Ch 13
Viewers 2k

🥝 Chapter 13



နံပါတ်စဉ် မရှိသော အပိုဆောင်း မြေရိုင်းကွက်ပေါ်တွင် စုကျိုသည် အကူအညီ ငှားရမ်းသည့် ပိုးစာရွက် စာချုပ်အပြတ်ကလေးကို ကိုင်ထားသည်။ သူ့ခန္ဓာကိုယ်မှတ်ဉာဏ်များ ပေါ်ထွက်လာပြီး လက်ထိပ်များမှဝိညာဉ်စွမ်းအင်များ အလိုအလျောက် စီးဆင်းသွားကာ စာချုပ်ပေါ်ဝိညာဉ်ရေးရာ အမှတ်အသားတစ်ခု ချက်ချင်းထင်ကျန်သွားတော့သည်။


【 အပိုဆောင်း မြေရိုင်းကွက် - လက်ခံသည်! 】


စာချုပ်သည် ချက်ချင်းပင် လင်းထိန်သွားပြီး ပျောက်ဆုံးနေသော ပိုးစာရွက်၏ ညာဘက်ခြမ်းမှာတဖြည်းဖြည်း ပြန်လည် ပြည့်တင်းလာသည်။


【 'အလွန် စေတနာထက်သန်သော အကူ' သည် သင့်ထံ လာရောက် အမှုဆောင်တော့မည် ဖြစ်သည်။ အသက်ရှူအကြိမ် ၃၆ ကြိမ်အတွင်း 'အပိုဆောင်း မြေရိုင်းကွက်' သို့ ရောက်ရှိမည်ဟု ခန့်မှန်းရသည်။ 】


စုကျိုသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။


“ကဲ... ကောင်မလေး၊ နင့်အလုပ် နင်သွားလုပ်တော့၊ ငါ့အ တွက် ဒီမှာ စိတ်ပူနေဖို့ မလိုဘူး” စုကျိုက စုကျီကျီကို အမြန်သွားရန် ပြောလိုက်သည်။


လူတိုင်းစိုက်ခင်းများတွင် အချိန်မှတ်နာရီများက တရစပ် လည်ပတ်နေပြီး အကယ်၍ အချိန်မီမပြီးစီးပါက သူတို့၏ ‘လုပ်ခ’ များ ဖြတ်တောက်ခံရမည် ဖြစ်သည်။


“ဒါဆို တစ်ခုခုလိုရင် ကျီကျီကို လှမ်းခေါ်လိုက်နော် ကျဲ! ကျီကျီနဲ့ ကိုကို့မှာ ကျဲအတွက် ဝိညာဉ်လက်ဖက်ရည်တစ်ခွက်ဝယ်ဖို့ ဝိညာဉ်ကျောက်တုံးလုံလောက်ပါတယ်” ဟု စုကျီကျီက စိုက်ခင်းအခြားတစ်ဖက်သို့ ပြေးသွားရင်းလှမ်းအော်ပြောလိုက်သည်။


စုကျိုသည် သူမတွင် အကူရပြီဖြစ်ကြောင်း သိလိုက်ရသောအခါ စုကျီကျီသည် ဘောင်းဘီနားကို အမြန်မတင်၊ ပေါက်တူးကို ဆွဲကာ သူ့အဆင့်မမီသော မြေရိုင်းကွက် ၄၉၅၃ ထဲသို့ လေပွေတစ်ခုအလား ပြေးဝင်သွားသည်ကို သတိပြုမိလိုက်သည်။


သူ့ဝှီးချဲဘေးတွင် စုရှင်းချန် ပေးထားခဲ့သော ငွေအိတ်ကလေးမှာကျန်ရစ်နေခဲ့သည်။ စုကျိုသည် ထိုအိတ်ကလေးကို သက်ပြင်းချရင်း ကောက်ယူလိုက်မိသည်။ စုကျီကျီကဲ့သို့ ကလေးမျိုးသည် ကမ္ဘာပျက်ကပ်နှင့်ကြုံလျှင်ပင် အခြားသူများကို ဦးစားပေးကာအရင်းအမြစ်များကို စွန့်လွှတ်မည့်သူမျိုးဖြစ်သည်။ မိမိကိုယ်ကိုယ် အရင်ကာကွယ်ရမည်ဟူသောအသိ သူ့ထံ မရှိသေးပေ။


“မြေတူး မန္တန်!”


“မြေတူး မန္တန်!”


ပတ်ဝန်းကျင်ရှိ မြေပြင်တစ်ခုလုံးမှာ လူတိုင်း မန္တန်ရွတ်ဆိုသည့် အလင်းတန်းများဖြင့် တောက်ပနေပြီး မြေခဲများနှင့် ကျောက်ခဲများမှာ ဟိုမှသည်မှလွင့်စင်နေကာ ရိုက်ခတ်သံများမှာလည်း ပဲ့တင်ထပ်နေသည်။


စုကျိုသည် စိတ်ဝင်တစားကြည့်နေမိသည်။ စုကျီကျီသည် သူမထက် ရှည်သောပေါက်တူးကို ကိုင်ထားပြီး လက်မှ အစိမ်းနုရောင် ဝိညာဉ်စွမ်းအင်များထွက်ပေါ်လာကာ ပေါင်တစ်ရာလေးသော ပေါက်တူးကိုမြှောက်၍ မြေပြင်ပေါ်သို့ အားကုန် လွှဲရိုက်လိုက်သည်။


'ဒုန်း' ခနဲ အသံနှင့်အတူ မြေကြီးများ လန်တက်သွားပြီး မာကျောသော မြေခဲကြီးများမှာ အမှုန့်ဖြစ်သွားသည်။ စံချိန်မီ အနက် ၂၀ စင်တီမီတာနှင့် အနံ ၁ မီတာရှိသော ကျင်းတစ်ခုမှာ မျက်စိတစ်မှိတ်အတွင်း ပေါ်လာတော့ သည်။ စုကျီကျီသည် အမောတကောဖြင့် စုကျိုကို လှမ်းပြုံးပြပြီး အလုပ်ကိုဆက်လုပ်နေသည်။


“မျိုးစေ့ချ မန္တန်!”


သူမ၏အစိမ်းနုရောင် ဂါဝန်လေးမှာ မကြာမီမှာပင် ချွေးများဖြင့် ရွှဲနစ်သွားတော့သည်။


စုကျိုသည် ကြည့်နေရင်းနှင့် လက်ထဲတွင် ယားကျိကျိ ဖြစ်လာကာ မူလပိုင်ရှင်မှတ်ဉာဏ်ထဲမှ မျိုးစေ့ချ မန္တန်များမှာ သူ့စိတ်ထဲတွင် တဖြည်းဖြည်းပေါ်လာသည်။ သူမသည် စမ်းသပ်သည့်အနေဖြင့် ဝှီးချဲဘေးရှိပိုနေသော သံပေါက်တူးကိုလှမ်းကိုင်လိုက်သည်။ ပေါင်တစ်ရာ အလေးချိန်က သူ့လက်မောင်းကို လေးလံစေသော်လည်း ခံနိုင်ရည် ရှိပါသေးသည်။


သူမ ပေါက်တူးကို မြှောက်လိုက်သည့်အခါ မျိုးစေ့ချ မန္တန်မှာ သူ့ ခန္ဓာကိုယ်အတွင်း အသက်ရှူသကဲ့သို့ အလိုအ လျောက် စီးဆင်းသွားသည်။ သံပေါက်တူးသည် မြေပြင်ကိုရိုက်ခတ်မိပြီး စုကျီကျီထက် ပိုမိုပြည့်စုံသောကျင်းတစ်ခု ပေါ်ထွက်လာသည်။


သို့သော် ထိုခဏမှာပင် သူမ့လက်ကောက်ဝတ်မှ ‘ဖွတ်’ ခနဲ အသံတိုးတိုးလေး ထွက်ပေါ်လာသည်။ ထို့နောက် လက် မောင်းမှာ ပူခနဲဖြစ်သွားပြီး အစိမ်းနုရောင် အင်္ကျီလက်ပေါ်တွင် သွေးစက်များထွက်ပေါ်လာကာ ရွှဲနစ်သွားတော့ သည်။


စုကျိုသည် မည်သည့်ခံစားချက်မျှမပြဘဲ ပေါက်တူးကို ပစ်ချကာ အင်္ကျီလက်ကိုမတင်လိုက်ရာ၊ သူ့ လက်မောင်းတစ်ခုလုံးတွင် ကန့်လန့်ဖြတ် ဒဏ်ရာဟောင်းများဖြင့် ပြည့်နှက်နေပြီး ယခုအခါ ဒဏ်ရာဟောင်းလေးငါးခုမှာ ပြန် လည် ပွင့်ထွက်သွားသည်ကိုတွေ့လိုက်ရသည်။ သွေးများမှာ အတားအဆီးမဲ့စွာ စီးကျလာပြီး မြေပြင်ပေါ်သို့ တစ်စက်စက် ကျနေတော့သည်။


“တောက်!”


[ သွေးစွမ်းအင် -၁ ]


[ သွေးစွမ်းအင် -၁ ]


[ သွေးစွမ်းအင် -၁ ]


စုကျို: “...”


သူ့ မျက်နှာမှာ အေးစက်နေသည်။ သူ ဝတ်ထားသော ဂါဝန်အနားမှ အဝတ်စတစ်ခုကို ကျွမ်းကျင်စွာဆွဲဖြတ်လိုက်ပြီး သွေးများထပ်မံမထွက်စေရန် လက်မောင်းတွင် စည်းနှောင်လိုက်သည်။ ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်သည် သွေးဖောက်ထုတ်လွန်းသဖြင့် နောက်ပိုင်းတွင် ခြေလက်များ၌ ဒဏ်ရာအသစ်ပေးရန် နေရာမရှိတော့သောကြောင့် ဒဏ်ရာဟောင်းများကို အမြဲတမ်းပွင့်နေစေရန် မန္တန်ပစ္စည်းတစ်ခုကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ၎င်းက သူမအတွက် နောက်တစ်နေ့ သွေးဖောက်ရန်အဆင်ပြေစေပြီး အနည်း ငယ်ထိခိုက်ရုံဖြင့် သွေးပြန်ထွက်စေသည်။


တော်တော်လေးကို ‘ကောင်း’ လှပေသည်။


စုကျိုသည် နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး စက္ကူတစ်ရွက်ထုတ်ကာ 'နံပါတ် ၇ ငါး' အတွက် နေ့စဉ် 'သန့်ရှင်းရေး၊ သွေးတိတ်စေခြင်းနှင့် ကုသခြင်းစရိတ်' နှင့် 'အလုပ်ပျက်ကွက်မှု လျော်ကြေး' အဖြစ် ဝိညာဉ်ကျောက်တုံး ၁၀၀၀ ကို စာရင်းထဲတွင် ထပ်ပေါင်းထည့်လိုက်သည်။


---


[ စေတနာရှင်အကူ- သူငယ်ချင်း... ငါ ဒီနေ့ ကုသိုလ်ရအောင် ဒီအလုပ်ကို လာကူတာပါ။ မင်းရဲ့ မြေကွက်နဲ့ အခြေအနေကို ငါ့ကို ကြည့်ခွင့်ပေးပါ။ ]


[ မင်းက အဆင့်သတ်မှတ်ချက် အောက်ဆုံးမှာ ရှိနေတာလား၊ အနှင်ထုတ်ခံရဖို့ နီးစပ်နေတာလား၊ အကူအညီ တကယ်လိုအပ်နေတာလားဆိုတာနဲ့ မင်း အလုပ်ကိုတစိုက် မတ်မတ် လုပ်နေတာလားဆိုတာ ငါ အတည်ပြုဖို့ လိုတယ်။ ပြီးတော့ မင်းမှာ ကုသိုလ်မှတ် ဘယ်လောက်ရှိလဲ? ]


သူမ ပေါင်ပေါ်ရှိ 'အကူအညီတောင်းခံသည့် ပိုးစာရွက်' မှာ လင်းထိန်လာပြီး ဝိညာဉ်ရေးရာ စာသားများမှာ လေထုထဲတွင် ပေါ်ထွက်လာသည်။


စုကျို စဉ်းစားနေစဉ်မှာပင် ထိုပိုးစာရွက်မှ စမ်းသပ်သည့် အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး ငါးမီတာပတ်လည်ရှိ သူမ၏သွေးစွန်းနေသော ပေါက်တူးနှင့် အက်ကွဲနေသော မြေရိုင်းပေါ်ရှိ သွေးစက်များကို လွှမ်းခြုံသွားတော့သည်။


တစ်ချိန်တည်းမှာပင် မြေပြင်ပေါ်မှ စုကျီကျီလေး၏ အားတင်း၍ ညည်းတွားသံများကို ကြားနေရသည်။


“တက်စမ်း!”


“တက်စမ်း!"


“မြေတူး မန္တန်... မြေ... တူး... မန္တန်... တက်စမ်း!”


ကောင်မလေးမှာ အားအင်ကုန်ခမ်းလုနီးပါးဖြစ်နေပြီး ပေါက်တူးကို ကိုင်ထားသော ညာဘက်လက်မောင်းမှာ တုန်ရီနေသည်။ သို့သော် သူ့ မျက်နှာမှာ နီမြန်းနေပြီး ပေါက်တူးကို အားတင်းကာမြှောက်နေဆဲဖြစ်သည်။ သူမ လုံးဝ အရှုံးမပေးပေ။


[ စေတနာရှင်အကူ- ...သူငယ်ချင်း၊ မင်း... တကယ်ကို ကြိုးစားနေတာပဲ။ ]


စုကျို: “...”


[ စေတနာရှင်အကူ- ဒီလို ပျက်စီးနေတဲ့ မြေရိုင်းမျိုးကို ငါ တစ်ခါမှ မမြင်ဖူးဘူး။ ကောင်းပြီ၊ ငါ အခုပဲ လာကူမယ်၊ စောင့်နေပါ။ ဪ... ပြီးတော့ ဝိညာဉ်လက်ဖက်ရည် နှစ်ခွက်အဆင်သင့်ပြင်ထားပါ။ ငါ့မှာ အချိန် သိပ်မရှိဘူး၊ အမွှေးတိုင်တစ်တိုင်စာလောက်ပဲ ကူညီနိုင်မယ်။ ]


ထိုသူသည် စုကျို၏ကုသိုလ်မှတ်များကို ထပ်မမေးတော့ပေ။ သူ့ 'ကြိုးစားအားထုတ်မှု' ကြောင့် စိတ်လှုပ်ရှားသွားပုံရသည်။ ပိုးစာရွက်ကလေးမှာ ငြိမ်သက်သွားပြီး စုကျို ပေါင်ပေါ်သို့ ပြန်လည်ကျဆင်းလာသည်။ ၎င်းပေါ်ရှိ အကြောများမှာ ပြောင်းလဲသွားပြီး ရွှေရောင်စာသားလေးများပေါ်လာသည် - ['ဒုက္ခသည်များကို ကယ်တင်သော မဟာ ကရုဏာရှင် စာချုပ်']


စုကျို: “...”


-


နောက်တစ်စက္ကန့်တွင် အဝေးမှ ဝှူးခနဲအသံတစ်ခုနှင့်အတူ လူတို့၏ဝတ်ရုံများကို လွင့်စင်သွားစေနိုင်သော လေပြင်းတစ်ချက် တိုက်ခတ်လာသည်။ စုကျို ရှေ့ရှိ ကောင်းကင် ယံမှာ ရွှေရောင်ဖျော့ဖျော့ အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားပြီး နီလာပြာရောင်ဝတ်ရုံစနှင့် တောက်ပသော ရွှေ ရောင် ကျောက်စိမ်းခါးပတ်ရှစ်ခုကို မြင်လိုက်ရသည်။


ထိုသူသည် ပျံသန်းနိုင်သော ကြေးနီနွားလှည်းကို စီးနင်းလာခြင်း မဟုတ်ဘဲ ငါးရောင်ခြယ် ကျောက်စိမ်းများ စီခြယ်ထားသော ငွေရောင် ပေါက်တူးကြီးပေါ်တွင် ရပ်လျက် ပျံသန်းလာခြင်းဖြစ်သည်။ သူသည် မိုးကုတ်စက်ဝိုင်းမှ လျင်မြန်စွာပျံသန်းလာပြီး သူ့ မျက်နှာသွင်ပြင်မှာ ဝေဝါးနေသော်လည်း နဖူးထောင့်ရှိ နံပါတ်များမှထွက်ပေါ်နေသော ရွှေရောင်အလင်းတန်းမှာ ကားရှေ့မီးကြီးများအလား တစ်ပေခန့်ရှည်လျားနေသည်။


စုကျို နှုတ်ခမ်းများ တွန့်သွားသည်။ ဤကဲ့သို့ အလင်းပြန်သည့် ဝေဒနာမှာ အဆင့် ၁၀ အတွင်းရောက်လျှင် ပိတ်၍ ရနိုင်ပါ့မလားဟု သူမ တွေးမိသည်။ သူမသည် လက်ဖြင့် မျက်လုံးကိုကာကွယ်လိုက်ရသည်။


အတန်ကြာမှ သူ အသက်ကို ပြင်းပြင်းရှူလိုက်ပြီးမြေပြင် ပေါ်သို့ ဆင်းသက်လာသော၊ နဖူးတွင် နံပါတ် '၁၀' ဟု လင်းနေသည့် အမျိုးသားကိုကြည့်လိုက်သည်။


“အာ... ကျူးကော” 


စုကျီကျီက အဝေးမှ လှမ်းမြင်သဖြင့် ပေါက်တူးကို ရိုက်ချရင်း ယဉ်ကျေးစွာနှုတ်ဆက်လိုက်သည်။


ငွေရောင်ပေါက်တူးပေါ်တွင် ရပ်နေသော ကျူးပိုင်ယွီမှာ မှင်သက်သွားပြီး စကားပင် မပြောနိုင်တော့ပေ။ သူသည် နောက်သို့ ခြေလှမ်းဝက်ခန့် ဆုတ်လိုက်ကာ ဘေးဘယ်ညာကို ကြည့်ပြီးမှ ဝှီးချဲပေါ်ရှိ စုကျိုကို လှည့်ကြည့်သည် - 


“...တိုက်ဆိုင်လိုက်တာ၊ နင်လည်း ဒီမှာ ရှိနေတာပဲ၊ ငါ့ရဲ့ အကူအညီတောင်းခံစာကို ဘယ်သူ ယူသွားလဲဆိုတာ မြင်လိုက်မိလား?”


စုကျို: “...”


ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူမ မိမိကိုယ်ကိုယ် လက်ညှိုးထိုးပြလိုက်သည် - “ဖြစ်နိုင်တာကတော့... အဲဒါ ကျွန်မပါပဲ”


ကျူးပိုင်ယွီ: “...”


ထိုအခါမှ သူသည် စုကျိုညာဘက်အင်္ကျီလက်ပေါ်တွင် စိုရွှဲနေသော သွေးများနှင့် မြေပြင်ပေါ်ရှိ သွေးစွန်းနေသော ပေါက်တူးကိုသတိပြုမိတော့သည်။ ကျူးပိုင်ယွီ မျက်နှာမှာ ပျက်ယွင်းသွားသည်။


သူ့ကံတရားကတော့ တကယ်ပဲ ထူးခြားလှပါပေတယ်။


မနေ့ညက သူ့ ကုသိုလ်မှတ်များ အဖြတ်ခံခဲ့ရသဖြင့် ဒဏ်ငွေ မဆောင်လိုသောကြောင့် ယနေ့မနက် အစောကြီးတွင် အခမဲ့ ကူညီပေးမည့် ပိုးစာရွက်စာချုပ် သုံးစောင်ကို အဆင့် ၄၀၀၀ အောက်ရှိသော အညံ့စား မြေရိုင်းကွက်များ စာရင်းထဲသို့ ထည့်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း စုကျိုနှင့် လာတွေ့ရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။


စာချုပ်ကိုချုပ်ဆိုလိုက်ပြီ ဖြစ်သဖြင့် ဝိညာဉ်ပိုးကောင်ဂေဟာ၏စည်းမျဉ်းများနှင့် ကုသိုလ်မှတ်မှတ်တမ်းရုံး၏ စစ်ဆေးမှုများကြောင့် သူ မကူညီဘဲ နေ၍မရတော့ပေ။ အကယ်၍ စာချုပ်ပါအချက်အလက်များကို ဖောက်ဖျက်ပါက သူသည် ပြင်းထန်သော အပြစ်ပေးမှုကို ခံရမည်ဖြစ်ပြီး သူ့ ကုသိုလ်မှတ်များမှာ ထပ်မံအန္တရာယ်ရှိသွားလိမ့် မည်ဖြစ်သည်။


သူ့ကိုယ်ပေါ်ရှိ ရွှေရောင်ကျောက်စိမ်းခါးပတ် ရှစ်ခုမှ “သင့်မြတ်ခြင်းက ချမ်းသာမှုကို ဆောင်ကြဉ်းပေးသည်” နှင့် “ပြုံးရွှင်စွာဖြင့် လူတို့ကို ကြိုဆိုပါ” ဆိုသည့် စာသားများမှာ ဝဲယာတစ်ဖက်စီတွင် ပေါ်ထွက်လာပြီး သူ့ တွန့်ချိုးနေသော နှုတ်ခမ်းများကိုအတင်းအဓမ္မ ဆွဲတင်ပေးလိုက်သကဲ့သို့ဖြစ်နေသည်။


ထို့နောက် သူသည် သေမတတ်ခံစားနေရသော၊ ဒေါသကို အတင်းအောင့်ထားရသော အပြုံးတုကြီးဖြင့် စုကျိုကို ကြည့်ကာ - “ကောင်းပြီ” ဟု ဆိုလိုက်သည်။


စုကျို: “...”


ကျူးပိုင်ယွီသည် အေးစက်လှသော ငွေရောင်ပေါက်တူးကြီးကို မြေပြင်မှ ချိတ်ယူရင်း ဟန်ဆောင်အပြုံးဖြင့်ပင် - 


“ဒါဆို ငါ စတော့မယ်၊ အမွှေးတိုင်တစ်တိုင်စာ အချိန်အတွင်းမှာ နင့်ကို ကူညီပေးမယ်၊ နင်က အမွှေးတိုင်ထွန်းပြီး အချိန်မှတ်ထားပါ၊ ပြီးတော့ ဝိညာဉ်လက်ဖက်ရည် နှစ်ခွက်ကိုလည်းထုတ်ပြီး မြေပြင်ပေါ်မှာတင်ထားလိုက်၊ အလုပ်ပြီးရင် ငါ အဲဒါတွေကို ယူသွားမယ်”


စုကျို လိုလိုလားလားပင် ခေါင်းညိတ်ပြပြီး သူ့ သိုလှောင်အိတ်ထဲသို့ လက်နှိုက်လိုက်သည်။


သူမ စကားမှာ အနည်းငယ်နောက်ကျသွားသည်။


“ငါ့မှာ လက်မောင်းအားပြန်ဖြည့်ပေးနိုင်တဲ့ ဝိညာဉ်လက် ဖက်ရည်မရှိဘူး”


“?”


ကျူးပိုင်ယွီ၏အခြားသော အဖိုးတန်ခါးပတ်နှစ်ခုဖြစ်သည့် ‘ငါက အကြင်နာဆုံး’ နှင့် ‘နင် ငါ့ကို ရိုက်ရင်တောင် ငါ စိတ်မဆိုးဘူး’ ဆိုသည့် စာသားများမှာ ပျံတက်လာပြီး သူ့ကိုထိုးကြိတ်တော့မည့် သူ့လက်ကို တင်းတင်းကြပ်ကြပ် ရစ်ပတ် တားဆီးလိုက်ကြသည်!


စုကျို: “... မလောပါနဲ့ဦး၊ ကျွန်မ စကားမဆုံးသေးဘူး၊ အဲဒီအစား ‘ကျောက်စိမ်းခုတင်’ တစ်လုံးပေးမယ်လေ၊ ဘယ်လိုလဲ ?”


ကျူးပိုင်ယွီက သူမသည် အရှက်မရှိ ပြန်ပြောနေသည်ဟု ထင်လိုက်သော်လည်း နောက်မှအံ့အားသင့်သွားရသည် - “သစ်သားအိမ်ထဲက ကျောက်စိမ်းခုတင်လား ?”


၎င်းက လက်ဖက်ရည်ထက် ပိုတန်ဖိုးရှိသည်မှာ မှန်သည်။ သို့သော် သူ မှတ်မိသလောက်ဆိုလျှင် သူမ၏သာမန်အဆင့် သိုလှောင်အိတ်မှာ လက်ဝါးနှစ်ဖက်စာလောက်သာ ရှိသည် မဟုတ်လား။ အဲဒီအိတ်ထဲကို ခုတင်တစ်လုံး ဘယ်လိုလုပ်ဆံ့မှာလဲ?


ကျူးပိုင်ယွီ သံသယဝင်နေစဉ်မှာပင် စုကျိုသည် လက်ဝါးခန့်သာရှိသော အိတ်ထဲသို့ လက်တစ်ဖက် နှိုက်လိုက်သည်ကို တွေ့လိုက်ရသည်။ သူမ လက်ပြန်ထုတ်လိုက်သည့်အခါ— သွယ်လျသော လက်ချောင်းငါးချောင်းကြားတွင် ကျောက်စိမ်းခုတင်ဘောင်လေးကို ချိတ်ယူထားပြီး...


အသက်ဝင်လှသော၊ အချိုးအစားအတိအကျဖြင့် သေးငယ်အောင် ပြုလုပ်ထားသော ကျောက်စိမ်းနှစ်ထပ်ကုတင် အသေးစားလေး ငါးလုံးကို ဆွဲထုတ်လိုက်လေတော့သည်!


လေများ ငြိမ်သက်သွားပြီး တိမ်တိုက်များ ရပ်တန့်သွားသကဲ့သို့ ကမ္ဘာကြီးတစ်ခုလုံး ခဏတာတိတ်ဆိတ်သွားသည်။


ကျူးပိုင်ယွီသည် သူ့မျက်စိကိုပင် မယုံနိုင်ဘဲ ဝေဝါးသွားသည်ဟု ထင်လိုက်မိသည် - “ခွင့်ပြုပါဦး... အဲ့ဒါ ဘာကြီးလဲ...?”