အခန်း ၃၀
တကယ်ကြီးကို မိုးပေါ်ကနေ ပိုင်မုန့်ပြုတ်ကျလာတာပါလား။
ထိုစကားတစ်ခွန်းနှင့်တင် ဖုန်းလီ၏ စကားတွေက အရမ်းပြင်းထန်နေစေကာမူ သူ့အပေါ် ကျန်းလော့၏ အကောင်းမြင်စိတ်က မိုးထိုးသွားခဲ့၏။
သူ့မျက်လုံးထောင့်ဆီက ကွေးညွတ်လာသော အပြုံးတွေကို သူ မနည်းဖုံးဖိလိုက်ပြီး မြင်သွားမှာစိုးသည့်အတွက် ခေါင်းကိုငုံ့ကာ မျက်နှာကိုကာလိုက်သည်။
ဖုန်းလီက ချီယုံ၏ဝိညာဉ်ကို ကွဲထွက်သွားအောင် လုပ်နိုင်မလုပ်နိုင် မသေချာသော်လည်း ချီယုံကို ဖုန်းလီရှေ့ထွက်လာအောင် ကျန်းလော့ စကားနှင့် မျှားခေါ်ရဦးမည်ပင်။
ချီယုံ၏ဝိညာဉ်ကို လွင့်ထွက်သွားအောင် လုပ်လိုက်သည့်သူက သူကိုယ်တိုင်ဖြစ်ချင်သော်ငြားလည်း ဖုန်းလီက သူ့ကို ‘အံ့ဩစရာလက်ဆောင်’လေး ပေးလာခဲ့မည်ဆိုလျှင်လည်း သူ ပျော်ပျော်ကြီး ကြိုဆိုလိုက်မှာဖြစ်သည်။
ဆံနွယ်ရှည်တွေက ကျန်းလော့၏မျက်နှာဘေးဘက်ကို ကာဆီးထားခဲ့သည်။ ကျန်းလော့၏ အမူအရာကို အနည်းငယ်မျှတောင် မမြင်ရအောင် ဖုန်းကွယ်ထားသည့်အတွက် ထိုဟာက ဖုန်းလီ၏မျက်လုံးထဲမှာတော့ စိတ်အားငယ်ပြီး ညှိုးနွမ်းနေသည့်ပုံပေါက်နေခဲ့သည်။
သို့သော် ကျန်းလော့ ဝမ်းနည်းနေရင်တောင်မှပဲ ဖုန်းလီ၏စိတ် အနည်းငယ်တောင် ပျော့သွားခြင်းမရှိပေ။ ဆန့်ကျင်ဘက်အနေနှင့် သူတို့မျိုးနွယ်စု၏ သည်လိုမျိုးပါရမီရှိသော တပည့်ကို စွဲလမ်းနေအောင်လုပ်ထားသည့် မကောင်းဆိုးဝါးဝိညာဉ်ကိုပဲ ဖုန်းလီ သတ်ပစ်ချင်လာမိသည်။
ဖုန်းလီ၏မျက်နှာက အမူအရာကင်းမဲ့နေခဲ့ပြီး သူ့၏လူသတ်ချင်စိတ်ကို လုံးလုံးဖုံးအုပ်ထားခဲ့၍ ထိုခံစားချက်ကို မည်သူမှ သတိမထားမိခဲ့ပေ။
ဟိုတယ်ကိုပြန်ရောက်ချိန်မှာ ကျန်းလော့ ကားထဲကနေ အရင်ဦးဆုံး ထွက်လိုက်သည်။
ကားပြတင်မှန်ကိုအောက်ချပြီး ဖုန်းလီ တည်တည်ငြိမ်ငြိမ်ပင် မေးလိုက်၏။ “မင်း ကျောင်းကို ဘယ်အချိန်ပြန်မှာလဲ”
ကျန်းလော့လည်း သေချာမသိတာကြောင့် မရေမရာပဲ ဖြေလိုက်သည်။ “ မနက်ဖြန်လောက် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”
ဖုန်းလီ ခေါင်းညိမ့်ပြလိုက်ပြီး အနက်ရောင်ဆံနွယ်နှင့်ကောင်လေးက သူ့ကို ခါးညွတ်နှုတ်ဆက်ကာ ဟိုတယ်ရှိရာဆီ ဖြည်းဖြည်းချင်းလျှောက်သွားတာကို ကြည့်နေမိသည်။
ဆံနွယ်အနက်နှင့်ကောင်လေးက အဆောက်အဦး၏ နံရံကြားမှာ ပေါက်ကွယ်သွားချိန်ရောက်မှသာ ဖုန်းလီ သူ့အကြည့်ကို ပြန်ရုတ်သိမ်းပြီး အနည်းငယ် အေးစက်သောလေသံဖြင့် မေးလိုက်သည်။
“ သူ့ရဲ့ ဆရာက ဘယ်သူလဲ”
ကားဒရိုင်ဘာက လေးစားစွာဖြင့် ပြန်ပြောလာခဲ့သည်။ “ ချန်ဖိပါ”
ချန်ဖိက ယခင်အရှင်သခင်ဟောင်း၏ လက်အောက်က တပည့်ဖြစ်၏။ ဖုန်းလီ၏ ကောင်းမွန်သောမှတ်ဉာဏ်များထဲမှာ ထိုသူ့အပေါ် ထင်မြင်ယူဆချက်အချို့ ရှိနေသော်လည်း ထိုဟာက ဖုန်းလီ၏ သဘောထားကို အနည်းငယ်မျှဝောာင် ပျော့ပြောင်းမသွားစေခဲ့ပေ။ သူ ရေခဲတမျှ အေးစက်သည့်လေသံဖြင့် ပြောလိုက်သည်။
“ မသုံးမကျလိုက်တာ”
ကားဒရိုင်ဘာက မော့ကြည့်မလာဘဲ ညိမ်ညိမ်သက်သက်သာ နားထောင်နေခဲ့သည်။
အခြေအနေက သိပ်မကောင်းတာကိုမြင်တော့ ကျန်သည့်တပည့်နှစ်ယောက်လည်း ဂရုတစိုက်နှင့် ထွက်သွားလိုက်ကြသည်။
ဖုန်းလီနှင့် ကားဒရိုင်ဘာနှစ်ဦးတည်းသာ ကားထဲမှာ ကျန်ရစ်ခဲ့သည်။
“ တပည့်လုပ်တဲ့သူမှာ ထူးခြားတဲ့ အရည်အချင်းတွေ ရှိနေတာကိုတောင် သတိမထားမိဘဲ … တက္ကသိုလ်ဆယ့်နှစ်ခုဆီ ပညာသွားသင်ဖို့ လွှတ်လိုက်သေးတယ်” ဖုန်းလီ သူ့မျက်လုံးတို့ကို ပင့်လိုက်ပြီး အနောက်ကြည့်မှန်ထဲမှာ သူ့မျက်လုံးတို့က ဓားသွားအလား ထင်ဟပ်နေခဲ့သည်။ “ သူ့လက်ထဲမှာ ရတနာတစ်ပါးရှိနေခဲ့တာတောင်မှပဲ အဲတာကို တံမြက်စည်းလို သဘောထားနေမှတော့ … ကျန်းလော့ကို ဖုန်းမိသားစုက ဘယ်လိုလုပ်ပြီး အသုံးချလို့ရတော့မှာလဲ”
တက္ကသိုလ်ဆယ့်နှစ်ခုထဲမှာ တက်ရောက်နေကြသော ကျောင်းကြီးခြောက်ကျောင်း၏ တိုက်ရိုက်တပည့် အရေအတွက်က အင်မတန်ကို နည်းပါးသည်။
လူသန်းနှင့်ချီမှာ တစ်ယောက်သာရှိနိုင်သော ပါရမီမျိုးပါလာသည့် တပည့်များကို ကျောင်းကြီးခြောက်ကျောင်းက သူတို့၏ အနိုင်ကတ်တွေအဖြစ် သေသေချာချာ ဝှက်ထားခဲ့ကြသည်။ ကျိုးကျုံးချိုး၏ အနေအထားမျိုးကတော့ ရှားပါးသည်၊ သူမက ပညာသွားသင်ရုံတင်မကပဲ ကျိုးမိသားစုအတွက် ပါရမီရှိသည့်သူတို့ကို စုဆောင်းဖို့ဆိုသည့် တာဝန်ကြီးကိုလည်း ထမ်းရွက်ထားရသေးသည်။
ကျန်းလော့၏ ပြိုင်ပွဲအတွင်း လုပ်ဆောင်ချက်တွေက ထူးချွန်ပြောင်မြောက်သည်။ ပထမအဆင့်မှာကတည်းက လူတော်တော်များက သူ့ကိုသတိထားမိသွားကြပြီဖြစ်သည်။ ဒုတိယအဆင့်ပြီးသွားပြီးနောက်မှာ ကျန်းလော့၏အရည်အချင်းကို ပိုပြီးတော့တောင် သတိထားမိလာကြလိမ့်ဦးမည်။
ကျန်းလော့က ဖုန်းမိသားစု၏ တပည့်ဟုသော ဂုဏ်သတင်းကို ထမ်းပိုးထားသော်ငြားလည်း ဖုန်းမိသားစုနှင့် သူ၏ဆက်ဆံရေးက မရင်းနှီးပေ။ တခြားမျိုးနွယ်စုတွေကသာ ကျန်းလော့ကို ကမ်းလှမ်းလာခဲ့ပါက ကျန်းလော့ စိတ်ပါမသွားနိုင်ဘူးဟု မပြောနိုင်ပေ။
ကားထဲမှာ အလွန်တိတ်ဆိတ်နေခဲ့ပြီး အပ်ကျသံလေးကိုတောင်မှ ကြားရလောက်သည်။ ဖုန်းလီ အသက်ကို ဖြည်းဖြည်းချင်း ရှုထုတ်လိုက်ပြီး ဘေးဘက်ကို အကြည့်တစ်ချက် ရောက်သွားစဥ်မှာ ခုံပေါ်မှာ တင်ကျန်ရစ်ခဲ့သော အနက်ရောင်ဆံနွယ်ရှည်တစ်ချောင်းကို တွေ့လိုက်ရသည်။
သူ လက်လှမ်းလိုက်ပြီး ထိုသေးသွယ်သွယ်ဆံနွယ်လေးကို လက်နှစ်ချောင်းဖြင့် ကောက်ယူလိုက်သည်။ ဖုန်းလီ သူ့လက်ကို ညင်ညင်သာသာ ယမ်းလိုက်စဉ်မှာ ထိုဆံနွယ်လေးက အသက်ဝင်လာခဲ့သည့်အလား သူ့လက်ချောင်းထဲကနေ ရုန်းထွက်ဖို့ အသည်းအသန် ကြိုးစားလာခဲ့၏။
စိတ်ကြီးတယ်၊ စိတ်ဓာတ်ခိုင်မာပြီးတော့ အနိုင်မခံ အရှုံးမပေးတဲ့ သဘာဝရှိတာပဲ။
ဖုန်းလီ သူ၏တခြားလက်တစ်ဖက်ကို မြှောက်လိုက်ပြီး ဆံပင်ကို ညင်ညင်သာသာလေး ကွေးချလိုက်သည်။
ပုရွက်ဆိတ်တစ်ကောင်ကို ဖိချေနိုင်ရုံကလွဲပြီး အားရှိပုံမရသည့် လက်ချောင်းလေးက ပေါင်ချိန်ထောင်တန်မျှ လေးလံနေသည့်အလား ဆံပင်ကို အောက်ခြေရောက်သည်အထိ ကွေးညွတ်သွားစေခဲ့သည်။
သို့သော် ဆံပင်လေးက အပြီးတိုင် ကွေးညွတ်သွားတော့မည့်ဆဲဆဲမှာပဲ “ဖြောက်”ခနဲမည်သံနှင့်အတူ ဆံပင်က နှစ်ပိုင်းကျိုးကျသွားခဲ့သည်။
ဖုန်းလီ သူ့ လက်ဖဝါးကို ပြန်ဖြေလျော့လိုက်ပြီး နှစ်ပိုင်းကျိုးသွားသော ဆံပင်ကိုကြည့်ရင်း အကြည့်တို့ နက်မှောင်သွားခဲ့သည်။
ကျောက်စိမ်းပြားကျိုးတာထက်စာရင် အုတ်ခဲကျိုးသွားတာက ပိုကောင်းပါတယ်လေ။
“ မင်း ပြန်ရောက်တဲ့အခါကျရင် ချန်ဖိကို ကျန်းလော့ကို ခေါ်လာပြီးတော့ ငါ့ဆီ လာတွေ့ဖို့ပြောလိုက်”
ဖုန်းလီ၏မျက်နှာက အမှောင်ရိပ်ထဲမှာ ကျနေခဲ့ပြီး သူ ညင်ညင်သာသာလေး ပြောလိုက်သည်။
“ ပြီးတော့ သူ့ကိုပြောလိုက် … ကျန်းလော့ကို ငါ့ရဲ့ ပထမဆုံးတပည့်အဖြစ်နဲ့ လက်ခံမယ်လို့”
ကျန်းလော့ ပြန်ရောက်သွားချိန်မှာ လုယုံရိက တီဗီဒရာမာ ကြည့်နေဆဲဖြစ်သည်။
သူ ကြက်ကြော်မှာစားထားခဲ့ပြီး ကြက်ပေါင်ကိုကိုက်ရင်းနှင့် ကျန်းလော့ကို ဗလုံးဗထွေး မေးလာခဲ့သည်။ “ မင်း အစောကြီး ပြန်လာတာလား”
ကျန်းလော့ သူ့ဆီလျှောက်သွားလိုက်ပြီး ကြက်သားတစ်တုံးကိုယူကာ ပါးစပ်ထဲ ကိုက်ဝါးနေရင်းမှ ထရယ်လိုက်မိသည်။
လုယုံရိ အံ့ဩမိသွားရင်း မေးလိုက်၏။
“ ဘာကောင်းတဲ့ကိစ္စများ ဖြစ်ခဲ့လို့လဲ”
“ ဘာမှမဟုတ်ပါဘူး” ကျန်းလော့ ရယ်ချင်တာကို ထိန်းချုပ်ကာ “ဘာကောင်းတာမှ မဖြစ်ခဲ့ပါဘူး”
လုယုံရိ ယုံကြည်သွားပြီး “ ရလဒ်တွေက ဒီနေ့ည ရှစ်နာရီထွက်မှာနော်”
ကျန်းလော့ “ ရလဒ်တွေ ထွက်လာပြီးရင် … ငါတို့ မနက်ဖြန်ကျ ယွင်နန်ကနေ ပြန်လို့ရပြီလား”
လုယုံရိ “ ရပြီ … ဆရာဝမ်က မနက်ဖြန်အတွက် လေယာဉ်လက်မှတ်တောင် ကြိုတင်မှားထားပြီးပြီ။ ဒုတိယအဆင့်ရဲ့ ပထမဆုံးသုံးယောက်ကလည်း ငါတို့ဖြစ်ဖို့ များတယ်လို့ပြောတယ် … ဒါကြောင့်မို့ ငါတို့တွေကို သူများတွေ ဝိုင်းဆွဲတာမခံရခင် မြန်မြန် ပြန်ပြေးကြရမှာ”
ကျန်းလော့ “…… ဆရာက တော်တော်လေးကို တွေးပေးတတ်တာပဲ”
လုယုံရိ သူ့တက်ဘလက်ကို အားတက်သရော ထုတ်လာပြီး “ငါတို့ ပြိုင်ပွဲရဲ့ ဗီဒီယိုတွေကို ငါ ကြည့်ချင်နေတာ … တစ်ယောက်တည်းကျ မကြည့်ရဲလို့။ ကျန်းလော့ မင်း ငါနဲ့အတူ ကြည့်ပေးပါလား”
ကျန်းလော့လည်း အနည်းငယ် စိတ်ဝင်စားနေတာဖြစ်သည်။ သူ စားပွဲကိုရှင်းလိုက်ပြီး လက်ချောင်းကို ကွေး၍ လုယုံရိကို ခေါ်လိုက်သည်။ “လာခဲ့”
လုယုံရိ ဤနယ်ပယ်ထဲကလူတွေသာ ဝင်ခွင့်ရှိသော တရားဝင်ဝက်ဆိုဒ်ထဲကို အကောင့်ဝင်လိုက်သည်။ ပြိုင်ပွဲဝင် အယောက်130၏ တိုက်ရိုက်ထုတ်လွှင့်ခဲ့သော ဗီဒီယိုများက လူကြိုက်များသည့်အပေါ်လိုက်ပြီး အပေါ်ကနေအောက်ကို စီထားခဲ့သည်။ ပထမနေရာကတော့ ကျန်းလော့၏ဗီဒီယိုပင်။
လုယုံရိ ထိုဗီဒီယိုကိုနှိပ်လိုက်ပြီး ယောင်္ကျားလေးနှစ်ယောက် စိတ်ပါဝင်စားစွာနှင့် မမှိတ်မသုန် ကြည့်လိုက်ကြသည်။ သို့သော် အိပ်ရာထက်မှာအိပ်ပျော်နေသော ကျန်းလော့ကိုတွေ့ချိန်မှာ နှစ်ယောက်စလုံး အသက်ရှုအောင့်မိသွားခဲ့သည်။
ကျန်းလော့ အိပ်နေစဉ်မှာ သူ့အိပ်ရာထက်တွင် သွေးကွက်ကြီးတစ်ကွက်က ရုတ်တရက် ပေါ်လာခဲ့ပြီး သွေးများနှင့်ချင်းချင်းနီနေသော သရဲမတစ်ကောင်က သူ့အိပ်ရာဘေးနားတွင်ပေါ်လာကာ သူ့ကို ခြောက်ခြားဖို့ကောင်းအောင် ငုံ့ကြည့်နေခဲ့သည်။
ဝမ်ရှင်းဟွေ့က သူအိပ်ပျော်နေသည်ကို နှစ်ညဆက်တိုက် စိုက်ကြည့်နေခဲ့မှန်း ကျန်းလော့ ဘယ်တုန်းကမှ မသိခဲ့ပေ။ သည်တခဏမှာ ကျန်းလော့တောင်မှပဲ လည်ပင်းအနောက်တွေ အေးစက်လို့သွားခဲ့သည်။
ပြိုင်ပွဲဝင်တွေ၏ ဗီဒီယိုများက အများကြီးရှိတာကြောင့် သူတို့ အကုန်လုံးကို လိုက်မကြည့်နိုင်ပေ။ ထို့ကြောင့် သူတို့သိကြသောသူတွေ၏ ဗီဒီယိုများကိုသာ ရွေးကြည့်လိုက်သည်။ လုယုံရိ သူ့မေးစေ့ကိုပွတ်လိုက်ပြီး တခဏလောက် အတည်အတန့်တွေးကာ “ ဒီပုံစံအတိုင်းဆိုရင် … ကျန်းလော့ မင်းကပထမနေရာ ဖြစ်ဦးမှာပဲ”
ထိုသို့ပြောပြီးနောက် သူ ဇွဲနပဲကြီးစွာဖြင့် တောင်းဆိုလာခဲ့သည်။ “ငါ့ကို နောက်တစ်ဆင့်ဆီ ခေါ်သွားပေးပါ”
ကျန်းလော့ ပြုံးလိုက်မိပြီး “ မင်းရဲ့ လုပ်ဆောင်ပုံတွေကို အရင်ကြည့်တာပေါ့”
လုယုံရိ သူ့ပခုံးတွေကို ယဉ်ကျေးပျူငှာစွာ ကိုင်းညွတ်ပြလိုက်၏။
တိုက်ရိုက်ထုတ်လွှင့်သော ဗီဒီယိုက အဆုံးသတ်ကိုရောက်သွားခဲ့ပြီး ဖန်သားပြင်ထက်မှာ ကျောင်း၏အပြင်ဘက်မှာရှိနေသော ဝန်ထမ်းများနှင့် ရဲများကို ရိုက်ပြလာခဲ့သည်။ လူအုပ်ထဲမှာ ရင်းနှီးနေသော မျက်နှာတစ်ခုကို ကျန်းလော့ တွေ့လိုက်ရ၍ သူ ဗီဒီယိုကို နောက်ပြန်ရစ်ကာ ရပ်သည့်ခလုတ်ကို အချိန်မှီနှိပ်လိုက်သည်။
“လုယုံရိ” ကျန်းလော့ ဖန်သားပြင်ကို စိုက်ကြည့်ရင်း “ ဒီလူက အသုဘပစ္စည်း အရောင်းဆိုင်ရဲ့ ပိုင်ရှင်မလား”
လုယုံရိ ကြည့်လိုက်ပြီး “ သူပဲ… ငါ လွန်ခဲ့တဲ့နှစ်နာရီလောက်က မှာထားတာကို ထွက်ယူရင်းနဲ့ သူ့ကို တွေ့လိုက်တယ်”
ကျန်းလော့ မေးလိုက်၏။ “သူလည်း ဒီဟိုတယ်ထဲမှာ တည်းနေတာလား”
လိုချင်သောအဖြေကို ရပြီးနောက်မှာ ကျန်းလော့ ပြုံးလိုက်ပြီး ထရပ်ကာ “ငါသူ့နဲ့ သွားပြီး စကားပြောလိုက်ဦးမယ် … ရလဒ်တွေမကြေညာခင်မှာ ပြန်လာခဲ့မယ်”
လုယုံရိ မေးလိုက်၏။ “ မင်းတို့ ဘာအကြောင်း ပြောကြမလို့လဲ”
ကျန်းလော့ ယင်ယန်လက်ကောက်ကို ထိရင်း မချိုမချဉ် ပြုံးလိုက်သည်။ “သူ့ကို ပစ္စည်းအတုတွေ ရောင်းတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး ပြောမလို့”
ဤဟိုတယ်ကို ဖိတ်ကြားခံရသောသူများက နယ်နယ်ရရ ပုဂ္ဂိုလ်များ မဟုတ်ပေ။ အသုဘပစ္စည်း အရောင်းဆိုင်ပိုင်ရှင်က အတော်လေး ကွဲပြားခြားနားသော ပုံပန်းသွင်ပြင်ရှိ၍ လူတချို့ကို မေးကြည့်ပြီးနောက်မှာ ကျန်းလော့ သူ့အခန်းကို ရှာတွေ့ခဲ့သည်။
တံခါးဖွင့်လိုက်ချိန်မှာ ကျန်းလော့ကို တွေ့လိုက်ရ၍ အသုဘပစ္စည်း အရောင်းဆိုင်ပိုင်ရှင် အနည်းငယ် အံ့ဩသွားသည့်ပုံပင်။ “ မင်း ငါ့ကို ကိစ္စတစ်ခုခုရှိလို့ တွေ့ချင်နေတာလား”
ကျန်းလော့ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ ခင်ဗျားကို မေးခွန်းတစ်ခုလောက် မေးပါရစေ”
အသုဘပစ္စည်း အရောင်းဆိုင်ပိုင်ရှင်က သူ့ကို ခြေဆုံးခေါင်းဆုံး ကြည့်လာပြီးမှ တံခါးကို လှပ်ပေးလာခဲ့သည်။ “ ဝင်ခဲ့ပါ”
ဆိုင်ရှင်က အခန်းမီးတွေကို ထွန်းမထားခဲ့ပဲ အနေအထားကို ပိုကောင်းလာစေရန် ဝင်ပေါက်မှာရှိသော မီးအချို့ကိုသာ ထွန်းထားခဲ့သည်။ ကျန်းလော့ ဝင်သွားလိုက်ပြီး စားပွဲခုံရှိရာဆီသွားကာ ထိုင်ချလိုက်သည်။ ဆိုင်ရှင်ကတော့ ဝရံတာနားမှာရှိသော လှုပ်ကုလားထိုင်ပေါ်မှာ ပျင်းတိပျင်းရွှဲ့နှင့် ထိုင်ချလိုက်ပြီး အခုပဲ သေတော့မည့်လေသံဖြင့် ပြောလာခဲ့သည်။
“ ပြောပါ … မင်း ဘာကို မေးချင်လို့လဲ”
“ သူဌေး … ယင်ယန်လက်ကောက်ကို ဘယ်လိုသုံးရတာလဲ” ကျန်းလော့ ပြောလိုက်သည်။
“ ဝေ့ဝိုက်မနေပဲပြောပါ”
ဆိုင်ရှင်က မျက်လုံးတစ်ဖက်ကို ဖွင့်ကြည့်လာ၏။ “ယင်ယန်လက်ကောက်က နာမည်အတိုင်းပဲ ယင်နဲ့ယန်ရဲ့ကြားက ဆုံချက်နေရာမှာရှိတာ”
သူ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ မင်းက ယင်ယန်လက်ကောက်ကို ဘာလို့ ရှာတွေ့ခဲ့လဲဆိုတာ သိလား”
ကျန်းလော့ ပြန်ဖြေလိုက်၏။ “ကျွန်တော်က မျက်စိကောင်းလို့ မဟုတ်ဘူးလား”
ဆိုင်ရှင်က ပြန်ပြောလာခဲ့သည်။ “မင်းက ကံကောင်းလို့လေ”
ကံဆိုးသည့်ဖြစ်ရပ်တွေနှင့် ဆက်တိုက်ဆိုသလို ကြုံနေရသော ကျန်းလော့တစ်ယောက် ရယ်ရတော့မလို ငိုပဲချရတော့မလို ဖြစ်သွားမိသည်။
“ ကျွန်တော်က ကံကောင်းလို့တဲ့လား”
“ ဒီကံကောင်းမှုက ပုံမှန်ကံကောင်းမှုနဲ့ မတူဘူး” ဆိုင်ရှင်က ပြောလာခဲ့၏။
“ ငါပြောနေတဲ့ ကံကောင်းမှုက ယင်ဓာတ်နဲ့ဆက်စပ်လာတဲ့ ကိစ္စတွေမှာ မင်းရဲ့ကံကောင်းမှုကိုပြောတာ”
“ ယင်ယန်လက်ကောက်ကို ဖွက်ထားခဲ့ရင် ဘယ်သူမှ အဲတာကို မမြင်ရဘူး။ အခုမင်းက လက်ပေါ်မှာ ဝတ်ထားတာကြောင့် မင်းကိုယ်ပေါ်မှာရှိတဲ့ ယန်ဓာတ်က လွှမ်းခြုံသွားပြီးတော့ ယန်ဓာတ်ရှိတဲ့သူတွေ မြင်နိုင်လာတာပဲ”
ကျန်းလော့ မျက်မှောင်ကြုတ်လိုက်၏။ “အဲလိုဆိုရင် ကျွန်တော်ကျတော့ ဘာလို့မြင်ရတာလဲ”
ဆိုင်ရှင်က သူ့ကို လေးလေးနက်နက် စိုက်ကြည့်လာပြီး “ ဘာလို့လဲဆိုတော့ မင်းမှာ ထူးခြားတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ ရှိလို့လေ”
ကျန်းလော့ မျက်ခုံးတစ်ဖက် ပင့်လိုက်၏။ “ ဟမ်”
“ ခန္ဓာကိုယ်က သေသူရဲ့ ယင်ဓာတ်နဲ့ ဝိညာဉ်က အသက်ရှိနေတဲ့ ယန်ဓာတ်၊ ယင်နဲ့ယန်နှစ်ခု ရောယှက်နေတဲ့ တည်ဆောက်ပုံမျိုးက အရမ်းရှားတယ်” ဆိုင်ရှင်က ဆက်ပြောလာခဲ့၏။ “ မင်းက ယင်ယန်လက်ကောက်ရဲ့ ဂုဏ်သတိတွေနဲ့ ကိုက်ညီနေတာကြောင့် … မင်း ဒီလက်ကောက်ကို မြင်နိုင်ခဲ့တာပဲ”
ကျန်းလော့၏နှလုံးက တစ်ချက်ခုန်သွားခဲ့သည် သို့သော် သူ့ မျက်နှာအမူအရာကတော့ ပြောင်းလဲသွားခြင်းမရှိဘဲ သူ ပြောလိုက်သည်။ “ သေဆုံးပြီးသား ခန္ဓာကိုယ်နဲ့ အသက်ရှင်နေတဲ့ ယန်ဝိညာဉ်ကို ပိုင်ဆိုင်ထားတယ်ဆိုတာ ဘာကိုပြောချင်တာလဲ”
ဆိုင်ရှင်ဖြစ်သူ သမ်းလိုက်ပြီး “အဲ့စကား အတိုင်းပဲလေ … မင်းမှာ ထူးချွန်ပြောင်မြောက်တဲ့ ပါရမီရှိပြီးတော့ အလားအလာကောင်းတဲ့ အနာဂတ်ကို ပိုင်ဆိုင်ထားတဲ့ သဘောပဲ”
ကျန်းလော့၏ နှလုံးခုန်သံ အနည်းငယ် မြန်လာခဲ့ပြီး သူ မဝံ့မရဲမေးလိုက်မိ၏။ “ဒီလို ခန္ဓာကိုယ်ဖွဲ့စည်းပုံမျိုးက အန္တရာယ်ရှိနိုင်လား”
“ ဘယ်နေရာက အန္တရာယ်ရှိရမှာလဲ” ဆိုင်ရှင်က ပြောလာခဲ့၏။ “ မင်းရဲ့ ဝိညာ်က မင်းရဲ့ခန္ဓာကိုယ်နဲ့ တစ်သားတည်းကျပြီး ယင်နဲ့ယန်ရဲ့ ပေါင်းစည်းမှုကလည်း အနေတော်ပဲ။ တစ်ခြားသူတွေမှာ အသက်တစ်ခုတည်း ရှိသလို မင်းမှာလည်း အသက်တစ်ခုတည်း ရှိတာပဲ … မင်းသာ ဘယ်ပြဿနာနဲ့မှ မကြုံသရွေ့ … ဘယ်လိုလုပ်ပြီးတော့ အန္တရယ်ကြုံနိုင်မှာလဲ”
ကြည့်ရတာ သူ့ဝိညာဉ်က အပြင်လူဖြစ်နေတာကို ဆိုင်ရှင်ဖြစ်သူ မသိသည့်ပုံပေါက်သည်။
ကျန်းလော့ စိတ်ကို ပြန်လျော့လိုက်ပြီး မူလမေးခွန်းကို ပြန်မေးလိုက်သည်။ “အဲလိုဆိုရင် ယင်ယန်လက်ကောက်ကို ဘယ်လိုဖွင့်ရမှာလဲ”
ဆိုင်ရှင်က လက်နှစ်ချောင်းထောင်ပြလာခဲ့၏။ “နည်းလမ်းနှစ်လမ်းရှိတယ် … တစ်နည်းက မင်းရဲ့အကြီးအကဲတွေကို မှော်စွမ်းအင်သုံးပြီးတော့ ယင်ယန်လက်ကောက်ကို ဖွင့်ခိုင်းဖို့ပဲ။ ဒီနည်းလမ်းက လုံခြုံပြီးတော့ စိတ်ချရတယ် ဒါပေမဲ့ ယင်ယန်လက်ကောက်ကို အကာအကွယ်ပေးတဲ့ မှော်လက်နက် အနေနဲ့ပဲ အသုံးချလို့ရမယ်။ နတ်ဆိုးတွေကို သုတ်သင်ပြီးတော့ မကောင်းဆိုးဝါးတွေကို နှိမ်နှင်းတာလောက်ပဲ အများဆုံး ထပ်လုပ်လို့ရမယ်”
“ နောက်တစ်နည်းကတော့” ကျန်းလော့ကို ဆိုင်ရှင်ဖြစ်သူ အဓိပ္ပာယ်ပါပါ ကြည့်လာခဲ့သည်။ “မင်းကိုယ်တိုင် သေရေးရှင်ရေး အခြေအနေနဲ့ ကြုံလာရတဲ့အခါမှာ အဲဒီ့အခွင့်အရေးကို ယင်ယန်လက်ကောက် ပွင့်လာဖို့အတွက် လှုံ့ဆော်ပေးဖို့ အသုံးချလို့ရတယ်”
“ အဲလိုဖွင့်လို့ရလာတဲ့ ယင်ယန်လက်ကောက်က ဘယ်လိုပုံစဲရှိလဲတော့ ငါလည်း သေချာမသိဘူး” ဆိုင်ရှင်က တိုးတိုးလေး ပြောလာခဲ့၏။ “ ဒါပေမဲ့ သူ့ကိုသာ အောင်အောင်မြင်မြင် ဖွင့်နိုင်ခဲ့ရင် လုံးဝအမိုက်စားဖြစ်မှာတော့ သေချာတယ်”
သေချာဂရုတစိုက် မလုပ်မိပါက ယင်ယန်လက်ကောက် ပွင့်မလာခင်မှာတင် လူသေသွားနိုင်၏။
ကျန်းလော့ တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်သည်။ “ ဒါတွေကို ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
သူ ပြန်ခွင့်တောင်းလိုက်ပြီး သူ့အခန်းကို ပြန်လာလိုက်သည်။ ထို့နောက် လုယုံရိ ကြည့်မနေသည့်အချိန်မှာ ရေချိုးခန်းထဲကို ဝင်လိုက်ပြီး တံခါးလော့ချလိုက်သည်။
သူ မှန်ထဲကိုကြည့်ကာ ဆိုင်ရှင်ဖြစ်သူ၏ စကားတွေကို ပြန်စဉ်းစားလိုက်သည်။
အန္တရာယ်ကင်းတာနဲ့ ပိုပြီးအင်အားကြီးလာတဲ့အထဲမှာ တစ်ခုခုကို ရွေးချယ်ဖို့ လိုသေးလို့လား။ ကျန်းလော့ကတော့ သေချာပေါက် နောက်ကတစ်ခုကို ရွေးမှာပင်။
သေရေးရှင်ရေးအခြေအနေတွေကို ကျန်းလော့ အကြိမ်ပေါင်းများစွာ ကြုံခဲ့ရပြီးပြီဖြစ်သည်၊ သူ ကြောက်နေဦးမယ်ထင်လား။
သူ နှိုးစက်ပေးသည့်နာရီကို သင့်တင့်သည့်အချိန် ပေးထားလိုက်ပြီး အခန်းပတ်ပတ်လည်ကို အဆောင်တွေ လိုက်ကပ်ထားလိုက်သည်၊ မကောင်းဆိုးဝါးက သူ မမျှော်လင့်ထားသည့် အချိန်မှာ တိုက်ခိုက်မလာအောင်လို့ပင်။ သူ ရေပိုက်ခေါင်းကို လှည့်လိုက်ပြီး ရေချိုးကန်ကို ရေဖြည့်လိုက်သည်။
ရေချိုးကန်ကို ရေဖြည့်နေစဉ် သူ မျက်နှာသစ်ကန်ထဲမှာလည်း ရေဖြည့်လိုက်ပြီး သူ့ဖုန်း၏နှိုးစက်နာရီကို ဖွင့်ကာ မျက်နှာသစ်ကန်ထဲကို မျက်နှာနှစ်လိုက်သည်။
ကြည်လင်နေသောရေတွေက သူ့နှာခေါင်းထိပ်နှင့် နားရွက်ပေါ်တို့ကို ကျော်သွားခဲ့သည်။ ကျန်းလော့ မျက်လုံးတွေကို မှိတ်လိုက်ပြီး ထို့နောက် ရုတ်တရက်ဆိုသလို သူ့ခေါင်းကိုမော့ကာ အသက်ပြင်းပြင်းရှုလိုက်သည်။
သူ့ဖုန်းကို ကြည့်လိုက်ချိန်မှာ သူ အသက်ရှုအောင့်တာ တစ်မိနစ်နှင့်တစ်ဝက်ရှိပြီဖြစ်ကြောင်း ပြနေခဲ့သည်။
ကျန်းလော့ သူအသက်ရှုအောင့်နိုင်သည့် အချိန်ကိုလိုက်ပြီး သည်တစ်ကြိမ်မှာတော့ အလန်းကို နှစ်မိနစ်ထားလိုက်၏။ ထို့နောက် ရေအေးထဲမှာ လှဲချလိုက်သည်။
ကျန်းလော့ ရေထဲမှာ သူ့ဆံပင်တို့က သရဲတစ်ကောင်ကဲ့သို့ လွင့်မျောနေတာကို ကြည့်လိုက်ပြီး မျက်လုံးကို မှိတ်လိုက်သည်။ သူ့ရဲ့ စိတ်အခြေအနေက အံ့ဩဖို့ကောင်းလောက်အောင်ပင် တည်ငြိမ်နေခဲ့ပြီး မသိသာသော ရူးသွပ်မှုအနည်းငယ်လည်း ပါဝင်နေခဲ့သည်။
ဖုန်းမှာမှတ်ထားသော နှစ်မိနစ်အချိန်ရေတွက်မှုက စတင်ပြီဖြစ်သည်။