အပိုင်း (၁၃၅)
ရေကိုသန့်စင်ခြင်း
“ဝူရှညန်”(“လက်တွေ့ကျသော အသိဉာဏ်မရှိ”) ဟူသော စကားလုံးသုံးလုံးသည် တာအိုကဗျာများ၌ တာအိုဆရာသခင်များ သုံးလေ့ရှိသည့် စကားလုံးဖြစ်သည်။ ထိုစကားလုံးသုံးလုံးကို ကျန်းလော့မြင်သောအခါ ဤအိမ်သည် လျန်မျိုးနွယ်၏
တာအိုဘုန်းတော်ကြီး ဝေ့ဟယ်၏နေထိုင်ရာနေရာဖြစ်ကြောင်း သိလိုက်သည်။
ထိုသို့သော ထိပ်စီးမျိုးရေးထားသော အိမ်မျိုးသည် မျိုးနွယ်စုကြီးများ၏ အလေ့အထဖြစ်သည်။ လျန်ရွှီသည် ရှေ့တိုးသွားပြီး တံခါးခေါက်လိုက်သည်။ ခနကြာသောအခါ တပည့်တစ်ယောက်မှ တံခါးလာဖွင့်ပေးသည်။ ထိုတပည့်သည် ဆယ့်ငါးနှစ်လောက်ရှိမည်ဖြစ်ပြီး သူတို့ကို မြင်သောအခါ မအံ့ဩသွားပဲ တည်ငြိမ်စွာ ပြောလိုက်သည်။
“ရှစ်ကော ရှစ်ကျဲတို့ ကျွန်တော့်နောက်က လိုက်ခဲ့ပါ တာအိုဆရာတော်ကြီးက အထဲမှာစောင့်နေပါတယ်”
တပည့်များသည် သူတို့ကို အိမ်ထဲသို့ ဦးဆောင်သွားပြီး မကြာခင်တွင် သူတို့ကိုစောင့်နေသော တာအိုဆရာတော်ဝေ့ဟယ်ကို တိတ်ဆိတ်သော အခန်းတစ်ခုတွင် တွေ့ခဲ့ရသည်။ တာအိုဆရာတော် ဝေ့ဟယ်သည် အသက်ငါးဆယ်ကျော်လောက်ရှိပုံရပြီး မျက်ခုံးထူထူနှင့် ကြည့်လိုက်လျှင် တည်ကြည်ဖြောင့်မတ်သော အမှန်တရားဘက်တော်သား အကြီးအကဲတစ်ယောက်ကို မြင်လိုက်ရသလို ရှိန်သွားနိုင်သည့် ပုံစံမျိုးဖြစ်သည်။
လျန်ရွှီဘေးကင်းကင်းနှင့် ပြန်လာတာမြင်သောအခါ သူ့မျက်နှာသည် အနည်းငယ် ပြေလျော့သွားပြီး သူတို့နောက်မှ သုံးယောက်ကို ကြည့်ကာ
“တောင်အောက်ကနေ လွန်ခဲ့တဲ့ရက်က မင်း နှင်းကျရပ်သွားတာနဲ့ တောင်ပေါ်တက်လာတယ်လို့ သတင်းရလိုကတယ် ဒါပေမဲ့ နှင်းမုန်တိုင်းတိုက်လာတယ် လွန်ခဲ့တဲ့ရက်အတွင်း မင်းကြောင့် လူတွေ ဘယ်လောက်တောင် စိတ်ပူနေလဲ ငါသိတောင်မသိတော့ဘူး ဒါပေမဲ့လည်း မင်းတို့အားလုံး ဘေးကင်းကင်းပြန်ရောက်လာတာ ကောင်းတဲ့တယ် မဟုတ်ရင် ကျုပ်မင်းတို့ဆရာတွေနဲ့ ဦးလေးတွေ ပွစိပွစိတကျည်ကျည်လုပ်တာနဲ့ သေတော့မယ်”
လျန်ချင်းသည် ပြုံး၍ ပြောလိုက်သည်။
“ဦးလေးကလည်း ဦးလေး ကျွန်တော်တို့အတွက် စိတ်ပူရင်လည်း ဒီတိုင်းပြောလိုက်ပါဗျာ”
“ဒီကောင်စုတ်လေးကတော့ ငါက မင်းတို့ကို ဘာလို့စိတ်ပူရမှာလဲ”
တာအိုဆရာတော်ဝေ့ဟယ်သည် သူ့မုတ်ဆိတ်မွှေးကို မှုတ်လိုက်ပြီး သူ့ကိုကြည့်လိုက်သည်။
“ကျုပ်မင်းတို့ကို ဒီရက်ထဲမှာ တောင်ပေါ်က ဆင်းမလာသေးဘူးလို့ မပြောခဲ့ဘူးလား ဒါတောင် မင်းတို့ တောင်အောက်မှာ စိတ်ရှည်ရှည်မစောင့်ကြဘူး”
သူထိုစကားပြောနေချိန်တွင် ကျန်းလော့ကို ခနခနကြည့်နေသည်။ ကျန်းလော့သည် သူ့ကိုကြိုက်နေသော မကောင်းဆိုးဝါးကို စနောက်ခဲ့ရခြင်းကို ပြန်တွေးမိပြီး အတွေးထဲမှ မထွက်နိုင်ဖြစ်နေချိန်တွင် တာအိုဆရာတော်၏ အကြည့်ကို သတိထားမိလိုက်သောကြောင့် သူ့ဦးနှောက်ကို မြန်မြန်အလုပ်လုပ်ခိုင်းကာ တာအိုဆရာတော်၏စကားများကို ပြန်စဉ်းစားကြည့်လိုက်ရသည်။
တာအိုဆရာတော်ဝေ့ဟယ်သည် ပြန်လည်ကုစားခြင်းပြီး၍ တောင်အောက်ဆင်းမည်ဟု ပြောပြီး မဆင်းဖြစ်တော့ကာ တစ်ပတ်နေရင် ဆင်းလာမည်ဟု အကြောင်းကြားခဲ့သည်။ သို့သော် တစ်ပတ်ကြာပြီးသောအခါ မထင်မှတ်ထားဘဲ နောက်ထပ်သုံးရက် နောက်ကျပြန်သည်။ ထိုသုံးရက်ပြီးပြန်သောအခါ တောင်တစ်ခုလုံးနှင်းမုန်တိုင်းကြောင့် နှင်းများပိတ်နေကာ ဆင်းမလာနိုင်ပေ။
အချိန်ကွာဟမှုသည် အလွန်တိုက်ဆိုင်လွန်းနေသည်။ လျန်ရွှီနှင့် တခြားနှစ်ယောက်သည် ကောင်းကင်ကိုကြည့်၍ ကံကြမ္မာတွက်ချက်ခြင်း လုပ်လေ့လုပ်ထမရှိဘူးဆိုလျှင်တောင် တာအိုဆရာတော် ဝေ့ဟယ်ကတော့ သေချာပေါက် နှင်းမုန်တိုင်းကို ခန့်မှန်းမိပြီးသား ဖြစ်နိုင်သည်မှာ တစ်ရာရာခိုင်နှုန်းသေချာသည်။
ကျန်းလော့သည် ခေါင်းငုံ့၍ ထိုသူတကယ်ခန့်မှန်းခဲ့မမှန်းခဲ့ တွေးကြည့်နေသည်။
သူသည် ခန့်မှန်းမိပြီး တမင်တကာ တောင်အောက်ဆင်းရန် အချိန်ဆွဲနေခဲ့ပြီး ဝေ့ဟယ်သည် ကျန်းလော့၏ အညစ်အကြေးရှင်းလင်းမည့်ကိစ္စကို ဝင်မပါချင်သည်မှာ ရှင်းရှင်းကြီး ထင်ရှားနေသည်။
သူသည် နှင်းထူထပ်နေကာကို အကြောင်းပြ၍ တောင်ပေါ်မှဆင်းမလာသောကြောင့် လျန်ရွှီက သူတို့ကိုခေါ်ပြီး တောင်ပေါ်သွားခဲ့ရတော့သည်။
အကယ်၍ ကျန်းလော့နှင့် တခြားသူများ တောင်ပေါ်သို့ မတက်ခဲ့လျှင် သစ်သားအိမ်ကို ဖြတ်သွားရမည်မဟုတ်သလို မှန်လောကထဲသို့ ဝင်သွားရစရာ အကြောင်းမရှိပေ။
သို့သော် ဤနေရာတွင် တခြားသော ဖြစ်နိုင်ချေ နောက်တစ်ခုလည်းရှိနေပါသေးသည်။
‘ဆရာတော် ဝေ့ဟယ်က လျန်ရွှီ၏ စရိုက်ကို သေချာမသိဘူးဆိုတာ ဖြစ်နိုင်ပါရဲ့လား’
သူသာ တောင်ပေါ်မှ ဆင်းမလာဘူးဆိုလျှင် လျန်ရွှီသည် စိတ်ပူပန်ပြီး ဘာလုပ်မည်ဆိုတာ မသိတာ မဖြစ်နိုင်ပေ။ သူမနှင့် ရင်းနှီးသူတိုင်း သူမကို ကောင်းကောင်းခန့်မှန်းနိုင်အောင် လျန်ရွှီသည် ရိုးသားပြီး ခန့်မှန်းရလွယ်သည့်သူဖြစ်သည်။
ထိုသို့တွေးကြည့်လိုက်လျှင် သူတို့သည် တမင်တကာကို တောင်ပေါ်တက်လာအောင် လှည့်ဖြားခံလိုက်ရခြင်း ဖြစ်နိုင်သည်။ ကျန်းလော့သည် တာအိုဆရာတော်ဝေ့ဟယ် သူ့ကို ဘာကြောင့်ထိုသို့ လုပ်ရသလဲမသိသော်လည်း သေချာသိသွားတာ တစ်ခုမှာ နှင်းမုန်တိုင်းနှင့် စံအိမ်ထဲမှ ပုံရိပ်ယောင်အစီအရင်တို့သည် တာအိုဆရာတော် ဝေ့ဟယ်နှင့် တနည်းနည်းဖြင့် ဆက်စပ်နေသည်။ သူမပါဝင်ခဲ့ဘူးဆိုရင်တောင် ထိုအကြောင်းကို သိပြီးသားဖြစ်နိုင်သည်။
လျန်ရွှီသည်လည်း................. အရမ်းကြီး အပြစ်ကင်းနေတာ မဖြစ်နိုင်လောက်တော့ပေ။
ထိုသို့ဆက်စပ်တွေးမိပြီးတာတောင် ကျန်းလော့သည် အပြုံးကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်ကာ သူ ဝေ့ဟယ်နှင့် လျန်ရွှီတို့လူစုကို သံသယဝင်နေတာကို သူသာထုတ်မပြောလျှင် မည်သူမျှ သိမှာမဟုတ်ပေ။
လျန်ရွှီသည် သူတို့ကြုံခဲ့ရသော မတော်တဆမှုကို အကျဉ်းချုုံးပြောပြလိုက်ပြီး ခုံတစ်ခုတွင် အလဲလဲအပြိုပြိုနေရာချခံထားရသော တွမ့်ကျီကို လက်ညှိုးထိုးပြကာ
“ဦးလေး သူတို့မှန်လောကထဲမှာသေသွားပြီးတော့ အပြင်ဘက်မှာနိုးမလာဘူး သူတို့အပြင်ကို လျန်ပင်းလဲ မှန်ထဲမှာ ဒဏ်ရာအပြင်းစားကြီး ရခဲ့သေးတယ် ဒီမှာ ဖုန်းထျန်းရှိက တပည့်လည်း ............”
အသာအယာခေါင်းယမ်းပြနေသော ကျန်းလော့ဘက်လှည့်ကြည့်လိုက်ပြီး အေးဆေးတည်ငြိမ်စွာ ဆက်ပြောလိုက်သည်။
“ဒဏ်ရာပြင်းတဲ့ သူတွေကိုပဲ အရင်စစ်ဆေးကြည့်ရအောင်ပါ”
ဝေ့ဟယ်၏စကားများကြားပြီးထဲက မျက်မှောင်အနည်းငယ် ကြုံ့နေသော ကျန်းလော့သည် ကြင်နာပြီး သည်းခံတတ်သော စိတ်ထားရှိပုံရကာ သူ့ပုံစံကိုကြည့်လိုက်ရင် စိတ်ရောလူရော ငြိမ်းချမ်းနေသည့်ပုံလေးဖြစ်သည်။
သူ့တွင် အသိတရားရှိသေးပုံရသောကြောင့် အနည်းငယ်စိတ်သက်သာရာရသွားသည်။ တာအိုဆရာတော်ဝေ့ဟယ် သည် ထရပ်လိုက်ပြီး တွမ့်ကျီတို့ကို တစ်ယောက်ပြီးတစ်ယောက် သွေးကြောလိုက်စမ်းကြည့်သည်။ သူသည် အကြာကြီး တစိမ့်စိမ့်တွေးကြည့်ပြီး မျက်နှာထားသည် လေးနက်တည်ကြည်သွားသည်။
“သူတို့အခြေအနေက သိပ်မကောင်းဘူး လျန်ချင်း နောက်ထပ်ကလေးနှစ်ယောက်နဲ့ သူတို့ကို ဆေးပေးခန်းကို အရင်ခေါ်သွားလိုက် ငါနောက်မှ သူတို့ကို သေချာကြည့်ပေးမယ်”
လျန်ချင်းသည် သူတို့ကို သယ်ပြီး ဆေးပေးခန်းသို့ ထွက်သွားသည်။ သူမအတန်းဖော်များကို စိုးရိမ်နေသော လိရှောင်းသည်လည်း သူတို့နဲ့အတူ အခန်းထဲမှထွက်၍ လိုက်သွားသည်။
တာအိုဆရာတော် ဝေ့ဟယ်သည် လျန်ပင်းကို ကြည့်၍
“ရေစင်တော်နဲ့ သွားစိမ်ချေ မင်းအနည်းဆုံး ခုနှစ်ဆယ့်ခုနှစ်ရက်ကနေ ကိုးဆယ့်လေးရက်တိတိ ရေစိမ်ရမယ် ဒါမှ ပြန်ကောင်းလာမှာ”
လျန်ပင်းသည် ဆူပုတ်ပုတ်ဖြင့် ပြောလိုက်သည်။
“ဦးလေး ဘာလို့အကြာကြီးလဲဗျာ”
“မင်းဒဏ်ရာကနေ အပြည့်အဝပြန်ကောင်းလာဖို့ဆို ဒီလောက်က ကြာတယ်မခေါ်ဘူး မင်းရဲ့ ဝိဉာဉ်ခန္ဓာတစ်ဝက်လောက်က အကိုက်ခံထားရလို့ မရှိတော့သလောက်ပဲ အခုချိန်ထိ မတ်တပ်ရပ်နိုင်သေးတာတောင် တော်တော် အံ့ဩဖို့ကောင်းနေပြီး မင်းက ဒါတောင် ကြာသေးတယ် ထင်နေတာလား”
တာအိုဆရာတော် ဝေ့ဟယ်သည် စိတ်ဆိုးလာပုံဖြင့် အသံကျယ်လာကာ
“အခုချက်ချင်း ရေသွားစိမ်”
လျန်ပင်းသည် အမြန်ပြေးထွက်သွားပြီး တိတ်ဆိတ်သောအခန်းထဲတွင် လူနာဆိုလို့ ကျန်းလော့တစ်ဦးထဲသာ ကျန်တော့သည်။
လျန်ရွှီဖြတ်မပြောလိုက်ခင်ထိ တာအိုဆရာတော် ဝေ့ဟယ်သည် ကျန်းလော့ကို ကြည့်နေသည်။
“ဦးလေး အစ်ကိုကြီး ကျန်းလော့ကဒီကို အညစ်အကြေးဆေးကြောဖို့ ရောက်လာတာပါ သမီး ကောင်းကင်သခင်ဖုန်းကို တစ်လအတွင်း အစ်ကိုကြီးကို ပုံမှန်ခန္ဓာကိုယ်ပြန်ဖြစ်စေရမယ်လို့ ကတိပေးထားတယ် ဒါပေမဲ့ အခုဆယ်ရက်ပဲ ကျန်တော့တယ် သမီးတို့ ဘယ်လိုလုပ်ကြမလဲ”
“အလျင်လိုဖို့မလိုဘူး”
တာအိုဆရာတော်ဝေ့ဟယ်သည် သူတို့ကို ဦးဆောင်၍ အပြင်ဘက်သို့ထွက်လာသည်။
“သူ့ဆရာလည်း တောင်ပေါ်ကို နှစ်ရက်အတွင်း ရောက်လာလိမ့်မယ် တစ်လအတွင်းဆိုတာကို ဂရုမစိုက်လဲဖြစ်တယ်”
ကျန်းလော့သည် အနည်းငယ်အံ့ဩသွားပြီး
“ကျွန်တော့် ဆရာလားဗျ”
“ဟုတ်တယ် မင်းရဲ့ ဆရာ ”
တာအိုဆရာတော် ဝေ့ဟယ်သည် ရုတ်တရက်စကားပြောင်းသွားသည်။
“လျန်ရွှီ မင်းရဲ့ဆရာကို အရင်သွားတွေ့လိုက်ဦး”
လျန်ရွှီသည် ကျန်းလော့ကို စိုးရိမ်သလိုတစ်ချက်ကြည့်ကာ နာခံစွာ ရပ်လိုက်ပြီး
“ဟုတ်ကဲ့”
တာအိုဆရာတော်ဝေ့ဟယ်သည် ကျန်းလော့ကို အဆောင်အပြင်ဘက်သို့ခေါ်သွားကာ ခြံဝန်း၏ အနောက်ထိခေါ်သွားသည်။ ကျန်းလော့သည် သူ၏ခြေလှမ်းတိုင်းကို ဂရုတစိုက်လိုက်ကြည့်နေသည်။ သူသည် သေချာသွားအောင် ဆရာတော်ဝေ့ဟယ်၏ ခြေရာပေါ်သို့ လိုက်ထပ်နင်းသွားသည်။ ထိုနေရာတွင် အစီအရင်တစ်ခုရှိနေတာ သေချာသွားပြီး ထိုခြေရာများအတိုင်းလိုက်ခြင်းဖြင့် ထောင်ချောက်ထဲသို့ ကျမသွားနိုင်တော့ပေ။ လေးထောင့်ကွက်သဏ္ဍာန်မြေကွက်တွင် ခြောက်သွေ့ပြီး သစ်ရွက်များမရှိသော အပင်ကတုံးများ ရှိပြီး နှင်းကျထားသောကြောင့် သစ်ကိုင်းများတွင် နှင်းများ အစုလိုက်အပုံလိုက်ဖြစ်နေသည်။
ကျန်းလော့သည် တာအိုဆရာတော် ဝေ့ဟယ်နောက်သို့ လိုက်ပြီး အချိန်ခနကြာသော် သူ့ခြေထောက်အောက်မှ နှင်းထုသည် တဖြည်းဖြည်းပါးလာသည်ကို သတိထားလိုက်မိသည်။ ခြေလှမ်းဒါဇင်ကျော်လောက်လျှောက်ပြီးနောက် နှင်းပွင့်ချပ်များ မရှိတော့ပဲ စိုစွတ်သော မြေပြင်တွင် မြက်နုလေးများပေါက်နေသည်ကို တွေ့လိုက်ရသည်။
ညှိုးခြောက်နေသော သစ်ကိုင်းခြောက်များသည် နွေဦးရာသီရောက်နေသလို အညှောင့်သေးသေးလေးများ ပေါက်နေကြသည်။
ဆောင်းရာသီမှ နွေဦးရာသီနှောင်းပိုင်းသို့ လမ်းလျှောက်ဝင်သွားရသလို ခံစားချက်မျိုးသည် အလွန်ထူးဆန်းသော်လည်း ကျန်းလော့သည် လက်တွေ့လျှောက်လိုက်ရသည်။ အဖြူရောင်မြူငွေ့များဖုံးလွှမ်းနေသော ရေပူစမ်းကန်နားသို့ မရောက်ခင်လေးတွင် တာအိုဆရာတော်ဝေ့ဟယ်သည် ရပ်ပြီး ပြောလိုက်သည်။
“ထျန်ပိရေကန်ကရေကို စမ်းချောင်းကန်နှစ်ခုကွဲထွက်တယ် ကန်အကြီးက ဘိုးဘေးအိမ်တော်မှာ အေးမြပြီး ကြည်လင်တဲ့စမ်းရေကန်ဖြစ်တယ် ကန်အသေးကတော့ တောင်ပေါ်မျာ နက်စောက်ပြီး တောင်ကို ဖြတ်စီးလာတဲ့ ရေပူစမ်းဖြစ်တယ် မင်းညီလျန်ပင်းက သူ့အခန်းထဲမှာ ရေပူစမ်းကရေကို သယ်ပြီး စိမ်နေလောက်ပြီ လျန်ရွှီပြောသွားပုံအရဆို မင်းကိုယ်ပေါ်က အညစ်အကြေးက တော်တော်ထူတာပဲ ကဲ ဆင်းသွား ဘယ်လောက်ဆိုးလဲ ကြည့်ရအောင်”
ကျန်းလော့သည် ယဉ်ကျေးစွာ ငြင်းလိုက်သည်။
“အဲ့ဒါ မကောင်းလောက်ဘူးဗျ”
ရေပူစမ်းထဲသို့ ချက်ချင်းခုန်ချပြီး စိမ်ပစ်လိုက်ချင်ပါသော်လည်း ကျန်းလော့သည် လျန်အိမ်တော်၏ ရေပူစမ်းကန်ကြီး သူ့ကြောင့် နက်ဆွေးသွားပါလျှင် လျန်အိမ်တော်မှ ပြန်လို့မရတော့မှာကို ကြောက်မိပါသည်။
သူ့မျက်နှာတွင် မစိမ်ချင်ရသည့်အကြောင်းအရင်းသည် ထင်ထင်ရှားရှားမြင်နေရပြီး တာအိုဆရာတော်ဝေ့ဟယ်သည် ထိုမျက်နှာထားကို သိပေသည်။ ငါးဆယ်နှင့် ဘယ်နှနှစ်မှန်းမသိသော ဆရာတော်ကြီးသည် အော်ဟစ်ရယ်မောလိုက်ကာ ဂုဏ်ယူဝံ့ကြွားစွာပြောလိုက်သည်။
“ဆင်းသွားပါ ဒီရေပူစမ်းလေးက သေးပေမဲ့ မင်းကြောင့်တော့ ညစ်ညမ်းမသွားနိုင်ပါဘူး”
အခုတော့ သူကအဆင်ပြေတယ်ပြောနေသည်။
ကျန်းလော့သည် ပုခုံးတွန့်လိုက်ပြီး သူ့ပစ္စည်းများကိုချကာ အဝတ်ထူထူများကို ချွတ်လိုက်ပြီး အတွင်းဝတ်ပါးပါးဖြင့် ရေပူစမ်းထဲသို့ဆင်းသွားသည်။ ရေပူစမ်းမှ အပူသည် ကျန်းလော့ကို လာရောက်ရိုက်ခတ်သည်။ သူ့ခါးနားသို့ ရေပူစမ်းရေများ စုပြုံလာသလို ခံစားရကာ သူသည် ထိုင်ဖို့နေရာရှာလိုက်ပြီး ပုခုံးကိုသာဖော်ထားပြီး ရေထဲထိုင်ချလိုက်သည်။ ထို့နောက် သက်တောင့်သက်သာရှိလွန်းသောကြောင့် သက်ပြင်းချလိုက်သည်။
ထျန်ပိရေကန်မှ ရေများသည် ပတ်ဝန်းကျင်ကို နွေဦးယူဆောင်ပေးနိုင်လောက်အောင် နွေးထွေးပြီးသန့်စင်သည်။ သို့သော် ဆောင်းရာသီ၏ အပူချိန်ကိုတော့ မပြောင်းလဲပေးနိုင်ပေ။
ကျန်းလော့ခန္ဓာကိုယ်သည် ဆောင်းလယ်ကြီးတွင် ရေပူစမ်းစိမ်ရသောကြောင့် နာကျင်မှုနှင့် ကိုက်ခဲမှုများသည် ဖြည်းဖြည်းချင်း သက်သာလာသည်။
သူသည် ရေမျက်နှာပြင်တစ်ခုလုံးကို ဖုံးအုပ်ထားသော မြူများကို ဖယ်ရန် လက်ဖြင့် ယမ်းလိုက်သည်။ ထို့နောက် ရေ၏ပြောင်းလဲမှုကို ကြည့်လိုက်သည်။
ရေပူစမ်းကန်အစပ်နားတွင် ရပ်နေသော တာအိုဆရာတော်ဝေ့ဟယ်သည်လည်း ရေကန်ထဲသို့ ကြည့်နေသည်။ သို့သော် ဆရာတော်သည် အရမ်းကြီးစိတ်ပူမနေပေ။
ရေပူစမ်းငယ်လေးသည် မီးဖိုချောင်လောက်သာ ကျယ်သော်လည်း ဘိုးဘေးအိမ်တော်မှ ရေကန်ထပ် အစွမ်းထက်သည်။ လျန်မိသားစုမှ အကြီးအကဲများတောင်ပေါ်သို့တက်၍ ပြန်လည်ကုစားရသည့် အကြောင်းအရင်းမှာ ဤရေပူစမ်းကြောင့် ဖြစ်သည်။ တာအိုဆရာတော် ဝေ့ဟယ်သည် တောင်ပေါ်တွင် နှစ်ပေါင်းများစွာ အချိန်ကုန်ဆုံးခဲ့ရာ ရေပူစမ်းငယ်လေး၏ စွမ်းအားကို သူများတွေထက်ပို၍ နားလည်သည်။
မကောင်းဆိုးဝါးမြူဆွယ်ကျူးကျော်ခံရသော လူအယောက်နှစ်ဆယ်လောက်ကို ရေပူစမ်းထဲ တပြိုင်ထဲပစ်ထည့်လိုက်လျှင်တောင် ရှောင်ချန်ရေကန်သည် သူတို့အားလုံးကို တစ်နာရီ၏လေးပုံတစ်ပုံအတွင်း သန့်စင်ပေးလိမ့်မည်ဖြစ်သည်။
တာအိုဆရာတော် သည် ရှောင်ချန်ရေကန်မှ မသန့်စင်ပေးနိုင်သည့်လူသည် ကမ္ဘာပေါ်တွင် မရှိနိုင်ဟု တွေးသည်မှာ လုံးဝပိုပြောခြင်းမဟုတ်ပေ။
အညစ်အကျေးများကို ဆေးကြောရာတွင် ရှောင်ချန်ရေကန်မှ ရေသည် အဓိက ပါဝင်ပစ္စည်းဖြစ်သည်။ ရေကန်မှရေသည် လူတစ်ယောက်၏ တဏှာလောဘတို့ကို တစ်လွှာပြီးတစ်လွှာဆေးကြောပစ်သည်။
ရှောင်ချန်ရေကန်ထဲသို့ စိမ်ပြီးလျှင် ခံစားချက်များ ရှင်းလင်းသွားပြီး စိတ်ပေါ့ပါးလာကာ စိတ်ဆန္ဒနည်းပါးသူ ဖြစ်လာမည်။ စိတ်ထဲတွင် အချိန်အကြာကြီး စုအောင်းထားသည့် အမျက်ဒေါသနှင့် မကျေနပ်မှုများအားလုံးကို လက်လွှတ်နိုင်သွားမည် ဖြစ်သည်။ အကြာကြီး စိမ်မည်ဆိုပါက “စိတ်ဆန္ဒကင်းမဲ့ပြီး ဘာကိုမှ လိုချင်လောဘမရှိသူ” ဖြစ်လာနိုင်ပြီး မိသားစုကိုတောင် လက်လွတ်နိုင်လာပေမည်။
တာအိုဆရာတော် ဝေ့ဟယ်သည် ခနလောက် ဟိုလျှောက်သည်လျှောက်လုပ်နေပြီး ပြန်လှည့်ကြည့်လိုက်သောအခါ မထိန်းနိုင်လောက်အောင် အံ့ဩမယုံနိုင်ဖြစ်သွားကာ ရေကန်ထဲကို စိုက်ကြည့်နေသည်။
“ဘယ်လို ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ကျောက်မြတ်တို့ကဲ့သို့ ကြည်လင်သော ရေကန်ထဲတွင် ကျန်းလော့ဘေးပတ်ပတ်လည်မှ စစ်မှန်သော အနက်ရောင်စက်ကွင်းတစ်ခုသည် ကျန်းလော့ခန္ဓာကိုယ်ထဲမှ စိမ့်ထွက်နေသည်။ ရှောင်ချန်ရေကန်သည် အနက်ရောင်အညစ်အကြေးကို မသန့်စင်နိုင်ပေ။ မသန့်စင်နိုင်သည့်အပြင် ထိုအနက်ရောင်စက်ကွင်းသည် ရေကန်ထဲမှရေများကိုပါ ညစ်ညမ်းသွားအောင် ဝါးမျိုပစ်နေပြီး ရေကန်တစ်ဝက်လောက် မည်းနက်သွားသောအခါ တာအိုဆရာတော်ဝေ့ဟယ်သည် အံ့ဩတကြီးဖြစ်သွားတော့သည်။
တာအိုဆရာတော်ဝေ့ဟယ်သည် သူ့မျက်လုံးသူမယုံနိုင်ဖြစ်ကာ ပွစိပွစိရေရွတ်နေသည်။
“ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်နိုင်ရတာလဲ .................. ဒါက ထျန်ပိရေကန်က ရေစင်လေ ရေပူစမ်းငယ်လေး .............”
အနက်ရောင်ဝေလငါးကြီးသည် ကျားတစ်ကောင်ကို ဝါးမြိုနေသလို တစ်စက်ကလေးမှ နှေးမသွားပေ။ ထိုရေနက်များရော ရေကြည်များရောသည် ရေပူစမ်းမှ ရေများသာဖြစ်သော်လည်း အဖြူအမည်းဖြစ်နေကာ ကြည့်ရဆိုးနေသည်။
ကျန်းလော့သည် ရှက်ရွံ့စွာ ချောင်းနှစ်ကြိမ်လောက်ဆိုးလိုက်ပြီး တာအိုဆရာတော်ဝေ့ဟယ်၏ လက်များသည် ဒေါသထွက်လွန်းပြီး ထိန်းချုပ်ထားရသောကြောင့် တုန်ယင်နေသည်။ ထို့ကြောင့်သူကပင်ပြောလိုက်သည်။
“ဆရာတော် ကျွန်တော် ရေပူစမ်းထဲက ထွက်လိုက်တာကောင်းမယ်ထင်တယ်”
တာအိုဆရာတော်ဝေ့ဟယ်သည် သက်ပြင်းမောကြီးချလိုက်ကာ လက်ကို အကြမ်ကြီး ဝေ့ယမ်းလိုက်ပြီး ရေကန်ထဲသို့ စိုက်ကြည့်ကာ
“မလှုပ်နဲ့ ဆက်စိမ်နေ အနည်းဆုံး တစ်နာရီရဲ့ လေးပုံတစ်ပုံတော့စိမ်မှ ဖြစ်မယ်”
(တစ်နာရီ၏လေးပုံတစ်ပုံ=ဆယ့်ငါးမိနစ်)
(ရှောင်ချန်ရေကန် = ကျန်းလော့စိမ်နေသော တောင်ပေါ်မှ ရေပူစမ်းငယ်)
ဆယ့်ငါးမိနစ်ကြာပြီးနောက် တာအိုဆရာတော်ဝေ့ဟယ်သည် ရေပူစမ်းထဲသို့ကြည့်လိုက်ရာ ရေပူစမ်းတစ်ခုလုံး မည်းနက်နေပြီး လှိုင်းတစ်ချက်တောင်မရှိဘဲ အနက်စင်စစ်ဖြစ်နေပြီဖြစ်သောကြောင့် စကားတစ်ခွန်းမှ ပြောလို့မထွက်တော့ပေ။
“............”
သူ့မုတ်ဆိတ်သည်ပင် တဆတ်ဆတ်တုန်ယင်နေကာ ဆန့်ကျင်ဘက်သို့အကြည့်လွှဲလိုက်ရသည်။ သို့သော် ရုတ်တရက်အေးခဲသွားကာ ချက်ချင်းတည်ငြိမ်သွားပြီး
“ရောက်ပါပြီလား ကံကြမ္မာယုံသူ”
ကျန်းလော့သည် သူ့အကြည့်နောက်သို့ လိုက်ကြည့်လိုက်သည်။
စိမ်းစိုသော မြင်ကွင်းကြားတွင် ဖြူဖွေးသောနှင်းအလွှာတစ်ခုဖုံးလွှမ်းနေကာ တဖြည်းဖြည်းနီးကပ်လာသော သူကို မြင်လိုက်ရသည်။ သူ့အသားအရည်သည် ဖြူဖျော့နေကာ သွေးကြောများကိုပင် အလွယ်တကူမြင်နိုင်သော်လည်း ကျန်းလော့သည် ကံကြမ္မာယုံသူ၏ကိုယ်ပေါ်တွင် ထိုသွေးကြောများကို တစ်ခါမှ မမြင်ဖူးပေ။
ကံကြမ္မာယုံသူ၏ ဆံပင်ရှည်များ မျက်ခုံးများ မျက်တောင်များအားလုံးသည် နှင်းလူသားကဲ့သို့ ဖြူဖွေးနေကာ သူ့မျက်ဆံများသည် အလွန်ဖျော့တော့နေကာ လူများကို ကြည့်တိုင်း အရောင်မရှိသလိုဖြစ်နေတတ်သည်။
သူ့ပုံစံသည် လူတစ်ယောက်နှင့် မတူပေ။
ကံကြမ္မာယုံသူသည် ရေပူစမ်းနားသို့ လျှောက်လာကာ ရေများနက်သွားသော ကန်အတွင်းသို့ ကြည့်လိုက်သည်။
ကျန်းလော့သည် ရေပူစမ်းထဲတွင် အရည်ပျော်ကျသွားတော့မလို ပူလောင်လာသည်။
“ကံကြမ္မာယုံသူတောင်မှ ဒီကိုရောက်နေတာလား”
“သူက ထျန်းရှိဖူမှာ ရှိရမှာ မို့လား”
တာအိုဆရာတော်ဝေ့ဟယ်သည် ရှက်ရွံ့စွာ သက်ပြင်းချလိုက်ပြီး
“တစ်နာရီရဲ့ လေးပုံတစ်ပုံ ပြီးတော့ ရေက ဒီလို ဖြစ်သွားတော့တာပဲ”
ကျန်းလော့သည် တောင်အောက်မှာတုန်းကထက်ပိုပြီး သူ့ကိုယ်သူ ညစ်ညမ်းလာသည်ဟု ခံစားမိသည်။ တောင်အောက်မှာတုန်းက ရေစိမ်ခဲ့တုန်းကလည်း ဆယ့်ငါးမိနစ်အတွင်း ရေစင်တစ်ဇလား မဲနက်သွားခဲ့သည်။ ဒီတစ်ကြိမ်တွင်တော့ ထိုဇလုံထက်ကြီးသည့် ရေပူစမ်းတစ်ကန်လုံးကို မည်းနက်သွားအောင် လုပ်လိုက်မိသည်။
ရေပမာဏပိုများလာသော်လည်း ကြာချိန်ကတော့ပြောင်းမသွားပေ။ ကံကြမ္မာယုံသူသည် ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
သူသည် အဖြူရောင်တာအိုသင်္ကန်းဝတ်ထားပြီး လေအလျင်ကဲ့သို့ ရေပူစမ်းနားရောက်သွားသည်။
ကျန်းလော့သည် သူဘာလုပ်မည်ကို မသိသော်လည်း နောက်ခနတွင် ကံကြမ္မာယုံသူ ခြေကြွလိုက်ပြီး နက်မှောင်နေသော ရေပူကန်ထဲသို့ ညင်သာစွာ ဆင်းလာသည်။
ရုတ်တရက် မပြောမဆိုဆင်းသွားသောကြောင့် တာအိုဆရာတော်ဝေ့ဟယ်သည် အထိတ်လန့်အော်မိသွားသည်။
“ကံကြမ္မာယုံသူ”
ကံကြမ္မာယုံသူကပြောသည်။
“အန္တာရာယ်မရှိဘူး”
သူသည် ရေထဲသို့ တစ်ကိုယ်လုံးရောက်သွားပြီဖြစ်သည်။ ကံကြမ္မာယုံသူ၏လှုပ်ရှားမှုများသည် ရေနက်များကို လှိုင်းထလာစေပြီး ရေကန်ထဲမှ ရေပူများသည် သူ့ခါးနားတွင် လှိုင်းထန်နေသည်။ ကံကြမ္မာယုံသူသည် ကျန်းလော့ကို ကြည့်လိုက်ပြီး သူ့ဆီသို့ လျှောက်သွားလိုက်သည်။
ကျန်းလော့တစ်ကိုယ်လုံးရှိ ကြွက်သားများတောင့်တင်းလာပြီး သူ့ကိုယ်သူကာကွယ်ရန် သတိကပ်ထားသည်။
ကံကြမ္မာယုံသူ၏ သင်္ကန်းတစ်ဝက်သည် ရေထဲတွင် နှစ်နေပြီဖြစ်သော်လည်း ဂရုမစိုက်ပေ။ သူရေထဲတွင် လမ်းလျှောက်နေလေ ရေထဲမှ အညစ်အကြေးများသည် ရုတ်တရက် စတင် သန့်စင်သွားပြီး ချက်ချင်း အနက်ရောင်များ ပြယ်သွားပြီး ဖောက်ထွင်းမြင်နိုင်အောင် ကြည်လင်သွားသည်။
ကျန်းလော့နားသို့ တစ်လှမ်းတိုးတိုင်း သန့်စင်သော ရေစင်များသည် သူနှင့် တစ်ပါထဲလိုက်လာကာ ရေနက်များကို သန့်စင်ပေးနေသည်။ တစ်နေကုန်သွားသောအခါ ကျန်းလော့ပတ်ပတ်လည်လေးတွင်သာ အနက်ရောင်များကျန်တော့သည်။
ကံကြမ္မာယုံသူသည် ကျန်းလော့နားသို့ ကပ်လာသည်။
သူသည် ကျန်းလော့ဆီသို့ လက်ဆန့်ထုတ်လိုက်သည်။ သူ၏ဖြူဖျော့ဖျော့ မျက်ဆံများထဲတွင် ပင်လယ်၏ကောက်ကွေ့သော အပြောင်းလဲများကို ထိန်းချုပ်ထားပုံရကာ ညင်သာစွာ ပြုံး၍ ပြောလိုက်သည်။
“လာ”
ကျန်းလော့လက်ချောင်းများသည် ရေအောက်ထဲတွင် လက်သီးဆုပ်လိုက်ကာ ဘာမှမဖြစ်သလို အပြုံးလေးဖြင့် ကံကြမ္မာယုံသူကို လက်လှမ်းပေးလိုက်သည်။ သူတို့လက်များ ထိတွေ့သွားသည်နျင့် ကျန်းလော့လက်ချောင်းမှ ရေစက်အနက်ရောင်များသည် ကံကြမ္မာယုံသူ၏လက်ပေါ်တွင် တင်ကျန်သွားသည်။
ကံကြမ္မာယုံသူသည် ငုံ့ကြည့်လိုက်ပြီး ကျန်းလော့လက်ကို မြဲမြံစွာ ဆုပ်ကိုင်ထားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန်းလော့လက်ချောင်းထိပ်များမှ ရေစက်နက်များအားလုံးသည် လူငယ်လေး၏ကိုယ်ပေါ်တွင် စတင်ကြည်လင်လာပြီး ခနအတွင်းမှာပင် ရေကန်ထဲတွင် အနက်ရောင်ရေ တစ်စက်မှ မကျန်တော့ပေ။
ကျန်းလော့သည် မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်ပြီး ရုတ်တရက် ရိုသေလေးစားသွားကာ
“ခင်များက အံ့ဩဖို့ကောင်းလိုက်တာ”
ကံကြမ္မာယုံသူသည် ရယ်မောလိုက်ပြီး ပြောခဲ့သည်။
“ဒါက ဘာမှမဟုတ်သေးပါဘူး”
သူသည် ကျန်းလော့လက်ကို လွတ်လိုက်ပြီး သူ့မျက်နှာသည် မြူများကြောင့် ရေငွေ့ရိုက်ကာ စိုရွှဲနေသလို ဖြစ်နေပြီး အနည်းငယ်ဝေးသော အကွာအဝေးကြောင့် ကုသမှုမရောက်နိုင်သလို ဖြစ်ကာ ကံကြမ္မာယုံသူသည် ပို၍ နူးညံ့သိမ်မွေ့သော အသံဖြင့်
“ရေကန်အလယ်ကိုလာခဲ့”
ကျန်းလော့သည် နာခံစွာဖြင့် ရေကန်အလယ်သို့ လျှောက်လာသည်။ ကံကြမ္မာယုံသူသည် ရေကန်ထဲမှ ထွက်သွားကာ သူထွက်သွားသည်နှင့် ကျန်းလော့ကိုယ်ထဲမှ အနက်ရောင်များစိမ့်ထွက်လာကာ ရေများကို မည်းနက်သွားစေသည်။ ကံကြမ္မာယုံသူသည် ရှည်လျားလုံးဝန်းသော လက်ချောင်းများကို မြှောက်လိုက်သည်။
သူ့လက်ခလယ်မှ သွေးတစ်စက်ထွက်လာကာ ရေကန်ထဲသို့ ကျသွားသည်။ ရေနက်များကို မသန့်စင်နိုင်သည့်အပြင် ဝါးမြိုခံလိုက်ရသော ထျန်ပိရေကန်သည် စတင်၍ ကျန်းလော့ခန္ဓာကိုယ်ထဲမှ အညစ်အကြေးများကို သွေးစက်မှထွက်လာသော အဆုံးမရှိသော အင်အားများက သန့်စင်သွားအောင် ဝါးမြိုသွားတော့သည်။
########################