အပိုင်း (၁၂၁)
မှန်ဝင်္ကပါလောကဆီသို့
ကျန်းလော့ အံ့အားသင့်သွားသည်။ ချီယုံ့ကို အပေါ်အောက်ကြည့်၍ ရုတ်တရက် မျက်လုံးများပါ ပြုံးလာတော့သည်။
“မင်း မဟုတ်မှလွဲရော....”
တစ်ဝက်တစ်ပြတ်သာပြောပြီး ဆံပင်အနက်ရောင် လူငယ်လေးသည် ဆက်မပြောပဲ တမင်တကာ ရပ်လိုက်ရာ ချီယုံက ဘာမှမထူးဆန်းသလို မေးလိုက်သည်။
“ဘာဖြစ်လဲ”
ကျန်းလော့သည် ရယ်မောလိုက်ပြီး ချီယုံ့ကို စနောက်လိုစွာကြည့်၍ ပြောသည်၊
“ငါက အကြီးအကဲတွေနဲ့ တွေ့ဖို့မလိုဘူးလေ အဲ့တော့ ငါ့မှာအဲ့တာတွေ ရှိစရာမလိုဘူး”
ချီယုံ့မျက်နှာထားသည် စောတုန်းကအတိုင်း မပြောင်းလဲပေ။
“ကောင်းပြီလေ”
သို့သော် အကြည့်များကတော့ဖြင့် ကျန်းလော့၏ လည်ပင်းမှ မလွှဲနိုင်သေးပေ။
သူဘာမှမသိလို့မဟုတ်ဘဲ တကယ်ကို ဘာလုပ်မှန်းနားမလည်သောကြောင့် ဖြစ်သည်။ ချီယုံသည် ကျန်းလော့ကို ပြန်၍ ယားယံပြီး သူ့ကဲ့သို့ လည်ပင်းတွင် အမှတ်နီနီများ ပြန်လုပ်ချင်နေတာပဲ သိသည်။
နောက်ဆုံးတွင် အရာအားလုံးသိပြီး အရွယ်ရောက်နေသော ယောက်ျားတစ်ယောက်နှင့် ဘာမှမသိသေးသော ဆယ်ကျော်သက်ကလေး၏ ကွာခြားချက်မှာ ဒါပင်ဖြစ်သည်ဟု ချီယုံက သက်သေပြသွားလေသည်။
တကယ်တမ်းတွင် ကျန်းလော့သည် ထိုကိစ္စများတွင် အကင်းပါးပါး မတုံ့ပြန်နိုင်ပေ လူများ သူ့ကို ဘယ်လိုထင်၍ ဘယ်လိုပြောနေလဲလည်း သူဂရုမစိုက်သလို စိတ်လည်းမဝင်စားပေ။ သို့သော် မှန်လောကအပြင်ဘက် ချီယုံနှင့် ပတ်သက်မိချိန်မှစ၍ ကျန်းလော့သည် ချီယုံ၏ ခံစားချက်အကူအပြောင်းကို သိသိသာသာ ဂရုစိုက်လာမိသည်။
‘နတ်ဘုရားအပေါင်းတို့..............’
‘ဒီဆယ်ကျော်သက်ချီယုံကတော့ ကျွန်တော့အပေါ် ဒီလိုအတွေးမျိုး မရှိလောက်ပါဘူးနော်’
ပထမအကြိမ်တပည့်ဖြစ်ခဲ့ပြီး နောက်လည်းတပည့်ပဲ ဖြစ်နေသေးသည့် ကျန်းလော့သည် ပထမဆုံးအကြိမ်ကို မယုံနိုင်၍ ရွံရှာစက်ဆုပ်ခဲ့သော ခံစားမှုသည် ယခုအခါ ထူးဆန်းသော မရေရာသည့် ခံစားချက်အဖြစ် ကူးပြောင်းသွားသည်ကို အံ့အားသင့်ဖွယ် သိလိုက်ရသည်။
ထိုအရာသည် ပြောရမည်ဆိုလျှင် ကစားပွဲကို ဘာမှန်းမသိလိုက်ပဲ အောင်နိုင်သွားသလို၊ ဝေဝေဝါးဝါး ကျေနပ်အားရမှုနှင့် သူများကိတ်မုန့်ယူစားလိုက်သော မကောင်းဆိုးဝါး၏ဖင်ကို ခြေဗလာဖြင့် တက်နင်းလိုက်ရသလို ခံစားချက်မျိုးဖြစ်သည်။
ချီယုံသည် နှစ်ပေါင်းများစွာ တည်ရှိလာသော မျိုးနွယ်စုကြီးဖြစ်သည့် ချီမိသားစု၏ ခေါင်းဆောင် စွမ်းအားများ မခန့်မှန်းနိုင်လောက်အောင် ကောင်းသော မကောင်းဆိုးဝါးတစ်ကောင် လိမ်ညာခြင်းတွင် တဖက်ကမ်းခတ်တော်သော လူများကို လှည့်စား၍ သူတော်ကောင်းယောင်ဆောင်ထားပြီး သူ့စိတ်လိုအင်သည် စည်းမျဉ်းအဖြစ်သတ်မှတ်ထားသူ တခြားသူများလက်ကိုသုံး၍ ကိုယ့်လက်ကို အညစ်ပတ်မခံသူဖြစ်သည်။ သူ့တွင် များစွာသော နောက်လိုက်ငယ်သားများရှိသော်လည်း ထိုသို့သောသူသည် ကျန်းလော့၏ သည်းမခံနိုင်စရာ အပြုအမူများတွင် ကျဆုံးသွားရသည်။
ထိုအချက်သည် ရိုးရှင်းစွာပင် ကျန်းလော့ကို မြှောက်တက်သွားစေသည်။ သူ့ကိုယ်သူ အင်အားကြီး မကောင်းဆိုးဝါးကြီးကို ထိန်းချုပ်နိုင်နေသည့် ဆရာကြီးလို ခံစားရစေသည်။
သူတို့ ဒီလောကထဲသို့ ရောက်လာတုန်းထဲက ချီယုံသည် သူ့ကို သတ်ချင်နေသည်ဆိုပါလျှင် အခုရော သတ်ချင်သေးသည်လား သူမခန့်မှန်းနိုင်သေးပေ။
ကျန်းလော့သည် ချီယုံ့ကို မြဲမြံစွာ ကြည့်နေပြီး စိတ်ထဲမှ သက်ပြင်းချလိုက်သော်လည်း အပြင်မှာတော့ ပြုံးနေတုန်းပင် ဖြစ်သည်။
ယခု ကျန်းလော့သည် သူသံသယဝင်နေသည့် အချက်ကို အတည်ပြုချင်လာသည်။ သူခန့်မှန်းသည်များသာ မှန်နေခဲ့ပါလျှင် ကျန်းလော့သည် မှန်လောကထဲမှ ထွက်သည်နှင့် ချီယုံ့ရှေ့သွားပြီး လက်ညိုးထိုးကာ အော်ရယ်ပစ်ရန်ပါ တစ်ခါထဲ တွေးထားလိုက်သည်။
ကျန်းလော့သည် စိတ်ဆုံးဖြတ်ပြီးသည်နှင့် စိတ်ကောင်းဝင်သွားတော့သည်။ ထို့ကြောင့်သူသည် အားအင်ပြည့်ဝနေသော ခြေလှမ်းများဖြင့် ရွှံ့ဗွက်အိုင်လို အိမ်တော်ကြီးဆီသို့ တက်ကြွစွာ ပြန်လာခဲ့သည်။
ချီမိသားစု အိမ်တော်ထဲတွင် အိမ်တော်ဝင်ပေါက်နားရှိ သစ်ပင်ကြီးအောက်တွင် လူနှစ်ယောက်သည် ကျန်းလော့ ပြန်အလာကို ပူပန်စွာ စောင့်နေကြသည်။
ချင်းယွင်သည် ဟိုလျှောက်သည်လျှောက် လျှောက်နေပြီး သူမ၏လက်ချောင်းများကို အချင်းချင်းဆုပ်ကိုင်ထားသောကြောင့် လက်သည်းနီရဲရဲများမှာ ပုံပျက်သွားလုနီးပါးဖြစ်နေလေပြီ။
ချင်းယွင်သည် ကြောက်လန့်လွန်းနေပြီး သူမအသံသည် တုန်ယင်နေရှာသည်။
“ကျန်းလော့ အိုက်ယား သူက ဘာလို့ပြန်မလာသေးတာလဲဟာ ဘယ်လိုလုပ်ကြမလဲ မှောင်တောင် မှောင်နေပြီဟ”
သူမနှင့်အတူစောင့်နေသော လျန်ရွှီသည်လည်း နှုတ်ခမ်းများပင် ဖြူဆုတ်နေပြီး နှုတ်ခမ်းတင်းတင်းစေ့၍ ကြုံလာရသော အခြေအနေများကြောင့် သူမမျက်ဝန်းထဲတွင် စိတ်ပူပန်မှုများ ထင်ဟပ်နေကာ အိမ်တော်တံခါးမကြီး အပြင်ဘက်ကိုသာ မကြာမကြာ လှမ်းကြည့်နေသည်။
သူမသည် ချင်းယွင်ထက်စာလျှင် အနည်းငယ်ပို၍ တည်ငြိမ်ကာ မသေချာသော်လည်း သေချာသလိုပြောလာသည်။
“အဆင်ပြေသွားမှာပါ သူတို့ ပြန်လာဖို့ မကြာတော့လောက်ပါဘူး”
ချင်းယွင်၏ ခြေလှမ်းများ ရပ်သွားပြီး သူမသည် မိုးမခပင်ကြီးကို မော့ကြည့်ကာ သူမခေါင်းမှ ချွေးများစီးကျနေပြီး တစ်စုံတစ်ခုကို စစ်ဆေးတွေးတောနေကာ မျက်လုံးများသည် ရီဝေငေးငိုင်သွားသည်။
“လျန်ရွှီ တွမ့်ကျီသေသွားပြီ သူ သူဘယ်လိုများသေသွားရတာလဲဟာ ပြီးတော့လဲ သူသေသွားတဲ့ပုံစံက အရမ်းဆိုးလွန်းတယ် ပြီးသွားပြီ............... မကောင်းဆိုးဝါးက ငါတို့တွေကို စောင့်ကြည့်နေလောက်ပြီ သူ့ကို သတ်ဖို့ ငါတို့ဒီရောက်လာတာကို သိသွားပြီး သူအရင်လက်ဦးအောင် စီစဉ်နေလောက်ပြီ တွမ့်ကျီအလှည့်ပြီးသွားပြီဆိုတော့ နောက်ဆို ငါတို့အလှည့်ပဲ တုကော၊ လိရှောင်း ပြီးတော့ ငါ................... ကျန်းလော့ ကောင်းကောင်းသိပါတယ် ဒါပေမဲ့ လျန်ရွှီ ငါတို့က နင်တို့နဲ့မတူဘူးလေ လျန်ရွှီ ငါတကယ်မသေချင်ဘူး ငါ ငါအခုမှ ငယ်ငယ်လေးပဲ ရှိသေးတာ...........”
သူမသည် ကြောက်စိတ်မွှန်ပြီး ဗလုံးဗထွေးပြောနေတော့သည်။
လျန်ရွှီသည် ခါးသီးစွာရယ်လိုက်ပြီး
“ဘယ်လိုလူမျိုးကမှာ သေချင်မှာမို့လို့လဲ”
ချင်းယွင်သည် ရုတ်တရက် တိတ်ဆိတ်သွားပြီး လျန်ရွှီရှေ့ထိလျှောက်သွားကာ သူမလက်ကို ဆုပ်ကိုင်၍ မျှော်လင့်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
“လျန်ရွှီ နင်နဲ့ ကျန်းလော့နဲ့ အရမ်းရင်းနှီးတယ်မလား ငါတို့ကို ကာကွယ်ပေးဖို့ သူ့ကိုတောင်းဆိုပေးပါဟာ လုပ်ပေးမယ်မလား သူ့ကို မကောင်းဆိုးဝါးကို သတ်ပြီး ငါတို့ကို အိမ်ပြန်ခေါ်သွားဖို့ ပြောပေးပါဟာ နော်”
လျန်ရွှီသည် မျက်မှောင်ကြုတ်လိုက်ပြီး သူမလက်ကို ပုတ်ထုတ်လိုက်ကာ
“ချင်းယွင် ငါတို့မျှော်လင့်ချက်တွေကို အစ်ကိုကြီးကျန်းလော့အပေါ်မှာပဲ ပုံချလိုက်လို့မဖြစ်ဘူးလေ”
သူမသည် တည်ငြိမ်သော်လည်း သိအောင်ပြောမှရမည့်ပုံဖြင့် အသံအနည်းငယ်မာသွားသည်။
“ငါတို့အားလုံးက ဒုက္ခရောက်နေတဲ့သူတွေ အစ်ကိုကြီးကလည်း ငါတို့နဲ့အတူတူ ဒုက္ခရောက်နေတဲ့သူပဲလေ ငါတို့ ရှစ်ယောက်လုံးက မှန်လောကထဲကို အလိုမရှိဘဲ ရောက်လာရတာ ငါတို့နေ့တိုင်းရှောင်ပုန်းနေပြီး အစ်ကိုကြီးကိုပဲ အားလုံးတာဝန်ပေးထားလို့ မဖြစ်ဘူး သူက ငါတို့ထက်ပိုပြီး လုပ်နိုင်စွမ်းရှိတယ်ဆိုရင်တောင် အစ်ကိုကြီးကို ငါတို့အသက်ရှင်ဖို့အတွက် ဖိအားတွေ ဝန်ပိုတွေ ပေးလို့မရဘူးလေ”
သူမသည် စကားဆုံးအောင် ပြောပြီး သက်ပြင်းချလိုက်ကာ မထိန်းချုပ်နိုင်ပဲ တိုးတိုး ပြောလိုက်မိသည်။
“ကျုံးချိုးသာ ဒီမှာရှိရင်ကောင်းမယ်”
လျန်အိမ်တော်သည် အစဉ်အဆက်ထဲက ပယောဂကု ဆေးပညာ (သို့) နတ်ဆေးပညာ ကိုသာ ဦးစားပေး သင်ယူလေ့ကျင့်သော အိမ်တော်ဖြစ်သည်။ မျိုးဆက်များ တစ်ဆက်ပြီး တစ်ဆက်ပြောင်းလဲလာပြီးနောက် အကြီးအကဲများသည် နောက်မျိုးဆက်များ လမ်းလွှဲသွားမည်ကို စိုးရိမ်သဖြင့် နတ်ဆေးပညာမှအပ မည်သည့်ပညာရပ်ကိုမှ သင်ယူခွင့် မပေးတော့သလို သူတို့ကလည်း သင်မပေးခဲ့ပေ။
အကြီးအကဲများ၏ အဆိုအရ သမားတော်ကောင်းတစ်ယောက်ဆိုလျှင် သူတို့ကို လူတိုင်းက လာရောက်ကာကွယ်ပေး လိမ့်မည်ဟု ဆိုသည်။ လျန်ရွှီသည် ကြုံတောင့်ကြုံခဲ တောင်ပေါ်မှ ဆင်း၍ ဤကိစ္စသာမကြုံခဲ့ရလျှင် သူမသည် အကြီးအကဲများပြောသမျှအကုန် အမှန်ဟု ထင်မိမှာဖြစ်သည်။ တကယ်လည်း အရင်ထဲက အကြီးအကဲများ၏ ဆုံးမချက်များတွင် ယနေ့မတိုင်ခင်အထိ မည်သည့် ဆိုးကျိုးမှမတွေ့ခဲ့ရပေ။
သူမတို့ လျန်မိသားစုရှိ အကြီးအကဲများမှ အငယ်ဆုံးမျိုးနွယ်ဝင်များအထိ အားလုံးသည် လိုချင်ဆန္ဒနည်းပါးကြပြီး သူတို့ ပစ္စည်းကို ယူသွားလျှင်ပင် အကျိုးအမြတ်ကို ထည့်မတွက်ဘဲ ရောင့်ရဲကြသူများ ဖြစ်ကြသည်။
သို့သော် ယခုလို တစ်စုံတစ်ခု ကြီးကြီးမားမားကြုံလိုက်ရသောအခါ လျန်ရွှီသည် သူမတစ်ဘဝလုံးတွင် တစ်ခုခု မှားယွင်းလာသလို ခံစားနေရတော့သည်။
အကယ်၍ သူမတို့ အန္တာရယ်ကြုံလာလျှင် သူမတို့တွင် ဆေးပညာသာ တတ်ပြီး ဆေးပညာဖြင့် လူတိုင်း၏ အသက်ကို ကယ်နိုင်သည်ဆိုသော်လည်း တကယ်ပဲ ကယ်နိုင်ပါရဲ့လား။
လျန်ရွှီသည် ရုတ်တရက် တာအိုဆရာတော်ကြီး ဝေ့ဟယ် ကိုသွားသတိရမိသည်။
‘ဆရာတော် ဝေ့ဟယ်က ရွှမ်ရွှီပညာရပ်ကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်တာပဲ’
ဤလောကသည် အကြီးအကဲများ၏ ဆုံးမစကားများနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ သူမထွက်သွားပြီးသည်နှင့် ဆရာတော်ဝေ့ဟယ်ကို သွားရှာရန် ဆုံးဖြတ်လိုက်သည်။
ရှေ့တံခါးဆီမှ ဆူညံသံများ ကြားလိုက်ရသည်။ အချိန်အားဖြင့်တော့ သူတို့ သိပ်ကြာအောင် မစောင့်လိုက်ရပါချေ။ တံခါးဝတွင်ပြန်လာသောသူများသည် ချီယုံနှင့် ကျန်းလော့ ဖြစ်နေသည်လေ။
လျန်ရွှီနှင့် ချင်းယွင်တို့သည် ဝမ်းသာသွားသော်လည်း သူမတို့၏ အဆင့်အတန်းများသည် ရှေ့တိုး၍ စကားသွားပြောရန် မသင့်တော်နေပါချေ။ ထို့ကြောင့် သူတို့သည် ကျန်းလော့ သူတို့ဘက်လှည့်ကြည့်လာမည့် အချိန်ကို စိတ်ရှည်ရှည်စောင့်နေရသည်။
ကျန်းလော့နှင့် ချီသခင်လေးတို့ ချီအိမ်တော်ထဲသို့ ဝင်လာသည်နှင် ချင်းယွင်၏ မျက်နှာသည် အပြုံးအကြီးကြီးဖြင့် ဝင်းပသွားသည်။ ချင်းယွင်၏အပြုံးမျက်နှာသည် အေးခဲသွားပြီး လျန်ရွှီ၏လက်ကို ဆုပ်ကိုင်၍ မယုံနိုင်စွာ ပြောလိုက်သည်။
“လျန်ရွှီ အဲ့တာက သစ်သားစံအိမ်ရဲ့ ပိုင်ရှင်မို့လား”
လျန်ရွှီသည် ချီယုံ့ကို ကြည့်လိုက်ပြီး သူမကို တည်ငြိမ်စွာ ခေါင်းခါပြလိုက်သည်။
“မဟုတ်ဘူး အဲ့ဒါက ချီယုံ ချီမိသားစုသခင်လေး”
ချင်းယွင်သည် ချီယုံ့ကို မယုံနိုင်စွာ ကြည့်၍ အကြာကြီး ဆွံ့အနေကာ
“ဘယ်လိုလုပ် ဘယ်လိုလုပ်ပြီး သူက စံအိမ်ပိုင်ရှင်နဲ့ အရမ်းတူနေရတာလဲ”
လျန်ရွှီသည် သူမ၏မေးခွန်းတွင် စကားလုံးများပျောက်ဆုံးသွားကာ မည်သို့ ပြန်ဖြေရမှန်း မသိတော့ပေ။ ချင်းယွင်သည် ရုတ်တရက်လှည့်လာပြီး ပြောသည်။
“နင်သိနေတာလား”
လျန်ရွှီသည် တိတ်ဆိတ်နေသည်။
ထိုအချိန်တွင် ချင်းယွင်သည် လျန်ရွှီ၏လက်ကို လွတ်လိုက်ပြီး ကျန်းလော့ကို ကြည့်လိုက်သည်။ ပျော်ရွှင်နေသော သူမမျက်နှာသည် သံသယဝင်မှုများကြောင့် မှုန်မှိုင်းလာကာ
“နင်တို့တွေ အစထဲက ချီမိသားစုရဲ့သခင်လေးနဲ့ အိမ်ပိုင်ရှင်သခင်ကြီးတို့ ရုပ်တူနေတယ်ဆိုတာ သိတယ် သိရဲ့သားနဲ့ ငါတို့ကို မပြောပြဘူး ဖြစ်နိုင်တာ ............... ငါတို့ကို ဒီလောကထဲရောက်အောင် နှင်းမုန်တိုင်းထဲကနေ တမင်တကာ ခေါ်လာတာ နင်တို့တွေပေါ့”
လျန်ရွှီသည် ထိတ်လန့်သွားပြီး
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
“ဒါဆို နင်တို့ဘာလို့ ဒီအကြောင်းကို တစ်ခွန်းမှ ပြောမပြကြတာလဲ ပြောလေ”
ချင်းယွင်သည် နောက်ဆုတ်လိုက်ပြီး ထပ်ကာထပ်ကာ စိတ်ပျက်စွာမေးနေသည်။
“နင်တို့ အဲ့အိမ်ပိုင်ရှင်နဲ့လည်း သိနေကြတာတော့ မဟုတ်ဘူးမလား ..... ငါပြောချင်တာ ငါတို့က တောင်ပေါ်တက်လာပြီး နှင်းမုန်တိုင်းမိပြီး ကယ်တင်ခံရတယ်တဲ့ တိုက်ဆိုင်လွန်းမနေဘူးလား ပြီးတော့လဲ နင်တို့ကပါ မုန်တိုင်းမိပြီး ကယ်တင်ခံရပြန်တယ်”
“ အဲ့ဒီအိမ်ကြီးရှင်ကလည်း အရမ်းချောနေလိုက်တာမှ ရုပ်ရှင်မင်းသားတွေတောင် ထိုင်ငိုရတော့မလိုဘဲ ဒီလိုလူမျိုးနှဲ့ တွေ့ဖို့ တိုက်ဆိုင်တာ ဖြစ်နိုင်ပါ့မလား သူက မှန်အပြင်ဘက်မှာလဲ အိမ်ကြီးရှင်သခင်ကြီး မှန်ထဲမှာလဲ မျိုးနွယ်စုခေါင်းဆောင်သခင်ငယ်လေးတဲ့ ပြီးတော့ ပိုပြီးငယ်နေသေးတယ်ဆိုပေမဲ့လည်း ဒီမှာတစ်ခုခု ဖုံးကွယ်ထားတာ ရှိကိုရှိရမယ် ”
“ကျန်းလော့ရဲ့ ဘယ်သာမန်လူမှမလုပ်နိုင်တဲ့ ဟိုကြောက်စရာကောင်းတဲ့ လှည့်ကွက်ဆိုရင် ပြောနေစရာတောင် မလိုတော့ဘူး ............ ဘယ်လိုလုပ်ပြီး ငါတို့အားလုံးသူ့ဆီကိုမှ တိုက်တိုက်ဆိုင်ဆိုင် ရောက်သွားရတာလဲ နင်ပဲဖြစ်ရမယ် နင်တို့ပဲ နင်တို့နဲ့ အဲ့ဒီစံအိမ်ပိုင်ရှင်တို့ အတူတူပေါင်းကြံပြီး ငါတို့ကို ကစားနေတာမလား ဟမ် ငါပြောတာမှန်တယ်မလား”
အလွန်အင်မတန် ကြောက်ရွံ့ထိတ်လန့်နေသော အချိန်တွင် လူတိုင်း၏ အတွင်းစိတ်ထဲတွင် လူတကာကို မယုံသင်္ကာဖြစ်၍ သံသယဝင်မှုများ ဆက်တိုက် တိုးပွားလာတတ်သည်မှာ ပုံမှန်ဖြစ်သည်။ လျန်ရွှီသည် ချင်းယွင်၏ ကြောက်ရွံ့မှုကို နားလည်သည်။ သူမတို့နှင့် သာမန်လူများသည် မတူညီသော ကမ္ဘာနှစ်ခုတွင် နေထိုင်သောသူများလိုပင် သူမအတွက်တော့ သာမန်လူများသည် ဘာကိုမှ နားမလည်သော ကလေးငယ်များသာဖြစ်သည်။
သို့သော် ချင်းယွင်ကိုသာ ရှင်းမပြဘဲ ထားလိုက်လျှင် နောက်ဆက်တွဲ ပြဿနာကို ထိန်းချုပ်၍ ရမည်မဟုတ်တော့ပေ။
သူမကပြောသည်။
“ချင်းယွင် ငါတို့ကို ညဆယ့်နှာရီမှာ မှန်ထဲကို ကြည့်ဖို့ ပြောခဲ့တဲ့ သူက တွမ့်ကျီဆိုတာ နင်မေ့သွားတာလား”
ချင်းယွင်သည် အေးစက်သွားပြီး သူမပြောမှသာ ထိုအကြောင်းအရာ၏ အရင်းအမြစ်ကို တွေးမိတော့သည်။ တကယ်ကိုပင် သူတို့ကို မှန်ထဲကို ကြည့်ဖို့ အမိန့်ပေးခဲ့သူမှာ တွမ့်ကျီသာဖြစ်သည်။
သူ့အမိန့်ကို ကျန်းလော့နှင့် အိမ်ရှင်သခင်ကြီးတို့မှ လက်ခံခဲ့ရခြင်းဖြစ်သည်။
‘ဟုတ်သားပဲ တွမ့်ကျီ................’
သူမသည် ပြင်းထန်စွာ စိတ်ကစဉ့်ကလျားဖြစ်နေခြင်းမှ တည်ငြိမ်သွားပြီး သူမမျက်နှာကို လက်နှစ်ဖက်ထဲဖြင့် ပွတ်သပ်လိုက်ကာ
“လျန်ရွှီ ငါတောင်းပန်ပါတယ် ............ ငါ ငါအရမ်းကြောက်သွားလို့ ငါတောင်းပန်ပါတယ်ဟာ..................”
လျန်ရွှီသည် စိတ်သက်သာရာရအောင် သက်ပြင်းမောကြီးတစ်ခု မှုတ်ထုတ်လိုက်ပြီး ရှေ့တိုး၍ ချင်းယွင်နောက်ကျောကို ညင်သာစွာ ပုတ်ပေးလိုက်သည်။
“ရပါတယ် ဒီနေ့ည အားလုံးစုပြီး စကားပြောကြမယ်လေ တွမ့်ကျီကသေသွားပြီဆိုပေမဲ့ ငါတို့ကတော့ မသေသေးဘူးလေ ငါတို့ ထွက်ခွင့်ရဖို့ ပိုပြီး စိတ်အေးအေးထားမှ ရမယ်”
ချင်းယွင်သည် တိတ်ဆိတ်စွာ ခေါင်းညိတ်ပြလိုက်သည်။
လျန်ရွှီသည် အိမ်တော် တံခါးမကြီးကို ကြည့်လိုက်သောအခါ ကျန်းလော့နှင့် ချီယုံတို့ကို မတွေ့တော့ပေ။
‘ကြည့်ရတာ အစ်ကိုကြီးကို ဆက်သွယ်ဖို့ တခြားနည်းလမ်း ရှာရတော့မယ်ထင်တယ်’
ကျန်းလော့နှင့် ချီယုံတို့သည် အခန်းဆီသို့ ပြန်သွားကြပြီး အစေခံတစ်ယောက်ကို ကောက်ညှင်းဆန်တစ်ပန်းကန် ယူခိုင်းလိုက်သည်။ ကောက်ညှင်းဆန်သည် မကောင်းဆိုးဝါးနှင်သည့်နေရာတွင် အသုံးဝင်သလို အလောင်းကောင်အဆိပ်ဖြေရန်လည်း အသုံးဝင်သော အစွမ်းထက် ဖြေဆေးဖြစ်သည်။
အဖြူရောင် ကောက်ညှင်းဆန်စေ့ပန်းကန်ကို စားပွဲပေါ်တင်ထားပြီး ချီယုံသည် အပေါ်ပိုင်း အဝတ်များ ချွတ်နေသည်။
“သခင်လေးကျန်းကိုပဲ အလုပ်ပေးရတော့မယ်”
ကျန်းလော့သည် ဆန်စေ့များကို လက်ဖဝါးထဲတွင် ထည့်၍ သိချင်စွာ ပြောသည်။
“သခင်လေးချီ ကျွန်တော် ဘယ်လိုလုပ်ရမလဲ မသိဘူး”
ကျန်းလော့သည် ချီယုံရှင်းပြသည်ကို နားမလည်တလည်ဖြင့် မျက်မှောင်ကြုတ်၍ ခေါင်းညိတ်သည်။ ချီယုံထိုင်ချလိုက်သောအခါ သူသည်တွေဝေသွားသော်လည်း ချီယုံ၏လည်ပင်းရှိ ဒဏ်ရာကို လက်ဖဝါးဖြင့် ကပ်လိုက်သည်။ ကောက်ညှင်းဆန်စေ့များ ဒဏ်ရာနှင့် ထိလိုက်သည်နှင့် အသားမှတရှဲရှဲလောင်ကျွမ်းနေသံဖြင့် အဖြူရောင်အငွေ့များ သူ့လက်ဖဝါးအောက်မှ ထွက်လာတော့သည်။
ကျန်းလော့သည် အကပ်ခံနေရတာ သူ့လည်ပင်းမဟုတ်သောကြောင့် ဘယ်လိုခံစားရမှန်း မသိပေ။
“ဒီဟာက ငါပထမဆုံးလုပ်ဖူးတာဆိုတော့လေ နာလား”
ကျန်းလော့သည် ထိန်းမထားနိုင်တော့ပဲ မေးလိုက်သည်။
ချီယုံသည် ပြုံးနေပြီး
“ရပါတယ်”
အချိန်ခနကြာပြီးနောက် အဖြူရောင်အခိုးအငွေ့များ ပျောက်ကွယ်သွားပြီး အသားလောင်ကျွမ်းရာမှ ထွက်လာသော အနံ့အသက်များလဲ လျော့ပါးသွားသည်။ ကျန်းလော့သည် လက်ဖယ်လိုက်ရာ ဒဏ်ရာကိုကပ်ပေးထားသော အဖြူရောင်ဆန်စေ့များအားလုံး အမည်းရောင်ပြောင်းနေပြီး ချီယုံ၏ ဖုတ်ကောင်များကြောင့် ရခဲ့သော လည်ပင်းမှဒဏ်ရာသည် လုံးဝပျောက်ကွယ်သွားပြီဖြစ်သည်။
ချီယုံသည် အေးဆေးစွာဖြင့် တည်တည်ငြိမ်ငြိမ် အဝတ်အစားများ ပြန်ဝတ်နေပြီး
“သခင်လေးကျန်းက ဒီအလုပ်လုပ်တာ ပထမဆုံးဖြစ်တာတောင် သေသေသပ်သပ်လုပ်သွားနိုင်တယ်နော် ဒဏ်ရာပေါ်ကို တိတိကျကျ သန့်သန့်ရှင်းရှင်းတင်သွားတာ ကြည့်လိုက်တာနဲ့ ပါရမီရှင်လိုပဲဗျာ”
ကျန်းလော့က ယဉ်ကျေးစွာပြောသည်။
“မခံယူဝံ့ပါဘူး”
ချီယုံ ပြုံးလိုက်သည်။
“ဒါဆို သခင်လေးကျန်း ကိုယ် အကြီးအကဲတွေကို အရင်သွားတွေ့လိုက်ဦးမယ်”
ချီယုံထွက်သွားပြီးနောက် ကျန်းလော့သည် ကောက်ညှင်းဆန်ပန်းကန်ကို အစေခံတစ်ယောက်ကို သိမ်းခိုင်းလိုက်သည်။ အစေခံမလေးသည် ပန်းကန်ပြားယူပြီး ထွက်သွားတော့မည့် အချိန်တွင် တစ်စုံတစ်ခုကို သတိရသွားသည့် ပုံဖြင့်
“သခင်လေးကျန်း သခင်ငယ်လေးရဲ့ မနေ့ညက အဝတ်အစားတွေ ဘယ်မှာထားလဲ သိလားရှင့် ဒီနေ့ ကျွန်မအဝတ်လျှော်ဖို့လုပ်တော့ ရှာမတွေ့တော့လို့ပါ”
‘အဝတ်အစားတွေလား’
ကျန်းလော့သည် တွေးကြည့်ပြီး
“အိမ်ထဲမှာ မဟုတ်ဘူးလား”
အစေခံက ပြောသည်။
“ကျွန်မတို့က သခင်လေးခွင့်ပြုချက်မရှိဘဲ အိမ်ထဲ ဝင်ခွင့်မရှိပါဘူး အရင်တုန်းကတော့ သခင်လေးချွတ်တဲ့ အဝတ်အစားတွေကို ရေချိုးခန်းထဲမှာပဲ ထားနေကြပါ ဒီနေ့မှ သခင်လေးရဲ့ ရေချိုးခန်းထဲမှာ အဝတ်ပေတွေ မတွေ့လို့ မေးကြည့်တာပါ”
ကျန်းလော့က ပြန်ပြောသည်။
“ငါရှာကြည့်ထားလိုက်မယ်”
ထို့နောက်သူသည် အိမ်ထဲကိုရှာကြည့်ရာ အိပ်ရာအောက်တွင် သေချာထုတ်ပိုးထားသော ဘူးတစ်ခုကိုတွေ့လိုက်သည်။ သူဖွင့်ကြည့်လိုက်သောအခါ ချီယုံမနေ့က ဝတ်ထားခဲ့သော အဝတ်များကို တွေ့ရသည်။ ကျန်းလော့သည် အဝတ်များကို ထုတ်ကြည့်လိုက်သောအခါ အဝတ်အောက်နားတွင် ရွှံ့အစက်အပြောက်များနှင့် သွေးစက်အများအပြားကို တွေ့လိုက်ရသည်။
မနေ့ညက မိုးရွာသောကြောင့် ချီယုံကလည်း တစ်ညလုံးအပြင်ထွက်ထားရာ အင်္ကျီတွင် ရွှံ့များပေကျံနေသည်မှာ အံ့ဩစရာမဟုတ်ပေ။ သို့သော် သွေးစက်များပေနေသည်ကတော့ မတူတော့ပေ။
ကျန်းလော့သည် သွေးစက်များကို ထိကြည့်ပြီး အတွေးများသွားကာ အင်္ကျီများကို ချီယုံထားထားသည့်အတိုင်း ပြန်ထားပြီး အစေခံကိုပြောလိုက်သည်။
“ငါလည်း ရှာမတွေ့ဘူး”
အစေခံမလေး ထွက်သွားပြီးနောက် ကျန်းလော့သည် မျက်မှောင်ကြုတ်လိုက်သည်။
‘မနေ့ညက ချီယုံ ဘာလုပ်ခဲ့တာလဲ’
“အစ်ကိုကြီး.............”
“အစ်ကိုကြီး ကျန်းလော့ ............... ”
ကျန်းလော့သည် ထိုအသံကြားမှ အတွေးထဲက ထွက်လာကာ မော့ကြည့်လိုက်သည်။ သူမော့ကြည့်လိုက်သောအခါ စာရွက်အလုံးလေးတစ်ခု သူ့ခြေထောက်နားထိ လှိမ့်လာသည်ကို မြင်လိုက်ရသည်။
ဆယ့်ငါးမိနစ်ကြာပြီးနောက် အနောက်ဘက်ခြံဝန်းထဲမှ ကျောက်ဂူထဲတွင် ဖြစ်သည်။
ကျန်းလော့အထဲဝင်သွားသောအခါ ဂူထဲတွင် လူစုံနေပြီဖြစ်သည်။ မနေ့ကနှင့် ယှဉ်လျှင် ယနေ့လေထုသည် ထုံထိုင်းနေသည်။ တွမ့်ကျီ၏ သေဆုံးမှုသည် အုပ်စုတစ်ခုလုံးကို အရိပ်ကြီးတစ်ခုမိုးထားသလိုဖြစ်နေပြီး လိရှောင်းသည် သူမခေါင်းကို ဒူးနှစ်ဖက်ကြားနှစ်ထားကာ သူမအမူအယာကို ဖတ်မရပေ။
လျန်ပင်း၏မျက်လုံးများသည် နီရဲယောင်ကိုင်းနေကာ လိရှောင်းကို ဆက်တိုက်တောင်းပန်နေသည်။
“ငါတောင်းပန်ပါတယ်ဟာ အားလုံးငါ့အမှားပါ ငါသာမနေ့ညက ထွက်ရှာရင် သူသေလောက်မှာ မဟုတ်ဘူး ................. ”
လျန်ပင်းမှလွဲ၍ ကျန်လူများမှာ စကားပြောဖို့ စိတ်အဆင်မပြေကြပေ။ ကျန်းလော့ကိုမြင်လျှင် လျန်ချင်း၏မျက်လုံးများ တောက်ပလာပြီး အလျင်စလိုပြောလိုက်သည်။
“အစ်ကိုကြီး ဒီနေ့အစ်ကိုကြီးအပြင်ရောက်နေတာ အကြာကြီးပဲ အစ်ကိုကြီး တွမ့်ကျီအကြောင်း သိပြီးပြီလား ............. ”
“သိပြီးပြီ”
ကျန်းလော့ကပြောသည်။
“ငါကတော့ တွမ့်ကျီတကယ်မသေဘူးလို့ သံသယရှိတယ်”
လူတိုင်းသည် သူ့ကိုမယုံနိုင်စွာ ကြည့်လိုက်သည်။ လိရှောင်းသည် ကျန်းလော့ကို နီရဲနေသောမျက်လုံးများဖြင့် အလောတကြီး ကြည့်လိုက်သည်။ သူမမျက်လုံးထဲတွင် မျှော်လင့်ချက်နှင့် ကြောက်ရွံ့မှုတို့ လွန်ဆွဲနေသည်။
“တကယ်လား”
လျန်ပင်းသည်လည်း အပြစ်ရှိစိတ်ကြောင့် ခေါင်းငုံ့နေရာမှ သူ့ကို မော့ကြည့်လာပြီး မျှော်လင့်တကြီး မယုံနိုင်စွာ ပြောသည်။
“ဒါပေမဲ့ အစ်ကိုကြီး ကျွန်တော် တွမ့်ကျီကို ကားပေါ်တင်ပြီး အဝေးကြီးကို ခေါ်သွားတာ မြင်လိုက်တယ်ဗျ”
ကျန်းလော့သည် အမှားအယွင်းမရှိသေချာသလို ခေါင်းညိတ်လိုက်ပြီး
“မှန်လောကထဲမှာ သေဆုံးတာနဲ့ အပြင်က ငါတို့ရဲ့ ရုပ်ခန္ဓာသေဆုံးသွားတယ်လို့ မဆိုလိုဘူးလေ”
အမှန်တွင် ကျန်းလော့သည် ခန့်မှန်းကြည့်ရုံသာဖြစ်ပြီး တွမ့်ကျီတကယ်အသက်ရှင်မရှင် မသေချာပါချေ။ ကျန်းလော့သည် လူအုပ်ကြီးကို လိမ်ညာနေသော်လည်း တစ်ချက်မှ မျက်နှာပျက်မသွားပေ။ ထိုကဲ့သို့ လိမ်ညာခြင်းသည်သာ ယခုအချိန်တွင် လူတိုင်းအတွက် အကောင်းဆုံးစိတ်အခြေကို ပေးဆောင်နိုင်မည် ဖြစ်သည်။
လှောင်ပိတ်မွန်းကြပ်နေသော လေထုသည် ချက်ချင်းပြေလျော့သွားကွာ လိရှောင်းသည် ဝမ်းသာဝမ်းနည်းဖြင့် ရှိုက်ကြီးတငင်ငိုကြွေးနေသည်။ လျန်ရွှီသည် လိရှောင်းကို လက်ကိုင်ပုဝါတစ်ထည် ကမ်းပေးပြီး ပြုံးပြလိုက်သည်။
“ဒါကောင်းတာပါ လိရှောင်းရယ် တွမ့်ကျီမသေသေးဘူးလေ”
လျန်ပင်းသည် အပြစ်ရှိစိတ်ပြေပျောက်သွားပြီး သက်ပြင်းအကြီးကြီးချလိုက်သည်။ ထို့နောက် ထပ်ပြီး သူများထပ်ထူးသော အတွေးများပေါ်လာလေသည်။
“ဒါဆို ကျွန်တော်တို့ သေမှာကြောက်စရာမလိုတော့ဘူးပေါ့”
ကျန်းလော့က ခေါင်းယမ်းလိုက်ပြီး
“အပြင်က ခန္ဓာကိုယ်မသေဘူးဆိုပေမဲ့လဲ စိတ်ပိုင်းဆိုင်ရာကတော့ ထိခိုက်တယ်လေ ဆိုတော့ ငါတို့အသက်ရှင်ဖို့ ဒဏ်ရာမရဖို့ အကောင်းဆုံးတတ်နိုင်သမျှကြိုးစားရမှာပဲ.........မကောင်းဆိုးဝါးအတွက်ကတော့ ငါမြင်လာတာ တချို့ရှိတယ် ဒီနေ့ငါ ရိကျွမ်းကိုရောက်တော့ တွမ့်ကျီအပြင်ကို နောက်ထပ် သူတောင်းစားကြီးတစ်ယောက်လဲ အသတ်ခံထားရတယ် အဲ့ဒီသူတောင်းစားကိုယ်ပေါ်မှာ မကောင်းဆိုးဝါးရဲ့ ပုံရိပ်ကိုတွေ့ခဲ့တယ် ”
လူတိုင်းသည် တောင့်တင်းသွားပြီး လျန်ရွှီက မေးသည်။
“အစ်ကိုကြီး တကယ်ပဲ တွေ့ခဲ့တာလား”
တုကောကလည်း လေးနက်သည့်အသံဖြင့် ပြောသည်။
“မကောင်းဆိုးဝါးက ဘယ်လိုပုံလဲ”
ကျန်းလော့သည် သူတို့ကို သူမြင်ခဲ့သော မကောင်းဆိုးဝါ၏ ပုံစံကို အကျဉ်းချုပ်၍ ပြောပြလိုက်သည်။
“အနက်ရောင်ဝတ်ရုံနဲ့ မျက်နှာကို ကာထားတယ်”
လျန်ချင်းသည် သက်ပြင်းချလိုက်ပြီး
“ဒါဆို မကောင်းဆိုးဝါးဘယ်သူဆိုတာ ကျွန်တော်တို့ တိတိကျကျ မပြောနိုင်တော့ဘူးပေါ့”
လျန်ပင်းသည်လည်း သက်ပြင်းချလိုက်ပြီး နောက်လှည့်၍ သူပြင်ဆင်လာသည့်အရာများကို ထုတ်လိုက်သည်။ ကြက်ဖသွေးကို ပန်းကန်လုံးသေးလေးတစ်လုံးနှင့် ထည့်လာပြီး အဝါရောင်စက္ကူတစ်ထပ်ကို ထုတ်လိုက်သည်။
“အစ်ကိုကြီး ကျွန်တော် စိတ်မကောင်းပါဘူးဗျာ ကြက်ဖသွေးက ရဖို့မလွယ်ဘူးဗျ ကျွန်တော်ရှာလို့ရတာ ဒါအကုန်ပဲ”
ကျန်းလော့သည် ကြက်ဖသွေးပမာဏကို ကြည့်၍
“ဒီလောက်က ငါတို့ မန္တာန်တချို့ဆွဲဖို့ လုံလောက်ပါတယ်”
တခြားသူများ မန္တာန်ဆွဲလျှင် တစ်စောင်အတွက် အချိန်အများကြီးယူရကာ ပစ္စည်းအများကြီး ပြင်ဆင်ထားရသည်။ ကျန်းလော့အတွက်ကတော့ ထိုမျှပြဿနာမများချေ။ သူ့လက်ကို စုတ်တံအဖြစ်သုံး၍ ကြက်ဖသွေးထဲနှစ်ကာ ဖူလုတစ်စောင်ပြီးတစ်စောင် ဆွဲတော့သည်။ ကျန်းလော့သည် ကြက်ဖသွေးအားလုံးကို သုံး၍ အနှောက်အယှက်နည်းစွာဖြင့် ဖူလုများ အောင်အောင်မြင်မြင်ဆွဲနိုင်ခဲ့သည်။
ကြက်ဖသွေးသည် အလွန်နည်းနေသောကြောင့် လူတစ်ယောက်ကို အဆောင်တစ်ရွက်စီသာ ရနိုင်လေသည်။ လူတိုင်းသည် ကျန်းလော့အဆောင်စာရွက်များကို အငမ်းမရယူသွားကြပြီး ဖူလုကိုယ်စီကိုင်ထားကာမှ သူတို့နှလုံးသားလေး ရင်ဘက်ထဲပြန်ကျသွားသလို ခံစားရသည်။
ကျန်းလော့သည် အပြင်ဘက်တွင် နောက်ကျနေတာ မြင်သောကြောင့်
“ငါအရင်ပြန်တော့မယ် အပြင်ဘက်က တစ်ယောက်ယောက်က အကူညီတောင်းလာရင် လုံးဝထမကြည့်ပဲ ခေါင်းမူးခြုံအိပ်ကြ ဘာမှမစိုးရိမ်နဲ့ ဒီနေရာက အရမ်းဆိုးဝါးတဲ့နေရာ ပြောရရင် အမှောင်ကမ္ဘာလိုပဲ မကောင်းတာတွေက အချိန်တိုင်းဖြစ်လာနိုင်တယ် ဒါကြောင့် အားလုံးသတိထားကြပါ”
လူတိုင်းက တုံ့ပြန်လိုက်ကြပြီး ချင်းယွင်သည် ကြောက်နေဆဲဖြစ်ကာ လျန်ရွှီနှင့် လိရှောင်းကို ပြောသည်။
“ဒီညတူတူအိပ်ရအောင်ဟာ”
လျန်ရွှီနှင့် လိရှောင်းတို့သည် ခေါင်းညိတ်ပြလိုက်သည်။ တုကောသည် ဂူပေါက်ဝထိလျှောက်သွားပြီး နှာမှုတ်လိုက်ကာ ချင်းယွင်ဘက်သို့ လှည့်၍
“ချင်းယွင် ဒီကိုခဏလာဦး ငါမင်းကို ပြောစရာရှိလို့”
ကျန်းလော့သည် အခန်းသို့ ပြန်ရောက်သွားသော်လည်း ချီယုံပြန်မရောက်လာသေးပေ။ ပတ်ဝန်းကျင်တစ်ခုလုံးမှောင်လာပြီး ဖယောင်းတိုင်မီးပင် မှိတ်တုတ်မှိတ်တုတ်ဖြစ်လာသည်အထိ စိတ်ရှည်စွာ ချီယုံ့ကို ထိုင်စောင့်နေသည်။ အချိန်မည်မျှကြာသွားသည်မသိ ချီယုံသည် တံခါးတွန်းဖွင့်ပြီး အခန်းထဲသို့ အေးဆေးစွာ ဝင်လာသည်။
သူ့မျက်နှာသည် ဖယောင်းတိုင်မီးရောင်အောက်တွင် အနည်းငယ်ဖျော့တော့နေသော်လည်း သူ့နှုတ်ခမ်းထောင့်များသည် စိတ်ကောင်းဝင်နေပုံဖြင့် အပေါ်ကိုကော့တက်နေသည်။ မျက်ဝန်းတစ်စုံကသာ မုန်တိုင်းဝင်မွှေသွားသလို နက်မှောင်နေပြီး စိတ်ပျက်နေပုံကို ဖော်ကျူးနေသည်။
ကျန်းလော့က မရဲတရဲမေးလိုက်သည်။
“မင်းကြည့်ရတာ အဆင်မပြေနေသလိုပဲ”
ချီယုံက ရယ်လိုက်သည်။
“မဟုတ်တာကွာ”
“မင်းဒဏ်ရာကိုများ မြင်သွားလို့လား”
ကျန်းလော့သည် ချီယုံ့လည်ပင်းကို လက်ညှိုးထိုး၍
“သူတို့က ဘာပြောလိုက်လို့လဲ”
“သူတို့က ကိုယ့်ကို ဒီတိုင်းသတိပေးလိုက်ရုံပါ သူတို့ပြောတာတော့ ကိုယ်လျော့လုပ်ရမယ်တဲ့ မဟုတ်ရင် ကိုယ့်ကျန်းမာရေးထိခိုက်လိမ့်မယ်တဲ့”
ချီယုံ့အပြုံးသည် နက်ရှိုင်းလာပြီး
“ပြီးတော့လဲ ကိုယ့်ကို ဒီနေ့အများကြီးသင်ပေးလိုက်တာ ကျေးဇူးတင်ရမှာပေါ့ကွာ”
စကားပြောပြီးနာက် နှာခေါင်းရှုံ့လိုက်ပြီး အင်္ကျီများယူလိုက်ကာ သူ့ကိုဖိတ်ခေါ်သည်။
“ရေချိုးမလို့လိုက်ဦးမလား”
ကျန်းလော့က ပြောသည်။
“သွားမယ်လေ”
ကျန်းလော့က ဆက်ပြောသည်။
“အစေခံတစ်ယောက်က မင်းမနေ့က ဝတ်တဲ့ အဝတ်လာရှာတာ အဲ့တာ ငါအဝတ်တွေကို အိပ်ရာအောက်မှာ ရှာတွေ့ခဲ့တယ် ဒါပေမဲ့ မင်းအဝတ်တွေက သွေးတွေပေနေတာ”
“အော် အဲ့ဒါလား”
ချီယုံသည် သူ့ကိုကြည့်လိုက်ပြီး
“အဲ့တာကကွာ ကိုယ်မနေ့က လေ့ကျင့်ရေးဆင်းတုန်း မတော်တဆ ထိမိသွားတဲ့ သွေးတွေ”
ကျန်းလော့ “ဟမ်”
“ကြက်ဖသွေးနဲ့ ခွေးမည်းသွေးတွေလေ”
ချီယုံသည် အပြုံးတစ်ခုဖြင့် ပြောသည်။
“အဲ့တာတွေကို အဆောင်ဆွဲရင် သုံးတာလေ အဲ့တာတွေက မကောင်းဆိုးဝါးတွေကို မောင်းထုတ်နိုင်တယ်”
“ဒီလိုကိုး”
ကျန်းလော့သည် နားလည်သွားပုံဖြင့် ခေါင်းညိတ်လိုက်သည်။
“အဲ့ဒါများ အစေခံတွေကို ပေးပြီးလျှော်ခိုင်းလိုက်လို့ ရတာကို ဘာလို့မပေးလိုက်တာလဲ”
ချီယုံသည် ရုတ်တရက် သူ့ကိုကြည့်ပြီး ထူးဆန်းစွာ ရယ်လာသည်။
“မင်းကိုကြည့်ရတာ အခုမှ တကယ့်ကိုယ့်ဇနီးနဲ့ တူတူလာသလိုပဲ”
ကျန်းလော့ “.............”
ချီယုံသည် အေးဆေးစွာ ပြောသည်။
“အရာအားလုံး ပျက်ဆီးသွားလိမ့်မယ်”
“..............”
ကျန်းလော့သည် စိတ်ပျက်စွာ မျက်လုံးလှိမ့်လိုက်သည်။ စကားစပြတ်သွားပြီး သူတို့သည် ရေချိုးခန်းဆီသို့ သွားကြသည်။
လူနှစ်ယောက်သည် သူတို့၏ ရေချိုးခန်းကိုယ်စီသို့ ဝင်သွားကြပြီး ကျန်းလော့သည် ယနေ့ဆွဲလာသော ဖူလုကိုထုတ်၍ တံခါးတွင် ကပ်လိုက်သည်။ ထို့နောက် အဝတ်ချွတ်ဖို့ လုပ်လိုက်သည်။
ဘေးခန်းတွင် ချီယုံသည်လည်း ကျန်းလော့နှင့် အတူတူပင် အဝတ်ချွတ်၍ ချွတ်ပြီးသားအဝတ်များကို သပ်ရပ်စွာခေါက်၍ စားပွဲပေါ်တင်လိုက်သည်။ ကွေ့ကောက်နေသော မြူများသည် ချီယုံသီချင်းညည်းနေချိန်တွင် ပေါ်ပေါက်လာပြီး ဖြူဖျော့နေသော နောက်ကျောရိုးတွင် ကြောက်ရွံဖွယ်အတန်းတစ်ခုသည် မှဲ့သုံးလုံးမှထွက်ပေါ်လာကာ တဖြည်းဖြည်း မျက်နှာကျက်ထိ မြင့်တက်လာသည်။
လူငယ်လေး၏ ခန့်ညားသော မျက်နှာသည် အမဲလိုက်တော့မည့် မုဆိုးတစ်ကောင်ကဲ့သို့ တည်ကြည်ခန့်ညားနေသည်။
ရေငွေ့များကြားတွင် သရဲတစ်ကောင်၏ ပုံရိပ်သည် ရုတ်တရက် တောင်တစ်လုံးလို ပေါ်ထွက်လာကာ ထောင့်နားတွင် ကုတ်ကုတ်လေး ထိုင်နေသည်။ ချီယုံက ပြောသည်။
“ငါမင်းကို ဘေးခန်းမှာသွားပြီး ခြောက်လှန့်ဖို့ပြောထားတာမလား ဘာလို့ပြန်လာတာလဲ”
တစ္ဆေအရိပ်သည် မြေပြင်ပေါ်တွင် ပြားပြားဝပ်နေပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့်
“သခင် တံခါး တံခါးမှာ အရမ်းကို မယုံနိုင်လောက်အောင် စွမ်းအားပြင်းတဲ့ ဖူလုတစ်စောင် ကပ်ထားပါတယ်”
“အိုး”
ချီယုံသည် အနည်းငယ်စိတ်ဝင်စားသွားပုံဖြင့် တစ္ဆေကို ကြည့်လိုက်သည်။
“ဘယ်လောက်များ အားကောင်းနေလို့လဲ”
တစ္ဆေသည် တံတွေးမြိုချသလို အသံပြုလိုက်ပြီး တကိုယ်လုံးတုန်ယင်နေကာ ပို၍ လေးနက်စွာပြောလိုက်သည်။
“ပြင်းပြင်းထန်ထန်သာ တိုးဝင်လိုက်ရင် ကျွန်တော် ကျွန်တော့် ဝိဉာဉ်အပိုင်းပိုင်းအစစဖြစ်သွားမှာ စိုးပါတယ်”
“ဒါဆိုလဲ ပြင်းပြင်းထန်ထန် သွားတိုးဝင်ချည်”
ချီယုံသည် တစ္ဆေဆန်ဆန် ပြုံးလိုက်ပြီး
“ငါကြည့်ကြည့်ပါဦးမယ် မင်းရဲ့ဝိဉာဉ် အပိုင်းပိုင်းအစစဖြစ်မဖြစ်”
တစ္ဆေသည် တုန်ရီလာပြီး
မလုပ်ပါနဲ့ မလုပ်ပါနဲ့ သခင် ကျွန်တော့်ကို ကျေးဇူးပြုပြီး ချမ်းသာပေးပါ“
ချီယုံသည် သူနောက်ဆုံးခေါက်ထားသော အဝတ်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်၍ သူ့ကိုယ်ထဲမှ မြူနက်များပေါ်ထွက်လာကာ ကြောက်မက်ဖွယ်သားရဲကြီး၏ ခေါင်းအဖြစ်ပြောင်းလဲသွားကာ တစ္ဆေအနားသို့ ချည်းကပ်လာသည်။ မြူနက်ကြီးသည် ကြောက်မက်ဖွယ် ပါးစပ်ကြီးကို ဟ၍ တစ္ဆေကို တစ်ကိုက်ထဲနှင့် မျိုချတော့မည့်ပုံဖြင့်
“ဒီတော့ မင်းက တံခါးကို ဖြတ်ဝင်ရမှာကြောက်လား ငါမင်းဝိဉာဉ်ကို ဝါးစားပစ်မှာကြောက်လား”
ချီယုံသည် စောင်းကြည့်လိုက်ပြီး မျက်ခုံးတွန့်၍ နှုတ်ခမ်းတစ်စုံသည် ကြောက်မက်ဖွယ်ကောင်းအောင် ကော့တက်နေကာ စိတ်မကြည်လင်မှုကို ဖော်ပြနေသည်။
တစ္ဆေအရိပ်သည် တိတ်ဆိတ်သွားပြီး ကြောက်လန့်စွာ အကြောင်းပြန်လိုက်သည်။
“သခင့်အမိန့်အတိုင်းပါပြ”
တစ္ဆေအရိပ်ပျောက်သွားသည်နှင့် ချီယုံသည် ရေချိုးခန်းနှစ်ခုကို ခြားနားထားသည့် နံရံကိုကြည့်လိုက်ကာ အသာအယာလက်မြောက်လိုက်ပြီး လက်ချောင်းထိပ်ဖြင့် နံရံကို ထိလိုက်သည်။ နံရံသည် အက်ကွဲသွားပြီး လက်ချောင်းအရွယ် အပေါက်တစ်ပေါက် ပေါ်လာသည်။
“သူက အရမ်းထူးဆန်းတာပဲ”
ချီယုံက သူ့ကိုယ်သူပြောလိုက်သည်။
“ဖူလု ဖူလုက ဘယ်ကရလာတာလဲ သူက ဒီအတိုင်းသာမန်လူပဲ မဟုတ်ဘူးလား”
ချီယုံသည် ပွစိပွစိဖြင့် ရေရွတ်နေသည်။
“သူက ငါတစ်ခါမှ မခံစားဖူးတဲ့ ခံစားချက်ကိုတောင် ပေါ်ထွက်လာအောင် လုပ်နိုင်တယ် ငါသာ ကိုယ့်ကိုယ်ကို သေချာမသိရင် ငါ့ကို ထိန်းချုပ်ဖို့ စိတ်ညှို့မန္တာန်တစ်ခုခု သုံးလိုက်တယ် ထင်မိမှာပဲ”
“ကျန်းမိသားစုက သာမန်မိသားစုပါပဲ သူ့မိဘတွေကလည်း သာမန် အရင်တုန်းကလည်း ကျန်းမိသားစုက သခင်လေးက သူများထက်ပိုထူးချွန်တယ်တို့ အကင်းပါးတယ်တို့လဲ မကြားမိပါဘူး ”
“မင်းဘယ်သူလဲဆိုတာ သိချင်လိုက်တာကွာ”
နံရံသည် သူ့လက်ချောင်းကြောင့် အပေါက်ဖောက်ခံလိုက်ရသည်။
ချီယုံသည် ချောင်းကြည့်ပေါက်မှ ကျန်းလော့ကို ကြည့်လိုက်သည်။ သူ့အင်္ကျီလက်ကို ဆုပ်ကိုင်၍ ရေချိုးခန်းတံခါးကို ဘက်သို့ ကြည့်လိုက်သည်။ ချီယုံသည် တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။
မကောင်းဆိုးဝါးသတ်ဂါထာရေးထားသော ဖူလုတစ်စောင်ကို ရေချိုးခန်းသစ်သားတံခါးတွင် ကပ်ထားသည်။ ထိုအချိန်တွင် တစ္ဆေပုံရိပ် တံခါးကို ဝင်တိုက်လိုက်သည်နှင့် ဖူလုသည် ရုတ်တရက် အလင်းတန်းများ တောက်ပလာကာ တံခါးတွင် မြဲမြဲကပ်နေဆဲ ဖြစ်သည်ကို တွေ့လိုက်ရသည်။
ချီယုံသည် သူ့အတွေးထဲကအတိုင်း လက်မြှောက်လိုက်ရာ မြူနက်များသည် တိမ်မည်းများကဲ့သို့ သူ့တစ်ကိုယ်လုံးကို ရစ်ပတ်သွားလေသည်။ ထိုအရာသည် တစ္ဆေပုံရိပ်ကို ခြိမ်းခြောက်ခဲ့သော အရာဖြစ်ပြီး အမှန်တကယ်ပင် ၎င်းပြောခဲ့သလို ဝိဉာဉ်သည် အပိုင်းပိုင်းအစစ အငွေ့ပျံသွားခဲ့သည်။
တစ္ဆေပုံရိပ်၏ ဝိဉာဉ်သာ ပျက်ဆီးသွားသော်လည်း ဖူလုသည် လုံးဝလောင်ကျွမ်းမသွားသေးဘဲ အခုထိ သုံးလို့ရနေသေးသည်။
‘ဒီလို ဖူလုမျိုး .............. ငါတို့အိမ်တော် အကြီးအကဲတွေတောင် ရေးနိုင်မှာမဟုတ်ဘူး’
ချီယုံသည် ပြုံးလိုက်ပြီး လက်ကို ယမ်းလိုက်ရာ သူ့နောက်တွင် တုန်ယင်နေသော တစ္ဆေများ အတန်းလိုက်ကြီး ဒူးထောက်လျက် ပေါ်လာသည်။
“သခင်”
“မင်းတို့ငါ့နောက်လိုက်လာတာ ကြာပြီ အခုအချိန်က မင်းတို့ငါ့အပေါ်သစ္စာရှိကြောင်းပြရမဲ့ အချိန်ပဲ”
ချီယုံက ပြောသည်။
“သွား အဲ့ဒီတံခါးကို ဖျက်လာခဲ့ အဲ့ဒီဖူလု ဘယ်လောက်စွမ်းအားကြီးလဲ ငါသိချင်တယ်”
“.............ဒါ”
ဖူလုသည် တစ္ဆေငါးကောင်ကို ခြေမွပစ်လိုက်နိုင်ခဲ့သည်။ ချီယုံသည် တစ္ဆေငါးကောင်ကို ခြေမွပြီး ပြာကျသွားပြီဖြစ်သော ဖူလုကို စိုက်ကြည့်လိုက်သည်။ ထိုနောက် လက်ဝေ့ယမ်းလိုက်ပြန်ကာ မျက်နှာများ ပြာနှမ်းနေပြိး ရပ်ဖို့ပင်အနိုင်နိုင်ဖြစ်နေသော တခြားသရဲများကို ရပ်နေကြရန်ပြောလိုက်သည်။
ထို့နောက်ကျန်းလော့ကို အဓိပ္ပာယ်အပြည့်ပါသော မျက်လုံးဖြင့် ကြည့်လိုက်သည်။
‘တကယ်ပဲ မင်းက ဘယ်သူလဲ’
ကျန်းလော့သည် အဝတ်များကို ချွတ်ရန် တံခါးဆီသို့ အရင်သွား၍ တံခါးပိတ်လိုက်ကာ လက်ခလယ်မှသွေးဖြင့် တံခါးပေါ်တွင် ဖူလုတစ်စောင်ကို သိမ်မွေ့မှုအပြည့်ဖြင့် ဆွဲလိုက်သည်။ ထို့နောက် နောက်ပြန်လှည့်၍ ကြည့်လိုက်ရာ ရင်းနှီးနေသော ချောင်းကြည့်နေသည့် မျက်လုံးများကို ခံစားမိလိုက်သည်။
စေးကပ်၍ နက်ရှိုင်းသော ခံစားချက်ရလိုက်ကာ ကြက်သီးများထလာသည်။ ကျန်းလော့သည် ပြုံးလိုက်ပြီး ချက်ချင်းအင်္ကျီချွတ်လိုက်ကာ ချီယုံမျက်လုံးများသည် သူ့နောက်ကျောတွင် ကပ်ညှိသွားတော့သည်။
ချီယုံသည် ချက်ချင်းအကြည့်လွှဲလိုက်ပြီး ရေချိုးခန်းထဲသို့ လျှောက်ကြည့်လိုက်သည်။ သို့သော် မထိန်းနိုင်ပဲ ထိုဖြူဖျော့ဖျော့နောက်ကျောကို ထပ်ကြည့်မိသွားပြန်သည်။
ထိုအချိန်တွင် ကျန်းလော့လက်များသည် ခါးမှဘောင်းဘီပေါ်သို့ရောက်သွားသည်။
.........................
မှန်လောက အပြင်ဘက်တွင် ___
“မှန်ထဲကနဲ့ အပြင်လောက မှာ အချိန်စီးဆင်းမှု မတူပါဘူး”
ကောဝူချန်သည် လေးစားမှုအပြည့်နှင့် ပြောသည်။
“သခင် မှန်လောကကြီးက သခင့်စွမ်းအားကို ခံနိုင်ရည်မရှိပါဘူး တကယ်လို့ သခင်သာ ဖိအားပေးပြီး ဝင်သွားမယ်ဆိုရင် မှန်လောကကြီး ပျက်ဆီးသွားပြီး သခင်လေးကျန်းရဲ့ ဝိဉာဉ်နဲ့ တခြားသူတွေရဲ့ ဝိဉာဉ်တွေ ပိတ်မိသွားပါလိမ့်မယ်”
အိပ်ခန်းထဲမှ ပြတင်းပေါက်သည် ရုတ်တရက်ကြီး ပွင့်သွားပြီး မုန်တိုင်းလေပြင်းသည် အခန်းထဲသို့ အေးစက်စက်နှင်းပွင့်များသယ်လာလေသည်။
ချီယုံသည် အိပ်ရာဘေးမှ ဆိုဖာပေါ်တွင် ထိုင်နေပြီး ဆိုဖာကို ပျင်းတိပျင်းရွဲမှီ၍ ကောဝူချန်ကို စိုက်ကြည့်နေကာ ခနကြာပြီးနောက် စိတ်ဝင်စားမှုရှိစွာ ပြုံးလိုက်ပြီး
“ဒါက မင်းနှစ်ရက်လုံးလုံး အလုပ်လုပ်ပြီး ရလာတဲ့ ရလာဒ်လား”
ကောဝူချန်သည် အံကြိတ်လိုက်ပြီး နောက်ထပ်ပြောရမည့် စကားများကို ဟန်မလုပ်ရဲဘဲ သခင်၏ မွန်းကြပ်ဖွယ် အရှိန်အဝါအောက်တွင် အမြန်ပြောလိုက်သည်။
“ဒါပေမဲ့ နည်းလမ်းနှစ်ခုရှိပါသေးတယ် တစ်ခုက သခင့်အနေနဲ့ မှန်လောကထဲက တစ်ယောက်ယောက်ကို ထိန်းချုပ်ပြီး ရုပ်သေးလုပ်တာမျိုး နောက်တစ်ခုက သခင့်ရဲ့ ဝိဉာဉ်အပိုင်းအစရဲ့ သတိသေးသေးလေးတစ်ခုကို မှန်လောကထဲက လူတစ်ယောက်ကိုယ်ပေါ်မှာ ဝင်ပူးစေလိုက်ရင် ကန့်လန့်ကာနောက်က လူကိုလည်း သတိပေးသလို မဖြစ်တော့ဘဲ သခင့်သတိအပိုင်းအစက မှန်လောကမှာ ဘယ်လောက်ကြာကြာနေနိုင်လဲဆိုတာပါ သခင်တွက်ချက်ကြည့်လို့ရမှာပါ”
ချီယုံသည် ခေါင်းစောင်းကြည့်လိုက်ပြီး အိပ်ရာပေါ်တွင် အသက်ပုံမှန်ရှူနေသော ကျန်းလော့ကို ကြည့်လိုက်သည်။
အကြာကြီး မလှုပ်မယှက်ဖြစ်နေပြီး သူ့ကိုယ်သူပြောလိုက်သည်။
“တစ်ခုမှ ငါ့ကို ကျေနပ်အောင် မလုပ်ပေးနိုင်ဘူး”
“ငါက ဘာလို့ မှန်လောကထဲကို သွားမှဖြစ်မှာလဲ”
သူကပြောသည်။
“စိတ်ဝင်စားစရာမကောင်းဘူး အချိန်ကုန်ပြီး နည်းနည်းမှ စိတ်ဝင်စားစရာကောင်းအောင် မလုပ်နိုင်ဘူး”
သို့သော် ထိုစကားများပြောနေသည့်လူသည် နှစ်ရက်လုံးလုံး သစ်သားစံအိမ်မှ လုံးဝခွာမသွားပေ။ ကောဝူချန်သည် မဝံ့မရဲဖြင့် သူ့အတွက်သူ ခုခံပြောသည်။
“သခင်က ကန့်လန့်ကာနောက်ကလူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲဆိုတာနဲ့ ရှေ့ဆက်လုပ်မဲ့ဟာကို သိချင်တာမဟုတ်ဘူးလား”
ချီယုံသည် အစစ်အမှန် အသိဝင်လာပုံဖြင့်
“ဟုတ်တယ်လေ”
သူ့မျက်လုံးများကို ကျန်းလော့ထံမှ အကြည့်လွှဲလိုက်သည်။ အချိန်နှစ်ရက်လောက် အကုန်ခံလိုက်ရသည်မှာ ရေပုံးပေါက်နှင့် ရေသယ်နေသကဲ့သို့ စိတ်ပျက်စရာကောင်းသည်ဟု တွေးမိကာ အမိန့်တစ်ခု ပေးလိုက်သည်။
“အခုလုပ် အခုချက်ချင်း ဒုတိယနည်းလမ်းကိုသုံးပြီး ကျန်းလော့နဲ့ အနီးဆုံးလူကို ပူးကပ်ဖို့ ပြင်လိုက်”
“ဟုတ်ကဲ့”
ကောဝူချန်သည် ရိုသေစွာ ပြောလိုက်သည်။
“ဒါပေမဲ့ သခင် သခင်က ပထမဆုံးဝင်မှာဆိုတော့ ဒုတိယနည်းလမ်းက မှန်လောကက သခင့်အစွမ်းကို ခံနိုင်ရည်ရှိမရှိစမ်းသပ်လို့ပဲရမှာ ဆိုတော့လေ သခင့်အနေနဲ့ မြန်မြန်ဝင်ပြီး ချက်ချင်းနီးပါး ပြန်ထွက်လာရမှာဗျာ ဒါကြောင့် သခင့်ရဲ့ သတိကို အနည်းဆုံးအထိခွဲပြီးမှ မှန်လောကထဲကို ဝင်တာကောင်းမယ်ဗျ ဒါမှ မှန်လောကကြီး ပြိုကျမသွားမှာ....”
“ငါသိပြီ မြန်မြန်သွက်သွက် ပြင်စရာရှိတာပြင်”
ချီယုံသည် သူ့လက်ချောင်းများကို ဆော့နေပြီး နှုတ်ခမ်းထောင့်များ ကော့တတ်နေကာ
“ငါဆက်မစောင့်နိုင်တော့ဘူး ”
###########################