Ch 17
Viewers 2k

🥝 Chapter 17


ဝိညာဉ်စွမ်းအား စစ်ဆေးခြင်း အခန်း ကန့်လန့်ကာကြီး ပွင့်သွားသည်နှင့် စုကျီကျီသည် စုကျို ဝှီးချဲကိုအထဲသို့ အလောတကြီး တွန်းပို့လိုက်သည်။


အခန်းထဲသို့ ရောက်သည်နှင့် ကြမ်းပြင်ပေါ်တွင် ခင်းကျင်းထားသော အရောင်အသွေးစုံလင်သည့် ပိုးထည်ယက်လုပ်မှု ပုံစံကားချပ်များကို စုကျို မြင်လိုက်ရသည်။ အဝင်ဝနံပါတ်ဘေးရှိ နံရံတွင်မူ “ပိုးကောင်သည် သေသည်အထိ ပိုးမျှင်ကို ငင်သည်” ဟု အနုပညာဆန်သော လက်ရေးဖြင့် ရေးထိုးထားသည့် လိပ်စာချပ်တစ်ခု ချိတ်ဆွဲထားသည်။


ထိုဆိုင်းဘုတ်အောက်တွင် ‘ဝိညာဉ်ပိုးထည်ယက်လုပ်သူ’ အမျိုးသားနှင့် အမျိုးသမီးတို့အတွက် အဓိက အသက် မွေးဝမ်းကျောင်း တိုးတက်မှုဇယား ငါးခုဖြစ်သည့် - ပိုးစာစိုက်ပျိုးခြင်း၊ ပိုးကောင်မွေးမြူခြင်း၊ ပိုးမျှင်ငင်ခြင်း၊ ကတ္တီပါယက်လုပ်ခြင်းနှင့် အထည်ချုပ်ခြင်း တို့ကိုဖော်ပြထားသည်။


စုကျိုက ထိုဇယားများကို တစ်ချက်ကြည့်လိုက်ပြီးနောက် အခန်းထောင့်ရှိ အသက်မွေးဝမ်းကျောင်း ဇယားများနောက်မှ ငုံ့ကြည့်နေသော ကျောက်လှေကားရိပ်တစ်ခုကို သတိပြုမိသွားသည်။


သူမ မျက်ခုံးပင့်လိုက်မိသည် - ‘ဒီနေရာက အပေါ်ထပ်ကို တိုက်ရိုက်သွားလို့ရတာလား?’


“ရောက်လာပြီလား?”


ကျောက်လှေကားထောင့်မှ ရွှင်လန်းသောအသံတစ်ခု ထွက်ပေါ်လာပြီးနောက်၊ ဆံပင်ဖြူဖြူနှင့် လယ်သမားတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးသည် စက္ကူထုပ်တစ်ထုပ်နှင့် စုတ်တံတစ်ချောင်းကို ကိုင်ဆောင်ကာ ထွက်လာသည်။


“အုပ်ချုပ်ရေးမှူးတောက် ” စုကျီကျီနှင့် စုရှင်းချန်တို့က ယဉ်ကျေးစွာ နှုတ်ဆက်လိုက်ကြသည်။


စုကျို ခေါင်းညိတ်ပြကာ သူတို့နောက်မှ လိုက်လာခဲ့သည်။ ဆံပင်ဖြူအဘိုးအိုသည် သူ့ ‘လူတစ်ရာအုပ်ချုပ်ရေးမှူး’ အဆင့်အတန်းကို ဖော်ပြသည့် ကြေးညိုရောင် ပိုးစာရွက်ဆွဲသီးကို ခါးတွင်ချိတ်ဆွဲထားပြီး ရိုးရှင်းသောအသွင် ရှိသည်။ သို့သော် စုကျို သတိထားမိသည်မှာ သူ့လက် ကောက်ဝတ်ရှိ ကြေးညိုရောင် ဝိညာဉ်စမ်းသပ်လက်ပတ်တွင် ပိုးစာရွက်ကိုးရွက်မှာ လင်းထိန်နေခြင်းပင်။


သူသည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အဆင့် ၉  သို့ ရောက်ရှိနေပြီး နောက်ထပ်အဆင့်သို့ တက်လှမ်းရန် နီးစပ်နေသူဖြစ်သည်။


တောက်ရန် သူတို့သုံးဦးကိုပြုံးလျက် ခေါင်းညိတ်ပြလိုက်ပြီး စုကျီကျီခါးမှ ဝိညာဉ်လယ်သမားသစ်သားပြားကို ကြည့်ကာ အံ့အားသင့်မှုကို မဖုံးကွယ်နိုင်တော့ပေ - “မဆိုးဘူးပဲ ကောင်မလေး၊ တစ်ရက်တည်းနဲ့ အဆင့် တော်တော်တက်လာတာပဲ။”


စုကျီကျီ ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည် - “ဒါတွေအားလုံးက ကျီကျီရဲ့ကျဲ ကူညီပေးလို့ပါ”


တောက်ရန်မှာ အံ့အားသင့်သွားပြီး မျက်ခုံးပင့်လိုက်မိ သည်။ ထို့နောက် ဝှီးချဲပေါ်ရှိ စုကျိုကို သေသေချာချာ ကြည့်လိုက်သည် - “မနေ့ညက ငါ သတင်းရတော့ ‘ကောင်းမှုဆိုးမှု မှတ်တမ်းရုံး’ က မှားနေတာလို့တောင် ထင်မိသေးတယ်၊ စုကျို... ခုနစ်နှစ်တောင် တိတ်ဆိတ်နေပြီးမှ နောက်ဆုံးတော့ နင့်ရဲ့ ပါရမီက နိုးထလာပြီပေါ့ ? မနေ့ညက နိုးထလာတဲ့ ဝိညာဉ်စွမ်းအင်က နင့်ညီမလေးကို ကူညီပေးလိုက်တာလား ?”


“အဲ့ဒီလိုပဲ ပြောရမှာပေါ့” စုကျိုက တည်ငြိမ်စွာ ဆိုသည်။


တောက်ရန် မျက်နှာခက် ဝမ်းသာမှုများပေါ်လွင်လာသည် - “ဒီတစ်ခါ ဒဏ်ရာရပြီးမှ နောက်ဆုံးတော့ နင် လူလား မြောက်လာပြီပဲ၊ လူတွေပြောသလို ‘ကံဆိုးခြင်းနဲ့ ကံကောင်းခြင်းက ဒွန်တွဲနေတယ်’ ဆိုတာ တကယ်ပဲ၊ ကောင်းတယ်!”


စုကျိုတည်ငြိမ်သော မျက်နှာပေးမှာ အနည်းငယ်ပျက် ယွင်းသွားသည်။ သူပြောပုံအရဆိုလျှင် ဤအုပ်ချုပ်ရေးမှူး တောက်သည် မူလပိုင်ရှင် ယခင်ကလုပ်ခဲ့သည့် မိုက်မဲမှုများကို အများကြီးကြားဖူးပုံရသည်။


“ငါ အရင်ကလည်း ပြောဖူးပါတယ်၊ နင့်မောင်နှမတွေက ငယ်သေးတယ်၊ နင်က မိသားစုအကြီးအကဲပီပီတာဝန်ယူရမယ်လို့”


တောက်ရန်သည် ယခင်က သူမကို အကြိမ်ကြိမ်ဖျောင်းဖျခဲ့ဖူးသော်လည်း မအောင်မြင်ခဲ့သည်မှာ သိသာလှသည်။


“ကဲ... စကားတွေ အများကြီးမပြောတော့ဘူး၊ အလုပ်ကိစ္စ စကြရအောင်”


သူ့ အင်္ကျီလက်ထဲမှ ဝိုင်းစက်နေသော မှတ်တမ်းတင်ကျောက်တုံး လေးတုံး ထွက်ပေါ်လာသည်။ ၎င်းတို့သည် လေထဲတွင် တဖြည်းဖြည်း မြင့်တက်သွားပြီး စုကျို၏ ပတ်ပတ်လည်တွင် ဝိုင်းရံလျက် အရပ်လေးမျက်နှာလုံးမှ လင်းထိန်လာကြသည်။


“စုကျို... နင့်ရဲ့ ဝိညာဉ်စမ်းသပ်မှု ဖြစ်စဉ်တစ်ခုလုံးကို ဂေဟာက စစ်ဆေးနိုင်ဖို့ ငါ မှတ်တမ်းတင်ထားမယ်။”


အခန်းထဲရှိ ကျောက်စိမ်းပြားပေါ်မှ ရွှေရောင် သစ်သားသေတ္တာ ရှည်လျားလျားတစ်ခုသည် ပျံထွက်လာပြီး သူ၏ လက်ဝါးပေါ်သို့ ကျဆင်းလာသည်။ ထိုသေတ္တာပေါ်တွင် လက်ရေးဖြင့် ရေးသားထားသော စာတိုလေးတစ်ခုကပ် ထားသည် - [ အကယ်၍ စမ်းသပ်မှု ကျရှုံးပါက ဝိညာဉ်ကျောက်တုံးငါးထောင်ပေး၍ ပြန်လည်စမ်းသပ်နိုင် သည်။ ]


စုကျို: “...”


တောက်ရန်က တည်ကြည်စွာ ပြောလိုက်သည် - “နင် အဆင်သင့်ဖြစ်ပြီဆိုရင် စကြစို့။”


သူပြောရင်းနှင့် လက်ထဲမှ ရွှေရောင် သစ်သားသေတ္တာကို ဖွင့်လိုက်သည်။ သေတ္တာအထဲတွင် လိပ်ပြာပုံစံများ ပါရှိသော ကြက်သွေးရောင် ကတ္တီပါစတစ်ခု ခင်းထားပြီး၊ အလယ်ဗဟိုတွင်မူ လိပ်ခွေနေသော ဆီးနှင်းကဲ့သို့ ဖြူဖွေးသည့် ပိုးမျှင်တစ်မျှင် ရှိနေသည်။ ၎င်းမှာ ငြိမ်သက်နေသော်လည်း နေရောင်အောက်တွင် ငါးရောင်ခြယ်ကျောက် မျက်ရတနာတစ်ခုကဲ့သို့ တောက်ပနေသည်။


“သေတ္တာထဲက ငါးရောင်ခြယ် ပိုးမျှင်ကိုကိုင်ထားလိုက်၊ ပြီးရင် မနေ့ညက နင့်ရဲ့ပါရမီနိုးထလာတဲ့ အခိုက်အတန့်ကို ပြန်စဉ်းစားပြီး ဝိညာဉ်စွမ်းအင်ကိုဖြည်းဖြည်းချင်း နှိုးဆော်ကြည့်”


စုကျို မျက်ခုံးပင့်လိုက်မိသည်။ သူ တစ်မနက်လုံး ပိုးစာတောထဲထိုင်နေ၊ လှဲနေခဲ့သော်လည်း သူ့ သွေးစွမ်းအင်မှာ ၅၀ ကျော်ကျော်သာရှိသေးပြီး ၁၀၀ ပင် မပြည့်သေးပေ။


“ကျွန်မရဲ့ ခန္ဓာကိုယ်က အခုချိန်မှာ ဝိညာဉ်စွမ်းအင်ကို တစ်ခါတောင် သုံးဖို့အင်အားမရှိသေးဘူး။ ဒါ အဆင်ပြေပါ့မလား ?”


သူမအနေဖြင့် ပြန်လည်စမ်းသပ်ခ ငါးထောင်ကိုတော့ လုံးဝအကုန်အကျ မခံလိုပေ။


တောက်ရန်က ပြုံးလျက် - “ရပါတယ်၊ လူအများစုက ပါရမီနိုးထခါစမှာ အဲဒါကို အပြည့်အဝ မထိန်းချုပ်နိုင်ကြသေးပါဘူး၊ ဝိညာဉ်စွမ်းအင်ကို စနစ်တကျ ထိန်းချုပ်ပြီး တစ်ကြိမ်အပြည့် အသုံးပြုနိုင်ဖို့ အနည်းဆုံး သုံးလလောက် လေ့ကျင့်ရတာမျိုးပဲ” 


စုကျီကျီနှင့် စုရှင်းချန်တို့မှာ စုကျိုကို မသိမသာလှမ်းကြည့်လိုက်မိကြသည်။ သူမသည် နိုးထလာသည့်ညမှာတင် ဝိညာဉ်စွမ်းအင်ကို အပြည့်အဝအသုံးပြုနိုင်ခဲ့သည် မဟုတ်ပါလား ?


“စိတ်မပူပါနဲ့၊ ဒီစမ်းသပ်တဲ့ ပိုးမျှင်ကအရမ်းကို အာရုံခံစား လွယ်ပါတယ်” ဟု ဆိုကာ တောက်ရန်က ပိုးမျှင်ကိုကိုင်ပြလိုက်သည်။ ဆီးနှင်းကဲ့သို့ ဖြူဖွေးသော ပိုးမျှင်မှာ သူ့လက်ထဲတွင် ချက်ချင်းဆိုသလို ငွေရောင်အပ်တစ်ချောင်းအလား မတ်တပ်ရပ်သွားပြီးနောက် ‘ဖွတ်’ ခနဲ အသံနှင့်အတူ အမိုးစွန်းဆီသို့ မြားတစ်စင်းအလား ပျံတက်သွားကာ အမြီးပိုင်းလေးသာ ကျန်တော့သည်။


“ကျင့်ကြံသူတွေရဲ့ပါရမီကို အဓိက အမျိုးအစား လေးမျိုး ခွဲခြားထားတယ်၊ အားလုံးကို ဒီပိုးမျှင်နဲ့ တိတိကျကျတိုင်း တာနိုင်တယ်၊ ဥပမာ - ငါကတော့ ‘ဝိညာဉ်ထိန်းချုပ်ခြင်း’ အမျိုးအစားပဲ၊ သစ်သားဝိညာဉ်တွေကို အမိန့်ပေးစေခိုင်းနိုင်တယ်လေ”


စုကျိုသည် နားစွင့်ထားလိုက်သည်။ ဤအချက်အလက်မှာ သူဖတ်ခဲ့ဖူးသည့် ဝတ္ထုထဲတွင် မပါဝင်သော အချက်များဖြစ်သည်။


“ဒုတိယအမျိုးအစားကတော့ ‘နှုတ်ထွက်ဝိညာဉ်’၊ အချို့ကျင့်ကြံသူတွေက ဝိညာဉ်ပင်တွေနဲ့ ဆက်သွယ်စကားပြောနိုင်ကြတယ်။”


“တတိယကတော့ ‘ဝိညာဉ်ပစ္စည်း အားဖြည့်ခြင်း’ ပေါ့၊ နင့်မောင်လေးရဲ့ သစ်သားဓာတ်အားဖြည့်တာနဲ့ နင့်ညီမလေးရဲ့ ‘သက်စောင့်ဖက်’ တွေက ဒီအမျိုးအစားထဲမှာပါတယ်၊ ဒါက ဝိညာဉ်ပစ္စည်းတွေရဲ့ ခွန်အားနဲ့ ဂုဏ်သတ္တိတွေကို ပြောင်းလဲပေးနိုင်တာ၊ လက်နက်သွန်းလုပ်တာတို့၊ မန္တန်အစီအရင်တွေနဲ့ ‘ယက်ကန်းမယ်’ လမ်းစဉ်တွေက များသော အားဖြင့် ဒီအမျိုးအစားပဲ”


“နောက်ဆုံး တစ်ခုကတော့ ရှားပါးတဲ့ ‘ဝိညာဉ်ကုသခြင်း’  ပဲ၊ ကျင့်ကြံသူတွေရဲ့ ဒဏ်ရာနဲ့ရောဂါတွေကိုတင်မကဘဲ သေဆုံးလုနီးပါးဖြစ်နေတဲ့ ဝိညာဉ်ပင်တွေကိုပါ ပြန်လည်သက်ဝင်စေနိုင်တဲ့ အစွမ်းရှိတယ်”


“ဒီမတူညီတဲ့ ပါရမီတွေကို စမ်းသပ်ပိုးမျှင်ရဲ့ ပြောင်းလဲမှုတွေကတစ်ဆင့် သိနိုင်တာပေါ့”


စုကျို နားထောင်ရင်းနှင့် သံသယဝင်လာသည်။ သူမ၏ ‘ကူးယူခြင်း’ စွမ်းရည်မှာ ဤလေးမျိုးထဲတွင် မပါဝင်သကဲ့သို့ပင်။ ဤစွမ်းရည်က ဝိညာဉ်ပစ္စည်း အားဖြည့်ခြင်းထဲမှာ ပါဝင်နိုင်မလား ? စုရှင်းချန်လည်း သူ့အား ထူးဆန်း သောအကြည့်ဖြင့်ကြည့်နေသည်။


“နင့်မှာရှိတဲ့ ဝိညာဉ်စွမ်းအင်က နင်မွေးဖွားလာတဲ့ ပတ်ဝန်း ကျင်နဲ့ မိဘတွေဆီက အမွေရတာနဲ့အများကြီးဆိုင်တယ်၊ နင်ကလည်း နင့်မောင်နှမတွေလိုပဲ အားဖြည့်ခြင်း အမျိုးအစား ဖြစ်နိုင်ခြေများပါတယ်” ဟု ဆိုကာ တောက်ရန်က ဝှီးချဲပေါ်ရှိ စုကျို၏ ဖြူဖတ်ဖြူလျော်သော မျက်နှာကို ကြည့်ကာ စိုးရိမ်တကြီးဖြင့် - “မလောပါနဲ့၊ ဖြည်းဖြည်းချင်းလုပ်ကြည့်ပါ” ဟု အားပေးလိုက်သည်။


ငွေရောင်အပ်အဖြစ် ပြောင်းလဲသွားသော ပိုးမျှင်လေးမှာ သေတ္တာထဲသို့ ပြန်ကျလာသည်။ စုကျိုသည် တောက်ရန်၏လုပ်ဆောင်ချက်ကို ဂရုတစိုက်အတုယူကာ သူမ၏ ဘယ်ဘက်လက်ညှိုးဖြင့် ပိုးမျှင်ကိုထိလိုက်သည်။


“အသက်ကိုအောင့်၊ ပုံမှန်အတိုင်း ကျင့်စဉ်ကို လှည့်ပတ်ပြီး နင့်ရဲ့ပါရမီ စတင်နိုးထလာတုန်းက အခြေအနေကို ပြန်စဉ်းစားကြည့်။”


တောက်ရန်က အသံတိုးတိုးဖြင့် လမ်းညွှန်ပေးသည်။ စုကျိုသည် ပိုးမျှင်လေးမှာ အလွန်ပင် နုနယ်လွန်းသည်ကို သတိပြုမိလိုက်သည်။ သူမ အသာအယာ ထိလိုက်ရုံဖြင့် ပါးလွှာကြည်လင်သော မျှင်လေးတစ်ခု ထွက်ပေါ်လာပြီး ပြတ်လုနီးပါး ဖြစ်သွားသည်။


သို့သော် သူ့လက်ထဲတွင်မူ ၎င်းမှာ သာမန် နို့နှစ်ရောင်ပိုးမျှင်တစ်ခုကဲ့သို့ပင် ဖြစ်နေသည်။ ဘာထူးခြားမှုကိုမှ သူမ မခံစားရသလို၊ ပိုးမျှင်ကလည်း လုံးဝ မလှုပ်ရှားပေ။


“ဟင် ?”


တောက်ရန် မျက်မှောင်ကြုတ်သွားသည်။ စုကျီကျီက စိုးရိမ်တကြီးဖြင့် အနားသို့ တိုးလာပြီး၊ စုရှင်းချန်ကလည်း တည်ကြည်သော မျက်နှာဖြင့် ငုံ့ကြည့်နေသည်။ စုကျိုမှာ ပိုးမျှင်ကို ကိုင်ထားရသဖြင့် လက်မောင်းပင် ညောင်းလာချေပြီ။ သူ့ သွေးစွမ်းအင်များ ထပ်မံလျော့နည်းသွားမည်ကို စိုးရိမ်သဖြင့် ပိုးမျှင်ကိုပြန်ချလိုက်ပြီး တောက်ရန်ကို နားမလည်နိုင်သော အမူအရာဖြင့် ကြည့်လိုက်သည်။ စုကျီကျီက စိုးရိမ်တကြီး မေးလိုက်သည် -


“စောစောက အုပ်ချုပ်ရေးမှူး တောက်ကိုင်လိုက်လို့ ပိုးမျှင်က ပျက်သွားတာများလား?”


တောက်ရန်: “...”


စုကျီကျီက စိတ်မရှည်တော့ဘဲ သူ့ လက်သန်းလေးဖြင့် သေတ္တာထဲရှိ ပိုးမျှင်ကိုထိလိုက်သည်။ နောက်တစ်ခဏတွင် သူမ လက်ထိပ်မှနေ၍ ပိုးမျှင်လေးမှာ တဖြည်းဖြည်း ရှည်ထွက်လာပြီး ပိုးစာရွက်ငယ်လေးတစ်ခု၏ပုံသဏ္ဌာန် ဖြစ်ပေါ်လာတော့သည်။ သစ်သားသေတ္တာထဲမှဖြူစင်သော ဝိညာဉ်အလင်းတန်းများ ချက်ချင်းထွက်ပေါ်လာသည်။ အခန်းထဲရှိ ကျောက်စိမ်းဆိုင်းဘုတ်မှ ပထမဆုံးစာလုံးဖြစ်သော “နွေဦး” ဆိုသည့် စာလုံးမှာလင်းထိန်သွားသည်။


‘ယက်ကန်းမယ် နယ်ပယ်ခြောက်ခု’ ပုံစာချပ်မှ ပထမဆုံးပုံဖြစ်သော ‘ပိုးစာစိုက်ပျိုးခြင်း’ ပုံမှာလည်း အဝေးမှနေ၍ သူမကို တုံ့ပြန်သည့်အလား မှိန်ပျပျလင်းလာသည်။


[ တပည့်၏ပါရမီ - အရွက်စိုက်ပျိုးခြင်း၊ သစ်သားဓာတ်ရှိသော ဝိညာဉ်ပင်များကို ပိုမိုနုနယ်သော အရွက်များထွက်လာအောင် ပြုလုပ်နိုင်သည်။ ]