Ch 35
Viewers 8k

Part 35


ထျန်းစစ်ဖူမှာ ကျန်းလော့ ထင်ထားတာထက်ပင် လူတွေအများကြီး ရှိနေခဲ့သည်။ ကလေးကနေစပြီး သက်ကြီးရွယ်အိုအထိ၊ စီးပွားရေးသမားကနေ အရာရှိအထိ၊ ထို့အပြင်ကို သူ တီဗီမှာ နေ့တိုင်းတွေ့နေရသော မျက်နှာရင်းနှီးနေသည့် နာမည်ကြီး သရုပ်ဆောင်များကိုလည်း ကျန်းလော့ တွေ့လိုက်ရသည်။

ထိုလူများက မျက်နှာထက်မှာ စိုးရိမ်ပူပန်မှုများနှင့်ဖြစ်စေ ရိုသေလေးစားသမှုများနှင့်ဖြစ်စေ အမျိုးမျိုးအထွေထွေ ရှိနေခဲ့ကြသည်။ လူပေါင်းများစွာ ဝင်လိုက်ထွက်လိုက် လုပ်နေကြပေမယ့် ခြံဝန်းထဲမှာ ဆူညံသံတစ်စက်မရှိဘဲ လူတိုင်းက သတိရှိစွာဖြင့် တိတ်တိတ်ဆိတ်ဆိတ် နေနေခဲ့ကြသည်။

သို့သော် ထိုအထဲက လူအများစုကတော့ ကောင်းကင်ဘုံ အရှင်သခင်ကို လူကိုယ်တိုင်တွေ့ခွင့် မရကြပေ။

ဖုန်းမိသားစု၏ ဩဇာတိက္ကမကြောင့် ကျန်းလော့ အံ့ဩသွားရပြီး ချန်ဖိက စောင့်ဆိုင်းနေကြသော လူအများကြီးကို ကျော်ဖြတ်၍ သူ့ကို ပထမခြံဝန်း၏ ဂိတ်ပေါက်ဆီ ခေါ်သွားခဲ့သည်။ ငယ်ရွယ်သော တပည့်တစ်ဦးက ထိုနေရာမှာ စောင့်ကြပ်နေခဲ့ပြီး သူတို့ကို တွေ့ချိန်မှာ ဦးညွတ်နှုတ်ဆက်လာခဲ့သည်။ 

“ အန်ကယ်ချန် … လူကြီးမင်းဖုန်းက အထဲမှာ စောင့်နေပါတယ်”

ဖုန်းလီလား။

ချန်ဖိကို ကျန်းလော့ တစ်ချက်ကြည့်လိုက်သည်၊ သူ၏ အပေါစားဆရာသခင်က သူ့ကိုဖုန်းလီဆီ ခေါ်လာပြီးတော့ ဘာလုပ်ဖို့ကြံနေတာလဲ။

သူတို့ ပထမခြံဝန်း၏ဂိတ်တံခါးကို ကျော်ဖြတ်ပြီးချိန်မှာ အထဲမှာရှိနေသော လူအရေအတွက်က ချက်ချင်းဆိုသလို နည်းပါးသွားခဲ့သည်။ သူတို့ ဝင်သွားပြီး သိပ်မကြာလိုက်ခင်မှာပဲ သူတို့ ကြာကန်၏ဘေးနားမှာ ကျောက်တုံးဖြင့် ထွင်းထုထားသော စားပွဲနှင့် ထိုင်ခုံများကို တွေ့လိုက်ရပြီး ထိုအပေါ်မှာ လူနှစ်ယောက်က ထိုင်နေခဲ့ကြသည်။

သူတို့ထဲကတစ်ယောက် မုတ်ဆိတ်ဖြူအရှည်ကြီးရှိပြီး ပုံစံက ကြင်နာတတ်ကာ ဖော်ရွေမည့်ပုံပင်။ ချန်ဖိက ထိုဆီကို ချက်ချင်းလျှောက်သွားပြီး တလေးတစားဖြင့် ပြောလာခဲ့သည်။ “ဆရာသခင်”

ကျန်းလော့လည်း သူလုပ်သလို လိုက်လုပ်လိုက်သည်။ “ဆရာသခင်”

“ ကောင်းလေစွ… ကောင်း‌လေစွ”

ဆရာသခင်အိုကြီးက ကြင်နာစွာ ပြုံးပြလာခဲ့ပြီး ချန်ဖိကို စကားအချို့ ပြောပြီးနောက်မှာ ကျန်းလော့ကို ကြည့်လာခဲ့သည်။ “ မင်းရဲ့ ဒီတပည့်လေးက အခုတစ်ခေါက်ပြိုင်ပွဲမှာ ပထမနေရာရခဲ့တဲ့ ကောင်လေးမလား”

ချန်ဖိ ပြန်ဖြေလိုက်၏။ “ အမှန်ပါပဲ … ဒီကလေးရဲ့နာမည်က ကျန်းလော့ပါ”

“ ကျန်းလော့” ကောင်းကင်ဘုံ အရှင်သခင်‌ဟောင်းက ထိုစကားကို ရေရွတ်လိုက်ပြီး “ ကောင်းလေစွ … ပါရမီရှိတဲ့ လူငယ်လေးပဲ”

ကောင်းကင်ဘုံ အရှင်သခင်‌ဟောင်းက သူနှင့် မျက်နှာချင်းဆိုင်မှာ ထိုင်နေသော လူအိုကြီးကို ကြည့်လိုက်သည်။ 

“ ဒီကလေးက ပါရမီအရမ်းကောင်းတယ်… မင်းတို့ရဲ့ ချီမိသားစုက ကလေးနဲ့ယှဉ်ရင်တောင် ရှုံးမှာမဟုတ်ဘူး”

ချီမိသားစုတဲ့လား။

ကျန်းလော့၏မျက်နှာအမူအရာက ပြောင်းလဲမသွားပေမယ့် သူ အာရုံပိုစိုက်လိုက်သည်။

သူ့အကြည့်က လူအိုကြီးဆီ ရောက်သွားခဲ့သည်။ လူအိုကြီးက အသက်ခုနှစ်ဆယ် ရှစ်ဆယ်လောက် ရှိပြီဖြစ်ပြီး မျက်နှာမှာ အသက်ကြီးရင့်မှုကြောင့် အစက်အပြောက်များတောင် ထနေပြီဖြစ်သည်။ သူ့နဖူးကကျဉ်းပြီး မျက်ခုံးကထူကာ ပါးရိုး‌များက ခွက်ဝင်နေခဲ့ပြီး မျက်လုံးများက အရောင်လက်နေခဲ့သည်။ 

“ ကျုပ်တို့မိသားစုက ဘယ်ကလေးကိုများ ကောင်းကင်ဘုံ အရှင်သခင်ဟောင်းက ပြောချင်တာလဲ”

ကောင်းကင်ဘုံ အရှင်သခင်ဟောင်းက ရယ်လိုက်ပြီး “ ချီယုံကိုမဟုတ်ဘဲ ဘယ်သူ့ကို ပါရမီရှိတယ်လို့များ ပြောလို့ရသေးလို့လဲ”

“ သူတို့ရဲ့တိုက်ရိုက်မျိုးဆက်တွေ အကုန်လုံး အလွန်ပါရမီ ရှိကြပါတယ်” ချီမိသားစု၏လူအိုကြီးက သိပ်ဂရုမစိုက်သောပုံစံဖြင့် ပြောလာခဲ့သည်။ “ဒါပေမယ့် ပါရမီရှိတာက ရှိတာပဲ။  သူတို့ရဲ့ မျိုးဆက်တွေထဲမှာ ဘယ်သူကများ အသက်သုံးဆယ်ကျော်ထိ နေရဖူးလို့လဲ”

သူ ပြောလို့ပြီးချိန်မှာ ကျန်းလော့ကို ကြည့်လာခဲ့ပြီး “ ဒီတစ်ယောက်ကတော့ အသက်အရှည်ကြီး နေရမယ့်ပုံပဲ … ဆရာသခင်ဟောင်းကြီးရေ … ခင်ဗျားတော့ တပည့်ရကံကောင်းတာပဲ”

ကောင်းကင်ဘုံဆရာသခင်ဟောင်းက နှစ်လိုအားရ ရယ်လိုက်ပြီး ချန်ဖိကို လက်ယမ်းပြလာခဲ့သည်။ 

“ သွားတော့ … မင်းရဲ့ကိစ္စကို မနှောင့်နှေးစေနဲ့”

ချန်ဖိ ဆရာသခင်အိုကြီးကို နှုတ်ခွန်းဆက်လိုက်ပြီး ကျန်းလော့နှင့်အတူ ကြာကန်ဘေးကနေ ထွက်လာလိုက်ကြသည်။

သိပ်မကြာခင်မှာပဲ သူတို့ ဘိုးဘွားပိုင် ဟောခန်းကြီးထဲကို ရောက်သွားခဲ့ကြ၏။

ကျန်းလော့ ဝင်သွားပြီးပြီးချင်းမှာပဲ အမွှေးတိုင် ထွန်းညှိပူဇော်နေသော ဖုန်းလီကို တွေ့လိုက်ရသည်။ ထန်ဝတ်စုံကို ဝတ်ထားဆဲဖြစ်သော ဖုန်းလီက အမွှေးတိုင်ပူဇော်ပြီးနောက်မှာ အနောက်ကို လှည့်လာပြီး ဂရုမစိုက်ဟန်ဖြင့် ပြောလာခဲ့သည်။

“ ရောက်လာကြပြီလား”

ချန်ဖိက ဖုန်းလီထက် အသက်ပိုကြီးပြီးတော့ ဖုန်းလီထက်အရင် ကောင်းကင်ဘုံ အရှင်သခင်ဟောင်းဆီမှာ တပည့်အဖြစ် လက်သင့်ခံခဲ့ရသော်လည်း သူ ဖုန်လီး၏အရှေ့မှာ ပြဿနာမရှာရဲဘဲ တလေးတစားဖြင့် ပြောလိုက်၏။

“စီနီယာအစ်ကို … ကျန်းလော့ကို ကျွန်တော်နဲ့အတူ ခေါ်လာခဲ့ပါပြီ”

“ ကောင်းပြီ” ဖုန်းလီ၏မျက်လုံးတို့က ဆံပင်အနက်ရောင်နှင့်ကောင်လေးကို ခေါင်းအစခြေအဆုံး ကြည့်လာခဲ့ပြီး ရုတ်တရက် မျက်မှောင်ကြုတ်လာခဲ့၏။ “ဒါက ဘာဖြစ်တာလဲ”

သူ့အကြည့်က လူငယ်လေး၏ နားရွက်နားမှာရှိသော သိပ်မသိသာသည့် အဖြူရောင်ဆံပင်အပေါ်မှာ ရောက်နေခဲ့သည်။

ကျန်းလော့၏ မျက်လုံးထဲမှာ အရောင်လက်သွားခဲ့သည်။“ ဘာဖြစ်လို့လဲ”

ဖုန်းလီ ရှေ့တိုးလိုက်ပြီး အဖြူရောင်ဆံပင်ကို မယူလိုက်သည်။ သူ ထိုဆံပင်ကို သေချာမြင်လိုက်သည့် တဒင်္ဂမှာပဲ သူ့မျက်နှာထား အေးစက်သွားခဲ့သည်။ “ မင်း သူနဲ့ ထပ်တွေ့ပြန်ပြီ”

ကျန်းလော့ အပြစ်ကင်းစွာဖြင့် မျက်လုံးလေး ပေကလတ် ပေကလတ် လုပ်လိုက်သည်။

ကျန်းလော့၏ အဖြူရောင်ဆံပင်‌ထဲက တစ်ချောင်းကို ဖုန်းလီ ရုတ်ခနဲ ဆွဲနုတ်လိုက်ပြီး စားပွဲခုံဆီ လျှောက်သွားကာ အံဆွဲထဲကနေ စာရွက်တစ်ရွက် ထုတ်ယူလိုက်ပြီး စာရွက်ကို လူပုံစံလေး ခေါက်လိုက်၏။ ထို့နောက် ဆံပင်ကို ထိုစာရွက်လူသားပေါ်မှာ ရစ်ပတ်လိုက်ပြီး ချန်ဖိကို ခေါင်းစောင်းကာ ညွှန်ကြားလာခဲ့သည်။ 

“ ရေရှစ်ဖလား သွားယူလာခဲ့”

ချန်ဖိက တခြားတပည့်များနှင့်အတူ ရေရှစ်ဖလားကို ဘိုးဘွားပိုင်ဟောခန်းမထဲ သယ်လာခဲ့သည်။ ဖုန်းလီက ရေရှစ်ဖလားကို စာရွက်လူသား၏ ပတ်ပတ်လည်မှာ ယင်ယန်ရှစ်ခွင်အင်းကွက် အစီအရင်အတိုင်း နေရာချလိုက်သည်။ ထို့နောက် လက်တစ်ဖက်ဖြင့် ချိတ်စည်းပုံစံလုပ်လိုက်ပြီး စက္ကူလူသားကို လက်ညိုးညွှန်၍ ပြောလိုက်သည်။“လှုပ်ရှားစမ်း”


စားပွဲပေါ်မှာ လဲလျောင်းနေခဲ့သော စက္ကူလူသားက ချက်ချင်းဆိုသလို ဖြည်းဖြည်းချင်း လှုပ်ရှားလာခဲ့ပြီး သူ့ကိုတစ်စုံတစ်ခုက ဝင်ပူးထားသည့်အလား စားပွဲပေါ်မှာ မတ်တပ်ရပ်ကာ ပတ်ပတ်လည်ကို မရင်းနှီးသည့်ပုံစံဖြင့် လိုက်ကြည့်နေခဲ့သည်။

စက္ကူလူသား၏မျက်နှာမှာ ပုံပန်းသွင်ပြင် မရှိသော်လည်း ကျန်းလော့ကို မြင်ချိန်မှာ ရပ်တန့်သွားခဲ့သည်။ ကျန်းလော့ မထင်မှတ်ထားလောက်အောင်ပင် ထိုစက္ကူလူသားဆီကနေ ရင်းနှီးနေသော ခံစားချက်ကို ရလိုက်သည်။

ကျန်းလော့၏မျက်ခုံး ပင့်တက်သွားခဲ့ပြီး သူ ဖုန်းလီကို ကြည့်လိုက်သည်။ 

“ လူကြီးမင်းဖုန်း”

ဖုန်းလီက အေးစက်စက်နှင့် ပြောလာခဲ့၏။ “ မင်းကို ငါ ပြောထားတယ်မလား … မင်းကို သူနဲ့နောက်တစ်ကြိမ် ထပ်ပြီးတော့ ပတ်သတ်တာ ငါ တွေ့တာနဲ့… သူ့ရဲ့ဝိညာဉ်ကို တစ်စစီဖြစ်‌အောင် ဖျက်ဆီးပစ်မယ်ဆိုပြီး”

ကျန်းလော့ တုံ့ပြန်တာကို စောင့်မနေဘဲ ဖုန်းလီ အရှေ့တောင်ဘက်မှာရှိသော ရေဖလားကို ညင်ညင်သာသာ ထိလိုက်သည်။ “ ရွှင်ဖုန်း”

(ရွှင်ဖုန်း - လေကို ဆင့်ခေါ်လိုက်တာပါ )

ဖလားထဲမှာရှိသောရေက ညင်ညင်သာသာ လှုပ်ရှားသွားခဲ့ပြီး တစ်ချိန်တည်းမှာပဲ စားပွဲထက်မှာ လေပြင်းကြီးတစ်ခု ဖြစ်ပေါ်လာခဲ့၏။ လေပြင်းကြီးက လျင်မြန်ကာ အရှိန်အဟုန်ပြင်းပြီး သစ်သားစားပွဲပေါ်မှာ ဓားနှင့်ဖြတ်တောက်ထားခဲ့သည့်အလား ရှရာတချို့ပေါ်လာခဲ့ပြီး စက္ကူလူသားကို အညှာအတာမရှိ ဖျက်ဆီးပစ်ဖို့ အလုံးအရင်းနှင့် တိုးလာခဲ့သည်။

စက္ကူလူသားက လှုပ်ရှားမှုမရှိပေ သို့သော် လေပြင်းကြီးက စက္ကူလူသား၏အနားကို မကပ်နိုင်ခင်မှာပဲ ရုတ်ခြည်း ပျောက်ကွယ်သွားခဲ့သည်။ 


ဖုန်းလီ ဖြည်းဖြည်းချင်းပြောလိုက်သည်။ 

“ အရည်အချင်းတော့ ရှိသားပဲ”

သို့သော် မကောင်းဆိုးဝါးက ချီယုံဆိုကတည်းက သည်လိုဖြစ်မည်မှန်း ဖုန်းလီ မျှော်လင့်ထားပြီးသားပင်။

သူ ခွန်တိနှင့် ကန်ရှန်းကို ကိုယ်စားပြုသော အနောက်တောင်နှင့် အရှေ့မြောက်ဘက် အသီးသီးမှာရှိနေသော ရေဖလားများကို ထိလိုက်သည်။ 

( ခွန်တိ - မြေကြီး၏ သင်္ကေတ

ကန်ရှန်း- တောင်တန်း၏သင်္ကေတ)

စားပွဲမျက်နှာပြင်က ရုတ်တရက်ဆိုသလို ခွက်ဝင်ခုံးဝင်သွားပြီး တောင်တန်းကဲ့သို့သော ပုံသဏ္ဍန်အစွန်းများက ရုတ်ခြည်း ထိုးထွက်လာခဲ့၍ စားပွဲပေါ်မှာ စက္ကူလူသား ခြေချရမည့်နေရာ မရှိလုနီးပါး ဖြစ်သွားခဲ့သည်။ 

စက္ကူလူသားက သူ့ဘယ်ခြေထောက်ကို အသာအယာ ဆောင့်ချလိုက်ချိန်မှာ တောင်အထွတ်အားလုံး ချက်ချင်းပင် တစ်စစီကွဲထွက်သွားခဲ့သည်။ တောင်အထွတ်‌တင် တစ်စီဖြစ်ရုံမကပဲ အနောက်တောင်နှင့် အရှေ့မြောက်မှာရှိသော ရေဖလားနှစ်ခွက်စလုံး ကွဲထွက်ကာ ကြည်လင်နေသောရေများက နေရာအနှံ့ စီးဆင်းသွားခဲ့သည်။

ဘိုးဘွားပိုင်ဟောခန်းထဲမှာ တိတ်ဆိတ်မှုက ကြီးစိုးသွားခဲ့သည်။ချန်ဖိ သူ့ခေါင်းကို ရင်ဘတ်ထဲဝှက်ထားရင်း ရင်ထဲမှာ အသံတိတ်ဖြင့် မချိတင်ကဲ ငိုကြွေးနေမိသည်။ သူ ယခုကဲ့သို့သော အပြစ်မျိုးကို သည်အသက်အရွယ် ရောက်ချိန်မှာတောင်မှ ခံစားနေ‌ရသေးသည်။ ကောင်းကင်ဘုံ အရှင်သခင်က တစ်စုံတစ်ယောက်နှင့် တိုက်ခိုက်ပြီးတော့ ရှုံးနိမ့်ခဲ့သည်။ ဘယ်သူက သည်လိုမြင်ကွင်းမျိုးကို မြင်ချင်မှာတဲ့လဲ။

အထူးသဖြင့် ဖုန်းလီက ဘယ်သူမှ သွားမရှုပ်သင့်သော အငြိုးထားတတ်သည့် ယောင်္ကျားဖြစ်သည်။

ဖုန်းလီ ရှုပ်ပွနေသောစားပွဲကို ကြည့်လိုက်သည် သို့သော် သူ့မျက်နှာထားက ပြောင်းလဲသွားခြင်း မရှိပေ။ ထိုအစား သူ အဖြူရောင်ကြွေဖလားတစ်ခွက်ကို သူနှင့် မြောက်ဘက်တည့်တည့်မှာ ထားလိုက်ပြီး ရွတ်ဆိုလိုက်သည်။ 

“ ခန်စွေ့”

ခန်က ရေဓာတ်ဖြစ်ပြီး ငါးမျိုးသောဒြပ်စင်‌တို့ကလည်း ရေဖြစ်သည်၊ ရေနှင့်ရေချင်း ထပ်သွားခဲ့ပြီး ယင်နှင့်ယန်က အချင်းချင်း ထိပ်တိုက်တွေ့ကုန်ကြ၏။ သူတို့ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အင်အားပြင်းစွာဖြင့် စက္ကူလူသားကို ရေဖြင့်လွှမ်းမိုးကာ ဖျက်ဆီးပစ်ဖို့ ကြိုးစားလာကြသည်။

စက္ကူလူသားလည်း ရေထဲမှာ နစ်မြုပ်သွားခဲ့သည်။

ချန်ဖိ သက်ပြင်းချလိုက်ပြီး သူ့နဖူးပေါ်က ချွေးကိုခိုးသုတ်ကာ ဝမ်းမြောက်စွာဖြင့် ပြောလာခဲ့သည်။

“ ကောင်းကင်ဘုံ အရှင်သခင်ကတော့ နာမည်နဲ့လိုက်ပါပေတယ်။ အရှင်သခင် တစ်ခါလောက် တိုက်ခိုက်လိုက်ရုံနဲ့ သည်မကောင်းဆိုးဝါးလည်း လက်ငါးချောင်းတောင်ကြီးကနေ ပြေးမလွတ်ပါဘူး” 

သို့သော် ကျန်းလော့ကတော့ ချန်ဖိကဲ့သို့ သူ့စိတ်ကို ချက်ချင်းလွှတ်မချလိုက်ပေ။ ဤစက္ကူလူသားမှာ ကပ်တွယ်နေသည့်သူက တကယ်ချီယုံသာဆိုလျှင် ဘယ်လိုလုပ်ပြီးတော့ အလွယ်တကူ နှိမ်နင်းလို့ရမှာတဲ့လဲ။

သူ ပင်လယ်ပြင်ကဲ့သို့ လှိုင်းထန်နေသော ရေမျက်နှာပြင်ကို အနီးကပ် စိုက်ကြည့်လိုက်သည်။ လူတိုင်း သူတို့စိတ်ကို လျော့လိုက်သည့်အချိန်မှာပဲ ရေမျက်နှာပြင်ကွဲထွက်သည့်အသံ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး စက္ကူလူသားက အစီအရင်၏အပြင်ဘက်ကို ရေဖြင့် တစ်ရှိန်ထိုး မျောပါလာခဲ့ကာ ကျန်းလော့ ရှိရာဘက်ကို တစ်ဟုန်ထိုး လာနေခဲ့သည်။

ကျန်းလော့ မြန်မြန်ဆန်ဆန်ပင် တုံ့ပြန်လိုက်ပြီး အနောက်ကို ဆုတ်လိုက်၏။ သို့‌သော်  လက်တစ်ဖက်က သူ့ခါးထက်မှာ ရုတ်တရက် ရောက်လာခဲ့ပြီး ရင်ခွင်ထဲပွေ့ဖက်ကာ သူ့ကို ဘယ်ဘက်သို့ ဆွဲခေါ်သွားခဲ့သည်။ ထိုသူက စိုးရိမ်သည့်အသံဖြင့် ပြောလာခဲ့သည် “သတိထား … ဂျုနီယာလေး”

ကျန်းလော့က တည်တည်ငြိမ်ငြိမ်ဖြင့် ရှောင်နိုင်ခဲ့မှာဖြစ်သည် သို့သော် အမည်မသိရသော ကြင်နာတတ်သည့် နှလုံးသားရှိသူ၏ မလိုအပ်ဘဲ လုပ်လိုက်သည့်အပြုအမူကြောင့် သူ ခြေမငြိမ်တော့ဘဲ လဲကျမလို ဖြစ်သွားခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် သူ ထိုတပည့်ဖြစ်သူ၏လက်မောင်းကို ဖမ်းဆုပ်နိုင်လိုက်ပြီး မတ်မတ်ရပ်လိုက်ရသည်။ မလိုအပ်ဘဲ လုပ်လိုက်တာဖြစ်သော်လည်း ကျန်းလော့မှာ ထုတ်ပြော၍မရပေ။ ထို့ကြောင့် ကျန်းလော့ စိတ်ထိန်းပြီးတော့ပဲ ကျေးဇူးတင်လိုက်ရသည်။

“ ကျေးဇူးတင်ပါတယ်”

“မလိုပါဘူး” အမည်မသိရသော သဘောမနောကောင်းသူက သူ့ကို ပြံးပြလာခဲ့ပြီးနောက် ကြမ်းပြင်ကို အကြည့်ပို့လိုက်သည်။  “လူကြီးမင်းဖုန်းက စက္ကူလူသားကို နှိမ်နင်းလိုက်ပြီပဲ”

ကျန်းလော့ အံ့အားသင့်သွားခဲ့ပြီး စက္ကူလူသားကို လှည့်ကြည့်လိုက်သည်။ စက္ကူလူသားက ကြမ်းပြင်ပေါ်မှာ စာ‌ရေးစုတ်တံနှင့် ထိုးစိုက်ခံထားရပြီး လှုပ်ရှားမှုမရှိတော့တာကို ကျန်းလော့ တွေ့လိုက်ရသည်။ 

ဖုန်းလီ လက်ကိုင်ပုဝါယူပြီး လက်ကို သုတ်လိုက်သည်။ ကျန်းလော့ ဘေးနားမှာရှိနေခဲ့သော တပည့်ဖြစ်သူက သက်ပြင်းချလာပြီး “ လူကြီးမင်းဖုန်းက တကယ်ကို အစွမ်းထက်တယ်။ ဘယ်လို မကောင်းဆိုးဝါးပဲဖြစ်နေပါစေ … လူကြီးမင်းဖုန်းရဲ့ လက်ထဲကို ရောက်သွားတာနဲ့ သူတို့ အချိန်ခဏတောင် ဆက်ပြီးမရှင်နိုင်တော့ဘူး” 

ကျန်းလော့ တစ်ခုခုတော့ လွဲနေပြီဟု ရေးတေးတေး ခံစားနေရသည်။ “စက္ကူလူသားကို ဝင်စီးထားတဲ့ အရာကရော ဘယ်မှာလဲ”

“သေပြီလေ” တပည့်ဖြစ်သူက ရယ်လိုက်ပြီး စိုရွှဲနေအောင် ရေထဲအနှစ်ခံထားရသော စက္ကူလူသားကို ကြည့်လိုက်သည်။ “လူကြီးမင်းဖုန်း ခုနလေးတုန်းက ပစ်လိုက်တဲ့ ပစ်ချက်ကဆိုရင် လျှပ်စီးအတိုင်းပဲ မြန်လိုက်တာဆိုတာ။ ဘာအမှားအယွင်းမှ မရှိဘူးဆိုရင် ဝင်စီးထားတဲ့အရာက သေသွားလောက်ပြီ”

ကျန်းလော့ သူ့ဘာသာသူ ရေရွတ်လိုက်မိ၏။ တစ်ခုခုတော့ မှားနေတာဖြစ်ရမည်။ ချီယုံက အလွယ်တကူနှင့် သေသွားသည်ဆိုတာကို သူ လုံးဝ မယုံနိုင်ပေ။

“ဂျူနီယာညီလေးက အဲဒီ့မကောင်းဆိုးဝါးနဲ့ ပတ်သတ်ပြီး အရမ်းစိတ်ဝင်စားနေသလိုပဲ” 

သူ့ဘေးနားရှိ လူ၏အသံက ကျန်းလော့၏အတွေးကို ဝင်ရောက် နှောင့်ယှက်လာခဲ့ပြီး တပည့်ငယ်လေးက သိချင်စိတ်ဖြင့် မေးလာခဲ့သည်။

“ အဲဒီ့မကောင်းဆိုးဝါးနဲ့ ဂျုနီယာညီလေးရဲ့ကြားမှာ တစ်ခုခုများ ရှိနေလို့လား” 

ထျန်းစစ်ဖူမှာရှိတဲ့လူတိုင်း အတင်းပြောရတာ ဝါသနာပါကြတာလား။ ထိုအတွေးက ကျန်းလော့ခေါင်းထဲမှာ ဖြတ်ပြေးသွားခဲ့ပြီး သူ ဖောရှောလုပ်လိုက်သည်။ “… သူနဲ့ ပတ်သတ်မှု နည်းနည်းတော့ရှိတယ်”

သူ တစ်လောကလုံးကို ချီယုံအပေါ်ထားသည့် သူ့ ‘အချစ်’အား ပြောပြချင်မိသည်၊ ထိုမှသာ ချီယုံက သူ့ကိုသတ်ဖို့ကြိုးစားချိန်မှာ လူတိုင်းက သူ့ဘက်ကနေ ရပ်တည်ပေးမှာဖြစ်သည်။

ကျန်းလော့ သူ့မျက်လုံးများကို ပရိုဆန်ဆန် အောက်ဘက်သို့ အကြည့်ပို့လိုက်ပြီး နက်ရှိုင်းသော ဝမ်းနည်းမှုများဖြင့် ပြောလိုက်သည်။

“ သူက ကျွန်တော် ကြိုက်ရတဲ့သူပါ”

တပည့်ဖြစ်သူက ကျန်းလော့၏ ထောင့်လေးများက အနည်းငယ် ကော့တက်နေသော နှင်းဆီရောင်နှုတ်ခမ်းနှင့် တစ်ဝက်ပိတ်ထားသော မျက်ခွံပါးပါးလေးကို ကြည့်ပြီးတော့ ပြုံးလိုက်သည်။ “ အာ … အဲလိုကိုး”

“မင်း ဝမ်းနည်းနေလို့ မဖြစ်ဘူး‌” တပည့်ဖြစ်သူက သူ့အသံကို တိုးညင်းရင်း နှစ်သိမ့်ပေးလာခဲ့သည်။

“ အဲလိုမှမဟုတ်ရင် သူ သေချာပေါက်…”

သူ့ပါးစပ်ထောင့်များက  သတိမထားမိလိုက်အောင် ကော့တက်သွားခဲ့ပြီး အသံက အနည်းငယ် မြှင့်လာခဲ့သည်။ 

“ အရမ်းကို ဝမ်နည်းနေရလိမ့်မယ်”

--------