Ch 96
Viewers 8k

အပိုင်း (၉၆) 


မင်းမှာ ဒီလိုဝါသနာမျိုး ရှိတာကိုး

ကျန်းလော်ထိုအကြောင်းကို မတွေးမိခင် လုယုံရိသည် ဓာတ်ပုံအောက်နားကို ထောက်ပြလိုက်ပြီး

“ဒီတစ်ယောက်ကိုကြည့်ဦး”

ကျန်းလော်သည် သူပြသည့်နေရာကိုကြည့်လိုက်ရာ ချန်လိနှင့် တခြားအမျိုးသားတစ်ယောက်ပုံဖြစ်သည်။ ထိုအမျိုးသားသည် ခါးကုန်းနေပြီး ကင်မရာကို ရှက်ရဲရဲမျက်နှာဖြင့် ကြည့်နေသည်။ ကျန်းလော်သည် ထိုလူ၏မျက်နှာကို အကြာကြီး ကြည့်နေပြီး

“ဒီလူ က...........”

လုယုံရိသည် ခုန်ထလိုက်ပြီး

“ရင်းနှီးနေသလို မျက်နှာမို့လား”

ကျန်းလော်သည် သေချာစွာ ခေါင်းညိတ်ပြသည်။

လုယုံရိသည် နောက်ထပ် ထူးဆန်းမှုအကြီးကြီးကို အမ်အာတီဗီဖိုးမှ အစီအစဉ်တင်ဆက်သူများလို ဟန်နှင့်ပန်နှင့် ဖော်ထုတ်တော့မည့်အချိန်တွင် ကောကျူသည် စိတ်မရှည်တော့ဘဲ ရိုင်းပြစွာ အရင်ပြောချလိုက်သည်။

“ငါတို့ သင်္ဘောပေါ်ရောက်တဲ့နေ့က ချန်လိ သင်္ဘောပေါ်က ကန်ချလိုက်တဲ့ သာမန်လူပဲ”

ကျန်းလော်က ပြောသည်။

“အိုး..........သူတို့က တစ်ယောက်နဲ့တစ်ယောက် တော်တော်ရင်းနှီးကြပုံပဲကို ”

ဤအချက်သည် အလွန်စိတ်ဝင်စားစရာကောင်းနေသည်။

“ရယ်ရွှင်က အရမ်းမျက်စိလျင်တာကွ”

“သူဝတ်ထားတဲ့ အဝတ်အစားကို ကြည့်လိုက်ဦး အရင်ပုံမှာချန်လိဝတ်ထားတာနဲ့ တစ်ထည်ထဲကွ ကြည့်ရတာ သူငယ်ချင်းမဟုတ်ရင် ဆွေမျိုးတော်လောက်တယ်”

“အမျိုးမစပ်ကြည့်ရင်တောင် သူတို့ပုံစံကြည့်ရတာ အရမ်းရင်းနှီးချစ်ခင်ကြတဲ့ပုံမပေါ်ဘူးလား”

ရယ်ရွှင်သည် ခေါင်းညိတ်လိုက်ပြီး

“ငါတို့အခု အဲ့အကြောင်းပဲပြောနေကြတာ ပုံတွေကြည့်လိုက်ရင် ချန်လိက သူ့မိန်းမနဲ့ သမီးကို လုံးဝစွန့်ပစ်နိုင်မဲ့သူမျိုးမဟုတ်ဘူး၊ ပြီးတော့လဲ သူနဲ့သိတဲ့တစ်ယောက်ကို ပြဿနာရှာပြီး သင်္ဘောပေါ်က မောင်းထုတ်လိုက်ထဲက သူတစ်ခုခု သိထားတာရှိရမယ်၊ အဲ့လူက အော်ပြောသေးတယ်လေ သူ့လက်မှတ်ကို ချန်လိဖြဲပစ်လိုက်တာလို့ သေချာတာကတော့ ချန်လိက အဲ့လူကို ကယ်လိုက်တာပဲ”

လုယုံရိက ပြောလိုက်သည်။

“နောက်ဆုံး ပြောရရင်ကွာ သူတစ်ခုခုသိထားတာ သေချာတယ် ”

ကျန်းလော်က ပြောသည်။

“ဖြစ်နိုင်တယ်”

ကျိုးကျုံးချိုးသည် ဖိနပ်စီးထားသောခြေထောက်နှင့် တမင်တကာ ကန်လိုက်ပြီး

“ဒီနေ့ဘယ်လိုလဲ လုယုံရိပြောသလို ငါးကန်ထဲသွားလှိမ့်လာတာတော့ မဟုတ်ဘူးမလား”

ကျန်းလော်သည် နှုတ်ခမ်းစေ့လိုက်ပြီး မချိသွားဖြဲပြလိုက်ကာ

“အဲ့လိုနဲ့တူတူလောက်ပါပဲ”

ပျော်ရွှင်စွာ ရယ်မောစနောက်နေကြသော အားလုံး အပြုံးရပ်သွားကြကာ မယုံနိုင်စွာ ဝိုင်းကြည့်လိုက်ကြသည်။ ကျန်းလော်သည် နဖူးကို ကြမ်းကြမ်းတမ်းတမ်းပွက်ကာ အိပ်ယာပေါ်သို့ ခြေပစ်လက်ပစ်လှဲချလိုက်သည်။ ကုတင်ပေါ်မှာ လှဲနေရသေးသော ခွမ်ကျိန်းသည် သူ့ကိုယ်ကြီးကျလာသောကြောင့် အမြန်ဘေးသို့ ရွှေ့ပေးလိုက်ရသည်။

“ငါ ဒီနေ့ လျှို့ဝှက်ချက် အကြီးကြီးတစ်ခု သိလာရတယ်”

ကျန်းလော်အသံတွင် ထိတ်လန့်တုန်လှုပ်နေသလို အသံသည် ပြောနေရင်း အဖျားခတ် တုန်ယင်သွားသည်။

“သွေးငါးရှဉ့် ဆိုတာ ဘာကောင်လဲ ငါအားလုံးသိလုနီးနီးပဲကွာ”

......

ဆက်သွယ်ရေးအခန်းတွင် တာဝန်ကျသော တန့်နေးအာနှင့် ဆွန်းကျာ့တို့၏ စကားပြောခန်းမှ အစပြု၍ လိရှား သူ့ကို ပြောပြခဲ့သည်အထိ ကျန်းလော်သည် တစ်လုံးချင်း တည်ငြိမ်စွာ ပြောပြသည်။ ရွှေချထားရလောက်သည့် ဦးနှောက်သည် တစ်ခွန်းမကျန်မှတ်မိလေသည်။

သူပြောနေစဉ်တွင် သူ့ခေါင်းထဲတွင် အချက်အလက်တစ်ခုချင်းစီကို တန်းစီနေသည်။တစ်ရက်လုံးလုံး ကျော်ဖြတ်ခဲ့ရသည့် အဖြစ်အပျက်များသည် ယခုစိတ်လွတ်လက်လွတ် လှဲနေချိန်တွင် ရယ်စရာဖြစ်သွားသလိုပင်။

“တာဝန်ကျနေရာက အထီးနှစ်ကောင်က တကယ့်ငတုံးတွေကွာ”

တုံးသည်ဆိုခြင်းမှာ ငါးတစ်ကောင်ကဲ့သို့သာ မှတ်ဉာဏ်ရှိပြီး လူတစ်ယောက်ကဲ့သို့ မဖွံ့ဖြိုးလာသေးသောကြောင့် ဖြစ်သည်။ သားရဲတိရစ္ဆာန်များကဲ့သို့ပင် ဦးနှောက်သည် စားဖို့သောက်ဖို့ သတ်ဖို့ဖြတ်ဖို့သာ တွေးတတ်သည်။ ငါးလည်းမဟုတ် လူသားမျိုးစိတ်လည်း မဟုတ်သော စိတ်ပျက်စရာ သတ္တဝါများဖြစ်သည်။

သို့သော် တခြားသူများသည် သူ့စကားကြောင့် သတိလက်လွတ်ဖြစ်သွားကြပြီး သူတို့မျက်လုံးထဲတွင် ကျန်းလော်၏ ဟာသကို မကြားတော့သလို ဖြစ်နေကြသည်။ လုယုံရိသည် ပါးစပ်အဟောင်းသား ဖြစ်နေသည်ကို ပိတ်လိုက်ကာ ခက်ခက်ခဲခဲ ပြောသည်။

“မင်းပြောတာ ငါတို့ ဒီသင်္ဘောပေါ်က သင်္ဘောသားအများစုက ငါးထီးတွေ သွေးငါးရှဉ့်အထီးတွေ ဟိုနေ့က ဖမ်းမိတဲ့ သွေးငါးရှဉ့်က အမတွေ ဟုတ်လား၊ အဲ့ဒါတင်မကသေးဘဲ နောက်နှစ်ညမှာ အဲ့ဒီ ငါးထီးနဲ့ ငါးမတွေက သင်္ဘောပေါ်မှာ မိတ်လိုက်ကြဦးမှာ ပြီးရင် အဲ့ငါးမတွေက ဗိုက်ကြီးပြီး သင်္ဘောပေါ်ကနေ ပင်လယ်ထဲပြန်သွားပြီး နောက်နှစ်ဒီလိုအချိန်ကျရင် သူတို့ဥတွေကို သားဖောက်ဖို့ ဒီသင်္ဘောပေါ်ပြန်လာဦးမှာပေါ့ ဟုတ်လား”

ကျန်းလော်သည် အလွန်ဘဝင်ကျသွားပြီး

“မင်းအကျဉ်းချုပ်လိုက်မှပဲ တိုတိုနဲ့ လိုရင်းထိရောက်သွားတော့တယ်”

“WTF”

လုယုံရိသည် အောက်သို့ထိုင်ကျသွားပြီး ကြမ်းပြင်ပေါ် ဆောင့်ကြောင့်ထိုင်က ခေါင်းကို ဒူးနှစ်ဖက်ကြားထဲညှပ်ထားသည်။

“Holy Shit”

စိုင်လောင်အာသည် အတွေးထဲနစ်နေသော ဝမ်ယမ်လန်နှင့် ကျောက်ရုပ်ဖြစ်နေသော ရယ်ရွှင်ကိုကြည့်ပြီး သတိကြီးကြီးထားပြီး ကျန်းလော်ကို မေးလိုက်သည်။

“ငါတို့ ဒီတိုင်း ငါးအမတွေကို သတ်ပစ်လိုက်ကြရင်ရော”

“ငါးအမတွေ မိတ်မလိုက်ကြခင် သတ်လိုက်ရအောင်”

ကျန်းလော်သည် စိတ်ရှည်စွာနားထောင်နေပြီး သူတို့ပြောပြီးသောအခါ

“ငါတို့ ငါးမတွေကို ထိလိုက်တာနဲ့ သင်္ဘောပေါ်ကအထီးတွေအကုန် အုံကြွလာလိမ့်မယ် မပြင်ဆင်ဘဲ လုပ်လိုက်လို့ မဖြစ်ဘူး ငါတို့တွေ အလျင်စလိုလုပ်လိုက်ရင် ငါးထီးတွေ ရာနဲ့ချီအောင် ရင်ဆိုင်ရလိမ့်မယ် ဒီသင်္ဘောတစ်စီးလုံး သူတို့သားသတ်ကွင်းဖြစ်သွားပြီး ငါတို့ရော တခြားလူတွေရော အကုန်သူတို့ပါးစပ်ထဲ ရောက်ကုန်ကြလိမ့်မယ်”

စိုင်လောင်အာသည် သူပြောမှ တွေးမိသွားပြီး

“ဒါဆို ငါတို့ ငါးအမတွေကို မသတ်ခင် ရဲတွေကို အရင်အချက်ပြဖို့ လိုမယ်ကွ”

ကျန်းလော်က ခေါင်းညိတ်လိုက်သည်။

“ဒါပေမဲ့ ငါးထီးတွေနဲ့ ငါးမတွေက မနက်ဖြန်ညဆိုရင်ကို မိတ်လိုက်ကြတော့မှာ ငါတို့မှာ အချိန်အများကြီး မကျန်တော့ဘူး”

ကောကျူသည် သမုဒ္ဒရာမြေပုံကို ယူလာပြီး ဘေးမှ စားပွဲပေါ်သို့ချလိုက်သည်။ ကျန်းလော်၏ ကြေးအကြွေစေ့များနှင့် စာရွက် ခဲတံတို့ကို ကျွမ်းကျင်စွာ ယူလိုက်ပြီး ရဲကင်းလှည့် သင်္ဘောတည်နေရာရှာရန် မန္တာန် တစ်ချို့ရေးတော့သည်။

“တောင်ဘက်ဝေးဝေး ကနေ ၉၊ အရှေ့ယွန်းယွန်းမှာ ၃၊ .......အပြောင်းအလဲမြန်တဲ့ လေကြောင်းနောက်လိုက် အနောက်ဘက်မှာ အဓိကလေကြောင်းရှိ အနောက်ဘက်နဲ့ ဆန့်ကျင်ရာကို ၇..............”

ဝမ်ယမ်လန်သည် ပြတင်းပေါက်နားတွင် မတ်တပ်ရပ်နေပြီး ကြယ်စုံလင်းနေသော ကောင်းကင်ကို အကြာကြီးမော့ကြည့်နေပြီး စာရွက်သေးတစ်ရွက်ယူကာ အိမ်မြှောင်လျှာအဖြစ်သုံးရန် ရှည်မျောမျော ခေါက်လိုက်သည်။

“အတူတူလုပ်ကြမယ်”

သူတို့တွင် သံလိုက်အိမ်မြှောင်မရှိသောကြောင့် သူတို့သည် ကောင်းကင်မှ ကြယ်များကိုသာကြည့်ပြီး ယခုသူတို့ရှိသော ပင်လယ်ထဲမှ တည်နေရာနှင့် ကောင်းခြင်းဆိုးခြင်း ကံကြမ္မာကိုပါ အဖြေရှာကြည့်နိုင်သည်။

ကျန်းလော်သည် ရွှမ်ရွှီလောကတွင် မွေးဖွားလာသော သူမဟုတ်သောကြောင့် စာမေးပွဲနှင့် မစ်ရှင်များတွင် အဆင့်ကောင်းကောင်း ရထားသော်လည်း ဝမ်ယမ်လန်နှင့် ကောကျူတို့ အပြန်အလှန်ပြောဆို လုပ်ကိုင်နေသည်ကို မြင်သောအခါ ဆွံ့အနားမကြားတော့သလို ခံစားရသည်။

သူသည် စိတ်ရှည်သည်းခံစွာ စောင့်ဆိုင်းရင်း ကောကျူ၏ နံပါတ်များကို ဂါထာလိုရွတ်နေသော အသံအောက်တွင် အိပ်ပျော်လုဆဲဆဲဖြစ်သွားသည်။ ကောကျူသည် ပျော်ရွှင်စွာအော်လိုက်ပြီး သူ့ကို နှိုးလိုက်သည်။

“ဒီနေရာပဲကွ”

ကျန်းလော်သည် ချက်ချင်းထလိုက်ပြီး အိပ်ရာပေါ်မှ ခုန်ထွက်လိုက်ကာ သမုဒ္ဒရာမြေပုံပေါ်တွင် မှင်နက်နှင့် ဆွဲထားသော စက်ဝိုင်းနှစ်ဝိုင်းကို သွားကြည့်လိုက်သည်။ တစ်ဝိုင်းမှာ သူတို့ရှိနေသော Angonese သင်္ဘောကြီးဖြစ်ပြီး နောက်တစ်ခုမှာ ရဲကင်းလှည့်သင်္ဘောဖြစ်သည်။

သင်္ဘောနှစ်စီး၏ အကွာအဝေးမှာ သိပ်မနီးလှပေ။ ကောကျူသည် နဖူးမှ ချွေးများသုတ်လိုက်ကာ ဖောင်တိန်ကို ယူပြီး အကွာအဝေးကို တိုင်းတာလိုက်သည်။

“ဒီအကွာအဝေးက အနီးဆုံးပဲဆိုရင်တောင် လေးငါးနာရီကြာမှာ ဟုတ်တယ်မလား”

ဝမ်ယမ်လန်သည်လည်း ချွေးများသုတ်လိုက်ပြီး မြေပုံကို သေချာကြည့်ကာ ငေးသွားပြီး ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။

“အနည်းနဲ့အများပေါ့”

“လေးငါးနာရီတောင်လား”

ရယ်ရွှင်သည် မျက်မှောင်ကြုတ်လိုက်ပြီး

“ဒီအကြံက သိပ်ကောင်းမနေတော့ဘူး”

“မလွယ်ဘူးဟ”

ကျိုးကျုံးချိုးသည် မေးကိုပွတ်ရင်း

“စဉ်းစားကြည့်လေ ငါတို့ ငါးအမတွေကို ဗိုက်ထဲ ဥအပြည့်နဲ့ ပင်လယ်ထဲရောက်မသွားခင် သတ်ပစ်ရမယ် ပြီးရင်လည်း ငါတို့မသတ်ခင် လေးငါးနာရီအလိုထဲက အချက်ပြမီးလွတ်မှရမှာလေ။ ဒါပေမဲ့ အချက်ပြမီးက လွတ်လိုက်ပြီဆိုတာနဲ့ သင်္ဘောတစ်စီးလုံး သိသွားကြမှာပဲ”

“ပြောချင်တာက စစ်ပွဲက ငါးအမကို သတ်တဲ့အချိန်မှာ မစပဲ အချက်ပြမီးလွတ်လိုက်တာနဲ့ စဖြစ်သွားမှာကွာ”

ကျန်းလော် မျက်ခုံးသည် ကုတ်ကျသွားသည်။

“မင်း ဘာတွေ တွေးနေတာလဲ”

ဝမ်ယမ်လန်သည် ကျန်းလော်ကို မေးလိုက်သည်။ ကျန်းလော်သည် သူ့ကိုယ်သူပြောနေသလို ပြောသည်။

“ငါသိချင်တာက သွေးငါးရှဉ့်တွေက မျိုးပွားဖို့ ဒီလောက်တောင်ခက်တာ အဲ့ဒီငါးအထီးတွေက တကယ်ကြီး လူချမ်းသာတွေကို ငါးအမတွေကျွေးတာ ဟုတ်ပါ့မလား”

“တိုက်ဆိုင်လိုက်တာ ငါလဲ အဲ့အကြောင်းသိချင်နေတာ”

ဝမ်ယမ်လန်သည် ပြုံးရင်းပြောသည်။

“ဒါပေမဲ့ ငါက လူချမ်းသာတွေဘက် တွေးကြည့်နေတာ”

ကျန်းလော်သည် ဝမ်ယမ်လန်ဘက် လှည့်ပြီးနားထောင်နေသည်။ ဝမ်ယမ်လန်သည် နူးညံ့စွာပြောသည်။

“အဲ့ဒီ လူချမ်းသာတွေက ပိုပိုပြီး နှလုံးသားမဲလာတယ်ကွ ပြီးတာ့ ငွေကို တအားကို လောဘတက်နေကြတာကွာ ပြောရရင် ဒီလောက် ချမ်းသာကြွယ်ဝလာနိုင်တဲ့ အခွင့်အရေးကြီးရှေ့ထားပြီး သွေးငါးရှဉ့်တွေကို ရှင်အောင်မွေးပြီး ဈေးကွက်ကို ထိန်းချုပ်မဲ့အစား ဘာလို့ စားသုံးသူအဖြစ်ဘဲနေနေရတာလဲလို့”

“ရဲတွေဘက်ကလည်း အကြာကြီးရှိပြီ စုံစမ်းနေတာ သင်္ဘောပေါ်ကို ခိုးလိုက်ပြီး စုံစမ်းဖို့လုပ်တိုင်း ကျရှုံးတာကြီးပဲ.....”

သူ့ကို ကြည့်နေကြသော လူများကို ကြည့်ပြီး ဝမ်ယမ်လန်သည် ပုခုံးတွန့်လိုက်ပြီး

“မင်းတို့ကလည်း ငါ့မှလဲ ကိုယ်ပိုင်သတင်းပေးလေးတွေ ရှိတယ်ကွ”

“လူချမ်းသာတွေက တကယ်ရိုးရိုးသားသား သွေးငါးရှဉ့်ကို စားဖို့အရေးကို သူတို့ပိုင်တာ အကုန်ပုံပေးချင်နေတာ ပစ္စည်း ငွေကြေး အကုန်ပေးချင်တာနော် အဲ့ဒါအပြင်ကို ကမ်းကပ်တာနဲ့ ပါးစပ်ကို လုံနေအောင် ပိတ်ထားကြတာ သွေးငါးရှဉ့်အကြောင်း တစ်လုံးမှကို မဟကြတာ၊ သွေးငါးရှဉ့်တွေက အသက်ရှည်နုပျိုခြင်းပေးနိုင်တယ်ဆိုတဲ့ သတင်းက ကြားထိုက်တယ်လို့ တွေးတဲ့လူပဲ ကြားတာနော် နောက်ပြီးအဲ့ကြားမိတဲ့ လူတွေက သွေးငါးရှဉ့်အတွက် နောက်ထပ် စားသုံးသူတွေဖြစ်လာတာပေါ့.......ကျစ် ကျစ် ကျစ် ကျစ်”

ကျန်းလော်သည် အကြာကြီးစဉ်းစားနေပြီး

“ဒါဆို ငါတို့မသိသေးတဲ့ တစ်ခုခုရှိဦးမယ်လို့ ပြောချင်တာလား”

သို့သော် သူစကားဆက်ပြောမလို့ လုပ်နေချိန်တွင် ရုတ်တရက်ကြီး သင်္ဘောတစ်စီးလုံး ခါယမ်းသွားသည်။

အခန်းထဲမှလူများသည် လဲမကျသွားစေရန် တစ်ယောက်နှင့် တစ်ယောက် ထိန်းထားရသည်။ ဤကဲ့သို့ လှုပ်ရှားသွားခြင်းသည် ပင်လယ်ပြင်တွင် တစ်ခုခု မငြိမ်မသက် ဖြစ်သွားခြင်းကြောင့် ဖြစ်နိုင်သည်။

ကျန်းလော်သည် ရုတ်တရက် ကုန်းပတ်ဦးပိုင်းပေါ်မှ သွေးငါးရှဉ့်အမကို သတိရသွားကာ မျက်လုံးပြူးသွားပြီး ပြတင်းပေါက်အပြင်သို့ ချက်ချင်းသွားပြီး ကြည့်လိုက်သည်။

ကျန်းလော်သည် ကောင်းကင်ကိုမော့ကြည့်လိုက်ရာ ကြယ်စုံနေသော ကောင်းကင်အစား တိမ်ထူပြီး မည်းမှောင်နေသော ကောင်းကင်ကို တွေ့လိုက်ရသည်။

ငါးညှီနံ့သည် အပြင်ဘက်တွင် လေတိုက်နေသောကြောင့် ကျန်းလော်မျက်နှာသို့ အလုံးအရင်းလိုက် ဝင်ဆောင့်သလို ဖြစ်နေသည်။

ကျန်းလော်သည် ချက်ချင်းပြတင်းပေါက်ကို ကျောပေးရပ်လိုက်သည်။ ထို့နောက် ကုတ်ချိတ်စင်မှ မည်သူ့ကုတ်အင်္ကျီမှန်းမသိ ကြုံရာတစ်ထည် ကောက်ဝတ်ပြီး အခန်းထဲမှ အမြန်ထွက်သွားတော့သည်။

“ချက်ချင်းပြန်လာခဲ့မယ် ငါ့နောက် မလိုက်ခဲ့ကြနဲ့”

မြန်နိုင်သမျှမြန်မြန် ကုတ်ကြီးတလွှားလွှားနှင့် သင်္ဘောဦးပိုင်းရောက်အောင် အမြန်ပြေးသွားသည်။ ထိုနေရာသို့ရောက်သောအခါ ကျန်းလော်သည် နောက်ဆုတ်ဆုတ်သွားသော သွေးငါးရှဉ့်အမနားသို့ ကပ်ဖို့ ကြိုးစားနေသော ငါးအထီးတစ်ကောင်ကို တွေ့လိုက်သည်။ ငါးအမသည် ထိုအထီးနှင့် မိတ်မလိုက်ချင်ပုံပေါ်သည်။

ငါးထီးကောင်သည် အလွန်ကြမ်းတမ်းပြီး အလျင်လိုနေကာ သွေးငါးရှဉ့်အမနှင့် ပထမဆုံး နှီးနှောသူ ဖြစ်ချင်နေပုံရသည်။ သူသည် ပတ်ဝန်းကျင်ကိုတော့ စိုးရိမ်ကာ သတိထားနေသည်။ တခြားအထီးများရောက်လာမည် စိုးရိမ်နေကာ ကျန်းလော်ထံမှရသော လူသားအနံ့ကိုတော့ ဂရုပင်မစိုက်ပေ။

ဤငါးအထီးသည် သွေးငါးရှဉ့်များ၏ စည်းကမ်းကို ဖောက်ဖျက်နေသည်မှာ သိသာလွန်းနေသည်။ တခြားငါးအထီးများ တုပ်တုပ်မှမလှုပ်သည့်အချိန်တွင် သူတစ်ယောက်ကတော့ ငါးအမနား ရောက်လာခဲ့သည်။ ငါးအမသည် သူနှင့် မိတ်မလိုက်ချင်ပေ။ သို့သော် သူသည် သူမကို အတင်းဖိအားပေးနေသည်။

ကျန်းလော်သာ ရေမချိုးခဲ့လျှင် ငါးညှီနံ့နှင့်ပတ်သက်ပြီး ဆက်ဆက်ထိမခံနိုင်မဖြစ်လောက်ပေ။ ဒီညတွင် ငါးဓားမြကောင်တစ်ကောင်ပေါ်လာပြီး ငါးအမကို မိတ်လိုက်ဖို့ ကြိုးစားလိမ့်မည်ဟု သူမတွေးမိခဲ့ပေ။

သူသည် အလွန်ဒေါသထွက်စွာ အကျယ်ကြီးအော်ရယ်လိုက်သည်။

“မင်းက လူကြီးလူကောင်းငါးတစ်ကောင်ပါလားကွာ”

(ငါးကြီးငါးကောင်း ငါးတစ်ကောင်လို့ ရေးရင် ရယ်စရာကြီးလေနော်)

ငါးအထီးသည် ငါးအမကို ခုန်အုပ်လိုက်သည်။ သူ့ထက်နှစ်ဆလောက်ကြီးသည့် ငါးအမသည် တရွတ်ဆွဲပြီး ရှောင်တိမ်းနေသည်။ သို့သော် ငါးအထီးကို မရှောင်နိုင်ပေ။

ကျန်းလော်သည် သွေးငါးရှဉ့်အမများကို ဒီည ပင်လယ်ထဲသို့ လုံးဝအရောက်ခံမည်မဟုတ်ပေ။ ထို့နောက်သူသည် မသိမသာ ရှေ့သို့အသာလေးတိုးသွးလိုက်ကာ လက်မောင်းကို မြှောက်လိုက်သည်။ ထို့နောက် ဤကုန်းပတ်ပေါ်မှ တစ်ဖက်သတ် ဗြောင်းဆန်နေသည့် အခြေအနေကို ရပ်တန့်ရန် ဆုံးဖြတ်ပြီး ယင်ယန်လက်ကောက်ကို ညင်သာစွာ လှုပ်ရမ်းလိုက်သည်။

သို့သော် နောက်ခနတွင် သူ့လက်ကောက်ဝတ်ကို ဖြူဖျော့၍ သွယ်လျသော လက်ချောင်းများက လာရောက်ဆုပ်ကိုင်သည်။

ရင်းနှီးနေသော အသံသည် သူ့နောက်မှပေါ်လာကာ တမင်တကာ အံ့ဩသလို စနောက်နေသည့် အသံနိမ့်နိမ့်ကို ကြားလိုက်သည်။

“မင်းမှာ ဒီလိုဝါသနာမျိုး ရှိတာကိုး”

ကျန်းလော်သည် မျက်နှာသေဖြင့် ချက်ချင်းလှည့်ကြည့်လိုက်သည်။

“ချောင်းကြည့်တာက ချောင်းကြည့်တာပဲပေါ့ မင်းက သူတို့ကို နှောက်ယှက်ချင်သေးလို့လား”

မကောင်းဆိုးဝါးသည် ရယ်ချလိုက်သည်။ ကျန်းလော်မေးရိုးသည် အညစ်ခံလိုက်ရပြီး ထိုပူးကပ်လိမ်ယှက်နေသော မိစ္ဆာနှစ်ကောင်ကို ကြည့်ရန် အတင်းအကျပ် ဖိအားပေးခံနေရသည်။

“ကိုယ်တောင် မင်းဝါသနာကို အရမ်းသိချင်သွားတယ် ကိုယ် မင်းနဲ့အဖော်လုပ်ပြီး ကြည့်ပေးမယ်လေ”

သူ့အသံသည် တင်းမာခက်ထန်နေသည်။

“စကားမစပ် ကိုယ်ကလေ မင်းရဲ့ ဒီဝါသနာကို ဘယ်အချိန်ထိ ကြည့်ပြီး ဘယ်အချိန်မှာ မကြည့်ချင်တော့ဘူးလဲ ကြည့်မလို့လေ ကဲ အခု ကြည့်ကြရအောင်”

#############################