Ch 11
Viewers 3k


🍼 Chapter 11

🍼 Qingqing's Adventure




သားဖြစ်သူက မြင်သွားသောကြောင့် နောက်တစ်ခါ အလှည့်ကျကာ ရေတွက်သူနှင့် ဖမ်းရမည့်သူမှာ ဖူဟန် ဖြစ်လာခဲ့သည်။


ဒီတစ်ခါမှာတော့ 'မီးနီ မီးစိမ်း' ကို ဖူစစ်ကျင်းနဲ့ ချင်ချင်တို့ အတူတူ ကစားကြသည်။ မတည်မငြိမ်ဖြစ်ပြီး အရင်လဲ ကျသူမှာ ချင်ချင်ဖြစ်နေသည့်တိုင် ဖူဟန် ဖမ်းမိသူမှာ ဖူစစ်ကျင်းဖြစ်နေသည်။


ဖခင်နှင့်သား စီစဉ်ထားသည့်အတိုင်း ချင်ချင်အား မဖမ်းဘဲ တစ်ချိန်လုံးပြေးလွှားစေခြင်းဖြင့် ကိုယ်လက်လှုပ်ရှားမှုကို မြှင့်တင်ပေး နေပုံရသည်။


သို့သော်လည်း ထိုငတုံးမလေးမှာ လုံးဝမသိဘဲ ဂိမ်းအား ကောင်းကောင်းကစားနိုင်သည့်အတွက် ဂုဏ်ယူနေလေသည်။ အလိမ်ခံရပြီး အပြေးပတ်ခိုင်းထားသည်မှာအချီပေါင်းများစွာပင်၊ သို့တိုင် သူလေး အရမ်းပျော်နေသည်။


ရောင်းထုတ်ခံရပြီးနောက် ရောင်းသူအတွက် ပိုက်ဆံပါရေပေးသည့် သူကဲ့သို့ပင်။


ဖူဟန် အချိန်သင့်ပြီဟု ယူဆကာ နောက်ဆုံးရပ်ခိုင်းလိုက်သောအခါ ချင်ချင်သည် ချွေးများရွှဲရွှဲစိုနေသည်။ သူမ၏ ဆံပင်အရှည်လေးများသည် စေးကပ်ကာ နီမြန်းနေသော မျက်နှာငယ်လေးတွင် ကပ်ငြိနေကြသည်။


"ချင်ချင်၊ ပင်ပန်းနေပြီလား"


ဖူဟန်သည် ချင်ချင်ကိုပွေ့ချီကာ ချွေးထွက်နေသော နဖူးထက်ဆံပင်များကို နားနောက်သို့ ညင်သာစွာသပ်တင်ပေး လိုက်ရာ သူမ၏ချောမွေ့ပြည့်စုံသော နဖူးပြင်လေပေါ် လာသည်။


"ပင်ပန်းတယ်... ပင်ပန်းတယ်"


ချင်ချင် အမေးမခံရခင်က မခံစားမိနိုင်သော်လည်း ယခုမေးလာပြီး‌နောက် လုံးဝပင်ပန်းနွမ်းနယ်နေသည်ဟု ခံစားရပြီး အိပ်ယာပေါ်လဲကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ချင်စိတ်သာ ရှိတော့သည်။


ပင်ပန်းနွမ်းနယ်မှုကြောင့် မျက်လုံးများ အနည်းငယ်မှေးစင်းနေသော သူ့လက်ထဲမှကလေးအားကြည့်ရင်း ဖူဟန်သည် ဧည့်ခန်းအလယ်ရှိ နာရီကိုကြည့်လိုက်သည်။


ကိုးနာရီခွဲ၊ ကလေးတစ်ယောက်အတွက်အိပ်ချိန်ဖြစ်သည်။


သူ သားအကြီးဆုံးအား အတိုချုပ် မှာကြားပြီးနောက် ချင်ချင်ကိုရေချိုးပြီး အိပ်ယာဝင်ရန်အပေါ်ထပ်သို့ခေါ်လာခဲ့သည်။


ချင်ချင်သည် ဖူဟန်နှင့်အတူ တစ်အိပ်သည်။ သို့သော် အသစ်ဝယ်ထားသော ကလေးအိပ်ရာသေးသေးလေးတွင် ဟာ သီးခြားအိပ်သည်။


ဖူဟန်သည် ဇနီးသည်နှင့် အတူအိပ်သည့် အိပ်ယာကြီးတွင် မအိပ်စေချင်လို့မဟုတ်ပေ၊ အမှန်မှာ ချင်ချင်သည် ထိုအိပ်ယာအားဝယ်ခဲ့သူဖြစ်ပြီး နည်းပညာအရ သူမနှင့်သာ သက် ဆိုင်သည်။


သို့သော် သူမသည် ယခုအခါ အလွန်သေးငယ်နေသဖြင့် ဖူဟန် သူ့နှင့်အတူအိပ်ပါက မတော်တဆဖိမိတာမျိုး သို့မဟုတ် မရည်ရွယ်ဘဲ နာကျင်စေမိတာမျိုး ဖြစ်မည်ကို စိုးရိမ်သည်။


ပေါ့ဆသောမိဘများကြောင့် မတော်တဆ မွေးကင်းစကလေးများ အသက်ရှူကျပ်ခြင်းသတင်းများသည် ကြားမဆုံးပင်။ ဖူဟန်၏သတိကြီးသော သဘာဝအရ ထိုသို့သော အမှားမျိုးလုပ်ရန် အခွင့်အရေးပေးမည်မဟုတ်ပေ။


ထို့အပြင် ချင်ချင် တစ်ဦးတည်းအိပ်ခြင်းသည် သူတို့နှစ်ဦးစလုံး၏နေ့စဉ်လုပ်ငန်းဆောင်တာများအတွက် ပိုမိုအဆင် ပြေသည်။


ကလေးတစ်ယောက်နှင့် လူကြီးတစ်ယောက်ကြားရှိ အချိန်ကွာခြားမှုသည် လုံးဝကွဲပြားခြားနားသည်။


အနည်းဆုံး ယခုအချိန်သည် ဖူဟန်အတွက် အလွန်စောနေသေးသည်။ သူသည် အခြားအလုပ်အချို့ကိုသေချာ ပေါက် လုပ်နိုင်သည်၊ သို့မဟုတ် စာအုပ်ဖတ်ခြင်းဖြင့်အနားယူနိုင်သည်၊ သို့မဟုတ် လက်ရှိသတင်းများကို ကြည့်ရှုနိုင်သည်။


ရေချိုးပြီးကာစနှင့် ဒိုင်နိုဆောပုံ ဝမ်းဆက်ဝတ်ထားသည့် ချင်ချင်သည် ရေချိုးခန်းထဲမှအမြန်ထွက်လာသည်။ သူမသည် လက်နှင့်ခြေများဖြင့် တွားသွား၊ ကန်ကျောက်ကာ သူ့အိပ်ယာငယ်လေးပေါ်သို့ အသံပြု၍တက်ရောက်သည်။


ဖူဟန်သည် ရေချိုးခန်းထဲမှ မထွက်လာမီ ခဏစောင့်လိုက်သည်။ သူလည်း ရေချိုးပြီး သက်သောင့်သက်သာရှိသော ညအိတ်ဝတ်စုံအားပြောင်းလဲဝတ်ဆင်ထားသည်။ သူ၏ စိုစွတ်သောဆံပင်မှ ရေများ အနည်းငယ်ကျနေဆဲဖြစ် သည်။


ရှင်းနေသည်မှာ ချင်ချင်ကို ရေချိုးပေးပြီးနောက် သူ ကိုယ် တိုင်လည်း ရေချိုးခဲ့ခြင်းဖြစ်သည်။


"ဦးဦး၊ ဦးဦး..."


ချင်ချင်သည် အိပ်ယာထဲတွင် လဲလျောင်းနေပြီးဖြစ်သည်။ ဖူဟန် ရေချိုးခန်းထဲမှ ထွက်လာသည်ကို မြင်သည်နှင့် တစ်ပြိုင်နက် "ပုံပြင်ပြောပြပါ၊ ချင်ချင် ပုံပြင် နားထောင်ချင်တယ်" ဟု ချက်ချင်း တိုက်တွန်းသည်။


"ခဏလေး စောင့်" ဖူဟန်သည် မျက်နှာသုတ်ပုဝါ ခြောက်တစ်ခုကိုယူကာ သူ့ဆံပင်များကို အနည်းငယ် ပွတ်သပ်လိုက်သည်။ ရေမစိုတော့ကြောင်းသေချာသည်နှင့် လုံးဝလျစ်လျူရှုလိုက်ကာ လေနဲ့ သူ့အလိုလို ခြောက်သွေ့ပါစေဟု ထားလိုက်သည်။


"ဘာလဲ"


ချင်ချင်သည် သူ့ မျက်ခုံးမွှေးလေးများကို တွန့်ချိုးကာ မကျေမနပ်ဖြစ်သည့်အကြည့်ဖြင့် ကြည့်နေသည်ကိုမြင်ချိန် ဖူဟန် နားမလည်စွာဖြင့် မေးလိုက်မိသည်။


"မှုတ်-မှုတ်-မှုတ် ဦးဦးက မှုတ်-မှုတ် မလုပ်ဘူး၊ ခေါင်းကိုက်လိမ့်မယ်"


ချင်ချင်သည် သူ့လက်ကို ခေါင်းပေါ်သို့မြှောက်ကာ ဆံပင်အခြောက်ခံစက် (hairdryer) အသုံးပြုသည့်ပုံစံကို အတု ယူလုပ်ပြလာသည်။


ထိုစကားကိုကြားသောအခါ ဖူဟန် ခေတ္တရပ်သွားသည်။


သူ့ဇနီးသည်မှာ ရေချိုးပြီးနောက် ချက်ချင်းဆံပင်အား အခြောက်ခံရန် မဟုတ်ပါက ခေါင်းကိုက်လွယ်သည်ဟု အမြဲပြောလေ့ရှိသည်ကို ရုတ်တရက် အမှတ်ရလိုက်သည်။


အကြိမ်ပေါင်းများစွာ ဖူဟန်က အလေးအနက်မထားပေ၊ သူ့ဆံပင်မှာ တိုသည်၊ လေနှင့်ထားလိုက်လျှင် မြန်မြန်ခြောက်သွားမည်ဟု ယူဆသည်။ ဆံပင်အခြောက်ခံစက်ကို အသုံးပြုခြင်းသည် အလုပ်ရှုပ်ပြီး အချိန်ကုန်သည်ဟု ထင်ခဲ့ကာ ဇနီးသည်က သူ့အတွက် ဆံပင်အခြောက်ခံစက်ကို ကောက်ယူ၍ မှုတ်ပေးရန် အတင်းအကျပ်ခိုင်းရသည်အထိပင်။


ဆံပင်အခြောက်ခံစက်သည် အိပ်ယာဘေးတွင် အလေ့ အထအရ ထားရှိဆဲဖြစ်သည်။ သို့သော် အလေ့အထအရ ညည်းညူကာ ညှိုးငယ်စွာဖြင့် ဆံပင်အခြောက်ခံစက်ကို ကောက်ယူပြီး သူ့ဆံပင်ကို မှုတ်ပေးလေ့ရှိသူသည် ယခုအခါ ထိုမျှလေးသော စက်ကိုပင် ကောက်ယူနိုင်တော့မည် မဟုတ်ပေ။


မဟုတ်ပါ၊ ကောက်ယူနိုင်သည့်တိုင် ဖူဟန် လျှပ်စစ်ပစ္စည်းများအား ထိခွင့်ပြုမည် မဟုတ်ပေ။


အတွေးများထဲတွင် ပျောက်ဆုံးနေရင်း ဖူဟန်သည် သတိမထားမိဘဲ ဆံပင်အခြောက်ခံစက်ကို ကောက်ယူကာ သူ့ဆံပင်ကို ပထမဆုံးအကြိမ် ကိုယ်တိုင်မှုတ်လိုက်သည်။


လေတိုက်ခတ်သံသည် နားထဲတွင် ကျယ်လောင်စွာ ထွက်ပေါ်နေပြီး သူ့ရှေ့က အိပ်ယာငယ်လေးပေါ်တွင်လဲလျောင်း နေသော ကလေးငယ်သည် အလွန်ချစ်စရာကောင်းသည်။


ရုတ်တရက်၊ စိတ်ခံစားမှုအရ သို့မဟုတ် သူ့ကိုယ်သူ ထိန်းထားနိုင်ခြင်း မရှိတော့ခြင်းကြောင့်လည်း ဖြစ်နိုင်သည်၊ ဖူဟန်က "ချင်ချင်၊ မင်း ဦးဦးနဲ့ ပထမဆုံးတွေ့တုန်းက တခြား ဘာတွေများကြုံခဲ့ရသေးလဲ" ဟု မေးလိုက်မိသည်။


"..." ချင်ချင် ကြောင်တောင်တောင် ဖြစ်နေပြီး နားမလည်ပေ။


သူ ဒီမေးခွန်းကို မမေးသင့်ခဲ့ချေ။


ဇနီးသည် သေးငယ်သွားရသည့် အကြောင်းရင်းကို မည်မျှပင် ရှာဖွေလိုသည်ဖြစ်စေ ဖူဟန်သည် သုံးနှစ်သမီးလေးအား ဤကဲ့သို့မေးသင့်သည်မဟုတ်ကြောင်း သိလိုက်သည်။


သူမ ဘာမှမသိချေ။ သူမသည် သေးငယ်စွာ နိုးထလာပြီး ထူးဆန်းသော ပတ်ဝန်းကျင်နှင့် ထူးဆန်းသော လူများကို ရင်ဆိုင်ခဲ့ရသည်။ ဤကလေးငယ်၏ ရင်ထဲရှိကြောက်ရွံ့မှုသည် လူကြီးများထက်မနည်းပေ။


သူမသည် အကျင့်တစ်ခုအနေဖြင့် ဖုံးကွယ်ထားခြင်း၊ နာခံဟန်ဆောင်ခြင်း၊ ထိခိုက်နာကျင်ခံရမည်ကို ကြောက်ရွံ့ခြင်းသာဖြစ်သည်။


"တောင်းပန်ပါတယ်..." 


ပါးစပ်မှ ထွက်လာသော တောင်းပန်စကားသည် တုံ့ဆိုင်းနေသော ကလေးငယ်၏ အသံလေးဖြင့် ဖြတ်တောက်ခံလိုက်ရသည်– "ချင်ချင် မသိဘူး၊ ဦးဦးနဲ့ မတွေ့ခင်က ချင်ချင် အိပ်နေတာ၊ တစ်ခုပဲ..."


သူ ကြားခဲ့ရတာက...


"တစ်ခုပဲ ဘာလဲ"


ရုတ်တရက် မျှော်လင့်ချက် တစ်စွန်းတစ်စရလိုက်ခြင်းက ဖူဟန်ကို ချက်ချင်းစိတ်လှုပ်ရှားသွားစေသည်။ ချင်ချင် ကြောက်လန့်သွားမည်စိုး၍ သူ့ကိုယ် သူ စိတ်ခံစားမှုများကို ဖိနှိပ်ကာ တတ်နိုင်သမျှ အေးဆေးတည်ငြိမ်စွာမေးလိုက်သည်။


ချင်ချင်သည် သူ့ ခေါင်းလေးကိုစောင်းလိုက်ပြီး တစ်ခုခုကို ဂရုတစိုက် သတိရနေသည့်ပုံပေါ်ကာ သူ့ မျက်နှာအမူအရာမှာ အနည်းငယ်ရှုပ်ထွေးနေသည်– "...ငိုသံ"


"ငိုသံလား ? ဘယ်သူငိုနေတာလဲ"


မျှော်လင့်ချက်သည် သူ့ရှေ့တွင် ရောက်ရှိနေသကဲ့သို့ ဖူဟန်သည် သတိမထားမိဘဲ ချင်ချင့် အိပ်ယာအနားသတ်ကို ဆုပ်ကိုင်လိုက်သည်။


ထိုစဉ်မှာပင် ပြတင်းပေါက်အပြင်ဘက်မှ ထူးခြားသော တောင်ပံခတ်သံ ရုတ်တရက်ထွက်ပေါ်လာသည်။


ဖူဟန်သည် အလန့်တကြား လှမ်းကြည့်လိုက်ပြီးနောက်မှ ချင်ချင်၏ဝမ်းသာအားရအော်သံကို ကြားလိုက်ရသည်– "ငှက်လေး!"


စာကလေးငှက်တစ်ကောင် ဖြစ်နေသည်။


နွေရာသီတွင် အထူးသဖြင့် ဖူမိသားစုနေထိုင်သည့် ဗီလာနယ်မြေရှိ သစ်ပင်စိမ်းလန်းမှုများက အလွန်ကောင်းမွန်စွာ ပြုလုပ်ထားသောကြောင့် အမျိုးမျိုးသော ထောင့်များတွင် ငှက်များနှင့် သားရဲတိရစ္ဆာန်များ အမြဲပေါ်လာတတ်ပြီး၊ ထို့ကြောင့် သေးငယ်သော တိရစ္ဆာန်များပိုမိုပေါ်လာခြင်းသည် ပုံမှန်ဖြစ်သည်။


သက်ပြင်းချကာ စိတ်သက်သာရာရသွားသည့် ဖူဟန်သည် လှည့်ပြန်ကြည့်လိုက်ရာ ချင်ချင်သည် သူမ၏မျက်လုံးများကို ပွတ်သပ်နေသည်ကို မြင်လိုက်ရသည်။ သူမ၏ မျက်ခွံများမှာ အနည်းငယ် နီရဲကာ စိုစွတ်နေပြီး သန်းဝေခြင်းကြောင့် ကျန်ခဲ့သော အမှတ်အသားများဖြစ်နေပုံရသည်။


သူ ပင်ပန်းနေပြီ။


"ပင်ပန်းရင်အိပ်လိုက်တော့ ချင်ချင်"


ညင်သာစွာ သက်ပြင်းချရင်း ဖူဟန်သည် ချင်ချင်အား စောင်ခြုံပေးကာ ကလေးပုံပြင်စာအုပ်တစ်အုပ်ကို ယူ၍ သူ၏နက်ရှိုင်းပြီး သာယာသောအသံဖြင့် လှပပြီး အပြစ်ကင်းသော ပုံပြင်တစ်ပုဒ်ကို ဖြည်းညှင်းစွာပြောပြသည်။


ချင်ချင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားမှသာ ဖူဟန် စာအုပ်ကိုပိတ်ကာ တိတ်ဆိတ်စွာ အခန်းထဲမှ ထွက်ခွာပြီး စာကျက်ခန်းသို့ သွားခဲ့သည်။


စာကျက်ခန်းထဲတွင် စားပွဲပေါ်ရှိ ကွန်ပျူတာသည် ဖွင့်ထားဆဲဖြစ်သည်။


ဖူဟန်သည် ကွန်ပျူတာတွင် ထိုင်လိုက်ပြီး မျှော်လင့်ထားသည့်အတိုင်း မဖတ်ရသေးသော အီးမေးလ် အကြောင်း ကြားချက်များစွာ လင်းလက်နေသည်ကို တွေ့လိုက်ရသည်။


-


စောစောအိပ် စောစောထ။


ချင်ချင်သည် မနက်စောစော နိုးလာပြီး အိပ်ယာပေါ်တွင် ခဏမျှ တစ်ယောက်တည်း ကစားနေခဲ့သည်။ တကယ်ကို ပျင်းစရာကောင်းသည်ကို တွေ့ရှိသောအခါ လှည့်ကြည့်လိုက်ရာ ဖူဟန်သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်နေဆဲဖြစ် ကြောင်း တွေ့ရသဖြင့် သူ အိပ်ယာထဲမှ ကိုယ်တိုင် ဆင်းလိုက်သည်။


သူမသည် စွန့်စားခန်းထွက်တော့မည်!


မနက်စောစော၏တိတ်ဆိတ်မှုတွင် တံခါးဖွင့်သည့် သိမ်မွေ့သောအသံသည် အဆုံးမရှိ ချဲ့ကားလာသည်။


တံခါးနောက်တွင် သေးငယ်ပြီး အမွေးနုများရှိသော ခေါင်းတစ်ခု ချောင်းကြည့်လာပြီး ဘယ်ညာကြည့်ကာ ပြန်ဝင်သွားသည်။ ထို့နောက် မကြာခင်မှာပင် ပြန်ထွက်လာသည်။


လျှို့ဝှက်စွာ စောင့်ကြည့်ခြင်း။


ရန်သူကို လှည့်ပတ်ကြည့်ရှုနေသော ရှေ့ပြေး ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ကလေးငယ် ချင်ချင်သည် သူမ၏း ထူး ခြားသော 'အင်တာနာ' ကို အသုံးပြု၍ အပြင်ဘက်တွင် အန္တရာယ်မရှိကြောင်း ဆုံးဖြတ်ပြီးနောက် သတိကြီးစွာဖြင့် အခန်းထဲမှ လျှောထွက်လာသည်။


သူမသည် ဖိနပ်မစီးထားဘဲ ပေါင်မုန့်ဖြူလေးများကဲ့သို့ သူ့ ခြေထောက်လေးများသည် အပြင်သို့ ထွက်နေပြီး ကြောင်တစ်ကောင်ကဲ့သို့ တိတ်ဆိတ်စွာ လျှောက်သွားသည်။


ယခင်က ဖော်ပြခဲ့သည့်အတိုင်း ဖူမိသားစု အိမ်သည် ကြီးမားသည်။


သုံးထပ်မြင့်ပြီး အဓိကနေထိုင်ရာ အခန်းများနှင့် လိုအပ်သော လုပ်ငန်းဆောင်ရွက်သည့် အခန်းများအပြင် အခြားအခန်းများစွာ ရှိသေးသည်။


ဤအခန်းများထဲမှ အချို့ကို အဝတ်လဲခန်းကြီးများအဖြစ် ပြောင်းလဲထားသည်၊ အချို့ကိုမူ မိသားစုအားကစားခန်းမအဖြစ် ပြောင်းလဲထားသည်၊ သဘာဝအတိုင်းပင် အရေးအကြီးဆုံး သိုလှောင်ခန်းများလည်းရှိသည်။


ချင်ချင်၏ စူးစမ်းရှာဖွေမှုသည် သူမ တစ်ခါမှ ခြေမချဖူးသော ဤ 'လျှို့ဝှက်ဆန်းကြယ်သော' အခန်းများကို အာရုံစိုက်နေသည်။


လုံးဝကျပန်းရွေးချယ်ကာ ချင်ချင်သည် အိပ်ခန်း၏ ဘယ်ဘက်ခြမ်းရှိ အခန်းတံခါးကို ဖွင့်လိုက်သည်။


အိမ်ရှိ တံခါးအများစုကို လော့ခ်မချထားဘဲ ဤတံခါးလည်းအလားတူပင်။ ချင်ချင်သည် ၎င်းကို အလွယ်တကူ တွန်းဖွင့်လိုက်သည်။


ရွှေရောင်နေရောင်ခြည်သည် စီးဝင်လာပြီး အဖြူရောင် ဇာစကတ်ပေါ်သို့ တောက်ပစွာ ကျရောက်သည်။ ရှည်လျားပြီး သွယ်လျသော အရိပ်တစ်ခုသည် ချင်ချင်၏ ခြေထောက်များအထိ ကွေ့ကာ သူ့ ကိုယ်ပိုင်အရိပ်ငယ်နှင့် ထပ်နေသည်။


"ဘယ်သူလဲ" သိလိုစိတ်ဖြင့် ချင်ချင်သည် သူမ၏ရှေ့တွင်ရှိသော သွယ်လျပြီး လှပသော ပုံရိပ်ကို ကြည့်လိုက်ပြီး မေးခွန်းများဖြင့် ပြည့်နှက်နေသည်။


ဒီအိမ်မှာ တခြားလူတွေ နေနေတာလား။


ထိုပုံရိပ်သည် ကုလားကာနောက်တွင်ရပ်နေပြီး တစ်ဝက် တစ်ပျက် ဖုံးအုပ်ထားသည်။ မနက်ခင်းလေပြည်မှ အထည်ကို တိုက်ခတ်လိုက်သောအခါ ပုံရိပ်သည် မရေ မရာ ပေါ်လာပြီး ရှင်းရှင်းလင်းလင်း မြင်ရန်ခက်ခဲစေ သည်။


စူးစမ်းချင်စိတ် ပြင်းပြလာသောကြောင့် ချင်ချင်သည် ရှေ့သို့ မလျှောက်ဘဲ မနေနိုင်ပေ။ သူ့လက်သေးသေးလေးသည် ကုလားကာကို ဆုပ်ကိုင်ကာ ဘေးသို့ ဆွဲဖယ်လိုက်သည်။


"ဟင် ? လူ မဟုတ်ဘူးလား"


ချင်ချင်သည် "အဲ" ဟု အသံငယ်လေး တစ်ချက် ပြုလိုက်ပြီး အနည်းငယ် စိတ်ပျက်စွာဖြင့် ကုလားကာကို ချလိုက်သည်။


ကုလားကာနောက်တွင် ခမ်းနားထည်ဝါသော မင်္ဂလာဝတ်စုံကိုဝတ်ဆင်ထားသည့် အရုပ်တစ်ခုဖြစ်နေသည်။


ထိုအရုပ်သည် လှပစွာဖန်တီးထားပြီး ကုလားကာဖြင့် ကွယ်ဝှက်ထားသောကြောင့် ချင်ချင်သည် မတော်တဆ လူတစ်ဦးဟု မှားယွင်းထင်ခဲ့ခြင်းဖြစ်သည်။


သူမသည် ပတ်ပတ်လည်ကို ကြည့်လိုက်ရာ အခန်းထဲတွင် ဘာမှမရှိသည်ကို တွေ့လိုက်ရသည်။


မင်္ဂလာဝတ်စုံ အရုပ်အပြင် ကြမ်းပြင်ပေါ်တွင် ဖွင့်မထားသေးသော ပို့ဆောင်ရေးပုံး (delivery boxes) အနည်းငယ်သာ ပြန့်ကျဲနေပြီး ၎င်းတို့အတွင်း၌ ဘာတွေရှိသည်ကို သူမ မသိပေ။


သူများပစ္စည်းတွေကို နှောင့်ယှက်ခြင်းက ရိုင်းသည်။ ထို့ ကြောင့် ချင်ချင်သည် ပို့ဆောင်ရေးပုံးများကို ထိခြင်းမှ ယဉ်ကျေးစွာ ရှောင်ကြဉ်ခဲ့သည်။


တစ်ချက်ကြည့်ရုံဖြင့် မြင်ရသော အခန်းသည် စိတ်ဝင်စားစရာ မရှိပေ။


ချင်ချင်သည် ဆုတ်ခွာပြီး အခြားနေရာတွင် ဆက်လက် စူးစမ်းရန် ဆုံးဖြတ်လိုက်သည်။


သို့သော် သူ လှည့်လိုက်သောအခါ ဖူစစ်ကျင်းနှင့် မျက်နှာ ချင်းဆိုင် ဖြစ်ကာ လက်ပူးလက်ကျပ်ဖမ်းမိသွားရသည်။


"ချင်ချင်၊ ဒီမှာ ဘာလုပ်နေတာလဲ"


ဖူမိသားစု၏အားကစားခန်းမသည် တတိယထပ်တွင်ရှိပြီး ချင်ချင်နှင့် ဖူဟန်တို့ နေထိုင်ရာအထပ်ဖြစ်သည်။


ဖူစစ်ကျင်းတွင် မနက်ခင်း လေ့ကျင့်ခန်းလုပ်သည့်အလေ့ အထရှိသည်။ ယနေ့တွင် အပြင်ဘက်၌ မိုးအနည်းငယ်ရွာနေသဖြင့် သူသည် ပြေးလွှားခြင်း မလုပ်ဘဲ အိမ်ရှိအားက စားခန်းမတွင် လေ့ကျင့်ခန်း လုပ်ခဲ့သည်။


သူလေ့ကျင့်ခန်း ပြီးဆုံး၍ထွက်လာသောအခါ တစ်ဖက် တံခါး ပွင့်နေသည်ကို တွေ့ရသည်။ သံသယဖြစ်၍ သွား ရောက်စစ်ဆေးကြည့်ရာ ဒိုင်နိုဆောလေးတစ်ကောင် ပြေးလွှားနေသည်ကို ဖမ်းမိခဲ့သည်။


"ချင်ချင်က လိုက်ကြည့်နေတာ"


ဖမ်းမိသွားသည့်အတွက် လုံးဝမတုန်လှုပ်ဘဲ ချင်ချင်သည် ဖူစစ်ကျင်းကို တွေ့လိုက်ရသောအခါ အတော်လေး ပျော်ရွှင်သွားသည်။ နောက်ဆုံးတော့ တစ်ယောက်ယောက်က သူမနှင့်အတူ ကစားနိုင်ပြီ။


သူ ဖူစစ်ကျင်းဆီသို့ တလှုပ်လှုပ်သွားကာ ပွေ့ဖက်ရန် လက်လှမ်းလိုက်သည်။


ဖူစစ်ကျင်းသည် ရေမချိုးရသေးဘဲ ချွေးများရွှဲနေသဖြင့် ချင်ချင်အား ပွေ့ဖက်ရန်မသင့်တော်ပေ။ သူသည် သူမ၏ လက်သေးသေးလေးကိုသာယူနိုင်ပြီး ညင်သာစွာဆုံးမရင်း ခေါ်ထုတ်သွားခဲ့သည်။


 "ဒီနောက်ပိုင်း မင်း ဟိုပြေးဒီပြေးနဲ့ လူတွေကို စိတ်ပူ အောင်မလုပ်တော့နဲ့"


"ဟုတ်-ဟုတ်" ချင်ချင်က လိုက်နာမှု အပြည့်ဖြင့် ခေါင်းငြိမ့်လိုက်သည်။


ထွက်လာပြီးနောက် မတော်တဆ ပွင့်နေခဲ့သော တံခါးအား ပိတ်ရန်ပြင်နေသည့် ဖူစစ်ကျင်းသည် အတွင်းသို့ မသိစိတ်မှကြည့်လိုက်မိသည်။


"တော်တော်လေး သန့်ရှင်းနေတာပဲ”