Ch 57
Viewers 4k

အပိုင်း ( ၅၇ ) ရည်ရွယ်ချက်က ဒီမှာမရှိဘူး 


လင်ရှုနှင့် လင်းရှောင်တို့ အကြည့်ချင်းဆုံသွားသည်။ 


လင်းရှောင်၏ မျက်လုံးထဲတွင် လင်ရှုသည် မမျှော်လင့်ထားသော ဆုံးရှုံးမှုကြီး ကြုံလိုက်ရသည့်နှယ် သနားစရာကောင်းနေသည်။ 


ဤနေရာသာ အမှန်တကယ် ပျက်စီးသွားပါလျှင် တစ်စုံတစ်ယောက်သည်ကတော့ မွန်းကြပ်လာသည်အထိ ဝမ်းနည်းနေရတော့မည်။ 


ရှန်းလင်ပုံရိပ်ယောင်ကို ဆရာသခင် ရှုကျီမှ ပြန်၍ ကုစားပြင်ဆင်နိုင်သည်။ 


‘ဒါကျတော့ရော ဒါကျတော့ ဘယ်သူက ပြင်မှာလဲလို့ ’ 


ဤနေရာသည် ဒဏ္ဍာရီတို့ မြစ်ဖျားခံရာ ကောင်းကင်လမ်းစဉ်ကို အမွေခံသည့် ဟွမ်သန်းတောင်ဖြစ်သည်။ တည်ရှိမှုကပင် အလွန်ကို ဆန်းကြယ်လွန်းနေပြီဖြစ်ပြီး မည်သူကမှ ဤနေရာ၏ လုပ်ဆောင်ပုံနှင့် စည်းမျဉ်းစည်းကမ်းတို့ကို နှစ်ထောင်ချီကြာအောင် နားလည်နိုင်ခြင်း မရှိသေးပေ။ 


‘ငါ မတတ်နိုင်ဘူး’ 


လင်ရှုသည် ဘေးပတ်ပတ်လည်ကို တောင့်တောင့်ကြီး လိုက်ကြည့်နေမိသည်။ 


ငလျင်လှုပ်သလို တစ်ကမ္ဘာလုံး လှုပ်ခတ်နေသည်မှာ ပြင်းသည်ထက် ပြင်းလာသည်။ အဖြူရောင် အတိပြီးသော ဘာမှမရှိသော နေရာတင် သူတို့သည် နံရံအိုကြီးလိုတစ်လွှာချင်း ဆွဲခွာခံနေရသလို ခံစားရသည်။ ကျားကွက်ကို ဖြေရှင်းနေသော အခြားသူများမှာ အကြိမ်အနည်းငယ်လောက် တက်လိုက်ကျလိုက် ဖြစ်နေပြီး လေထုထဲတွင် ပျောက်ကွယ်သွားသည်။ 


သူနှင့် လင်းရှောင်သာ ကျန်နေခဲ့ကြသည်။ 


လင်းရှောင်က ပြောသည်။ 


“မကြောက်ပါနဲ့” 


လင်ရှု “......” 


‘ကြောက်မှာပဲ’ 


‘သခင်မလေးတော့ မိုးလောက်မြင့်တဲ့ အကြွေးစာရင်း ရှင်းရတော့မှာ ကြောက်လိုက်တာ’ 


လင်းရှောင်က ပြောသည်။ 


“ပြောကြတာတော့ ကျားကစားနည်းကို ထူးထူးခြားခြား ဖြေရှင်းလိုက်နိုင်ကြတဲ့သူတွေက ကျားကွက်ကို တီထွင်ခဲ့တဲ့ ဆရာသခင်ကြီးရဲ့ စိတ်ဝိဉာဉ်အပိုင်းအစနဲ့ တွေ့နိုင်တယ်တဲ့” 


‘အဲလိုဖြစ်နေရင်တော့ ကောင်းတာပေါ့’ 


လင်ရှု “ဒါပေမဲ့ မင်း ကစားပွဲစည်းကမ်းကို ချိုးဖောက်လိုက်တာ သိသာနေတာကို” 


နောက်ဆုံးရွှေ့ကွက် သည် အလွန်ကို ထူးခြားပြောင်မြောက်လှသည်။ သို့သော် ၎င်းက လူနှစ်ဦး၏ ကျားကွက်များကို ပေါင်းစပ်လိုက်ခြင်း ဖြစ်နေသည်။ 


လင်းရှောင် 


“တို့တွေ ကောင်းကင်ဘုံ လှေကားထစ်တွေကို အတူတူကျော်ဖြတ်လာပြီးမှတော့ ကျားကွက်လေးနှစ်ခုလောက်ကို ဘာလို့များ မပေါင်းစပ်နိုင်ရမှာလဲ”


‘ဟုတ်သလိုလိုပဲ’ 


ခဏလောက်ကြာပြီးနောက်တွင် ပတ်ဝန်းကျင်မှ မြင်ကွင်းများ ရုတ်တရက် ပြောင်းလဲသွားပြန်သည်။ 


ဘာမှမရှိသော လေဟာနယ်က လုံးဝကွယ်ပျောက်သွားပြီ သူတို့၏ နှာခေါင်းထက်တွင် သစ်ပင်ပန်းမန်တို့၏ ရနံ့တို့ တိုးဝင်လာသည်။ သူတို့ မျက်လုံးထဲတွင် တောက်ပစွာ ပွင့်လမ်းနေသော မက်မွန်တောအုပ်ကြီးကို မြင်လိုက်ရသည်။ 

မြင်ကွင်းသည် သူတို့ ပထမဆုံး နတ်နယ်မြေကို ခြေချခဲ့စဉ်ကနှင့် တူသလိုရှိသော်လည်း မျက်စိရှေ့မှ မက်မွန်တောသည် မူတစ်သောင်းလောက် ကျယ်သည့်အပြင် မက်မွန်ပွင့်တို့ကလည်း ယခင်ကထက် ပိုတောက်ပလိုရှိသည်။ 


မက်မွန်ပင်များကြားမှ မြင်ကွင်းတို့သည် လှပသည်ထက်ပင် ပိုနေသေးသည်။ စမ်းကြောင်းများက တသွင်သွင်စီးဆင်းနေပြီး မက်မွန်ပွင့်တို့က ကဗျာဆန်ဆန် ကြွေကျနေကာ ငှက်များက တေးဆိုနေသေးသည်။ အသက်ရှူမှားလောက်အောင် လှပသော မြင်ကွင်းဖြစ်လေသည်။ 


သူတို့နှစ်ယောက်လုံးသည် ဆယ့်ငါးမိနစ်လောက် ရှေ့သို့ လျှောက်သွားကြပြီး နောက်ဆုံးတွင် မက်မွန်တောအုပ် အလယ်သို့ နီးကပ်လာသည်။ 


ဤနေရာတွင် မက်မွန်တော အလည်ဗဟိုသည် ကျောက်တုံးနံရံကြီးမဟုတ်တော့ဘဲ ခမ်းနားသော ကျောက်စိမ်းအတိပြီးသော ခြံဝန်းတစ်ခုဖြစ်ကာ မြူတို့က လိုက်ကာလို ကာကွယ်ထားပြီး ခြံဝန်းကို ကာရံထားသည်။ လေတိုက်တိုင်း မြူခိုးများက ရွေ့လျားနေရာ ခြံဝန်းတစ်ခုလုံးကို မြူများနှင့် တိမ်များဝန်းရံထားပြီး တိမ်တိုက်ပေါ်မှ နတ်ခန်းဆောင်ဟုပင် ထင်ရလေသည်။ 


ခြံဝန်းထဲတွင် လူတစ်ယောက် ထိုင်နေလေသည်။ 


_ထိုသူသည် လင်းရှောင်ပြောသည့် နတ်နယ်မြေသခင် ဖြစ်လောက်မည်။ 


သူတို့သည် ရှေ့သို့တိုးသွားပြီး လင်းရှောင်သည် ခြံဝန်းအပြင်ဘက်တွင် ရပ်လိုက်ကာ 


“ဆရာသခင်ကို နှုတ်ခွန်းဆက်ပါတယ်” 


အထဲတွင် ထိုင်နေသော အမျိုးသားက ပြောသည်။ 


“ထိုင်ကြပါဦး ဧည့်သည်တော်တို့” 


ထိုသူတွင် နွေးထွေးသော အသံရှိပြီး သဘောကောင်းမည့်ပုံ ပေါ်သည်။ 


ခြံဝန်းထဲသို့ ဝင်သွားပြီးနောက်တွင် အမျိုးသားကို ထင်ရှားစွာ မြင်ရသည်။ ထိုသူသည် အလွန်ကို ခန့်ညားပြီး ချောမောကာ ဘရိုကိတ်အဝတ်အစားများ ဝတ်ဆင်ထားပြီး ခါးတွင် တော်ဝင်သော အဆင်တန်ဆာကို ချိတ်ဆွဲထားသည်။ သူ့လက်ထဲတွင် ယပ်တောင်တစ်ချောင်းကို ကိုင်ထားကာ တင့်တယ်သော အမူအယာဖြင့် ယပ်ခပ်နေသည်။ ထို့အပြင် ထိုသူ၏ ဝတ်စားဆင်ယင်ပုံမှာ ထာဝရရှင်သန်သူ အရှင်သခင်တစ်ပါးနှင့် မတူဘဲ သေမျိုးကမ္ဘာမှ မျိုးရိုးမြင့်သခင်လေးနှင်ပင် တူနေသေးသည်။ 


လင်းရှောင်၏ သဘောထားသည် အလွန်ကို အေးဆေးတည်ငြိမ်သည်။ သူသည်အဝတ်အစားကို သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်လိုက်ပြီး အမျိုးသား၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ 


လင်ရှုသည်ကတော့ အမျိုးသား၏ ညာဘက်နားတွင် ထိုင်လိုက်သည်။ ထိုအချိန်မှ သူတို့ထိုင်နေသော ခြံဝန်းအလည်မှ ကျောက်စားပွဲသည် ကျားခုံနှင့် တစ်ထပ်တည်း တူနေသည်ကို သိလိုက်ရသည်။ 


အမျိုးသားက ပြောသည်။ 


“ဧည့်သည်တော်တို့က ကျားကစားတဲ့နေရာမှာ တော်ကြတယ်ဆိုမှတော့ ကျုပ်နဲ့အတူ တစ်ပွဲလောက် ကစားပေးရင် ဘယ်လိုလဲ? ” 


ထိုသို့ပြောပြီးနောက် မည်သူ့အဖြေကိုမှ မစောင့်ပါဘဲ သူ၏ အင်္ကျီလက်တို့ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။ ကျောက်တုံးစားပွဲပေါ်တွင် အမျိုးမျိုးသော အရောင်တို့ လင်းလာသည်။ 


“ဟွမ်သန်းတောင် ရတနာခန်းမမှာ တောင်သခင် စောင့်ရှောက်နေတဲ့ ရတနာလေးခုရှိတယ်။ တကယ်လို့ မင်းတို့သာ ကျုပ်ကို နိုင်အောင် ကစား။ ကျုပ်မင်းတို့ကို ထျန်းကျိစာကြည့်ဆောင်က ဘယ်ရတနာမဆို ပေးမယ် ဘယ်လိုလဲ” 


စည်းမျဉ်းများအရ မြောလွင့်နေသော အမတနန်းတော်သို့ ရောက်အောင် သွားနိုင်သူသည် တောင်သခင်နှင့် တွေ့ဆုံနိုင်မည်ဖြစ်ပြီး တောင်သခင်သည် ရတနာလေးခုဖြစ်သော ကောင်းကင်၊ မြေကြီး၊ ရွှမ်နှင့် ဟွမ်တို့ကို ထိုသူအား ရွေးခိင်းမည်ဖြစ်ကာ ထိုလူသည် ရတနာနှစ်ခုကို ရွေးချယ်ခွင့်ရှိမည်ဖြစ်သည်။ 


ရတနာသည် ပြိုင်ဘက်ကင်း သိုင်းကြမ်းတစ်အုပ်၊ ရှားပါးသော နတ်ဆေးလုံး၊ ကောင်းကင်နှင့် မြေပြင်မှ ဖြစ်တည်လာသော ရတနာ သို့မဟုတ် ရှားပါးသော နတ်ဘုရားအဆင့် လက်နက်တို့ပင် ဖြစ်နိုင်သေးသည်။ ထျန်းကျိစာကြည့်ဆောင်မှ ရတနာများသည် အရှားပါးဆုံးသော ရတနာများဖြစ်ပြီး ဟွမ်ကျီစာကြည့်ဆောင်မှ ရတနာများကတော့ ဒုတိယလိုက်လေသည်။ 


သို့သော် မြောလွင့်နေသော အမတနန်းတော်သည် ရှေးခေတ်များကတည်းက ဖြစ်တည်လာသော နန်းဆောင်ဖြစ်သည်။ ဟွမ်းကျီစာကြည့်ဆောင်မှ ရတနာများသည် ရှန်းလင်ကျောင်းတော် ရတနာခန်းဆောင်တွင် သိမ်းဆည်းထားသည်။ အကယ်၍ သင်သာ ထျန်းကျီစာကြည့်ဆောင်မှ ရတာတစ်ခု ထပ်ရခဲ့ပါလျှင် ၎င်းက အလွန်ကို ကြီးမားသော အခွင့်အရေးပင်။ 

ဤတောင်သခင်က အဘယ့်ကြောင့် ဤသို့ ဆုံးဖြတ်သည်ကို မသိပေ။ ဟွမ်သန်းတောင် တစ်တောင်လုံးသည် နောက်မျိုးဆက်များ လေ့ကျင့်ရန် နေရာဖြစ်သည်။ ဤတစ်ကွက်ကရော ငယ်ရွယ်သော မျိုုးဆက်သစ်တို့ကို လေ့ကျင့်ပေးရန် ဖြစ်သည်လား။


လင်းရှောင် လင်ရှုကို ကြည့််လိုက်သည်။ 


လင်ရှုက ငြင်းဆိုမည့်ဟန် မရှိပေ။ 


လင်းရှောင် “ကောင်းပြီ” 


ထိုလူ၏ စကားဆုံးသည်နှင့် သူတို့ အရင်က ဆော့ထားသော ကျန်းလုံကျားကွက်က ပေါ်လာသည်။ လင်ရှုသည် တစ်ဖက်တွင် ရှိနေစဉ်တွင် လင်းရှောင်ကတော့ ကျားကွက် တစ်ဖက်တွင် ဖြစ်သွားသည်။ အလယ်တွင် ကျားကွက်နှစ်ခုကို မီးဒြပ်စင်ကိုယ်စားပြု လိဟော်ကျားစေ့ သည် ရေဒြပ်စင်ကိုယ်စားပြု ခန်းရွှေကျားစေ့နှင့် ချိတ်ဆက်နေသည်။ 


“မင်းတို့မှာ တူညီတဲ့ နည်းစနစ်တွေရှိတယ်နော်။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် အသိပညာတွေကို ဖလှယ်တတ်တယ်။ ဒါပေမဲ့ ဒီလိုနည်းလမ်းက ရှားပါးတယ်” 


သခင်လေးသည် လေဒြပ်စင်ကိုယ်စားပြု အပြာရောင်ရွှင်တကျားစေ့ကို ယူ၍ ဖယ်လိုက်ကာ 


“ခဏလေး စောင့်ပြီး ကြည့်ကြည့်လိုက်” 


ကျားစေ့ကို ဖယ်လိုက်သည်နှင့် နဂိုကနီးကပ်နေသော ကျားစေ့များတွင် အကွာအဝေးတစ်ခု ပေါ်လာကာ စိတ်ဝိဉာဉ်စွမ်းအားများ လျှံထွက်လာသည်။ 


လင်းရှောင် မျက်မှောင်ကြုတ်သွားပြီး နာရီဝက်လောက်အကြာတွင် ထိုအကွာအဝေး ထိပ်နားလေးတွင် ရေကန်တွေ့ကျဲ့ကျားစေ့ကို ချလိုက်သည်။ ထိုနေရာတွင် ကျားစေ့များသည် ချက်ချင်း ချိတ်ဆက်သွားပြီး စိတ်ဝိဉာဉ်စွမ်းအားတို့သည်လည်း ယခင်ကကဲ့သို့ ကသောင်းကနင်း စီးဆင်းမနေဘဲ သိသာစွာ နှေးကွေး ချောမွေ့သွားသည်။ 


“ကောင်းကင်လမ်းစဉ်က ဆုံးရှုံးရတာတွေကို ပြင်ဆင်ဖို့ လုံလောက်တာထက်ကို ပိုတယ်” 


သလင်လေးသည် ကျားကွက်အောက်ဆုံးနားမှ ကျားစေ့တစ်စေ့ကို ဖယ်ရှားလိုက်ပြန်သည်။ 


“ကြည့်လိုက်ပါဦး” 


လင်ရှု၏ စိတ်ထဲတွင် ဖြစ်နိုင်ခြေရှိသော အဖြေများ မရေမတွက်နိုင်အောင် တွေးမိလာသည်။ နာရီဝက်လောက် ကြာပြီးနောက် သူ၏ အတွေးတို့ကို အဆုံးသတ်လိုက်ပြီး လျှပ်စီးကျားစေ့ကို အဓိကကျသောနေရာမှ အနည်းငယ် ဝေးသော နေရာသို့ ပြောင်းလိုက်သည်။ ဤရွှေ့ကွက်က လျှပ်စီးကျားစေ့ နေရာတစ်ဝိုက်တွင် ရှိနေသော ကျားစေ့များ၏ စိတ်ဝိဉာဉ်စွမ်းအား လားရာကို သက်ရောက်သွားစေသည်။ ထို့အပြင် မီးဒြပ်စင်ကျားစေ့၏ တည်နေရာသည် ဗဟိုအဖြစ် မှတ်ယူ၍ မရနိုင်တော့ပေ။ 


“အကျိုးအမြတ်က ကြီးမားလေလေ အသုံးချနိုင်တဲ့နေရာများလေလေပဲ” 


သခင်လေးသည် သိမ်မွေ့စွာ ပြုံးနေရင်း 


“ဆက်လုပ်ပါ” 


နောက်ပိုင်း ကျားရွှေ့ကွက်များသည် အစကအတိုင်းပင် ကြမ်းတမ်းသည်။ 


အစပိုင်းတွင် ကျားစေ့များကို ကျားကွက်ပေါ်တွင် ချလိုက်ရုံလေး ဖြစ်သော်လည်း ကန့်သတ်ချက်များက ရှိနေဆဲဖြစ်သည်။ သို့သော် ယခုတွင်တော့ ကျားခုံတစ်ခုလုံးတွင် ကျားစေ့ သုံးထောင့်ခြောက်ရာရှိနေပြီဖြစ်သည်။ အကြိမ်တိုင်း သခင်လေးက တစ်ခုကို ဖယ်လိုက်လျှင် သူတို့သည် စိတ်ဝိဉာဉ်စွမ်းအားများကို ပြန်လည်စီးဆင်းစေမည့် ဟာကွက်ကို ရှာဖွေ ဖြည့်ဆည်းရသည်။ ယခင်က ကြုံခဲ့သည့် ခက်ခဲမှုများနှင့်ယှဉ်လျှင် ယခုခက်ခဲမှုက နှစ်ဆမကသလို တဖြည်းဖြည်းပို၍ပင် မြင့်တက်လာသည်။ 


ဤကျားကစားပွဲတွင် တစ်ခနတွင် နေနှင့်လကို မသိနိုင်တော့ပေ။ 


ဒဏ္ဍာရီထဲတွင် တောင်ပေါ်မှ လူများသည် ထင်းများကို ဖြတ်၍ တာအိုပညာရှင်များ ကျားကစားနေသည်ကို ရံဖန်ရံခါ ဝင်ကြည့်ကြသည်ဟု စာအုပ်များတွင် ရေးထားဖူးသည်။ ကစားပွဲ အဆုံးတွင် မြေပြင်ပေါ်မှ ပုဆိန်ရိုးသည် ဆွေးမြေ့နေပြီဖြစ်သည်။ ကမ္ဘာကြီးသည် နှစ်တစ်ရာကြာတိုင်း ကံကြမ္မာအရ အပြောင်းအလဲ တစ်ကြိမ်ဖြစ်ပေါ်သည်။ 


လင်ရှု၏ ခံစားချက်သည်လည်း ထိုဆိုရိုးများအတိုင်း ဖြစ်နေသည်။ 


သူ၏ ဝိဉာဉ်သည် အလွန့်အလွန် မြန်ဆန်သော လုပ်ဆောင်ချက်တို့ကို တရားလွန် လုပ်ဆောင်နေသော ပရိုဆက်ဆာကဲ့သို့ လောင်ကျွမ်းမတတ် ပူလောင်နေသည်။ သို့သော် သူ့ပရိုဆက်ဆာတွင် ကိုယ်ပိုင် အဆင့်မြှင့်နိုင်သော လုပ်ဆောင်ချက် ပါပုံရသည်၊ အစဦးပိုင်းက မသက်မသာ ခံစားရသော်လည်း တဖြည်းဖြည်းချင်း ငြိမ်သက်လာကာ နောက်ပိုင်းတွင် သူ့စိတ်က လုံးဝ တည်ငြိမ်သွားပြီး ဗလာဖြစ်သွားသည်။ 

မက်မွန်တောအုပ်ထဲတွင် နေထွက်လာလိုက် နေဝင်သွားလိုက် ကြိမ်ဖန်များစွာ ပြောင်းလဲသွားသည်။ သူတို့သည် ဘယ်နှစ်ရက် ကြာသွားသည်ကိုပင် မသိတော့အောင် အာရုံဝင်စားနေခဲ့သည်။ 


ကျားစေ့များ တစ်ခုပြီးတစ်ခု သခင်လေးဆီမှ ဖယ်ရှားခံရပြီး သခင်လေးကို ကျားစေ့များက ဝန်းရံထားသည်မှာ တောက်ပသော နေမင်းကြီးကို ကြယ်စင်များက ဝန်းရံထားသည့်နှယ်


နောက်ဆုံးတွင် သခင်လေးက ပြောလာသည်။ 


“ကျေးဇူးပြုပြီး အဆုံးသတ်လို့ရပါပြီ” 


ဤတစ်ကြိမ်တွင် ယခင်ကထက်ပင် ပို၍ လျင်မြန်နေသည်။ 


လင်ရှုသည် ဘယ်ဘက်အပေါ်နားမှ ယန်ကျားစေ့ကို လှမ်းယူရန် လက်လှမ်းလိုက်သည်။ 


တစ်ချိန်တည်းမှာပင် လင်းရှောင်သည်လည်း ထိုကျားစေ့ကို လာထိသည်။ 


သူတို့၏ လက်ဖျားများက ထိကပ်သွားကြပြီး လင်းရှောင်က ပြုံး၍ လက်ကို ပြန်ရုတ်လိုက်သည်။ 


လင်ရှုသည် ရွှင်ကျားစေ့ကို ယူလိုက်သည်။ 


ထိုအခိုက်အတန့်တွင် မူလ သုံးထောင့်ခြောက်ရာသော ကျားစေ့များမှ တစ်ထောင့်ရှစ်ရာခန့်ကို ဖယ်ရှားပြီး ဖြစ်သွားတော့သည်။ သို့သော် စိတ်ဝိဉာဉ်စွမ်းအားသည် မဆုံးနိုင်အောင် စီးဆင်းနေပြီး သဘာဝကျသည်။ ယခင် ကျားကွက်နှစ်ခု ပေါင်းစပ်ထားသည်ထက် ပို၍ ခမ်းနားပြီး ပြီးပြည့်စုံသည်။ 


လင်ရှုသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး သူ၏ ဝိဉာဉ်ကို ငြိမ်သက်စေလိုက်သည်။ ထိုအချိန်တွင် သူ၏ ဝိဉာဉ်သည် ယခင်ကထက်ပင် ပို၍ သန်မာနေသည်ကို တွေ့လိုက်သည်။ 


သခင်လေးက မေးသည်။ 


“မင်း တစ်ခုခု ရလိုက်လား” 


တည့်တိုးကြီး မဟုတ်သော်လည်း ၎င်း၏ အကြည့်တို့ လင်ရှုထံတွင် ရှိနေခဲ့သည်။ 


လင်ရှုသည် ကျားကွက်တစ်ခုလုံး၏ စိတ်ဝိဉာဉ်စွမ်းအား လားရာတို့ကို ကျားစေ့များ ဖယ်ရှားရုံနှင့် ပြောင်းသွားစေသည်ကို တွေးကြည့်ပြီး ယခင်က ပြည့်စုံလုနီးပါး ကျားကွက်ကို ပြန်မြင်ယောင်လာသည်။ ထို့နောက် 


“နည်းလမ်းတစ်ခုချင်းစီတိုင်းက အားနည်းချက် ကိုယ်စီရှိကြတာပါပဲ။ တစ်ခုချင်းစီကို ကူညီပေါင်းစပ်ပြီး မသန့်ရှင်းတာတွေကို ဖယ်ရှားလိုက်ရင် ပြီးပြည့်စုံမှုကို ရလာပါလိမ့်မယ်” 


သခင်လေးက ပြောသည်။ 


“သိုင်းပညာနှစ်ခုလုံးက အတူတူပါပဲ။ တကယ်လို့ သိုင်းပညာထောင်ချီကိုသာ အတူတူစုထားလိုက်ရင် ဘာဖြစ်လာမယ်ထင်လဲ” 


လင်ရှု ကြောင်သွားသည်။ 


အကြာကြီးနေမှ 


“ကြီးမြတ်သော ကောင်းကင်တာအို” 


နည်းစနစ် တစ်ခုချင်းစီတိုင်းကို တာအိုကို နားလည်သွားသော ရှေးဆရာကြီးများမှ ဖန်တီးခဲ့ပြီး တစ်စုံတစ်ခု ရသွားကြသည်ချည်း ဖြစ်သည်။ အကယ်၍ ကောင်းမြတ်သော အောင်မြင်မှု(နည်းစနစ်)များကို အတူတကွထားလိုက်ပြီး အကောင်းဆုံးများကို ရွေး၍ စုထားလိုက်မည်ဆိုလျှင် ကြီးမြတ်သော နည်းစနစ်တစ်ခု ဖြစ်လာနိုင်မည် မဟုတ်ပါလား။


သခင်လေးက ပြောသည်။ 


“လူ့စွမ်းအားက အားနည်းတယ်။ ကမ္ဘာကြီးရဲ့ နည်းစနစ်တွေကို ပြီးပြည့်စုံတဲ့အထိ သင်ယူဖို့ဆိုတာ မဖြစ်နိုင်ဘူး” 


“ဒါကြောင့်ပဲ “ကျိုးပဲ့နေတဲ့ လမ်းစဉ်” ဆိုတာ ဖြစ်လာတာပဲ” 


လင်ရှုက ပြောသည်။ 


“အဲဒီလမ်းစဉ်က ထွက်လာနိုင်ခဲ့မယ်ဆိုရင်....”

သူ ဘာပြန်ပြောရမည်ကို မသိတော့ပေ၊ သို့သော် သူ၏ နှလုံးသားကတော့ ရုတ်တရက် ရှင်းလင်းသွားသည်။ အကယ်၍ ကျန်းလုံကျားကွက်၏ စီးဆင်းမှု အစီအရင်သည် တာအို(Tao)သာဆိုပါလျှင် သူနှင့် လင်းရှောင်တို့ ဖွဲ့စည်းခဲ့သော တည်ဆောက်ပုံသည် ကိုယ်ပိုင်သတ်မှတ်ချက်ရှိသော တောက်(Dao)ဖြစ်လိမ့်မည်။ သခင်လေးကို ဆန့်ကျင့်၍ ဆော့ခဲ့သော ကျားကွက်တွင် သူသည် အညစ်အကြေးများကို ဖယ်ရှားပြီး စိတ်ဝိဉာဉ်စီးကြောင်းကို သန့်စင်ခဲ့သည်။ အဆုံးတွင် ထိုစီးကြောင်းသည် မူလတာအိုမှ ကွဲထွက်သော နည်းလမ်းတစ်ခုဖြစ်လာပြီး ကိုယ်ပိုင်ရပ်တည်နိုင်သည်။ ကောင်းကင်လမ်းစဉ်နှင့် တကယ့်ကို အတူတူပင် ဖြစ်လေသည်။ အကယ်၍ သင်သည် သင်၏ ကိုယ်ပိုင်လမ်းကြောင်းမှ သွေဖီသွားပါလျှင် ကောင်းကင်လမ်းစဉ်ကို ကျော်ဖြတ်၍ ကြွမြန်းနိုင်လိမ့်မည်၊ 


သူသည် ထိုအချက်ကို သတိမထားမိခဲ့ပေ။ ထို့အပြင် သူ၏ ယခင်ဘဝတွင် ရှေးစာအုပ်များအတိုင်း တစ်ဆင့်ပြီးတစ်ဆင့် ကျင့်ကြံခဲ့သည်။ ယခုတွင် သူသည် ရုတ်တရက် နိုးထလာသလို ခံစားရပြီး သူ၏ စိတ်နှလုံးကလည်း ရှင်းလင်းလာသည်။ ယခင်က လေ့ကျင့်ခဲ့သော ဓားနည်းစနစ်များကို ပြန်တွေးကြည့်လျှင် သူသည် ဓားသိုင်းများကို အမြောက်အများကျင့်၍ ဆရာအဆင့်အထိ တတ်ကျွမ်းခဲ့သော်လည်း သူ့တွင် ကိုယ်ပိုင်သတ်မှတ်ချက်မျိုုး နည်းလမ်းမျိုး မရှိခဲ့ပေ။ ၎င်းမှာ အလွန်ကို မသင့်လျော်လှပေ။ သူ၏ ကိုယ်ပိုင်လမ်းစဉ်ကိုသာ ရှာဖွေနိုင်ခဲ့လျှင် တကယ့်ကို လုံးဝမတူသည့် လမ်းစတစ်ခု ဖြစ်လာလိမ့်မည်။ 


“မင်းနားလည်သွားပြီပဲ” 


သခင်လေးက ပြောသည်။ 


လင်ရှုက ပြောသည်။ 


“ကျေးဇူးတင်ပါတယ် အကြီးအကဲ” 


“ကျုပ်က အကြီးအကဲ မဟုတ်ပါဘူး ကျုပ်က ဒီတိုင်း သာမန်လူတစ်ယောက်ထက် ပိုတဲ့ လူတစ်ယောက်ပါပဲ” 


သခင်လေးသည် မတ်တပ်ထရပ်လိုက်ပြီး ယပ်တောင်ကို ဖွင့်ကာ ယပ်ခပ်နေသည်။ သခင်လေးသည် အလွန်ကို ထည်ဝါချောမောသော လူသားဖြစ်လေသည်။ 


သခင်လေးက အေးဆေးစွာ ပြောသည်။ 


“အမတကမ္ဘာကြီးက အထီးကျန်လှတယ်။ တချို့ သူငယ်ချင်းတွေနဲ့ ကျုပ်နဲ့ ဒီနေရာကိုလာပြီး မင်းတို့ကို ဝင်္ကပါကို ချိုးဖြတ်စေဖို့ အလှည့်ကျတာလေ။ လူတွေ တော်တော်များများ ထာဝရရှင်သန်ခြင်း လမ်းစဉ်ကို အောင်မြင်ပြီး ကြွမြန်းကြဖို့ မျှော်လင့်တယ်ကွာ၊ ဒါမှ အမတကမ္ဘာကြီးက ပိုပြီး အသက်ဝင်လာမှာ” 


လင်ရှု “...........” 


ထို့ကြောင့်ပင် ဟွမ်သန်းတောင်သည် ကမ္ဘာပေါ်မှ နံပါတ်တစ် အနီးကပ်ကျောင်းတော် ဖြစ်နေခြင်းပင် ဖြစ်သည်။ 


(အနီးကပ်ကျောင်းတော်ဆိုတာ စာမေးပွဲနီးမှ ကပ်ပြီး ကျောင်းသားတွေကို ဒါတွေ အကုန်ကျက်ဆိုပြီး ပေးတာကိုပြောတာပါ) 


သူသည် လင်းရှောင်ကို ကြည့်လိုက်ပြီး အတွေးဝင်လာသည်။ 


‘ငါ့ရဲ့ ဝမ်းကွဲကရော ဘာကိုသဘောပေါက်သွားလဲ မသိဘူးရော’ 


လင်းရှောင်သည် သူ့ကို ပြုံး၍သာ ကြည့်နေလိုက်သည်။ 


“ကျုပ် သူ့ကို မေးမနေတော့ဘူး” 


သခင်လေးသည် သူ့ရှေ့မှ နှစ်ယောက်ကို ကြည့်၍ ပြုံးယောင်ယောင်ဖြစ်သွားပြီး 


“ဒီလူက ဒီနေရာမှ ဘာကိုမှ မျှော်လင့်လိုချင်နေတာ မရှိဘူး၊ သူက ဒီတိုင်း မင်းနဲ့အတူ လိုက်လာပြီး ဟွမ်သန်းတောင်မှာ လာကစားတာဖြစ်နေမှာပဲ ကြောက်မိပါတယ်” 


လင်ရှု “???” 


******