အပိုင်း (၁၅၀)
နာရီဝက်ကြာတိုက်ခိုက်ခြင်း
‘ပူးပေါင်းမှုလား’
.........
‘ဟမ့်’
ကျန်းလော့သည် ကျိန်ဆဲသည့် စကားလုံးများကို ပြောမထွက်မိခင် ပြန်မျိုချလိုက်သည်။ ထို့နောက် အမူအယာမဲ့စွာ ပြောလိုက်သည်။
“ဟုတ်တယ် ပူးပေါင်းဖို့ ပြောထားတာ”
ချီယုံသည် ပြုံးထေ့ထေ့ဖြင့် ပြောသည်။
“အင်း ဆက်ပြော”
ကျန်းလော့က ပြောသည်။
“မင်းရှာနေတဲ့လူက ကံကြမ္မာယုံသူ ဟုတ်တယ်မလား”
ချီယုံ့မျက်ခုံးများ မြင့်တက်သွားသည်။
“ဒါပေမဲ့ မင်းသူ့ကို အခု မတိုက်ခိုက်ချင်သေးဘူး ”
ကျန်းလော့သည် လက်ပိုက်လိုက်ပြီး မျက်လုံးများကတော့ ချီယုံ့ကို စေ့စေ့စပ်စပ်ကြည့်နေကာ
“သူက မင်းမိသားစုရဲ့ ဘိုးဘေးကို ပင်မသွေးစက်အတွက် တစ္ဆေဆေးမှင်ကြောင်ပေးခဲ့တဲ့သူ ဟုတ်တယ်မို့လား”
“အိုး မင်းလေးက ကိုယ်တို့ပြောနေတာကို ခိုးနားထောင်ထားတာပေါ့”
ချီယုံသည် ကျန်းလော့စကားကို ကြားသည်နှင့် ချက်ချင်းသဘောပေါက်သွားသည်။
“မင်းရဲ့ဟိုကြွက်နဲ့လား စောစောက ကောဝူချန်ကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာ မထူးဆန်းတော့ပါဘူးကွာ”
ကျန်းလော့သည် သူ့ကို အာရုံလာလွှဲနေသော စကားများကို လျစ်လျူရှုထားလိုက်ပြီး ဆက်ပြောသည်။
“မင်းရဲ့ရည်မှန်းချက်က ကံကြမ္မာယုံသူကို သတ်ဖို့ ပြီးတော့လဲ တိုက်တိုက်ဆိုင်ဆိုင် ငါလည်း သူ့ကို တော်တော် သဘောမကျနေဘူး ဒီတော့ ငါတို့မှာ တူညီတဲ့ပန်းတိုင်ရှိတယ် ဆိုတော့ ငါတို့ မသင့်မြတ်တာကို ခဏဘေးဖယ်ထားပြီး ကံကြမ္မာယုံသူကို အရင်ရှင်းပစ်ကြရအောင်လေ”
ချီယုံသည် မျက်လုံးကို မှေးကျဉ်းလိုက်ပြီး
“မင်းအသတ်ချင်ဆုံးလူက ကံကြမ္မာယုံသူလား ကိုယ်လား”
‘ဒီအကောင်က ဘယ်ကနေ ဒီလိုရူးကြောင်ကြောင်မေးခွန်းတွေ ထွက်လာတာလဲဟ သူဘာဖြစ်ချင်နေတာတုန်း’
ထို့နောက် ချီယုံ့ကို အထင်သေးစွာ ကြည့်လိုက်ပြီး
“ကံကြမ္မာယုံသူက မင်းထက်နည်းနည်းပို သဘောကျဖို့ကောင်းတယ်”
‘အိုက်ယိုး.. အသဲကွဲသွားပြီကွာ’
ချီယုံ့၏ အမူအယာမဲ့မှုသည် ကျေနပ်စွာ စိတ်လှုပ်ရှားနေသော မျက်နှာထားသို့ ကူးပြောင်းသွားပြီး
“မင်းက ဒီကိစ္စကို ဘယ်လိုလုပ်ချင်တာလဲ စဉ်းစားထားတာရှိလား”
ကျန်းလော့သည် မျက်လုံးလန်လိုက်ပြီး
“အဲ့အကြောင်း ခဏလောက်ထားဦး မင်းဘာလို့ ကံကြမ္မာယုံသူကို တိုက်ခိုက်ဖို့ အချိန်မရောက်သေးဘူးလို့ ဘာလို့ပြောခဲ့တာလဲ”
မကောင်းဆိုးဝါးသည် ဘာမှပြန်မဖြေပေ။ သို့သော် ကျန်းလော့သည် သူ့ဟာသူ တွက်ချက်ပြီး တွေးကြည့်ပြီးနေပြီဖြစ်သည်။
“မင်းသူ့ကို အခုထိ မရိုက်နိုင်သေးလို့လား ဒါမှမဟုတ် အဲ့လူမှာ ဝှက်ဖဲတစ်ခုခု ရှိနေသေးလို့လား”
ဆံပင်အနက်နှင့်ကောင်လေးသည် စောနတုန်းက မကောင်းဆိုးဝါး၏ လက်ထဲက ဘောလုံးလို ဆက်တိုက် အနိုင်ကျင့်ခံခဲ့ရသည်ကို လုံးဝမေ့မေ့ပျောက်ပျောက် ဖြစ်သွားကာ
“ငါလေ ဘယ်တုန်းကမှ ကံကြမ္မာယုံသူလိုလူကို တစ်ခါမှမမြင်ဖူးဘူး သူ့ပုံစံက အသက်အရမ်းငယ်တဲ့ ပုံစံပေမဲ့ သူ့အပြုအမူတွေက လုံးဝငယ်မနေဘူး ဖြစ်နိုင်တာ သူက ထာဝရရှင်သန်နိုင်တာလား ဒါပေမဲ့ လောကကြီးထဲမှ အသက်မကြီးသွားတဲ့သူက ရှိလို့လားဟ”
“သူကလေ လူမဟုတ်ဘဲ တခြားတစ်ခုခုဖြစ်နေတာလား သူ့ပုံစံကတော့ တော်တော် သန်မာတဲ့ပုံစံနော် အိုး မင်းလဲ သေချာပေါက်သန်မာ အားကောင်းပါတယ်”
ကျန်းလော့သည် ချီယုံ့ကို ရှားရှားပါးပါး စစ်မှန်သော အပြုံးပြုံးပြကာ ဆက်ပြောသည်။
“ဒါပေမဲ မင်းဝိညာဉ်က လေးပိုင်းကွဲသွားပြီး ယွမ်ထျန်းကျူး လေးလုံးဖြစ်နေတာလေ မင်းမှာနှစ်လုံး ငါ့မှာ တစ်လုံးရှိတယ် နောက်ဆုံးတစ်လုံးက ဘယ်ရောက်နေမယ်ထင်လဲ”
“ငါကတော့ အဲ့တစ်လုံးက ကံကြမ္မာယုံသူ့ဆီမှာ လို့ပဲ ထင်တယ်”
ကျန်းလော့သည် သူ့ကိုယ်သူမေးလိုက်သည်။
“သူက မှန်လောကရဲ့ နောက်ကွယ်ကလူ ပြီးတော့ ငါ့ကို မင်းရဲ့အစစ်အမှန်ပုံစံကို ပြချင်တာ သူပြောချင်တာ မင်းက ဆိုးယုတ်တဲ့ မကောင်းဆိုးဝါးတွေရဲ့ ဖြစ်တည်မှု အရင်းအမြစ်လို့ ပြောချင်တာ အဲဒါကြောင့် တမင်သက်သက်ကို ဆယ်ကျော်သက်ချီယုံကို ဖန်တီးခဲ့တာဖြစ်မယ် ဒါပေမဲ့ စိတ်ကူးနဲ့ဖန်တီးထားတဲ့ချီယုံက ဘယ်လိုဆိုးနေနေ ငါနဲ့ဘာမှ ဆက်စပ်မနေဘူးဆိုတာ သူသိထားမှာပဲ ဘာလို့လဲဆိုတော့ ငါက အဲဒီချီယုံက မင်းအတုဆိုတာ နားလည်ထားလို့လေ တကယ်လို့ ငါမင်းကို သတ်ချင်လာအောင် တွန်းအားပေးဖို့ဆို မှန်ထဲက ချီယုံကို အစစ်အမှန်နဲ့ တူအောင်လုပ်ဖို့ လိုတယ်လေ စစ်မှန်လွန်းလို့ မှန်ထဲကချီယုံကို တကယ့်အပြင်က မင်းလို့တောင် ထင်သွားခဲ့သေးတယ်”
“ထားပါ သေချာပေါက် ဖြစ်နိုင်တာက မှန်လောကထဲမှာ ငါနဲ့တစ်ပတ် အချိန်ကုန်တဲ့သူက နောက်ဆုံး ယွမ်ထျန်းကျူးထဲက ချီယုံ မင်းရဲ့မှတ်ဉာဏ်တွေပဲ ဖြစ်မယ်”
မကောင်းဆိုးဝါးသည် သူ့ကိုယ်သူ ပွစိပွစိပြောနေသော ကျန်းလော့ကိုကြည့်၍ ကျန်းလော့၏ မျက်လုံးထဲတွင် ကြယ်များ တောက်ပနေသည်ဟု ထင်လာသည်။ ဆံပင်အနက်နှင့်ကောင်လေးသည် နှာမှုတ်၍
“မှန်လောကထဲက ချီယုံက တကယ်ပဲ ယွမ်ထျန်းကျူး နောက်ဆုံးအလုံးသာဆိုရင် သူက မင်းလို့ပဲ ပြောရမှာ ကံကြမ္မာယုံသူကလည်း မင်းရဲ့တုံ့ပြန်မှုကိုတောင် တွက်ချက်ထားနိုင်တယ်ဆိုတော့ သူကသေချာပေါက် မင်းကို ကောင်းကောင်းသိနေလို့ ဖြစ်နိုင်တယ် သူဘယ်သူလဲ မသိပေမဲ့ သူက...”
‘လက်နက်တွေလုပ်နိုင်တယ်..’
ကျန်းလော့သည် ရုတ်တရက် ယင်ယန်လက်ကောက်ကို ထိလိုက်ကာ လက်ကောက်ထိပ်နားမှာ မြင်နေရသော ရွှေရောင်မန္တာန်စာလုံးများကို ပွတ်သပ်ကြည့်၍ မျက်လုံးများ နက်မှောင်သွားသည်။
‘ချီယုံ့ဝိညာဉ်ကို ယွမ်ထျန်းကျူးဖြစ်အောင် ကံကြမ္မာယုံသူ လုပ်လိုက်တာ မဟုတ်လောက်ဘူးမလား’
‘မဟုတ်ဘူး ဒီထက်ပိုတာတွေတောင် လုပ်နိုင်တာ...’
ကျန်းလော့သည် ရုတ်တရက် ချီယုံ့သေခြင်းအကြောင်း တွေးမိသွားသည်။
ချီယုံ့ကို အင်တာနက်စာမျက်နှာတစ်ခုတွင် ရေးထားသော လူတစ်ယောက်ရဲ့ ဝိညာဉ်ကို ခွဲထုတ်လိုက်သည့် နည်းစနစ်တစ်ခုကို တွေ့ခဲ့ပြီး ချီယုံ့ကိုသတ်ရန် လှုံ့ဆော်ခံလိုက်ရသော မူလကိုယ်က မရည်ရွယ်ဘဲ သတ်မိသွားခဲ့သည်။ မူလကိုယ်ကို ထိုအစီအရင်ပေးခဲ့သော နောက်ကွယ်က လက်မည်းကြီးများ ဖြစ်သည့် ချီ(ချီယုံ)မိသားစုနှင့် ချီ(ချီယယ်)မိသားစုတို့သည် ကျန်းလော့ ချီယုံနှင့်အချစ်ဇာတ်လမ်းကို လုပ်ကြံပြောတုန်းက မယုံပါဘဲ ချီယုံ့အတွက် လက်စားချေမည်ပြောကာမှ ရုတ်ရုတ်သည်းသည်း ထဖြစ်ကြတာ မထူးဆန်းတော့ပေ။
ဖြစ်နိုင်သည်မှာ ထိုအစီအရင်ကို သူ့လက်ထဲရောက်အောင် ပို့သူမှာ ကံကြမ္မာယုံသူ ဖြစ်နိုင်သည်။
ကျန်းလော့ မျက်လုံးများသည် နက်ဆွေးသွားသည်။
‘ကံကြမ္မာယုံသူ..’
“ကံကြမ္မာယုံသူ...”
‘ငါ ဒီလောကထဲရောက်လာတာလဲ သူနဲ့မဆိုင်လောက်ပါဘူးနော်’
‘ဒီခန္ဓာကိုယ်ကရော ဘာလို့ ငါ့ဝိညာဉ်နဲ့ တစ်ထပ်ထဲကျနေရတာလဲ’
‘တကယ်လို့ အရာအားလုံးက ကံကြမ္မာယုံသူရဲ့ အစီအမံတွေဆိုရင်...’
ကျန်းလော့သည် မသေချာ မရေရာကာ ပြုံးလိုက်သည်။ ကျန်းလော့သည် သူ့ကို ဒီလောကထဲသို့ဆွဲသွင်းလာ ကံကြမ္မာယုံသူကို ကျေးဇူးတင်မိသည်။ ကျန်းလော့ သဘောအကျဆုံးသော မကောင်းဆိုးဝါး ချီယုံနှင့် တွေ့ဆုံခဲ့ရပြီး အကြောင်းကြောင်းကြောင့် ရန်သူဖြစ်သွားရသည်။ ထို့အပြင် ချစ်စရာကောင်းပြီး ကြင်နာတတ်ကြသော သူငယ်ချင်းများနှင့် တွေ့ခွင့်ပေးခဲ့သည့်သူကို အထူးကျေးဇူးတင်မိပါသည်။
ထိုအရာများအတွက် ကျေးဇူးတင်သော်လဲ ကံကြမ္မာယုံသူ ဖြစ်နေရင်တောင် သူများ၏ အသက်ကို သူသတ်ချင်သလိုသတ်မည်ဆိုပြီး ဝင်ပါချင်တာကိုတော့ တကယ်မနှစ်မြို့ပေ။
ထိုလူသည် သူတို့အားလုံးကို ထိန်းချုပ်ချင်နေပြီး လူတိုင်းသည် မြေပြင်ပေါ်တွင်တွားသွားနေသော ပုရွက်ဆိတ်များကဲ့သို့ ကံကြမ္မာစောင့်ရှောက်သူများ၏ လက်တွင် သက်ဆင်းရမည်ဟု တွေးထားပုံရသည်။
မည်သူကများ ကိုယ့်ကိုသူများက ထိန်းချုပ်နေသည်ကို သဘောကျပါမည်နည်း။
ကျန်းလော့သည် သတိပြန်ဝင်လာကာ
“မင်း သူနဲ့မတိုက်ခိုက်သေးတာက သူ့လက်ထဲက ယွမ်ထျန်းကျူးကြောင့်မို့လို့လား ကံကြမ္မာယုံသူကို လှည့်စားဖို့ ငါမင်းနဲ့ ပူးပေါင်းဖို့လိုတယ် ငါသူ့လျှို့ဝှက်ချက်တွေကို ပြန်ပြောပြမယ်လေ ယွမ်ထျန်းကျူးရော တခြားသတင်းတွေရော မင်းလိုချင်ရင် ပေးမယ်လေကွာ ငါမင်းကို သေချာပေါက် ပြန်ပြောပြပေးမယ်လို့”
ကံကြမ္မာယုံသူသည် ခန့်မှန်းမရသောသူ ဖြစ်သော်လည်း ကျန်းလော့ မလုပ်နိုင်လောက်ဟု လုံးဝကို မတွေးမိပေ။ ထို့အပြင် ပူးပေါင်းချင်သည်ဆိုသည်ကကိုပင် သူလိုချင်သည့်အကွက်ထဲ ရောက်နေပြီဖြစ်သောကြောင့် သူ့မျက်နှာတွင် ကျေနပ်နေသော အပြုံးကြီးဖြင့် သဘောတူစွာ ခေါင်းညိတ်လိုက်သည်။
“မင်းနဲ့အလုပ်လုပ်ရမှာ ဆိုတော့ မင်းကိုယ့်ကို ဘာလုပ်စေချင်လဲ”
ကျန်းလော့သည် ယဉ်ကျေးစွာပြုံးလိုက်ပြီး
“အရင်ဆုံး မင်း ငါ့ကြောင့် မသေမရှင် ဖြစ်သွားဖို့လိုတယ်”
မကောင်းဆိုးဝါး၏ လေးကိုင်းသဏ္ဍာန်အပြုံးသည် တွန့်ခနဲဖြစ်သွားသည်။ သူသည် ဖြည်းဖြည်းချင်း နောက်လှည့်ပေးလိုက်ပြီး သူ့နောက်ကျောဘက်တွင် တဖိတ်ဖိတ်လက်နေသော ရွှေရောင် ဓားမြှောင်သုံးချောင်းသည် သူ့နောက်ကျောကို တည့်တည့် ချိန်ရွယ်ထားသည်။
မျက်တောင်တစ်ခတ်စာအချိန်လေးအတွင်းတွင် ဓားမြှောင်သုံးလက်သည် ဆက်တိုက်ဆိုသလို ချီယုံ့ကိုယ်ကို ထိုးဖြတ်သွားပြီး သွေးများစီးကျလာစေသည်။
ဗီလိန်ကြီးသည် သူ့ခန္ဓာကိုယ်ကို တစ်ချက်ချင်း ဖြတ်နေကြသော ဓားမြှောင်များကို ကြည့်နေပြီး သူ့ဝတ်စုံတစ်ခုလုံးသည် သွေးများဖြင့် စိုရွှဲနေပြီဖြစ်ကာ ကျန်းလော့ဘက်သို့ ပြန်လှည့်လာသည်။
ကျန်းလော့သည် မျက်လုံးများ မှေး၍ လေချွန်ရင်း ချီယုံ့နားသို့ ဖြည်းဖြည်းချင်း လျှောက်လာသည်။ လက်နစ်လုံးလောက်သာ ဝေးသော ချီယုံ့ရှေ့နားတွင်ရပ်၍ ချီယုံ့ရင်ဘတ်အိတ်ကပ်ထဲမှ တစ်စွန်းတစ်စ ထွက်ကျနေသော အဝတ်ဖြူကို ဆွဲထုတ်လိုက်ကာ
“မစ်စတာချီ”
သူ့မျက်နှာသည် အစောပိုင်းတုန်းက အချစ်ခံထားရသောကြောင့် နီရဲနေဆဲဖြစ်သော်လည်း ထိုအကြောင်းကို ပြန်မတွေးမိအောင် သူ့ကိုယ်သူ အကြိမ်ကြိမ်အခါခါ ဆုံးမထားသည်။ သူ့နှုတ်ခမ်းနှစ်လွှာသည် ကွေးတက်နေပြီး သူ့မျက်လုံးများသည် အဆိပ်ပြင်းသော ဆူးချွန်များပစ်လွှတ်နေသလို မကောင်းဆိုးဝါးကို ကြည့်နေသည်၊ သူသည် ခေါင်းမော့၍ ခြေဖျားထောက်ကာ မကောင်းဆိုးဝါး၏ နားနားသို့ကပ်၍ ရယ်မောလိုက်ကာ
“ငါ့ရဲ့အတွင်းခံကို နောက်ထွက်လာမဲ့ သွေးတွေ မပေသွားစေနဲ့”
“ဒီတစ်ကြိမ်တော့ မင်းကို ဒါပေးလိုက်ပါ့မယ်”
သူသည် ပြုံး၍ ပြောလိုက်သည်။
“ဒါပေမဲ့ နောက်တစ်ကြိမ်ကျရင်တော့ ငါမီးရှို့လိုက်တဲ့ အဝတ်တွေကို မင်းယူထားလို့ကတော့ အကုန်လာဖျက်ဆီးပစ်မှာ”
ထိုသို့ပြောပြီးနောက် ကျန်းလော့သည် ချီယုံ့ပုခုံးကို ပုတ်၍ မြူနက်ထဲမှ လျှောက်ထွက်သွားသည်။ သူလမ်းလျှောက်နေရင်း အမိန့်ပေးလိုက်သောကြောင့် ဓားမြှောင်နှစ်ချောင်းသည် ယင်ယန်လက်ကောက်ထဲသို့ မန္တာန်စာလုံးများ အဖြစ်ပြောင်းကာ ဝင်ရောက်သွားသည်။
ကျန်ဓားမြှောင်တစ်ချောင်းသည် မကောင်းဆိုးဝါး၏ လက်မောင်းနားတွင် ပြင်းထန်စွာ ပေါက်ကွဲသွားပြီး မကောင်းဆိုးဝါး၏ အသားထဲသို့ ရွှေရောင်မန္တာန်များ ဖြတ်ဝင်သွားကာ သူ့လက်ကို ကျိုးသွားစေသည်။ သွေးများ ပန်းထွက်လာပြီး မကောင်းဆိုးဝါး၏ ခန့်ညားချောမောသော ဖြူဖျော့ဖျော့မျက်နှာကို သွေးများပတ်လိုက်သလို ဖြစ်သွားသည်။
မကောင်းဆိုးဝါးသည် သူ့ရင်ဘတ်အိတ်ကပ်ကို ငုံ့ကြည့်၍ ရုတ်တရက် ရူးသွပ်စွာ ရယ်မောတော့သည်။
“ဟားဟား ဟားဟား ဟားဟား...”
မကောင်းဆိုးဝါးကို ပြင်းထန်စွာ ဒဏ်ရာရစေပြီးနောက် နောက်ဆုံးသော ဓားမြှောင်သည် ကျန်းလော့လက်ကောက်ထဲသို့ ပြန်ဝင်သွားတော့သည်။
ကျန်းလော့သည် မြူနက်များ၏ အစွန်အဖျားနားတွင် ရပ်နေသည်။ သူ့ကိုယ်သူ ငုံ့ကြည့်၍ ဒဏ်ရာများ မလုံလောက်ဟု သတ်မှတ်ကာ ဓားထုတ်၍ သူ့ကိုယ်သူ အချက်ပေါင်းများစွာ ဖြတ်လိုက် ထိုးလိုက်လုပ်နေသည်။
သို့သော် ချီယုံသည် သူ့နားရောက်လာပြီး သူ့ကိုယ်ပေါ်မှ သွေးများကို ကျန်းလော့ကိုယ်နှင့် မျက်နှာသို့ သုတ်ပေးလိုက်သည်။ ကျန်းလော့သည် ခဏလောက် ရပ်သွားပြီး မမျှော်လင့်ပဲ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်”
မကောင်းဆိုးဝါးသည် သူ့မျက်နှာကို ချောမောသော လူသတ်အရှိန်အဝါများ ပြည့်နေသည့် အနေအထား ရောက်အောင် သွေးများ သေချာသုတ်ပေးနေရင်း သိမ်မွေ့စွာ ပြုံး၍ ပြောလိုက်သည်။
“မလိုပါဘူး”
မြူနက်များ အပြင်ဘက်တွင်
ကျန်းလော့နှင့် ချီယုံတို့ မြူထဲတွင် တိုက်ခိုက်နေသည်မှာ နာရီဝက်ခန့်ရှိပြီ ဖြစ်သည်။ ဖုန်းလီသည် စောင့်ရတာ စိတ်မရှည်တော့ပေ။ နောက်ထပ် စက္ကန့်သုံးဆယ်စောင့်ပြီးနောက် ကံကြမ္မာယုံသူကို တစ်ချက်မှ လှည့်မကြည့်ပဲ လှေကားပေါ်မှ ဆင်းချသွားသည်။
အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် ကံကြမ္မာယုံသူကို ခိုးကြည့်ကာ မတားဘူးဆိုကာမှ ဖုန်းလီနောက်သို့ လိုက်သွားတော့သည်။ ဖုန်းလီနှင့် ကျိယောင်ဇီတို့သည် မြူနက်များရှိရာသို့ မြန်မြန်လျှောက်သွားကြသည်။
ဟွာပိတို့သည်လည်း သူတို့သခင်ကို အလွန်စိတ်ပူနေကြသည်။ လီရှားနှင့် ကျန်းလော့ကို အထင်သေးသော ကြောက်ရွံ့ခြင်းကင်းသော ကောဝူချန်နှင့် မတူစွာ ကျန်းလော့ထံမှ သေလုနီးနီး အနှိပ်စက်ခံခဲ့ရသော ဟွာပိသည် ထိုလူသား မည်မျှရင်ဆိုင်ဖို့ခက်မှန်း သေချာသိသည်။
ထိုလူသားသည် သူတို့သခင်ကို တွေဝေရှုပ်ထွေးလာအောင် နည်းမျိုးစုံနှင့်လုပ်နိုင်ပြီး သခင်ဖြစ်သူ သတိမထားမိ မပြင်ဆင်ထားသည့်အချိန်ကျမှ တိုက်ခိုက်ပြီး ထွက်သွားမည့်သူဖြစ်သည်။
သို့သော် ဘယ်လောက်ပဲ စိတ်ပူနေပါစေ ဟွာပိသည် မြူနက်ထဲသို့ မဝင်သွားနိုင်ခဲ့ပေ။ သူမဝင်သွားနိုင်ဘူး ဆိုသော်လည်း ကျန်းလော့နှင့် သခင်ဖြစ်သူ တိုက်ခိုက်နေသည်ကို နှောင့်ယှက်ဖို့တော့ မည့်သူ့ကိုမှ ခွင့်မပြုနိုင်ပေ။
ကောဝူချန်နှင့် ဟွာပိတို့သည် ဖုန်းလီနှင့် ကျိယောင်ဇီတို့ကို တားမလို့လုပ်နေချိန်တွင် လီရှား၏ အံ့ဩတကြီး ပြောလာသော အသံကို ကြားလိုက်ရသည်။
“ဘော့စ်နဲ့ ကိုကိုလှလှထွက်လာကြပြီ”
လူနှစ်ယောက်သည် အလျင်အမြန်နောက်လှည့်ကြည့်လိုက်သည်။ မြူနက်များသည် လိုက်ကာတင်လိုက်သလို အတွင်းဘက်မှ လူသားနှင့် မကောင်းဆိုးဝါးကို ဖွင့်ပြလာသည်။ သူတို့ပုံစံများသည် ပြင်းပြင်ထန်ထန် တိုက်ခိုက်လာသည်နှင့် တူနေကာ မကောင်းဆိုးဝါး၏ တစ်ကိုယ်လုံးတွင် သွေးများစွန်းထင်းနေပြီး ဒဏ်ရာမျိုးစုံရထားလေသည်။
လူသားသည်လည်း မကောင်းဆိုးဝါးနှင့် ထူးမခြားနားပင် သူ့ခေါင်းတစ်ခုလုံး ချွေးများနစ်နေပြီး မျက်လုံးထောင့်များသည် နီရဲနေသည်။ သူသည် ဒဏ်ရာများကို သေချာဖုံးကွယ်ထားသော်လည်း သူ၏ ခံစားချက်မဲ့လုလု မျက်နှာတွင် နာကျင်နေသော အရိပ်အယောင်များ တစွန်းတစ ပေါ်လာတတ်ကာ အဆုံးထိတင်းထား၍ ပြတ်ထွက်တော့မည့် ကြိုးလိုဖြစ်နေသည်။
ကျိယောင်ဇီသည် ထိတ်လန့်သွားသည်။
“ကျန်းလော့”
ကောဝူချန်နှင့် ဟွာပိတို့သည်လည်း လျင်မြန်စွာ ရှေ့တိုးသွားကာ ချီယုံ့ရှေ့တွင် ရပ်လိုက်ပြီး
“သခင်”
ဖုန်းလီသည် ကျန်းလော့ကို အထက်အောက် စုန်ချည်ဆန်ချည် ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်များသည် ကုတ်ကျသွားသည်။ သူသည် ချီယုံ့ကို ရေခဲရိုက်ပစ်ချင်သလို ကြည့်လိုက်ပြီး လူသတ်တော့မည့် အရှိန်အဝါသည် ဘေးလူများ အသက်ရှူကြပ်လောက်အောင် ထိုးထွက်လာသည်။ သို့သော် ကျန်းလော့၏ ဒဏ်ရာများသည် ကုသဖို့ နှောင့်နှေးလို့ မဖြစ်ကြောင်း သိ၍ ကျန်းလော့ကိုသယ်၍ ထွက်သွားဖို့သာ အရင်လုပ်လိုက်သည်။
ကျန်းလော့သည် နောက်ဆုတ်၍ ရှောင်လိုက်ပြီး ဖြူလျော်သော နှုတ်ခမ်းတစ်စုံဖြင့် ယဲ့ယဲ့လေးပြုံးလိုက်ကာ မသဲကွဲစွာ ပြောလိုက်သည်။
“ဆရာ ဒီလိုထိ လုပ်ပေးဖို့မလိုပါဘူး ကျွန်တော် လမ်းလျှောက်နိုင်ပါတယ်”
ထိုစကားပြောပြီးနောက် ကျန်းလော့သည် ဖုန်းလီ၏ တုံ့ပြန်မှုကို မစောင့်လဲ ကံကြမ္မာယုံသူနှင့် တာအိုဆရာတော်ဝေ့ဟယ်တို့ဆီ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။ သူ့ခြေလှမ်းများသည် နှေးကွေးနေပြီး ပုံမှန်လမ်းလျှောက်သည်ထက် နှစ်ဆသုံးဆလောက် ပိုနှေးနေသည်။ ကျိယောင်ဇီသည် သူ့ခြေထောက်များ ဒဏ်ရာရသွားလို့လား ဟူ၍ တွေးကြည့်နေကာ ကျန်းလော့လမ်းလျှောက်သည်ကို သတိထားကြည့်လိုက်ကာမှ ကျန်းလော့ဒူးခေါင်းနားမှ အမှတ်ကို မြင်လိုက်ရသည်။
ကျိယောင်ဇီသည် သက်ပြင်းချချင်သော်လည်း သူ့ဘေးတွင် ဖုန်းလီရှိနေသေးသောကြောင့် ချမိလုလု သက်ပြင်းကို ပြန်ရှူသွင်းလိုက်သသည်။ ထို့နောက် ချီယုံ့ကို လှည့်ကြည့်၍ နှုတ်ခမ်းကို အဖြောင့်လိုက်ဖြစ်အောင် ဆန့်၍
“မင်းတို့နှစ်ယောက် ဒီလိုပြင်းပြင်းထန်ထန် တိုက်ခိုက်ကြရတယ်လို့ကွာ ငါဖြင့်ယုံတောင်မယုံနိုင်ဘူး”
သူနှင့်ဖုန်းလီတို့သည် ချီယုံနှင့် ကျန်းလော့၏ အတိတ်ကို အားလုံးနီးပါး သိထားသူများ ဖြစ်သော်လည်း တခြားသူများကတော့ လုံးဝမသိကြပေ။ သူတို့သည် ချစ်လွန်းလို့ ခွာမရသော အချစ်ငှက်တစ်စုံ ဖြစ်ခဲ့သော်လညး ယခုတွင်တော့ ဒီလိုသတ်ဖြတ်နေကြသည့် အခြေအနေရောက်နေကြသည်။
‘သနားစရာကောင်းလိုက်ကြတာ’
သူတို့နောက်တွင် ချီယုံသည် ကျန်းလော့ နောက်ကျောကို ငေးကြည့်နေသည်။
ကျန်းလော့ အဘယ့်ကြောင့် လမ်းဖြည်းဖြည်းလျှောက်နေလဲဆိုတာ ကျန်းလော့ကိုယ်တိုင်နှင့် ချီယုံတို့သာ သိပေသည်။
ယခုအချိန်တွင် မကောင်းဆိုးဝါးကို ရဲရင့်စွာ တိုက်ခိုက်ခဲ့၍ အကြီးအကဲများ၏ ဂရုစိုက်ခြင်း ခံနေရသော လူငယ်လေးသည် ဘောင်းဘီအောက်တွင် အတွင်းခံ မဝတ်ထားရပေ။
ကောဝူချန်နှင့် ဟွာပိတို့သည် သခင့်နည်းတူ ကျန်းလော့ဆီသို့ ကြည့်လိုက်ကြသည်။ ကောဝူချန်သည် ကျန်းလော့မှ သူတို့သခင်ကို ဒဏ်ရာရအောင် လုပ်နိုင်တာကို ထိတ်လန့် အံ့ဩနေဆဲဖြစ်သည်။ သို့သော် ကျန်းလော့ကို သေချာကြည့်လိုက်မှ ကျန်းလော့က ဒဏ်ရာများတာကို မြင်ကာ စိတ်သက်သာသွားပြီး
“သခင်ကျန်းက သခင့်အတွက် တွဲဖက်ကောင်းဖြစ်မှာပဲ ဒါပေမဲ့ သခင်ကျန်းရဲ့ ဒဏ်ရာတွေက သခင့်ထက် ပိုပြင်းတဲ့ပုံပေါ်တယ်နော် စိတ်မပူပါနဲ့ တောင်ထိပ်အိမ်တော်က လျန်မျိုးနွယ်တွေရဲ့အိမ်တော်ဆိုတော့ သူတို့က သခင်ကျန်းကို ကုပေးကြမှာပါ”
ဟွာပိသည် ချီယုံလက်ကို ကိုင်ကြည့်၍
“သခင့် သခင့်လက်”
ချီယုံသည် သူတို့အသံကို လုံးဝမကြားပုံရကာ ကျန်းလော့ သူ့မျက်စိရှေ့မှ တစ်လှမ်းချင်း ပျောက်ကွယ်သွားသည်ကိုသာ ငေးကြည့်နေသည်။
“ဒုတိယတစ်ကြိမ်အတွက်တဲ့လား..”
သူသည် တီးတိုးပြောလိုက်သည်။
“ကျန်းလော့ ကျန်းလော့”
ထိုနာမည်ကို ရွတ်နေရလျှင် ခံစားချက်ကောင်းတချို့ ဝင်လာပုံပေါ်သည်။
ဒီညအတွက် ဆယ့်ခုနှစ်ချောင်းမြောက် စုတ်လုံးနှင့် လီရှားသည် သူတို့နားသို့ပြေးလာကာ ချီယုံ့ကို စိတ်အားထက်သန်စွာမေးသည်။
“ဘော့စ် ကိုကိုလှလှက ဒီတိုင်းထွက်သွားလိုက်ပြီလား ကိုကိုလေးက ဘယ်တော့ လီရှားတို့နဲ့ လာပူးပေါင်းပြီး လီရှားတွဲဖက်ဖြစ်လာမှာလဲ” (ပါတနာ တွဲဖက် လုပ်ဖော်ကိုင်ဖက် အဲ့လိုအသုံးအနှုန်းမျိုးပါ)
“မင်းရဲ့တွဲဖက် ဟုတ်လား”
ချီယုံသည် အထင်သေးစွာ ကြည့်လိုက်ပြီး
“သူက မင်းရဲ့တွဲဖက်ဖြစ်လာစရာလား”
မကောင်းဆိုးဝါးသည် နားရွက်တက်ချိတ်မတတ် အပြုံးအကြီးကြီး ပြုံးလိုက်ပြီး ကျေနပ်စွာ ပြောလိုက်သည်။
“သူ့ပြိုင်ဘက် သူ့ချစ်သူ သူ့တွဲဖက် အားလုံးက သေချာပေါက် ငါဆိုတဲ့ ချီယုံပဲ ဖြစ်ရမယ်”
လီရှားသည် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး သူမပါးစပ်ထဲမှ စုတ်လုံးသည် အောက်ပြုတ်ကျသွားသည်။
“.............”
‘ဘော့စ်ရေ ဘော့စ်အရင်တုန်းကပြောခဲ့တာ ဒါမျိုးဟုတ်မနေဘူးနော် ဘော့စ်ရေ ဘော့စ်ရေ စကားကို ကျေးဇူးပြုပြီး ဗလောင်းဗလဲ မပြောပါနဲ့လို့’
######