အခန်း ၁၄ ကျားခြေရာရွာ ပါ့ကွားအစီအရင် (ပါ့ကွားအစီအရင် - ရှစ်ထောင့်အစီအရင်)
ဖုန်းမိသားစုက ဂိုဏ်းကြီးခြောက်ဂိုဏ်း ထဲမှာ တစ်ဂိုဏ်းအပါအဝင် ဖြစ်လာ သည့်အကြောင်းရင်းက သူတို့ရဲ့ ကောင်းကင်ဘုံ အရှင်သခင်အမွေအနှစ် ကြောင့်ပင်။ ကောင်းကင်ဘုံအရှင်သခင် က ဖုန်းမိသားစုထဲမှာသာ သက်ဆင်း လေ့ရှိပေမယ့် ကောင်းကင်ဘုံ အရှင်သခင်က တပည့်ရာပေါင်းများစွာ ကို လက်ခံလို့ရသည်။ သူ့ မိသားစုရဲ့ နောက်ခံအသိုင်းအဝိုင်းက နှစ်ပေါင်း များစွာကြာအောင် အခြေတည်လာပြီး တော့ တော်ရုံတန်ရုံလူ စိတ်ကူးယဉ်လို့ မရအောင်ပင် အသိုင်းအဝိုင်းရဲ့ အရှိန်အဝါက ကြီးသည်။
ဖုန်းလီက သမိုင်းမှာ အငယ်ဆုံးနှင့် အင်အားအကြီးဆုံး ကောင်းကင်အရှင်သခင် ဖြစ်သည်။
မူလပိုင်ရှင်က ကောင်းကင်အရှင်သခင် ၏ လက်အောက်က နာမည်ခံတပည့် ဖြစ်သူ၏ တပည့်ဖြစ်သည်။ ဝါစဉ်အရ ဆိုလျှင် ဖုန်းလီက သူ့ထက်မြင့်၍ ကျန်းလော့ သွားပြီးတော့ နှုတ်ခွန်း ဆက်သရမှာဖြစ်သည်။ သို့သော် မူလ ပိုင်ရှင်က ဖုန်းမိသားစုရဲ့များပြားလှ သော တပည့်တပန်းတွေကြားမှာ ဘယ်သူမှ မသိမထားမိသော တပည့် ငယ်လေး တစ်ယောက်သာပင်။ ဖုန်းလီ က သူ့ကို မှတ်မိမှာမဟုတ်တာကြောင့် ကျန်းလော့ သွားပြီးတော့ နှုတ်ဆက် မနေတော့ချေ … မလိုအပ်တာတွေကို မလုပ်တာ ပိုကောင်းသည်။
ဖုန်းလီရဲ့ပုံသဏ္ဍာန်က အောက်ထပ်မှာ ပျောက်ကွယ်သွားချိန်မှာ ကျန်းလော့ အကြည့်တွေကို ပြန်ရုတ်သိမ်းလိုက် သည်။
“သွားကြရအောင်လေ … မင်းပဲ ဆန်ခေါက်ဆွဲ စားချင်တယ်လို့ ပြောနေ တာမဟုတ်ဘူးလား”
သူတို့နှစ်ယောက် အပြင်ထွက်ကာ နာမည်ကြီးစားသောက်ဆိုင်ကို ရှာလိုက် ပြီး ဆန်ခေါက်ဆွဲ မှာလိုက်ကြသည်။ အစာပလာတွေ မျိုးစုံထည့်ထားသော ခေါက်ဆွဲပန်းကန်က ကျန်းလော့၏ မျက်နှာထက်တောင်မှ ကြီးသေးသည်။ သူနှင့် လုယုံရိတို့ အင်္ကျီလက်တွေ ခေါက်တင်လိုက်ကြပြီး ဆန်ခေါက်ဆွဲ တစ်ပန်းကန်လုံးကို အငမ်းမရ စားလိုက် ကြသည်။
ကျောင်းကန်တင်းမှာ တစ်လလောက် စားပြီးချိန်မှာတော့ ဘာလို့ ယယ်ရွှင်နှင့် လုယုံရိက ပူပူချဉ်ချဉ်ဆော့လေးနှင့် အာလူးချောင်းတွေကို စားရချိန်မှာ မျက်ရည်ဘာလို့ ဝဲသွားကြလဲဆိုတာကို ကျန်းလော့ နောက်ဆုံးမှာ နားလည်သွား ခဲ့သည်။
သူတို့တွေ စားပြီးကြချိန်မှာ သူတို့ ပန်းကိတ်လေးတွေကို သူတို့အဖော်တွေ အတွက် ဝယ်သွားလိုက်ကြသည်။
ကျောင်းသားတွေက ဟိုတယ်အောက်မှာ ဝင်ထွက်သွားလာ နေကြသည်။ ကျန်းလော့နှင့် လုယုံရိတို့ တံခါးပေါက် အသေးလေးကနေ ဝင်သွားချိန်မှာ ကျောင်းသားအုပ်စုတစ်စုက ဆရာကို တွေ့လိုက်ရသည့်အလား ခန်းမထဲမှာ စကားတစ်ခွန်းမှ မပြောဘဲ စိတ်လှုပ်ရှား စွာနှင့် ရပ်နေကြတာကို တွေ့လိုက်ကြ သည်။
အေးစက်စက်အသံတစ်သံက အုပ်စုရဲ့ အတွင်းကျသည့်နေရာကနေ ထွက်လာခဲ့ သည်။
“မင်နန်နယ်ရဲ့ ဘယ်ကျောင်းသားက မြေခွေးနတ်ဘုရားကို လှုဖွယ်တင်ထား တာလဲ … ပြန်သိမ်း လိုက်”
လုယုံရိ တီးတိုးပြောလိုက်သည်။
“မင်နန်မှာ မြေခွေးနတ်ဘုရားကို လှုဖွယ်တင်ကြတာက ဓလေ့လေ”
ကျောင်းသားတစ်ယောက်က ရှက်နေ သောမျက်နှာဖြင့် ရှေ့တိုးလာပြီး ပြော လာခဲ့သည်။
“မစ်စတာ ဖုန်း … ဒါက ကျွန်တော် လှုဖွယ်တင်ထားတာပါ။ ဒါပေမယ့် ကျွန်တော့်ရဲ့ အခန်းထဲမှာပဲ ပူဇော် ထားတာကို ဘာလို့ ပြန်သိမ်းရမှာလဲ ခင်ဗျ”
“မင်းက စည်းမျဉ်းတွေကို ချိုးဖောက် ခဲ့တယ်”ဖုန်းလီ ပေါ့ပေါ့ပါးပါးပဲ ပြောလာခဲ့သည်။ “ပြီးတော့ မြေခွေး နတ်ဘုရားကို ဘယ်လိုပူဇော်ရမလဲ ဆိုတာကိုတောင် မင်း သိနေတဲ့ဟာကို … ဒီနေရာက ပူဇော်ဖို့သင့်လားမသင့်လား ဆိုတာကို မင်း ဘာလို့ မမြင်တာလဲ”
ဖုန်းလီရဲ့ လေသံက မမာပေ သို့သော် ထိုဟာကပင် လူတွေကို နေမထိ ထိုင်မထိုင်ဖြစ်စေပြီး သူ့ကို စေ့စေ့ မကြည့်ရဲအောင် လုပ်နေခဲ့သည်။
ကျန်းလော့နှင့် လုယုံရိတို့ လူအုပ်ရဲ့ အနောက်မှာပုန်းပြီး စိတ်လှုပ်ရှားစရာ တွေကို ကြည့်နေလိုက်ကြသည်။ ဖုန်းလီ နှင့် တခြားဒိုင်လူကြီးတွေက ကျောင်းသားတွေရဲ့ အခန်းကို တစ်ခန်း ဝင် တစ်ခန်းထွက် စစ်ဆေးနေကြသည့် ပုံပင်။ ကျောင်းသားတွေခမျာ သူတို့ အမှားရှာတွေ့ခံရမှာကို ကြောက်လန့်နေ ခဲ့ကြသည်။
ကျန်းလော့ကို လုယုံရိ လက်ဖြင့် တို့ လိုက်သည်။
“မင်း တရားမဝင်တာတွေတော့ ဘာမှ ယူမလာပါဘူးနော်”
ကျန်းလော့ “ပိုက်ဆံမရှိဘူး … ဘယ်က နေ ဝယ်ရမှာလဲ”
လုယုံရိ စိတ်ချလက်ချဖြင့် ပြောလိုက် သည်။
“ငါ့မှာလည်း ဘာမှပါမလာဘူး။ မင်း အဆောင်လိုချင်ရင် … မင်းဘာသာ ဆွဲလိုက်လို့ရတယ်။ လက်နက်လိုချင် ရင်လည်း ခွမ့်ကျိန်းကို လုပ်ခိုင်းလိုက် လို့ရတယ်။ ငါတို့နှစ်ယောက်စလုံးက မွဲပြီးတော့ စိတ်ချရတယ်”
ကျန်းလော့ “…….”မင်းရဲ့ ပိုက်ဆံမရှိ ဘူးဆိုတဲ့အဓိပ္ပာယ်က ငါပြောတာနဲ့ မတူဘူးကွ။
ဒိုင်လူကြီးတွေက သူတို့အခန်းကို မကြာခင်မှာ စစ်ဆေးတော့မည်ဟု သူတို့ တွက်ဆလိုက်ကြပြီး သူတို့အခန်းဆီ အရင် ပြန်သွားလိုက်ကြသည်။
ကျန်းလော့ ပန်းကိတ်လေးတွေကို ယယ်ရွှင်ဆီ အရင်သွားပို့ပေးလိုက် သည်။ သူပြန်လာချိန်မှာ လုယုံရိက ဆိုဖာပေါ်ထိုင်ပြီး တီဗီကြည့်နေရင်း သူ့ကို ပြောလာခဲ့သည်။
“သူတို့တွေ အခန်းကို စစ်ဆေးပြီးသွား ပြီ”
ကျန်းလော့ အနည်းငယ် အံ့အားသင့် သွားရသည်။ “မြန်လှချည်လား”
လုယုံရိ ခေါင်းညိတ်လိုက်ပြီး သူ့လက်ထဲ က စာရွက်ကို ယမ်းပြလာခဲ့သည်။
“ပြိုင်ပွဲသတိပေးစာလည်း ရောက်လာပြီ”
ပြိုင်ပွဲတစ်ခုလုံးမှာ အဆင့်သုံးဆင့်ရှိပြီး ပထမအဆင့်က နောက်သုံးရက်နေရင် စတင်မှာဖြစ်ကာ ကျားခြေရာရွာဟု ခေါ်သောနေရာ၏ အစီအရင်ကို ချိုးဖောက်ရမှာဖြစ်သည်။
စာရွက်ပေါ်မှာတော့ ရွာ၏ အပြင်ပန်း ပုံစံဓာတ်ပုံကို ပြထားပြီး မိတ်ဆက်စာ အနည်းငယ် ရေးထားခဲ့သည်။ ရွာက လူတွေ၏ အတင်းအဖျင်းစကားတွေ ထဲက ရွာဖြစ်သည်။ ရွာမှာရှိတဲ့ အိမ်ခြေ တွေကို ပါ့ကွား ဂမ္ဘီရအစီအရင်ဖြင့် နေရာချထားခဲ့၍ ထိုနေရာကို ဝင်ဖို့ရာ လွယ်ကူပေမယ့် ထွက်ဖို့ရာခက်ခဲသည်။ ထို့ကြောင့် အပြင်လူတွေ ထိုရွာထဲကို ဝင်ပါက ဝင်္ကပါထဲကို ဝင်သွားရသလို ဖြစ်ပြီး မကြာခဏ လမ်းပျောက်သွား တတ်ကြသည်။
ပထမဆုံးအဆင့်က အခြေခံသက်သက် သာဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်သူတွေ၏ အခြေခံ အသိပညာနှင့် အရည်အချင်း တွေကို စမ်းသပ်တာဖြစ်သည်။ ပါဝင် ယှဉ်ပြိုင်ဖို့ လိုအပ်ချက်မှာ ယှဉ်ပြိုင်သူ တွေက သံလိုက်အိမ်မြှောင်ကလွဲပြီး တခြားကိရိယာတွေ သယ်လာလို့မရဟု ဖော်ပြထားခဲ့သည်။
ကျန်းလော့ သူ့အိတ်ထဲက အဆောင် အထပ်လိုက်ကြီးကို ကြည့်ပြီး တိတ်ဆိတ်သွားခဲ့သည်။
အဆောင်ကို သူနှင့်အတူ သယ်မသွား ရလျှင် သူ လုံခြုံမှုမရှိဟု ခံစားနေရသည်။
ကျားခြေရာရွာက မလုံခြုံတာမဟုတ်ဘဲ တစ်နေရာရာမှာ ပုန်းအောင်းနေသော မကောင်းဆိုးဝါးဝိညာဉ်က မလုံခြုံတာ ဖြစ်သည်။
လွန်ခဲ့သည့် တစ်လတုန်းက ချီယုံကို တစ်ည လုံး နှိပ်စက်မည်ဟု ပြောခဲ့ပြီး ကျန်းလော့ တကယ်ပင် ချီယုံကို တစ်ညလုံး အဆောင်ဖြင့် နှိပ်စက်ခဲ့သည်။
ချီယုံ အားနည်းသထက် အားနည်းလာ ခဲ့ပြီး မြူထုက ထူပိန်းနေရာကနေ ပါးလျ လာခဲ့ကာ သူ့ကို လောင်ကျွမ်းခဲ့သော အဆောင်တွေက ကြမ်းပြင်ပေါ်မှာ ပြာပုံ အထူကြီးတောင် ဖြစ်နေပြီဖြစ်သည်။ သို့သော် သူ့ရဲ့ရယ်သံတွေက ပိုပိုပြီးတော့ ရူးသွပ်လာခဲ့သည်။
“စိတ်ဝင်စားဖို့ကောင်းတယ်”ချီယုံ ပျောက်မသွားခင်မှာ ရယ်သွားခဲ့သည်။
တစ်လလုံးလုံး ချီယုံ ပေါ်မလာခဲ့ချေ။ သူ တကယ်ပင် ကျန်းလော့ကြောင့် အထိနာ သွားတာပဲ ဖြစ်ရမည်။ ထိုအရူးကောင် ပြန်ကောင်းလာချိန်မှာ သူ လက်တုံ့ပြန်ဖို့ ရာအတွက် ဘယ်လိုတောင် ရူးသွပ်ပြီး စဉ်းလဲသောနည်းလမ်းတွေကို ရက်ရက် စက်စက် သုံးလာ လိမ့်မလဲဆိုတာ ကျန်းလော့ တွေးကြည့် လို့တောင် ရနေပြီပင်။
ကျန်းလော့ ကြောက်နေမိတာလား။
သေချာပေါက်ကို အဖြေကတော့ လုံးဝပဲပေါ့။
သူ သည်တစ်လလုံးလုံး အသည်းအသန် စာလေ့လာခဲ့သည်။ ညအိပ်ရာမဝင်ခင် အချိန်တိုင်းမှာ ချီယုံဆီကနေ အသတ် ခံခဲ့ရသော ဆယ့်ရှစ်ကြိမ်ကို ကျန်းလော့ ပြန်သတိရမိသည်။
ကျန်းလော့ရဲ့ နှလုံးသားထဲမှာ မကျေမနပ် မှုတွေ ဒေါသတွေဖြင့် တစ်ဟုန်ထိုး တောက်လောင်နေခဲ့သည်။ ဆယ့်ရှစ် ကြိမ်တောင်မှ … သူ ထိုဟာအတွက် အကြွေးပြန် မဆပ်ရသေးချေ။
ချီယုံက အရမ်းကြင်နာတတ်ပြီး နူးညံ့တဲ့ ဟာကို ကျန်းလော့ ဘယ်လိုလုပ်ပြီးတော့ အခွင့်အရေးယူရမှာလဲ။
သေရာမှ ပြန်ရှင်လာသော ပင့်ကူလူသား
သုံးရက်ကြာပြီးနောက် ကျန်းလော့ ဘတ်စကားစီးပြီး ကျားခြေရာရွာကို သွားလိုက်သည်။
ကျားခြေရာရွာက မြို့ကနေ လေးဆယ် ကီလိုမီတာဝေးပြီးတော့ ထိုနေရာကို ရောက်ဖို့ရာအတွက် ဘတ်စကားကို နှစ်နာရီကနေ သုံးနာရီလောက်ထိ စီးရသည်။
ကျန်းလော့နှင့် အယောက်နှစ်ဆယ် လောက်ရှိသော အမည်မသိရသည့် ယှဉ်ပြိုင်သူတွေက ဝန်ထမ်းနောက်ကို လိုက်ပြီး ရွာဝင်ပေါက်ကို ရောက်လာခဲ့ ကြသည်။ ဝန်ထမ်းက ပြောလာခဲ့သည်။
“ဒီပြိုင်ပွဲရဲ့ ကြာချိန်က စုစုပေါင်း နှစ်ဆယ့်လေး နာရီဖြစ်ပြီးတော့ ယှဉ်ပြိုင်သူတွေက အစီအရင်ရဲ့ ဗဟို ချက်နေရာကို ရောက်အောင်သွားပြီး တော့ ကျွန်တော်တို့ဝန်ထမ်းတွေ ချန်ထား ခဲ့တဲ့ အလံလေးတွေကို တွေ့အောင်ရှာကြ ရမယ် ပြီးရင်တော့ အလံလေးတစ်ခုကို ယူလာပြီးတော့ ရွာထဲကနေ ထွက်လာ ကြရမှာပါ။ ယှဉ်ပြိုင်သူတွေက နှစ်ဆယ့် လေးနာရီအတွင်း ကျားခြေရာရွာထဲက နေပြီး ထွက်မလာနိုင်ရင် ပြိုင်ပွဲကနေပြီး ချက်ချင်း ထုတ်ပယ်ခံရကြမှာ ဖြစ်ပါ တယ်”
ကျန်းလော့ အချိန်ကိုကြည့်လိုက်တော့ ညနေ သုံးနာရီတောင် ရှိနေပြီပင်။
ကျားခြေရာရွာထဲကိုဝင်ဖို့ ဝင်ပေါက် စုစုပေါင်း ရှစ်ပေါက်ရှိပြီး ပါဝင်ယှဉ်ပြိုင် တဲ့သူ တစ်ရာနှင့်ရှစ်ဆယ်တောင် ရှိပေ မယ့်လည်း ကျားခြေရာရွာ၏ အတွင်း ပိုင်းဖွဲ့စည်းပုံက ရေပြင်ညီပုံစံ ထောင့်မှန် ကျကျ ချိတ်ဆက်နေခဲ့၍ ရွာထဲကို ဝင်ပြီး နောက်မှာ ထိုတစ်ရာနှင့် ရှစ်ဆယ်ရှိသော ပါဝင်ယှဉ်ပြိုင်သူတွေ အားလုံး ဘယ်သူ နှင့်မှ မတွေ့ရဖို့များသည်။ ကျားခြေရာ ရွာထဲကနေ ကိုယ့်အားကိုယ်ကိုးပြီး ထွက်လာ ကြရလောက်သည်။
ဝန်ထမ်းက ပြောလာခဲ့သည်။
“ကြိုတင်သတိပေးထားပါ့မယ် … ပြိုင်ပွဲစဥ် တစ်ခုလုံးကို ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် ဝက်ဆိုဒ်ကနေ တိုက်ရိုက်ထုတ်လွှင့် သွားမှာပါ”
တိုက်ရိုက်လွှင့်မယ်။
ကျန်းလော့ အတွေးနယ်ချဲ့လိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်မှုသာရှိလျှင် ထိုဟာက သူ့ရဲ့ လုံခြုံမှုကို အတိုင်းအတာ တစ်ခုလောက်အထိတော့ ကာကွယ်မှု ပေးနိုင်မှာပင်။
ပြိုင်ပွဲစတင်ပြီဟု ကြေညာပြီးနောက်မှာ ပါဝင်ယှဉ်ပြိုင်သူတွေအကုန်လုံး ကျား ခြေရာရွာထဲကို ဆန္ဒစောစွာဖြင့် အပြေး ဝင်သွားခဲ့ကြသည်။
ကျန်းလော့ လူအုပ်ကြီးနောက်ကနေ တိတ်တိတ်လေး လိုက်သွားလိုက်သည်။
အကုန်လုံး သူတို့ရဲ့သံလိုက်အိမ်မြှောင်ကို ထုတ်လိုက်ကြပြီး ခဏအတွင်းမှာပဲ လူ နှစ်ယောက် သုံးယောက်မျှသာ ကျန်ရစ် ခဲ့သည်။ ကျန်းလော့လည်း သူ့ရဲ့ သံလိုက် အိမ်မြှောင်ကို ထုတ်လိုက်သည် သို့သော် သံလိုက်အိမ်မြှောင်ကို ကြည့်ရမည့်အစား သူ ကောင်းကင်ကို မော့ကြည့်လိုက် သည်။
အဆိုတောင်မှ ရှိသေးသည်။ ထိုက်ကျိက ကိရိယာနှစ်မျိုးကို မွေးထုတ်ပေးလာ တယ်၊ ကိရိယာနှစ်မျိုးကနေ ရုပ်သွင် လေးမျိုးကို မွေးထုတ်ပေးတယ်၊ ရုပ်သွင် လေးမျိုးကနေ ဆဌဂံရှစ်ခုကို မွေးထုတ် ပေးတယ်၊ ဆဌဂံရှစ်ခုကနေ ဆဌဂံ ခြောက်ဆယ့် လေးခုအဖြစ် ပြောင်းသွား တယ်၊အသွင်မျိုးစုံပြောင်းလဲသွားပြီး နောက်မှာ စက်ဝိုင်းက နောက်ထပ် တစ်ကျော့ ပြန်ဖြစ်ပေါ်လာသည်။ ဆဌဂံရှစ်ခု၏ အလယ်နေရာက ပါ့ကွား အစီအရင်၏ ဗဟိုချက်ပင်။ အလယ်ဗဟို နေရာကို သွားရမှာဖြစ်ပေမယ့် ထိုအထဲ ကိုရောက်သွားချိန်မှာတော့ ရွာထဲရှိ လမ်းတွေက ရှုပ်ထွေးကာ ပြောင်းလဲနေ ခဲ့သည်။
ကျန်းလော့ မော့ကြည့်လိုက်ချိန်မှာ သံလိုက်အိမ်မြှောင်၏ အကူအညီမပါပဲ ပါ့ကွားအစီအရင်၏ အလယ်ဗဟိုချက် မှာရှိသည့် အတောက်ပဆုံး လမ်းညွှန် ဆိုင်းဘုတ်နှင့်တောင် တူနေသော အတိတ်နိမိတ်ဆောင်သည့် ရွှေရောင် အလင်းတန်းတွေကို တွေ့လိုက်ရ သည်။
သို့သော် သူကလွဲပြီး ဘယ်သူကမှ အစီအရင်၏ အလယ်ဗဟိုချက်မှာ ရှိနေသော ရွှေရောင်အလင်းတန်းတွေကို မြင်ပုံမရချေ။
ကျန်းလော့ ရွှေရောင်အလင်းတန်း နောက်ကို လိုက်သွားလိုက်သည်။ သူ သံလိုက်အိမ်မြှောင်ကို မလိုပေမယ့်လည်း ကျန်းလော့ ပြန်ပြီးတော့မသိမ်းခဲ့ချေ။ သူ လိမ်လည်လှည့်စားသည့် ကိရိယာကို ဖွင့်လိုက်သကဲ့သို့ သူ့အရှေ့မှာ အဖြေက လဲလျောင်းနေခဲ့ပြီး သူကောက်ယူဖို့ စောင့်ဆိုင်းနေသည့်အလားပင်။ ကျန်းလော့မှာ တိကျသေချာသည့် ဦးတည်ချက်ရှိသည်။ ဘယ်ညာဟိုဟိုဒီဒီ ကို အကြိမ်ရေအချို့ ချိုးခဲ့ပြီးနောက်မှာ တော့ သူ တဖြည်းဖြည်းနှင့် တစ်ယောက် တည်းသာ ကျန်ခဲ့တော့သည်။
တိုက်ရိုက်ထုတ်လွှင့်မှုကို ဝက်ဆိုဒ်ကနေ ကြည့်နေခဲ့သည့် သူတစ်ယောက်က ကျန်းလော့၏ ထူးဆန်းနေမှာကို တဖြည်းဖြည်း သတိထားမိလာခဲ့သည်။
[ အဲဒီ့သူငယ်ချင်းက နည်းနည်း ကြောက်ဖို့ကောင်းတယ်]
[သူ သံလိုက်အိမ်မြှောင်ကိုတောင် အရင် က သုံးခဲ့ဖူးတဲ့ပုံမပေါ်ဘူး။ ချီး … အပေါ်စီး ကနေကြည့်တော့ သူရဲ့ မြန်နှုန်းက ချီယယ်ထက်တောင် ပိုမြန်နေ တယ်ဟ]
[ အပေါ်ထပ်ကလူတွေကတော့ ပုံကြီးချဲ့ ပြောနေကြပြန်ပြီ]
[ ချောလိုက်တဲ့ အစ်ကိုလေးကို အနမ်း လေးပေးမယ် … မျက်နှာလေးကိုလည်း သေချာလျက်ပစ်ရမယ်]
[ ငါတော့ စကရင်ကို လျက်ပစ်နေပြီ။ ငါ ဒီတိုက်ရိုက် ထုတ်လွှင့်ခန်းမှာပဲ နေတော့မယ်လို့ ငါ ကြေညာလိုက်ပြီ]
[ ကယ်ကြပါဦး … သူလေးက ဘယ်သူ လေးများလဲ … ချောလိုက်တာ … မျက်ရည်တောင် ကျလာပြီ]
[ ငါတို့တွေ ဝက်ဆိုဒ်ကို သေသေချာချာ လေး ကြည့်ကြရအောင်ပါ … အပေါ်ထပ် ကလူတွေ ထိန်းကြပါအုံး။ ဒီတစ်ယောက် ကို ကြည့်လေလေ သူ သံလိုက် အိမ်မြှောင်မသုံးတာကို တွေ့လေလေပဲ။ တကယ်ကို လူတွေအားလုံးထဲမှာ အတော်ဆုံးပဲ]
[ နားမလည်ရင်လည်း သူများတွေ မေးကြည့်လိုက်ဦး … သံလိုက်အိမ်မြှောင် မကြည့်ဘဲနဲ့ ဘယ်လိုလုပ်ပြီးတော့ ပါ့ကွား အစီအရင်ထဲကနေ ထွက်နိုင်မှာ လဲ]
ဒိုင်လူကြီးတွေရဲ့ အခန်းထဲမှာလည်း ဒိုင်တချို့က ကျန်းလော့ကို သတိထားမိ နေပြီဖြစ်သည်။
ဖုန်းလီ ရိုက်ကွက်တွေအများကြီးကို တစ်ချက်တည်း ဝေ့ကြည့်လိုက်ပြီး အဆုံးမှာတော့ ဆံပင်အနက်ရောင်နှင့် ကောင်လေးကို ပြနေသည့် ရိုက်ကွက် မှာပဲ အကြည့်တွေကို ဖြည်းဖြည်းချင်း အခြေချလိုက်သည်။
အနက်ရောင်ဆံပင်နှင့် ကောင်လေးက လမ်းတွေရဲ့အလယ်မှာ တည်ငြိမ်စွာဖြင့် လျှောက်နေခဲ့သည်။ သူ့ရဲ့ စိတ်က တည်ငြိမ်နေခဲ့သည်။ သူ ရွှေရောင် အလင်းတန်းကို မကြာမကြာ မော့ကြည့် လိုက်သည်။ လမ်းကပိတ်နေခဲ့ပါက သူ လာခဲ့သည်နေရာကို ပြန်သွားလိုက်သည်။ သူ့ရဲ့ ဦးတည်ချက်က ဘယ်တော့မှ သွေဖယ်မသွားဘဲ သူ အစီအရင်၏ ဗဟိုချက်ရှိရာဆီကို တရွေ့ရွေ့နှင့် ချဉ်းကပ်သွားခဲ့သည်။
ဖုန်းလီ၏ ဘေးနားမှာရှိနေခဲ့သော ကျိုးမိသားစု၏ ခေါင်းဆောင် ကျိုးကျန်းယွီကလည်း ထိုအဖြစ်အပျက် တွေကို တွေ့နေရပြီး ဖုန်းလီကို တီးတိုး ပြောလိုက်သည်။
“ဒီလူငယ်လေးက ထူးခြားတာပဲ”
ထို့နောက် လုံးဝမနှေးသော သူ့သမီး ဖြစ်သူ ကျိုးကျုံးချိုးကိုလည်း သူ ကြည့်လိုက်သည်။ သို့သော် သူတို့ နှစ်ဦး၏ အစီအရင်၏ အလယ်ဗဟိုချက် ကို ရှာသော နည်းလမ်းတွေကို နှိုင်းယှဉ် ကြည့်လိုက်ချိန်မှာတော့ သူ့သမီးက တော်တော်လေး နောက်ကောက်ကျ ကျန်ရစ်ခဲ့သည်။
ဖုန်းလီ တည်တည်ငြိမ်ငြိမ်ဖြင့် တုံ့ပြန် လိုက်သည်။
“တော်တော်လေးတော်တဲ့ အရည်အချင်းပဲ”
“ကျုံးချိုးက ဒီကောင်လေးအကြောင်း ကို ပြောပြတယ် “ကျိုးကျန်းယွီ ပြော လိုက်သည် “သူကလည်း မင်းရဲ့ ဖုန်း မိသားစုက တပည့်ပဲ”
ဖုန်းလီ အနည်းငယ် အံ့အားသင့်သွားပြီး သူ့မျက်ခုံးတွေကို ပင့်တင်လိုက်သည် ထို့နောက် တည်ငြိမ်သောအပြုံးကို ပြုံး လာခဲ့ပြီး “ လတ်စသတ်တော့ ဖုန်း မိသားစုရဲ့ တပည့်ဖြစ်နေတာကိုး”
ကျန်းလော့ ခရီးစဉ်၏ သုံးပုံပုံလျှင် တစ်ပုံ လောက် ခရီးရောက်သွားချိန်မှာ ခြောက် နာရီ ထိုးနေပြီဖြစ်ပြီး သူ နားဖို့နေရာရှာ ကာ ညစာစားဖို့ ပြင်လိုက်သည်။
အနီးအနားမှာလည်း ရိုးရိုးစင်းစင်း ဆောက်ထားသော နားခိုသည့် နေရာလေးတစ်နေရာ ရှိနေခဲ့သည်။ ကျန်းလော့ သူ့ပစ္စည်းတွေကို အောက်ချ လိုက်ပြီး သူ့အိတ်ထဲကနေ အလို အလျောက် အပူပေးသည့်ဘူးလေးကို ထုတ်လိုက်သည်။ အပူပေးသည့် ဘူးလေးက စားဖို့ အသင့်ဖြစ်တော့မည့် အချိန်မှာ ကောင်လေးတစ်ယောက် အပြင်ဘက်ကို ထွက်လာခဲ့သည်။
ကောင်လေးက ထက်ရှသည့်မျက်နှာနှင့် အရိုင်းဆန်ပုံပေါ်ကာ လောလော လတ်လတ် ဖြစ်လာပုံရသော စိတ် အနှောင့်အယှက် ဖြစ်နေသည့် မျက်နှာ ပေးလည်း ရှိနေခဲ့သည်။ သူ့လက်ထဲမှာ သံလိုက်အိမ်မြှောင်ကို ကိုင်ထားခဲ့ပြီး ကျန်းလော့က သူ့ကိုစိုက်ကြည့်နေတာကို မြင်ချိန်မှာ တစ်စုံတစ်ယောက်က သူ့ထက်အရင် ကြိုရောက်နေတာကို မယုံနိုင်သည့်ပုံစံဖြင့် မျက်မှောင်ကြုတ် လိုက်သည်။
“မင်း ဘယ်သူလဲ”ကောင်လေးက လေသံ မပြေမပြစ်နှင့် မေးလာခဲ့သည်။
ကျန်းလော့ သူ့ကို အကြည့်တစ်ချက် ပေးလိုက်ပြီးနောက် စကားပြန်ပြောဖို့ကို ပျင်းနေခဲ့၍ အဆုံးမှာ သူ အကြည့်လွှဲ လိုက်သည်။
[ အား အစ်ကိုချောချောလေးက ငါ့ကို သေအောင်သတ်နေသလိုပဲ]
[ ခုံတန်းပေါ်မှာထိုင်ပြီး ဖရဲသီးစားနေ ပါတယ် … ချကြတော့ ချကြတော့]
[ သူတို့နှစ်ယောက် ထိပ်တိုက်တွေ့ကုန် ကြပြီ … ချီယယ်က စိတ်ဆတ်တာနဲ့တော့ သေချာပေါက် ရန်ပွဲဖြစ်တော့မယ်]
ချီယယ်ကို သာမန်ကာလျှံကာအကြည့် လေးမျှသာ ပေးလာခဲ့၍ သူ့ရဲ့ဒေါသတွေ အပေါ် ဆီလောင်းချပေးလိုက်သလိုဖြစ် သွားပြီး သူ ပေါက်ကွဲထွက်ဖို့ နည်းနည်း လေးသာ လိုတော့သည်။သူ့ ဒေါသကို ထိန်းချုပ်လိုက်ပြီး “ဟေး … ငါ မင်းကို မေးနေတယ်လေ”
အလိုအလျောက် အပူပေးဘူးလေးရဲ့ အပူပေးစနစ် ရပ်သွားချိန်မှာ ကျန်းလော့ သူ့ရဲ့ တူနှစ်ချောင်းကို ဆွဲခွာလိုက်ပြီး အဖုံးကိုဖွင့်ကာ စားဖို့ပြင်လိုက်သည်။
မွှေးပျံ့သောရနံ့က ချီယယ်၏ နှာခေါင်းထဲ သို့ လေအဝှေ့မှာ ရောက်လာခဲ့သည်။ ချီယယ်၏ ပေါက်ကွဲနေသော ဒေါသတွေ အပြင်ကို ထွက်မလာခင်လေးမှာပဲ သူ့ရဲ့ အစာအိမ်က ရှက်ဖို့ကောင်းလောက် အောင် အသံမြည်လာခဲ့သည်။
သူ့မျက်နှာ တောင့်တင့်သွားခဲ့ပြီး နည်းနည်းရှက်သွားတာ သိသာသည်။သူ စကားလည်းမပြောဘဲ ထိုနေရာမှာ ရူသိုးသိုးဖြင့် မတ်တပ်ရပ်နေခဲ့သည်။
ကျန်းလော့က သူ ရှိမနေသကဲ့သို့ သူ့ အစာကို သက်သောင့်သက်သာစားလိုက် ပြီး ထို့နောက်မှာတော့ ပတ်ဝန်းကျင်ကို မညစ်ညမ်းစေရန် အမှိုက်တွေကို ရှင်းလိုက်သည်။
ညစာစားပြီးနောက်မှာ နေဝင်သွားခဲ့ပြီ ဖြစ်သည်။ ကျန်းလော့ ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ဒီတစ်ညတော့ ဒီနေရာမှာပဲ အနားယူလိုက်ပြီး မနက် စောစောမှ ခရီးဆက်ဖို့ပြင်လိုက်သည်။
ထိုသို့မဟုတ်ဘဲ ဆက်သွားလိုက်ပြီးမှ မှောင်သွားပြီး အတိတ်နိမိတ်ရှိသော ရွှေရောင်အလင်းတန်းတွေကို မမြင်ရ တော့လျှင် သူ တစ်နေ့လုံး ကြိုးစားခဲ့ရ သမျှ အလကားဖြစ်သွားလိမ့်မည်။
သူ မျှော်လင့်မထားတာက ထို စိတ်ဆတ် သည့်ပုံစံနှင့် ကောင်လေးကလည်း နားခိုသည့်နေရာထဲကို ဝင်လာလိမ့်မည် ဟုပင်။ ကြည့်ရတာ သူလည်းပဲ ကျန်းလော့လို ရည်ရွယ်ချက်ရှိသည်နှင့် တူသည်။
သူတို့ကိစ္စကို သူတို့လုပ်လိုက်ကြပြီး ငြိမ်းငြိမ်းချမ်းချမ်းပဲ အနားယူလိုက်ကြ သည်။ ဘာတွေဆက်ဖြစ်မလဲဆိုပြီး စောင့်နေကြသည့် သူတွေအတွက်တော့ စိတ်ပျက်စရာပေမယ့် လူတွေရဲ့အာရုံကို ဖမ်းစားသွားသော ကောမန့်တစ်ခု တက်လာခဲ့သည်။
[ ဘုရားရေ … ရုပ်လှလှနဲ့ အစ်ကိုလေးရဲ့ အရိပ်ကို ကြည့်လိုက်ကြစမ်းပါ … တစ်ခုခုက အရိပ်ထဲမှာ လှုပ်ရှားနေတယ်]
တိုက်ရိုက်ထုတ်လွှင့်နေသည့်အထဲမှာ မြေပြင်ပေါ် ကျဆင်းနေခဲ့သော ကျန်းလော့၏ အရိပ်က တဖြည်းဖြည်း နှင့် တွန့်လိမ်ကောက်ကွေးလာခဲ့သည်။
ကြောက်စရာမကောင်းဆိုးဝါးတစ်ကောင် က အရိပ်ထဲမှာ ပုန်းအောင်းနေခဲ့သည့် အလား အရိပ် ၏ အနားစွန်းတွေမှာ ကြောက်မက်ဖွယ် သရဲလက်သည်းကြီး တွေ တိုးထွက်လာခဲ့သလိုလိုနှင့် မြေပြင် ပေါ်မှာ ရှိနေခဲ့သော ကျန်းလော့၏ ခြေချောင်းတွေ အနားကို ဖြည်းဖြည်း ချင်း တိုးကပ်လာခဲ့သည်။
ထိုဟာကို သတိမထားမိသော ကျန်းလော့ကတော့ သံလိုက်အိမ်မြှောင် အကြောင်းကို အသေးစိတ်ရေးထားခဲ့ သော စာအုပ်ကို စိတ်ဝင်တစား ကြည့်နေခဲ့သည်။
****