Ch 113
Viewers 8k

အပိုင်း (၁၁၃) 


ဒေါသပုန်ထခြင်း 

မီးပျက်သွားသည့်အချိန်တွင် ချင်းယွင်သည် ထအော်မိသွားပြီး တုကော၏လက်မောင်းကို ဆွဲလိုက်သည်။ 

“ဘာဖြစ်သွားတာလဲ” 

တုကောသည် ပြတင်းပေါက်အပြင်ဘက် မီးခိုးရောင် မှိုင်းညှို့နေသော ကောင်းကင်ကို ကြည့်လိုက်ကာ မျက်မှောင်ကြုတ်လိုက်ပြီး တည်ငြိမ်စွာပြောလိုက်သည်။ 

“မုန်တိုင်းကြောင့် ပါဝါလိုင်းတွေ ပြတ်တောက်ကုန်တာနေမယ်” 

လျန်ရွှီသည် အားလုံးကို နှစ်သိမ့်ပေးလိုက်သည်။ 

“လူတိုင်းပဲ စိတ်အေးအေးထားကြပါ အိမ်ထဲမှာ မီးလင်းဖိုရှိပါသေးတယ်” 

အလင်းဝိုင်းတစ်ခုသည် မီးလင်းဖိုအနီးတဝိုက်ကို ဖြန့်ကျတ်ထားပြီး ဧည့်ခန်းကိုတော့ လုံလောက်သော အလင်းရောင် ပေးစွမ်းနေသည်။ 

အိမ်တော်ထိန်းယန်သည် ထရပ်လိုက်ပြီး 

“အိမ်မှာ ဖယောင်းတိုင်တွေ အများကြီး သိမ်းထားတာရှိတယ် ကျွန်တော်သွားယူလိုက်ဦးမယ်” 

ရုတ်တရက်ဖြစ်ပေါ်လာသော အခြေအနေကြောင့် အမိန့်အတိုင်း လိုက်လုပ်နေသော လူနှစ်ယောက်ကို မည်သူမျှ အာရုံမရှိကြတော့ပေ။ 

ကျန်းလော်သည် ချီယုံ့ကို နှုတ်ခမ်းနှင့် ထိလိုက်ပြီးသည်နှင့် ရပ်လိုက်သည်။ မကောင်းဆိုးဝါးထံမှ တစ္ဆေဆန်ဆန် ရေမွှေးနံ့သည်  ကျန်းလော်နှာခေါင်းဝထိ ရောက်လာသည်။ 

‘ဒီကောင် ရေမွှေးဆွတ်ထားတာဟ ယုံတောင် မယုံနိုင်ဘူး.............’ 

ကျန်းလော်၏ အမူအယာသည် အနည်းငယ် ထူးဆန်းသွားသည်။

သူသည် ပင့်သက်ရှိုက်လိုက်ပြီး မထိန်းနိုင်တော့ပဲ မေးလိုက်သည်။ 

“မင်း တမင်တကာ လုပ်တာမို့လား” 

မကောင်းဆိုးဝါးသည် စိတ်ကောင်းဝင်နေစွာ ပြောလိုက်သည်။ 

“ဘာကိုလဲ” 

ရေမွှေး ၊ ရေချိုးခန်းဝတ်ရုံ ၊ နှင်းမုန်တိုင်း နှင့် နွေးထွေးသော သစ်သားစံအိမ်ငယ်လေး။ 

အကုန်စုတွေးကြည့်လိုက်လျှင် တိုက်ဆိုင်တာဟု ပြောရန်မှာ ခက်ခဲသည်။ မကောင်းဆိုးဝါးမှ သူ့အတွက် တမင်တကာ ထောင်ထားသော ထောင်ချောက်သာ ဖြစ်နိုင်သည်။ 

သို့သော် ချီယုံက ဘယ်လိုလုပ်ပြီး ကျန်းလော် ယနေ့တောင်ပေါ်တက်မည်ကို သိနိုင်ပါသလဲ။ 

ကျန်းလော်သည် စုတ်သပ်လိုက်ပြီး မတ်မတ်ရပ်လိုက်သော်လည်း မကောင်းဆိုးဝါးသည် သူ့ခါးကို လှမ်းဆွဲထားသည်။ ထို့နောက် နက်ရှိုင်းစွာပြုံးပြကာ 

“ကိုယ်စိတ်မကောင်းပါဘူးကွာ ကိုယ်က တမင်တကာကို မင်းရဲ့ တောင့်တမှုကို နှိုးဆွဖို့ ကြိုးစားမိသွားတယ်” 

ကျန်းလော်သည် သနားညှာတာမှုမရှိဘဲ ပယ်ချလိုက်ကာ နှစ်ယောက်သည် အမှောင်ထဲတွင် ကျိတ်ပြီး စကားများနေကြသည်။ 

“မင်းလည်း ဒါကို ကောင်းကောင်းသိတာပဲလေကွာ” 

အမှောင်ထဲတွင် အိမ်ကြီးရှင်၏ ဘေးတွင် ထိုင်နေသော လျန်ပင်းသည် ရုတ်တရက်ကြီး လေပြင်းတစ်ချက်နှစ်ချက်ကို ခံစားမိလိုက်သောကြောင့် ခေါင်းလှည့်ကြည့်လိုက်ကာ သံသယဝင်စွာဖြင့် အက်ရှရှပြောလိုက်သည်။ 

“အစ်ကိုကြီး ကယ်တင်ပေးတဲ့သူလား မသိဘူး” 

ကျန်းလော်သည် ချက်ချင်း ချီယုံနှင့် လူချင်းခွဲလိုက်ပြီး ပြောသည်။ 

“ကယ်တင်ပေးတဲ့သူနာမည်က ဘာတဲ့လဲ”

လျန်ပင်းသည် နှစ်ကြိမ်လောက်ရယ်လိုက်ပြီး တုကောက ပြောသည်။

“စားပွဲက အရမ်းမှောင်နေပြီ မီးလင်းဖိုနားမှာ သွားထိုင်ကြရအောင်” 

အိမ်တော်ထိန်းသည် လျင်လျင်မြန်မြန်ဘဲ ဖယောင်းတိုင်များယူလာပြီး မှန်များသည် ဖယောင်းတိုင်မီးရောင်ကြောင့် အလင်းပြန်နေပြီး အခန်းသည် ပို၍ လင်းသွားဟန်ရသည်။ 

လူငယ်အုပ်စုသည် ဂိမ်းဆက်ဆော့ချင်စိတ်မရှိတော့ဘဲ ယခုထိတိုင် စဲသွားမည့်ပုံမရသော အပြင်ဘက်မှ နှင်းမုန်တိုင်းကြောင့် စိုးရိမ်ကြောင့်ကျနေကြသည်။ 

လေပြင်းနှင့် နှင်းများသည် အလုံးအရင်းလိုက်ဆက်တိုက် တိုက်ခတ်ကျရောက်နေပြီး အသံသည် အလွန် ခြောက်ခြားဖွယ်ကောင်းသည်။ 

ချီယုံသည် ကော်ဖီခွက်ကို ကိုင်ပြီး သောက်လိုက်သည်။ 

“မင်းတို့ နှင်းအပျိုစင် အကြောင်းကြားဖူးကြလား” 

“နှင်းအပျိုစင်လား” 

လူကြီးသည် ရယ်လိုက်ပြီး ပုံပြင်စပြောလိုက်သည်။ ထူးခြားဆန်းကြယ်ပြီး အနည်းငယ်ခြောက်ခြားစရာကောင်းသော ပုံပြင်ကို မီးလင်းဖိုဘေးတွင် စုဝိုင်းပြောရတာလောက် ပျော်စရာကောင်းတာ မရှိပေ။  

“ဒဏ္ဍာရီတွေ အရတော့ နှင်းအပျိုစင်လို့ ခေါ်တဲ့ နတ်ဆိုးတစ်ကောင်ရှိခဲ့တယ်တဲ့ သူမပေါ်လာတဲ့ အချိန်တိုင်း မပြီးဆုံးနိုင်တော့တဲ့ နှင်းမုန်တိုင်းအကြီးကြီးတွေကို ယူဆောင်လာတတ်တယ်တဲ့ အိုး အခုအပြင်မှာ တိုက်နေတဲ့ တစ်ခုခုလိုမျိုးပေါ့” 

ချီယုံသည် အသံကို တိုးလိုက်သည်။ 

အပြင်ဘက်မှ လေနှင့် နှင်းများသည် ချီယုံ့စကားကို ထောက်ခံသည့်အလား အသံပေးလာကြသည်။ 

“နှင်းအပျိုစင်က နှင်းမုန်တိုင်းတွေကြားမှာ ခရီးထွက်ရင်း လမ်းပျောက်နေတဲ့ အမျိုးသားတွေကို အိမ်ပြန်ခေါ်သွားပေးတယ်တဲ့ ပြီးတော့ သူမက သူတို့ကို နမ်းလိုက်တယ် အဲ့ဒီလို နမ်းလိုက်ရင် အနမ်းခံရတဲ့သူတွေက အေးခဲသွားပြီး သူတို့ရဲ့ ဝိဉာဉ်တွေက နှင်းအပျိုစင်ရဲ့ အိမ်ပြန်ပို့ပေးတဲ့ အဖိုးအခအဖြစ် အစာဖြစ်သွားတာပေါ့” 

သူက ဟာသလုပ်လိုက်သည်။ 

“ဒီနှင်းမုန်တိုင်းက ရုတ်တရက်ကြီး တိုက်လာတာဆိုတော့ နှင်းအပျိုစင်များ ရောက်နေမလားမသိဘူးနော်” 

လူအုပ်ကြီးသည် ရယ်ချလိုက်သည်။

“ခင်များကတော့ တကယ့် ဟာသပြောတတ်တာပဲ” 

ချီယုံသည် အပြုံးမပျက်သွားပဲ ကော်ဖီနောက်တစ်ငုံသောက်လိုက်သည်။ 

တွမ်ကျီသည် ရုတ်တရက် တွေဝေစွာ မေးလိုက်သည်။ 

“နှင်းအပျိုစင်လိုဟာမျိုးက ဒီကမ္ဘာပေါ်မှာ တကယ်ရှိနိုင်လို့လား” 

“နှင်းအပျိုစင်ဆိုတာ နိုင်ငံခြားဒဏ္ဍာရီတွေထဲမှာရှိတဲ့ နတ်ဆိုးလေ ကျွန်မတို့ ကမ္ဘာမှာတော့ အဲ့လို နှင်းအပျိုစင်နဲ့ တူတဲ့ နတ်ဆိုးမျိုး မရှိဘူး ဒါပေမဲ့ နှင်းအပျိုစင်နဲ့ စွမ်းအားတူတဲ့ နတ်သူငယ်တစ်ပါးတော့ ရှိတယ်” 

စာအုပ်တွေ အများကြီး ဖတ်ထားသော လျန်ရွှီက ပြောလိုက်သည်။ သူမသည် အကြောင်းအရာတစ်ချို့တွေးနေပြီး 

“နတ်သူငယ်မလေးကို နှင်းတောင်မိန်းမပျိုလို့ခေါ်ပြီးတော့ သူမက ကွမ်းတိနတ်ကွန်းပိုင်ရှင် တောင်သခင်နတ်ဘုရား ကျန်းရှီ ရဲ့ သမီးတော် နတ်ဘုရား ကျန်းတတိတဲ့ သူမကလည်း ကွမ်းတိနတ်ကွန်းရဲ့ အပူဇော်ခံ နတ်ဘုရားတစ်ပါးပဲလေ သူမပေါ်လာတဲ့ အချိန်တိုင်း သူမနဲ့အတူ နှင်းတွေအများကြီးကို ခေါ်လာလေ့ရှိတယ်” 

“ဒဏ္ဍာရီက ဒဏ္ဍာရီပဲ တကယ်မဲ့မဟုတ်တာ” 

ချင်းယွင်သည် မျက်မှောင်ကြုတ်လိုက်ပြီး 

“ဒီဇင်ဘာလမှာ နှင်းကျတာ ပုံမှန်မဟုတ်ဘူးလား ဒီဇင်ဘာကို ဒီတိုင်းပဲ ထားလိုက်ပါကွာ မတ်လနဲ့ ဧပြီလလောက်ထိကို နှင်းနည်းနည်းကျနေကြပဲလေ အရင်နှစ်တွေတုန်းက ရာသီဥတုက ဘယ်သူက ဂရုစိုက်နေကြဦးမှာလဲ” 

မီးရောင်သည် အမျိုးသားငယ်များနှင့် အမျိူးသမီးငယ်များ မျက်နှာကို ရိုက်ခတ်နေပြီး အရိပ်တချို့ဖြစ်ပေါ်စေကာ လေအေးသည် တံခါးအပြင်ဘက်မှ အိမ်ထဲသို့ စိမ့်ဝင်လာသလိုမျိုး ဖြေးဖြေးချင်း အေးလာကြသည်။ 

လျန်ရွှီသည် ရှက်ရွံ့သွားပြီး ချောင်းအနည်းငယ်ဆိုးလိုက်ကာ အအေးမိသွားသလိုမျိုး 

“ကျွန်မကို ခွင့်ပြုပါဦး အရင်အခန်းပြန် နားလိုက်ချင်လို့လေ” 

“ထားလိုက်တော့ ဆော့မနေကြနဲ့တော့” 

တုကောသည် လေသံလေးနှင့် ပြောလိုက်ပြီး 

“အားလုံး အိပ်ရာဝင်ကြရအောင်” 

တွမ်ကျီသည် တွေဝေစွာ ပြောလိုက်ပြန်သည်။ 

“ဒါဆို ညဆယ့်နာရီ မှန်ကိစ္စ......ကလည်း မလုပ်တော့ဘူးပေါ့” 

“အကြာ့အကြာကြီးထဲက မလုပ်သင့်တော့တာဟေ့” 

ချင်းယွင်သည် ချီယုံ့ကို ခိုးကြည့်လိုက်ရင်း သူမဆံပင်ကို သပ်လိုက်ကာ 

“နင်ဘယ်လိုများ သူများအိမ်မှာ ဒီလိုကစားနည်းမျိုး လာကစားချင်ရတာလဲဟယ်” 

ချီယုံက ပြောသည်။

“ကန်ဆယ်ဖို့ မလိုဘူး” 

သူသည် ကျန်းလော်ကို စနောက်စွာကြည့်လိုက်ပြီ 

“မင်းကြောက်ရင်တော့ မလုပ်ဘဲ နေခဲ့နိုင်ပါတယ်” 

ကျန်းလော်သည် မျက်လုံးချင်းဆုံအောင် ကြည့်လိုက်ပြီး ပုခုံးတွန့်ပြလိုက်ကာ 

“အတူတူလုပ်ရမှာ ဝမ်းသာပါတယ်” 

လျန်ရွှီသည် သူတို့ကို တွေဝေစွာကြည့်လိုက်သည်။ သာမန်လူများသည်  သဘာဝလွန်ကိစ္စများကို မယုံကြည့်ဟုပြောရန် ရှက်ရွံ့တတ်သည်မှာ သာမန်ဖြစ်သောကြောင့် 

“ညဆယ့်နှစ်နာရီထိုးရင် အားလုံးအောက်ဆင်းလာပြီး အတူတူစောင့်ကြည့်ရအောင်လား ဘယ်လိုလဲ” 

“လူများတော့ စိတ်ခြောက်ခြားမလွယ်တော့ဘူးပေါ့” 

တွမ့်ကျီသည် ခေါင်းညိတ်လိုက်ပြီး “ကောင်းတယ်” 

တုကောကလည်း ပြောသည်။


“အဲ့လိုပဲ လုပ်ကြတာပေါ့” 


စံအိမ်တွင် ဖယောင်းတိုင်အများအပြားကို သိုလှောင်ထားသောကြောင့် တစ်ယောက်ချင်းစီတိုင်းသည် အမွှေးတိုင်သုံးတိုင်စီယူသွားကြကာ အခန်းကိုယ်စီသို့ ပြန်သွားကြသည်။ 

အခန်းအရေအတွက်သည် လူတိုင်းတစ်ခန်းရရန် မလုံလောက်သောကြောင့် အခန်းများကို မျှဝေသုံးကြရသည်။ လျန်ရွှီသည် အမျိုးသမီးဖြစ်သောကြောင့် ကျန်းလော်နှင့် အတူနေရန် မသင့်တော်သဖြင့် ကျန်းလော်သည် အော်တိုမစ်တစ် လျန်ညီအစ်ကို နှစ်ယောက်နှင့် တစ်ခန်းနေလိုက်ရသည်။ 

လူကောင်ကြီးသော ကောင်လေး သုံးယောက်ဖြစ်သောကြောင့် အခန်းသည် အနည်းငယ် ကြပ်သယောင် ရှိသည်။ 

အခန်းသို့ ပြန်ရောက်သောအခါ တံခါးပိတ်လိုက်ပြီး ကျန်းလော်က လျန်ချင်းကို မေးလိုက်သည်။ 

“အိမ်ရှင်မိသားစုနဲ့ ရင်းနှီးနေသလို မထင်ဘူးလား” 

လျန်ချင်းသည် အပြစ်ကင်းစွာ ခေါင်းယမ်းလိုက်ပြီး 

“တစ်ခါမှ မတွေ့ဖူးပါဘူး” 

ကျန်းလော်သည် အကြာကြီး တွေးပြီး 

“လျန်အိမ်တော်က မိသားစုတွေက အပြင်ထွက်ခဲတာလား” 

“ထွက်ခဲတယ်ဆိုတာထက်ဗျာ....”


ညီအစ်ကိုနှစ်ယောက်သည် တာဝန်ကျေရိုသေစွာပြောသည်။ 

“ကျွန်တော်တို့ ဒီတောင်ပေါ်ကိုတောင် လိုအပ်မှ တက်လာဖြစ်တာဗျ” 

‘မထူးဆန်းတော့ပါဘူးလေ’ 

ကျန်းလော်သည် အတွေးများသွားသည်။

“ချီယုံ လျန်ရွှီရှေ့မှာ သူ့ကိုယ်ပိုင်ခန္ဓာနဲ့ ပေါ်လာရဲတာ မထူးဆန်းတော့ပါဘူး လျန်ရွှီသူ့ကို မြင်ရင်တောင် သိမှမသိတာ ဘယ်ကြောက်စရာရှိတော့မလဲ” 

အခန်းထဲတွင် ကုတင်နှစ်လုံးရှိပြီး လူသုံးယောက်သည် အလယ်မှ စားပွဲကို ဖယ်ကာ အိပ်ရာနှစ်ခုကို ပူးလိုက်သည်။ လျန်ချင်းနှ၍့် လျန်ပင်းတို့သည် ငယ်စဉ်ကထဲက အရာရာတိုင်းကို ကိုယ်တိုင်သာ လုပ်ခဲ့ရသောကြောင့် ကျန်းလော်ကူပေးရန် များများစားစား မလိုပါချေ။ သူတို့ ကုတင်နှစ်ခုကပ်ပြီးသည်နှင့် ခါးဆန့်ခေါင်းထောင်လိုက်သောအခါ အိပ်ရာနှင့် တည့်တည့်ဖြစ်နေသော မှန်ကို ရပ်ကြည့်နေသော ကျန်းလော်ကို တွေ့လိုက်ရသည်။ 

လျန်ချင်းနှင့် လျန်ပင်းတို့သည် သိချင်စွာ အနားကပ်လာကြပြီး 

“အစ်ကိုကြီး ဘာလို့အိပ်ရာ ရှေ့က မှန်ကိုပဲ ကြည့်နေတာလဲ” 

ဖြည့်ရေးရလျှင် မှန်ကို အိပ်ခန်းတံခါးဝ သို့မဟုတ် အိမ်သာတံခါးဝနှင့် အိမ်သာနှင့် ဆန့်ကျင်ဘက်များတွင် ထားခြင်းသည် ဖုန်းရွှေပညာတွင် မလုပ်အပ်ကြောင်း တင်းတင်းကြပ်ကြပ်တားမြစ်ထားသည့်ထဲပါသည်။ 

ကျန်းလော်က ပြောသည်။ 

“အဝတ်တစ်ထည်ယူပြီး မှန်ကို အုပ်လိုက်” 

အိမ်ထဲတွင် မှန်အများကြီး ရှိနေခြင်းသည် စိတ်ခြောက်ခြားမှုကို လွယ်လွယ်နှင့် ဖြစ်ပေါ်စေပြီး ကံမကောင်းပါက ရုပ်ပိုင်းဆိုင်ရာပါ ထိခိုက်စေသည်။ ထို့ကြောင့် မှန်များကို နေရာချရာတွင် အလွန်ဂရုစိုက်သင့်ပေသည်။ 

ကျန်းလော်သည် စံအိမ်တည်ဆောက်ပုံတွင် ဖုန်းရွှေပြဿနာမရှိနေကြောင်း လိုက်လံ စစ်ဆေးထားပြီး ဖြစ်ပြီး နန်းတော်ကိုးပါးအတိုင်း နေရာခင်းကျင်းထားသော်လည်း မှန်များကို နေရာအနှံ့ထားထားခြင်းမှာ စံအိမ်အတွက် သိပ်မူမမှန်ပေ။ 

သို့သော် သူသည် ဘာကိုမှ ဖွင့်မပြောခဲ့ပေ။

သူသည် အေးစက်သော လူဖြစ်သော်လည်း ကိုယ့်အပေါ်ကောင်းသူကို ပြန်ကောင်းပေးရမှန်း သိသူလည်းဖြစ်သေးသည်။ ထို့ကြောင့် စံအိမ်နှင့်ပတ်သက်ပြီး ပြဿနာများကို သေချာစုစည်းထားသည်။ အစတုန်းက သူသည် ထိုအချက်အလက်များကို စံအိမ်သခင် နိုးလာလျှင် ပြောပြပေးမည်ဟု ရည်ရွယ်ထားသော်လည်း စံအိမ်သခင်မှာ ချီယုံဖြစ်နေသောအခါ နေရာအနှံ့မှန်များ ရှိနေခြင်းသည် မထူးဆန်းဟုသာ ယူဆလိုက်တော့သည်။ 

ကျန်းလော်သည် အိပ်ခန်းထဲသို့ အကုန်ပတ်ကြည့်ပြီးချိန်တွင် လျန်းချင်းတို့ ညီအစ်ကိုသည် အခန်းထဲမှ မှန်အားလုံးနီးပါးကို အောက်သို့ ချထားပြီးဖြစ်သည်။ နန်းတော်ကိုးပုံများကို မထုတ်ခင် ယင်း ယွမ် လေ့ ရှန်း ပု ဟွာ ထျန်း ကျွင်းတို့ကို အိတ်ထဲမှ ထုတ်၍ တံခါးကို ကပ်လိုက်သည်။ 

ထိုအရာသည် ကောင်းကင် လျှပ်စီးမိုးကြိုးတို့၏ အရှင်သခင်ဖြစ်ပြီး နတ်ဘုရားများနှင့် နတ်စစ်သူကြီးများ၏ ခေါင်းဆောင်ဖြစ်သည်။ ထိုသူသည် မိုးကြိုးများကို အမိန့်ပေးနိုင်ပြီး ထိုနတ်ဘုရား၏ ပုံတော်သည် မကောင်းဆိုးဝါးများနှင့် သရဲတစ္ဆေများကို ကြောက်လန့်စေသည်။ 

လျန်အိမ်တော်မှ ညီအစ်ကိုနှစ်ယောက်သည် ကျန်းလော်ကို မေးရန် မေးခွန်းအများကြီး စုစည်းထားမိနေလေပြီ။ 

“အစ်ကိုကြီး ဒီမှန်နှစ်ခုကို ဘာလို့ လုံလုံခြုံခြုံကာထားဖို့ လိုတာလဲ” 

“ဒီမှန်နှစ်ချပ်ကို ဆန့်ကျင်ဘက်ထားသင့်တာ” 

ကျန်းလော်သည် အမိန့်ပေးလိုက်သည်။ 

“မင်းအပြင်ထွက်လို့ ဟိုတယ်မှာ နေတယ်ဆိုပါတော့ အဲ့မှာ တချို့ဟော်တယ်တွေက  တီဗီကို အိပ်ရာ ခြေရင်းတည့်တည့်မှာ ထားတတ်ကြတယ် ပြောရရင် အိပ်ရာအလယ်တည့်တည့်ပေါ့ကွာ၊ ပုံသေပြောရမယ်ဆို တီဗီဆိုတာကလည်း မှန်တစ်မျိုးပဲလေ အဲ့တာကြောင့် အိပ်တော့မယ်ဆိုရင် အုပ်ထားတာ အကောင်းဆုံးပဲ” 

လျန်ညီအစ်ကိုနှစ်ယောက်သည် ပြိုင်တူဖြေလိုက်ကြသည်။ 

“ကျွန်တော်တို့ နားလည်ပါပြီ အစ်ကိုကြီး” 

အချိန်ကုန်တာ အလွန်မြန်သည်။ လူတိုင်းသည် ညပိုင်းရောက်သည်နှင့် ဖယောင်းတိုင်တစ်ချောင်းစီကိုင်ပြီး အခန်းထဲမှ ထွက်လာကြသည်။ 

လမ်းတလျှောက်မှ မှန်များသည် ဖယောင်းတိုင်မီးများကြောင့် အလင်းပြန်နေကြသည်။ မီးတောက်များသည် ပြောင်လတ်နေသော ကြမ်းခင်းကို လူတိုင်း၏ အရိပ်ထင်စေသည်။ အချိန်ခန ကြာပြီးနောက် လူတိုင်း အောက်ထပ်ရောက်ပြီ ဖြစ်သည်။ ကျန်းလော်သည် နေမကောင်းဟန်ပေါ်သော လျန်ရွှီ၏ မျက်နှာကို ကြည့်လိုက်သည်။ 

“ဘယ်လို ခံစားရလဲ” 

လျန်ရွှီသည် ပြုံး၍ ခေါင်းခါပြလိုက်သည်။ 

“အိပ်ရာမဝင်ခင်က အိမ်တော်ထိန်းက ညီမကို ဂျင်းစွပ်ပြုတ် ပူပူလေး လာပို့ပေးသွားတယ် ပြီးတော့လည်း ညီမတို့အိမ်တော်က ဆေးလည်းသောက်ထားတော့ မနက်ဖြန်နိုးလာရင် ကောင်းသွားလောက်ပါပြီ” 

“မမကြီး” 

လျန်ပင်းသည် စိုးရိမ်စွာဖြင့် 

“ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်ပါဗျာ” 

ဆယ့်နှစ်နာရီထိုးခါနီးတွင် အဓိကဇာတ်ဆောင် နှစ်ယောက်ဖြစ်သော ကျန်းလော်နှင့် ချီယုံသည် သန့်စင်ခန်းထဲသို့ စောစောဝင်သွားကြပြီး တွမ်ကျီနှင့်အတူ လူခုနှစ်ယောက်သည် နောက်မှ လိုက်ဝင်သွားကြသည်။ 

သူသည်ပြုံးလိုက်ပြီး 

“တဆိတ်လောက် ကိုယ့်ကိုအရင် သန့်စင်ခန်းသုံးခွင့်ပြုပါ” 

လူတိုင်း၏ တုံ့ပြန်ချက်ကို မစောင့်ဘဲ အခန်းထဲဝင်၍ တံခါးပိတ်ချသွားသည်။ လျန်ချင်းသည် အေးခဲသွားပြီး 

“ဝေ့ ကျွန်တော့်အစ်ကိုကြီး အထဲမှာ ရှိနေတယ်လေ” 

ဖယောင်းတိုင်များကို မှန်၏ ဘေးနှစ်ဖက်တွင် တစ်ချောင်းစီတင်ထားလိုက်ပြီး နံရံကို မမှီလိုက်ခင်ထိ ကျန်းလော်သည် ချီယုံ့ကို အကြာကြီး ကြည့်နေခဲ့သည်။ 

နံရံများသည် အနည်းငယ်အေးစိမ့်နေပြီး ကျင်းကျင်းကျုတ်ကျုတ် ရေချိုးခန်းသည် လူနှစ်ယောက်အတွက် သေးငယ်နေသည်။ ကျင်းကျပ်သော လေထုသည် သူတို့ကို လှေပေါ်မှ အချိန်တစ်ချိုု့ကို သတိရသွားစေသည်။  

ပိုင်ဆိုင်ရယူခြင်းခံရပြီး ထူးခြားသော အခြေအနေတို့ကြောင့် ကျန်းလော်သည် ထိုအကြောင်းကို ပြန်တွေးမိတိုင်း ဦးခေါင်းခွံထဲမှပင် နာလာသလို ခံစားရကာ ပုရွက်ဆိတ်များ ရွစိတက်နေအောင် ကိုက်နေသလိုယားကျိယားကျိ ခံစားရပြီး ပြန်ပြောရန် အလွန်ရှက်မိသည်။ 

ကျန်းလော်မျက်နှာသည် ယခင်အတိုင်းမည်သို့မျှ မပြောင်းလဲပေ။ သူသည် ခေါင်းငုံ့လိုက်ပြီး စီးကရတ်တစ်လိပ် မီးညှိလိုက်ကာ နံရံကို လျောလျောမှီပြီး ရပ်နေပုံမှာ မကောင်းဆိုးဝါးကို ရေချိုးပြီးကာစ ဆွဲဆောင်နေသော ပုံစံလေးကို ပြန်အမှတ်ရသွားစေသည်။ 

ကျန်းလော်သည် ဘုရင်တစ်ပါးမှ သူ့ပိုင်နက်ကို တစ်လက်မချင်း စိတ်တိုင်းကျ ကြည့်ရှု စစ်ဆေးနေသော အကြည့်တို့ဖြင့် သူ့ကို ကြည့်နေသည်ကို ခံစားမိသည်။ အလွန်စိတ်တိုလာက ရန်လိုမှုကို မထိန်းချုပ်နိုင်တော့သော်လည်း ကျန်းလော်သည် စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ကာ 

“အခုထိ မလုပ်သေးဘူးလား” 

သူသည် စီးကရတ်ကို ကိုက်လိုက်ပြီး သူ့ကိုယ်သူ သတိပေးလိုက်သော်လည်း မကောင်းဆိုးဝါးသည် သူ့နားသို့ ကပ်လာပြီး နံရံနှင့် အေးစက်စက် ခန္ဓာကိုယ်ကြား ညှပ်ထားလိုက်သည်။ 

“ဒီလောက် နှင်းမုန်တိုင်းကြီး တိုက်နေတာတောင် ကိုယ်တို့ ဆုံကြရတယ်ဆိုတော့ ကျန်း မင်းနဲ့ ကိုယ်က ရေစက်ပါပုံပဲနော်” 

ကျန်းလော်သည် သူ့မျက်နှာဆီသို့ မီးခိုးများ မှုတ်ထုတ်လိုက်ပြီး နှုတ်ခမ်းများတွင် လှောင်ပြုံးတစ်ခု ချိတ်ဆွဲထားကာ 

“မစ်စတာချီ ဒီလို ကံကြမ္မာအရ ဆုံစည်းတာဆိုတာကြီးထဲမှာ ခင်များရဲ့ လက်ဝင်လျှိုထားတာ မပါဘူးလို့ ယုံကို မယုံနိုင်တာဗျာ” 

သူသည်စီးကရက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်ကာ မီးဖြင့် ချီယုံ့လည်ပင်းကို ပွတ်ဆွဲလိုက်ပြီး ရေခဲကျောက်စိမ်းကဲ့သို့ အေးစက်ချောမွတ်နေသော လည်တိုင်သွယ်သွယ်ကို ရုပ်ဆိုးဆိုး အမာရွတ်ကြီး ထင်သွားစေသည်။ 

“ပြော ဒီတစ်ကြိမ်ရော ဘာလိုချင်ပြန်တာတုန်း” 

ချီယုံသည် မျက်ခုံးပင့်လိုက်ပြီး တစ်ခုခုပြန်ပြောတော့မည့်အချိန်တွင် မှန်ရှေ့မှာ ဖယောင်းတိုင်မီးသည် မှိတ်တုပ်မှိတ်တုပ် ဖြစ်သွားသည်။ 

ဆယ့်နှစ်နာရီ ထိုးလေပြီ။ 

ကျန်းလော်သည် နှာမှုတ်လိုက်ပြီး ချီယုံ့ကို သူနှင့် ဝေးဝေးသို့ တွန်းထုတ်လိုက်သည်။ ထို့နောက် တံခါးဖွင့်လိုက်ပြီး လူတိုင်းကို ဝင်လာခိုင်းလိုက်သည်။ 

ရေချိုးခန်းသည် အစထဲက သေးရသည့်အထဲတွင် ယခုကဲ့သို့ လူအများကြီး ဝင်လာသောအခါ ကျပ်ညှပ်သွားစေတော့သည်။ လူတိုင်းသည် တစ်ယောက်နှင့်တစ်ယောက် ပူးကပ်နေကြပြီး လုံးဝ မရွေ့နိုင်ကြပေ။ ကျန်းလော်နှင့် မကောင်းဆိုးဝါးတို့သည် ပူးကပ်သွားကြပြီး ရင်ချင်းအပ်မိနေကာ သက်တောင့်သက်သာဖြစ်ရန် အလွန်ကျပ်ညပ်နေကြသည်။ ကျန်းလော်သည် တည်ငြိမ်အောင် မနည်းကြိုးစားနေရပြီး မှန်ထဲသို့ ကြည့်လိုက်သည်။ သို့သော် ရုတ်တရက်ကြီး သူ့တစ်ကိုယ်လုံးမှ ကြွက်သားများသည် တင်းကျပ်လာနေသည်။ 

သူ့နောက်မှ ခပ်ဟဟရယ်သံကိုကြားလိုက်ပြီး သူ့ဆံပင်များကို ထိုနှာဘူးကောင်က လေနဲ့မှုတ်ပြီး ဆော့နေသည်။ 

ကျန်းလော်၏ နဖူးသည် စိတ်တိုပြီး အံ့ကြိတ်ထားသောကြောင့် သွေးကြောများပင် ထောင်ထနေသည်။ သူသည် ဤရေချိုးခန်းထဲမှာပင် မီးရောင်အောက်တွင် ထိုမကောင်းဆိုးဝါးကို သင်ခန်းစာကောင်းကောင်း ပေးလိုက်ချင်သည်။ 

ညဆယ့်နှစ်နာရီသည် ယင်ဓာတ်အမြင့်မားဆုံးအချိန်ဖြစ်သည်။ 

ကျန်းလော်သည် သူတို့မျက်နှာများမြင်နေရသော မှန်ထဲကို ကြည့်လိုက်ပြီး မီးရောင်အောက်တွင် သူတို့ မျက်နှာများသည် လူသေကဲ့သို့ ဖြူဖျော့နေသည်။ 

အခန်းထဲတွင် မှောင်မိုင်းနေသောကြောင့် မှန်သည် မီးခိုးရောင်သမ်းနေပြီး ရေငွေ့ရိုက်နေသည်။ အခန်းထဲတွင် လေမတိုက်သော်လည်း ဖယောင်းတိုင်မီးရောင်သည် လေတိုက်နေသကဲ့သို့ ယိမ်းယိုင်နေသည်။ နောက်တစ်ခနအတွင်းမှာပင် မီးမှိတ်သွားတော့မည့် အတိုင်းပင်။ 

“ဘာလဲ ဘာဖြစ်နေတာလဲ” 

လိရှောင်းသည် တွမ့်ကျီလက်မောင်းကို အားကိုတကြီး တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။ 

“ထွက်တော့” 

တစ်စုံတစ်ခုမှားနေကြောင်း သတိထားမိသည်နှင့် ပြေးရမည်ဟူသော အသိသည် အမြဲတမ်း ကျန်းလော်စိတ်ထဲတွင် အသေမှတ်ထားသောကြောင့် တံခ်းနှင့် အနီးဆုံးတွင် ရှိနေသော လျန်ချင်းကို အော်ပြောလိုက်သည်။ 

“လျန်ချင်း တံခါးဖွင့်လို့” 

လျန်ချင်းသည် သူမပြောခင်ကပင် တံခါးဆွဲဖွင့် ပြီးဖြစ်သော်လည်း ချွေးစီးပြန်လာကာ ပြန်အော်ပြောလိုက်သည်။ 

“အစ်ကိုကြီး တံခါးဖွင့်လို့မရဘူး” 

လျန်ပင်းသည်သူ့ကိုယ်လုံးနှင့် တံခါးကို ဝင်တိုက်ပြီး ကူညီပေးသော်လည်း တံခါးသည် တုပ်တုပ်မှ လှုပ်မသွားပေ။ ချင်းယွင်သည် အော်ဟစ်ပြီး မှန်ထဲကို ညွှန်ပြပြီး ငိုတော့သည်။

“အာားးးးး အဲ့ဒီထဲမှာ သရဲရှိတယ်” 


ကျန်းလော်သည် မသိစိတ်ကြောင့် မှန်ထဲသို့ကြည့်လိုက်သောအခါ မှန်ထဲတွင် အနီရောင် မီးတောက်တစ်ခုကိုသာ မြင်လိုက်ရပြီး ထက်ရှသော နာကျင်မှုတစ်ခုသည် သူ့တစ်ကိုယ်လုံးကို ဖြတ်စီးသွားပြီး မျက်လုံးကို အမြန်မှိတ်လိုက်သော်လည်း သူသည် အမှောင်ထဲသို့ ရောက်သွားကာ ဘယ်လိုခုခံမှုမျိုးကိုမှ မလုပ်နိုင်တော့ပေ။ 

ဆံပင်အနက်နှင့်ကောင်လေးသည် နောက်သို့ ယိမ်းယိုင်သွားပြီး သူ့ကို ဖြူဖျော့သောလက်အစုံက အချိန်မှီဖမ်းထားလိုက်နိုင်သည်။ 

ရေချိုးခန်းထဲတွင် မကောင်းဆိုးဝါးမှလွဲ၍ ကျန်သူများအားလုံးသည် တစ်ယောက်ပြီးတစ်ယောက် မြေပြင်ပေါ်သို့ လဲကျကုန်ကြသည်။ 

ချီယုံ၏ မျက်နှာတွင် ပျော်ရွှင်မှုနှင့် ဒေါသထွက်မှုတို့ ရောနှောနေကာ ကျန်းလော်ကိုယ်ကို ထိန်းကိုင်ပြီး ကြမ်းပြင်ပေါ်လဲကျနေသော လူများကို လစ်လျူရှု၍ ဧည့်ခန်းဆိုဖာပေါ်သို့ ကျန်းလော်ကို ငြင်သာစွာ ချပေးလိုက်သည်။ 

“ထွက်လာခဲ့” 

ရုတ်တရက် မီးလင်းလာပြီး ထောင့်တစ်ထောင့်မှ အိမ်တော်ထိန်းယန် ထွက်လာကာ လေးစားစွာဖြင့် 

“သခင်” 

ချီယုံသည်ကျန်းလော်ကို ငုံ့ကြည့်လိုက်ပြီး ဆံပင်အနက်နှင့် လူငယ်လေးသည် မတည်မငြိမ်ဖြစ်နေကာ ဆိုဖာပေါ်တွင် သရုပ်ပြမော်ဒယ်တစ်ယောက်လို သိမ်မွေ့စွာ လှဲလျောင်းနေသည်။ 

သူ့အသံသည် အေးစက်နေသည်။ 

“ဘာတွေဖြစ်ကုန်တာလဲ” 

အိမ်တော်ထိန်းယန်သည် သူ့လက်ထဲမှ ဗုဒ္ဓပုတီးကို တစ်လုံးချင်း အောက်ချနေပြီး အရေးအကြောင်းများနှင့် ပြည့်နှက်နေသော မျက်နှာသည် ငယ်ရွယ်ပြီးချောမွတ်သော အသားအရည်သို့ ပြောင်းလဲသွားကာ ဗုဒ္ဓ ကဲ့သို့ တည်ကြည် ခန့်ညားသော ပုံစံဖြင့် ကိုယ်ကို ကွေးညွှတ်လိုက်သည်၊ 

“အော်မီတော်ဖော ဗုဒ္ဓအရှင်မြတ်၊ သခင် ဒီလူတွေက ပုံရိပ်ယောင်ထဲမှ ပိတ်မိသွားတာပဲ သူတို့ ဝိဉာဉ်တွေကို မှန်လောကထဲကို ဆွဲသွင်းခံလိုက်ရပါပြီ” 

“ငါသိပြီ” 

ချီယုံကပြောသည်။ 

“ငါမှတ်မိသလောက်ကတော့ ငါမင်းကို ပုံရိပ်ယောင် အစီအရင်ကို ဖျက်ဆီးဖို့ ပြောခဲ့တယ်” 

“ဒါပေမဲ့ သခင် မသိချင်ဘူးလားဗျာ” 

ကောဝူချန်မျက်လုံးများသည် တဖြတ်ဖြတ်တောက်ပနေပြီး ကျန်းလော်ကို စိတ်ဝင်စား သိချင်စိတ်အပြည့်နှင့်ကြည့်နေသည်။ 

“တစ်စုံတစ်ယောက်က အထူးတလယ်ကို ဒီနေရာမှာ အိမ်လာဆောက်ပြီး အစီအရင်ပြင်ဆင်ထားခဲ့တာ ပြီးတော့ သူတို့က ဒီလူတွေကိုလည်း ဒီနေရာထိရောက်အောင် မျှားခေါ်လာသေးတယ် ပြီးတော့ လူစုလူဝေးဖြစ်အောင်ပါ စီစဉ်ထားတာဆိုတော့ ကန့်လန့်ကာနောက်ကလူ ဘာလုပ်ဖို့ ကြိုးစားနေလဲ မသိချင်ဘူးလားဗျာ” 

“ဒီဇာတ်လမ်းထဲကို ဇာတ်ကောင် နှစ်ကောင် အစားထိုးလိုက်ရင် သခင်နဲ့ ကျွန်တော်က လက်တစ်ချောင်းလှုပ်စရာမလိုပဲ ကျန်းလော်ရဲ့ သရုပ်မှန်ကို ထိုင်ကြည့်နေရုံပဲလေဗျာ ကျန်းလော်သာ ဒီပြဇာတ်မှာဝင်ကရင်.......ဒီပိတ်ကားနောက်ကွယ်က လူက ကျွန်တော်တို့ နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲ ရှာနေရတဲ့ သူဖြစ်နေရင် ကျွန်တော်တို့ ပွဲကြည့်ရကျိုးနပ်တာပေါ့ဗျာ” 

ကောဝူချန်က ဆက်ပြောလိုက်သည်။ 

“သခင် ဒါကြောင့် ကျွန်တော်က အကြံကောင်းရပြီး မှန်အစီအရင်ကို ဖျက်ဆီးမဲ့အကြံကို စွန့်လွတ်လိုက်တာပါ” 

သူပြောလို့ပြီးသွားသောအခါ ကောဝူချန်သည် ခါးပြန်မတ်လိုက်သည်။ သို့သော် မကောငက်းဆိုးဝါးသည် ခုနကအတိုင်း ရပ်နေဆဲဖြစ်ပြီး ထိတ်လန့်ဖွယ်ကျောက်ရုပ်အသွင် ဖြစ်နေသည်။ 

ကောဝူချန်စိတ်သည် ရုတ်တရက် လွင့်စင်သွားသလို ဖြစ်သွားသည်။, 

ချီယုံ၏ လက်အောက်ငယ်သားများအနေနှင့် သူတို့သည် ချီယုံ့အကြောင်းကို  အတွင်းကျကျ သိသင့်သလောက် သိထားကြသည်။ ချီယုံပြုံးနေလျှင်ပင် ချီယုံပျော်နေသည်မဟုတ်ပေ။  အတွင်းကျကျပြောရလျှင် သူ့အပြုံးပိုနက်ရှိုင်းလေ နှုတ်ခမ်းထောင့်များ ကွေးနေလေလေ သူ့နှလုံးသားထဲမှ မပျော်ရွှင်မှုများ မည်မျှနက်ရှိုင်းနေသည်ကို သိနိုင်လေဖြစ်သည်။ သို့သော် ချီယုံမျက်နှာ အမူအယာမဲ့နေလျှင် ထိုအချင်းအရာသည် သူပြုံးနေစဉ်ကထက် ပိုမို ကြောက်စရာကောင်းနေကြောင်း သိနိင်လေသည်။ 

ပြောရလျှင် မျက်နှာ အမူအယာမဲ့နေလျှင် သူ့နှလုံးသားထဲမှ ရန်လိုမှုသည် လူသတ်ချင်သည့်စိတ်မှာ အဆုံးစွန်ထိရောက်ရှိနေပြီ ဖြစ်သည်။ 

ကောဝူချန်သည် ရုတ်တရက် သူ့လက်ထဲမှ ဗုဒ္ဓပုတီးကုန်းကို တင်းတင်းကျပ်ကျပ်ဖိညှစ်ထားပြီး သူ့အမှားကို ချက်ချင်းဝန်ခံလိုက်သည်။ 

“သခင်........” 

စကားဆုံးအောင် မပြောလိုက်နိုင်ခင် ချီယုံ့နောက်ကျောဘက်မှ မြူနက်များထွက်လာပြီး ကောဝူချန်ကို ရစ်ပတ်လိုက်ကာ ချွန်ထက်နေသော သွားများနှင့် ပါးစပ်အဖြစ် ပြောင်းသွားသည်။ 

ကောဝူချန်ကို မြူနက်များသည် လည်ပင်းမှ မြောက်ကိုင်လိုက်ပြီး မျက်နှာကျက်ဆီသို့ ခေါင်းနှင့်ပစ်တိုက်လိုက်သည်။ 

ထို့နောက် မြူနက်များသည် လက်တစ်ချောင်းအသွင် ဖွဲ့စည်းသွားပြီး ကောဝူချန်ရင်ဘက်ကို ဖောက်ဝင်သွားပြီး အသားစများနှင့် သွေးများ နေရာအနှံ့ ပျံ့ကျဲသွားစေသည်။ မြူနက်များ၏ ရင်ဘက်ထဲ ဖောက်ဝင်သွားပြီး သွေးသံရဲရဲဖြစ်သွားရသော နာကျင်မှုကြောင့် ကောဝူချန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး လည်ပင်းသွေးကြောများ ထောင်ထလာတော့သည်။ 

မြုနက်လက်ဖဝါးကြီးသည် ကောဝူချန်နှလုံးသားဆီသို့ ရောက်လာပြီး သွေးကြောများပေါက်ထွက်လာအောင် အသားထဲသို့ နှစ်ဝင်သွားကာ နှလုံးကို ဆုပ်ကိုင်ထားသည်။ ကောဝူချန်သည် အသက်အန္တာရယ်ခြိမ်းခြောက်ခံရ၍ ကြောက်ရွံ့လာသောကြောင့် နှလုံးခုန်သံ တအားမြန်လာသည်။ သွေးကြောများ ပေါက်ထွက်ကုန်ပြီး သွေးများပန်းထွက်လာကာ ကြမ်းပြင်ပေါ်သို့ သွေးများအိုင်ထွန်းသွားစေသည်။ ထပ်ခါထပ်ခါ ဆက်တိုက် ဖိညစ်နေမှုကြောင့် ကောဝူချန်သည် အသက်ထွက်မတတ် နာကျင်နေပြီ ဖြစ်သည်။ 

“ကောဝူချန်” 

သူ့သခင် ချီယုံက ပြောသည်။ 

“နောက်ထပ်ထပ်ဖြစ်ခဲ့ရင် ငါမင်းနှလုံးကို ခြေမွပစ်မယ်” 

ကောဝူချန်၏ မျက်လုံးများသည် သွေးကဲ့သို့ရဲရဲနီနေပြီး နာကျင်မှုကို တောင့်ခံရန် သွားများကိုဖိကြိတ်ထားပြီး ပြောလိုက်သည်။ 

“ကျွန်တော် သိ......မှားမှန်းသိပါပြီ သခင်” 

မြုနက်များမြှောက်တက်သွားပြီး ကောဝူချန်ကို အောက်ကို ပစ်ချလိုက်သည်။ 

ချီယုံသည် သူ့ကို ဘေးတိုက်ကြည့်လိုက်ပြီး သူ့မျက်လုံးထဲတွင် သန်းချီနေသော အေးစက်မှုများ နက်ရှိုင်းစွာ ပုန်းအောင်းနေကာ 

“ကျန်းလော် အပေါ်ထားတဲ့ ငါ့သဘောထားကို ထပ်ပြီး မစမ်းသပ်နဲ့” 

ကောဝူချန်သည် အားတင်းပြီး မတ်တပ်ရပ်လိုက်ကာ 

“ဟုတ်ကဲ့ပါ သခင် ကျွန်တော် နောက်ထပ် ဒီလို အမှားမျိုး ထပ်မဖြစ်စေရပါဘူး” 

ချီယုံသည် ကျန်းလော်ကို ပြန်ငုံ့ကြည့်လိုက်သည်။ 

တစ်ခနကြာပြီးနောက် ချီယုံပတ်ပတ်လည်မှ အရှိန်အဝါသည် ရုတ်တရက်ကြီး ထိုးတက်လာပြီး အနက်ရောင်မြူများမှ ဖိအားသည် ပိုပိုထူထပ်လာသည်။ 

“သွား ငါ့ကို မှန်ဝင်္ကပါလောကထဲ ဝင်လို့ရအောင် နည်းလမ်းရှာလာခဲ့” 

“သခင် မလွယ်ပါဘူး မှန်ဝင်္ကပါလောက က သခင့် စွမ်းအားကို တောင့်မခံနိုင်ပါဘူး ” 

ကောဝူချန်သည် ချောင်းဆိုးလိုက်ပြီး ပါးစပ်အပြည့်သွေးအန်ကာ တုန်ယင်စွာ ပြောလိုက်သည်။ 

“ကျေးဇူးပြုပြီး ကျွန်တော့်ကို အချိန်နှစ်ရက်လောက်ပေးပါ” 

##########################