Ch 157
Viewers 8k

အပိုင်း (၁၅၇) 


ကုတင်အောက်မှာ 

ဖုန်းထဲမှ ကျန်းလော့သည် လုယုံရိအခန်းတံခါးကို ခေါက်နေသည့် အသံကို ကြားနေရသည်။ လုယုံရိသည် တံတွေးမျိုချလိုက်ပြီး 

“ကျန်းလော့ ငါဘာလုပ်ရမလဲကွာ ဒါမှမဟုတ် ရဲခေါ်လိုက်ရမလား ........” 

ကျန်းလော့သည်ပင် အကူအညီတောင်းရန် ရဲခေါ်ဖို့ မစဉ်းစားမိပေ ထို့ကြောင့် သူသည် လုယုံရိကို အားပေးလိုက်သည်။ 

“ခေါ်ကြည့်လိုက်” 

လုယုံရိသည် ဗီဒီယိုကောလ်ကို ပိတ်လိုက်ပြီဂ နောက်ထပ် ဖုန်းခေါ်လိုက်သည်။ ထို့နောက် မကြာခင်တွင် ကျန်းလော့ဆီသို့ စိတ်ပျက်နေသော မျက်နှာဖြင့် ဖုန်းပြန်ဝင်လာသည်။ 

“ကျန်းလော့ ရဲစခန်းက ဖုန်းမကိုင်ဘူး” 

ကျန်းလော့သည် မျှော်လင့်ထားပြီး ဖြစ်သောကြောင့် 

“အိမ်ထဲမှာ မင်းကိုယ်မင်း ကာကွယ်နိုင်မဲ့ ပစ္စည်းတစ်ခုခု မရှိဘူးလား” 

လုယုံရိသည် အခန်းထဲသို့ အမြန်လျှောက်ပတ်ကြည့်သော်လည်း ဤ့ဟိုတယ် သေးသေးလေးတွင် သူ့ကိုသူ ကာကွယ်နိုင်မည့်ပစ္စည်း တစ်ခုလေးမှ ရှိမနေပေ။ လက်နက်လို့ ခေါ်လို့ရမည့်အရာဆိုလို့ ရေဆိုးမြောင်းထဲမှ ဆံပင်များကို နှိုက်ထုတ်ရာတွင် သုံးခဲ့သော ရှပ်အင်္ကျီတစ်ထည်ပဲ ရှိသည်။ 

လုယုံရိသည် သန့်စင်ခန်းဘက်သို့ လေးလံသော ခြေလှမ်းများဖြင့် ပြန်လျှောက်သွားပြီး ထိုအဝတ်ကို ကောက်ယူလိုက်ကာ ကျန်းလော့ကို တစ်ခုခု ပြောမည်အလုပ် သူ့အကြည့်သည် ရေဆိုးပိုက်ထဲတွင် တတွန့်တွန့် လှုပ်ရှားနေသည့် တစ်စုံတစ်ရာစီသို့ ရောက်သွားသည်။ ကြောက်လန့်ပြီး စပ်စုလိုစိတ်ကြောင့် ရှေ့တိုးသွားပြီး လေအေးတစ်ချက် မှုတ်ထုတ်လိုက်သည်။ 

အပေါ်ထပ်မှ အောက်သို့ ဆေးချခံလိုက်ရသော လူသားစင်းကောများသည် စတင်ပြီးတွန့်လိမ်လှုပ်ရှားလာပြီး ရေဆိုးမြောင်းထဲမှ တွားထွက်လာနေသည်။ လုယုံရိသည် အော်ဟစ်လိုက်ပြီး ရေချိုးခန်းထဲမှ ခြေလှမ်းနှစ်လှမ်းထဲဖြင့် ပျံထွက်လာသလို ထွက်ချလာကာ တံခါးကို ကြမ်းတမ်းစွာ ပိတ်ပစ်လိုက်ပြီး မျက်ရည်ပေါက်ကြီးငယ်ကျအောင် ငိုကြွေးနေတော့သည်။ 

“ကျန်းလော့ မင်း မြင်လိုက်လား” 

“မြင်လိုက်တယ်” 

ကျန်းလော့၏ မျက်နှာတွင် ခံစားချက်တို့ရောထွေးနေကာ လုယုံရိအတွက် ဝမ်းနည်းပေးရမှာလား ပျော်ရမည်လားမသိတော့ပေ။ 

“မင်းအိပ်ရာဘေးစားပွဲပေါ်က စာက ကြည့်ရတာ မင်းသာ ရေဆိုးပိုက်ကို မပိတ်ရင် ရေဆိုးပိုက်ထဲက အလောင်းက သရဲဖြစ်သွားမယ်လို့် ပြောချင်တာထင်တယ်” 

“ဂါး…” 

လုယုံရိသည် စိတ်ညစ်စွာ အော်ပစ်လိုက်သည်။ 

“ရှေ့နောက် နှစ်ဖက်ညှပ်ပြီး တိုက်နေတာ” 

“မင်းကမှ ကံကောင်းပါသေးတယ်ကွာ” 

ကျန်းလော့သည် သူ့အခန်းထဲသို့ ကင်မရာကို လှည့်ပတ်ပြလိုက်ကာ 

“ငါ့အခန်းမှာဆိုရင် တစ်ကောင်က တံခါးအပြင်မှာ တစ်ကောင်က ကုတင်အောက်မှာ ရေချိုးခန်းထဲမှာ တစ်ကောင်ရှိသေးတယ်” 

လုယုံရိသည် ရုတ်ချည်း အဆင်ပြေသွားသလို မျက်နှာဖြစ်သွားပြီး သူ့မျက်နှာတွင် ကရုဏာသက်ဟန် ပေါ်လာကာ သူ့အခန်းသူ ပြန်ကြည့်ပြီး တော်သေးသည်ဟု ခံစားလိုက်ရသည်။ 

သူစကားပြောနေတုန်း ကျန်းလော့သည် သန့်စင်ခန်းဆီမှ အမည်းရောင် အရိပ်တစ်ခုကို ဖြတ်ခနဲ လှမ်းမြင်လိုက်ရသည်။ 

အမည်းရောင်အရိပ်သည် မြူဆိုင်းနေသော မှန်တံခါးဆီသို့ ဖြည်းဖြည်းချင်း တိုးကပ်လာနေကာ ကျန်းလော့သည် အမည်းရောင်အရိပ်ကို ထင်ထင်ရှားရှား မြင်လိုက်ရသည်။ ၎င်းသည် တံခါးကို အသည်းအသန်ခြစ်နေကာ ခွေးများ ကြောင်များ တံခါးကို လာ၍ ခြစ်နေသလို အသံမျိုး ဆူညံစွာ ထွက်လာသည်။ ၎င်းသည် မှန်ထဲမှ ထွက်လာသော သရဲသာဖြစ်ပြီး ရေချိုးခန်းထဲမှ ထွက်လာချင်နေသည်။ 

တစ်ချိန်ထဲမှာပင် တံခါးအပြင်ဘက်မှ လည်ရှည်သရဲသည် တစ်ခုခုကို အာရုံခံမိပုံရကာ တံခါးကို အတင်းတွန်းဖြတ်ပြီး ဝင်လာရန် တံခါးကို အားပြင်းပြင်းဖြင့် ဝင်တိုက်နေပုံရကာ တစ်ခန်းလုံးသည် တသိမ့်သိမ့် တုန်လာသည်။ ကျန်းလော့၏ ဖုန်းသည် အကြိမ်ပေါင်းများစွာ တုန်ခါလာကာ 

[တံခါးဖွင့်]

[တံခါးဖွင့်] 

...... 

ဆယ်မိနစ်ကြာပြီးနောက် အားလုံး ငြိမ်ကျသွားသည်။ တံခါးအပြင်မှ ရုတ်တရက် စောနကနှင့် မတူသော တံခါးခေါက်သံကြားလိုက်ပြီး လူတစ်ယောက်အသံကို ကြားလိုက်ရသည်။ 

“ကျန်းလော့ ကိုယ်ပြန်လာပြီ” 

ထိုသူသည် အိပ်မက်ထဲမှ သူ့ခင်ပွန်း ဖြစ်မည်။ ကျန်းလော့သည် သက်ပြင်းချလိုက်ပြီး သူ့နဖူးတွင် ချွေးများရွှဲလာသည်၊ သူသည် နဖူးမှ ချွေးများကို သုတ်၍ ဆံပင်သပ်လိုက်ကာ ပုံမှန်မဟုတ်တာ ဘာမှ ဖြစ်မထားသလို တံခါးဆီသို့ လျှောက်သွားလိုက်ပြီး သော့ဖွင့်လိုက်သည်။ တံခါးမဖွင့်ပေးခင် ချောင်းကြည့်ပေါက်မှ ကြည့်လိုက်သော်လည်း အပြင်ဘက်မှ လူသည် အရပ်ရှည်နေသောကြောင့် သူ့အင်္ကျီကော်လာကိုသာ မြင်ရသည်။ 

အပြင်ဘက်မှ ခင်ပွန်းသည် ထပ်၍ တံခါးခေါက်ကာ သူ့အသံသည် အနည်းငယ် ကျယ်လောင်လာသည်။ 

“ကျန်းလော့” 

ကျန်းလော့သည် ခဏလောက် တွေဝေနေပြီး နာရီကိုပြန်ကြည့်လိုက်ရာ ခြောက်နာရီထိုးနေပြီဖြစ်သည်။ ထို့ကြောင့် သူသည် ဘာဖြစ်ဖြစ်ဆိုပြီး တံခါးဖွင့်ပေးလိုက်တော့သည်။ 

တံခါးအပြင်မှ လူ၏ မျက်နှာသည် အနည်းငယ် ပင်ပန်းနေပုံပေါ်ကာ ကျန်းလော့လက်ကို ဆွဲ၍ စားပွဲနားထိ လျှောက်သွားသည်။ 

“ဒီည ကိုယ်မင်းအတွက် ယုန်ဦးနှောက်အစပ်ချက် ဝယ်လာတယ် အခု ဗိုက်ဆာနေပြီလား” 

ကျန်းလော့မှ သူ့မျက်နှာကို လုံးဝအကြည့်မလွှဲပဲ စိုက်ကြည့်နေတာကို မြင်သောအခါ ပိုင်ယဲ့ဖုန်းသည် ကျန်းလော့ကို ပြန်ကြည့်၍ သူ့မျက်နှာကို အံ့ဩသလို ထိလိုက်ကာ။

“ဟန်နီ ကိုယ့်မျက်နှာမှာ တစ်ခုခုပေနေလို့လား” 

ကျန်းလော့သည် သူ့ကို နည်းနည်းလောက် ကြာအောင် ငေးကြည့်နေပြီး နှုတ်ခမ်းကို အတင်းဖြစ်ညှစ်၍ ပြုံးလိုက်ကာ 

“မပေပါဘူး ကျွန်တော်က မင်းဒီနေ့ အရမ်းခန့်ညားနေတယ်ထင်လို့” 

ပိုင်ယဲ့ဖုန်းသည် အလွန်ပျော်သွားကာ ပြုံးလိုက်ပြီး ကျန်းလော့လက်ကို ညှစ်လိုက်ကာ 

“ဟန်နီ အချစ်လေး ဒီနေ့ စိတ်ကောင်းဝင်နေတယ်ပေါ့” 

သူသည် ကျန်းလော့နားသို့ တိုးကပ်လာကာ ကျန်းလော့နှုတ်ခမ်းကို စွဲလမ်းနေသလို စိုက်ကြည့်ပြီး 

“ဒါဆို ကိုယ့်ကို ဒီနေ့ တစ်ကြိမ်လောက် ပေးမလား” 

ကျန်းလော့သည် သူ့ရှေ့မှကောင်ကို တစ်ချက်လောက် ပိတ်ထိုးပစ်ချင်စိတ်ကို မနည်းဖိနှိပ်ထားရပြီး အကြောင်းအရာ ပြောင်းပြောလိုက်သည်။ 

“ကျွန်တော် ဗိုက်ဆာနေပြီ” 

ထိုစကားကို ကြားပြီး ပိုင်ယဲ့ဖုန်းသည် စားပွဲနားတွင် အလျင်စလို အလုပ်လုပ်ဖို့ သွားတော့သည်။ ကျန်းလော့သည် သူ့နောက်ကျောကို သည်းသည်းမည်းမည်း စိုက်ကြည့်ပြီး ပိုင်ယဲ့ဖုန်းကို မြင်သောအခါ ချီယုံ့ကို တွေးမိသွားသည်။ တကယ့် အစစ်အမှန်လောကတွင် ပိုင်ယဲ့ဖုန်းသည် ချီယုံ၏ ရုပ်သေးရုပ်ဖြစ်သည်။ 

‘အိပ်မက်ထဲမှာရော တူတူပဲလား’ 

သို့သော် ပိုင်ယဲ့ဖုန်း၏ စိတ်သဘောထားသည် အလွန်သာမန်ကျနေပြီး ချီယုံမဖြစ်နိုင်တာ သေချာနေသည်။ သို့သော် ယခုအချိန်သည် ထိုအကြောင်းကို သက်သေပြရမည့် အချိန် ဟုတ်မနေပေ။ ကျန်းလော့သည် ဖုန်းကို ထုတ်ကြည့်လိုက်ရာ သရဲများမသောင်းကျန်းခင် ဆယ်မိနစ်အလိုက သူနှင့် လုယုံရိတို့၏ ဗီဒီယိုကောလ်ကို ဆယ်မိနစ်စာ ဖြတ်၍ သူ့ဆီသို့ ပို့ထားခြင်းဖြစ်သည်။ 

လုယုံရိတစ်ယောက် သူ့အခန်းတွင် သရဲနှင့် တစ်ယောက်ထဲ ရင်ဆိုင်နေရမှာကို ကျန်းလော့ စိတ်ပူမိသည်။ ထို့အပြင် သူ့ကြောင့် အာရုံပျက်သွားမှာ စိုး၍ ဖုန်းထပ်ခေါ်ပြီး မနှောင့်ယှက်ရဲပေ။ ထို့ကြောင့် သူသည် ဒီတိုင်း မက်ဆေ့ချ် တစ်စောင်သာ ပို့လိုက်သည်။ 

[မင်းဘက်မှာ ဘယ်လိုလဲ]

ဆယ်မိနစ်ကြာသော အခါ လုယုံရိသည် သူ့ကို ပြန်ပို့လာသည်။ 

[ဟိုလင်မယား ပုဆိန်တွေနဲ့ အခန်းထဲဝင်လာတော့ ငါဗီရိုထဲ ဝင်ပုန်းနေလိုက်တာ ငါမပုန်းခင် ရေချိုးခန်းတံခါးဖွင့်ပစ်ခဲ့တယ် အခု အဲဒီသရဲနဲ့ လူသတ်သမားနှစ်ကောင် သတ်နေကြပြီ 

နောက်တစ်စက္ကန့်တွင် မက်ဆေ့ချ်ဆက်ပို့လာပြန်သည်။ 

[ချီး သရဲက ဟို ယောက်ျားကို သတ်ပစ်လိုက်ပြီကွ]

[မိန်းမလည်း သေပြီ]

လုယုံရိသည် ကြောက်လွန်းလို့ တုန်လာသည်။ 

[ကျန်းလော့ ငါတော့ ပြီးသွားပြီ သေမဲ့ နောက်တစ်ယောက်က ငါဖြစ်လောက်တယ်] 

ကျန်းလော့သည် စာပြန်ပို့ပေးမလို့ ရှိသေးသည် နောက်ထပ် မက်ဆေ့ချ် နှစ်စောင်လောက် ဆက်ရောက်လာသည်။

[ကျန်းလော့ ရေး..]

[အဲ့သရဲမက ငါ့ကို မြင်နေတယ် ထင်တယ်ကွာ.....] 

ကျန်းလော့၏ လက်ချောင်းများသည် ရုတ်တရက် တောင့်တင်းသွားပြီး သူသည် အပေါ်သို့ မော့ကြည့်လိုက်ရာ သူ့ဖုန်းကို မည်မျှကြာအောင် ငုံ့ကြည့်နေသည် မသိသော ပိုင်ယဲ့ဖုန်းကို တွေ့လိုက်ရသည်။ သူ့နှလုံးသားသည် အပြင်သို့ ခုန်ထွက်လာတော့မလို တအားတုန်လှုပ်သွားသော်လည်း ကျန်းလော့သည် သူ့မျက်နှာကို အတတ်နိုင်ဆုံး ခပ်တည်တည် ဖြစ်နေအောင် ကြိုးစားပြီးပြောလိုက်သည်။ 

“ဘာမှားနေလို့လဲ” 

ပိုင်ယဲ့ဖုန်းသည် လာကိုမှ သတိမထားမိပုံဖြင့် ကြင်နာစွာပြောလိုက်သည်။ 

“ဟန်နီ အားလုံး ကိုယ့်အမှားပါကွာ မင်းကို ဒီလို ဖုန်းစုတ်မျိုး သုံးပြီး အပျင်းဖြေနေရစေတယ်လို့ကွာ ကိုယ်အနာဂတ်မှာ ပိုက်ဆံတွေ အများကြီးရှိလာရင် ကိုယ်မင်းကို သေချာပေါက် ဖုန်းအသစ်တစ်လုံး ဝယ်ပေးမှာ” 

ကျန်းလော့သည် အနည်းငယ်အလျင်လိုနေပြီး ထရပ်လိုက်ကာ 

“နောက်မှ ပြောကြတာပေါ့ အခု အပြင်ခဏသွားလိုက်ဦးမယ်” 

ပိုင်ယဲ့ဖုန်းသည် အံ့ဩစွာပြောလိုက်သည်။ 

“ဟန်နီ အပြင်သွားပြီး ဘာသွားရှာမလို့လဲ မကြာခင်ပဲ မှောင်လာတော့မှာ အပြင်မှာ အရမ်းအန္တာရာယ်များတယ်လေ” 

ကျန်းလော့သည် တံခါးဆီသို့ရောက်နေပြီ ဖြစ်ပြီး တံခါးဖွင့်တော့မည့် အချိန်တွင် သူ့ဖုန်းက ထပ်ပြီး တုန်ခါလာပြန်သည်။ 

[ငါကြောက်လို့သေတော့မယ် ကျန်းလော့ရေ သေးတောင်ထွက်သွားမိတော့မလို့ တော်သေးတယ် သရဲက ငါ့ကို တစ်ချက်ပဲကြည့်ပြီး အပြင်ထွက်သွားတယ် ငါ့အသက်လေး လုံခြုံသွားပြီကွ]

ကျန်းလော့သည် မထိန်းနိုင်လောက်အောင် ပျော်ရွှင်ပေါ့ပါးသွားပြီး သက်ပြင်းချလိုက်ကာ တံခါးလက်ကိုင်ကို ဆုပ်ထားသည့် လက်ကို ဖြည်ချလိုက်သည်။ ထို့နောက် စားပွဲနားသို့ ပြန်သွား၍ ပြုံးလိုက်ကာ 

“ကောင်းပြီလေ မင်းက မသွားနဲ့ဆိုမှတော့ မသွားတော့ပါဘူး မင်းပြောတာ နားထောင်မယ်” 

ပိုင်ယဲ့ဖုန်း၏ မျက်နှာသည် ချက်ချင်းပြုံးအီသွားပြီး ကျန်းလော့ကို ချစ်ခင်စွာ ကြည့်ကာ 

“ဇနီးလေးက အရမ်းက ချစ်ဖို့ကောင်းတာပဲ” 

ကျန်းလော့၏ မျက်နှာအမူအယာသည် ဖြတ်ခနဲ တွန့်လိမ်သွားပြီး ဒီလူကို ချီယုံလို့ ထင်လာပြန်သည်။ တကယ်သာ ချီယုံဆိုပါက မကောင်းဆိုးဝါး၏ သရုပ်ဆောင်စကေးသည် အလွန်တိုးတက်ပေသည်။ သို့သော် ပိုင်ယဲ့ဖုန်း၏ သူ့ဖုန်းဆော့နေသည်ကို ကြည့်၍ မှတ်ချက်ပေးမှုသည် သူ့ကို သတိထားသွားစေသည်။ သူနှင့် ပိုင်ယဲ့ဖုန်းတို့သည် ခိုးပြေးလာသော စုံတွဲဖြစ်ကာ နှစ်ယောက်စလုံး ယောက်ျားသားတွေပဲ ဖြစ်သည်။ 

‘ဒါဆိုဘာလို့ ပိုင်ယဲ့ဖုန်းတစ်ယောက်ပဲ အလုပ်ထွက်လုပ်ပြီး ငါက ဟိုတယ်မှာ ဘာမှမလုပ်ပဲ နေခဲ့ရတာလဲ’ 

ကျန်းလော့က စမ်းကြည့်လိုက်သည်။ 

“ယဲ့ဖုန်း မင်းတစ်ယောက်ပဲ အပြင်မှာ ထွက်အလုပ်လုပ်တာ အရမ်း ခက်မှာပဲ ဒါမှမဟုတ် ကျွန်တော်လည်း မင်းနဲ့အလုပ်လိုက်လုပ်မယ်လေ” 

ပိုင်ယဲ့ဖုန်းသည် မျက်နှာပျက်သွားကာ တွေးပင်မတွေးကြည့်ပဲ ခေါင်းယမ်းလိုက်သည်။ 

“မရဘူး အပြင်မှာ အရမ်းအန္တာရာယ်များတယ် မင်းအပြင်ထွက်လို့မဖြစ်ဘူး ဒီတိုင်း ဒီမှာပဲ ကိုယ့်ကိုစောင့်နော် ကိုယ်ပိုက်ဆံများများရလာရင် တစ်နိုင်ငံလုံးမှာ အလုံခြုံဆုံးနေရာဖြစ်တဲ့ မြို့တော်ကို ပြောင်းကြမယ်” 

ကျန်းလော့သည် သူ့စကားကိုဖိ၍ 

“ဒါပေမဲ့ အပြင်မှာ အရမ်းအန္တာရာယ်များတယ်လေ ငါလဲ မင်းကို စိတ်ပူတယ် မင်းဒီနေ့ရော အန္တာရာယ်များတာ တစ်ခုခုနဲ့ ရင်ဆိုင်ခဲ့ရသေးလား” 

ပိုင်ယဲ့ဖုန်းသည် ယုန်ဦးနှောက်အစပ်ချက်ကို ပန်းကန်ထဲလှယ်နေရင်း သက်ပြင်းချလိုက်သည်။ ထို့နောက် အရံဟင်းများကိုလည်း ပန်းကန်ထဲထည့်ကာ အနီရောင် ဦးနှောက်တုံးများကို တူနှင့် ယူလိုက်ပြီး ပြောသည်။ 

“ကိုယ် အဲ့လိုမျိုး ရင်မဆိုင်ခဲ့ရပါဘူးကွာ ဒါပေမဲ့ ကိုယ့်လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကတော့ သန့်စင်ခန်းထဲမှာ ဆုံးသွားတယ် သူ့ခေါင်းက အိမ်သာထဲမှာ နှစ်နေပြီး ခေါင်းနောက်မှာ အပေါက်ကြီး ဖြစ်နေတာကွာ ဦးနှောက်တွေဆိုတာ နေရာအနှံ့ ပျံ့ကျဲနေတာ ကိုယ်တို့ သူဌေးက သန့်စင်ခန်းကို စည်းချလိုက်တာ သူဌေးကတော့ အဲ့လို စည်းချလိုက်ရင် သရဲဖြစ်မလာလောက်ပါဘူးဆိုပြီး ပြောနေတာပဲ” 

ကျန်းလော့သည် ပိုင်ယဲ့ဖုန်းက သူ့လုပ်ဖော်ကိုင်ဖက် သေဆုံးသွားတာကို တည်ငြိမ်စွာ ပြောဆိုနေတာကို တွေ့လိုက်သည်။ 

‘ဒါဆို အိပ်မက်ကမ္ဘာထဲမှာ သရဲတွေနဲ့ လူသေတာတွေက ဖြစ်နေကျ ကိစ္စတွေလား’ 

“ရှင်မ” 

ပိုင်ယဲ့ဖုန်းသည် ယုန်ဦးနှောက်ချက်ကို တူနှင့်ယူ၍ သူ့ကိုလှမ်းပေးကာ 

“ဇနီးလေး အရင်စား” 

“ကျေးဇူး” 

ကျန်းလော့သည် ပန်းကန်လုံးကို ပေးလိုက်ကာ ပိုင်ယဲ့ဖုန်းသည် ယုန်ဦးနှောက်ကို ထည့်ပေးလိုက်သည်။ ယုန်ဦးနှောက်သည် တော်တော်လေး ရွံစရာကောင်းနေကာ ကျန်းလော့သည် ရှေ့မှပြောခဲ့သော စကားကို ဆက်ရန် ကြိုးစားလိုက်သည်။

“ဒါပေမဲ့ ဒီမှာလဲ မလုံခြုံတော့ဘူး ယဲ့ဖုန်း ဒီနေရာကြီးက ခင်ဗျားမရှိရင် ကျွန်တော့်အတွက် အရမ်းအန္တာရာယ်များတယ်” 

သူသည် ပန်းကန်လုံးကိုချလိုက်ပြီး လှပသော မျက်နှာလေးတွင် ကြောက်ရွံ့မှုများ ပေါ်ထွက်လာကာ အားနည်းသော ပန်းပင်လေးကဲ့သို့ပင် ညှိုးနွမ်းစွာ ပြောလိုက်သည်။ 

“တစ်နေ့မှာ မင်းပြန်လာလို့ ငါ့အလောင်းပဲ တွေ့လိုက်ရမယ်ဆိုရင်ရော” 

ပိုင်ယဲ့ဖုန်း၏ စိတ်ခံစားချက်တို့သည် မီးတောက်လာသလို ပေါက်ကွဲထွက်လာပြီး 

“ဟန်နီ့ အဲ့လိုတွေ မပြောစမ်းနဲ့” 

သူသည် ထရပ်လိုက်ပြီး စားပွဲပတ်လည်ကို လမ်းလျှောက်နေကာ လက်များသည် အလွန်စိတ်သောကရောက်စွာ တုန်ယင်နေသည်။ 

“ဒီဟိုတယ်ကတောင် မလုံခြုံတော့ဘူးလား မဖြစ်ဘူး ဇနီးလေး ကိုယ်တို့ မနက်ဖြန် ဟော်တယ်အသစ်ရှာပြီး ပြောင်းကြမယ်” 

“ဒါပေမဲ့ ပိုက်ဆံ...” 

ကျန်းလော့သည် တမင်တကာ ပြောလိုက်သည်။ 

ပိုင်ယဲ့ဖုန်းက ပြောသည်။ 

“ပိုက်ဆံက ပြဿနာမဟုတ်ဘူးလေကွာ ဒီနယ်မြေထဲမှာ သရဲတွေ ပိုပိုများလာနေပြီး ဒီနေရာက မကြာခင်လောက်ဆို အန္တာရာယ်ဇုန်အဖြစ် သတ်မှတ်ကြတော့မှာ ကိုယ်တို့ မြို့လယ်ခေါင်ကို ပြောင်းဖို့လိုတယ် မြို့ယ်မှာ လူတွေရှိနေလေ သရဲတွေ နည်းလေပဲ နေထိုင်စားရိတ်ကြီးတယ် ဆိုရင်တောင် ပြောင်းမှဖြစ်မယ်” 

တစ္ဆေကုန်းမြေလား။

ကျန်းလော့သည် ထိုစကားလုံးကို မှတ်ထားလိုက်သည်။ 

စားသောက်ပြီးကြပီဲးနောက် ပိုင်ယဲ့ဖုန်းသည် ရေချိုးခန်းထဲသို့ ဝင်သွားသည်။ ကျန်းလော့သည် သူ့ဖုန်းကိုယူကြည့်ပြီး သူ့ကိုယ်ပိုင်ဖုန်းကို ပြန်ကြည့်လိုက်သည်။ သူ့ဖုန်းထဲတွင် ဘာမှ မရှိသော်လည်း ပိုင်ယဲ့ဖုန်း၏ ဖုန်းကတော့ သာမန်ဖုန်း တစ်လုံးဖြစ်နေသည်။ 

ပိုင်ယဲ့ဖုန်း၏ အိတ်ထဲတွင် ဖုန်းအပြင် သတင်းစာတစ်စောင်ကိုပါ တွေ့ရသည်။ သူသည် သတင်းစာကို ထုတ်ကြည့်လိုက်သည်။ ခေါင်းစီးပိုင်းတွင် “လျန်ဟူခရိုင်ကို တစ်ဆယ့်သုံးခုမြောက် တစ္ဆေစီရင်စုအဖြစ် သတ်မှတ်” သို့မဟုတ် “သေချာပေါက် သယ်ယူသွားရမယ် တစ္ဆေတွေလက်က မင်းအသက်ကို ကယ်နိုင်မဲ့ နည်းလမ်း တစ်ရာ့တစ်သွယ်” 

သူ့မှတ်ဉာဏ်ထဲကအတိုင်းဆိုရင် ဤစီရင်စုသည် အစစ်အမှန်လောကတွင် ပိုင်ဟွားတက္ကသိုလ် တည်ရှိရာ စီရင်စုဖြစ်သည်။ ကျန်းလော့သည် သတင်းစာကို မြန်မြန် အပေါ်ယံလောက်သာ ဖတ်၍ ပိုင်ယဲ့ဖုန်း၏ ဖုန်းကို ထုတ်ကြည့်လိုက်ကာ “အမဲလိုက်နယ်မြေ” ၊ “အန္တာရာယ်ဇုံ” ၊ “သရဲများ” ၊ “မြို့တော်များ” ၊ “လုံခြုံမှု” စသည်တို့ကို ရိုက်ရှာလိုက်သည်။ သူပြီးအောင် ဖတ်ပြီးနောက် ကျန်းလော့သည် မျက်နှာသေဖြင့် ဟုမ်းပေ့ချ်သို့ ပြန်ဝင်လိုက်ပြီး ယခုလက်ရှိ အချိန်ကို သွားကြည့်လိုက်သည်။ 

[စက်တင်ဘာလ ၁၀ရက် ၂၀၂x] 

‘ဒီအချိန်က အစစ်အမှန်ထက်ကို ငါးနှစ်ကျော်နေပါလား’ 

လွန်ခဲ့သော ငါးနှစ်က တစ္ဆေသရဲများသည် ကမ္ဘာအနှံ့အပြားတွင် စတင်ပြီး ပေါ်ပေါက်လာခဲ့သည်။ အထူးသဖြင့် ဤနိုင်ငံတွင် အလွန်စွမ်းအားကြီးမားသော ဒဏ္ဍာရီလာ သရဲများနှင့် မိစ္ဆာများသည် ပေါ်ထွက်လာပြီး မကောင်းဆိုးဝါးဝိညာဉ်များသည် လိုတာထက်ပို၍ စွမ်းအားကြီးလာကြသည်။ သို့သော် မည်သူကမှ သူတို့ကို မရှင်းပစ်နိုင်ခဲ့ပေ။ ကမ္ဘာပေါ်တွင် သရဲများနှင့် လူသားများသည် ယှဉ်တွဲနေထိုင်ရသလို ဖြစ်လာပြီး လူသားများသည် အစာပင်ဖြစ်လာကြကာ အသက်ရှင်ရဖို့ ရုန်းကန်လာကြရသည်။ 

ထို့အပြင် သရဲများထက် ဆိုးသော လူသားများသည် တဖြည်းဖြည်း လူစိတ်ပျောက်လာကြပြီး လူအရေခြုံထားသည့် မကောင်းဆိုးဝါးများ ဖြစ်လာကြသည်။ ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေ အကြင်နာကင်းမဲ့လာကာ ရက်စက်လာကြသည်။ 

‘ဒါက ချီယုံ့အကြိုက်ပဲ ဆိုးယုတ်မှုနဲ့ ဒုက္ခရောက်တာတွေ အလှည့်အပြောင်းဖြစ်တာတွေက သူ့အတွက်တော့ ကောင်းကင်ဘုံရောက်နေတယ် ထင်နေလောက်မှာ’ 

တစ်နိုင်ငံလုံးတွင် အလုံခြုံဆုံးနေရာသည် မြို့တော်ဖြစ်သော်လည်း မြို့တော်ကို လုံခြုံနေအောင် စောင့်ရှောက်ရန်ကလည်း အရေးအကြီးဆုံးဖြစ်နေသေးသည်။ သရဲများသည် မြို့တော်တွင်လည်း ရှိကြပြီး နဂါးနန်းတော်ရှိနေသောကြောင့် ၎င်းတို့၏ အရေအတွက် နည်းပါးနေခြင်းဖြစ်သည်။ ငါးနှစ်အတွင်း တစ္ဆေသရဲ နယ်မြေများသည် တစ်နိုင်ငံလုံးတွင် နယ်မြေတစ်ရာကျော် တိုးပွားလာသည်။ နေရာတိုင်းသည် ဆက်တိုက်ဆိုသလို အန္တာရာယ်ဇုံများအဖြစ် ကူးပြောင်းနေပြီး လုံခြုံသော နေရာဟူ၍ မရှိသလောက် နည်းပါးလာသည်။ 

ကျန်းလော့သည် နောက်ထပ် “ထျန်းရှိဖူ” “အိမ်တော်ကြီးခြောက်ခု” “ရွှမ်လင်းအုပ်ချုပ်ရေးရုံး” တို့လို အစစ်အမှန်လောကတွင် တည်ရှိနေသည့် အရာများကို ရှာကြည့်လိုက်သည်။ ထိုအရာများသည် သာမန်လူများ မသိသော အကြောင်းအရာများ ဖြစ်ကြသော်လည်း ယနေ့ခေတ်တွင်တော့ ရှာလို့ရနေသည်။ ထိုသို့ ရှာလို့ရနိုင်သော်လည်း အဖွဲ့အစည်းများနှင့် အိမ်တော်များသည် ပျက်သုန်းပျောက်ကွယ်သွားကြပြီဖြစ်သည်။ 

ရွှမ်ရွှီလောကကြီးသည် ယူကျုံးမရအောင် ပျက်စီးသွားပြီဖြစ်သည်။ မပျက်စီးသေးလျှင်လည်း သရဲတစ္ဆေများက အုပ်ချုပ်နေတာ ဖြစ်နိုင်သည်။ 

“ကလင် ကလင်..”

ကျန်းလော့၏ဖုန်းမြည်လာသည်။ သူ ဖုန်းကိုင်လိုက်သောအခါ လုယုံရိဖြစ်နေပြီး လုယုံရိသည် တိုးတိုးလေး ပြောသည်။ 

“ကျန်းလော့ မင်း ငါ့မက်ဆေ့ချ်တွေ အကြာင်းမပြန်လို့ ဖုန်းခေါ်လိုက်ရတာကွ မင်းဆီမှာများ တစ်ခုခုဖြစ်နေမလာ စိုးရိမ်လို့ကွာ မင်းအဆင်ပြေရဲ့လား” 

“ငါအဆင်ပြေပါတယ်” 

ကျန်းလော့ကပြောသည်။ 

“ဟိုစုံတွဲရော ဘယ်လိုဖြစ်သွားပြီလဲ” 

လုယုံရိသည်ကင်မရာကို ကြမ်းပြင်ဘက်သို့ လှည့်လိုက်ပြီး 

“အဲဒီမှာ သူတို့” 

ကြမ်းပြင်ပေါ်တွင် သက်လတ်ပိုင်း စုံတွဲသည် မိလ္လာရေများထဲတွင် လဲကျနေကာ သူတို့ခန္ဓာကိုယ်များမှ သွေးများထွက်၍ မျက်ဖြူလှန်နေကြသည်။

လုယုံရိသည် မျက်နှာကို ရှုံ့မဲ့လိုက်ပြီး လက်မထောင်ပြလိုက်ကာ 

“မိုက်တယ်”

ရေချိုးခန်းထဲမှ ပိုင်ယဲ့ဖုန်းသည် ရုတ်တရက်အော်ပြောလာသည်။ 

“ဇနီးလေး ကိုယ့်ကို သဘက်လေး ယူပေးပါဦး” 

ကျန်းလော့လက်သည် တုန်သွားပြီး ဖုန်းက ကြမ်းပြင်ပေါ်သို့ ကျသွားသည်။ သူ့မျက်ခုံးသည် စိတ်ရှုပ်စွာ တွန့်ကွေးသွားကာ အောက်ငုံ့၍ ဖုန်းပြန်ကောက်လိုက်ပြီး ပိုင်ယဲ့ဖုန်းကို သဘက်သွားပေးလိုက်သည်။ ပိုင်ယဲ့ဖုန်းသည် ရေချိုးခန်းထဲမှ လက်ထုတ်ပြီး သဘက်ကို လှမ်းယူသည် ။ ထို့နောက် ပြုံး၍ 

“ကျေးဇူးနော် ဇနီးလေး” 

ကျန်းလော့၏ မျက်နှာသည် တကယ့်ကို မျက်နှာသေကြီးဖြစ်နေသည်။ ကျန်းလော့ စားပွဲဆီသို့ ပြန်လာသောအခါ ဖုန်းထဲမှ လုယုံရိ၏ မျက်နှာထားသည် အလွန်ထူးဆန်းနေသည်။ လုယုံရိသည် ပါးစပ်ကို လက်နှင့် အုပ်ထားပြီး လူ့မျက်လုံးများသည် ထိတ်လန့်မှုကြောင့် ပြူးကျယ်နေသည်။ 

ကျန်းလော့သည် တစ်ခုခုမှားနေသလို ခံစားလိုက်ရသောကြောင့် မေးလိုက်သည်။ 

“ဘာမှားနေလို့လဲ” 

“ကျန်းလော့” 

လုယုံရိ၏ အသံသည် တိုးတိတ်နေပြီး တုန်ယင်နေကာ 

“မင်းကုတင်အောက်က အလောင်းကလေ ရှန်ဟိုင်းတက္ကသိုလ်က ပိုင်ယဲ့ဖုန်းရဲ့ အလောင်းကြီးကွ” 

######