Ch 55
Viewers 8k

အပိုင်း (၅၅)



 ဗုဓ္ဒသားတော် ကောဝူချန်


ကျန်းလော်သည် တခြားတစ်ယောက်ဟုထင်လိုက်သော်လည်း ပထမနေရာရဖို့ အမြဲတမ်းလိုက်ပြိုင်နေသော ချီရယ်ဖြစ်နေသည်။ ချီရယ်သည် ကျန်းလော်ကို လွတ်လိုက်သော်လည်း ကျန်းလော်ကို စိုက်ကြည့်နေဆဲဖြစ်ကာ အလွန်သောကရောက်နေပုံဖြင့် သူ့မျက်လုံးများသည် နီရဲဖောင်းကားနေကာ နှုတ်ခမ်းများတဆတ်ဆတ်တုန်နေသည်။ 


“မင်းကအရူးလား ဘာမှမသိဘဲ ဖြူနီသရဲတွေကို ရင်ဆိုင်ဖို့သွားရလား ဒီလိုတောင် ဆွဲသွားခံလိုက်ရလားကွ”


ကျန်းလော်သည် ထိုကဲ့သို့သော အထိမခံနိုင်လောက်သော တုံ့ပြန်လာမှုမျိုးကို မမျှော်လင့်ထားခဲ့ပေ။ သူသည် မထိန်းနိုင်စွာ မျက်ခုံးပင့်လိုက်ပြီး မေးလိုက်သည်။


“ငါ့ကိုတအားစိတ်ပူနေခဲ့တာလား”


ချီရယ်သည် ရှက်သွေးဖြာသွားပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့်


“ဘယ် ဘယ်သူက မင်းကို စိတ်ပူလို့လဲ..............”


ကျိုးကျုံးချိုးသည် ချီရယ်ပုခုံးကိုပုတ်လိုက်ပြီး 


“ဖက်လို့ဝရင်ဖယ်တော့ဟာ ငါတို့ကိုလည်း ကျန်းလော်ကို ဖက်ဖို့ အလှည့်ပေးပါဦး”


ချီရယ်မျက်နှာသည် နီရဲသွားပြီး နောက်သို့ နှစ်လှမ်းလောက်ဆုတ်သွားသည်။ သူငယ်ချင်းများ ကျန်းလော်နှင့် လုယုံရိကို ပြေးဖက်လိုက်ကြသည်။ ကျန်းလော်သည် သူငယ်ချင်းအချင်းဘာကြောင့်ဖက်ကြမှန်း နားမလည်နိုင်သော်လည်း ကိုယ်တိုင်ကြုံလိုက်သောအခါ ပထမဆုံးပွေ့ဖက်လိုက်သည့် အခိုက်အတန့်တွင် ကျန်းလော်သည် တစ်ယောက်နှင့်တစ်ယောက်ဖက်ကြခြင်းသည် အချင်းချင်းဂရုစိုက်ကြကောင်း ဖော်ပြသည့် နည်းလမ်းကောင်းဖြစ်ကြောင်း သတိထားလိုက်မိသွားသည်။


ကျန်းလော်သည် တိတ်ဆိတ်စွာ သူငယ်ချင်းများထံမှ အဖက်ခံနေသည်။ 


‘ဒ်ါ တကယ့်ကို နွေးထွေးလိုက်တာ’


သူတို့နှစ်ယောက် ဒဏ်ရာမရတာသေချာမှ တစ်အုပ်စုလုံးသည် ရေပူစမ်းဥယျာဉ်ထဲသို့ ပြန်ဝင်သွားသည်။ ကျန်းလော်သည် သူတို့အုပ်စုကို ကြည့်လိုက်ပြီး မေးလိုက်သည်။


“ကောကျူနဲ့ စိုင်လောင်အာရော”


ဝမ်ယမ်လန်သည် ခနမျှရပ်သွားပြီး 


“ကောကျူက ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားလို့် စိုင်လောင်အာက သူ့ကို ကုပေးဖို့ နတ်ဘုရားတွေကိုပင့်ဖိတ်လိုက်တာ”


ကျန်းလော်နှင့် လုယုံရိတို့နစ်ယောက်ကို ဖြူနီသရဲများ ဖမ်းသွားပြီးနောက် ဝမ်ယမ်လန် ခွမ်ကျိန်းနှင့် စိုင်လောင်အာတို့သည် ကောကျူနောက်လိုက်သွားကြသည်။ သူတို့သေချာပေါက်မနှေးကွေးသော်လည်း ကောကျူကို ရှာတွေ့ချိန်တွင် ကောကျူသည် သေလုမြောပါးဖြစ်ကာ မြေကြီးပေါ်သို့ လဲကျနေသည်။ ကောကျူတစ်ကိုယ်လုံးသည် ဒဏ်ရာများနှင့် ပြည့်နှက်နေကာ အသက်မျှင်းမျှင်းလေးသာရှူတော့သည်။ 


သူသည်မြေပြင်ပေါ်တွင် ငြိမ်ငြိမ်လေးလှဲနေကာ မျက်နှာတစ်ပြင်လုံး သွေးများပြည့်နေသည်။ ဝမ်ယမ်လန်သာ အသက်ရှူသံမြှင်းမြှင်းကို သတိမထားမိလိုက်လျှင် ကောကျူသည် ယခုဆို သေသွားလောက်ပေပြီ။


ရေပူစမ်းဥယျာဉ်သို့ပြန်ရာလမ်းတွင် ကောကျူသည် ခွမ်ကျိန်းကျောပေါ်တွင် လက်တစ်ချောင်းပင်မလှုပ်နိုင်စွာ လှဲလျောင်းနေရပြီး သွေးအပြည့်နှင့်မျက်နှာကို ခွမ်ကျိန်းလည်ပင်းတွင်အပ်ထားပြီး မျက်ရည်များသွေးများသည် ခွမ်ကျိန်းကော်လာကို ရွှဲနစ်သွားစေသည်။


ဤပုံစံသည်လည်း သူတို့ကောကျူထံတွင် ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးသော ပုံဖြစ်သည်။ 


“သူ့အစ်ကို ပေါ်လာတုန်းက သူကမင်းတို့ကိုကယ်ဖို့ လုပ်နေတာ”


ဝမ်ယမ်လန်သည် သက်ပြင်းချလိုက်သည်။ 


“ညီအစ်ကိုနှစ်ယောက်အကြောင်းက နည်းနည်းရှုပ်ထွေးတယ်ကွ၊ ကောကျူက သူ့အစ်ကိုနောက်ကို ပြေးလိုက်သွားတာကွာ တော်သေးတယ် သူ့အစ်ကိုက ငါတို့ကို မတိုက်ခိုက်လို့.....”


ကောဝူချန်ပေါ်လာလိမ့်မည်ဟု ဝမ်ယမ်လန်သည် ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။ ဤကိစ္စသည် သူတို့ကို ဖယ်ထုတ်ဖို့လုပ်လိုက်သည့် ထောင်ချောက်ကဲ့သို့ပင် အလွန်တိုက်ဆိုင်လွန်းနေသည်။ 


ကျန်းလော်သည် သူ့ကိုတိုက်ခိုက်သူရော ကယ်တင်ပေးမည့်သူကိုရော စိတ်မဝင်စားခဲ့ပေ။


“စိုင်လောင်အာ နတ်ဘုရားဆင့်ခေါ်တာ အောင်မြင်သွားလား”


“ငါတို့လည်း တစ်ကယ်အံ့ဩသွားတာပါဆိုနေ”


ဝမ်ယမ်လန်သည် ပြုံးလိုက်ပြီး


“အဲ့ဒီကီးမကိုက်ဘဲသီချင်းဆိုနေတဲ့ စိုင်လောင်အာကလေ တကယ်ကြီး နတ်ဘုရားကို ဖိတ်နိုင်သွားတယ်လေ မထူးဆန်းဘူးလား ဟမ်”


ကျန်းလော်သည် အလွန်စိတ်ဝင်စားသွားပြီး


“သွားကြည့်ရအောင်”


ကောကျူနှင့်စိုင်လောင်အာတို့သည် ကောကျူအခန်းတွင်ရှိနေကြပြီး ကျန်းလော်သူတို့ဆီရောက်သွားသောအခါ နတ်ဘုရားပင့်ဖိတ်ခြင်းပြီးသွားပြီဖြစ်သည်။ စိုင်လောင်အာသည် ပင်ပန်းပြီး ထောင့်တစ်ထောင့်တွင် စောင်ထဲ မြုပ်ပြီး အိပ်ပျော်နေသည်။ သို့သော် သူတို့သည် ကောကျူကို မတွေ့ကြပေ။ သူတို့သည် ဘယ်မှာမှ မတွေ့သောကြောင့် စိုင်လောင်အာကို နိုးပြီး မေးလိုက်ရသည်။ 


“စိုင်လောင်အာ ကောကျူရော”


စိုင်လောင်အာ ငေးငိုင်စွာ မျက်လုံးဖွင့်လိုက်ပြီး အပြာရောင်မျက်လုံးများသည် အိပ်ချင်မူးတူးဖြစ်နေကာ


“အာ”


သူသည် မျက်လုံးပွတ်လိုက်ပြီး ထထိုင်ကာ အိပ်ရာပေါ်သို့ ကြည့်လိုက်သည်။


“ကော ခုနကမှ အိပ်ရာပေါ်မှာရှိနေသေးတာကို သူအိပ်ပျော်နေတာ”


ဝမ်ယမ်လန်သည် မျက်မှောင်ကြုတ်လိုက်ပြီး ဆောင့်ကြောင့်ထိုင်ကာ မေးလိုက်သည်။


“မင်းသူ့ကို ကုသပေးပြီးသွားပြီလား”


စိုင်လောင်အာသည် အခုထိ စိတ်လှုပ်ရှားနေသေးကာ အလွန်ပျော်ပြီး ပြောလိုက်သည်။


“အကုန်အဆင်ပြေသွားတယ် ဟီးဟီး”


ဝမ်ယမ်လန်သည် စိတ်သက်သာစွာ သက်မချလိုက်ပြီး 


“သူသက်သာသွားသရွေ့တော့ ဘယ်ထွက်သွားသွား စိတ်ပူမနေတော့ပါဘူး သူ့အတွက် အချိန်လိုမှာပေါ့”



ကျန်းလော်သည် စိုင်လောင်အာဘေးတွင် ဝင်ထိုင်ကာ မေးလိုက်သည်။


“စိုင်လောင်အာ မင်းဘာလို့ နတ်ဘုရားပင့်ဖိတ်တာ အောင်မြင်သွားတာလဲ”


စိုင်လောင်အာသည် မသေချာစွာ ခေါင်းခါလိုက်ပြီးစ


“မသိဘူး ရုတ်တရက်ကြီး အလုပ်ဖြစ်သွားတာပဲ”


သူသည်လည်း အဘယ့်ကြောင့် ဒီလိုအောင်မြင်သွားမှန်း မသိပေ။ ကျန်းလော်သည် မေးစေ့ကိုပွတ်လိုက်ပြီး နောက်ထပ် မေးဖို့ကြံကာရှိသေးသည် ရုတ်တရက် သူ့ကိုယ်ပေါ်မှ အနံ့ရလိုက်ကာ ရှက်သွားပြီး မက်တပ်ထရပ်လိုက်သည်။


“ငါအခန်းပြန်ပြီး ရေသွားချိုးလိုက်ဦးမယ် နောက်မှ ပြောကြမယ်ကွာ”


သရဲသွေးများသည် ကျန်းလော်မျက်နှာတွင် ခြောက်သွေ့နေပြီဖြစ်ပြီး ရွှံအလွှာကြီးလို ညစ်ပတ်ပေပွနေသည်။ ကျန်းလော်သည် အခန်းပြန်ပြီး ရေချိုးခန်းသို့ မဝင်ခင် အခန်းထဲမှ တံခါးများကို သေချာပိတ်လိုက်သည်၊ ပြီးမှ အဝတ်ချွတ်ပြီး ရေချိုးခန်းထဲဝင်ကာ ရေချိုးတော့သည်။ 


အဝတ်ပေခြင်းထဲသို့ အဝတ်များပစ်ထည့်လိုက်ပြီး ကျန်းလော်သည် ရေပန်းဖွင့်လိုက်ကာ ရေပန်းအောက်တွင် ဝင်ရပ်လိုက်ပြီး ရုတ်တရက် အပေတောင်းကို လှည့်ကြည့်လိုက်သည်။ ကျန်းလော်တွင် အကျင့်တစ်ခုရှိသည်။ သူသည် အမြဲတမ်း ပထမဆုံး ရှပ်အင်္ကျီ အရင်ချွတ်တတ်ပြီး ပြီးမှ ဘောင်းဘီချွတ်ကာ နောက်ဆုံးတွင် အတွင်းခံချွတ်လေ့ရှိသည်။ သို့သော် ဒီအချိန်တွင် အပေတောင်းထဲတွင် အဝတ်များသည် သူပစ်ထားသော အစဉ်လိုက်အတိုင်း မဟုတ်တော့ဘဲ ဒီနေ့လည်မှသာ အကုန်ပြောင်းလဲသွားသည်။


တစ်စုံတစ်ယောက်သည် သူ့အဝတ်များကို မွှေထားသည်။ ကျန်းလော်နဖူးသည် တင်းကျပ်လာပြီး သူလက်ထဲတွင် ကိုင်ထားသော အဝတ်များကိုအောက်ချလိုက်ကာ ဒေါသကိုထိန်းပြီး ရေပန်းအောက်သို့ ပြန်သွားရပ်လိုက်သည်။ 


‘ဘယ်သူကများ အပေတောင်းထဲက အဝတ်တွေထဲ ရှာထားတာလဲ’


သူသည် နှာဘူးကောင် ချီယုံမှလွဲ၍ စဉ်းစားမရချေ။ ကျန်းလော်သည် ပုံမှန်ဆိုလျှင် ရေကို ဆယ်မိနစ်အများဆုံးကြာအောင် ချိုးသော်လည်း ယခု သူ့မျက်နှာတွင် သွေးများပေနေသောကြောင့် နာရီဝက်လောက် ကြာသွားသည်။ ကျန်းလော်သည် သွားတိုက်နေစဉ်တွင် ခေါင်းတလားထဲတွင် ချီယုံနှင့် သူ့အကြောင်းတွေးမိပြီး စိတ်တိုလာကာ သွားတိုက်တံကို ချိုးလိုက်မိသွားသည်။ 


ကျန်းလော်နှလုံးသားလေးသည် အလွန်စိတ်တိုလာကာ ခုန်ပေါက်နေပြီး ထူးဆန်းစွာ သူ့ကိုသူဘာဖြစ်ချင်မှန်း မသိတော့သည့် အခြေအနေသို့ တွန်းပို့နေသည်။ 


ချီယုံသည် သူ့ကို အပေါ်တင်လိုက် အောက်ပို့လိုက်နှင့် လုပ်ချင်သလိုလုပ်သွားသည့်အပြင် သူ့ပါးစပ်ထဲကိုပါ လက်နှင့်နှိုက်သွားသေးသည်။


‘ချီယုံက ငါ့ကို ရွံပြီးသေသွားစေချင်နေတာလား’


မရေရာသော အန္တာရာယ်အသိသည် ကျန်းလော်စိတ်ကို ဒုက္ခပေးနေသည်။


သူ့မသိစိတ်က သူ့ကို ချီယုံနှင့် ထိပ်တိုက်မတွေ့ရန် သတိပေးနေသည်။


ကျန်းလော်သည် သူ့မသိစိတ်ကိုသူယုံသည် ။ အချိန်တိုင်း မမှန်သော်လည်း  သူ့ကို ချီယုံလာထိသော ထူးဆန်းသော ခံစားချက်ကြီးကို ထပ်ပြီး မတွေ့ကြုံလိုတော့ပေ။


ရေချိုးပြီးနောက် ရေချိုးခန်းထဲမှ လန်းဆန်းစွာ ထွက်လာသည်။ ကျန်းလော်သည် အပေတောင်းထဲမှ အဝတ်ကိစ္စကို မမေ့ပေ။ သို့သော် ချီယုံသည် ထိုအဝတ်များကို သူမသိသော အကြောင်းပြချက်ဖြင့် ရှာဖွေထားပုံရသည်။ သူသည် ထိုအဝတ်များကို မီးရှို့လိုက်သည်။ အားလုံးပြီးသွားပြီးနောက် နေထွက်လာပြီး မနက်ခင်းအစောပိုင်းပင် ရောက်နေလေပြီ။


သူသည်တစ်ညလုံးမအိပ်ရသေးသော်လည်း နည်းနည်းမှ မအိပ်ချင်ပေ။ သူမနေ့ညက ကြုံခဲ့ရသော မြင့်မားသော စိတ်အခြေအနေနှင့် တစ္ဆေသတ်ကွင်းမှ ထောင်ပေါင်းများစွာသော တစ္ဆေများကိုတွေ့ခဲ့ရသောကြောင့် စိတ်မပင်ပန်းလျှင်တောင် ခန္ဓာကိုယ်ကတော့ အလွန်ပင်ပန်းနေပြီဖြစ်သည်။ ကျန်းလော်သည် သူငယ်ချင်းများကို သွားရှာပြီး ဝိုင်သောက်ရန် အစီအစဉ်ကို အမြန်လုပ်လိုက်သည်။ အကုန်လုပ်ပြီးသွားမှ သူစိတ်ဖြောင့်ဖြောင့်နှင့် အိပ်နိုင်မည်လေ။


ထိုအချိန်တွင် တစ်စုံတစ်ယောက်က တံခါးလာခေါက်သည်။ ကျန်းလော်တံခါးချောင်းကြည့်ပေါက်သို့ သွားကြည့်လိုက်ရာ တာအိုဘုန်းတော်ကြီး ဝတ်စုံဝတ်ထားသော ကောကျူဖြစ်နေသည်၊ ကျန်းလော်သည် တံခါးဖွင့်ပေးလိုက်ပြီး 


“မင်းဘယ်တွေရောက်နေတာလဲ ဝမ်ယမ်လန်နဲ့ ငါ မင်းကို အခုပဲ ထွက်ရှာတော့မလို့ကွာ”


ကောကျူသည် ယခင်အတိုင်းတည်ငြိမ်နေကာ နတ်သားတစ်ပါးလို ချိုသာစွာပြုံးလိုက်ပြီး


“ငါစိုင်လောင်အာဆီက ကြားခဲ့ပြီးပြီ အဲ့တာကြောင့် မင်းဆီကိုလိုက်လာတာ“


သူသည် ကရားကိုင်ထားပြီး ယမ်းပြလိုက်ကာ


“ကျန်းလော် လာ မင်းအခန်းထဲမှာ သောက်ရအောင်”


ကျန်းလော်သည် ရယ်လိုက်ပြီး 


“ငါလည်းအခုပဲ ဝိုင်သွားသောက်မလားလို့ လုပ်နေတာကွ”


သူသည် ကောကျူကို ဝင်လာခိုင်းလိုက်ပြီး ဝရံတာသို့ အခင်းနှစ်ခုယူသွားကာ သူတို့သည် ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်သည်။ 


ကောကျူယူလာသော သောက်စရာသည် လေလွင့်တိမ်ဆိုင်သေရည် ဖြစ်ပြီး ကျန်းလော်သည် မြည်းကြည့်လိုက်ပြီး ပြောစရာပျောက်သွားသည်။


“.................အံ့ဩစရာပဲကွ ဒါက အချဉ်ဖောက်ထားတဲ့ ကောက်ညှင်းဆန်အရက်ပါလား”


သူမျှော်လင့်ထားသည်မှာ ခပ်ပြင်းပြင်းဝိုင်ဖြူဖြစ်ပြီး သောက်လိုက်ရသည်မှာ ကောက်ညှင်းအရက်ဖြစ်နေသည်။ ကောက်ညှင်းအရက်သည် အရသာကောင်းသော်လည်း သူ့အတွက် အချိုရည်ကဲ့သို့ပင် ဖြစ်သည်။


သူသည် နည်းနည်းသာသောက်ပြီး အိပ်လိုက်ရန်ဖြစ်သော်လည်း ကောက်ညှင်းအချိုရည်သည် သူ့ကို အိပ်ပျော်အောင် မလုပ်ပေးနိုင်ပေ။ ကောကျူသည် ရှိုးတိုးရှန့်တန့်ခေါင်းကုတ်လိုက်ပြီး 


“ကောက်ညှင်းဆန်အရက်က ဆိုင်ထဲက ဈေးအပေါဆုံးလေ”


ကျန်းလော် “............”


“ဒီသုံးရက်အတွင်း ငါတို့စားသောက်ဇိမ်ခံတာ အကုန် အလကားလေကွာ မေ့သွားတာလား”


ကောကျူသည် ချက်ချင်းနောင်တရသွားကာ


“ငါတကယ်မေ့သွားတာကွ ငါသွားယူတော့ ဝန်ထမ်းတွေမရှိဘူးလေ အဲ့တာနဲ့ ဈေးနှုန်းကြည့်ပြီး ကောင်တာမှာ ပိုက်ဆံထားခဲ့လိုက်တယ်”


သူသည်နာကျင်ဝမ်းနည်းစွာနှင့် သူ့ပိုက်ဆံလေးကို ချက်ချင်းပြန်သွားယူချင်လာသည်။


ကျန်းလော်သည် ပျော်ရွှင်သွားပြီး


“ကောကျူရား မင်းဘယ်လောက်တောင်မှ ဆင်းရဲတာလဲကွာ”


ကောကျူသည် တာအိုဘုန်းတော်ကြီးတစ်ပါးဖြစ်ပြီး ပိုက်ဆံနှင့်ပက်သက်လျှင် အလွန်ကပ်စေးနှဲသောကြောင့် ကျန်းလော်သည် သိချင်စွာမေးလိုက်သည်။ ကောကျူသည် ခါးသီးစွာရယ်လိုက်ပြီး လက်သုံးချောင်းထောင်ပြလိုက်ကာ


“ငါ့အောက်မှာ ကျွေးမွေးဖို့ အငယ်သုံးယောက်ရှိသေးတယ်လေ”


ကျန်းလော်သည် အားနာကြောင်အသွားပြီဂ


“မောင်နှမ သုံးယောက်လား”


ကောကျူသည် ခေါင်းငုံလိုက်ပီဲး ဝိုင်ခွက်ကိုင်ထားသော သူ့လက်ကိုကြည့်ကာ သူ့အသံသည် စမ်းရည်ကဲ့သို့ အေးမြနေသော်လည်း တစ်နည်းတစ်ဖုံဆို့နစ်နေဟန်တူကာ 


“ဟုတ်တယ်လေ အငယ်လေးတွေက တအားငယ်သေးတာကိုး ငါသူတို့ကို ကောင်းကောင်းဂရုစိုက်ဖို့လိုတယ်လေ၊ ငါကကျောင်းတက်ရမှာဆိုတော့ ငါကလေးတွေကို ကောင်းကောင်းမကြည့်နိုင်တာမို့လို့ သူတို့ကို ခွမ်ကျိန်းမိဘတွေဆီမှာ အပ်ထားရတာ”


“ဒီကမ္ဘာပေါ်မှာ လူကောင်းတွေလဲ ရှိသေးတာပဲနော်”


ကောကျူသည် ကောင်းကင်ကြီးကို မော့ကြည့်ပြီး နေရောင်ခြည်ကို ခံစားနေကာ


“ဖုရှန်းဝူလျန်ထျန်ဇွင်း................ကံကောင်းတာက ဦးလေးနဲ့အန်တီက ငါပေးတဲ့ ပိုက်ဆံကို လက်ခံပေးကြတာပဲ”


သူတို့သည် သူတို့မိသားစုကို ဂရုစိုက်သော လူနည်းစုလေးဖြစ်သည်။ ကျန်းလော်သည် ဝိုင်တစ်ငုံမျိုချလိုက်ပြီး အဝေးကိုကြည့်လိုက်ကာ သူ့အကြောင်းသူတွေးကြည့်ရင်း


‘ဒီတော့ ကောကျူနဲ့ ခွမ်ကျိန်းဘဝကလည်း ခက်ခဲတာပါပဲလား’


သူတို့နှစ်ယောက်သည် တိတ်ဆိတ်စွာ အတွေးကိုယ်စီဖြင့် သောက်နေကြရင်း ကောကျူသည် ရုတ်တရက် ကျန်းလော်ဘက်လှည့်၍ တင်ပြင်ခွေထိုင်လိုက်ပြီး ကျန်းလော်ကို လေးလေးနက်နက်တောင်းပန်သည်။


“ကျန်းလော် ငါမင်းနဲ့ လုယုံရိကို တကယ်တောင်းပန်ပါတယ်ကွာ ငါမင်းတို့နှစ်ယောက်ကို ဖြူနီသရဲတွေ ဖမ်းတဲ့အချိန်က အချိန်မှီမတားနိုင်လိုက်တာ ငါ့အမှားပါ ငါသာနည်းနည်းလောက် မြန်မြန်တုံ့ပြန်ခဲ့ရင် မင်းတို့ဒီလို ဒုက္ခမျိုးခံစားရမှာ မဟုတ်ဘူး”


ကျန်းလော်သည် သူ့ကိုယ်သူပြောလိုက်သည်။


‘ဘယ်တော့မှ အချိန်မှီမှာမဟုတ်ဘူး ချီယုံက တမင်တကာကို အကွက်ချပြီး ထောင်ချောက်ဆင်ထားတာ ကောကျူက ချီယုံကို ယှဉ်နိုင်မှာတဲ့လား’


သူသည်ခေါင်းယမ်းလိုက်ပြီး စိတ်ထဲမထားကြောင်းပြလိုက်ကာ


“ဝမ်ယမ်လန်က ငါ့ကိုပြောပြတယ် မင်းအစ်ကိုပေါ်လာတာဆို”


ကောကျူသည် ဖန်ခွက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်ပြီး သက်ပြင်းနက်နက်ကြီး ချလိုက်ကာ


“ဟုတ်  တယ်.............သူ့နာမည်က ကောဝူချန်တဲ့လေ”


သူ့လက်နောက်တစ်ဖက်သည် လက်သီးဆုပ်ထားလျက်သားဖြစ်နေကာ


“သူက ဘုန်းကြီးလေ”


ကျန်းလော်သည် မျက်လုံးမှေးသွားပြီး သတ်ကွင်းထောင့်တွင် ချီယုံ့ဘေး၌ရပ်နေသော ခေါင်းတုံးနှင့် ဘုန်းကြီးကို သတိရသွားသည်။ 


“ဘယ်လိုဘုန်းကြီးလဲ”


သူသည် နှုတ်ခမ်းစေ့လိုက်ပြီး


“ဘုန်းတော်ကြီး သင်္ကန်းအဖြူရုံထားတဲ့ ကြည့်ကောင်းတဲ့ ဘုန်းကြီးလား”


ကောကျူသည် တိတ်ဆိတ်စွာ ခေါင်းညိတ်ပြလိက်သည်။


ကျန်းလော်သည် ချီယုံ့ဘေးတွင် ရပ်နေသော ဘုန်းကြီးမှာ ကောကျူအစ်ကို ဆိုတာ သေချာသွားသည်။


‘ဘာလို့ ကောကျူအစ်ကိုက ချီယုံနဲ့ ရှိနေရတာလဲ’


ကောကျူက ပြောသည်။


“သူက ကြည့်ကောင်းတယ်ဆိုပေမဲ့လည်း ရွှေနှလုံးသားရှိတဲ့ မြွေတစ်ကောင်လိုပဲ၊ ကျန်းလော် အနာဂတ်မှာ မင်းကောဝူချန်ကိုတွေ့ရင် တတ်နိုင်သမျှ သူနဲ့လုံးဝမပက်သတ်ပဲ ဝေးဝေးနေနော်၊ သူ့ကို လွယ်လွယ်တွေးပြီး သွားရှုပ်လို့ မဖြစ်ဘူး”


သူ မိမိကိုယ်ကိုအပြစ်တင်စွာ မျက်နှာကို အုပ်လိုက်ပြီး


“ငါမင်းတို့အားလုံးကို တောင်းပန်ပါတယ်ကွာ သူငါ့ရှေ့ရောက်လာတာနဲ့ ငါလေ ငါသူ့ကို မုန်းတာကလွဲရင် ဘာမှ မတွေးနိုင်တော့တာ ၊ ငါသတိရလာတော့ တကယ်နောင်တရမိတယ် ငါအရင်ဆုံးမင်းတို့ကို ကယ်ဖို့လုပ်လိုက်သင့်တာပါကွာ.............”


ကျန်းလော်သည် ဖန်ခွက်ကိုမြှောက်ပြီး ကောကျူကို တိုက်လိုက်ကာ


“လုယုံရိနဲ့ ငါအခု ဘေးကင်းကင်းပြန်ရောက်လာတာပဲဟာ ပြီးတော့ မင်းကသာ တခြားဖက်ကတွေးကြည့်ရင် မင်းကသာ အန္တာရာယ်ဖြစ်သွားခဲ့တာ စိုင်လောင်အာသာ နတ်ဘုရားပင့်ဖိတ်တာ မအောင်မြင်ခဲ့ရင် မင်းသေသွားမှာ သိရဲ့လား”


“ဒါနဲ့ ငါတကယ်ကြီး သိချင်တာရှိတယ်”


“ကောကျူ ကောဝူချန်က မင်းကို ဒီလောက်ထိ ဒဏ်ရာရအောင် လုပ်ခဲ့တာလား”


“အင်း”


ကောကျူသည် ချက်ချင်းပင် မလုံခြုံသလိုဖြစ်လာကာ စိတ်တိုလာပြီး


“သူငါ့ကို သတ်တော့မလို့ပဲ”


ကောကျူ ကောဝူချန်လက်ထဲသို့ ရောက်သွားသော သားကောင်ကဲ့သို့ပင် ကောဝူချန်သည် သူ့ကိုမိသည်နှင့် ပြင်းပြင်းထန်ထန်တိုက်ခိုက်တော့သည်။ 


သူသည် မြေပြင်ပေါ်တွင် မလှုပ်နိုင်စွာလဲကျနေခဲ့ပြီး သူ၏မက်မွန်ဓားသည် သူ့ဘေးတွင် ကျိုးနေခဲ့သည်။ သူ့တစ်ကိုယ်လုံးသည် တစ်နေရာမကျန်နာကျင်နေကာ ပါးစပ်မှ သွေးများအဆက်မပြတ် အန်ထွက်နေခဲ့သည်။ သူ့ခြေလက်များကျိုးသွားကာမှ ကောဝူချန်သည် ကောကျူဘေးတွင် ထာဝရရှင်သန်သူတစ်ပါးကဲ့သို့ လာရပ်ကြည့်ပြီး လရောင်အောက်တွင် ကောဝူချန်မျက်နှာသည် အညှာအတာကင်းမဲ့နေကာ


“ကောကျူ အခုမင်းဒီလိုဖြစ်သွားပြီ ငါ့နောက်လိုက်ပြီး ငါ့ကို ဖမ်းချင်တုန်းလား”


“ငါမင်းရဲ့အရင်က သူငယ်ချင်းတွေလိုမျိုး အခုလိုက်လာတဲ့ မင်းသူငယ်ချင်းလေးတွေကို တစ်ယောက်ချင်းစီ သတ်ပစ်မယ်”


ကောဝူချန်သည် ဂရုမစိုက်စွာပြောလိုက်သည်။


“ဒါပေမဲ့ မင်းကို တိုက်ခိုက်လိုက်ရပြီး မင်းရဲ့ ဒီလိုပုံစံမြင်လိုက်ရတော့ အခု စိတ်ကောင်းဝင်သွားလို့ မင်းသူငယ်ချင်းတွေကို ချမ်းသာပေးလိုက်မယ်”


သူသည်ကောကျူကို တစ်ချက်ကန်လိုက်ပြီးနောက် လှည့်ထွက်သွားသည်။ သူသည် ရုတ်တရက် ကောကျူကိုစောင်းကြည့်၍


“အိုး”


လရောင်သည် သူ့မျက်နှာကို ရှင်းလင်းစွာ ကြည့်နိုင်လောက်အောင်ဖြာကျနေသည်။ ကောဝူချန်မျက်နှာတွင် ရက်စက်သော အပြုံးပေါ်လာပြီး တိုးတိုးပြောလိုက်သည်။


“ကောကျူ အစ်ကိုကြီးက မင်းကို ဒီမှာပဲ လူမသိသူမသိသေသွားဖို့ ဆုတောင်းပေးလိုက်တယ်နော်”


ကောဝူချန် ထွက်သွားသည်။


ကောကျူသည် အလွန်မုန်းတီး ခံပြင်းနေကာ ဝမ်ယမ်လန်တို့ ရောက်လာသည်အထိ တောင့်ခံထားနိုင်ခဲ့သည်။ 


“တစ်ခါတစ်လေ သူဒီလိုဖြစ်သွားရတာကို ငါလုံးဝနားမလည်နိုင်သေးဘူး“


ကောကျူသည် ခေါင်းငုံ့လိုက်သည်။ သူ့ဆံပင်များသည် ရှုပ်ပွနေပြီး နဖူးပေါ်သို့ ဝဲကျနေကာ


“အရင်တုန်းက သူကဒီလိုမျိုးမဟုတ်ခဲ့ပါဘူး”


“ငါသူ့ကို သတ်လိုက်ချင်တယ် အဲ့တာထက်ကို တကယ်က ငါသူ့ကို ဖမ်းပြီး ဘာလို့လုပ်ရတာလဲဆိုပြီး မေးခွန်းတွေမေးချင်နေခဲ့တာ”


ကောကျူသည် သူ့လက်ဖဝါးကိုကြည့်လိုက်ပြီး 


“ငါသူ့ကိုမေးချင်တာ ဘာလို့လုပ်ခဲ့တာလဲ အဲ့လိုလုပ်လို့ ဘာပြန်ရခဲ့လို့လဲ၊ ငါက ဘာဖြစ်ခဲ့လို့လဲဆိုတဲ့ အမှန်တရားကို သိချင်ရုံပါ၊ အဲ့ဒီမှာဘာအမှန်တရားမှ မရှိခဲ့ဘူးဆိုရင်လည်း သူက ဒီလိုမျိုး ဆိုးသွမ်းပြီး မွေးလာတာမှ မဟုတ်တာကွာ၊ သူ သူ့ကိုအခုချိန်ထိ ကောမိသားစုရဲ့ ဗုဓ္ဒသားတော်လို့်တောင် ခေါ်နေကြတုန်းကို သူက သူက ဝံပုလွေနှလုံးနဲ ခွေးအဆုတ်များစားမိသွားလို့လား ကွာ”


ကျန်းလော်သည် ပိုသိချင်သွားကာ


“မင်းအစ်ကိုက အရင်က ဘာလုပ်ခဲ့လို့လဲ”


ကောကျူသည် ခေါင်းမော့ကြည့်လိုက်ပြီး အငိုမျက်လုံးအပြုံးမျက်နှာနှင့် ခါးသီးစွာပြုံးလိုက်ပြီး


“သူက ငါတို့ဆရာ ငါတို့ဦးလေးနဲ့ ငါတို့ရဲ့ မွေးစားအဖေကို သတ်ပစ်လိုက်တယ်”


“သူက ငါ့အတန်းထဲက အတန်းဖော် ညီအစ်ကိုသုံးယောက်ကိုလည်း သတ်ခဲ့သေးတယ်”


“ကောဝူချန်............သူက ဗုဓ္ဒကိုပုန်ကန်ပြီး ဗုဓ္ဒတရားတော်တွေကို မီးရှို့ပစ်လိုက်တယ်”


ကောဝူချန်ကြောင့် ကောကျူနှင့်အငယ်သုံးယောက်သည် ဗုဓ္ဒအရိပ်မှထွက်ခဲ့ရပြီး တာအိုဘာသာဘက်သို့ ပြောင်းသွားကြရသည်။ သူတို့သည် ဗုဓ္ဒအရိပ်အောက်တွင် တစ်ခနတောင် မနေရဲကြတော့ပေ။


ထိုညသည် ကောကျူအတွက် အချိန်အကြာကြီး အိပ်မက်ဆိုးဖြစ်ခဲ့ကာ ကောင်းကောင်းမအိပ်နိုင်ခဲ့ပေ။ သူနိုးလာတိုင်းကောဝူချန်ကို မေးနေခဲ့သည်။


“ဘာလို့လဲ ဘာလို့အဲ့လိုလုပ်ခဲ့ရတာလဲ”


ထိုမေးခွန်းသည် နှစ်ပေါင်းများစွာ သူ့နှလုံးသားထဲစိုက်ဝင်နေသော ဆူးဖြစ်နေခဲ့ကာ ကောဝူချန်ကို တွေ့သည်နှင့် စိတ်မထိန်းနိုင်ဖြစ်သွားတော့သည်။


ကျန်းလော်သည် ဝိုင်တစ်ကရားလုံးသောက်ပြီးတာတောင် ဘယ်လိုမှမနေသော်လည်း ကောကျူကတော့ သူ့လက်မောင်းပေါ်မှီကျလာပြီး အိပ်ပျော်သွားလေပြီ။ ကျန်းလော်သည် သူ့ကိုကုတင်ပေါ်တင်ပေးလိုက်သည်။ ကံကောင်းသည်မှာ ရေပူစမ်းဥယျာဉ်မှ အိပ်ရာများသည် လူနှစ်ယောက်ကောင်းကောင်းအိပ်နိုင်အောင် ကျယ်ပေသည်၊ ကျန်းလော်သည် မအိပ်တော့ဘူးဟုတွေးလိုက်သော်လည်း အိပ်ရာတစ်ခုလုံးမှ ဝိုင်နံ့ပြင်းပြင်းရနေသောကြောင့် သူသည်လည်း သိပ်မကြာမှီ အိပ်မောကျသွားတော့သည်။ ကျန်းလော်သည် နိုးလာပြီး အိပ်ချင်မူးတူးနှင့် ဘေးကိုကြည့်လိုက်ရာ တရေးမှမနိုးဘဲ အခုချိန်ထိ အိပ်ရာတစ်ခုလုံးအပိုင်စီးကာ လူးလိမ့်အိပ်ပျော်နေသော ကောကျူကို တွေ့လိုက်သည်။


ကျန်းလော်သည် အကြောဆန့်၍ သမ်းလိုက်ပြီး ဖုန်းကိုထုတ်ကြည့်လိုက်ရာ ညနေလေးနာရီထိုးပြီးသွားပြီဖြစ်သည်။ ထို့ကြောင့်သူသည် ကောကျူကို နှိုးလိုက်ပြီး သူတို့နှစ်ယောက်သည် အိပ်ချင်စိတ်မပြေစွာ အပြင်ကိုထိုင်းထိုင်းမှိုင်းမှိုင်း ထွက်လာကြသည်။ အားလုံးလိုလို အိပ်ပျော်နေကြသည်။


အားလုံးသည် မနေ့ညက အလွန်ပင်ပန်းသွားကြရာ ယခုမှ အိပ်နိုင်သလောက် အိပ်နေကြသည်။ သူတို့နှစ်ယောက်သည် တစ်ခန်းဝင်တစ်ခန်းထွက် လိုက်နှိုးလိုက်ကြပြီး ညစာစားရန်ဆင်းသွားကြသည်။ သူတို့ကိုးယောက်လုံး ညစာစားပြီးသောအခါ ဝန်ထမ်းများရောက်လာပြီး မနေ့ညကအကြောင်းလာမေးကြသည်။ လုယုံရိသည် လက်ကိုယမ်း၍  ဂုဏ်ယူစွာပြောလိုက်သည်။


“ပြီးသွားပြီ အခုကစပြီး ဘာအနှောက်အယှက်မှ ရှိမှာမဟုတ်တော့ဘူး”


ဝန်ထမ်းများသည် ပျော်သွားကြပြီး သူတို့အတွက် ညစာစားပြီးနောက် အနားယူကြရန် ရေပူစမ်းအနောက်ဘက်၌ ရေကန်ဘေးဇရပ်လေးတွင် ထိုင်ခုံများစားပွဲများနှင့် အဆာပြေမုန့်များ ပြင်ဆင်ပေးသွားကြသည်။ သူတို့သည် ရေကန်ဘေးသို့ လမ်းလျှောက်ထွက်ပြီး ငါးမျှားရင်း ပျင်းရိစွာ ဇိမ်ခံနေကြတော့သည်။


ကန်ထဲတွင် ငါးအကြီးကြီးများရှိပြီး ကျန်းလော်အတွက် ငါးဖမ်းရန် မခက်ခဲပေ။ သူသည်ငါးနှစ်ကောင်မိလာပြီး ပွစိပွစိပြောလိုက်သည်။


“ငါးငတုံးတွေ”


သူသည်ငါးများကို ခြင်းထဲထည့်လိုက်ပြီး ငါးမျှားချိတ်တွင် ငါးစာတပ်လိုက်သည်။ ထိုအချိန်တွင် ကျန်းလော်သည် သူ့ဘေးကိုရိပ်ခနဲ မြင်လိုက်သည်။ ကျန်းလော်သည် လက်ထဲမှ ငါးမျှားတံကို ပစ်ထုတ်လိုက်ကာ ရေကန်ထဲ ခေါင်းစိုက်ကျတော့မည့် စိုင်လောင်အာကို ကမန်းကတန်းဖမ်းလိုက်ရသည်။ စိုင်လောင်အာသည် အိပ်မောကျတော့မည့်ပုံပေါ်နေသည်။ ခနကြာပြီးနောက် စိုင်လောင်အာသည် လေးလေးပင်ပင်မျက်လုံးဖွင့်လိုက်ကာ သူ့ရင်ဘက်ကို ကြောက်လန့်စွာ ပုတ်လိုက်ပြီး ကျန်းလော်ကို ကျေးဇူးတင်လိုက်သည်။ 


“ကျေး ကျေးဇူးတင်ပါတယ်ကွာ ကျန်းလော်ရာ ”


ကျန်းလော်သည် သူ့ကိုလွတ်လိုက်ပြီး အတွေးများစွာကြည့်လိုက်သည်။ စိုင်လောင်အာသည် အလွန်မသက်မသာဖြစ်နေသလိုပင်။ ကျန်းလော်သည် နူးညံ့စွာပြုံးလိုက်ပြီး ချော့မော့သောအသံနှင့် မေးလိုက်သည်။


“စိုင်လောင်အာ မင်းအရမ်းအိပ်ချင်နေတာလား”


ထိုသို့ နူးညံ့သောအသံနှင့် စကားလုံးများကြောင့် ရွှေအိုရောင်ဆံပင်ကောက်ကောက်နှင့် ကောင်လေးသည် ရှက်သွေးဖြာသွားပြီး နာခံစွာခေါင်းငြိတ်လိုက်ကာ သမ်းဝေလိုက်သည်။


“အရမ်းအိပ်ချင်တယ်”


“နင် မနေ့ညက ဘယ်အချိန်အိပ်တာလဲ”


ကျိုးကျုံးချိုးသည် သိချင်စွာ ဝင်မေးလိုက်သည်။ စိုင်လောင်အာသည် စဉ်းစားလိုက်ပြီး


“မမှတ်မိတော့ဘူး”


“ဒီကောင် ကျန်းလော်နဲ့ ငါ ကောကျူကိုရှာတုန်းထဲက အသေအိပ်ပျော်နေတာ အဲ့တုန်းက မနက်လေးနာရီပဲရှိသေးတယ်”


ဝမ်ယမ်လန်သည် မျက်မှောင်ကြုတ်လိုက်သည်။


“ငါသူ့ကို သူ့အခန်းပြန်လိုက်ပို့တော့ သူက မီးပိတ်ပြီး ချက်ချင်းအိပ်သွားတာ အလွန်ဆုံးနောက်ကျရင်တောင် မနက်လေးခွဲလောက်ပဲ”


“ငါလည်းလေးခွဲအိပ်တာ ငါနိုးလာတော့ လေးနာရီဆိုတော့ ဆယ့်တစ်နာရီခွဲတောင် အိပ်လိုက်တာ အဲ့လောက်အိပ်လိုက်ရင်  ဘယ်လိုမှ ထပ်အိပ်ချင်မနေသင့်တော့ဘူး ”


သူပြောနေတုန်းမှာပင် စိုင်လောင်အာသည် သူ့ခုံတွင် ပြန်ထိုင်နေပြီး သူ့မျက်လုံးများကို ဖွင့်ရန် ပင်ပန်းစွာ ကြိုးစားနေသည်။ 


သူအရမ်းအိပ်ငိုက်နေသည်။



____