Part 33
ထိုစကားတစ်ခွန်းနဲ့တင် ကျန်းလော့က မကောင်းဆိုးဝါးကို လုံးဝ စိတ်လှုပ်ရှားသွားစေခဲ့သည်။
ကျန်းလော့ မကောင်းဆိုးဝါးကို အေးတိအေးစက် ပြုံးပြလိုက်ပြီး တစ်စုံတစ်ခုက သူ့လက်ထဲမှာ ပေါက်ဖွားလာသည့်အလား သူ့ညာလက်ကို မကောင်းဆိုးဝါး၏ အရှေ့မှာထားလိုက်သည်၊ ထို့နောက်မှာတော့ မကောင်းဆိုးဝါးကို အရှိန်ဖြင့် ပစ်ဆောင့်လာခဲ့သည်။
“ ဝုန်း…”
အောက်ခြေမှာရှိနေသော ရေတို့က ပြင်းပြင်းထန်ထန် ယိမ်းထိုးသွားခဲ့ပြီး မျက်နှာပြင်ပေါ်မှာ လှိုင်းထသွားကာ ကြီးမားလှသော ရေလွှာတစ်ပြင်က ကမ်စပ်ကို လှိမ့်တက်သွားပြီး အပင်ရှည်တွေကို နစ်မြုပ်သွားစေခဲ့သည်။
ရေထုကွဲထွက်သွားသည့်အသံက ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး မကောင်းဆိုးဝါးက ပြင်းထန်စွာ ပန်းထွက်လာသော ရေအရှိန်ကြောင့် ကမ်းစပ်ထိရောက်အောင် တိုက်ချခံလိုက်ရသည်။ သူ ကမ်းစပ်မှာ ညင်ညင်သာသာ ဆင်းသက်လိုက်ပြီး တစ်ကိုယ်လုံး စိုရွှဲနေတာတောင်မှပဲ ထိုဟာက သူ့စိတ်အခြေအနေ ကောင်းနေတာကို မတားဆီးနိုင်ပေ။
သူ့အင်္ကျီလက်အနားတွေကို သူ သေချာသပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်လုပ်လိုက်ပြီး ရေထဲကို ကြည့်လိုက်သည်။
ကျန်းလော့က ရေထဲကနေ ထွက်ပေါ်လာခဲ့ပြီး အံ့ဩဖို့ကောင်းလောက်အောင်ပင် ရေပေါ်မှာ လမ်းလျှောက်နေခဲ့သည်။ သူ့ခြေထောက်အောက်မှာတော့ ရွှေရောင်မန္တန်တို့က ရေလှိုင်းများ၏ အလယ်မှာ တလျှပ်လျှပ် လင်းလက်နေခဲ့သည်။ ရွှေရောင်မန္တန်တို့က ရွေရောင်စပါးအုံးမြွေတစ်ကောင်အသွင် ဖန်ဆင်းလာခဲ့သည်။ ကျန်းလော့ မန္တန်ပေါ်ကနေ မြေပြင်ထက် ခြေလှမ်းလိုက်ချိန်မှာ ရွှေရောင်စပါးအုံးမြွေကြီးက ရေထဲကနေ ထွက်လာပြီး သူ့ခန္ဓာကိုယ်မှာ ရစ်ပတ်လာခဲ့သည်။
စပါးအုံးမြွေကြီး၏ သွားများက ထက်ရှနေခဲ့ပြီး သူတို့ကို ဂါထာမန္တရားများဖြင့် ဖန်တီးထားခဲ့သော်လည်း တကယ့်အစစ်အတိုင်းပင် ခက်ထန်ကာ ဖိနှိပ်နိုင်စွမ်းရှိမည့်ပုံပင်။ ကျန်းလော့၏ ပါးစပ်ထောင့်များက ကော့တက်နေခဲ့ပြီး သူ၏အနက်ရောင်ဆံနွယ်တို့က ရေတစက်စက်ကျနေခဲ့ပြီး သူ့ပုံစံက စုတ်ချာချာဖြစ်နေသော်လည်း မာန်ပါလှသည်။
သူ ယင်ယန်လက်ကောက်ကို မဖွင့်ရသေးခင် အချိန်အထိ အသုဘပစ္စည်း အရောင်းဆိုင်ပိုင်ရှင်၏ စကားများကို ကျန်းလော့ အကုန်လုံးနီးပါး မယုံကြည်ခဲ့ပေ။ သူ ယင်ယန်လက်ကောက်၏ အချက်အလက်များကို ရှာဖွေခဲ့ပြီး ခွမ့်ကျိန်းကိုလည်း အကူအညီတောင်းခဲ့သည်။ သူ ရှာတွေ့ခဲ့သည့် အချက်အလက်များနှင့် ဆိုင်ရှင်ဖြစ်သူ ပြောခဲ့တာတွေကို ယှဉ်ကြည့်လိုက်ချိန်မှာ နှစ်ခုကြားတွင် ကွာဟချက် ကြီးကြီးမားမားကြီး မရှိတာကို တွေ့လိုက်ရသည်။
သို့သော် မနေ့ညက ပထမဆုံးအကြိမ်အဖြစ် ယင်ယန်လက်ကောက်ကို သူဖွင့်ဖို့ကြိုးစားခဲ့ချိန်မှာတော့ ဆိုင်ရှင်ဖြစ်သူ၏ စကားကို ကျန်းလော့ အမှန်တကယ်ပင် ယုံကြည်သွားခဲ့သည်။
ဘေးကင်းသော အနေအထား၏ သေရေးရှင်ရေး အခြေအနေကို ရောက်သွားချိန်မှာ သူ တိကျသော တစ်စုံတစ်ရာကို ခံစားလိုက်ရသည်၊ ထိုဟာကပင် “သေရေးရှင်ရေး အခြေအနေက ယင်ယန်လက်ကောက်ကို ပွင့်လာနိုင်စေသည်”ဆိုသည့် စကားက အမှန်တကယ်ဖြစ်ကြောင်း သက်သေပြနေခဲ့သည်။
သူ ဖွင့်လို့ရနိုင်သရွေ့ ကျန်းလော့ဆက်ပြီး ကြိုးစားနေဦးမှာပင်။
ကံကောင်းထောက်မစွာဖြင့် သူ အောင်မြင်ခဲ့သည်။
သူ့နှလုံးသားထဲမှာ ထိန်းချုပ်ထားခဲ့ရသော ဒေါသအကုန်လုံးကို ကျန်းလော့ နောက်ဆုံးမှာ အကုန်လွှတ်ထုတ်ပစ်လိုက်သည်။ သူ ယင်ယန်လက်ကောက်ကို ညင်ညင်သာသာလေး လှုပ်ယမ်းလိုက်သည်။ ယင်ယန်လက်ကောက်က သူ့အရေပြားကို ထိလာခဲ့သည်။ ကျန်းလော့ ပြုံးလိုက်ပြီး ပြောလာခဲ့သည်။
“သူက မင်းနေရာရွှေ့လိုက်တဲ့ အချိန်မှာ မင်းဘယ်နေရာမှာ ရှိလဲဆိုတာ ပြောနိုင်တယ်”
ရွေရောင်မန္တန်များနှင့် ဖန်ဆင်းထားခဲ့သော စပါးအုံမြွေကြီးက မြောက်အရပ်ကို ကြည့်လာခဲ့သည်။
“ကောင်းတာနဲ့ဆိုးတာကို ခွဲခြားသိဖို့ နှစ်ကြိမ်မြောက်လှုပ်တယ်” မကောင်းဆိုးဝါးရှိရာဆီ ကျန်းလော့ ခြေလှမ်းဦးတည်လိုက်ပြီး သူ့ညာလက်ကို လမ်းလျှောက်နေစဉ် ယမ်းခါလိုက်သည်။ ယင်ယန်လက်ကောက်က နောက်တစ်ကြိမ် ထပ်လှုပ်သွားပြန်သည်။
“ သုံးကြိမ်မြောက်လှုပ်တယ်” ကျန်းလော့ ပြုံးလိုက်ပြီး ကြင်နာစွာမေးလိုက်သည်။ “မင်းဘယ်လိုပုံစံနဲ့သေချင်လဲ … ချီယုံ”
သုံးကြိမ်မြောက်လှုပ်ခတ်ခြင်းက ယင်နှင့်ယန်ကို အဆုံးအဖြတ်ပေးသည်။
စပါးအုံးမြွေကြီး၏ ဒေါင်လိုက်ဖြစ်နေသော သူငယ်အိမ်တွေက ဤနေရာမှာရှိနေခဲ့သည့် တစ်ကောင်တည်းသော မကောင်းဆိုးဝါးကို ကြည့်လာခဲ့သည်၊ သူ၏သွေးချင်းချင်းနီနေသော ပါးစပ်ကြီးကို ဟကာ ရှည်လျားပြီး သေးသွယ်သောလျှာဖြင့် ချွန်ထက်နေသောသွားကို လျက်လိုက်၏။
အထွတ်အမြတ်ထားသော ရောင်ခြည်များ ထုတ်လွှတ်ပေးနေခဲ့သည့် စပါးအုံးမြွေကြီးက လူငယ်လေးကို ရစ်ပတ်ထားခဲ့သည်။ အနက်ရောင်ဆံနွယ်နှင့်လူငယ်လေးက သူ့လက်ကိုမြှောက်၍ မြွေကြီး၏ခေါင်းကို ပွတ်သပ်ပေးရင်း မကောင်းဆိုးဝါးကို ပြုံးလျက် ကြည့်နေခဲ့သည်။
ယင်ယန်လက်ကောက်ပေါ်မှာ ဆယ့်သုံးခုသော ရွှေရောင်မန္တန်တွေကို ထွင်းထုထားခဲ့ပြီး ထိုထဲက ဆယ့်နှစ်ခုက တိကျီလက်တက် ဆယ့်နှစ်တက်နှင့် ကိုက်ညီသည့် ဆယ့်နှစ်ကောင်သော ရာသီခွင်အကောင်တို့နှင့် ဆက်နွယ်နေခဲ့သည်။ ကျန်းလော့က အလွန်ပင်ပါရမီပါပြီး ယင်ယန်လက်ကောက်နှင့် တော်တော်ကို သဟဇာတဖြစ်သည်။ သူ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရွှေရောင်မန္တန်တွေကို မြွေအဖြစ် ဖန်ဆင်းစေခဲ့သည်။
ထိုမြင်ကွင်းကို မကောင်းဆိုးဝါးမြင်ချိန်မှာ သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ ချွေးပေါက်များကအစ ပျော်ရွှင်ဝမ်းမြောက်မှုကြောင့် ပွက်ပွက်ညံလာခဲ့သည်။ သူ ခပ်တိုးတိုးလေး ရယ်လိုက်ရင်း လရောင်က သူ့ပတ်ပတ်လည်ကို ရှောင်ဖယ်သွားကာ အနက်ရောင်မြူထုကြီး လေထဲမှာ ပျံ့နှံ့လာခဲ့သည်။
“ မင်းက ငါ့ကိုဘယ်လိုသေစေချင်တာလဲ” မကောင်းဆိုးဝါးက စိတ်ဝင်တစား မေးလိုက်သည်။
ကျန်းလော့ စပါးအုံးမြွေကြီး၏ခေါင်းကို တိုက်ရိုက် ပုတ်ပေးလိုက်သည်။
မန္တန်တွေဖြင့် ဖန်ဆင်းထားသော စပါးအုံးမြွေကြီးက လေထဲကို ပျံတက်သွားခဲ့ပြီးနောက် မကောင်းဆိုးဝါးဆီကို ဦးတည်ပြီး ကြမ်းကြုတ်စွာဖြင့် တစ်ဟုန်ထိုးတိုက်ခိုက်လာခဲ့သည်။ ကျန်းလော့ အေးအေးဆေးဆေးပင် ပြောလိုက်သည်။ “ကျွန်တော်က ဆရာဖြစ်သူကို ရိုသေလေးစားတဲ့ ကျောင်းသားတစ်ယောက်လေ။ လိမ္မာတဲ့ကျောင်းသားတစ်ယောက်အနေနဲ့ ဆရာဘက်ကို သေချာပေါက် ညှာတာထောက်ထား ပေးရမှာပေါ့။ ဆရာ့ကို ပျော်ပျော်ကြီး သေခိုင်းလိုက်ရင်ရော ဘယ်လိုလဲ”
သူ ဟက်ဟက်ပက်ပက် ရယ်လိုက်၏။ “ဒီလိုပုံစံနဲ့သေရတာကိုရော သဘောကျရဲ့လား …ဆရာ”
စပါးအုံးမြွေကြီးက အနောက်ကနေ လိုက်ခြင်းကို ခံနေရသော မကောင်းဆိုးဝါးက လှောင်ရယ်ရယ်လိုက်ပြီး “နားထောင်ရတာတော့ မဆိုးဘူးလားလို့”
တဒင်္ဂလောက်ကြာသွားပြီးနောက် ယင်ယန်လက်ကောက်၏ မန္တန်ကြောင့် မကောင်းဆိုးဝါး၏အခြေအနေက အနည်းငယ် ဆိုးလာခဲ့သည်။ စပါးအုံးမြွေက သူ့ကို နောက်တစ်ကြိမ် ထပ်ပြီး တိုက်ခိုက်လာချိန်မှာ ချီယုံ ရုတ်တရက်ဆိုသလိုပဲ ကျန်းလော့ အရှေ့ကို လွှားခနဲပြေးသွားလိုက်သည်။ သူ ကျန်းလော့ကို ပြုံးပြလိုက်ပြီး လက်ကိုဆန့်ကာ ကျန်းလော့၏ဆံပင်ထဲကနေ လျောဆင်းသွားလိုက်သည်။
“မင်းကတော့ တကယ်ကို တစ်မူထူးခြားတဲ့သူပဲ”
မကောင်းဆိုးဝါးက သဘောကျမိလုနီးပါး ပြောလာခဲ့သည်။
“ မင်းက တကယ်ကို အံ့ဩဖို့ကောင်းတယ်”
“ အဲလိုလား” ကျန်းလော့ အေးစက်စက်ဖြင့် ရယ်လိုက်ပြီး သူ့လက်ကို မြှောက်လိုက်သည်။ လျှို့ဝှက်မန္တန်၏ ရွှေရောင်စာသားက သူ့လက်ထဲကို ချက်ချင်းဆိုသလို ရောက်သွားခဲ့ပြီး ဓားမြှောင်တစ်ချောင်းအဖြစ် အသွင်ပြောင်းသွားခဲ့သည်။ “ငါက ပိုပြီးတော့တောင် လုပ်ပြနိုင်သေးတယ် … မင်း စမ်းကြည့်ချင်လား”
ဓားမြှောင်ကို ကိုင်ထားသောလက်က ထိုးသွင်းဖို့ကြံလိုက်သော်လည်း မကောင်းဆိုးဝါး၏ ကြားဖြတ်တိုက်ခြင်းကို ခံလိုက်ရသည်။ မကောင်းဆိုးဝါးက အပြုံးနှင့်ပြောလာခဲ့သည်။ “ဒါကတော့ နည်းနည်းအန္တရာယ်များသလားလို့”
ကျန်းလော့က ခေါင်းမော့လိုက်ပြီး မကောင်းဆိုးဝါးကို ပြုံးပြကာ ရုတ်ခြည်းဆိုသလို ဓားကိုပြန်ဆွဲထုတ်လိုက်သည်။ ရွှေရောင်မန္တန်က သူ့လက်ထဲမှာ ကြာပွတ်တစ်ချောင်းအဖြစ် အသွင်ပြောင်းသွားခဲ့ပြီး မကောင်းဆိုးဝါး အမှတ်တမဲ့ ဖြစ်သွားချိန်မှာ သူ့ကို ပြင်းပြင်းထန်ထန် ရိုက်နှက်ပစ်လိုက်သည်။
မီးကျွမ်းသည့်အသံတစ်သံကို ကြားလိုက်ရပြီး ကြာပွတ်ကျသွားခဲ့သော နေရာက မီးထတောက်လာကာ အဖြူရောင် မီးခိုးငွေ့တွေ ထွက်လာခဲ့၏။ကြာပွတ်၏အဖျားနှင့် ရိုက်ခံလိုက်ရသော မကောင်းဆိုးဝါး၏ ဘယ်ဘက်ပါးပြင်ထက်မှာ လက်မအရွယ်လောက် အမှတ်ကြီး ကျန်ရစ်ခဲ့သည်။
အဖြုရောင်မီးခိုးငွေ့တို့က ကြာပွတ်၏အဖျားကနေ ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့ပြီး မကောင်းဆိုးဝါး၏ ချောမောခန့်ညားသောမျက်နှာကို လွှမ်းခြုံသွားခဲ့သည်၊ အနီရောင်အမှတ်က သရဲတစ်ကောင်ကဲ့သို့မကောင်းဆိုးဝါးဆီကို ပိုပြီးတော့ မကောင်းဆိုးဝါးဆန်သည့် အရိပ်အယောင် အနည်းငယ်ကို ပေါင်းထည့်ပေးလာသလိုပင်။
ချီယုံ သူ့လက်ကိုမြှောက်လိုက်ပြီး သူ့မျက်နှာဘေးဖက်ရှိ ဒဏ်ရာကို လက်ဖြင့် အယာအယာထိကာ ကျန်းလော့ကို ကြည့်လိုက်၏။
ကျန်းလော့ တွန့်ဆုတ်သွားခြင်းမရှိဘဲ ဆွတောင်ပေးလိုက်သေးသည်။ “ဆရာ… ဒီလောက်ဆို လုံလောက်ပြီလား”
ချီယုံ ဖြည်းဖြည်းချင်း ပြုံးလိုက်၏။ “လုံလောက်ပါပြီ”
သူ အသံကိုနိမ့်၍ ပြောလိုက်သည်။ “မင်းက မင်းရဲ့ဆရာဖြစ်သူကို အခုလို အံဩဖို့ကောင်းတဲ့ လက်ဆောင်မျိုး ပေးလာခဲ့တာဆိုတော့ … ဆရာကလည်း မင်းကို တစ်ပုံစံတည်းပြန်ပေးရမှာပေါ့”
သူ ကျန်းလော့၏ဆံနွယ်ကို ရစ်ပတ်လိုက်ပြီး အဓိပ္ပာယ်ပါပါပြုံးကာ သူ့အနောက်မှာရှိနေသော မြွေကြီးက နောက်ထပ်တိုက်ခိုက်မလာခင်မှာ လေထဲမှာ ပျောက်ကွယ်သွားခဲ့သည်။
လေထုက တိတ်ဆိတ်နေခဲ့ပြီး ရွှေရောင်စပါးအုံးမြွေကြီးက ဟိုဟိုဒီဒီ လိုက်ပတ်ကြည့်ပြီးနောက် မန္တန်စာသားအဖြစ် အသွင်ပြန်ပြောင်းကာ ယင်ယန်လက်ကောက်ထဲကို ပြန်ဝင်သွားခဲ့သည်။ ချီယုံ လုံးလုံးမရှိတော့ဘူးဆိုတာကို မန္တာန်၏ တုံ့ပြန်ပုံကနေ ကျန်းလော့ သဘောပေါက်လိုက်သည်။
သူ့လက်ထဲက ကြာပွတ်ကို လွှတ်လိုက်ပြီး မန္တာန်ကို သူ့နေရာသူပြန်သွားစေလိုက်သည်၊ သူ့အပြုံးကတော့ ပျောက်ကွယ်သွားခြင်းမရှိပေ။
သည်လိုမျိုး ဖရိုဖရဲဖြစ်နေသည့် အခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့နေရတာတောင်မှပဲ ကျန်းလော့ အပြုံးကို မရပ်တန့်ခဲ့ပေ။
ရဲကားက မကြာခင်မှာပဲ အခင်းနေရာကို ရောက်လာခဲ့ပြီး ကျန်းလော့၏အဖော်များပါ ပါလာခဲ့၏။ လုယုံရိနှင့် တခြားသူများက သူအချစ်ကြောင့် နောက်တစ်ခါထပ်သေဖို့ ကြိုးစားနေပြန်ပြီဆိုပြီး ထပ်ပြီးတော့ အထင်လွဲမှာကိုစိုး၍ ကျန်းလော့ အရင်လက်ဦးမှုရယူပြီး ပြောလိုက်သည်။
“ ယင်ယန်လက်ကောက် ပွင့်သွားပြီ”
သူ့အဖော်များအား ယင်ယန်လက်ကောက်၏ ယေဘုယျ လုပ်ဆောင်ချက်ကို ကျန်းလော့ ပြောပြလိုက်ပြီး သူ့ခေါင်းထဲမှာတော့ တခြားအရာတစ်ခုကို တွေးတောနေမိ၏။
ယင်ယန်လက်ကောက်မှာ နောက်ဆုံးသော လုပ်ဆောင်ချက်တစ်ခု ကျန်သေးသည်။
တိကျီဆယ့်နှစ်တက်ကနေ အသွင်ပြောင်းနိုင်သော ရာသီခွင်အကောင်ဆယ့်နှစ်ကောင်၏ မန္တန်များအပြင်ကို ဆယ့်သုံးခုမြောက်သော မန္တန်တစ်ခု ယင်ယန်လက်ကောက်မှာ ကျန်နေသေးသည်။
ဆယ့်သုံးခုမြောက်သော မန္တန်ကို ဆင့်ခေါ်ဖို့ရာအတွက် ဝိညာဉ်လှုပ်ရှားမှုလေးသွယ်ကို လိုအပ်သည်။
လှုပ်ရှားမှုလေးသွယ် လုပ်ပြီးသွားချိန်မှာ ဆယ့်သုံးခုမြောက်သောမန္တန်က လောကကြီးမှာ အင်အားအကြီးဆုံးသော မကောင်းဆိုးဝါးကို ကျန်းလော့ကို ကူညီပေးဖို့ရာအတွက် ဆင့်ခေါ်ပေးလိုက်မည်။ သို့သော် ထိုမကောင်းဆိုးဝါးက ယင်ယန်လက်ကောက်ထဲမှာ မပါဝင်တာကြောင့် မကောင်းဆိုးဝါး၏ အကူအညီကိုရချင်လျှင် တန်ကြေးတစ်ခုကိုတော့ ပြန်ပေးဆပ်ရမှာဖြစ်သည်။
သို့သော် ဘာကိုပေးဆပ်ရမလဲဆိုတာကတော့ မကောင်းဆိုးဝါးပေါ်မှာ မူတည်သည်။
ထိုမန္တန်က တော်တော်လေးကို မလုံခြုံသလို လောကကြီးမှာ အင်အားအကြီးဆုံးသော မကောင်းဆိုးဝါးဟူသည့် ဂုဏ်သတင်းကလည်း တော်တော်လေးကို အန္တရာယ်များလွန်းသည်။ အလွန်အန္တရာယ်များလွန်းသော မကောင်းဆိုးဝါးကိုသာ ဆင့်ခေါ်မိခဲ့လျှင် ကျန်းလော့က မြွေပါလည်းဆုံး သားလည်းဆုံး ဖြစ်သွားနိုင်သည်။ ဆယ့်သုံးခုမြောက်သောမန္တန်ကို မလိုအပ်သရွေ့ ကျန်းလော့ သုံးဖြစ်မည်မဟုတ်ပေ။
သူ့အဖော်များက သူပြောလိုက်တဲ့စကားကြောင့် အာရုံပြောင်းသွားကြပြီး ယင်ယန်လက်ကောက် ပွင့်လာသည့်ဖြစ်စဉ်ကို အသေးစိတ် မေးနေကြသည်။ သူတို့ အလင်းရောင်ထဲကို ရောက်သွားကြချိန်မှာ ခွမ့်ကျိန်းက ရုတ်တရက်ဆိုသလို တအံ့တဩဖြင့် ပြောလာခဲ့သည်။
“ ကျန်းလော့ … မင်းရဲ့ဆံပင်…”
ကျန်းလော့ ရပ်တန့်မိသွားပြီး ကား၏ ဘက်မှန်ဆီလျှောက်သွားကာ ငုံ့ကြည့်လိုက်သည်။
သူ့ပခုံးထက်ကျဆင်းနေသော အနက်ရောင်ဆံနွယ်များထဲမှာ နှင်းကဲ့သို့ ဖြူဆွတ်နေသည့် ဆံနွယ်တစ်ချောင်းက ရောယှက်နေခဲ့သည်၊ အဖြုနှင့်အနက် အရောင် သေချာဆိုးထားခဲ့သကဲ့သို့ပင်၊ သို့သော် ထိုပုံစံက သူ့ကို အေးတိအေးစက်ပုံ ပိုပေါက်စေသည်။
ကျန်းလော့ ဤဟာက ချီယုံ သူ့အတွက်ချန်ထားခဲ့သော ‘လက်ဆောင်’ ဖြစ်မှန်း ချက်ချင်းသဘောပေါက်သွားခဲ့သည်။
ထိုဆံမျှင်၏ အသက်စွမ်းအင်ကို ချီယုံက ယူသွားခဲ့ပြီဖြစ်၏။
----------