Ch 4
Viewers 3k

🍼 Chapter 4

🍼 Qingqing Throws the Check




Delivery ၏ အမြန်နှုန်းသည် ဘယ်သောအခါမှစိတ်ပျက်စေခြင်းမရှိပေ။


နာရီဝက်ကြာပြီးနောက် ချင်ချင် သူ့ ခြေထောက်လေးများကို တွဲလောင်းချကာ ဖူစစ်ကျင်း၏ရုံးခန်းထိုင်ခုံတွင် ထိုင်နေပြီး၊ သရက်သီးစားရင်း သူ့ တက်ဘလက်ပေါ်တွင် *Peppa Pig* အားကြည့်နေလေသည်။


သူလေး အလွန်အာရုံစိုက်နေသောကြောင့် သူ့ကို ဂရုစိုက်ရန် ခေါ်ယူထားသော အန်တီချန်မှ ရေအိမ်သွားမည်ဖြစ်ကြောင်း ပြောပြီး ခဏတစ်ဖြုတ် တစ်ယောက်တည်းနေရန်တောင်းဆိုသည်ကိုပင် မကြားလိုက်ချေ။


"ဘုန်း" တင်းတင်းကျပ်ကျပ်ပိတ်ထားသော ရုံးခန်းတံခါးအား ရုတ်တရက်တွန်းဖွင့်လိုက်သည်။


ရုတ်တရက် ကျယ်လောင်သောအသံကြောင့် ချင်ချင် လန့်သွားပြီး တက်ဘလက်ကို "ဒုန်း" ခနဲကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားစေသည်။


တစ်ဝက်တစ်ပျက်စားပြီးသော သရက်သီး အတုံးသေးသေးလေးသည်လည်း တက်ဘလက်ဖြင့် ပိမိပြီးနောက် ကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားသည်။


"ကော၊ မား ဘာလုပ်ခဲ့တယ်ဆိုတာ ကော သိလား...?"


ဒေါသတကြီးဖြင့် သူ့အစ်ကို ရုံးခန်းထဲသို့ဝင်ရောက်လာသော ဖူစစ်ချန်သည် သူ့ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ရုံးခန်းထိုင်ခုံတွင် ကွေးနေသော Totoro လေးကို အံ့အားသင့်စွာ စိုက်ကြည့်နေမိသည်။


"မင်း ဘယ်သူလဲ ? ငါ့ကော တိတ်တိတ်ပုန်းမွေးထားတဲ့ သမီးလား"


"ကော်ကော် ပျောက်သွားပြီ..."


ချင်ချင်သည် သူ့အား တံခါးဝတွင် လန့်သွားစေခဲ့သော အပြစ်ရှိသူကို လုံးဝလျစ်လျူရှုလိုက်ပြီး မြေပြင်ပေါ်ရှိရှုပ်ပွနေသည်များကို တွေဝေစွာစိုက်ကြည့်နေသည်။ သူလေး၏ အကြည့်သည် ဗလာဖြစ်နေသော သစ်သီးဗူးနှင့် မြေပေါ်ပြန့်ကျဲနေသော သရက်သီးများကြားသို့ ရွေ့လျားသွားသည်။


တဖြည်းဖြည်းနှင့် သူ့ မျက်လုံးများနီရဲလာသည်။


သုံးစက္ကန့်ကြာပြီးနောက် ~


"ဝါး..."


ကလေးတစ်ဦး၏ငိုသံ ရုတ်တရက် ပေါက်ကွဲလာမှုက ဖူစစ်ချန်ကိုလန့်သွားစေပြီး ထိုနေရာမှ ထွက်ပြေးလုနီးပါးဖြစ်စေခဲ့သည်။ ၎င်းသည် အစည်းအဝေးမှ ယခုလေးတင်ပြန်ရောက်လာသော ဖူစစ်ကျင်းအားလည်းလန့်သွားစေသည်။


သူ့အမူအရာ အနည်းငယ်ပြောင်းလဲသွားပြီး သူ့ အတွင်း ရေးမှူးကျန်းကို ချက်ချင်းချန်ရစ်ကာ ငိုသံ၏ရင်းမြစ်ဆီသို့အမြန်ပြေးသွားရသည်။


နောက်ကျန်ရစ်ခဲ့သော အတွင်းရေးမှူးကျန်းသည် ဥက္ကဋ္ဌလက်မှတ်ထိုးရမည့် စာရွက်စာတမ်းများစွာကိုကိုင်ထားဆဲဖြစ်သော်လည်း လက်ရှိအခြေအနေကို မြင်သောအခါ...


သူသည် စာရွက်စာတမ်းများကို ကျွမ်းကျင်စွာပိတ်လိုက်ပြီး အတွင်းရေးမှူးရုံးခန်းသို့ လှည့်ပြန်သွားသည်။


သူဌေးအိမ်မှ ကောလာဟလများကို မျိုချရန်မလွယ်ကူသော် လည်း မထိခိုက်မိစေရန် သတိထားရပေမည်။


"မင်း ဘာလုပ်နေတာလဲ"


သူ့တိတိ တံခါးဝအားပိတ်ဆို့နေသည်ကို မြင်သောအခါ ဖူစစ်ကျင်း အေးစက်စွာမေးလိုက်သည်။


"ကော"


ဖူစစ်ချန် ခေါင်းလှည့်လိုက်ရာ ဖူစစ်ကျင်းကိုမြင်လိုက်ရသည်။ သူသည် တစ်ခုခုမှားယွင်းလုပ်ဆောင်ခဲ့မိသော ဆိုးသွမ်းသည့် ကလေးတစ်ဦးသဖွယ်ဖြစ်သွားရပြီး ရှင်းပြလို့မရနိုင်အောင် အပြစ်ရှိသလိုခံစားရစေသည်။


သို့သော်ငြား ယနေ့ သူ လာရောက်ရခြင်း၏ရည်ရွယ်ချက်ကို အမှတ်ရမိသောအခါ ချက်ချင်းဆိုသလို ဒေါသများဖုံးလွှမ်းသွားပြီး သူ့အစ်ကိုအား ဒေါသတကြီးပြန်ပြောလာသည်– "ကော၊ အဲ့မိန်းမက ငါ့ ချစ်သူကို ဘာလုပ်ခဲ့တယ်ဆိုတာ ကော သိပြီးသားလား"


ဖူစစ်ကျင်း သူ့ကို အေးစက်စွာ လျစ်လျူရှုလိုက်ပြီး ဖူစစ်ချန်ကိုကျော်လွန်၍ တစ်လှမ်းတိုးကာ ရှိုက်ကြီးတငင်ငိုနေသော ချင်ချင်ဆီသို့ ချက်ချင်းသွားလိုက်သည်။ သူ သူမလေးကို ဂရုတစိုက်ကောက်ယူလိုက်ပြီး သူလေးနောက်ကျောငယ်ကို အဆင်မပြေစွာ ပုတ်ပေးကာချော့မော့လိုက်သည်– "မငိုပါနဲ့"


"စစ်... ဟစ် ~ ဟစ်~  စစ်ကျင်းလေး၊ ကြောက်တယ်... လူဆိုးတွေက ချင်ချင်ကိုလန့်အောင်လုပ်တယ်... ကော်ကော် ပျောက်သွားပြီ..."


ချင်ချင်သည် ဖူစစ်ကျင်းကိုမြင်သည်နှင့် ချက်ချင်းဆိုသလို သူ့ရင်ခွင်ထဲသို့မှီလိုက်ပြီး သူမ၏ကြာစွယ်လက်သေးသေးလေးများဖြင့် သူ့ လည်ပင်းကိုရစ်ပတ်ထားကာ သူ့လက်သေးသေးလေးများက သူ့ကျောကို ဆုပ်ကိုင်ထားပြီး သနားချင်စဖွယ် တိုင်တောလို့နေသည်။


ကြမ်းပြင်ပေါ်ရှိ ရှုပ်ပွနေသည်များကိုကြည့်လိုက်ပြီး သူ အစောပိုင်းကြားခဲ့ရသော ဆူညံသံနှင့် ပေါင်းစပ်လိုက်သော အခါ ဖူစစ်ကျင်း ဖြစ်ပျက်ခဲ့သည်ကို ခန့်မှန်းလိုက်နိုင်သည်။


သူသည် အေးစက်သော မျက်လုံးများကို အနည်းငယ်မြှင့်တင်လိုက်ပြီး ဖူစစ်ချန်ကိုသတိပေးသည့် အကြည့်ဖြင့် စိုက်ကြည့်ကာ တိတ်ဆိတ်နေရန်နှင့် နောက်မှပြောရန်အချက်ပြလိုက်သည်။ ထို့နောက် သူ ချင်ချင်အား ဘေးရှိအနားယူခန်းသို့ ခေါ်ဆောင်သွားလိုက်သည်။


"ချင်ချင်၊ ဒီမှာ ခဏလေး တစ်ယောက်တည်းကစားနေမလား ? ငါ မင်းကို နောက်မှအရသာရှိတာ စားဖို့ခေါ်သွားပေးမယ်နော်"


ဖူစစ်ကျင်းသည် ချင်ချင်အားနူးညံ့သော အိပ်ရာပေါ်တွင် ထားလိုက်ပြီး သူလေး ပြုတ်ကျမသွားစေရန် စောင်များနှင့်ခေါင်းအုံးများကို သူမ ပတ်လည်သို့ဆွဲယူလိုက်သည်။


"လူ...လူဆိုးတွေက ချင်ချင့်ကို အနိုင်ကျင့်တယ်"


ချင်ချင်၏လက်သေးသေးလေးများသည် ဖူစစ်ကျင်း၏ ရှပ်အင်္ကျီလက်ကိုဆွဲထားပြီး သူလေး မျက်လုံးများနီရဲနေဆဲဖြစ်သော်လည်း တိုင်တောရန်လည်းမမေ့ချေ။


သူမလေးသည် အငြိုးတေးထားတတ်သည်။


သူ့အားအနိုင်ကျင့်သူတိုင်းကို ချင်ချင်၏မှတ်စုစာအုပ်လေးထဲတွင် မှတ်သားထားမည်ဖြစ်သည်။


"စိတ်မပူနဲ့၊ ငါ မင်းကို သူ့ကိုရိုက်ဖို့ကူညီပေးမယ်" ဖူစစ်ကျင်း အေးဆေးတည်ငြိမ်စွာ ကတိပေးလိုက်သည်။


"သိပ်...သိပ်မရိုက်ပါနဲ့၊ လူတွေကို ရိုက်တာက နာတယ်၊ ဒီလိုမျိုး ညင်ညင်သာသာလေးပုတ်ပေးရုံပါပဲ" ချင်ချင် လက်ဟန်ပြပြီး ဖူစစ်ကျင်းအား "ညင်သာစွာ ပုတ်ခြင်း" ဆိုသည်မှာ မည်မျှညင်သာကြောင်း နားလည်စေရန်ကြိုး စားလိုက်သည်။


သူ့ကို ထိသလိုမျိုးပေါ့။


"ဘယ်လိုတောင် စိတ်ပျော့တဲ့ အသေးလေးလဲ ?"


ဖူစစ်ကျင်း တိုးညင်းစွာ ရယ်မောလိုက်ရင်း လက်လှမ်းမီကာ ချင်ချင့် ဦးခေါင်းကို ညင်သာစွာပုတ်ပေးပြီးနောက် လှည့်ထွက်သွားသည်။


ချင်ချင် သူ့ခေါင်းကိုဖုံးအုပ်လိုက်ပြီး ပိတ်ထားသော တံခါးကိုစိုက်ကြည့်နေသည်။ သူ့ မျက်လုံးများကလျင်မြန်စွာ ရွေ့လျားနေပြီးနောက် ရုတ်တရက်ပြုံးလိုက်သည်။


သူ စောင်များထဲမှရုန်းထွက်ပြီး အိပ်ရာအောက်ရှိ ချောက် ကမ်းပါးကဲ့သို့ထင်ရသောနေရာသို့ မျက်နှာမူလိုက်သည်။ ကြာမြင့်စွာ စိတ်ပိုင်းဆိုင်ရာပြင်ဆင်ပြီး သတ္တိတချို့စုဆောင်းပြီးနောက်၊ သူ ဖြည်းဖြည်းချင်းလှည့်လိုက်ပြီး သူ့ တင်ပါးသေးလေး ရွေ့လျားကာ သူ၏ နူးညံ့သော ခြေချောင်းများသည် "ချောက်ကမ်းပါး" ၏အစွန်းကို အကြိမ်ကြိမ် စူးစမ်းလိုက်သည်။ သူလေး ဧရိယာတဝှိုက်အားစူးစမ်းပြီး လုံခြုံကြောင်းအတည်ပြုချက်ရပြီးနောက် သူ အိပ်ရာအစွန်းမှ ဖြည်းဖြည်းချင်းလျှောချလိုက်သည်။


နောက်ဆုံးတွင် ကြမ်းပြင်ပေါ်တွင်ထိုင်နေသော ချင်ချင်သည် ချွေးသီးများကိုသုတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။


အရမ်း ပင်ပန်းတာပဲ !!


သို့သော် နိဂုံးချုပ်သည် ဝမ်းမြောက်စရာဖြစ်သည်။


သူလေး အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့သည်!


ချင်ချင် ထရပ်လိုက်ပြီး တံခါးသို့ခြေဖျားထောက်ကာ အပြင်သို့ချောင်းကြည့်ရန် အက်ကွဲကြောင်းတစ်ခုဖွင့်လိုက်သည်။


သူ့အား အစောပိုင်းထိတ်လန့်သွားစေခဲ့သော လူဆိုးကြီးသည် စစ်ကျင်းလေးနှင့်ငြင်းခုံနေပုံရပြီး အလွန်စိတ်လှုပ် ရှားနေကာ သူ၏ဖြူစင်ချောမောသောမျက်နှာပင် နီရဲလို့နေသည်။


"မင်း သိနေမှတော့ ဘာလို့ အဲ့မိန်းမကို မတားတာလဲ ?" ဖူစစ်ချန်သည် ဒေါသထွက်လွန်း၍ စိတ်ထဲရှိသမျှကိုပြောချလိုက်သည်။


" 'အဲ့ဒီမိန်းမ' ဆိုတာ ဘာကို ဆိုလိုတာလဲ ? အဲ့ဒါ မင်းရဲ့ မား! မင်း ဘယ်လိုစကားမျိုးပြောနေတာလဲ"


ဖူစစ်ကျင်း မျက်နှာမှာ အေးစက်နေပြီး သူ့ညီငယ်၏ မိခင်အပေါ် မလေးမစားပြောဆိုခြင်းကို အလွန်မကျေနပ်ပေ။


"ကျွန်တော့်မား ? ကျွန်တော့်မားက အဲ့လိုမျိုး လုပ်လိမ့်မယ် ? သူ ကျွန်တော့်ရည်းစားကို ချက်လက်မှတ်နဲ့ပစ်ပေါက်တုန်းက သူ ငါ့ကို သူ့ သားလို့ မစဉ်းစားမိဘူးလား"


ဖူစစ်ချန်၏အော်သံကြောင့် ချင်ချင့် နားများပင် နာကျင်သွားရသည်။


သူလေး မျက်မှောင်ကြုတ်လိုက်ပြီး နားများကို ပွတ်သပ်ကာ ဆက်လက်နားထောင်နေသည်။


"ဒါပေမဲ့ မင်းရည်းစားလည်း ချက်လက်မှတ်ကိုယူပြီး ပျောက်သွားတယ်လေ" ဖူစစ်ချင်းက အဓိကအချက်ကို အေးစက်စွာ ထောက်ပြလိုက်သည်– "သူ မင်းကို လုံးဝမချစ်ဘူး၊ မဟုတ်ရင် ပိုက်ဆံကြောင့် မင်းကို ထားခဲ့မှာ မဟုတ်ဘူး"


"မင်း အဓိပ္ပာယ်မရှိတာတွေ ပြောနေတာ!" 


အမြီးနင်းခံရသော ကြောင်တစ်ကောင်ကဲ့သို့ ဖူစ်ချန်သည် ချက်ချင်းပြန်ပက်လာသည်– "အန်းရန်က အဲ့လိုလူ မဟုတ်ဘူး"


သူ့ကို ဤကဲ့သို့မြင်သောအခါ ဖူစစ်ကျင်းသည် ဘာမှထပ်မပြောလိုတော့ဘဲ သူ့အား ချက်ချင်းထွက်သွားရန်ပြောလိုက်သည်– "မင်း တခြားလုပ်စရာရှိသေးလား ? မရှိရင် မြန်မြန်ထွက်သွားပါ၊ ငါ လုပ်စရာရှိတယ်"


၎င်းသည် ဆင်ခြေမဟုတ်ပေ။


သူ့ စားပွဲပေါ်တွင် မပြီးပြတ်သေးသောစာရွက်စာတမ်းများ အများအပြားပုံနေဆဲဖြစ်သည်။ အကယ်၍ သူ ယခု မပြီး စီးပါက ညတွင် အချိန်ပိုလုပ်ရမည်ဖြစ်သည်။


သူ့အစ်ကိုဖြစ်သူ၏ သဘောထားကိုကြည့်လိုက်သောအခါ ဖူစစ်ချန်သည် သူ့ဒေါသသည် သံမဏိပြားအားထိမှန်သကဲ့ သို့ ခံစားရသည်။


မီးမှာငြိမ်းသွားသော်လည်း သံမဏိပြားကမူ မရွေ့လျားဘဲ ရှိနေသည်။


သူ ကော်ဖီစားပွဲမှ ရေအေးတစ်ခွက်ကိုဆွဲယူပြီး မော့ချလိုက်သည်။ ထို့နောက် ဆိုဖာပေါ်သို့လဲကျသွားပြီး သူ့သွင်ပြင်ကို ဂရုမစိုက်ဘဲ သူ့ခြေထောက်ရှည်များကို ဆန့်တန်းလိုက်ကာ သူ့အကြည့်သည် အနားယူခန်းတံခါးဘက်သို့ ရံဖန်ရံခါ လှမ်းကြည့်နေသည်။


"ဟေ့၊ ကော အခန်းထဲက အသေးလေးက ဘယ်သူလဲ ? မင်း တကယ်ပဲ တိတ်တိတ်ပုန်းမွေးထားတဲ့ သမီးလား? မင်း, မား ရူးသွားလိမ့်မယ်"


သူ့ အစ်ကိုဖြစ်သူသည် သူ့ မိခင်၏အပြောင်မြှောက်ဆုံးသော ဖန်တီးမှုတစ်ခုဖြစ်သည်။ အကယ်၍ သူမသည် ဤဖန်တီးမှုမှ သူ့နောက်ကွယ်တွင် သေစေလောက်သောအရာတစ်ခုလုပ်ဆောင်ခဲ့ကြောင်း သိရှိပါက အကျိုးဆက်များမှာ...ဟင်း ~ ဟင်း ~


၎င်းကို ကမ္ဘာပျက်ခြင်းဟုခေါ်ဆိုလျှင်ပင် ချဲ့ကားခြင်း မဟုတ်ပေ။ အနည်းဆုံး သူ့မားနဲ့ ကောအတွက်ပေါ့။


"မင်း အတွေးလွန်နေတာ" ဟု ဖူစစ်ကျင်း မည်းမှောင်နေသောမျက်နှာဖြင့် ပြောလိုက်သည်။


"တကယ်လား ?" ဖူစစ်ချန်က သံသယရှိပုံရသည်။ 



"ဒါဆို သူက ဘယ်သူလဲ"


"ငါက နင့်မား" ချင်ချင် အခန်းတ့ခါးပေါက်မှ ချောင်း ကြည့်ကာ မနေနိုင်ဘဲဖြေလိုက်သည်။


သူ့ အတွေးမှာ အပြစ်ကင်းသည်။ စစ်ကျင်းလေးမှ သူမအား သူ့မားဖြစ်ကြောင်းပြောခဲ့သည်။ ပြီးတော့ ဒီလူဆိုးက စစ်ကျင်းလေးကို "ကော" လို့ခေါ်တယ်၊ ဒါဆို သူလည်း သူ့ရဲ့သား ဖြစ်ရမယ်။


ပြီးပြည့်စုံသော အကြောင်းပြချက်ပင်!


"အဲ့လိုဆို ငါက မင်းရဲ့အဘိုး၊ မင်း~ ငါ့ကို အခွင့်ကောင်းယူဖို့ကြိုးစားနေတဲ့ ကလေးမပဲ"


ဖူစစ်ကျင်း၏အမူအရာ အနည်းငယ်တွန့်လိမ်သွားရသည်– "ပါးစပ်ပိတ်စမ်း"


ဖူစစ်ချန်သည် သူ့မိခင်၏အဘိုးဖြစ်သည်ဆိုပါက ဒါဆို သူက ဘာလဲ ? သူ့ညီရဲ့ မြစ်လား ??


ဖူစစ်ကျင်း၏ရုတ်တရက် ဒေါသထွက်မှုကြောင့် ဖူစစ်ချန်နှင့် ချင်ချင်တို့ အလိုလိုခေါင်းလှည့်လိုက်ကြသည်။ တစ်ဦးကကြီးပြီး တစ်ဦးကငယ်ကာ ဆင်တူသောမျက်နှာနှစ်ခုသည် သူ့အား စိတ်ရှုပ်ထွေးစွာကြည့်လာကြသည်။ သိသာထင်ရှားသည်မှာ သူ အဘယ်ကြောင့် ဒေါသထွက်နေသည်ကို သူတို့ နှစ်ဦးစလုံး မခန့်မှန်းမိကြပေ။


ချင်ချင်သည် နားလည်ရန်အလွန်ငယ်သေးပြီး ဖူစစ်ချန် သည် လုံးဝသတိမထားမိပေ။


ခေါင်းကိုက်သဖြင့် နားထင်များကိုပွတ်သပ်ရင်း ဖူစစ်ကျင်းသည် ပြဿနာရှိသောအရာတစ်ခုကို မောင်းထုတ်သကဲ့သို့ လက်ဝှေ့ယမ်းပြီး သူ့ညီငယ်အား နောက်တစ်ကြိမ် မောင်းထုတ်လိုက်သည်–


"မင်း အခု သွားလို့ရပြီ၊ မင်း သူ့ကိုမတွေ့ချင်ရင် ပါး ခဏနေလာလိမ့်မယ်"


လက်ရှိတွင်ထွက်ပြေးနေသည့် အခြေအနေတွင် ရှိနေသော ဖူစစ်ချန်သည် ဤသည်ကိုကြားလိုက်သောအခါ ကြက် သေသေသွားပြီး ချက်ချင်းထရပ်၍ထွက်ပြေးတော့သည်–


"ကောင်းပြီ၊ ကော ကျွန်တော် လုပ်စရာရှိတယ်၊ ဒါကြောင့် အခု သွားတော့မယ်၊ မင်း... မင်း ပါးကို ကျွန်တော် ဒီကို လာခဲ့တာ မပြောရဘူး၊ မဟုတ်ဘူး၊ မင်း ဒီနေ့ ကျွန်တော့်ကို လုံးဝမတွေ့လိုက်ဘူးနော်"


ထို့ပြင် ထိုသို့ကြောက်တတ်သည့် ပုံစံမှာ ချင်ချင်နှင့် ထူးထူးခြားခြားဆင်တူလို့နေသည်။


"အင်း" တုံ့ပြန်မှုအဖြစ် ရိုးရိုးရှင်းရှင်း စကားလုံးတစ်လုံး သာထွက်လာသည်။


ချင်ချင် အနားယူခန်းတံခါးတွင် တဝဲဝဲလည်လည် ရှိနေ သည်ကို မြင်သောအခါ ဖူစစ်ကျင်းသည် ပျောက်ကွယ်သွားသော ဖူစစ်ချန်၏နောက်ကျောသို့ကြည့်ကာ ရုတ်တ ရက်ပြောလိုက်သည်– "မင်း စိတ်ဆိုးတာမတော်သေးဘူးလား ? အိမ်ပြန်ဖို့ အချိန်တန်ပြီမထင်ဘူးလား ?"


ကုမ္ပဏီတွင် လူတွေအများကြီးရှိနေသည်။ သူ့ မိခင်၏ အံ့ဖွယ်ဖြစ်ရပ်အား ထုတ်ဖော်ပြောပြရန်အဆင်မပြေပေ။ အိမ်တွင် ပိုအဆင်ပြေသည်။


အကယ်၍ ဖူစစ်ချန်မှ နာခံမှုရှိစွာအိမ်ပြန်ရန်ဆန္ဒရှိပါက။


"..." ဖူစစ်ချန် မဖြေပေ။ သူ ကြားလိုက်ခြင်း ရှိ၊ မရှိ မရှင်း လင်းပေ။


သူ့နောက်တွင် နှုတ်ဆက်လက်ပြနေသော ချင်ချင်ကိုပင် သူ မမြင်လိုက်ရပေ။


***


အတွင်းရေးမှူးလီသည် နေ့လယ်စာစားချိန် နီးလာလေလေ ဥက္ကဋ္ဌ၏ရုံးခန်းတံခါးတွင် Totoro ခေါင်းမှာ မကြာခဏ ပေါ်လာလေလေဖြစ်ကြောင်း သတိပြုမိသည်။


ဤတစ်ကြိမ် စာရွက်စာတမ်းများပို့ဆောင်ပြီးနောက် သူ မထွက်ခွာဘဲ တိတ်ဆိတ်စွာတံခါးဝတွင် ထိုင်နေကာ ကြောင်ကိုစောင့်နေသည်။


ခဏအကြာတွင် ချင်ချင်သည် နောက်တစ်ကြိမ်လှည့်လည် လာပြီး အပြင်ဘက်သို့ချောင်းကြည့်နေပြန်သည်။


"တစ်ယောက်ယောက်ကို စောင့်နေတာလား"


သူ့ဘေးမှ အသံကိုကြားလိုက်သောအခါ ချင်ချင်ချက်ချင်း ခေါင်းလှည့်လိုက်သည်။ အတွင်းရေးမှူးလီ ဖြစ်နေသည်ကို မြင်သောအခါ သူ ယဉ်ကျေးစွာနှုတ်ဆက်လိုက်သည်– "ဟဲလို အတွင်းရေးမှူးလီ၊ ကော"


သူမသည် ဤအရပ်ရှည်သောအမျိုးသားကို အခြားသူများ မှအတွင်းရေးမှူးလီဟုခေါ်သည်ကို အရင်ကကြားဖူးသည်။


"ဟဲလို" အတွင်းရေးမှူးလီသည် ချင်ချင်၏ခေါ်ဝေါ်ပုံကို ပြင်ဆင်ရန် အနှောင့်အယှက်မပေးဘဲ တရားဝင်စွာလက်ဆွဲနှုတ်ဆက်ရန်လက်ဆန့်လိုက်သည်။ ချင်ချင်သည် အလွယ်တကူ လက်ခံလိုက်ပြီး၊ သူ‌လေး၏ Totoro ခြေ သည်းကို သူ့လက်ထဲတွင် ထားလိုက်သည်။


သူလေး လက်သေးသေးလေးကို အနည်းငယ်လှုပ်လိုက်သောအခါ အတွင်းရေးမှူးလီ၏ အလေးအနက်ထားသော အမူအရာသည် သိသိသာသာပျော့ပျောင်းသွားသည်ကို ချင်ချင် သတိပြုမိသည်။


ဤလူသည် ကလေးများကို တကယ်ကြိုက်နှစ်သက်ပုံရသည်။


တကယ်တော့ ချစ်စရာကောင်းသည့် အရာအားလုံးကို နှစ်သက်ခြင်းသည် အတွင်းရေးမှူးလီ၏ စစ်မှန်သော ပင်ကိုသဘာဝဖြစ်သည်။


သူသည် ပုံမှန်အားဖြင့် အလွန်အလေးအနက်ထားတတ်သောကြောင့် ဤအရပ်ရှည်ပြီးချောမောသော အမျိုးသားသည် တကယ်တမ်းချစ်စရာကောင်းသော အရာများကို နှစ်သက်သူဖြစ်ကြောင်း မည်သူမျှခန့်မှန်းနိုင်မည်မဟုတ်ပေ။


ထိုစဉ် သူလေး ရှေ့မှဓာတ်လှေကားတံခါးများ ပွင့်လာပုံရပြီး ချင်ချင် အထူးတလည်နှစ်သက်သော အရပ်ရှည်ကာ ပိန်သွယ်သော ပုံရိပ်တစ်ခုထွက်ပေါ်လာသည်ကို သတိပြုမိသည်။


သူလေး မျက်လုံးများတောက်ပလာရပြီး သူ့ မိတ်ဆွေအသစ်ကို ချက်ချင်းစွန့်ပစ်ကာ သူလေး၏ခြေတိုလေးများဖြင့် ရောက်ရှိလာသူဆီသို့အပြေးသွားလိုက်သည်။


"ဦးဦး~" 


သူလေး၏ဆွဲဆန့်ထားသော ချိုမြိန်သောအသံမှာ မယုံနိုင်လောက်အောင် ချစ်စရာကောင်းသည်။


အခုလေးတင်ရောက်ရှိလာသော ဖူဟန်သည် အနည်းငယ် ရပ်တန့်လိုက်ပြီးနောက် ဒူးထောက်ထိုင်ချလိုက်ကာ ချင်ချင်၏ စိတ်အားထက်သန်သော ခုန်ပျံကျော်လွှားမှုကို ကြိုဆိုရန် သူ့လက်များကို ဖွင့်လိုက်သည်။


ချင်ချင်သည် အမြောက်ဆံလေးတစ်ခုကဲ့သို့ ဖူဟန်၏ လက်ထဲသို့ အပြေးအလွှားဝင်ရောက်လာပြီး သူ့ လည်ပင်းကိုဖက်ကာ ထပ်ခါတလဲလဲမေးမြန်းလိုက်သည်– "ဦးဦး၊ ဦးဦး မားမားနဲ့ ပါးပါးကို ချင်ချင့်ကို လာကြိုဖို့ ဖုန်းဆက်ခဲ့လား ဟင်"


ကလေးလေးသည် သူ့ မိဘများကို လွမ်းဆွတ်နေခြင်းဖြစ် သည်။


"သူတို့ကိုရှာဖို့ တစ်ယောက်ကိုပြောထားပြီးပြီ၊ ဒါပေမဲ့ မင်း နည်းနည်းတော့စောင့်ရဦးမယ်"


ကုမ္ပဏီအားထိန်းချုပ်ခြင်းကို စွန့်လွှတ်ပြီးနောက် သူ့ ယောက္ခမများသည် ကမ္ဘာပတ်၍ သူတို့၏အငြိမ်းစားဘဝကို ပျော်ရွှင်စွာဖြတ်သန်းနေကြပြီး နှစ်သစ်ကူးပွဲတော်အတွက်သာအိမ်ပြန်လာတတ်ကြသည်။ အခြားအချိန်များတွင်မူ ၎င်းတို့ကိုရှာတွေ့ရန် အတော်လေးခက်ခဲသည်။