Ch 65
Viewers 8k

65 01

အပိုင်း(၆၅)

 

ယန်ရှစ်ရွှမ်းကဲ့သို့ လူများ၊ သရဲများ၊ နတ်ဘုရားများကိုပင် မြင်ခဲ့ဖူးသည့် လူမျိုး၏အမြင်တွင် ထိုရသစုံရှိုးစတားက ဖန်သားတစ်တုံးလိုမျိုး နားလည် လွယ်ရလောက်အောင် ကြည်လင်နေသည်။ သူ၏အသေးစား မျက်နှာထားနှင့် ခန္ဓာကိုယ် အမူအယာဟန်ပန်ကိုပင် ဖုံးကွယ်၍ မရချေ။

 

သူသည် အခြားသောသူများနှင့် စိတ်ရှိတိုင်း ကံကြမ္မာထုံးဖွဲ့သည့် လူမျိုးမဟုတ်ချေ။ လိုအပ်၍ ယင်ယန်စာချုပ် ချုပ်ဆိုပြီး ကော်မရှင်တစ်ခု ရရှိခြင်း သို့မဟုတ် သူနှင့်ကျန်းဝူပင်းကဲ့သို့ ကံကြမ္မာပိုင်းဆိုင်ရာ ဆက်သွယ်မှုမျိုး ရှိနေသောကြောင့်သာ မဟုတ်လျှင် သူသည် မကူညီတတ်ပေ။ သို့မဟုတ်လျှင် လူများက သူ့ရှေ့လာရောက်ပြီး အော်ဟစ်နေသည့်အခါ မမြင်ချင်ဟန်ဆောင်ပြီး ဖြတ်လျှောက်သွားပေလိမ့်မည်။

 

ဒီတစ်ကြိမ် ဖြစ်လာတဲ့ သက်ရောက်မှုက အရင်က လုပ်ဆောင်မှု မဟုတ်တာ သေချာလား။

 

သူကသာ စိတ်ထင်တိုင်း ဝင်ပါနေလိုက်လျှင် အခြားသောသူများ ခံစားသင့်သည့် အကျိုးဆက်ကို မဖျက်ဆီးမိကြောင်း သူကိုယ်တိုင်ပင် မသေချာနိုင်ချေ။ တစ်ဖက်သူက ယခင်က မကောင်းသော အပြုအမူများ ပြုခဲ့ဖူးခြင်း မရှိပဲ အကူအညီ တောင်းခံကြောင်း မသေချာသမျှ အာရုံစိုက်လိမ့်မည် မဟုတ်ပေ။

 

ရသစုံရှိုးစတားက ယန်ရှစ်ရွှမ်း၏ အစစ်အမှန် အတွေးများကို မသိချေ။ သို့သော် သူ ပြောသော စကားကလည်း ဖြစ်ထိုက်သည်ဟု ထင်သည်။ ထို့ကြောင့် ထိုရသစုံရှိုးစတား၏ ပရိတ်သတ်များကပင် တုန်ဆိုင်း သွားကြသည်။

 

မည်သို့ပင်ဆိုစေ ဒီရသစုံရှိုးက ယခင်က ပါဝင်ဖူးသော အခြေအနေမျိုးနှင့် ခြားနားသည်။ အခြားသော ရှိုးများဆိုလျှင် ဝန်ထမ်းများက သူတို့အတွက် ထပ်ခါတလဲလဲ ပြင်ဆင် ပေးတတ်သည်။ တစ်စုံတရာ ဖြစ်လာလျှင်လည်း ကုန်စွမ်းအားကို မှီခိုပြီး တိုးတက်အောင်၊ အာရုံစိုက်မှုခံရအောင် လုပ်ရခြင်း ဖြစ်သည်။ သို့သော် ယခုအခြေအနေအရ မည်သည့်ဝန်ထမ်းမှ မရှိနေသည့် အတွက် တစ်စုံတရာ ဖြစ်လာခဲ့ပါက မိမိကိုယ်သာ မှီခိုရမည် ဖြစ်ပြီး လုံခြုံရေးက ပို၍အရေးကြီးသည်။

 

အန်းနန်ယွမ်ကမူ သူကြားသော စကားများကို လက်ခံပုံ ရသည်။ သို့သော် ယန်ရှစ်ရွှမ်း၏စကားများတွင် တစ်စုံတရာ မှားယွင်းနေကြောင်း သိလိုက်၏။ ထို့အပြင် ရေချိုးခန်းထဲတွင် ရုန်ရုန်နှင့် အခြားသောသူများ ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ဆက်စပ်ခြင်းအားဖြင့် သူ၏မျက်နှာအမူအယာက ပြောင်းလဲ သွားသည်။ သူသည် စုန့်ချီကို  ဘေးဘက်သို့ ဆွဲခေါ်လိုက်ပြီး အခန်းထဲသို့ ဝင်ရန် ကြံစည်သည်။

 

လက်ပိုက်ရင်း စိတ်လှုပ်ရှားမှုကို စောင့်ကြည့်နေသည့် သခင်လေးက စိတ်ရှုပ်ထွေးသွားသည်။

 

“ဘာဖြစ်တာလဲ”

 

“အိပ်မယ်”

 

အန်းနန်ယွမ်၏ အသံက ဆုံးဖြတ်ချက် ပြတ်သားမှု အပြည့်နှင့် ဖြစ်သည်။

 

“ယန်ကော ပြောတာ မှန်တယ်။ အခု တအား နောက်ကျနေပြီ။ မင်းက ကြီးထွားနေတဲ့အရွယ်ဆိုတော့ စောစော အိပ်ယာဝင်သင့်တယ်”

 

စုန့်ချီက ဒေါသထွက်သွားသည်။

 

“ငါက အရွယ်ရောက်ပြီ”

 

သို့ရာတွင် အန်းနန်ယွမ်၏ အိုင်ဒေါလ်တစ်ယောက်အဖြစ် နေ့စဉ်လေ့ကျင့်မှုများက သာမာန်လူများထက် ပိုသည်။ ထို့ကြောင့် စုန့်ချီကမူ သူ၏ကြံခိုင်မှုခွန်အားကို မလွန်ဆန်နိုင်သည့်အတွက် အခန်းထဲသို့  ဆွဲခေါ်ခံလိုက်ရသည်။

 

စုန့်ချီက ငြင်းခုံအော်ဟစ် နေသေးသည်။

 

“ငါ ယန်ရှစ်ရွှမ်းရဲ့နောက်ကို လိုက်ပြီး သရဲတွေ ကြည့်ချင်တာ ငါ့ကို မတားနဲ့”

 

“ငါ မအိပ်ဘူးနော်။ ငါ အိပ်ပျော်သွားရင် သရဲကို ဘယ်လိုကြည့်ရမှာလဲ။ မင်းတို့တွေပြောတော့ သရဲက ညဘက်မှာ ပေါ်တာဆို”

 

စသဖြင့် စုန့်ချီက အော်ဟစ်နေသေးသည်။ အန်းနန်ယွမ်ကမူ ယန်ရှစ်ရွှမ်းကို အပြုံးနှင့် ဂွတ်နိုက်ဟု ပြောလိုက်ပြီး ယန်ရှစ်ရွှမ်းက ကိုယ်တိုင်ကိုယ်ကျ လာခေါ်ခြင်းသာ မရှိလျှင် တံခါးကို ဖွင့်မည် မဟုတ်ကြောင်း ကတိ ပေးလိုက်သည်။ ထို့နောက် တံခါးကို ဘန်းကနဲ မြည်သံနှင့်အတူ ပိတ်လိုက်သည်။

 

ပိုင်ရွှမ်းက ထိုအခြေအနေကို မြင်သောအခါ သူမ၏အခန်းဖော် ဖြစ်သော မင်းသမီးရုန်ရုန်ကို ချက်ချင်း သွားပြေးပြီး အခန်းထဲကို နောက်မှ သရဲလိုက်သလိုမျိုး အရှိန်နူန်းဖြင့် မြန်မြန်ဝင်သွားလိုက်သည်။

65 02

ဧည့်သည်လေးယောက်က ထွက်ပြေးသွားကြောင်း မြင်သောအခါ ရသစုံရှိုးစတားက  တုန့်ဆိုင်း သွားသည်။

 

“.....”

 

ယန်ရှစ်ရွှမ်းက အပြုံးတု ပြောသည်။

 

“ရှိုးက ပျင်းစရာကောင်းတယ်လို့ ခင်ဗျားထင်ရင် မင်းရဲ့ကိုယ်ပိုင်ဖန်သားပြင်အခွဲကို သုံးနိုင်တယ်”

 

ရသစုံရှိုးစတားကမူ ဖိအားများစွာနှင့် အွန်းဟု ပြောသည်။ ထို့နောက် နောက်သို့ လှည့်ပြီး အခန်းထဲသို့ ဝင်သည်။

 

“အိပ်မယ်။ ပျင်းစရာ ကောင်းတယ်”

 

ယခုလေးတင် စည်ကားနေသော လျှောက်လမ်းက ရုတ်ချည်းတိတ်ဆိတ် သွားသည်။

 

ယန်ရှစ်ရွှမ်းက နာရီကို ကြည့်လိုက်သောအခါ ၁၁နာရီထိုးနေကြောင်း တွေ့လိုက်သည်။ သူသည် ခန်းမထဲမှ အခြေအနေကို စောင့်ကြည့်ရန် မလိုအပ်သဖြင့် အခန်းထဲသို့ အရင်ပြန်ပြီး လူတိုင်းအိပ်ချိန်မှသာ ထရန် ဆုံးဖြတ်လိုက်သည်။ သို့သော် သူက ခြေတစ်လှမ်းထရုံသာ ရှိသေးသည်။ ဒါရိုက်တာ၏လက်ထောက်က ပိတ်လာသည်။

 

လူတိုင်းရှိချိန်တွင် ထိုလူက သိသိသာသာပင် သူ၏တည်ရှိမှုကို လျော့ကျအောင် လုပ်နေလေ့ရှိသည်။ သူဟာ အရပ်ရှည်ပြီး ကြည့်ကောင်းသော်လည်း မည်သူကမှ သူ့ကို သတိမထားမိကြချေ။

 

နှင်းများအုံ့ဆိုင်းနေသာ ဖန်သားပြင်မှတဆင့် တောင်များကို လွှမ်းခြုံထားသည့် မြူထုကို လှမ်းမြင်လိုက်ရသလိုမျိုး သူ၏အရပ်ရှည်မြင့်မားပြီး သန်မာသော ကိုယ်ထည်က ယန်ရှစ်ရွှမ်း၏ လမ်းကို သိသိသာသာ ထင်ထင်ရှားရှား ပိတ်လာသည်။ သူ၏တည်ရှိမှု အရှိန်အဝါက ရုတ်ချည်းမြင့်တက်သွားသည်။

 

ယန်ရှစ်ရွှမ်းက မျက်ခုံးပင့်သည်။

 

“ဒီတစ်ကြိမ် အဝတ်တွေ ထပ်စိုသွားတာလား ဒါမှမဟုတ် ဘာလဲ”

 

ဒါရိုက်တာ၏ လက်ထောက် ပြုံးသည်။

 

“ယန် ရှစ် ရွှမ်း ငါ့မှာ အခန်း မရှိသေးတာ မင်း မေ့သွားပြီလား။ မင်း တကယ်ပဲ အပြင်မှာ အိပ်ခိုင်းမလို့လား။ ဒီညက မိုးရွာနေတာ။ တအားလည်း အေးတယ်။ ငါ မင်းရဲ့အခန်းရှေ့မှာပဲ ထိုင်နေရတော့မယ်။ တကယ်လို့ မင်းက အိပ်မက်ထဲမှာ တစ်‌ယောက်ယောက်ကို သတ်ချင်လာရင်တော့ ငါ တံခါးကို ဖွင့်ပြီးပဲ ထွက်သွားရမှာပေါ့”

 

ထိုသူက ယန်ရှစ်ရွှမ်း၏နာမည်ကို အလွန်အမင်း နားထောင်ကောင်းအောင် ဖိပြောသွားသည်။ ကြားထဲတွင် လေသံများကိုလည်း ခြားသေး၏။ မသိလျှင် အရင်းနှီးဆုံး လူအကြားမှ သီးသန့်ခေါ်သော နာမ်စားအလား ထင်ရသည်။

 

သို့သော် အချို့သော အကြောင်းပြချက်များကြောင့် တစ်ဖက်သူက သူ၏နာမည်အား ခေါ်သံကို ကြားချိန်တိုင်း ယန်ရှစ်ရွှမ်း၏ တစ်ကိုယ်လုံးက ကြက်သီးများ ထသွားလေ့ရှိသည်။ သူသည် မိုးကြိုးငါးသွယ် ရိုက်ချက်ကိုပင် သုံးပြီး ထိုသူ၏ ခေါင်းကို ခပ်ကြမ်းကြမ်း ဖြတ်ရိုက်ချင်သည်။

 

ယန်ရှစ်ရွှမ်းက လှောင်လိုက်သည်။

 

“ပိုင်ရွှမ်းရဲ့ အခန်းတစ်ခန်းက လွတ်နေတာ မဟုတ်ဘူးလား။ ခင်ဗျား အိပ်ချင်ရင် အဲဒီမှာ သွားအိပ်လို့ရတယ်။ မအိပ်ရင်တော့ မနက်ဖြန်ကျရင် အလောင်း ကောက်ပေးမယ်”

 

သူက ထိုသို့ ပြောပြီးပြီးချင်း တုန့်ဆိုင်းမနေဘဲ ထိုသူကို ကျော်ဖြတ်ကာ အခန်းထဲသို့ ဝင်ရောက်သွားသည်။ သူ၏လက်မောင်းက ကြွက်သားများက တောင့်တင်းသွားလေပြီး လိုအပ်လျှင်  တစ်ဖက်သူကို ကိုင်ပေါက်ရန် ကြံစည်လိုက်သည်။

 

ထိုလူက မျက်လွှာ ချလိုက်သည်။ သူ၏အကြည့်က ယန်ရှစ်ရွှမ်း၏ ရှပ်အင်္ကျီတွင် သိသာထင်ရှားစွာ ပေါ်လာသည့် ကြွက်သားလိုင်းကြောင်းများထံ ရောက်သွားသည်။ ထို့နောက် သူက ပုခုံးတစ်ချက်တွန့်လျက် ခန္ဓာကိုယ်ကို ဘေးသို့စောင်းပေးပြီး ယန်ရှစ်ရွှမ်းအတွက် လမ်းဖယ်ပေးသည်။ သူ၏မျက်လုံးက အပြုံးနှင့် ဖြစ်သည်။

 

“ဒါဆိုလည်း ကောင်းသောညပါ”

 

“မင်း တကယ် အိပ်မယ်ဆိုရင်ပေါ့”

 

ယန်ရှစ်ရွှမ်းကမူ ရုတ်တရက် အပြုအမူ ပြောင်းသွားတဲ့ ဒါရိုက်တာ၏လက်ထောက်ကို ကြည့်သည်။ ထို့နောက် စိတ်ရှုပ်ထွေးသလိုမျိုး တစ်စက္ကန့်ခန့် စိုက်ကြည့်ပြီးမှသာ အခန်းထဲသို့ ဝင်သွားသည်။

 

ခန်းမ၏မီးက ပိတ်သွားသည်။ တောင်ဘုရားကျောင်းဟာ အမှောင်ထုအတွင်းသို့ ရောက်ရှိသွားပြီ ဖြစ်သည်။

 

အလွန်ထည်ဝါပြီး မှင်သက်ဖွယ်ကောင်းသော မိုးမုန်းတိုင်းအကြားတွင် တောင်တန်းနှင့် ကွင်းပြင်များက မဲမှောင်နေလေရာ တောင်ဘုရားကျောင်း၏ တံစက်မြိတ်အောက် တံခါးနားတွင် ထွန်းထားသော မီးအိမ်နှစ်ခုကသာ ရဲရဲနီလျက် တောက်ပနေသည်။

 

ထိုရှုခင်းက အမည်မသိရသော မကောင်းဆိုးဝါးတစ်ကောင်က နီရဲသော မျက်လုံးကြီးတစ်စုံကို ဖွင့်လျက် ရက်စက်စွာပြုံးရင်း သား‌ကောင်အား လောဘအပြည့် ဆာ‌လောင်မှုအပြည့်နှင့်အတူ စောင့်ကြည့်နေသလို ဖြစ်သည်။

65 03

အဆုံးအစမဲ့အောင် မြောက်မြားသော ခရီးများထဲတွင် မည်သည့်ရွာ၊ မည်သည့် လူများကို မမြင်ရဘဲ ပြင်းထန်သည့် မိုးအောက်တွင် ထိုးချေ ခံထားရသည့် ကောက်ပဲသီးနှံများကိုသာ မြင်နိုင်လေသည်။ ထိုအပင်များကသာ လေဒဏ်မိုးဒဏ်အောက်တွင် ကူကယ်ရာမဲ့စွာနှင့် ယမ်းခါနေသေးသည်။

 

လယ်ကွင်းထဲတွင် ရှိသည့် အနီရောင်အဝတ်များနှင့် စာခြောက်ရုပ်တစ်ခုက ရုတ်တရက်ခေါင်းကို မော့ပြီး ပိုက်ဆံစက္ကူဖြင့် လုပ်ထားသော ပါးစပ်ကြီးကို ဖြဲသည်။

 

အနက်ရောင် မျက်လုံးနှစ်လုံးက ပြင်းထန်သော မိုးအောက်တွင် ဆေးများ စွန်းထင်းကျလာလေရာ အဖြူ‌ရောင် ပိုက်ဆံစက္ကူပေါ်တွင် အနက်ရောင် အမှတ်အသားများ ဖြစ်တည်လာလေသဖြင့် တိုက်ခတ်နေသော လေအောက်တွင် ငိုကြွေးနေသော ပုံပန်းသွင်ပြင်ကြီးအလား ဖြစ်သွားသည်။

 

ထို့အပြင် သူ၏ပါးစပ်ကလည်း တောက်ပ နီရဲနေသေးသည်မှာ အရူးတစ်ယောက် ရယ်သလို ဖြစ်နေသည်။

 

မိုးက ဆေးအများစုကို ဖရိုဖရဲဖြစ်အောင် လုပ်လိုက်သောကြောင့် ထိုစာ‌ခြောက်ရုပ်၏ ခေါင်းမှ ခြေထောက်အထိ တစ်ဖြောင့်တည်း ထောင်နေအောင် ထိုးစိုက်ထားသော ထိုတုတ်ချောင်းကြီးကပင် ပြေလျော့လာသည်။

 

စာခြောက်ရုပ်က လေတွင် ယမ်းခါနေသည်။ သူ၏မြက်ခြောက်လို လက်များက လှုပ်လာ၏။

 

သူ၏လက်တစ်ဖက်ကို မြှောက်လိုက်ပြီး တောင့်တင်းစွာနှင့် ရှေ့ဘက်သို့ တဖြည်းဖြည်းချင်း လျှောက်သည်။ ထို့နောက် အောက်ဘက်မှ ထိုးစိုက်ထားသာ တုတ်ချောင်းကြီးထံမှ   ကျွတ်ထွက်လာပြီး သူ၏ ခြေထောက်နှစ်ဖက်လုံးက မြေပြင်တွင် ခိုင်မာစွာ ရပ်နိုင်သွားသည်။

 

စာခြောက်ရုပ်က တဖြည်းဖြည်းချင်း ခေါင်းကို လှည့်သည်။ သူ၏ ပိန်းဖိန့်အောင် မဲမှောင်သော အကြည့်က  အဝေးရှိတောက်ပသော အနီရောင်အလင်းကို လွှင့်ထွက်နေသော တောင်ဘုရားကျောင်းထံ ရောက်သည်။

 

အမှောင်ထဲတွင် ထိုအနီရောင်မီးလုံးနှစ်လုံးက ညအတွင်းရှိ အမျိုးမျိုးသော သတ္တဝါတိုင်းအတွက် ဦးတည်ရာတစ်ခုကို ကိုထုတ်ပြပေးသလို ဖြစ်နေသည်။

 

ရွံ့နွံများ ပြည့်နှက်နေသည့် လယ်ကွင်းများ၊ ပြိုကျနေသော ကောက်ပဲသီးနှံများကို ကျော်ြဖတ်လာပြီး ထိုစာခြောက်ရုပ်က ထူးဆန်းသော အပြုံးကြီးကို သယ်လျက် တောင်ဘုရားကျောင်းရှိရာ ဘက်သို့ တဖြည်းဖြည်းချင်း လျှောက်နေသည်။ ထို့အပြင် သူ၏ခေါင်းနောက်ဘက်တွင်လည်း ထုတ်ချင်းဖောက်နေသည့် အနီရောင် တုတ်ချောင်းကြီးကိုလည်း မြင်နိုင်သေးသည်။

 

သူ၏ကိုယ်ပေါ်မှ အနီရောင်အဝတ်မှ အရည်များက မိုးကြောင့် ပျော်ကျလာလေရာ သူ၏ခြေလှမ်းတိုင်း၏အောက်တွင် သွေးကဲ့သို့ အိုင်ထွန်းလျက် ကျန်ရစ်ခဲ့သည်။

 

“တောင်နတ်ဘုရား တောင်နတ်ဘုရားရဲ့ သေဆုံးခြင်း အထိမ်းအမှတ်ပွဲ_ _  _ ဟား ဟား ဟား ဝူး ဝူး ဝူး _ _ _ သေဆုံးခြင်း အထိမ်းအမှတ်ပွဲ”

 

ထိုသို့ဖြင့် လူသူရှင်းလင်းသော ကွင်းထဲတွင် ဩရှပြီး အေးစက်ကာ ကြောင်တောင်တောင် နိုင်သည့် ရယ်သံကြီးက ပဲ့တင်ထပ်နေသည်။

 

တောင်တန်းနှင့် ရှင်းလင်းနေသော ကွင်းပြင်များအနှံ့ တည်ရှိနေသော ရောင်နီများ ကြားတွင် စာခြောက်ရုပ်တိုင်းက ခေါင်းများ မော့လာကြသည်။

 

သူတို့၏ ပါးစပ်ကြီးကလည်း ခပ်ကျယ်ကျယ် ပွင့်နေသည်။ ပိုက်ဆံစက္ကူဖြင့် လုပ်ထားသော မျက်နှာက မကောင်းမှု ပြုလုပ်မည့် ကလေးများအလား ဖြစ်နေသည်။ မိုးက သူတို့၏အရောင်အများစုကို ဆေးကြောထားသောကြောင့် မျက်နှာတွင် အနီနှင့်အနက်များက ရောယှက်နေလေရာ လူမျက်နှာနှင့်ပင် မတူတော့ချေ။

 

“တောင်နတ်ဘုရား”

 

စာခြောက်ရုပ်တစ်ခုက သူ၏အနီရောင်တုတ်ကို ဆွဲယူရင်း အရှိန်ယူသည်။

 

“တောင်နတ်ဘုရား၏ မွေးနေ့ပွဲ”

 

စာခြောက်ရုပ်၏ မျက်ရည်များက မျက်နှာပေါ် စွန်းထင်းသွားသည်။

 

“တောင်နတ်ဘုရား၏ သေဆုံးခြင်း နှစ်ပတ်လည်”

 

ထို့နောက် စာခြောက်ရုပ်၏ ခြေထောက်နားတွင် _ _ _သွေးများ အိုင်ထွန်းနေသည်။

 

သူ ဘယ်တော့မှ ငြိမ်းချမ်းမှုအပြည့်နဲ့ မျက်လုံးမှိတ်နိုင်မှာ မဟုတ်ဘူး။

 

“ဒီညရဲ့ လေအေးပေးစက်က တအား မြင့်လွန်းနေတာလား”

 

ကျန်းဝူပင်းက ကြက်သီးထနေသော လက်မောင်းများကို ပွတ်သပ်လိုက်ပြီး ထူးဆန်းသလို ရေရွတ်သည်။

 

“ဘာလို့ ရေခဲသေတ္တာ ရောက်နေသလို ခံစားနေရတာလဲ။ မင်း မအေးဘူးလား”

 

သို့ရာတွင် ဧည့်သည်များ ပြည့်နှက်နေသော ကားထဲတွင်ပင် မည်သူကမှ သူ့ကို ပြန်မဖြေကြချေ။

65 04

ဧည့်သည်တိုင်းက သူတို့၏ထိုင်ခုံအသီးသီးတွင် ထိုင်နေသည်။ သူတို့၏ ခေါင်းများက တောင့်တင်းစွာဖြင့် စိုက်ကျနေကြသည်။ သို့သော် ခါးကမူ တဖြောင့်တည်း မတ်လျက် တောင့်တင်းစွာ ထိုင်နေကြသည်မှာ စက္ကူရုပ်များကို ထိုင်ခုံပေါ်တွင် နေရာတကျ တင်ထားပေးသည့်အလား ဖြစ်နေသည်။ သူတို့၏မျက်နှာကိုပင် ထင်ထင်ရှားရှား မမြင်နိုင်ချေ။

 

မည်သူကမှ စကားမပြောချေ။ ကားက ခြောက်ခြားဖွယ် တိတ်ဆိတ်နေသည်။ ကျောချမ်းဖွယ် ကောင်းသော ခံစားချက်က မြင့်တက်လာ၏။

 

ထို့ကြောင့် မူလက စကားပြောရင်း လေအေးစက်ကို  ပိတ်ခိုင်း ချင်လွန်းသည့် ကျန်းဝူပင်းကမူ ရှက်သွားရသည်။

 

သူက ခန္ဓာကိုယ်ကို မသက်မသာ ဖြစ်သလို တွန့်လိုက်ရင်း ချောင်းဟန့်ကာ ယန်ရှစ်ရွှမ်းကို လှည့်ကြည့်လျက် ပြောသည်။

 

“ယန်ကော ယန်ကော မအေးဘူးလား ကျွန်တော်တို့ လေအေးပေးစက်ကို ပိတ်လိုက်ရင် ဘယ်လိုလဲ”

 

သို့ရာတွင် သူ၏ယန်ကောကသာ သူ၏အရှက်ရမှုကို ဖြေရှင်းပေးနိုင်သေးသည်။ သို့ရာတွင် ယန်ရှစ်ရွှမ်းက သူ၏လည်တိုင်ကိုသာ တဖြည်းဖြည်းချင်း တောင့်တင်းစွာ လှည့်လာသည်။ သို့သော် ထိုတောင့်တင်းမှုက သေလွန်ပြီးသည်မှာ အချိန်အတန်ကြာပြီ ဖြစ်သော အလောင်းကောင်တစ်ခု၏ တောင့်တင်းမှုကဲ့သို့ ဖြစ်နေသည်။ သူ၏ မြူဆိုင်းနေသော မျက်ဝန်းများကပင် မျက်တောင် မခတ်ချေ။ သူ၏အကြည့်က ကျန်းဝူပင်းအပေါ် တိုက်ရိုက် ရောက်လာသည်။

 

“အေးတာလား။ ငါကတော့ ဒီအပူချိန်ကို အရမ်းကြိုက်တယ်။ မင်းလည်း တဖြည်းဖြည်းချင်းနဲ့ ကြိုက်လာမှာပါ ကျန်းဝူပင်း”

 

ယန်ရှစ်ရွှမ်း၏အပြုံးက တောင့်တင်းပြီး မျက်နှာအမူအယာ တစ်ခုခု ပေါ်အောင် အတတ်နိုင်ဆုံး ကြိုးစားထားရသည့် အဖြဲခံထားရသော အသံတစ်တုံးအလား ထင်ရသည်။

 

“မင်းလည်း ဒီအပူချိန်ကို ကြိုက်လာပါလိမ့်မယ်။ ဟုတ်တယ် ငါ ကတိပေးတယ်”

 

ယန်ရှစ်ရွှမ်းကို အံ့ဩတကြီး ကြည့်နေသော ကျန်းဝူပင်းက ပြောသည်။

 

“အာ ကျွန်တော် ကြိုးစားပါ့မယ်။ ဒါပေမဲ့ ဒီအပူချိန်က မသိရင် လူသေကောင်ရဲ့ အပူချိန်လိုမျိုး ဖြစ်နေတယ်နော်”

 

ကျန်းဝူပင်းကမူ သူ၏ယန်ကော ပြောသမျှ စကားကိုသာ နားထောင်လေ့ ရှိသည်။ ထို့ကြောင့် ယခုလိုအခြေအနေမျိုးတွင်ပင် ပြန်မငြင်းချေ။ သူဟာ ဒီအတိုင်း သူ၏ယန်ကောက သူ့ကို ခက်ခဲကြမ်းတမ်းသော အခြေအနေကို မခံနိုင်သော လူတစ်ယောက်ဟုသာ လှောင်ရယ်နေသည်ဟု တွေးလိုက်သည်။

 

ကားထဲမှမီးက ကြာလာလေလေ မှောင်လာလေလေ ဖြစ်သည်။ ထို့ကြောင့် ပတ်ဝန်းကျင်ကို မြင်ရုံသာ မြင်နိုင်တော့သည်။ ကျန်းဝူပင်းက ယန်ရှစ်ရွှမ်း၏ အမူအယာကို မမြင်နိုင်ချေ။ သို့သော် သူ၏ ပတ်ပတ်လည်မှ စိမ့်တက်နေသော ခံစားချက်များကို ခံစားလာရပြီး တုန်ယင်လာပြန်သည်။

 

ကျန်းဝူပင်းက ခပ်တိုးတိုး ရေရွတ်ပြန်သည်။

 

ဘာလို့ မသိရင် သရဲနဲ့ ကပ်ထိုင်နေသလို ခံစားနေရတာလဲ။ ဒါပေမဲ့ ယန်‌ကောက ဘေးမှာ ထိုင်နေတာလေ မဟုတ်ဘူးလား။

 သို့သော် သူက တစ်ဖက်သို့ ပြန်လှည့်ပြီး ကားရှေ့ဘက်ရှိ အမှောင်ထုကို ကြည့်ရင်းပြောသည်။

 

“ဟင်”

 

သူက စိတ်ရှုပ် သွားသည်။

 

“ဒါရိုက်ဘာ ဘာလို့ ကားမီး မဖွင့်ထားတာလဲ။ လမ်းကို ဘယ်လိုမြင်ရမှာလဲ။ လမ်းက ဒီလောက် မှောင်နေတာ။ ငါတို့ရဲ့ လုံခြုံရေးက အရေးကြီးဆုံးပဲ။ ဒါကြောင့် မီးကို ဖွင့်ထားသင့်တယ်။ နောက်ပြီး ဒီလိုမှပဲ ဒါရိုက်တာရဲ့ကားက ငါတို့ကို ရှာဖို့လွယ်မှာပေါ့”

 

သူက ထိုသို့ပြောပြီးနောက် ရုတ်တရက် တောင့်တင်းသွားသည်။

 

ထိုအခါမှသာ ကားက မောင်းနှင်နေသည်မှာ ကြာပြီဖြစ်သော်လည်း သူသည် ဒါရိုက်တာ၏ကားကို မမြင်ရကြောင်း သိလိုက်သည်။ သူသည် ဒါရိုက်တာ၏ကားထဲမှ မထွက်ခင်က ထိုကားကို လမ်းဘေးတွင် ရပ်ပြီး သူ့ကိုစောင့်ခိုင်းထားသည်။ ဆယ်မိနစ်ခန့် နေလျှင် ပြန်ပြေးလာခဲ့မည်ဟု ပြောထားခဲ့၏။ ထို့ကြောင့် ယခုဆိုလျှင် ထိုကားကို တွေ့သင့်နေလေပြီ။

 

ဒါက ဘာဖြစ်တာလဲ။

 

ဒါရိုက်တာရဲ့ကားက သူ ဒါရိုက်တာကိုတောင် မခေါ်ဘဲ ထွက်ပြေးသွားတာလား။

 

ဒါမှမဟုတ် ဧည့်သည်ကားက ဦးတည်ရာဘက် မှားသွားတာလား။

 

ယန်ရှစ်ရွှမ်းကို ယုံကြည်သော ကျန်းဝူပင်းက တိုက်ရိုက်သာမေးသည်။

 

ယန်ရှစ်ရွှမ်းက ဖြေသည်။

 

“လမ်းကြောင်းက ပြောင်းသွားတာ ဟုတ်တယ်။ ရှေ့ဆက်သွားတာ မဟုတ်ဘူး”

65 05

“အာ”

 

ကျန်းဝူပင်းက စိတ်ရှုပ်ထွေး သွားသည်။

 

“ဒီလောက် မှောင်နေတာ။ ရွာသားတစ်ယောက်ရဲ့ အိမ်တစ်အိမ်ဆီမှာ တစ်ညအိပ်ရမယ်”

 

အမှောင်ထုထဲတွင် ယန်ရှစ်ရွှမ်းဟာ တစ်ဖက်မှ ပြုံးနေသော ပုံရိပ်ကို ခပ်ရေးရေး မြင်နိုင်သည်။

 

“ငါတို့ သိပ်မကြာခင် ရောက်တော့မှာပါ”

 

သို့သော် ထိုအသံက အေးစက်လွန်းသဖြင့် ကျန်းဝူပင်း၏ တစ်ကိုယ်လုံးက တုန်ယင်ပြီး ကြောက်လာတော့သည်။

 

ကျန်းဝူပင်းက သေချာနားမလည်သေးခင် ကားက လယ်ကွင်းကို ဖြတ်သန်းပြီး ရွာထဲသို့ ဝင်နေပြီ ဖြစ်သည်။

 

မိုးလိုက်ကာ‌အောက်တွင် ကား၏ပြတင်းပေါက်က အလွန်ဝေဝါးနေသော်လည်း ကျန်းဝူပင်းဟာ အနီရောင်အဝတ်စများ လွှင့်နေသလိုမျိုး လယ်ကွင်းထဲတွင် လင်းလက်နေသည့် အနီရောင်အလင်းများကို မြင်နိုင်သည်။ ထို့အပြင် သူ၏ခံစားချက်က ထူးဆန်းလာသည်။

 

ဒါက ဒီရဲ့လန်တောင်က ဓလေ့ထုံးတန်းလား။ ဘာလို့ လယ်ကွင်းထဲမှာ အနီရောင်အဝတ်စတွေ ချည်ထားတာလဲ။

 

“ငါတို့ရောက်ပြီး ကားပေါ်က ဆင်း”

 

ယန်ရှစ်ရွှမ်းက ကားတံခါးကိုဖွင့်ပြီး ကျန်းဝူပင်း၏လက်မောင်းကို ခပ်ကြမ်းကြမ်းဆွဲကာ ကားထဲမှ ဆွဲထုတ်ချသည်။

 

ကျန်းဝူပင်းကမူ တုန့်ပြန်ရန် အချိန်မရှိပဲ အလျင်စလို ဆွဲခေါ်ခံရသဖြင့် သူ၏ခေါင်းက ဘေးဘက်ရှိ ကားနံရံနှင့် ဆောင့်တိုက် မိသွားသည်။ နာကျင်မှုက ပြင်းထန်လွန်းသဖြင့် မျက်ရည်များပင် ကျလာသည်။

 

“အား အား ယန်ကော ယန်ကော ဘာဖြစ်တာလဲ နာလိုက်တာ”

 

******