Ch 33
Viewers 4k

အပိုင်း (၃၃) မနာလိုစွာဖြင့် 


ရှောင်ရှောက်ကမေးလာသည်။ “ဆက်တိုက်မှာလား”


လင်ရှု : “တော်ပြီ”


သူ့ခန္ဓာကိုယ်နှင့် စိတ်ဝိဥာဉ်တစ်ခုလုံးက ဗလာသက်သက်ဖြစ်နေပြီး ယခုအချိန်တွင်သူဟာ ပြန်သွားပြီး “မမြင်နိုင်သောတျန်းဟယ်” ကိုသာ စူးစမ်းချင်မိသည်။


ရှောင်ရှောက် : “ကောင်းပြီလေ”


လင်ရှုဟာ သူ့ဓားကို ဓားအိမ်ထဲသို့ ပြန်သိမ်းလိုက်ပြီး အကြောင်းအရင်းတချို့ကြောင့် ထိုဝါးခေါက်ဓားကို အလွယ်လေး အမိန့်ပေး ကိုင်ဆောင်နိုင်နေသည် ။


တောင်ဘက်ဓားဂိုဏ်း၏ ယခင်ရှစ်ရှုန်းတစ်ဦးက လာတုန်းက ပြောခဲ့သည်မှာ ဒီဓားကို ဘယ်တော့မှ အသုံးပြုလို့ မရဘူးဆိုတာပင်။ သို့သော် သူသိရသလောက်ကတော့ ထိုသည်က ကိုင်ဆောင်သည့်လူအပေါ်တွင် မူတည်နေတာပင် မည်သည့် အခြေအနေတွင်မဆို ဘာပဲဖြစ်နေပါစေ။ ကျောက်စိမ်းဝိဥာဉ်တုံး တစ်သောင်းနှင့် ဒီဓားကို လဲလှယ်ရပေမည်။


ရှောင်ရှောက်က မေးလိုက်သည် : “မနက်ဖြန်ရော မင်းက လာဦးမှာလား”


လင်ရှုက လာချင်သည်၊


ယခင်တိုက်ပွဲက လူတွေအားလုံးပေါင်းထက် ရှောင်ရှောက်နှင့်တိုက်ရသည့် တိုက်ပွဲတစ်ခုကနေ သူက ပိုပြီးတော့တောင်မှ သင်ယူလိုက်နိုင်သည်။ “မမြင်နိုင်သောတျန်းဟယ်” ကို အသုံးပြုတာကိုပင် မဆိုထားနှင့်။ ထိုသည်က သူကိုယ်တိုင်ပင် အိမ်မက် မမက်ခဲ့ဖူးသောအရာပင်။


သူ့ပါးစပ်ကိုဖွင့်ကာ သဘောတူတော့မည့်အချိန်မှာပဲ သူ့ခြေထောက်အောက်က မြေပြင်ဟာ စတင်ပြီးတုန်ခါလာတော့သည် ။


အပြင်ဘက်ကနေ အသံတစ်သံ လွင့်ပျံလာသည်။: “ အိုး မဖြစ်တော့ဘူး ကွင်းပြင်က ပြိုကျတော့မယ်”


ရှောင်ရှောက်က အတားအဆီးကို ဖယ်လိုက်ကာ လင်ရှုက တစ်ချက် ကြည့်လိုက်သည်ဆိုရင်ပဲ ပရမ်းပတာမြင်ကွင်းတစ်ခုကို တွေ့လိုက်ရတော့သည် 


ကွင်းပြင်၏ကြမ်းပြင်ဟာ အက်ကွဲပြီး တကျွိကျွိမြည်သံတွေထွက်နေကာ သူတို့နှစ်ဦးကိုပင် သယ်ထားနိုင်ရုံလောက်ပင် အချိန်မရွေး ပြိုကျသွားနိုင်ချေရှိသည်။ 


လူအုပ်ဟာ ချီကို အသုံးပြုပြီး လေထဲသို့ ပျံသန်းလိုက်ကြသည်။ 


ဤကြီးမားလှသည့်ကွင်းပြင်ကြီး ပြိုကျသွားသည်နှင့် ချက်ချင်းပဲ ဘေးပတ်လည်မှာရှိသည့် ကွင်းပြင် ကြီးငယ်မရွေး အားလုံးဟာလည်း စတင်လှုပ်ရမ်းပြီး တုန်ခါလာတော့သည်။


“ငလျင်လား” တစ်ယောက်ယောက်က မေးလိုက်သည်။ “အိမ်မက်ကွင်းပြင်မှာတောင် ငလျင်ရှိသေးတာလား”


“မြေပြင်တင် မကဘူး။ ကောင်းကင်ကပါ ပြိုကျလာနေပြီ”


လင်ရှုက ကောင်းကင်ကို တစ်ချက်ကြည့်လိုက်သည်။ သိပ်သည်းလေးလံလှသည့် ဝရုန်းသုန်းကားဖြစ်နေသော တိမ်စိုင်တွေဟာ လျင်မြန်စွာ လှုပ်ရှားနေပြီး မရေမတွက်နိုင်တဲ့ အမည်းရောင်အက်ကြောင်းတွေကို ဖော်ပြနေကြသည်။ ထိတ်လန့်တုန်လှုပ်စရာကောင်းသည့် မြင်ကွင်းတစ်ခုပင် ။


သဘာဝကျကျပင် ငလျင်ကဲ့သို့သော ယခုလိုဖြစ်ရပ်မျိုးဟာ အိမ်မက်ကွင်းပြင်၌ လုံးဝမရှိပေ ဒါဟာ အိမ်မက်ကွင်းပြင်၏ မငြိမ်မသက်ဖြစ်မှုကြောင့်ပင် ဖြစ်သည်။


မည်သည့်အတွက်ကြောင့် မတည်မငြိမ်ဖြစ်သည်လဲဆိုတာကတော့…..


ဖြစ်နိုင်ချေရှိသည်က…..သူနှင့်ရှောင်ရှောက်ကြောင့်များလား….ဖြစ်နိုင်လောက်လား။


ကွင်းပြင်တွေ၏ပြိုကျမှုက သူတို့အသုံးပြုခဲ့သည့် တစ်ခုကနေ စတင်လာတာဖြစ်သည်။ 


“စိတ်ဝိဥာဉ်စွမ်းအားစီးဆင်းမှုက အိမ်မက်ကွင်းပြင်ရဲ့ ကန့်သတ်ချက်ကို ကျော်သွားတာ” ရှောင်ရှောက်က ပြောလာသည် ။


“ဒီနေရာက ပြိုကျတော့မယ် သွားကြရအောင်”


လင်ရှု :”&#$@$”


တကယ်ကြီးပဲ ။

 

တုန်ခါမှုတွေဟာ ပို၍ပြင်းသထက်ပြင်းထန်လာကာ မူလက အိမ်မက်ကွင်းပြင်၌ တည်ငြိမ်စွာ စီးဆင်းနေသော စိတ်ဝိဥာဉ်စီးကြောင်းက ပြင်းထန်စွာဖြင့် တက်လိုက်ကျလိုက် ဖြစ်နေတော့သည်။ ထိုကဲ့သို့အခြေအနေမျိုးတွင် လင်ရှု၏ဦးနှောက်က ရုတ်ချည်း ဗလာသက်သက် ဖြစ်သွားတော့သည်။ နောက်တစ်ခဏမှာပဲ သူ၏သိစိတ်ဟာ လက်တွေ့ကမ္ဘာသို့ ပြန်ရောက်လာပြီး အိမ်မက်ကွင်းပြင်ကနေ အပြင်ဘက်သို့ထွက်ရန် တွန်းအားပေးခံလိုက်ရသည်။


“အစ်ကို အစ်ကို” အနောက်ဘက်ကနေ ယွဲ့ရို့ယွင်ဟာ သူမ၏ အဆုတ်ကွဲသည်အထိ အော်ဟစ်နေတော့သည်။ “အိမ်မက်ကွင်းပြင်ကို ဝင်လို့ရသေးတာလား။ ကျွန်မကကျ ဘာလို့ ဝင်လို့မရတာလဲ”


လေသံက ကော်ရစ်ဒါတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားပြီးနောက် လျှပ်စစ်မီးရသေးလားဟု မေးနေသည့် အိမ်နီးချင်းတစ်ဦး၏လေသံနှင့် အတော်လေးကို ဆင်တူနေပေသည်။


မည်သည့်လျှပ်စစ်မီးမှ မရှိတော့ပေ။ ပြင်းထန်လွန်းတဲ့လျှပ်စီးကြောင်းက ဓာတ်အား ထောက်ပံ့ပေးသည့်နေရာကို ဖျက်ဆီးပစ်လိုက်ပြီး ထိန်းသိမ်းရေးဌာနသည်လည်း လှည့်လည်သွားလာနေသည့်အတွက် လတ်တလောတော့ ပြင်ဆင်၍မရနိုင်သေးပေ။


ယွဲ့ရို့ဟယ်ကလည်း ပြောလာသည်။


“ဒီရက်ပိုင်းအတွင်း ဝင်ရောက်ဖို့က ခက်ခဲနေတာကြာပြီ။ အခုလေးတင်ပဲ ငါက ကွင်းပြင်မှာရှိနေတာ။ ပြီးတော့ အဲဒါက ဝါးခေါက်နဲ့ ရှောင်ရှောက်ကြောင့် ပြိုကျသွားတာ။ ငါတို့တွေ ရှုကျီကျန်းရန် ပြန်လာတဲ့အထိ စောင့်မှရမယ်”


လင်ရှုက သူ့နှာခေါင်းကို ပွတ်လိုက်ကာ အပြစ်ရှိသလို အနည်းငယ်ခံစားနေရသည်။ အပြစ်ရှိနေသည့် အသိစိတ်အလည်တွင် “မမြင်နိုင်သောတျန်းဟယ်” ကိုသင်ယူရန် တစ်နာရီခန့် အချိန်ဖြုန်းလိုက်ကာ ထို့နောက်တွင်တော့ အပြစ်ရှိစိတ်နှင့်ပင် အိပ်ရာဝင်သွားတော့သည် ။


အိမ်မက်ကွင်းပြင်၏ပြိုကျမှုနှင့်အတူ သူ့တွင် ရှောင်ရှောင်နှင့် ထပ်မံတိုက်ခိုက်နိုင်မည့်အခွင့်အရေး မရှိနိုင်တော့ပေ။ ထိုအကြောင်းကို တွေးကြည့်ရမည်က နှမြောစရာပင် ။


နောက်ထပ်ပြဿနာတစ်ရပ်က ရှောင်ရှောက်ဟာ သူ့ရဲ့နောက်ဆုံးတိုက်ကွက်နှစ်ခုကို မှတ်မိနေပုံပင်။ ပြီးတော့လည်း အတော်လေး တိတိကျကျကို ခွဲခြားနိုင်သေးသည်။ ဒီတိုက်ကွက်နှစ်ခုကို သိနေတဲ့ တခြားတစ်ယောက်ယောက် ရှိနေတာလား။


သူ ခံစားရသည်ကတော့ ရှောင်ရှောက်က အမှတ်မှားနေသည်ဆိုတာပင်။ 


မဟုတ်လျှင် ဒီကမ္ဘာမှာလည်း ထိုစွမ်းရည်စာအုပ်မျိုး ရှိနေတယ်လို့ဆိုလိုတာ မဟုတ်ဘူးလား။ ဒီကမ္ဘာက သူ့ရဲ့ကိုယ်ပိုင်ကမ္ဘာဖြစ်ပြီး မတူညီတဲ့အချိန်မှာ ဖြစ်နိုင်လောက်သည် ။


ထိုသို့ဆိုလျှင် ဒီကမ္ဘာမှာ သူ့ဂိုဏ်းကရော ရှိနေတယ်လို့ ဆိုလိုတာပဲ မဟုတ်ဘူးလား။


သို့သော် အကယ်ဒမီရှိ သူ့အတန်းဖော်တွေရဲ့ တစ်ယောက်နှင့်တစ်ယောက် ဂိုဏ်းတွေကို မိတ်ဆက်ပေးပုံအရဆိုလျှင် မည်သည့်ရင်းနှီးသည့်နာမည်ကိုမှ မကြားဖူးပေ။


—မေ့လိုက်တော့ ကံကြမ္မာက အရာရာကို အဆုံးအဖြတ်ပေးလိမ့်မယ်။ 


ဂိုဏ်းသာ တကယ်ရှိသည်ဆိုလျှင် သူဟာ အနာဂတ်တွင် သေချာပေါက်ကို တွေ့ဆုံမှာပင်။ 


နောက်တစ်နေ့တွင် ပထမဆုံးအချိန်က ဒန်နည်းစနစ် အတန်းချိန်ပင်။ 


လင်ရှုဟာ စိတ်ဝိဥာဉ်ဆေးဥယျာဉ်မှ ထွက်လာကာ သူ့အတန်းရှိရာနေရာသို့ လျှောက်သွားလိုက်ပြီး လင်းဖုန်းရှောင် တောင်းဆိုထားသည့်နေရာတွင် ထိုင်လိုက်သည်။


ကြီးမြတ်လှသောသခင်မလေးက ရောက်ရှိနေပြီဖြစ်ကာ ဓားနည်းစနစ်အကြောင်း ဖြစ်ပုံရသည့် စာအုပ်တစ်အုပ်အား ကြည့်နေပေသည်။ သူလာနေသည်ကို တွေ့သည့်အချိန်မှာတော့ သူမက မော့ကြည့်လာကာ သူ ထိုင်ချလိုက်သည်ကို တိတ်တဆိတ်ကြည့်နေပြီး သူတို့ရဲ့ဖတ်စာအုပ်ကိုထုတ်ကာ သူစဖတ်မည့်အချိန်ကို ကြည့်နေလေသည်။


လင်ရှုက သူ့လည်ပင်းနောက်ဘက်ရှိ အမွှေးတွေ ထောင်လာသည်ဟုခံစားလိုက်ရပြီး သူမရဲ့အကြည့်ကို သတိမပြုမိသလို ဟန်ဆောင်ကာ လင်းဖုန်းရှောင်အား မည်ကဲ့သို့ ထပ်မံရန်စမိသည်ကိုမသိနိုင်စွာပဲ စာအုပ်ကို ဆက်လှန်နေလိုက်သည်။

 

သူ့ကိုယ်သူ စစ်ဆေးကြည့်လိုက်သည်။ သူ့အဝတ်အစားတွေ ပြန့်ပြူးနေကာ သွင်ပြင်ကလည်း သပ်ရပ်နေစေပြီး ထပ်လောင်း၍ သိမ်မွေ့ကျိုးနွံသည့်ပုံစံမျိုး ဖြစ်စေရန် သေချာစေလိုက်သည်  ။


ဟုတ်ပြီ ။


အများဆုံးမှ သူဟာ ယခုလေးတင်မှ စိတ်ဝိဥာဉ်ဆေးဥယျာဉ်မှ ထွက်လာတာဖြစ်သည့်အတွက် စိတ်ဝိဥာဉ်ဆေးပင်တွေ၏ မြက်နံ့ခပ်သင်းသင်းလေးနှင့် လွှမ်းခြုံခံထားရသည်။ သို့သော် လင်းဖုန်းရှောင်က နေ့ရက်အများစုတွင် အမွှေးနံ့သာသုံးသည့်အတွက် သူ့ရဲ့ခန္ဓာကိုယ်ပေါ်က အပင်ရနံ့ကို စိတ်မရှိလောက်ပေ ။


သူ့ဘက်ရှိ ဖြစ်နိုင်ချေအမျိုးမျိုးကို အဖြေထုတ်ပြီးနောက် ထိုအရာက လင်းဖုန်းရှောင်၏ပြဿနာ ဖြစ်မည်ဟုသာ အဖြေထုတ်လိုက်နိုင်သည်။ မိန်းမတွေက တကယ်ကို နားလည်ရ ခက်တာပဲ။


ရှေ့ဘက်ရှိတပည့်တွေဟာ အတူတူစုဝေးနေကြပြီး အပြင်းအထန် ဆွေးနွေးနေကြပေသည်။


အကယ်ဒမီမှာရှိသည့် သူ့ရဲ့အချိန်စုစုပေါင်းအရ သူတို့တွေဟာ အကယ်ဒမီထဲမှာ ကြားခဲ့ရသည့် ပုံပြင်တွေအားလုံးအား မည်သည့်ကိစ္စကြီးမှမဟုတ်သည်ကို ကြီးမားသည့်ကိစ္စလိုမျိုး အတင်းအဖျင်းပြောရသည်ကို နှစ်သက်ကြသည်၊ ကောလဟလပြန့်သည့်နှုန်းက အမှတ်တကယ်ကို ကြောက်စရာကောင်းလှသည်။ 


ဥပမာအားဖြင့် ယနေ့ခေါင်းစဉ်ဟာ အိမ်မက်ကွင်းပြင်ထဲက ဖြစ်ရပ်နှင့် ပါဝင်ပက်သက်နေပလေိမ့်မည်။


“တာအိုသူငယ်ချင်းလေး မှန်ဥာဏ်ပုတီးစေ့လေး ဝယ်ချင်သလား။ မနေ့က ဝါးခေါက်ရှစ်မေ့နဲ့ ရှောင်ရှောက်ကြားက တိုက်ပွဲက အံ့-အား-သင့်-ဖွယ် ဆိုတာကလွဲပြီး တခြား မရှိဘူးနော်”


“ဒီကတာအိုသူငယ်ချင်း မင်းက အဲဒါကို လူမှားပြီးရောင်းနေမိပြီ။ ငါက ရှုကျောင်းတော်က တပည့်တစ်ယောက်ပဲ။ ပြီးတော့လည်း ငါက အဲ့လိုတိုက်ပွဲမျိုးကို မကြည့်ဘူး”


“ဒီနေ့ အိမ်မက်ကွင်းပြင်က လုံးဝကို ဖျက်ဆီးခံလိုက်ရပြီဆိုတာကိုသိရဲ့လား”


“ဟုတ်တယ်”


“အဲဒီတိုက်ပွဲက အိမ်မက်ကွင်းပြင်ရဲ့မျှချေကို ဖျက်ဆီးပစ်လိုက်တာ။ တာအိုသူငယ်ချင်းလေး မင်းကတကယ်ပဲ စိတ်မဝင်စားဘူးလား”


“နည်းနည်းတော့ စိတ်ဝင်စားစရာကောင်းသားပဲ။ ကျောက်စိမ်းဝိဥာဉ်တုံး ဘယ်လောက်လဲ”


“နှစ်ရာ နှစ်ရာတည်းပါ”


“ငါ့ကို တစ်ခုပေး”


လင်ရှု “??”


ကျောက်စိမ်းဝိဥာဉ်တုံးနှစ်ရာ။


အဲ့လိုပဲလား။


ဗီဒီယိုတစ်ပုဒ် ရောင်းတာကလေ။


—ပြီးတော့လည်း အဲဒီဗီဒီယိုက သူကိုယ်တိုင်သရုပ်ဆောင်ထားတဲ့ဟာပဲ ။


လင်ရှုက အရမ်းကို မနာလိုဖြစ်သွားသည်။ 


“ငါလည်း လိုချင်တယ်”


“ငါလည်း ကြည့်ချင်တယ်”


လင်ရှုရဲ့စိတ်က တိုက်စားခံလိုက်ရသည်။


ထိုလူက သူ့ရဲ့မှတ်ဥာဏ်ပုတီးစေ့အားလုံးအား ရောင်းချလိုက်နိုင်ပြီး လူပေါင်းများစွာသည်လည်း ထိုအကြောင်းကို စတင်ပြောဆိုနေကြတော့သည် ။

 

“ဝါးခေါက်ရှစ်မေ့က ရှောင်ရှောက်နဲ့ တိုက်ခိုက်နိုင်တာက တကယ်ကိုစိတ်ကူးယဉ်ဖို့ ခက်တာပဲ”


“မင်းတို့ရဲ့ မသေမျိုးတာအိုကျောင်းတော်က ဒီလောက်တောင် ကြောက်ဖို့ကောင်းတာလား”


“ဝါးခေါက်ရှစ်မေ့ရဲ့ခန္ဓာကိုယ်က တကယ်ကိုလှပတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ သူမက အလွယ်တကူ ချဉ်းကပ်လို့ရတဲ့ပုံမျိုး ဖြစ်ပုံမရဘူး”


“မင်းတို့ရဲ့မသေမျိုး တာအိုကျောင်းတော်က ဒီနှစ်မှာ ထူးချွန်တဲ့ရှစ်မေ့ တော်တော်များများ ရှိနေပြီလေ။ အခု ဝါးခေါက်နတ်သမီးလေးပါ ထပ်ပေါင်းလာပြီ။ ဘယ်လောက်တောင် မနာလိုစရာ ကောင်းလိုက်သလဲ”


“ဝါးခေါက်ရှစ်မေ့က အိမ်မက်ကွင်းပြင်ရဲ့အပြင်ဘက်ကလားဆိုတာကို သိချင်မိသား”


“ငါ့အမြင်အရတော့ ရုပ်ရည်သွင်ပြင်က နည်းနည်းလေး ကွဲပြားရင်တောင် သူမရဲ့စိတ်နေစိတ်ထားကတော့ ပြောင်းလဲမှာ မဟုတ်ဘူး။ သူမက အေးစက်တဲ့အလှလေးပဲ ဖြစ်ရမယ်”


မင်းဖင်ကြီးကိုပဲ အေးစက်တဲ့အလှလေး။


ရှုကျောင်းတော်ရဲ့ ရှစ်ရှုန်းက လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားကို ဘယ်လိုချီးကျူးရမလဲဆိုတာ တကယ်ကိုမသိဘူးဘဲ။ ဒါပေမဲ့ အဲဒီအစား နှစ်ဖက်စလုံးရဲ့ ဖြတ်သွားဖြတ်လာ အကဲဖြတ်မှုပဲလေ။


လင်ရှုက စကားဝိုင်းကနေ နှုတ်ထွက်လိုက်ပြီး သူ့စိတ်ထဲကနေ ဝါးခေါက်၏သွင်ပြင်အပေါ် မှန်ချက်တွေအား ဖျက်ပစ်လိုက်တော့သည်။ မမျှော်လင့်ထားစွာနှင့် တခြားတစ်ယောက်ယောက်က သူ့အစား အလုပ်လုပ်ပေးလာသည်။


ဆွေးနွေးမှု မြင့်လာသည့်အချိန်တွင် ကြီးမြတ်လှတဲ့သခင်မလေးက စကားပြောလာသည်။ 


“ပါးစပ် ပိတ်ကြတော့”


တစ်ခဏအတွင်းမှာပဲ သူတို့အားလုံး တိတ်ဆိတ်သွားတော့သည်။


ခန့်မှန်းရသည်မှာ ကြီးမြတ်လှသည့်သခင်မလေးက ဆန်စေ့လောက်ပဲရှိတဲ့ နှလုံးသားလေးရှိတဲ့ပုံပင်။ ကလေးဘဝကတည်းက အလိုလိုက်ခံရပြီးနောက် တခြားမိန်းကလေးတွေအား လှပသည်ဟု ချီးမြှောက်သည်ကို ကြားလိုက်ရချိန်မှာ သူမက ဝါးခေါက်အား မနာလိုနေတာပဲ ဖြစ်ရမည်။


“ဝါးခေါက်” ဖြစ်သည့် သူကိုယ်တိုင်ကတော့ အံ့အားသင့်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။ 


******