘောင်းဘီပေါ်မှ ကုတ်ခြစ်လိုက်ကာ 

“ဒီတော့ ခန့်မှန်းကြည့်လို့ ရပြီလား” 

ကျန်းလော့သည် အဓိပ္ပာယ်ပါပါ မကောင်းဆိုးဝါးကို မော့ကြည့်လိုက်ပြီး 

“ချီယွမ်က မင်းအဘိုးကို သတ်လိုက်တာလား” 

မကောင်းဆိုးဝါး၏ လက်တို့သည် မမြင်ရစွာ လှုပ်ရှားနေပြီး ၎င်းသည် ကျန်းလော့၏ ဘောင်းဘီခွကြားထဲထိ ရောက်လာသည်။ 

“နီးစပ်လာပြီ” 

ကျန်းလော့သည် စိတ်တိုသွားပြီး တုတ်ကောက်ကို ဆုပ်ကိုင်လိုက်ကာ ပြောလက်စစကားကို ဆက်ပြောသည်။ 

“မင်းရဲ့ဝိညာဉ်ကနေ မွမ်းမံထားတဲ့ ယွမ်ထျန်းကျူးက တစ်စုံတစ်ယောက်ချင်းစီရဲ့ စိတ်ဝိညာဉ်ကို အားဖြည့်ပေးနိုင်တယ် ပြီးတော့ မင်းအဘိုးရဲ့ စိတ်ဝိညာဉ်မှာလဲ ဒီလိုသက်ရောက်မှုမျိုး ရှိဖို့က သေချာသလောက်ပဲ ဟုတ်တယ်မို့လား ချီယွမ်က မင်းအဘိုးရဲ့ ဝိညာဉ်ကို သူ့စိတ်ဝိညာဉ်ခန္ဓာကို မြှင့်တင်ဖို့ အသုံးချလိုက်တယ်” 

ချီယုံက ပြောသည်။ 

“အဖြေမှန်သွားပြီ” 

“ချီမိသားစုရဲ့ စွမ်းအားအကြီးဆုံး အတတ်ပညာက ရုပ်သေးဝိညာဉ်မွမ်းမံထိန်းချုပ်ခြင်းပဲ ဆိုတော့ ဒီနည်းစနစ်က တကယ်ပဲ ဝိညာဉ်တွေကို မွမ်းမံနိုင်ခဲ့တယ်” 

သူသည် သူနှင့် မဆိုင်သည့် ကိစ္စတစ်ခုကို ပြောနေသလို ပြောနေခဲ့သည်။ 

“ချီ(ချီယုံ)မိသားစုကတော့ တစ်စုံတစ်ယောက်ရဲ့ စိတ်ဝိညာဉ်ခန္ဓာကို ဘယ်လိုဆွဲထုတ်ရမလဲဆိုတာလောက်ပဲ သိတာ ပြီးတော့ စိတ်ဝိညာဉ်ရဲ့ အမြင့်ဆုံး အရှိန်ဝါရောက်ရင် ဆွဲထုတ်မဲ့ အချိန်ကို အတိအကျနားလည်နိုင်တယ် ပြီးတော့ သူတို့က ချီယွမ့်ကို ကိုယ့်အဘိုးရဲ့ စိတ်ဝိညာဉ်ခန္ဓာအမွေဆက်ခံသူအဖြစ် လုပ်ပေးလိုက်ကြတာပဲ” 

အသံမထွက်အောင် ရယ်မောလိုက်ပြီး။

“ချီမိသားစုက မျိုးဆက်သုံးဆက်ရဲ့ပါရမီရှင်တွေတဲ့ ကြားရတာ မနာလိုစရာပဲ ဟုတ်တယ်မို့လား ” 

ကျန်းလော့သည် ငယ်စဉ်အခါက ခံစားခဲ့ရသော အကြင်နာမဲ့ ရက်စက်မှုများကို ပြန်သတိရသွားကာ ရုတ်တရက် ရှင်းမပြနိုင်သော ဒေါသတို့က သူ့နှလုံးသားထဲသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာခဲ့သည်။ သူသည် မကောင်းဆိုးဝါး၏ တုတ်ကောက်ကို တင်းကျပ်စွာ ဆွဲဆုပ်၍ သူ့ဘက်သို့ ဆွဲယူလိုက်သည်။ မကောင်းဆိုးဝါးသည် တုတ်ကောက်ကို လွတ်မပေးပဲ သူကပါ ရှေ့သို့ လိုက်တိုးလာ၍ ကျန်းလော့နှင့် နီးကပ်လာသည်။ 

ကျန်းလော့၏ အသက်ရှူထုတ်လိုက်သော လေများသည် ပူနွေးနေပြီး တစ်ချက်ချင်းစီသည် မကောင်းဆိုးဝါးကို လေငွေ့နွေးနွေးဖြင့် ထွေးပွေ့နေသလို ဖြစ်နေပြီး တမင်တကာ လုပ်နေသလိုပင်။ အနီရောင်နှုတ်ခမ်းပါးတို့သည် သူ့ကိုလှောင်ပြောင်နေချိန်တိုင်းတွင် အလွန်သွက်လက်စွာ ပိတ်လိုက်ဖွင့်လိုက် လှုပ်ရှားတတ်ကြသည်။ 

“မစ်စတာချီ မင်းက အရမ်းသနားစရာကောင်းတာပဲ ဒီတော့ ဒီတစ်ခေါက်ရုံးချိန်းကို မင်းအဘိုးရဲ့စိတ်ဝိညာဉ်ကို ပြန်ယူဖို့ ရောက်လာတာပေါ့” 

“ပြီးတော့ မင်းအဘိုးပုံစံအတိုင်းဝတ်လာသေးတာ ဘာလဲ ဂါရဝတရားထားပြီး ဂုဏ်ပြုတဲ့အနေနဲ့လား” 

“ဒီစကားလုံး အသုံးအနှုန်းလေး မဆိုးဘူး” 

ချီယုံက ထက်သန်ပြင်းပြစွာ မှတ်ချက်ပေးလိုက်သည်။ 

“ကောလိပ်မှာ စာကောင်းကောင်း သင်ခဲ့တာပဲ ကိုယ်တပည့်လေးက..” 

ကျန်းလော့သည် အထင်သေးစွာ နှာမှုတ်လိုက်သည်။ မကောင်းဆိုးဝါးသည် ကျန်းလော့ကို ကြည့်၍ သဘောကျစွာ ရယ်လိုက်ပြီး ကျန်းလော့ရှေ့တွင် စည်းကမ်းလိုက်နာသော ဆရာတစ်ယောက်၏ အပြုအမူဖြင့် ရပ်နေသည်။ ကျန်းလော့နှင့် နီးကပ်စွာ ရပ်နေသော်လည်း ကျန်းလော့ အသားကို သေးသေးလေးမှ ထိမနေပေ။ သူ့ပုံစံသည် အမျိုးကောင်းသားပီသစွာ ယဉ်ကျေးပြီး သိမ်မွေ့လှသည်။ 

သို့သော် ထိုအရာသည် ဒီတိုင်း မြင်ရသည့် အရာသာဖြစ်ပြီး တကယ့် အစစ်အမှန်တွင် ကျန်းလော့၏ခါး နှာဘူးတစ်ကောင်လို မမြင်ရသော အရာဖြင့် လိုက်ပွတ်နေသည်ကို ကျန်းလော့သာ သိလေသည်။ ထိုမမြင်ရသော အရာသည် ပို၍ ဆိုးဝါးလာကာ အတင့်ရဲလာသေးသည်။ 

ကြောင်သူတော်ကောင် ချီယုံ့ကို ကြည့်၍ ကျန်းလော့သည် ထိုမျက်နှာဖုံးကို ခွာချပစ်လိုက်ချင်သည်မှာ ကလိကလိနှင့် ဖြစ်နေလေပြီ။ 

သူသည် တုတ်ကောက်ကို ဘေးသို့ ပို့လိုက်ပြီး တောက်လောင်လာသော မီးတောက်ကို အတင်းချိုးနှိမ်ကာ 

“ချီယုံ ငါမင်းကို အရင်တစ်ခေါက်က ပြောဖူးတယ်မလား ငါတို့နောက်တစ်ခါတွေ့ရင် မင်းဆီရောက်သွားတဲ့ ငါ့အဝတ်အစားတွေကို ဖျက်ဆီးပစ်မယ်လို့လေ” 

ကျန်းလော့သည် ချီယုံ့ကုတ်အင်္ကျီအိတ်ကပ်ထဲကို လှမ်းကြည့်လိုက်ပြီး 

“အခု မင်းကိုယ်ပေါ်မှာ ပါလာသေးလား” 

မကောင်းဆိုးဝါး၏ မျက်လုံးထဲတွင် မှောင်မိုက်သော အရိပ်အငွေ့များပေါ်လာပြီး 

“မင်းကိုယ်တိုင် စစ်ကြည့်နိုင်တယ်” 

ကျန်းလော့သည် ဂရုမစိုက်စွာ ကုတ်အင်္ကျီအိတ်များထဲသို့ လျင်မြန်စွာ နှိုက်ကြည့်၍ 

“မရှိဘူး” 

သူသည် ချီယုံ့ကို တစ်ခဏလောက် မော့ကြည့်လိုက်ပြီး ကုတ်အင်္ကျီအတွင်းအိတ်များထဲသို့ ထပ်၍ နှိုက်လိုက်ပြန်ကာ မရှိသောကြောင့် ချီယုံ့ အနောက်တိုင်းဝတ်စုံမှ ဘောင်းဘီ အိတ်ကပ်များထဲသို့ပါ လိုက်နှိုက်ကြည့်သည်။ 

ချီယုံ့၏ ပေါင်တံများသည် တောင့်တင်းသွယ်လျနေပြီး အဆိုးပြောစရာဆိုလို့ အနည်းငယ်အေးနေတာလေးပဲ ရှိသည်။ ကျန်းလော့သည် ဘောင်းဘီအိတ်ကပ်နှစ်ခုလုံးထဲနှိုက်၍ ရှာနေပြီး အဝတ်ပါးပါး တစ်လွှာခံထားသည်ဆိုသော်ငြား ချီယုံ့ပေါင်တံများကို ထိကိုင်နေရသလို ခံစားနေရသည်။ သူသည် ချီယုံ၏ တောက်လောင်လာသော မျက်ဝန်းများကို လျစ်လျူရှု၍ သူရှာစရာရှိတာ ဆက်ရှာနေပြီးမှ လက်ကို ဆွဲထုတ်လိုက်သည်။ 

“ဒီမှာလဲ မရှိဘူး” 

“ခက်ခဲနေလိုက်တာ..” 

ကျန်းလော့သည် ချီယုံ့၏ ရင်ဘတ်နားမှာ အိတ်ဆီသို့ အကြည့်ရောက်သွားကာ 

“အဲဒီနေရာမှာလား” 

သို့သော် သူထိုနေရာသို့ နှိုက်ကြည့်လိုက်သော်လည်း ဘာမှ ရှိမနေခဲ့ပေ။ 

ချီယုံက ပြောသည်။ 

“ဟုတ်တာပေါ့ ကိုယ်က ဒီလောက်အရေးကြီးတဲ့ ပစ္စည်းတွေကို သေချာစုဆောင်းထားမှာလေ အဲဒါထက်ကို မင်းသာ အဲဒီဟာလေးတွေကို ဖျက်ဆီးလိုက်ရင် ကိုယ်ရင်ကျိုးရချည်ရဲ”

ကျန်းလော့သည် ဟွန့်ခနဲ နှာခေါင်းရှုံ့လိုက်ပြီး သူ့ရင်ဘတ်ပေါ်မှ လက်ကို ဖယ်ပစ်လိုက်သည်။ ချီယုံသည် သူ့ကြောင့် တော်တော်လေး ခံစားချက်များ မြင့်တက်လာပြီး ဆက်၍ သည်းမခံနိုင်တော့စွာ ခေါင်းငုံ့၍ သူ့နားသို့ ကပ်သွားသည်။ ကျန်းလော့သည် မကောင်းဆိုးဝါး၏ ရင်ဘတ်ကို လက်ညှိုးနှင့် ထောက်၍ ခေါင်းကို နောက်သို့ စောင်း၍ ရှောင်လိုက်သည်။ ထို့နောက် မျက်လုံးရွဲကြီးများနှင့်မော့ကြည့်၍ ပြုံးပြလိုက်ကာ မျက်လုံးထောင့်များပင် ကွေးနေတော့သည်။ ထို့နောက်..။ 

“လူကြီးလူကောင်းတစ်ယောက်ဖြစ်ပြီး ဘယ်လိုလုပ် လူတွေရှေ့မှာ တစ်စုံတစ်ယောက်ကို နမ်းနိုင်ရတာလဲ” 

“ဘာကို ဂရုစိုက်နေရမှာလဲကွာ” 

မကောင်းဆိုးဝါးသည် ခပ်နိမ့်နိမ့်ရယ်မော့လိုက်ပြီး သူ့ပုံစံအမှန်ကို လွပ်လွပ်လပ်လပ် ဖွင့်ထုတ်လိုက်ကာ 

“ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ကိုယ့်ကို မမြင်နိုင်ဘူးလေ ဟမ်” 

ကျန်းလော့သည် မျက်နှာကို တစ်ဖက်လှည့်၍ ရှောင်တိမ်းလိုက်ပြန်ကာ 

“ဒါပေမဲ့ ငါမှ မင်းနဲ့အဲ့လို မလုပ်ချင်တာ” 

ထိုအချိန်တွင် ကော်ရစ်တာအဆုံးနားမှ တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်။ 

“ကျန်းလော့ သွားစို့လေ အရာရှိလင်က မင်းကိုလိုက်ရှာနေတယ်ဟ” 

၎င်းသည် လုယုံရိနှင့် တခြားသူများဖြစ်ကြသည်။ ကျန်းလော့နှုတ်ခမ်းပေါ်မှ အပြုံးသည် အေးခဲသွားတော့သည်။ သူသည် လုယုံရိပြောခဲ့သော “အားရပါးရ နမ်းရှိုက်နေတာ” ဟူသော စကားကို ပြန်သတိရသွားကာ ယယ်ရွှင်ပြောခဲ့သော “ကျီစယ်နေကြတာ” ဟူသော စကားသည် သူ့ခေါင်းကို တူကြီးနှင့် ထုချလိုက်သလို ခံစားရသည်။ 

သူတို့သာ ယခုကဲ့သို့ သူနှင့် ချီယုံ့ကို မြင်ပါလျှင် သူမြစ်ထဲခုန်ချလိုက်ဖို့ အရမ်းနောက်ကျသွားလောက်ပြီလား 

ကျန်းလော့သည် အကြင်နာမဲ့စွာပင် ကစားပွဲကို ရပ်ဖို့ ကြိုးစားလိုက်ပြီး ချီယုံ့ကို တွန်းထုတ်နေသော်လည်း ချီယုံ့ကို မည်သူမျှ မမြင်ရမှန်း သတိရသွားသောအခါ သူ့အပြုအမူများမှတစ်ဆင့် တစ်စုံတစ်ခု ပေါ်သွားမှာကို ကြောက်နေသေးသည်။ 

သူ့ကို ကြည့်ရင်း မကောင်းဆိုးဝါးသည် တစ်စုံတစ်ခုကို တွေးမိသွားပုံရသည်။ 

“ကြည့်ရတာ မင်းလေးက မင်းသူငယ်ချင်းတွေကို နောက်ထပ် ဇာတ်ညွှန်းတစ်ခုနဲ့ ထပ်ပြီး အရူးလုပ်ခဲ့ပြန်ပြီမလား” 

သူသည် ကျန်းလော့နှုတ်ခမ်းကို လက်ချောင်းများနှင့် ပွတ်တိုက်ရင်း စိတ်ဝင်စားစွာ မေးလိုက်သည်။ 

“ဒီတစ်ခေါက်ရော ဘယ်လို ဇာတ်လမ်းလေး ဖြစ်သွားပြီလဲ” 

ကျန်းလော့သည် နှုတ်ခမ်းစေ့၍ ကြိတ်ပြောလိုက်သည်။ 

“မလှုပ်နဲ့လို့” 

သို့သော် ထိုစကားများထွက်သွားသည်နှင့် မကောင်းဆိုးဝါး၏ လှုပ်ရှားမှုများသည် ပို၍ ကြမ်းတမ်းမြန်ဆန်လာသည်။ သူသည် ကျန်းလော့၏ နှုတ်ခမ်းအတွင်းထဲသို့ ဆိုးဝါးစွာ လက်ချောင်းများ ထိုးထည့်ဖို့ ကြိုးစားနေပြီး နောက်လက်တစ်ဖက်ဖြင့် ကျန်းလော့ခါးကို တင်းကျပ်စွာ ဖက်ထားသည်။ 

“မင်းလေးရဲ့ သူငယ်ချင်းတွေ လာနေကြပြီ” 

ကျန်းလော့သည် စိတ်တိုစွာဖြင့် အသေကိုက်ပစ်လိုက်သော်လည်း မကောင်းဆိုးဝါး၏ လက်အိတ်ကိုသာ ကိုက်မိသွားခဲ့သည်။ ထို့ကြောင့် ပိုပြီး စိတ်တိုလာကာ မီးတောက်နေသော မျက်လုံးများဖြင့် မကောင်းဆိုးဝါးကို မော့ကြည့်လိုက်သည်။ သို့သော် မကောင်းဆိုးဝါးသည် သူ့ကို သူငယ်ချင်းများရှေ့တွင် တစ်ဖက်သတ် ကိုယ်ထိလက်ရောက် စော်ကားခံနေရသည်ဟု ခံစားမိလာကာ ရှက်ရွံ့ခံပြင်းလာသည်။ 

 ကျန်းလော့သည် မျက်လုံးများ နီရဲလာအောင် ရှက်ရွံ့နေပြီး သူ့လက်ထဲမှ လွတ်ရန် ဇွတ်အတင်းခွာထုတ်ပြီး သူတပြန်ကိုယ်တပြန် တိုက်ခိုက်ဖို့ ကြိုးစားတော့သည်။ 

“တစ်စက်ကလေးမှ မလှုပ်လိုက်နဲ့” 

မကောင်းဆိုးဝါးက ဇွဲကောင်းစွာ ပြောသည်။ 

“သူတို့ ကိုယ့်ကို မမြင်နိုင်ဘူးဆိုပေမဲ့ မင်းသာ လှုပ်လိုက်ရင် တစ်ခုခု မှားနေမှန်း ချက်ချင်း သိသွားကြလိမ့်မယ်” 

“သောက်ရူး” 

ကျန်းလော့သည် ပွစိပွစိဆဲပစ်ပြီး ခေါင်းမာစွာဖြင့် ချီယုံ့လက်အိတ်ကို အတင်းဆွဲကိုက်ထားသေးသည်။ 

“မင်းဒီတစ်သက် မထောင်နိုင်တော့အောင်ကို ကျိန်စာတိုက်ပစ်မယ်” 

နောက်တစ်စက္ကန့်တွင် သူသည် မထိန်းချုပ်နိုင်စွာ ခပ်ဖွဖွ ညည်းလိုက်ရသည်။ 

“ကျန်း လော့ .” 

လမ်းတစ်ဝက်ရောက်နေပြီဖြစ်သော သူငယ်ချင်းများသည် သူတို့အသံကို ကျန်းလော့ မကြားဘူးထင်ပြီး အသံကို ထပ်၍ ကျယ်အောင် ပြောလိုက်ပြန်သည်။ 

“ငါတို့ အခုသွားသင့်နေပြီကွ” 

ချီယုံသည် ကျန်းလော့ ခါးနောက်တွင် ဖက်ထားသော လက်ကို လွတ်၍ သက်ပြင်းချလိုက်ကာ 

“ဒီကျိန်စာကြီးက အရမ်းရက်စက်တာပဲ မင်းပဲကိုယ့်ကို ပူးပေါင်းဖို့အရင်စပြောတယ် ပြီးတော့ အိပ်မက်ထဲမှာတောင် ကိုယ့်ကို နမ်းသေးတယ် အခု ဒီနေ့ကျတော့ ကိုယ့်ကို ဒီလိုဆိုးဆိုးဝါးဝါး ကျိန်စာကြီး တိုက်ပြန်တယ် ” 

သူ့အသံသည် တိုးသည်ထက်တိုးသွားပြီး သူ့ကိုယ်သူပြန်ပြောနေသလိုကို တိုးသွားတော့သည်။ နောက်ဆုံးတွင် သူ့လက်ကို ကျန်းလော့ပါးစပ်ထဲမှ ဆွဲထုတ်လိုက်သည်။ သို့သော် ကျန်းလော့က အသေကိုက်ဆွဲထားသောကြောင့် လက်အိတ်ကို ကျန်းလော့ကိုက်ဖို့ ထားပေးခဲ့ရပြီး သူ့လက်ကိုသာ ပြန်ထုတ်၍ သက်ပြင်းချလိုက်သည်။ သူသည် သူ့လက်အိတ်ကို ကိုက်ထားသော ကျန်းလော့နှုတ်ခမ်းလေးကို ဖိနမ်းလိုက်ကာ သူ့မျက်လုံးများကျတော့ ကျန်းလော့၏ စိတ်ဆိုးနေသော အေးစက်စက် မျက်နှာကို ကြည့်၍ တီးတိုးပြောလိုက်သည်။ 

“ဒါပေမဲ့ ဒီလို တက်ကြွတဲ့ မင်းကမှ ကိုယ်သဘောကျရတဲ့သူ” 

ကျန်းလော့သည် ထိုစကားကိုကြားသောအခါ သမုဒ္ဒရာ ရေပြင်ကျယ်လို မျက်ဝန်းများကို မော့ကြည့်ရင်း ထိုမျက်ဝန်းများထဲ ပိတ်မိပြီး ပြန်မထွက်ချင်တော့သလို ခံစားလိုက်ရသည်။ ၎င်းခံစားချက်သည် သူ့ကို အသက်ရှူမဝဖြစ်သွားစေပြီး ပင်လယ်ပြင်ထဲတွင် နစ်မြုပ်သွားပြီး ဗွက်အိုင်ထဲသို့ နှစ်မြုပ်သွားသလို ခံစားလိုက်မိကာ ရုတ်တရက် နားမလည်နိုင်တော့သော ခံစားချက်များနှင့်အတူ သူ့နှလုံးသားသည် ဒရမ်တစ်လုံးလို နားကွဲမတတ် တုန်ခါနေသလို ဖြစ်လာသည်။ 

သူ့စိတ်ဝိညာဉ်သည် ဗလာကြီးဖြစ်သွားသလို ဖြစ်လာပြီး အောင်ပွဲအကြီးကြီးရလိုက်သလို တစ်လောကလုံးကို အပိုင်ရသလိုက်သလို ခံစားလာရပြီး သူမသိသော သာယာမှု အလုံးအရင်းလိုက်သည် တစ်ကိုယ်လုံးကို ပျံ့နှံ့သွားတော့သည်။ 

‘ဒါကြီးက ငါ မဟုတ်ဘူးနော် ငါနဲ့ တစ်စက်လေးမှ တူမနေဘူး’ 

မိမိကိုယ်တိုင်ကဲ့သို့ အလွန်တော်ပြီး တန်းတူဖြစ်နေသည့် လူတစ်ယောက်ကို ထိန်းချုပ်ရန် နောင်တစ်ချိန်တွင် လုံးဝ မလွယ်ကူပေ။ ကျန်းလော့သည် မကောင်းဆိုးဝါးကို သူ့လည်ပင်းကို ရုတ်တရက် နမ်းလိုက်သည့် အချိန်ထိအောင်ကို အတွေးထဲနစ်နေခဲ့သည်။ ကျန်းလော့၏ လည်ပင်းသည် တုန်ခါသွားပြီး ရုတ်တရက် နောက်သို့ တွန့်သွားသည်။ 

သူ့လည်စိသည် ရေငတ်နေသူလို ရွေ့လျားသွားပြီး မကောင်းဆိုးဝါးသည် ထိုလည်စိကို အသည်းယားစွာ လျှာနှင့် လျက်လိုက်လေသည်။ 

ကျန်းလော့၏ လက်များသည် မကောင်းဆိုးဝါး၏လက်မောင်းကို ဆုပ်ကိုင်လိုက်မိပြီး နောက်ခဏတွင် ဆတ်ခနဲဖြစ်သွားကာ မကောင်းဆိုးဝါးကို အလွန်အံ့ဩစွာ မော့ကြည့်လိုက်မိသည်။ သူ့ရှေ့တွင် မှင်ကဲ့သို့ နက်မှောင်နေသော အရောင်ကိုသာ မြင်ရပြီး မယုံနိုင်စရာကောင်းစွာ မကောင်းဆိုးဝါးသည် ပျောက်ကွယ်သွားတော့သည်။ 

ကျန်းလော့သည် သူဘာမှ မတုံ့ပြန်ရသေးခင် ပျောက်ကွယ်သွားသည်ကို ကြည့်၍ သူ့ပါးစပ်ထဲမှ လက်အိတ်ကို ထွေးထုတ်လိုက်ကာ ရယ်မောလိုက်သည်။ 

“ငါမလှုပ်နဲ့ ဆိုတုန်းက လှုပ်တယ် အခုကျ ထွက်ပြေးသွားပြန်ပြီ” 

သူ့လက်ကျန် ချီစွမ်းအင်ဖြင့် ချီယုံ့အတွက် "fuck off" ဟူသော စာလုံးကို ရေးပစ်လိုက်သည်။ ဤစကားလုံးတစ်လုံးထဲဖြင့် သူ၏ ပြန်ပြည့်လာသော ချီစွမ်းအင်များ ကုန်သွားခြင်းကို ကျန်းလော့ ခံစားလိုက်ရသည်။ သူသည် သူငယ်ချင်းများဘက်သို့ လှည့်၍ သူတို့ရှိရာသို့ လျှောက်သွားလိုက်သည်။ 

“အရာရှိလင် ငါ့ကို ရှာနေတာလား ကောင်းတယ် သွားကြစို့” 

သို့သော် သူငယ်ချင်းများက သူ့ကို ထူးဆန်းသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။ ကျန်းလော့သည် သူ့ကို အဘယ့်ကြောင့် ထိုသို့ကြည့်နေကြသည်ကို နားမလည်နိုင်သော်လည်း လုယုံရိက 

“ကျန်းလော့ မင်းဘာလို့ ရှက်နေတာလဲ” 

ကျန်းလော့သည် မှန်ပြတင်းပေါက်ဘက်သို့ လှည့်ကြည့်လိုက်ပြီး သူ့အပြုံးသည် တောင့်တင်းသွားတော့သည်။ 

မှန်ပြတင်းပေါက်တွင် ကျန်းလော့၏ အနည်းငယ် ရှက်သွေးဖြာနေသော မျက်နှာကိုမြင်လိုက်ရသည်။ သို့သော် ရှက်သွေးဖြာနေခြင်းက ကိစ္စကြီးမဟုတ်ပေ။ အရေးအကြီးဆုံးမှာ သူ့နှုတ်ခမ်းမှ အလွန်အမင်း ကျေနပ်ပျော်ရွှင်နေသော အပြုံးဖြစ်ကာ ယခုအချိန်အထိ ပျောက်ကွယ်မသွားနိုင်သေးပေ။ သူ့မျက်ခုံးမျက်လုံးများသည် နွေဦးရောက်နေသလို ပျော်ရွှင်နူးညံ့မှုများ ပြည့်နှက်နေပြီး တစ်စုံတစ်ယောက်နှင့် ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း လုပ်ခဲ့သည်နှင့် တူနေသည်။ 

ကျန်းလော့ “........” 

................... 

ကျန်းလော့သည် သူငယ်ချင်းများ၏ အစစ်အဆေးမှ အလိမ်အညာမျိုးစုံသုံးပြီး နောက်ဆုံးမှ လွတ်မြောက်လာကာ အရာရှိလင်ဆီသို့ သွားတော့သည်။ 

အရာရှိလင်သည် သူတို့နှင့် စကားပြောရန် ရုံးခန်းအလွတ်တစ်ခု တောင်းထားသည်။ ထို့နောက် ကျန်းလော့ကို သူတို့အစီအစဉ်နှင့် ပတ်သက်၍ ပြောပြသည်။ 

ပြည်နယ်အစိုးရသည် ရွှမ်ရွှီအဖွဲ့အစည်းမှ ပါရမီရှင်များကို စုစည်းပြီး အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းရန် ပြင်ဆင်နေပြီး ရွှမ်ရွှီလောက၏ အဖြစ်အပျက် ကောင်းခြင်းဆိုးခြင်းတို့ကို ကိုင်တွယ်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ရွှမ်ရွှီလောက၏ အခြေတင်မပြတ်သားနိုင်သော ဖြစ်ရပ်များကို ဖြေရှင်းထိန်းချုပ်ပြီး ရွှမ်ရွှီလောကကို သူတို့၏ စီမံခန့်ခွဲမှုအောက်တွင် ကိုင်တွယ်နိုင်ရန် သေချာစီစဉ်လိုက်ခြင်း ဖြစ်သည်။ 

ဤအဖွဲ့အစည်းသည် အများပြည်သူများ မသိသော လျှို့ဝှက်အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းမည်ဖြစ်ပြီး ရွှမ်ရွှီလောက၏ အရည်အသွေးနှင့် ပြဿနာများ ဖြစ်မလာစေရန် အဓိက ထိန်းချုပ်မည့် အဖွဲ့အစည်းဖြစ်သည်။ ၎င်းအဖွဲ့အစည်းတွင် အထူးတပ်ဖွဲ့နှင့် ထူးခြားသော အခြေအနေများအတွက် ဆေးအဖွဲ့များ ထားပေးမည် ဖြစ်သည်။ 

ကျန်သည့် အသေးစိတ်များကိုတော့ ပြည်နယ်အစိုးရဘက်မှ ပြင်ဆင်နေဆဲဖြစ်ပြီး အဓိကအကျဆုံးလိုအပ်သည်မှာ ပြည်နယ်အစိုးရမှ ဖွဲ့စည်းသော အဖွဲ့အစည်းတွင် တာဝန်ထမ်းဆောင်ရန် အရည်အချင်းရှိသော လူငယ်များ လိုအပ်နေခြင်း ဖြစ်သည်။ 

အတိတ်တုန်းက ပြည်နယ်အစိုးရသည် ကျောင်းတော် ဆယ့်နှစ်ခုနှင့် တွဲဖက်လုပ်ကိုင်ပြီး ကြားနေအဖြစ်သာ နေခဲ့ခြင်းဖြစ်ပြီး ကျောင်းသားများ၏ အရည်ချင်းစစ်ပွဲများတွင် ဝင်ပါလေ့မရှိပေ။ သို့သော် အခုအချိန်တွင် ပြည်နယ်ဘက်မှ အရည်အချင်းရှိသူများကို ရှာဖွေလာပြီး ယခင်ကနှင့် လုံးဝကွဲပြားစွာ ကိုင်တွယ်တော့မည် ဖြစ်သည်။ သူတို့ရှစ်ယောက်ထဲတွင် ကျိုးကျုံးချိုးတစ်ယောက်သာ အနည်းငယ် တွေဝေနေခဲ့ပြီး အိမ်တော်ကြီးခြောက်ခုနှင့် ဘာမှမဆိုင်သေးသော ကျန်ကျောင်းသား ခြောက်ယောက်တို့သည် ဤအဖွဲ့အစည်းပေါ်တွင် အလွန်စိတ်ဝင်စားနေကြောင်း မျက်နှာများ ကြည့်ရုံနှင့် သိသာနေသည်။ 

ကျန်းလော့သည် တစ်ခဏလောက် ချင့်ချိန်နေပြီး 

“ဒီအဖွဲ့အစည်းကို ဘယ်လိုခေါ်လဲ” 

အရာရှိလင်သည် တက်ကြွစွာ ပြောလိုက်သည်။ 

“ကိုယ်တို့ မင်းတို့ရဲ့ စည်းမျဉ်းတွေကို လိုက်ပြီး နာမည်ပေးထားတယ် ဒီအဖွဲ့အစည်းရဲ့ နာမည်အပြည့်အစုံက ‘သဘာဝသိပ္ပံနှင့် လူမှုရေးဆိုင်ရာ သုတေသန ကာကွယ်ရေး ဌာန’လို့ နာမည်ပေးထားတယ် အခု ဒီရက်ပိုင်းမှာတော့ ‘သိပ္ပံနည်းကျ သုတေသနဌာန’လို့ ခေါ်နေကြတယ် ” 

ကျန်းလော့ “.... နာမည်က ကောင်းတယ်နော်” 

“မင်းတို့ဒီနာမည်မကြိုက်ရင် တခြားနာမည်တစ်ခု ပြောင်းလိုက်လဲရပါတယ်” 

အရာရှိလင်သည် စိတ်အားထက်သန်စွာ မေးသည်။ 

အရာရှိလင်သည် စိတ်အားထက်သန်စွာ မေးသည်။ 

“မင်းတို့ ဘယ်လိုထင်လဲ ကျွန်တော်တို့နဲ့ လက်တွဲဖို့ စိတ်ဝင်စားကြလား မင်းတို့သာ ကျွန်တော်တို့ “သုတေသနဌာန”နဲ့ အလုပ်လုပ်မယ်ဆိုရင် မင်းတို့က အဖွဲ့အစည်းရဲ့ ပထမဆုံး အဖွဲ့ဝင်တွေ ဖြစ်လာကြမှာ ပြီးတော့လဲ ကျွန်တော်တို့က မင်းတို့ရဲ့ အကြံဉာဏ်နဲ့ ရပ်တည်ချက်တွေကို ပြည့်ပြည့်ဝဝလေးစားပေးမှာပါ မင်းတို့အားလုံး ပြည်သူ့ဝန်ထမ်းဖြစ်ရတာ ပျော်ရွှင်ရစေဖို့ အာမခံတယ်ဗျာ ပြီးတာ့ မင်းတိုက နိုင်ငံ့ဝန်ထမ်း ဖြစ်သွားပြီဆိုတာနဲ့ နိုင်ငံတော်က မင်းတို့ကို နေထိုင်ဖို့ အဆောက်အဦးတစ်ခု ထောက်ပံ့ပေးဦးမှာ ဘယ်လောက် ကောင်းလိုက်လဲဗျာ” 

ကောကျူမျက်လုံးများသည် တောက်ပသွားပြီး ခွမ့်ကျိန်းကို ပုတ်လိုက်ကာ။

“ငါ စိတ်ဝင်စားတယ်ကွ’ 

ခွမ့်ကျိန်းသည်လည်း စာချုပ်ကို ဖတ်နေပြီး စိတ်အားထက်သန်မှုတို့ မျက်လုံးထဲတွင် ပေါ်လာကာ တီးတိုးပြောလိုက်သည်။ 

“ငါ့မိဘတွေက ငါ့ကို ဆရာ ဒါမှမဟုတ် နိုင်ငံ့ဝန်ထမ်းဖြစ်ဖို့ အမြဲမျှော်လင့်နေကြတာ” 

ကျန်းလော့နှင့် ကျိုးကျုံးချိုးတို့မှလွဲ၍ အားလုံးသည် ရှင်းရှင်းလင်းလင်းကို ဤအဖွဲ့အစည်းထဲသို့ ဝင်ရန် ထက်သန်နေကြသည်။ သို့သော် သူတို့အားလုံးသည် အလျင်စလို မဆုံးဖြတ်ဘဲ ကျန်းလော့နှင့် ကျုံးချိုးတို့ကို ဆုံးဖြတ်မှာကို စောင့်နေကြသည်။ 

ကျိုးကျုံးချိုးသည် ငယ်ရွယ်တုန်းတွင် သူမလိုချင်သော အသက်မွေးဝမ်းကြောင်းရန် လမ်းကြောင်းတစ်ခုကို ရွေးချယ်ချင်ပါသော်လည်း စိတ်မကောင်းစွာပင် သူမသည် အမွေဆက်ခံရမည့် ကျိုးမိသားစုကို ထမ်းပိုးထားရသည်။ အဖွဲ့အစည်းအတွက် အဆောက်အဦးအသစ်တစ်ခု ရမည်ကို ထားလိုက်လျှင်ပင် စတင်တည်ထောင်မည့် အဖွဲ့အစည်းတစ်ခု၏ ပထမဆုံး အဖွဲ့ဝင်များ ဖြစ်ရမည်ဆိုသည်ကပင် ကျိုးကျုံးချိုးကို ငြင်းလိုက်ဖို့ တွန့်ဆုတ်စေသည်။ 

သူမသည် ကျန်းလော့၏ ဘေးတွင်ထိုင်နေပြီး လုံးဝသည်းမခံနိုင်တော့စွာ မေးလိုက်သည်။ 

“ကျန်းလော့ နင်လည်း ထျန်းရှိဖူက တပည့်ဆိုတော့ဟာ နင်ဘယ်လိုထင်လဲ” 

ကျန်းလော့သည် မျက်လွှာချလိုက်ပြီး 

“ငါ ထျန်းရှိဖူက ထွက်မယ်” 

ထိုစကားများကြောင့် အားလုံးသည် ကျန်းလော့ကို ထိတ်လန့်စွာ ကြည့်လိုက်ကြသည်။ ကျိုးကျုံးချိုးသည်ပင် မူးမေ့မတတ်ဖြစ်သွားကာ စက္ကန့်အနည်းငယ်ကြာအောင် တည်ငြိမ်အောင် ကြိုးစားပြီး မေးလိုက်သည်။ 

“ဘာလို့လဲ” 

အဘယ့်ကြောင့်ဆိုသော် သူနှင့်ဖုန်းလီတို့သည် စရိုက်မတူကြဘဲ ဆက်သွားလို့ မဖြစ်နိုင်သော ဆက်ဆံရေးကြောင့် ဖြစ်သည်။ ကျန်းလော့သည် ဖုန်းလီ၏ အရာရာ ထိန်းချုပ်လွှမ်းမိုးလိုသော ဗီဇကို လုံးဝမနှစ်သက်ကာ ဖုန်းလီနှင့် ပထမဆုံးအကြိမ် တွေ့ဆုံကတည်းကပင် ဖုန်းလီကို သဘောမကျခဲ့ပေ။ 

သို့သော် ဖုန်းလီသည် သူ့ကို အလွန်ကောင်းပေးပြီး ဤအတိုင်းသာ ဆက်၍ အလိုလိုက် သင်ကြားပေးနေပါလျှင် တပည့်တစ်ယောက်အနေနှင့် ကျန်းလော့သည် ထျန်းရှိဖူတွင် ဆက်၍ နေချင်ဦးမှာ ဖြစ်သည်။ သို့သော် တောင်ပေါ်တွင် ဖုန်းလီ သူ့ကို ကြည့်နေသည့် အကြည့်သည် ကျန်းလော့ကို စက်ဆုပ်ရွံရှာစေပြီး နှလုံးသားထဲမှ လှိုက်၍ပင် အန်ချင်လာစေသည်။ 

အကယ်၍ ဖုန်းလီက သူ့အပေါ်တွင် ဆရာတစ်ယောက်လို မဆက်ဆံနိုင်တော့ဘူး ဆိုလျှင် ကျန်းလော့ကလည်း တပည့်တစ်ယောက်အဖြစ် ဖုန်းလီကို ဆက်၍ မရိုသေနိုင်တော့ပေ။ 

သူသည် ထျန်းရှိဖူနှင့် ရေစက်ဖျက်ဖို့ စဉ်းစားပြီးဖြစ်ကာ ပြည်နယ်ဘက်မှ အချိန်ကိုက် နေရာကောင်းတစ်ခုပေး၍ ကမ်းလှမ်းလာရာ သူ့အနေဖြင့် ဝမ်းမြောက်ဝမ်းသာ လက်ခံဖို့ ဆန္ဒရှိပေသည်။ 

######