အခန်း ၂၈
ဘယ်လိုတောင် ပေါက်ကရေတွေ ပြောနေတာလဲ။
ကျန်တပည့်နှစ်ယောက် သူ့ကို ဆွံ့အစွာဖြင့် ကြည့်မိလိုက်သည်။
ဒီအိမ်မှာ မကောင်းတာတွေသာ ဖြစ်မနေခဲ့ရင် သူတို့က ဒီကို ဘာလာလုပ်ရမှာလဲ။
သို့သော် ဖုန်းလီက အမူအရာတစ်ချက် မပြောင်းဘဲ ခေါင်းညိတ် လာခဲ့၏။
“မင်း မှန်တယ်”
သူ ကျန်းလော့ကို ချီးမွမ်းပြီး အထဲကို ဝင်သွားလိုက်သည်။
ဝမ်စန်းထန်းနှင့် တခြားတစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက် မယုံနိုင်စွာဖြင့် ကြည့်မိလိုက်ကြ၏။
လူကြီးမင်းဖုန်းက လူတွေကို ချီးမွမ်းခဲသည် သို့သော် ထိုကဲ့သို့သော လူကြီးမင်းဖုန်းက ကျန်းလော့ကို အခု ချီးကျူးသွားခဲ့တာပင်။
သူတို့ မျက်လုံးချင်း တခဏလောက် စုံသွားမိသည်၊ ဖုန်းလီက ဒီလို အဖြေမျိုးကို ကြိုက်တာလား။
လူငယ်လေးက သူတို့ကို ဧည့်ခန်းထဲရှိ ဆိုဖာပေါ်မှာ ထိုင်နေကြသော အမေနှင့် သမီးရှိရာဆီ သူတို့ကို ခေါ်သွားခဲ့သည်။
ငိုရလွန်း၍ မျက်လုံးတောင် နီရဲနေပြီဖြစ်သော ဟွမ်းယွီလန်နှင့် သူမသမီးဖြစ်သူက သူတို့ဝင်လာတာကို တွေ့ချိန်မှာ လက်ကိုင်ပုဝါထုတ်ပြီး မျက်ရည်တွေကို သုတ်ကာ သူတို့ကို အားတင်း၍ ပြုံးပြလာခဲ့သည်။
“လူကြီးမင်းဖုန်း … ကျေးဇူးပြုပြီး ထိုင်ပါ”
ဖုန်းလီက ဆိုဖာခုံပေါ်မှာ ထိုင်လိုက်ပြီး ကျန်းလော့ကတော့ ကျန်နှစ်ယောက်နှင့်အတူ သူ့အနောက်မှာ မတ်တပ်ရပ်လိုက်သည်။
“ပြောပါ”ဖုန်းလီ တည်တည်ငြိမ်ငြိမ်နှင့် မေးလိုက်သည်။ “ကျွန်တော့်ကို ခေါ်ရတဲ့အကြောင်းရင်းက ဘာများလဲ”
ဖုန်းမိသားစု၏ ကောင်းကင်ဘုံ ဆရာသခင်ဖြစ်သူ ဖုန်းလီ၏ ယခုကဲ့သို့သော ကိစ္စအသေးအမွှားလေးတွေကို ဖြေရှင်းပေးရန်အတွက် သွားလေ့သွားထမရှိပေ။ သို့သော် ဒီတစ်ခေါက်မှာတော့ သူကလည်း ယွင်နန်ကို ရောက်နေခဲ့ပြီး ဟွမ်းယွီလန်က ယခင်ကောင်းကင်ဘုံ ဆရာသခင်ဟောင်းနှင့်လည်း အသိအကျွမ်းတွေဖြစ်တာကြောင့် သူ လာခဲ့ရခြင်းဖြစ်သည်။
ထိုစကားတွေကို ကြားချိန်မှာ ဟွမ်းယွီလန် ထပ်ပြီးတော့ မျက်ရည်မဆည်နိုင် ဖြစ်လာပြန်သည်။ သူမ၏သားဖြစ်သူ ခယ့်ဟေးထန်က မြန်မြန် ဖြေလာခဲ့သည်။
“ပြဿနာတွေနဲ့ ကြုံနေတဲ့သူက ကျွန်တော့်အဖေပါ”
“လွန်ခဲ့တဲ့ လဝက်လောက်ကစပြီး ကျွန်တော့် အဖေ ထူးဆန်းလာခဲ့တယ်… သူရဲ့ဒေါသကလည်း ပိုပိုပြီးတော့ ကြီးလာခဲ့တယ်။ အသေးအမွှား ကိစ္စလေးတွေကတောင်မှပဲ သူ့ကို ဒေါသထွက်အောင် လုပ်ပြီးတော့ သူ ဘယ်တုန်းကမှ မစားခဲ့တဲ့ အင်းစက်တွေကိုလည်း စားလာခဲ့တယ်”ခယ့်ဟေးထန် ခက်ခက်ခဲခဲနှင့် ထုတ်ပြောလာခဲ့သည်။ “မြေကြီးပေါ်မှာ တွားသွားပြီးတော့ သွားနေတဲ့အကောင်တွေ၊ ပုရွက်ဆိတ်တွေ၊ ပိုးတုံးလုံးတွေ၊ ပိုးဟပ်တွေ အဲလိုအကောင်တွေကို တစ်ကောင်ပြီးတစ်ကောင် စားလာပြီးတော့ … ကျွန်တော်တို့တွေ မကြည့်လိုက်မိတဲ့အချိန်ဆိုရင် သူ အဲ့အကောင်တွေကို အစိမ်းလိုက် မျိုချနေတာကို တွေ့လိုက်ရတယ်”
သူ့ဘေးနားရှိ ယောက်ျားနှစ်ယောက်၏ တံတွေးမျိုချသံကို ကျန်းလော့ ကြားလိုက်ရသည်။
အစိမ်းလိုက်မျိုချတယ်တဲ့လား တကယ်ရက်စက်တာပဲ။
ကမ္ဘာကြီးက အလွန်ကျယ်ဝန်းသော နေရာကြီးဖြစ်ပြီး တချို့လူတွေက ထူးဆန်းသော လိင်မှုကိစ္စတွေကို စွဲလမ်းကြပြီး၊ တချို့လူတွေက ထူးဆန်းသော အစားအသောက်တွေကို စားရတာ စွဲလမ်းကြသည်။
သို့သော် ထိုမျှလောက်နှင့်တော့ ကောင်းကင်ဘုံ ဆရာသခင်ကို ဖိတ်ခေါ်မှာမဟုတ်ပေ။
အသေအချာကိုပင် ခယ့်ဟေးထန်က ဆက်ပြောလာခဲ့သည်။ “အဲတာတင်မကသေးပဲ သူ့အရေပြားကိုလည်း သူ ကုတ်ပြီးရင်း ကုတ်နေတော့တာ … အရှေ့ကနေကုတ်တယ် အနောက်ကနေကုတ်တယ် … သွေးတွေထွက်လာတာတောင်မှပဲ သူ မရပ်ဘူး။ သူ့ကို မနာဘူးလားလို့ ကျွန်တော်တို့မေးတော့ ဘာမှမခံစားရဘူးလို့ပြောတယ်”
ဟွမ်းယွီလန် သူမလက်ထဲက လက်ကိုင်ပုဝါကို ဆုပ်ချေလိုက်ပြီး “သူ့ခန္ဓာကိုယ်ပေါ်က သူ့ဘာသာ ကုတ်ထားတဲ့ဒဏ်ရာတွေကို လူကြီးမင်းဖုန်း မမြင်လို့ပါ။ အရေပြားတွေတောင် ပြဲထွက်တော့မယ့် အထိပဲ။ သူ တကယ်ပဲ နာကျင်မှု့ကို မခံစားရတာလား။ လူကြီးမင်းဖုန်း ကျွန်မကတော့ သူ သရဲဝင်ပူးခံနေရတယ်လို့ပဲ ခံစားရတယ်”
ဖုန်းလီ ငြိမ်ငြိမ်သက်သက်ဖြင့် နားထောင်လိုက်ပြီး သူတို့စကားပြောလို့ ပြီးချိန်မှာ မတ်တပ်ထရပ်ပြီး ပြောလိုက်သည်။
“ကျွန်တော် သဘောပေါက်ပါပြီ”
“မင်းတို့တွေ ငါနဲ့လိုက်ခဲ့ကြ”ကျန်းလော့တို့သုံးယောက်ကို ဖုန်းလီ ခေါင်းငဲ့ကြည့်လာခဲ့သည်။
စံအိမ်ကြီးက ကျယ်လွန်းအားကြီး၍ ဖုန်းလီ သူတို့ကိုအောက်ထပ် အရင်လိုက်ပြလာပြီး ထို့နောက်မှ အပေါ်ထပ်ကို တက်လိုက်သည်။
ဟွမ်းယွီလန်တို့ သားအမိက သူတို့ နောက်ကနေ စိတ်အားထက်သန်စွာဖြင့် လိုက်လာခဲ့ကြသည်။ သူတို့တွေ ဒုတိယထပ်က စာကြည့်ခန်းကို ရောက်ချိန်မှာတော့ မဝင်ခင်ကတည်းက ကျန်းလော့ ကျောထက်ကနေ တက်လာသည့် အေးစိမ့်မှုကို ခံစားလိုက်ရသည်။
ဖုန်းလီလည်း ထိုဟာကို ခံစားမိသည့်ပုံရသည် သူ တခဏလေးတောင် ဝေ့ဝိုက်မနေဘဲ စာကြည့်ခန်းထဲကို တန်းဝင်သွားခဲ့သည်။စာကြည့်ခန်းက ကျယ်ပြီးတော့ စာအုပ်စင်နှစ်ခုမှာ စာအုပ်တွေအပြည့်ပင်။ အော်ဒါမှာ၍ သေချာလုပ်ခိုင်းထားသော မဟောဂနီ စာကြည့်စားပွဲကြီးက စာအုပ်စင်၏ အရှေ့မှာရှိနေခဲ့သည်။ အခန်း၏အလယ်မှာတော့ ကျားသားရေ ပုံစံကောဇောကို ခင်ထားခဲ့သည်။
သာမန်ကာလျှံကာ ကြည့်လိုက်လျှင်တော့ အခန်းက တိတ်ဆိတ်ပြီး ကြီးကျယ် ခမ်းနာနေခဲ့သည်။ သို့သော် ဂရုတစိုက်နှင့် သေချာကြည့်လိုက်လျှင် အခန်းဒီဇိုင်းက အနည်းငယ် ပုံကြီးချဲ့လွန်းပြီး ဟိတ်ကြီးဟန်ကြီးနိုင်သည်။ ကျန်းလော့ လှည့်ပတ်ကြည့်ရှုရင်းနှင့် ဤမိသားစူက ချက်ချင်းလက်ငင်းကြီး ကြီးပွားချမ်းသာလာတာ ဖြစ်ရမည်ဟု ကျန်းလော့ခံစားမိသည်။
စာကြည့်ခန်းကို ကောင်းမွန်သည့် အဓိပ္ပာယ်ရှိသော အစိမ်းရောင် ပန်းအိုးတစ်ချို့ဖြင့် အလှဆင်ထားခဲ့၏။ ဘယ်ဘက်နံရံမှာ ပန်းချီကားတစ်ချပ်ကို ချိတ်ဆွဲထားပြီး စားပွဲခုံပေါ်မှာ ကြေးဒင်္ဂါးတစ်ပြားကို တရိုတသေနှင့် အလှဆင်ထားခဲ့သည်။
ကျန်းလော့ လှည့်ပတ်ကြည့်လိုက်ပြီးနောက် ပန်းချီကားဆီ အကြည့်ပြန်ရောက်သွားခဲ့သည်။
ပန်းချီကားက အလွန်ခေတ်နောက်ကျနေပြီသော ဘလောက်အင်္ကျီကို ဝတ်ဆင်ထားသော ယောက်ျားတစ်ဦး၏ နောက်ကျောပြင်ကို ဆွဲထားခဲ့ပြီး သူ့ခါးအောက်ကနေစ၍ အမှောင်ထုထဲကို နစ်မြုပ်နေခဲ့သည်။ ပန်းချီကား၏အောက်ခြေ ထိုယောက်ျား၏ ခြေထောက်အောက်မှာတော့ သမာရိုးကျ အရိပ်တစ်ခုကို ဆွဲထားခဲ့သည်။ အရိပ်၏ အရောင်က နောက်ခံအရောင်ထက်ပင် ပို့ရင့်သည်။ အနားကိုကပ်ပြီး သေချာကြည့်လိုက်ပါက ထိုအရိပ်က အပိုင်းသုံးပိုင်းအဖြစ် ကွဲထွက်နေတာကို ဝိုးတိုးဝါးတား တွေ့ရလိမ့်မည်။
ထိုပန်းချီကားက ကျန်းလော့ကို ခံစားချက်မကောင်းစေပေ။
ဖုန်းလီ မေးလိုက်သည်။ “မင်းတို့ ဘာမြင်ကြလဲ”
အတွေ့အကြုံကနေ သင်ခန်းစာယူလိုက်ပြီး ဝမ်စန်းထန် သတိထား၍ပြောလိုက်သည်။ “ဒီနေရာမှာ တစ်ခုခုမှားယွင်းနေတာ ရှိရမယ်”
နောက်တစ်ယောက်ကလည်း နောက်ကနေ လိုက်ပြောလာခဲ့သည်။
“ပြဿနာက သေးသေးမွှားမွှားတော့ ဟုတ်ပုံမရဘူး”
ဖုန်းလီ စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။ “ဘာမှမသုံးမဝင်တဲ့ ပေါက်တက်ကရ စကားတွေပဲ”
သူ ကျန်းလော့ကို ထပ်ကြည့်လိုက်သည်။
ကျန်းလော့က ပန်းချီကားကို ကြည့်နေဆဲဖြစ်ပြီး “ဒီပန်းချီကားက အသက်ရှိနေသလိုပဲ”
ဖုန်းလီ၏ မျက်နှာထက်မှာ အပြုံးတစ်ပွင့် ဖြတ်ပြေးသွားခဲ့သည်။ သူ ဟွမ်းရီလန်နှင့် ကျန်တဲ့သုံးယောက်ကို ကြည့်ကာ မေးလိုက်သည်။
“ဒီပန်းချီကားကို ဘယ်တုန်းက ဝယ်ထားတာလဲ”
ခယ့်ဟေးထန် သတိထား၍ ပြောလာခဲ့သည်။ “ဒီပန်းချီကားကို လွန်ခဲ့တဲ့ လဝက်လောက်တုန်းက အမေ လေလံတင်ကပွဲကနေ ဝယ်လာခဲ့တာပါ… လူကြီးမင်းဖုန်း ဒီပန်းချီကားနဲ့ ပတ်သတ်ပြီး တစ်ခုခုများမှားနေလို့လား”
ဖုန်းလီ ခေါင်းကိုယောင်ယောင်လေး ညိမ့်ပြလိုက်ပြီး ရှေ့တိုးကာ ပန်းချီကားကို ထိလိုက်သည်။ သူ တခဏလောက် တွေးတောပြီးနောက် တပည့်တွေကို ပြောလိုက်သည်။
“ဒီပန်းချီကားရဲ့ အသားကို လာပြီးတော့ ခံစားကြည့်ကြ”
ကျန်းလော့တို့သုံးယောက် ရှေ့တိုးလိုက်ကြပြီး တစ်ယောက်ပြီး တစ်ယောက် ပန်းချီကားကို ထိလိုက်ကြသည်။ ပိတ်ကားစက ချောမွတ်ပြီး ပျော့ပျောင်းကာ ကိုင်လို့ အရမ်းကောင်းသည်။ “ဒီအသားက ဘာအသားလဲဆိုတာ မင်းတို့ ပြောနိုင်လား”
ကျန်းလော့ တခြားသူတွေနှင့်အတူ ခေါင်းယမ်းပြလိုက်သည်။
ဒီဇိုင်းပညာကို လေ့လာခဲ့သမျှ ကာလပတ်လုံး ဒီလိုစက္ကူသားမျိုးကို သူ ဘယ်တုန်းကမှ မတွေ့ခဲ့ဘူးပေ။
ဖုန်းလီ ပြောလိုက်သည်။ “ဒါက လူအရေပြား စက္ကူပဲ”
လူတိုင်းအံ့အားသင့်သွားကြပြီး ဟွမ်းယွီလန် တဆတ်ဆတ် တုန်ရီနေသောလက်တွေဖြင့် ရေရွတ်လာခဲ့သည်။ “လူအရေပြားပေါ်မှာ ပုံဆွဲထားတာတဲ့လား”
အမေနှင့်သား နှစ်ယောက်စလုံး ဖြူဖျော့ကာ ကြောက်လန့်ပြီး တုန်ရီလာကြသည်။ လူအရေပြားနှင့် ဖန်တီးထားသော ပန်းချီကားကို သူတို့၏အိမ်မှာ ချိတ်ဆွဲထားမိတယ်ဆိုတာ ယုံတောင်မယုံနိုင်ပေ။
စားပွဲခုံပေါ်မှာ တရိုတသေနှင့်ထားထားသော ကြေးဒင်္ဂါးကို ဖုန်းလီ ကြည့်လိုက်သည်။
“ဒီဒင်္ဂါးကို အဲဒီ့နေရာမှာထားထားတာ ဘယ်လောက်ကြာပြီလဲ”
“လွန်ခဲ့တဲ့နှစ်လကျော်လောက်က”ခယ့်ဟေးထန်၏ မျက်နှာက စက္ကူတစ်ရွက်ကဲ့သို့ ဖြူဖျော့နေပြီး “ကျွန်တော် ဝယ်လာခဲ့တာပါ။ အဖေက ဒီလိုရှေးဟောင်းပစ္စည်းတွေနဲ့ ပန်းချီကားတွေကို အရမ်းသဘောကျတာ။ ကျွန်တော်တို့ ဒီလိုပစ္စည်းတွေကို ဝယ်ပြီး အိမ်ကိုသယ်လာနိုင်ဖို့အတွက် တော်တော်လေး အားစိုက်ထုတ်ခဲ့ရတယ်”
ဖုန်းလီ စားပွဲခုံဆီ လျှောက်သွားလိုက်ပြီး ကြေးဒင်္ဂါးပြားကို ငုံ့ကြည့်ကာ အေးစက်စက်နှင့် ပြောလိုက်၏။ ““မျိုးရိုးစဉ်ဆက်က ဆင်းသက်လာခဲ့တဲ့ ဒင်္ဂါးပြားတွေဆိုရင်တော့ ဒီလိုနေရာမှာ ထားလို့ရတယ်… အိမ်ကို တည်ငြိမ်အေးချမ်းအောင်လို့ပေါ့။ ဒါပေမယ့် ဇစ်မြစ်ကို မသိရတဲ့ ဒင်္ဂါးပြားတွေဆိုရင်တော့ မကောင်းတဲ့အညစ်အကြေးတွေ ပါလာတတ်တယ်”
သူ ဒင်္ဂါးပြားကို ကောက်ယူလိုက်ပြီး ခဏကြည့်လိုက်ကာ ပြောလိုက်သည်။
“ဒီဟာက လူသေရဲ့ပါးစပ်ထဲကနေ နှိုက်ယူထားတဲ့ ဒင်္ဂါးပြားပဲ”
ခယ့်ဟေးထန် စကားမပြောနိုင်တော့ဘဲ ချွေးစေးတွေပြန်လာခဲ့သည်။ တစ်အောင့်လောက်ကြာပြီးမှသာ သူ ပြောလာခဲ့သည်။ “လူကြီးမင်းဖုန်း … ဒီဟာက လူသေရဲ့ပါးစပ်ထဲကနေ နှိုက်ယူထားတဲ့ ဒင်္ဂါးပြားဆိုတာကို ကျွန်တော် တကယ်မသိခဲ့ဘူး”
“ဒင်္ဂါးပြားပေါ်မှာရှိနေတဲ့ ယင်စွမ်းအင်က တော်တော်လေးကို အားပြင်းတယ်”ဖုန်းလီ ဒင်္ဂါးပြားကို ပြန်ချလိုက်ပြီး လက်ကိုင်ပုဝါထုတ်ကာ သူ့လက်ဖဝါးကို သုတ်လိုက်သည်။
“ယင်စွမ်းအင်က လူအရေပြား ပန်းချီကားကို အားကောင်းလာစေပြီးတော့ မကောင်းတဲ့စွမ်းအင်တွေကို ပို့ပေးနေတယ် … နောက်လတစ်ဝက်လောက်သာ နောက်ကျခဲ့ရင် ဒီအခန်းရဲ့ပိုင်ရှင်က သေသွားလောက်ပြီ”
ဟွမ်းယွီလန် စိတ်လောစွာဖြင့် မေးလာခဲ့သည်။ “လူကြီးမင်းဖုန်း … အခုကရော … ဒီအကြောင်းတွေကို သိရတာ နောက်ကျသွားပြီလား”
“အချိန်မှီလေးပဲ” ဖုန်းလီ ပြောလိုက်သည် “ဒါပေမယ့် ခင်ဗျားရဲ့ယောက်ျားကို ကျွန်တော် တွေ့ချင်သေးတယ်”
အသက်ရှင်မလားသေမလား မူတည်နေသည့် ကိစ္စဖြစ်တာကြောင့် နာရီဝက်ကြာပြီးနောက်မှာ ဟွမ်းယွီလန်၏ ယောက်ျားဖြစ်သူ ခယ့်ဝမ်ဝေ့ စံအိမ်ကို အပြေးပြန်လာခဲ့သည်။
ခမ့်ဝမ်ဝေ့က ခက်ထန်သော မျက်နှာထားဖြင့် အိမ်ကိုထဲဝင်လာခဲ့၏။ သူ၏ ယင်ထန်နေရာမှာ မကောင်းတဲ့ အငွေ့အသက်တွေ စုနေခဲ့ပြီး၊ နားထင်တွေက ဖောင်းထွက်နေခဲ့ကာ ကြမ်းတမ်းရက်စက်သော ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားခဲ့သည်။ ထိုကဲ့သို့သော ရုပ်ရည်မျိုးကို သားသတ်သမားတွေမှာ တွေ့ရလေ့ရှိပြီး တစ်ချက်ကြည့်ရုံနဲ့တင် ထိုလူက ဘယ်လောက်တောင် ချမ်းသာပြီးအာဏာရှိသလဲဆိုတာကို ကျန်းလော့ မမြင်ရပေ။ ဆန့်ကျင်ဘက်အနေနှင့် ဤစာကြည့်ခန်း၏ ပိုင်ရှင်က ရက်စက်ပြီးတော့ အကျင့်မကောင်းတဲ့လူ ဖြစ်လိမ့်မည်ဟုသာ ခံစားလိုက်ရသည်။
ထိုလူကြီးမင်းခယ့်က စစဝင်လာချင်းတုန်းက စိတ်မရှည်ဖြစ်နေခဲ့ပေမယ့် ဖုန်းလီကို တွေ့လိုက်ရချိန်မှာ အံအားသင့်သွားခဲ့သည်။ သူ ဖုန်းလီကို သေချာပေါက်မြင်ဖူးပြီး ချက်ချင်းဆိုသလို သူ၏စိတ်မရှည်မှုတို့ကို အဝေးပို့ကာ မျက်နှာထက်မှာအပြုံးဖြင့် မေးလာခဲ့၏။
“လူကြီးမင်းဖုန်းမလား … ကျွန်တော့်အိမ်ကို ဘာအကြောင်းနဲ့များ ရောက်လာရတာလဲ”
သည်ကနေ့ခေတ်၏ လူမှုအသိုင်းအဝိုင်းမှာ အဆင့်အတန်းပိုမြင့်သော လူတွေက ပိုပြီးအယူသီးကြသည်။ ခယ့်ဝမ်ဝေ့ကလည်း ထိုလူတွေထဲက တစ်ယောက်ပင်။ အဆက်အသွယ်ရှိကြသော လူမှန်သမျှ ဖုန်းလီကို သိကြပေမယ့် လူအနည်းစုကသာ သူ့ကို ဖိတ်ခေါ်နိုင်သည်။
ဖုန်းလီကို သူ့အိမ်မှာတွေ့လိုက်ရ၍ သူအံ့ဩဝမ်းသာမိသွားပြီး သူရက်အတော်ကြာ ခံစားနေရသော စိတ်မသက်မသာဖြစ်မှုတွေက ချက်ချင်း လျော့ကျသွားခဲ့သည်။
“ကျွန်တော့်ရဲ့အိမ်ထိ ရောက်လာပေးပြီးတော့ ဘာများပြောချင်တာလဲမသိဘူး … လူကြီးမင်းဖုန်း”
ဖုန်းလီ သူ့ကို တခဏလောက် ကြည့်လိုက်ပြီးနောက် စာကြည့်ခန်းထဲက ပန်းချီကားကို လက်ညိုးထိုးပြလိုက်သည်။
“လူကြီးမင်းခယ့် ဒီပန်းချီကားကို သိလား”
ခယ့်ဝမ်ဝေ့ သူ့ရင်ထဲမတင်မကျ ဖြစ်သွားမိသော်လည်း သူ ပြန်ဖြေလိုက်သည်။ “ဒါက ကျွန်တော်ကိုယ်တိုင် လွန်ခဲ့တဲ့ လဝက်လောက်တုန်းက ဝယ်လာခဲ့တဲ့ ပန်းချီကားပဲ … ကျွန်တော် သေချာပေါက်သိတာပေါ့”
“မဟုတ်ဘူး”ဖုန်းလီ ပြောလိုက်၏ “ကျွန်တော် ဆိုလိုချင်တာက ခင်ဗျား ဒီပန်းချီကားထဲကလူကို သိလား”
ခယ့်ဝမ်ဝေ့ ခေါင်းရှုပ်သွားရပြီး သူ ပန်းချီကားရှိရာ ကြည့်လိုက်သည်။
တကယ်တော့ သူ ဖြတ်ခနဲမြင်လိုက်သည့် တခဏမှာ ခံစားလိုက်ရသော ရင်းနှီးမှုကြောင့် ခယ်ဝမ်ဝေ့ ထိုပန်းချီကားကို ဝယ်ခဲ့ခြင်းဖြစ်သည်။ သို့သော် သူ ဒီပန်းချီကားထဲက နောက်ကျော၏ပိုင်ရှင်ကို မမှတ်မိသလို အခုကြည့်တော့လည်း ဘာကိုမှမမြင်ပေ။ ခယ့်ဝမ်ဝေ့ ကြည့်ရလွန်း၍ မျက်လုံးတွေတောင် အောင့်လာခဲ့သည်။ သူ အကြည့်လွှဲလိုက်တော့မည့် တခဏမှာပဲ ချောက်ခြားဖွယ်ခံစားချက်က သူ့ရင်ထဲကို ဗြန်းစားကြီး ဝင်ရောက်လာခဲ့သည်။
ခယ့်ဝမ်ဝေ့၏မျက်နှာ သွေးဆုတ်သွားခဲ့သည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ဖုန်းလီ စိတ်လှုပ်ရှားခြင်းမရှိဘဲ ပြောလိုက်သည်။ “ဒီပန်းချီကားထဲက ယောက်ျားကို ခင်ဗျား မှတ်မိပြီလား”
ခယ့်ဝယ်ဝေ့၏ နဖူးထက်ကနေ ချွေးစေးချွေးပေါက်တွေ ကျလာခဲ့ပြီး သူ အထစ်ထစ် အငေါ့ငေါ့ဖြင့် “ကျွန်တော် …ကျွန်တော် မသိဘူး…..”
ဖုန်းလီ လှည့်ထွက်ကာ သူ့တပည့်တွေနှင့် ထွက်သွားဖို့ပြင်လိုက်သည်။
ဟွမ်းယွီလန် ထိတ်ထိတ်ပျာပျာဖြင့် တားလာခဲ့၏။ “လူကြီးမင်းဖုန်း… မသွားပါနဲ့ဦး”
ခယ့်ဝမ်ဝေ့၏အင်္ကျီကို သူမ စိတ်ဆိုးမာန်ဆိုးဖြင့် ဆွဲလိုက်ပြီး “ရှင် ဘာကိုသိနေပြီးတော့ ဘာလို့မပြောပြရတာလဲ။ လူကြီးမင်းဖုန်းသာ တစ်ခုခုလုပ်မပေးရင် ရှင် လဝက်နေရင် သေတော့မယ်ဆိုတာ သိရဲ့လား”
ခယ့်ဝမ်ဝေ့ ပန်းချီကားကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ချွေစေးတွေကျလာခဲ့သည်။ သူ အံကြိတ်၍ အော်ပြောလိုက်သည် ။
“ကျွန်တော် ပြောပါ့မယ် … ကျွန်တော် ပြောပ့ါမယ်။ လူကြီးမင်းဖုန်း … ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီပေးပါ”
****