Ch 73
Viewers 8k

အပိုင်း (၇၃)


 ချီအိမ်မှ အောင်အောင်မြင်မြင် ထွက်ခွာ

ချီယုံသည် အနည်းငယ်အာရုံပျံ့နေသည်။ သူသည် ခေါင်းကုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်အတွင်းမှနာကျင်မှုသည် ဆုတ်ဖြဲနေသလိုပင် သို့သော် ထိုသို့နာကျင်နေရင်းမှ ဆန္ဒတစ်ခုသည် နှလုံးသားထဲမှ ပြင်းပြစွာတောက်လောင်နေသည်။ အံ့ဩဖွယ်ခံစားချက်ပင် ။ သူ့နှလုံးသားကို ပုရွက်ဆိတ်များတက်နေသလို ရွစိရွစိဖြစ်နေပြီး သူသည်လည်း သကြားလုံးကို မြင်နေရပြီး မစားရသော ပုရွက်ဆိတ်တစ်ကောင်လို ဖြစ်နေသည်။ 

ချီယုံသည် စာအုပ်ကိုပိတ်လိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။ သူသည် စာအုပ်အဖုံးကို စည်းချက်ညီညီလက်ချောင်းနှင့် ခေါက်လိုက်ပြီး လည်ချောင်းထဲသို့တက်လာသောသွေးများကို ပြန်မျိုချလိုက်ကာ အပြုံးအကြီးကြီးပြုံးနေသည်။ 

‘ကျန်းလောကို လူကိုယ်တိုင် နောက်တစ်ခေါက်ထပ်တွေ့ချင်တယ်’

လျောင်ဇီသည် သူ့သခင်နှင့် သခင့်ချစ်သူနှစ်ယောက်၏ အချစ်ကစားပွဲကို လိုက်မမှီတော့ပေ။ သူသည် လှောင်သလိုလို ရွဲ့သလိုလို နှစ်ကြိမ်လောက်ပြုံးလိုက်ပြီး 

“အဲ့ဒီလိုလား”

သို့သော် လျောင်ဇီစကားပြောလို့ပြီးသွားပြီး အချိန်ကြာသည်အထိ သူ့သခင်ဘက်က ဘာမှပြောသံမကြားပေ။ ထို့ကြောင့် သူသည် သူ့သခင်က သူ့ကို စကားမပြောချင်တော့မှန်း သဘောပေါက်သွားသည်။ လျောင်ဇီသည် သက်ပြင်းချလိုက်ပြီး သူ့ဘေးမှ ထန်ပိကို အတွန့်တက်လိုက်သည်။

“သခင်ကလေ နေ့တိုင်းတစ်ခေါက်လောက်တော့ ပျောက်ပျောက်သွားတယ်နော် ပြီးတော့ သူဘယ်သွားလဲ ဘယ်သူမှ မသိရဘူး”

ထို့နောက် သူ့ကိုယ်သူပြောလိုက်ပုံဖြင့်

“ဟွာပိလို သခင့်ဘေးမှာအကြာဆုံးခစားဖူးတဲ့သူတောင် မသိရဘူး”

ထန်ပိသည် သတိပေးလိုက်သည်။

“သခင့်ကို ကျော်ပြီး ဘာမှမသိချင်နဲ့”

လျောင်ဇီသည် ပုခုံးတွန့်လိုက်ပြီး အကြောင်းအရာပြောင်းလိုက်သည်။ 

“သူတို့စာကြည့်ခန်းထဲဝင်သွားတုန်းက အခန်းရှေ့က အစီအရင်ကို သေချာမြင်လိုက်လား”

“မြင်လိုက်တယ်”

ထန်ပိသည် လေးနက်စွာဖြင့်

“အဲ့ဒါက ချိုးဖျက်ဖို့မလွယ်ဘူး၊ သူတို့က အစီအရင်မှာ သေတဲ့သူတွေကိုပဲတားတာမဟုတ်ဘဲ သက်ရှိတွေကိုလည်း ဝင်မရအောင်လုပ်ထားတာ၊ ချီမိသားစုရဲ့ အစီအရင်ပညာက နာမည်ကြီးပဲ သူတို့တစ်ယောက်ယောက်သာ လမ်းမပြရင် အစီအရင်ထဲမှာ ထောင်ချောက်မိပြီး ဖမ်းမိသွားမှာ။”

အကြီးပိုင်းများအတွက်ကတော့ ထိုကဲ့သို့ အစီအရင်လေးကို ဖုန်းရွှေစက်ကွင်းကိုရှာ၍ ဖျက်ဆီးပစ်လိုက်နိုင်သည်၊ သို့သော် ချီမိသားစုသည် အနီးကပ်စောင့်ကြည့်မည့်သူ မရှိသော်လည်း လူထက်ပိုကောင်းသော အစီအရင်ကိုသုံးထားသည်။ ချီရယ်ကြောင့်သာ မဟုတ်လျှင် ကျန်းလော်သည် စာကြည့်ခန်းအတွင်း ဝင်လိုက်နိုင်မည် မဟုတ်ပေ။ သူတို့ဇွတ်ဝင်သွားလျှင် အစီအရင်ပုံရိပ်ထဲ ပိတ်မိသွားမည်ဖြစ်သည်။ 

လျောင်ဇီသည် စိတ်ညစ်သွားပြီး

“ငါဒီရောက်နေတာ ရက်နည်းနည်းတောင်ကြာနေပြီ အခုထိ ယွမ်ထျန်းကျူးကို မခိုးနိုင်သေးဘူး ဒီတိုင်း ချီမိသားစုကို ထိန်းချုပ်ပြီး သူ့တို့ကိုယ်တိုင် ထုတ်လာအောင် လုပ်လိုက်ကြမလား”

ထန်ပိသည် သူ့ကိုကြည့်လိုက်ပြီး 

“လုပ်ရဲရင်သွားလုပ်”

“မလုပ်ရဲလို့ပေါ့ကွာ”

လျောင်ဇီသည် တွေးလိုက်ပြီး 

“လုပ်သာလုပ်လိုက်လို့ရတော့ကွာ ရှယ်မိုက်မဲ့ ပွဲအကြီးကြီးဖြစ်သွားမှာ၊ ဟိုအဘိုးကြီး ဒေါသပုန်ထသွားမဲ့ပုံကို တွေးကြည့်..........”

ထမင်းစားစာပွဲတွင် ကျန်းလော်ကို ထူးထူးဆန်းဆန်းကြည့်နေသော ချီရယ်သည် စိတ်ဆိုးပြီးထထွက်သွားသည်။ ကျန်းလော်သည် သူ့နောက်ကျောကိုလိုက်ကြည့်နေပြီး ဝမ်ယမ်လန်ကို 

“ချီရယ်က ဘာဖြစ်နေတာလဲ”

ဝမ်ယမ်လန်က ပြောလိုက်သည်။

“ဘာလို့မေး”

ကျန်းလော်သည် တစ်ခုခုတွေးမိပြီး

“ထားလိုက်တော့ သူ့အကြောင်းမပြောတော့ဘူး”

အဆုံးမှာတော့ သူသည် သူများဆီမှ ယွမ်ထျန်းကျူးကို ခိုးယူထားပြီး ချီရယ်အတင်းပြောလျှင် အကျင့်မကောင်းသောသူ ဖြစ်ပေတော့မည်။ ကျန်းလော်သည် အမြဲတမ်းသူ့ကိုယ်သူ ကိုယ်ကျင့်တရားကောင်းသူ အဖြစ်ခံယူထားရာ သူသည် သူများအိမ်က ပစ္စည်းကို ခိုးယူထားသောကြောင့် သူ့ကိုယ်သူမခံမရပ်နိုင်ဖြစ်နေသည်။

သူသည် ချီမိသားစုမှ ချက်ချင်းထွက်သွားလိုသော်လည်း ဒီလောက်ကြီးလုပ်ထားပြီး အလျင်လိုလို့မဖြစ်ပေ။ အလျင်လိုလျှင် ကိုယ့်ကိုကိုယ် ဖော်ထုတ်မိသွားပေမည်။ ပါတီပွဲ၏ ရည်ရွယ်ချက်သည် လူငယ်များတွေ့ဆုံနိုင်ရန်ဖြစ်ပြီး တနည်းအားဖြင့်ပြောရလျှင် ဘလိုင်းဒိတ်သဘောမျိုးဖြစ်သည်။ ကျန်းလော်သည် လူများစွာနှင့်တွေ့ဆုံပြီး နှစ်နာရီထိုးမှ ကျိုးကျုံးချိုးသည် သူမအဖေနှင့် အတူရောက်လာသည်။ ကျိုးကျုန်းချိုးသည် သူမအနားတွင် မိန်းကလေးများဝိုင်းရံနေပြီး သူမလက်မောင်းကို ဆွဲထားကြသည်။ 

လုယုံရိသည် မနာလိုစွာဖြင့်

“အားကျလိုက်တာနော်”

ကျန်းလော်သည် ယောက်ျားမိန်းမများစွာပေးသွားသော ဖုန်းနံပါတ်ရေးထားသော ကတ်များကို သူ့ရှေ့တွင် ဝှေ့ယမ်းပြ၍ 

“အားကျသွားပြီလား”

လုယုံရိသည် ဝမ်းနည်းကြေကွဲသွားသည့် အကြည့်နှင့်ကြည့်လိုက်သည်။ ကျိုးကျုန်းချိုးသည် သူတို့ကိုမြင်သည်နှင့် မိန်းကလေးအုပ်ထဲမှ ထွက်လာကာ

“ဘယ်တုန်းကရောက်နေကြတာလဲ”

ဝမ်ယမ်လန်သည် 

“လွန်ခဲ့တဲ့ နှစ်နာရီကမှရောက်တာ ဘာလို့ဒီလောက်နောက်ကျနေရတာလဲ”

ကျိုးကျုန်းချိုးသည် စိတ်ရှုပ်သွားပုံဖြင့်

“ဒီမှာလေ၊ နောက်မှာကျန်ခဲ့တဲ့တစ်ယောက်ကို ကြည့်လိုက် သူကငါနဲ့မတွေ့ရတာကြာနေပြီး ဒီနေ့ရောက်ချလာတာဟယ် ငါ့ကို သူနဲ့ ရှော့ပင်းလိုက်ခိုင်းနေတာ ငါငြင်းလိုက်လို့ ငိုသွားရော အဲ့တာကြောင့် ဒီလောက်နောက်ကျသွားတာဟေ့”

သူမသည် ရုတ်တရက် မျက်လုံးများလက်လာကာ တစ်နေရာသို့ လက်ယမ်းပြလိုက်ပြီး

“လျန်ရွှီ”

ကျန်းလော်သည် နောက်လှည့်ကြည့်လိုက်ရာ အဖြူရောင်ဝတ်စုံဝတ်ထားသော မိန်းကလေးကိုတွေ့လိုက်သည်။ သူမသည် ညင်ညင်သာသာလမ်းလျှောက်လာပြီး ကျိုးကျုံးချိုးဘေးတွင်ရပ်ကာ သူတို့ကိုပြုံးပြလာသည်။ 

မိန်းကလေးသည် ကြည့်ရတာ တနည်းနည်းဖြင့် ကျော်ကြားပုံရသည်။ သူမလှပသိမ်မွေ့ပြီး အမူအယာမှာညင်သာတိတ်ဆိတ်သည် ။ ခြုံပြောရလျှင် သိမ်မွေ့နူးညံ့ချစ်စရာကောင်းသည်။ 

ကျိုးကျုံးချိုးသည်

“မိတ်ဆက်ပေးမယ် ဒါလေးက ငါ့ရဲ့သူငယ်ချင်းကောင်းလေး ပယောဂဆရာကျောင်းက တပည့်ကြီးလေ”

လျန်ရွှီသည် ပျော့ပြောင်းစွာပြုံးလိုက်ပြီး

“ဟယ်လို”

ကျန်းလော်သည်ယခုဆိုလျှင် ကျောင်းခြောက်ကျောင်းမှသူအားလုံးကို သိပြီးသွားလေပြီ။

ထျန်းရှိဖူ ဖုန်းမိသားစု၊ ရုပ်သေးဝိဉာဉ်ကျင့်ကြံရေးကျောင်းတော် ချီမိသားစု(ချီယုံ)၊ အထွေထွေလေ့ကျင့်ရေးကျောင်းတော် ချီမိသားစု(ချီရယ်)၊ ဗုဓ္ဒကျင့်ကြံရေးကျောင်းတော် ကော်မိသားစု၊ ခန္ဓာဝိဉာဉ်တွဲဖက် ကျင့်ကြံရေးကျောင်းတော် ကျိုးမိသားစုနှင့် ယခုတွင်တော့ ပယောဂဆရာကျောင်းတော် လျန်မိသားစု တို့ဖြစ်သည်။ 

မိတ်ဆက်ကြပြီးနောက် ကျိုးကျုံးချိုးသည် ပြုံးလိုက်ပြီး

“ငါနဲ့အားရွှီ ကောင်မလေးတွေဆီသွားလိုက်ဦးမယ် ပြန်လာခဲ့မယ်ငါ့ကောင်တို့”

ညနေခင်း ၈နာရီထိုးပြီးနောက် ချီမိသားစုသည် ယွမ်ထျန်းကျူးကို တကယ်ထုတ်ပြမည့်အချိန်ရောက်လာသည်။ ကျန်းလော်သည် ဝိုင်တစ်ငုံသောက်လိုက်ပြီး ဘာအမူအယာမှမပေါ်အောင်နေနေသည်။ ထိုအချိန်တွင် လှေကားရင်းပေါ်မှ အသံကျယ်ကြီး တစ်သံကြားလိုက်ရသည်။ ချီအကြီးအကဲသည် ပွဲထဲတွင်ရှိနေရင်းမှ ဖြူဖျော့သွားပြီး အပေါ်ထပ်သို့ တစ်လှမ်းထဲနှင့်ရောက်သွားသည်။ ကျန်းလော်သည် မျက်ခုံးပင့်လိုက်ပြီး

‘ချီမိသားစုကတော့ တကယ်ကြီးတစ်ခုခုဖြစ်သွားပြီ ထင်တယ်’

သူသည် ယခုအဖြစ်အပျက်ကို ဝမ်းသာနေသည်။ တစ်စုံတစ်ခုသည် တကယ်ပင် ဖြစ်ပျက်သွားသည်။ ကီဝီငှက်များကဲ့သို့ မျက်နှာထားနှင့် ချီမိသားစုသည် လှေကားပေါ်မှဆင်းလာပြီး အိမ်တော်ထိန်းကို စံအိမ်တံခါးများနှင့် ပြတင်းပေါက်များအကုန် ပိတ်ခိုင်းလိုက်သည်။ 

ဖေဖေချီသည် လူအုပ်ထဲသို့ စိတ်ဓာတ်ကျနေသော မျက်နှာနှင့်ရောက်လာပြီး

“အားလုံးပဲ တစ်ယောက်ယောက်က ကျူပ်စာကြည့်ခန်းထဲ ခိုးဝင်သွားပြီး အတားအဆီးကိုဖျက်ပြီး ယွမ်ထျန်းကျူးခိုးဖို့ကြိုးစားခဲ့ပါတယ် လူသတ်သမားက မအောင်မြင်သွားပေမဲ့ သူ့ကိုလည်းကျွန်တော်တို့ ဖမ်းမမိလိုက်ပါဘူး ကျွန်တော်တို့ ခုနက လုံလုံခြုံခြုံသိမ်းထားတဲ့ ယွမ်ထျန်းကျူးက အခုကြည့်လိုက်တော့ မရှိတော့ပါဘူး”

သူသည် လူအုပ်ကြီးကို စေ့စေ့စပ်စပ် ကြည့်လိုက်ပြီး အံ့ဩပုံပေါက်နေသော ကျန်းလော်ထံတွင် အကြည့်ရပ်သွားပြီး

“အားလုံးကို အခုလိုဆက်ဆံရတဲ့အတွက် ကျွန်တော်တောင်းပန်ပါတယ် မင်းတို့အားလုံး ကျုပ်ခံစားချက်ကို နားလည်ပေးလိမ့်မယ်လို့လဲ မျှော်လင့်ပါတယ် ၊ ကျုပ်တို့ကို ခင်များတို့ဆီမှာရှာဖွင့်ပေးဖို့နဲ့ ပြီးရင် ကျုပ်တို့အိမ်တော်က ဧည့်သည်တော်များကျေနပ်အောင်တောင်းပန်မှာမို့လို့ ကျေးဇူးပြုပြီး ပူးပေါင်းပေးကြပါဗျာ”

ဖေဖေချီ၏စကားလုံးများသည် အလွန်မောက်မာနေသလိုဖြစ်သော်လည်း လူတိုင်းသည် ယွမ်ထျန်းကျူးကဲ့သို့သော ရတနာပျောက်သွားသောခြင်းကြောင့် သူ့ကို နားလည်ပေးကြသည်။ ဌာနမှူးရှုသည် ချိုင်းထောက်ကို မှီ၍ သူ့ကျောင်းသားများဘက်လှည့်ကာ 

“ဆရာတို့ ခနစောင့်ကြတာပေါ့ ရှာပြီးမှပဲ ပြန်ကြမယ်”

ကျန်းလော်သည် ပြုံးလိုက်ပြီး 

“ဟုတ်ကဲ့ပါ”

အပြင်ဘက်တွင် ဘယ်သူမှ လောလောလတ်လတ် သူ့အင်္ကျီအိတ်ကပ်ထဲတွင် သိမ်းထားသော ယွမ်ထျန်းကျူးအကြောင်း မပြောကြပေ၊ ချီမိသားစုသည် မြန်မြန်ဆန်ဆန်ပဲ လှုပ်ရှားသည်။ ဧည့်သည်များကို တန်းစီခိုင်းလိုက်ပြီး တစ်ယောက်ချင်းစီကို ယဉ်ကျေးးစွာဖြင့် သူတို့ခန္ဓာကိုယ်ထဲတွင် ယွမ်ထျန်းကျူး ဖွက်ထားမထား ရှာဖွေကြသည်။ ချီမိသားစုပွဲသို့ လာသောလူများသည် သူ့နယ်ပယ်နှင့်သူ ရာထူးကြီးသောသူများဖြစ်သောကြောင့် ဝန်ထမ်းများသည် မလေးမစားမလုပ်ဝံ့ကြပေ။ ကျန်းလော်သည် သူတို့ရှာနေပုံကို ကြည့်လိုက်ရာ ဧည့်သည်များ၏ အပေါ်ဝတ်အင်္ကျီကို ယူကြည့်ပြီး အင်္ကျီလက်များထဲပါ နှိုက်နှိုက်ချွတ်ချွတ်ရှာဖွေနေကြသည်။ 

အမျိုးသမီးများကိုတော့ သူမတို့ပိုက်ဆံအိတ်များနှင့် လက်ဝတ်ရတနာများကို ရှာကြည့်ကြသည်။ ထို့အပြင်သူတို့၏ ဖိနပ်များထဲ၌ပါအရှာခံရသည်။ သူတို့၏နည်းလမ်းများသည် အလွန်ပြင်းထန်နေသည်။ ကျန်းလော်သည် ထိုသို့ရှာဖွေနေသည်ကို ကြည့်ပြီး ယွမ်ထျန်းကျူးကိုဘယ်မှာသိမ်းရမှန်းမသိပေ။ ယင်ယန်လက်ကောက်ထဲသို့ လူမြင်ကွင်းတွင် ထည့်လိုက်လို့လဲမဖြစ်ပေ။ လူအများကြီးရှိနေသောနေရာတွင် ခြင်တစ်ကောင်တောင် မလွှတ်မြောက်နိုင်ပေ။ ယင်ယန်လက်ကောက်ထဲသာ ဖွက်ထားလိုက်လျှင် မမျှော်လင့်သော အန္တာရယ်များသောအရာများ ဖြစ်လာနိုင်ပေသည်။ 

ကျန်းလော်သည် အအေးခွက်ဗန်းကိုင်ထားသော စားပွဲထိုးကို မြင်လိုက်ကာ ချော်လဲဟန်ဆောင်ပြီး ထိုစားပွဲထိုးလေးကိုင်ထားသော အအေးဗန်းပေါ် ပစ်လှဲပစ်လိုက်သည်။ ကျန်းလော်ကိုယ်ပေါ်သို့ ဝိုင်များစိုရွှဲသွားကာ စားပွဲထိုးသည် ကိုယ်ကိုကိုင်း၍ တောင်းပန်တော့သည်။

“တောင်းပန်ပါတယ် ဆရာ တောင်းပန်ပါတယ်”

ကျန်းလော်သည် သူ့မျက်နှာကိုသုတ်လိုက်ပြီး

“ရပါတယ်၊ ဟေ့ကောင်တွေ မင်းတို့အရင်တန်းစီနေလိုက်ဦး ငါသန့်စင်ခန်းမှာ သွားဆေးလိုက်ဦးမယ်”

ကျန်းလော်သည် သန့်စင်ခန်းသို့သွားလိုက်သည်ကို ဖေဖေချီသည် သေချာကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်ကာ ချီရယ်ကို လှမ်းခေါ်လိုက်သည်။ 

“မင်းစောစောက စာကြည့်ခန်းထဲကို တစ်ယောက်ယောက်ကို ယွမ်ထျန်းကျူးခေါ်ပြသေးတယ်ဆို”

ချီရယ်သည် 

“ဟုတ်ကဲ့”

“ကျန်းလော်ရောအဲ့ဒီသူတွေထဲပါလား”

ချီရယ်သည် သူ့အဖေကို မျက်မှောင်ကြုပ်ကြည့်လိုက်ပြီး

“ပါတယ်လေ ဘာဖြစ်လို့လဲ အဖေ”

ဖေဖေချီသည် တွေဝေစွာဖြင့်

“ယွမ်ထျန်းကျူးကို သူခိုးသွားတယ်လို့ မထင်ဘူးလား”

“မဖြစ်နိုင်တာ”

“ကျန်းလော်က ယွမ်ထျန်းကျူးကို ထိဖို့မပြောနဲ့ ဝေးဝေးကနေပဲကြည့်ခဲ့တာ၊ ပြီးတော့လဲ ယွမ်ထျန်းကျူးကို သားကိုယ်တိုင် သေချာဘူးထဲပြန်ထည့်ပြီး သော့ခတ်ခဲ့တာ”

ထို့နောက် သူသည် စိတ်မရှည်တော့ဘဲ

“အဖေ သူ့ကိုသံသယမဝင်ပါနဲ့ ကျွန်တော့်အပြင် ဒီမှာရှိတဲ့သူတိုင်းအကုန် ယွမ်ထျန်းကျူးယူသွားနိုင်တယ် ဒါပေမဲ့ ကျန်းလော်က ကျွန်တော့နားမှာ တစ်နေကုန်ရှိနေခဲ့တာ သူကတော့ လုံးဝမဖြစ်နိုင်ဘူး”

ဖေဖေချီသည် ချီရယ်ကို ချော့လိုက်သည်။

“ကောင်းပြီ ကောင်းပြီ ကောင်းပြီ ဖေဖေသိပါပြီကွာ သားသူငယ်ချင်းတွေနားပြန်သွားတော့”

သူ့သားသည် ဒေါသထွက်လွယ်ပြီး အနည်းငယ်ဆိုးသော်လည်း ဤသို့သော ကိစ္စမျိုးကို လိမ်ပြောမည့်သူမဟုတ်ပေ။ ချီဖေဖေသည် ကျန်းလော်မခိုးပါဟု သူ့ကိုသူဖျောင်းဖျလိုက်သည်။

သန့်စင်ခန်းထဲတွင်

ကျန်းလော်သည် အခန်းတစ်ခုချင်းစီတိုင်းလိုက်ဖွင့်ကြည့်လိုက်သည်။ သန့်စင်ခန်းတစ်ခုလုံး ဘယ်သူမှ မရှိကြောင်းသေချာမှ သူသည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ကာ သန့်စင်ခန်းတံခါးကို လော့ချလိုက်သည်။ မှန်ရှေ့တွင် ကျန်းလော်သည် အပေါ်အင်္ကျီကို ချွတ်လိုက်ပြီး သေချာခေါက်လိုက်ကာ ဘေစင်ဘေးတွင် တင်လိုက်သည်။ သူသည် ရှပ်အင်္ကျီလက်မှ ကြယ်သီးများကို ဖြုတ်ပစ်နေသည်။ ထို့နောက် အင်္ကျီလက်ကို အပေါ်ထိဆွဲတင်လိုက်ကာ ချောမွတ်ပြီး အနာအဆာမရှိသော လက်မောင်းပေါ်လာသည်။ ကျန်းလော်သည် မျက်တောင်တစ်ချက်မခတ်ပဲ ကီးချိန်းထဲမှ ဓားမြှောင်ကိုထုတ်လိုက်ကာ ဓားနှင့် လက်မောင်းကို လက်တစ်ဆစ်အရွယ်ခန့် ခွဲပစ်လိုက်သည်။ ဓားကို နက်နက်ထိုးသွင်းလိုက်သောကြောင့် သွေးများပန်ထွက်လာပြီး လက်ဖျံမှတဆင့် ဘေစင်အတွင်းသို့စီးကျသွားသည်။ ကျန်းလော်သည် ကီးချိန်းကို ဘေစင်ထဲသို့ ပစ်ထည့်လိုက်သည်။ 

ထို့နောက် ယွမ်ထျန်းကျူးကိုထုတ်လိုက်ပြီး ဒဏ်ရာထဲသို့ ထိုးထည့်လိုက်သည်။ ကျန်းလော်၏ နှားခေါင်းထိပ်သို့ ချွေးများစီးကျလာသည်။ သို့သော်သူ့နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။ ကျန်းလော်သည် ဖူလုတစ်စောင်ထုတ်လိုက်ပြီး သွေးထွက်ရပ်သွားအောင်လုပ်လိုက်သည်။ ဖူလုမှ မီးတောက်လာပြီး ကျန်းလော်သည် ဒဏ်ရာကို ထိုမီးနှင့် ဖိလိုက်သည်။ ဒဏ်ရာမှ သွေးတိတ်သွားပြီး ယွမ်ထျန်းကျူးသည် အသားထဲလုံးဝပိတ်သွားသည်။ 

ကျန်းလော်သည် ယွမ်ထျန်းကျူးရှိရာ အနာကို ဖိကြည့်လိုက်ရာ ယွမ်ထျန်းကျူးသည် သေးငယ်သောကြောင့် လုံးလုံးလျားလျား ပျောက်ကွယ်နေသည်။ ကျန်းလော်သည် ရေပိုက်ဖွင့်လိုက်ပြီး သွေးများကိုဆေးလိုက်သည်။ ခြေရာလက်ရာ လုံးဝမကျန်တော့အောင် သေချာဆေးလိုက်ပြီး သဘက်ဖြင့်သုတ်လိုက်သည်။ ရုတ်တရက် သူသည် ကီးချိန်းနှင့် မျက်နှာကျက်ပေါ်သို့ ပစ်ပေါက်လိုက်ကာ

“ကြည့်လို့ဝပြီလား”

ထိုနေရာတွင် တစ္ဆေမျက်လုံးတစ်စုံပေါ်လာသည်။ ထိုတစ္ဆေမျက်လုံးများသည် ကျန်းလော်ရှာတွေ့သွားသောအခါ မျက်နှာကျက်မှ ရုတ်ချည်းပျောက်ကွယ်သွားသည်။ ကျန်းလော်သည် အေးစက်စွာရယ်လိုက်ပြီး သူ့ကုတ်ကိုယူကာ သန့်စင်ခန်းထဲမှထွက်သွားသည်။ ကျန်းလော်သည် ထိုကဲ့သို့ နောက်ယောင်ခံလိုက်ခံနေရခြင်းကို ပိုပိုပြီး သည်းမခံနိုင်တော့ပေ။ ချီယုံတစ်ယောက်သာလျှင် ချီမိသားစုထဲသို့ နှစ်ကြိမ်ခိုးဝင်နိုင်သူရှိနိုင်သည်။ ကျန်းလော်သည် အအေးပေသွားသော ကုတ်ကိုပြန်မဝတ်တော့ဘဲ ဒီတိုင်းကိုင်သွားပြီး သူ့အုပ်စုရှိရာသို့ သွားလိုက်သည်။ သူသည် လက်ဝတ်လက်စားအချို့သာ ဝတ်ထားပြီး ဘောင်းဘီရှည်နှင့် ရှပ်အင်္ကျီဖြင့် ရိုးရှင်းနေသော်လည်း ချောမောနေသေးသည်။ ဖေဖေချီသည် ကျန်းလော်ကို သေချာကြည့်လိုက်ပြီး

‘သူ့ဆီမှာ မရှိလောက်တာ သေချာတယ်’

မကြာမီ ရှာဖွေသည့်ဝန်ထမ်းများသည် ပိုင်ဟွားတက္ကသိုလ်အုပ်စုဆီ ရောက်လာကြသည်။ ကျန်းလော်အလှည့်သို့ရောက်သောအခါ သူသည် ဝန်ထမ်းကို အပေါ်ဝတ်အင်္ကျီလှမ်းပေးလိုက်သည်။ ထို့နောက် အင်္ကျီလက်များကို လက်မောင်းအထိခေါက်ပေးလိုက်ပြီး သူ့လက်များကို ကားပေးလိုက်သည်။ ရှာဖွေသူနှစ်ယောက်သည် ဂရုတစိုက်ရှာကြပြီးနောက် ယဉ်ကျေးစွာဖြင့် အပေါ်ဝတ်ကိုပြန်ကမ်းပေးလိုက်ကာ 

“ကျေးဇူးတင်ပါတယ် ခင်မျာ”

ကျန်းလော်သည် ပြုံးပြလိုက်ပြီး

“မလိုပါဘူး”

သူသည် ချီမိသားစုအိမ်မှ ထွက်ခဲ့သည်။ မကြာမီတွင် သူတို့တစ်အုပ်စုလုံး ချီမိသားစုအိမ်တော်ထဲမှ ထွက်လာကြသည်။ အချိန်တော်တော်နောက်ကျနေသောကြောင့် ချက်ချင်းပြန်ဖို့လုပ်ကြသည်။ အပြန်လမ်းတွင် ကျန်းလော်သည် ရှေ့ခန်းတွင်ထိုင်ပြီး ဝမ်ယမ်လန်မှ ကားမောင်းသည်။ ကျန်းလော်သည် ကားပြတင်းဘောင်ပေါ် လက်မောင်းတင်ထားပြီး သူမေးစေ့ကိုထိထားကာ ဝေးလာသော ချီအိမ်တော်ကို နောက်ကြည့်မှန်မှကြည့်၍ မွန်းကြပ်စွာ ရယ်မောလိုက်သည်။ ဝမ်ယမ်လန်သည် သူ့ကိုစောင်းကြည့်၍

“ဘာမှားနေလို့လဲ”

“ဘာမှမဟုတ်ပါဘူး”

ကျန်းလော်သည် ပြုံးလိုက်ပြီး မျက်လုံးများပင် ပြုံးနေကာ

“ငါခုလေးတင် တော်တော်ရယ်ရတဲ့ ဟာသတစ်ခုကို သတိရသွားလို့”

ဥပမာပေးရလျှင် ချီမိသားစုသည် သူတို့ကိုယ်ပိုင်ရတနာကို သူတို့ပိုင်နက်ထဲတွင်ပင် ခိုးခံလိုက်ရသည်။ ပို၍ ရယ်ရသည်မှာ ချီမိသားစုမှ အစီအရင်ကို ချီယုံမှ သုံးခေါက်တော် ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်သည်။ 

###################################################################################